Thursday, December 10, 2009

တရုတ်ပြည်က ဆေးဖက်ဝင် Green Tea များ

လွန်ခဲ့သော(၂)နှစ်ခန့်က ကျမတို့၏ ကုမ္ပဏီမှ ရောင်းချသော တရုတ်နိုင်ငံလုပ် လ္ဘက်ခြောက်များအကြောင်းကို ကျမလေ့လာခွင့်ရခဲ့ဖူးသည်။ မြန်မာနိုင်ငံမှ လ္ဘက်ခြောက်ကောင်းများ ထွက်ရှိသည်ကို သိသော်လည်း ကျမ မလေ့လာဖူးခဲ့။ တရုတ်နိုင်ငံမှ ထုတ်လုပ်သော လ္ဘက်ခြောက်များကို ကျမလေ့လာခဲ့ဖူးသည့် အကြောင်းရင်းမှာ ကျမ အလုပ် လုပ်သော ကုမ္ပဏီတွင် Restaurant (၅)ဆိုင်၊ Wine များရောင်းသောဆိုင်(၂)ဆိုင်၊ နှင့် တရုတ်နိုင်ငံလုပ် လ္ဘက်ခြောက်များ နှင့် ဆေးပြင်းလိပ်များ ရောင်းချသော ဆိုင်(၁)ဆိုင်ရှိသည်။

အဲဒီအချိန်က ကျမတာဝန်ကျသော Chinese Restaurant No.1 မှာ ဆိုင်အခန်းအနား ပြင်ဆင်ရန်အတွက် (၃)လကြာ ပိတ်ထားခဲ့ရသည့် အချိန်တွင် ကျမမှာ လ္ဘက်ခြောက်ရောင်းသော ဆိုင်တွင် ခေတ္