Friday, January 1, 2010

”မောင်”.. ဖတ်ဖို့




"မောင်"
လျှာဖျားလေးနဲ့ ခေါ်တာမဟုတ်ဘူးနော် .......
နှလုံးသားထဲကနေ လေးလေးနက်နက်ခေါ်ခဲ့ရတဲ့ ကျမရဲ့ချစ်သူ..."မောင်"ရဲ့အကြောင်းလေးကို မပြောခင် အတိတ်က ကျမရဲ့ဘဝ အပိုင်းအစလေးတစ်ခုကို အရင်ပြောပြရပါလိမ့်မယ်။

ကျမငယ်ငယ်ကတည်းက မိဘနှစ်ပါးဆုံးပါးသွားခဲ့တယ်။
မောင်နှမ မရှိ၊ တစ်ကောင်ကြွက်ဘဝနဲ့ ဘဝရဲ့ဦးတည်ရာကို ကျမတစ်ယောက်ထဲ စမ်းတဝါးဝါးနဲ့လျှောက်ခဲ့ရတယ်၊
လုပ်ငန်းအမှားပေါင်း မြောက်များစွာထဲက ရခဲ့တဲ့ အရှုံးတွေထဲက သင်ခန်းစာတွေ အတွေ့အကြုံတွေကို ဘဝနဲ့ ရင်းပြီးသင်ယူခဲ့ရတဲ့ ကျမ....။
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်၊ ကိုယ်မှန်တယ်ထင်တာကို ရဲရဲရင့်ရင့်လုပ်တတ်တဲ့ကျမ၊ မြတ်ရင်..."စံ"...၊ ရှုံးရင်..."ခံ"... ဆိုတဲ့ စိတ်ဓာတ်ရှိတဲ့ကျမ ၊ ဦးဆောင်လမ်းပြမယ့်သူ မရှိပဲ အမှားနဲ့ရင်ဆိုင်ကြုံတွေ့တော့မှ အမှန်ကို မြင်နိုင်၊ သင်နိုင်ခွင့်ရခဲ့တဲ့ကျမ၊
ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ ဘဝကို တစ်ယောက်ထဲလျှောက်ခဲ့ရတဲ့ကျမရဲ့ "စိတ်"ဟာ ခတ်ထန်မာကျောခြင်း၊ မဟုတ်မခံစိတ်ရှိခြင်း၊ ဆရာလုပ်တတ်ခြင်း၊ "ငါသိ...ငါတတ်" စိတ်ဓာတ်တွေနဲ့ပြည့်နှက်နေတဲ့ကျမဟာ ဘဝရဲ့ထိုးနှက်မှုတွေရဲ့ကြားမှာ "မာန်" အပြည့်နဲ့ အားတင်းပြီး ဘဝကို ရပ်တည်ခဲ့ရပေမယ့် "မိန်းမ"ဆိုတဲ့ အသိစိတ်ကြောင့် တခါတလေတော့လည်း အားငယ်တတ်တာပေါ့နော်..။
လုပ်ငန်းခွင်ထဲမှာ "မာန်"ကိုတင်းပြီး "ခြင်္သေ့မ"တစ်ကောင်လို လှုပ်ရှားနေရပေမယ့် ကျမတစ်ယောက်ထဲရှိတဲ့ အချိန်အတော်များများမှာ တင်းထားတဲ့ "မာန်"တွေကို ကျမရဲ့ကိုယ်ပေါ်ကနေ လျှော့ချလိုက်တယ်ဆိုရင်ပဲ အဲဒီ"မာန်"တွေနဲ့အတူ ကျမရဲ့မျက်လုံးအိမ်ထဲက မျက်ရည်တွေဟာ သူ့အလိုလို လိမ့်ဆင်းကျလာတတ်ပါတယ်။
အဲဒီလိုအချိန်မျိုးမှာ ကျမရဲ့"ချစ်သူ" ဆိုတဲ့ ယောက်ျားတစ်ယောက်ကို ရင်ထဲကနေလှိုက်လှိုက်လှဲလှဲ တောင်းတမိတတ်တယ်။

သူ့ကို ကျမက "မောင်" လို့ခေါ်မယ်..။
ကျမရဲ့ရှေ့မှာ မားမားမတ်မတ် သူရပ်ပေးလိမ့်မယ်.။
ကျမ ဝမ်းနည်းတဲ့ အခါမျိုးတွေမှာ သူ့ရင်ခွင်ထဲကိုဝင်ပြီး အားရအောင်ရှိုက်ငိုမိတဲ့အခါ သူ့ရဲ့နွေးထွေးတဲ့ အကြင်နာတွေနဲ့ ကျမကို သူနှစ်သိမ့်လိမ့်မယ်..။
ကျမတစ်ယောက်ထဲ လုပ်ဆောင်လို့ မသင့်တော်တဲ့နေရာတွေမှာ သူကိုယ်တိုင်ဦးဆောင်ပေးရင်း သူဟာ ကျမဘဝကို နားလည်စာနာပေးတဲ့ ကျမရဲ့ Hero ဖြစ်လာမယ်..။
အဲဒီကနေ တဆင့်တက်ပြီး သူဟာ ကျမရဲ့ အိမ်ဦးနတ် (သို့) အိမ်ထောင်ဦးစီးဖြစ်လာခဲ့မယ်။
ကျမအတွက်တော့ အိမ်ထောင် (မိသားစု) တစ်ခုကို တည်ဆောက်တော့မယ်ဆိုရင်...

အချစ်နှင့်ဘဝ။ ။ သူ့ကို ကျမရဲ့အသက်နဲ့ ထပ်တူချစ်မယ်..၊ သူ့ရဲ့အသက်၊ ဝိဥာဉ် ၊စိတ်တွေအားလုံးကို ကျမလွှမ်းမိုးနိုင်ရမယ်၊ သူ့ကို"မောင်" လို့ခေါ်ကတည်းက "ပိုင်ဆိုင်ခြင်း၊ မြတ်နိုးခြင်း၊ လွှမ်းမိုးခြင်း၊ ရင့်ကျက်တည်ငြိမ်ခြင်း"ဆိုတဲ့ အဓိပ္ပါယ်တွေ ပါဝင်နေပြီလေ..။
သူ့ကို မာန်၊ မာနတွေမပါတဲ့ အချစ်သန့်သန့်လေးနဲ့ပဲ ကျမထိန်းချုပ်သွားမယ်။ အဲဒီလိုပဲ သူကလည်း ကျမကို လွှမ်းမိုးနိုင်ရမယ်၊ ...

ဥပမာ။ ။
ရုပ်ဖြင့်ဆွဲဆောင်ခြင်း(ချောစရာမလိုပါ၊ တည်ငြိမ်ခန့်ညားခြင်းမျိုးကို ဆိုလိုပါသည်)
အသံဖြင့်ဆွဲဆောင်ခြင်း(သြဇာအာဏာရှိသော အသံမျိုးကိုဆိုလိုပါသည်)
ဟန်ပန်အမူအရာဖြင့်ဆွဲဆောင်ခြင်း(သူ့ရဲ့ချစ်စရာကောင်းတဲ့အပြုအမူလေးများကိုဆိုလိုပါသည်)
အချစ်ပရိယာယ်ကြွယ်ဝခြင်း(သူ့ကို ကျမ တနေ့ထက်တနေ့ ပိုချစ်လာအောင် သူ့ဘက်မှ စွမ်းဆောင်နိုင်ခြင်းကို ဆိုလိုပါသည်)
ကျမရဲ့ချစ်သူဟာ..ကျမရဲ့စိတ် အာရုံတွေကို ချုပ်ကိုင်နိုင်တဲ့သူ ဖြစ်ရပါမယ်၊ သူ့ရဲ့ရှေ့မှာ ကျမ ဒူးထောက်ဝပ်ဆင်းသွားရလောက်အောင် ကျမကို လွှမ်းမိုးနိုင်သူ ဖြစ်ရပါမယ်..။
ကျမဘဝအတွက် သူဟာ နံပါတ်(၁) အရေးအကြီးဆုံးသူ ဖြစ်နေစေရမယ်..။
အချစ်တခုထဲနဲ့ ဘဝကို တည်ဆောက်တာမျိုးမဟုတ်ပဲ ဦးနှောက်နဲ့ ဆုံးဖြတ်ခဲ့ရင်လည်း သူဟာ ကျမဘဝအတွက် သင့်တော်တဲ့ လက်တွဲဖော် ဖြစ်နေရပါမယ်..။
မိသားစုတစ်ခုကို ဦးဆောင်နိုင်တဲ့ အိမ်ထောင်ဦးစီးတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေ သူ့မှာ ရှိနေရပါမယ်။
အထူးသဖြင့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်၊ ကိုယ့်ဆုံးဖြတ်ချက် မှန်တယ်ထင်ရင် ဘယ်သူ့ကိုမှ ဆရာမခေါ်တတ်တဲ့ ကျမလို (ခေါင်းမာတဲ့) လူစားမျိုးကို "ပဲ့ကိုင်ထိန်းချုပ်"နိုင်တဲ့ အရည်အချင်းတွေ သူ့မှာရှိနေရမယ်။
မိသားစု တစ်ခုလုံးရဲ့စားဝတ်နေရေး၊ နွေးထွေးလုံခြုံရေးကို ထိန်းချုပ်နိုင်သူဖြစ်ရမယ်..။

"စိတ်"နှင့်ဆိုင်သော အိမ်ထောင်ဖက်ရွေးချယ်မှု။ ။ ကျမဘဝမှာ တစ်ယောက်ထဲ ရုန်းကန်လာခဲ့ရတယ်၊ ငယ်စဉ်အခါက ဆွေမျိုးများရဲ့ နှိပ်စက်ညှင်းပမ်းမှုအောက်မှာ ညှိုးငယ်စွာနေခဲ့ရတယ် ၊ မိဘများနဲ့ကြီးပြင်းသည်အထိ မနေခဲ့ရတဲ့ ကျမအတွက် မေတ္တာကို ငတ်မွတ်ခဲ့တယ်..၊ မောင်နှမ မရှိပဲ တစ်ကောင်ကြွက်ဘဝ မှာ.....
ချစ်သူနှင့်တူသော ယောက်ျား
အစ်ကိုနှင့်တူသော ယောက်ျား
ဖခင်နှင့်တူသော ယောက်ျား ....အဲဒီလို အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ ယောက်ျားမျိုးကို ကျမရွေးပါမယ်..။
မိသားစုနှင့် ဥပဒေ။ ။ကျမဘက်မှလည်း အရာရာတိုင်းကို တတ်သိနားမလည်ပေမယ့် တစ်ယောက်ထဲ ရုန်းကန်လာခဲ့ရတဲ့ ကျမအဖို့ အိမ်ထောင်ကျပြီးတဲ့ နောက်ပိုင်းမှာ ကျမဟာ...."ခြင်္သေ့မ"အသွင်ကနေ "ယုန်ငယ်လေး"လို နေတတ်အောင်ကြိုးစားရပါတော့မယ်။ ကိုယ်က ဘယ်လောက်ပဲ စွမ်းဆောင်နိုင်ပါစေ "အိမ်ဦးနတ်"သာလျှင် အရှင်သခင်ဖြစ်သည့်အတွက် သူ့ထက် တဆင့်နိမ့်ပြီး နေပေးခြင်းဖြင့် အိမ်ထောင်ဦးစီးကို ရိုသေလေးစားမှုရှိရပါမယ်။ သူပြောသမျှကို လက်မခံနိုင်ရင်တောင် ညှိုယူရပါမယ်၊ အိမ်ထောင်သည်ဘဝမှာ "သားကိုသခင်၊ လင်ကိုဘုရား"ဆိုတဲ့ ဆိုရိုးစကားအရ...သူ့အလိုကိုလို က်၊ သူ့အကြိုက်ကိုဆောင်ရင်း ငတ်မွတ်ခဲ့ရတဲ့ မိသားစုလေးဘဝကို အေးအေးချမ်းချမ်း အပူပင်ကင်းမဲ့စွာနဲ့ တည်ဆောက်ချင်တော့တာပါပဲ...။

မောင်ရေ.....
မဝါ Tag ထားတဲ့ အကြောင်းလေးကိုလည်း ရေးရင်း....
မောင့်ကို ပြောစရာရှိတယ်....မောင် နားထောင်နော်.....
မောင့်ကို ကျမ အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ခဲ့တာ...ကျမလိုချင်တဲ့ အရည်အချင်းတွေ အားလုံး မောင့်မှာရှိနေခဲ့တာရယ်၊ အခုအချိန်ထိ ဘယ်သူမှ ကျမကို "မောင်ချစ်သလို" မချစ်နိုင်ခဲ့တဲ့ အချစ်တွေနဲ့ မောင် ကျမကို ချစ်ခဲ့တာ ကျမ အကြွင်းမယ့် ယုံကြည်ခဲ့လို့ပဲပေါ့..။

ပြီးတော့ မောင်က ကျမထက် အသက်ငယ်ပေမယ့် ကျမကိုလွှမ်းမိုးနိုင်တယ်၊ ချုပ်ကိုင်နိုင်တယ်၊ လူကြီးဆန်တယ်၊ တည်ကြည်လေးနက်တယ်၊ ပြီးတော့ ကျမကို မောင် အရမ်းချစ်သလို ကျမကလည်း မောင့်ကို အရမ်းချစ်နေလို့ပါပဲ..။


နောက်နှစ်မှာ ကျမတို့လက်ထပ်ကြမယ်..။
မောင့်မှာ ကိုယ်ပိုင်အလုပ်ရှိပေမယ့် ကျမဘက်က စဉ်းစားထားတဲ့ စိတ်ကူးလေးတွေကို မောင်နဲ့တိုင်ပင်ချင်တယ်မောင်....

ကျမတို့ လက်ထပ်ပြီးရင် ဝယ်ထားတဲ့ အိမ်လေး(၂)လုံးထဲက တစ်လုံးကို ငှါးစားပြီး ကျန်တစ်လုံးကို "မေတ္တာစံအိမ်" လို့အမည်ပေးပြီး ကျမတို့မိသားစုလေး နေကြမယ်နော် ။
စီးပွားရေးအနေနဲ့ကတော့ ကျမရဲ့အဒေါ် အရင်က ကျွမ်းကျင်စွာလုပ်ခဲ့ဖူးတဲ့ ရှမ်းပြည်ဘက်က သနပ်ဖက်၊ ကြက်သွန်၊အာလူး၊ပန်းနှမ်း၊ စတဲ့ ရာသီပေါ်ကုန်တွေကို ပွဲရုံတွေနဲ့ဆက်ပြီး ငွေကစားကြမယ်၊ လူမပင်ပန်းပဲ ငွေစိုက်ထုတ်ပြီး လုပ်လို့ရတဲ့ အလုပ်တွေ အများကြီးရှိတယ်မောင်၊ နောက်ဆုံး အိမ်စီးကားလေးတစ်စီးပဲဝယ်ထားအုံး..အလဲအထပ်လုပ်ရင်း ကျမတို့မိသားစုလေး မကြောင့်မကျ မတောင့်မတ နေနိုင်ပါတယ်...၊ ကျမကတော့ မချမ်းသာချင်နေပါစေ စိတ်ချမ်းသာပြီးပျော်ရွှင်တဲ့ဘဝလေးကိုပဲ မက်မောပါတယ်၊ပြီးတော့ လက်ရှိ ကျမရဲ့အဒေါ်ဦးစီးနေတဲ့ Video ထုတ်လုပ်ရေးကို ငွေထပ်ထည့်ပြီး အဒေါ်ကိုပဲ ဦးစီးခိုင်းမယ်နော်။
Video ရပ်ကွက်ဆိုတာက ဘဝစုံ၊ စရိုက်စုံ ယောက်ျားသားတွေများတယ်၊ လူရှုပ်တယ်၊ စကားရှုပ်တယ်၊ အဲဒီလောကထဲမှာ အကြောင်းတစ်ခုခုကြောင့် ကျမကို မောင်..အမြင်ကြည်လင်စေချင်လို့ပါ..။
မောင့်ရဲ့လောင်းရိပ်အောက်မှာ ဖြူစင်တဲ့ မောင့်ရဲ့ဇနီးလေးပဲ ကျမဖြစ်ချင်လို့ပါ..မောင်။

တခါတလေ....မောင်နဲ့ကျမ ပေါင်းပြီး ဝတ္ထုလေးတွေရေးပြီး Video ဇာတ်လမ်းလေးတွေ ဖန်တီးကြမယ်..။
နောက်တခုရှိသေးတယ်မောင်...

ကျမ ဝါသနာပါတဲ့ ဒီဇိုင်နာ (စက်ချုပ်ခြင်း/သရုပ်ဆောင် မော်ဒယ်လ်များအတွက် ဒီဇိုင်းထွင်ပေးခြင်း ) အလုပ်ကို ဆက်လုပ်ချင်တယ်.။
အဲဒီအလုပ်ကိုေ တာ့ အိမ်မှာပဲ တစ်နိုင် လုပ်မှာပါမောင်။
အိမ်ထောင်သည် ဘဝ ရောက်နေပြီဖြစ်တဲ့ ကျမအတွက် ကိုယ့်အိမ်၊ ကိုယ့်ရာကိုပစ်ပြီး အပြင်မှာ စီးပွားမရှာချင်တော့ပါဘူး..။ မောင်ခွင့်ပြုမယ်မဟုတ်လားဟင်...။
ကျမဘက်က ဘယ်လောက်ပဲ အလုပ်များနေပါစေ မောင်အလုပ်က ပြန်လာတာနဲ့ ကျမလုပ်နေတဲ့ အလုပ်တွေကို ဘေးချပြီး မောင့်ရဲ့ဘေးနားမှာ အချိန်ပြည့်နေပေးမှာပါမောင်။
အိမ်ပေါက်ဝက သနပ်ခါး အဖွေးသားနဲ့(နေ့စဉ်) ဆီးကြိုနေတဲ့ မောင့်ရဲ့ဇနီးလေးကို တွေ့ရင် မောင် အမောပြေမှာလားဟင်...၊ နောက်ဆိုရင် သားသား..မီးမီး လေးတွေကပါ မောင့်ကို ဆီးကြိုနေကြမှာနော်..။
ကျမအတွက်တော့ တကယ့်ကိုပျော်စရာကောင်းတဲ့ မိသားစုလေးကို ဖန်တီးပေးမယ့် မောင့်ကို တစ်နေ့ထက်တစ်နေ့ ပိုလို့ချစ်နေတော့တာပါပဲ...။

သြော်....မေ့တော့မလို့....မောင်
မောင် လိုက်နာဖို့ ဆိုတာထက် ကျမတို့ရဲ့မိသားစုလေးအတွက် ကျမကိုယ်တိုင်ချမှတ်ထားတဲ့ "မိသားစု ဥပဒေ"လေးအကြောင်း ပြောပြရအုံးမယ်.. အဲဒါတွေကတော့........
*မောင့်ဘက်က ဘယ်လောက်ပဲ အလုပ်များနေပါစေ မိသားစု နေ့စဉ် လက်စုံစားတဲ့ ထမင်းဝိုင်းကိုတော့ ရောက်ရာအရပ်ကနေ အလုပ်တွေကို ဖြတ်ပြီး မောင် အမှီပြန်လာပေးပါနော်...။
*အလုပ်ကိစ္စကြောင့်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ အလည်လွန်နေသည်ပဲဖြစ်ဖြစ် ညဘက် ဘယ်လိုပဲ အိမ်ပြန်နောက်ကျနေပါစေ အိမ်ကိုတော့ရောက်အောင်ပြန်ခဲ့ပါမောင်ရယ်..။
အိမ်မှာကျန်ခဲ့တဲ့ ကျမနဲ့ သားသား၊ မီးမီးတွေက မောင်ရှိမှ နွေးထွေးမှာမို့လို့ပါ..။

*မောင့်ရဲ့မိသားစု၊ မောင့်ရဲ့အသိုင်းအဝိုင်း၊ မောင့်ရဲ့အလုပ်၊ မောင့်ရဲ့မိဘတွေရဲ့ ဂုဏ်သိက္ခာ ညှိုးငယ်စေမယ့် ကိစ္စမျိုးတွေကို ရှောင်ပါနော်..။
*အခန့်မသင့်လို့ မောင်နဲ့ကျမ စကားများ ရန်ဖြစ်ခဲ့ရင်တောင် သားသား၊မီးမီးတို့ရဲ့ရှေ့မှာ မဖြစ်မိပါစေနဲ့၊ တစ်ယောက်နဲ့တစ်ယောက် စိတ်ကောက်ခဲ့ရင်လည်း သားသား၊မီးမီးတို့ရဲ့ရှေ့မှာ ဟန်မပျက်နေပေးရမယ်နော်..နုနယ်တဲ့ သားသား၊မီးမီးတို့ရဲ့စိတ်ကလေးတွေ (ကျမငယ်ငယ်တုန်းကလို)အားငယ်သွားမှာစိုးလို့ပါ။
*ပြီးတော့ မောင် ကံကောင်းတယ်သိလား...မောင့်မှာ ကိုယ်ပိုင် ဒီဇိုင်နာမလေး(ကျမ)ရှိနေလို့လေ..၊ မောင်ဝတ်သမျှ အဝတ်ဒီဇိုင်း Style တွေကို ကျမစိတ်တိုင်းကျ ဝယ်ရင်း Shopping တူတူထွက်ကြမယ်နော်..။
နောက်ဆုံးတခုကတော့ ကျမတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးမှာ စောင့်ထိန်းရမယ့် "ကိုယ်ကျင့်တရား"ပါပဲ..
ကျမကတော့ ကိုယ်ကျင့်တရားနဲ့ သိက္ခာကိုတန်ဖိုးထားတယ်...
"ကိုယ်ကျင့်တရားပျက်ပြားပြီး သိက္ခာမရှိတဲ့ မိန်းမတစ်ယောက်ရဲ့ဘဝဟာ လူတကာ ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်း ထွက်လို့ရတဲ့ အရံအတားမရှိတဲ့ ဇရပ်ပျက် တစ်ခုလိုပါပဲ..။"
"ပန်းတစ်ပွင့်ရဲ့တန်ဖိုးဟာလည်း အဲဒီပန်းမှာရှိသင့်တဲ့ အရောင်အဆင်း၊ အနံ့၊ အရည်အသွေးတို့ကို မြင့်မားလာအောင် ပြုစုပျိုးထောင်ပေးတဲ့ ပန်းပျိုးသူ ဥယျာဉ်မှုးပေါ်မှာ မူတည်နေပါတယ်။ "
"မိန်းမတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ ဟာလည်း သူ့ရဲ့အိမ်ထောင်ဖက် ယောက်ျား(အမျိုးသား) ပေါ်မှာ အများကြီးမူတည်နေတာမို့ ကျမတို့နှစ်ယောက် တစ်ဦးကိုတစ်ဦး အပြန်အလှန် သစ္စာစောင့်ထိန်းရင်း ဘဝကို အတူဖြတ်သန်းကြမယ်နော်..။ "
ကျမကတိပေးပါတယ်....
ကျမလေ...."ကျက်သရေရှိသော မောင့်ရဲ့ဇနီး" တစ်ယောက်အဖြစ်နဲ့ မောင့်အပေါ်မှာ သစ္စာရှိစွာ တစ်ဘဝလုံးစာ ထာဝရချစ်သွားမယ်ဆိုတာကိုပါပဲ...
(ဒီ Post ကို ရေးဖို့တိုက်တွန်းခဲ့တဲ့ "မမဝါ" ရယ်....
ကျမသိပ်ချစ်ရတဲ့ Post ထဲက ဇာတ်လိုက်ကျော် ချစ်သူ.."မောင်" ရယ်...
စာရှည်ကြီးကို စိတ်ရှည်လက်ရှည် ဖတ်ပေးသွားကြတဲ့ "သူငယ်ချင်းများ" အားလုံးကို ကျမက အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း.............
HAPPY NEW YEAR......ပါနော်.....

25 comments:

မိုးစက်အိမ် said...

ဖတ်လိုက်ရတာ တော်တော်လေးစိတ်ချမ်းသာမိပါတယ်
ခက်ခဲကြမ်းတမ်းခဲ့ ရတဲ့  မနမ်းဘ၀မှာ အမောပြေစေမဲ့ 
အိုအေစစ်လေးပါဘဲဗျာ . . . နှစ်သစ်ကူးမှာ ကံကောင်းခြင်း
လက်ဆောင်ဟာ တန်ဖိုးဖြတ်မရမှုနဲ့ အတူ အဖြူရောင်နတ်
သမီးလေးဆီ ကိုဆောင်ကြဉ်းလာတယ်လို့ ဘဲ မှတ်ယူလိုက်
ပါတယ် . . . အနာဂါတ် မေတ္တာ စံအိမ် ထဲမှာ အဖြူရောင်
နတ်သမီးလေး တစ်ပါး ကြင်ယာတော် နဲ့ အတူ ဘ၀တိုက်ပွဲ
မှာ ခိုင်ခိုင်မြဲလို့  တိုက်ပွဲ ၀င်နိုင်ပါစေသားလို့  နှစ်သစ်ကူး
အခါသမယ လေးမှာ မင်္ဂလာဆုမွန်ကောင်းတောင်းခဲ့ ပါတယ် . . . မင်္ဂလာဆောင်က နောက်နှစ်ဆိုတော့ 2011
ပေါ့နော် . . . မင်္ဂလာဆောင်ရင်လည်း ဖိတ်အုံးနော့်  . . . ချစ်သူနဲ့ လည်း ဆထက်တိုးပြီး ချစ်နိုင်ကြပါစေဗျာ ကျွန်တော်ကတော့ အားကျသွားတယ်ခင်ဗျ . . . Happy New Year ပါ အမရေ . . . Good Luck . . . :)

Anonymous said...

နှစ်ဟောင်းကို နှုတ်ဆက်လို့  နှစ်သစ်ကို ကြိုဆိုလျှက် အပြုံးလေးတွေ ကိုယ်စီနဲ့
ဘဝသစ် အားမာန်သစ်တွေနဲ့  အနာဂတ်ကို ချီတက်ကြုစို့ ။ ဘဝရဲ့ မျှော်လင့်ချက်တွေ ကိုယ်စီနဲ့ အနာဂတ်ကို ကြိုးစားရင်း၊ စွန့် စားရင်း အိမ်နဲ့ ဝေးကွာနေကြတဲ့မမအတွက်
2009 ထက် အဆပေါင်းများစွာ အောင်မြင်မှုတွေနဲ့  2010 မှာ ကြုံတွေ့ ကြပါစေလို့ 
ဆုမွန်တောင်းလိုက်ပါတယ်။။။။။HAappy New years....!!!!

ဝေလင်း said...

မနာလိုတောင်ဖြစ်သွားတယ်။ မျက်လုံးထဲမှာ မြင်ယောင်လာမိတယ်။ ပျော်ရွှင်ဖွယ်မိသားစုလေးကို..။
တစ်နေ့မှာတော့ ပိုင်ဆိုင်လာရမှာပါအစ်မရေ ပိုင်ဆိုင်စေဖို့လည်း ဆုတောင်းပေးပါတယ်...

ကိုဇော် said...

Happy New Year ပါဗျာ.။
သာယာတဲ့ အနာဂတ်လေး ပိုင်ဆိုင်နိုင်ပါစေဗျာ။

pandora said...

အဖြူရောင်နတ်သမီးရေ
ကောင်းသောနှစ်သစ်မှာ လှပတဲ့ ချစ်စံအိမ်လေးကို မောင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်တည်ဆောက်နိုင်ဖို့ ဆုမွန်တောင်းပါတယ်။
Happy New Year!

ရွှေရတုမှတ်တမ်း said...

ဒီလိုစာရေးကောင်းတဲ့နတ်သမီးလေးကို..မင်္ဂလာနှစ်သစ်တွေအမြဲကြုံလို့..ကျန်းမာချမ်းသာစေကြောင်းဆုတောင်းပါ့ခင်ဗျာ

မိုးငွေ့...... said...

နတ်သမီးရေ...နှစ်သစ်မှာစိတ်ချမ်းသာစွာနဲ့ “မောင်”နဲ့အတူ ချစ်စံအိမ်လေးမှာ ပျော်ရွှင်နိုင်ပါစေနော်


ခင်မင်စွာဖြင့်
မိုးငွေ့

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ရတာနဲ့တင် တော်တော် စိတ်ချမ်းသာစရာ ကောင်းပါတယ်.. ညီမရေ... စိတ်ကူးလေးထဲက အတိုင်း အများက အားကျရတဲ့ စံပြ အိမ်ထောင် ၊သာယာတဲ့ အိမ်ထောင်လေး တကယ်ကို ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.. နှစ်သစ်မှာ ပျော်ရွှင်ပါစေနော်..

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

နတ်သမီးလေး ရဲ့ အိမ်ထောင်ဘက် ဆိုတော့ နတ်သားလေးတစ်ပါးလို့ ပြောရတော့မှာပေါ့နော်။

သာယာချမ်းမြေ့ ကြည်နူးပျော်ရွှင်ဖွယ်ရာ မိသားစုဘ၀လေးကို ပိုင်ဆိုင်နိုင်ပါစေလို့ နှစ်သစ်မှာ ဆုမွန်ကောင်းပေးလိုက်ပါတယ် နတ်သမီးလေး ရေ..


ခင်မင်စွာဖြင့်
ကိုမျိုး

ဒဏ္ဍာရီ said...

အေးချမ်းသာယာ ပျော်ရွှင်တဲ့ မိသားစု ဘ၀ကို ချစ်တဲ့ သူနဲ့အတူ ထာဝရ လျှောက်လှမ်းနိုင်ပါစေ နမ်းရေ....
Happy New Year!!

ခင်မင်လေးစားလျှက်

နွေဆူးလင်္ကာ said...

စိတ်ရှည်လက်ရှည်လဲ ဖတ်သွားတယ် .. ကြီးလိုက်သေးလိုက်လဲ ဖတ်သွားပါတယ် ဂျီးတော် ..

မြတ်စုလှိုင် said...

အရမ်းကောင်းတဲ့ post လေးတစ်ခုပါ။

မြတ်မွန် said...

မမရေးတဲ့ တစ်ချို့ စာသားလေးတွေကို နှစ်ခြိုက်မိတယ် သိပ်မှန်ပါတယ်။
မမချစ်တဲ့ မောင်.....
မမရဲ့ စိတ်ကူး အိမ်မက်လေး အမြန်ဆုံး အကောင်ထည်ပေါ်ပါစေ လို့ဆုတောင်းပေးပါတယ် မမ......။
မမဘဝလေးကိုပါ ထည့်ရေးထားလို့ စိတ်မကောင်းဖြစ်မိတယ်။
အားပေးလျှက်နော်.။

WWKM said...

ညီမလေးရဲ့ စိတ်ကူးလေးတွေနဲ့အတူ ညီမလေးဖြစ်ချင်
တဲ့ ဆန္ဒတွေ တထပ်တည်းကျပြီး လာမယ့်အနာဂတ်ဘဝ
လေးကို လှပပြည့်စုံပျော်ရွှင်စွာနဲ့ တည်ဆောက်နိုင်ပါစေ
ညီမငယ်ရေ...

စိတ်ကူးလေးတွေကောင်းသလို စိတ်ဓါတ်မြင့်မြတ်တဲ့ညီ
မငယ်ရေ... စိတ်ထားကောင်းရင် ကံကောင်းတတ်ပါ
တယ်။
နောင် ၅ နှစ်မဟုတ်တဲ့ နောက်နှစ်မှာ ညီမလေးချစ်တဲ့
ချစ်သူမောင်နဲ့အတူ ခိုင်မြဲလက်တွေ တွဲယှက်နိုင်ပြီး
ဘ၀ကို အောင်မြင်မှုတွေနဲ့အတူ သာယာပျော်ရွှင်ဖွယ်
ကောင်းတဲ့ မိသားစုဘ၀ကို တည်ဆောက်နိုင်ပါစေလို့...
HAPPY NEW YEAR!!!!!!!!!!!!!!!!!!!

ရေးပေးတာကျေးဇူးပါ ညီမလေးရေ.
မမဘီးဇီးနေတာနဲ့ အခုမှရောက်တယ်.
မြန်မာပြည်ရောက်ရင် ဆုံကြမယ်နော်.း)


ချစ်ခင်လျှက်
မမ၀ါ

~ဏီလင်းညို~ said...

နတ်သမီးရေ...
စာလေးကိုဖတ်ရင်း... နတ်သမီးအတွက် ဆုတောင်းပေးပါတယ်နော်ဗျ...။
နတ်သမီးမျှော်လင့်တဲ့ အနာဂတ်မေတ္တာစံအိမ်လေးမှာ စိတ်ကူးထဲက ပုံစံလေးအတိုင်း နေထိုင်သွားနိုင်ပါစေလို့ဗျ...။
နှစ်သစ်မှာ အရာအားလုံး အဆင်ပြေပျော်ရွှင်နိုင်ပါစေဗျာ...
ခင်မင်တဲ့
ဏီလင်းညို

PhyoPhyo said...

HAPPY NEW YEAR.
အဖြူရောင်နတ်သမီးရေ .. ချစ်စံအိမ်လေးအကြောင်းဖတ်သွားတယ် .. ချစ်ဖို့ကောင်းတဲ့ အဖြူရောင်နတ်သမီး အမြဲပျော်ရွှင်ချမ်းမြေ့ပါစေ ...

PhyoPhyo said...

HAPPY NEW YEAR.
အဖြူရောင်နတ်သမီးရေ ..
ချစ်စံအိမ်လေးအကြောင်းဖတ်သွားတယ်နော်..
ချစ်စရာကောင်းတဲ့ အဖြူရောင်နတ်သမီးလေး .. အမြဲပျော်ရွှင်ချမ်းမြေ့ပါစေ ...

Nge Naing said...

အဖြူရောင် နတ်သမီးရဲ့ မောင်ကတော့ တော်တော်ကံကောင်းတဲ့လူပဲနော့်။ ကျွန်မကတော့ ကျွန်မသားလေးကိုပဲ ပတမနေရာမှာ ထားတယ်။ စိတ်ကူးထားတဲ့အတိုင်း ပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ဖန်တီးနိုင်ပါစေ။ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။

ခြင် said...

ဟေး... ကောင်မလေးကို လွှတ်လိုက်တော့လေ.... ဟိုနေ့ထဲက ကြာလှပေါ့... ဂလောက်တောင် ဖက်ရလားဟ.... ဟွန်း..

နေစစ်သူ said...

ချစ်စံအိမ်လေးထဲကို ကျွန်တော်ရောက်လာခဲ့တယ် “မ” ရေ... အရမ်းကြည်နူးစရာကောင်းလိုက်တာ....အားပေးနေတယ်နော်..ဆက်လက် ရေးသားနိုင်ပါစေ...

ဆောင်းနှင်းရွက် said...

မ ရေ ..
တစ်ခါမှ အမ ရဲ့ ဆိုဒ် ကို မရောက်ဖူးပါဘူးး..
အခု ပထမဆုံးရောက်ရင်းး
ပထမ ဆုံး အခု စာကို ဖတ်ရင်းနဲ့ပဲ
အမ ကို စိတ်ထဲမှာ အရမ်းခင်မိသွားတယ် ..
မ ရဲ့ စိတ်ဓာတ်ကိုလည်း တကယ် ကြိုက်တယ် ..
ညီမ ရဲ့ စိတ်နဲ့ တူနေသလို ပဲ ...
လင့် ခ် ယူသွားတယ် မ ..

ပျော်ရွှင်တဲ့ ချစ်စံအိမ်လေး အမြန်ဆုံး
ဖြစ်လာနိုင်ပါစေ ..

ဧပရယ်လ်ပူး@ပူးတေ said...

ဟုတ်တယ်နတ်သမီးရေ..
ပူးတေနဲ့ တော်တော်များများတိုက်ဆိုင်တယ်။ တခုပဲ ပူးတေက ငယ်ငယ်ထဲက ငါသိငါတတ် ငါဆရာပဲလေ။ သူ့ကိုတော့ မယားဝတ်တရာ အားလုံးကျေပွန်အောင်ထားပါတယ်။ သူလဲကျေပွန်ပါတယ်။ တခါတလေ အရေးကြီးတဲ့ ကိစ္စတစ်ခုခု ဆွေးနွေးကြပီဆိုရင် ပြဿနာက စတော့တာပဲ။ နောက်ဆုံးတော့လဲ ပြေလည်တာပါပဲ။ မပြေလည်ခင်ကတော့ အကြီးအကျယ်ပေါ့။ ဒီလိုပါပဲ။ ညှိယူကြတာပဲပေါ့။ သူတင်းရင် ကိုယ်လျှော့၊ ကိုယ်တင်းရင် သူလျှော့တယ်လေ။ ၂ ယောက်လုံးတင်းနေရင်တော့ ပြတ်ထွက်ကုန်မှာပဲဆိုတာ သူရော ကိုယ်ရောသိကြတယ်လေ။ :)

kokomaung.uk said...

အလှဒီဇိုင်းနာမလေးရေ..
ဘ၀ကိုလဲ စိတ်ကြိုက်ဒီဇိုင်းဆင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ပျော်ရွှင်ဖွယ်ရာတွေ ထာဝရမွေးဖွားနိုင်ပါစေဗျာ။

Anonymous said...

မျက်စိလည်ပြီး ရောက်လာပါတယ်ဗျာ .. ချစ်စံအိမ်လေးအကြောင်းဖတ်သွားတယ်နော်.. နောင်နှစ်ပေါင်းများစွာတိုင်အောင် ချစ်သူနဲ့ အတူ ပျော်ရွှင်ပါစေဗျာ .. စိတ်ချမ်းသာပျော်ရွှင်ပါစေ

blackroze said...

တံခါးလေးစေ့ရုံဘဲလား..အဟင့်

သီချင်းပြောပါတယ်မောင်မျိုးရယ်..

ဖွင့်ချင်လည်းဖွင့် ပိတ်ချင်လည်းပိတ်
အဲလိုဟတတတော့ မလုပ်ထားပါနဲ့ဟယ်..


ခင်တဲ့အမ blackroze

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger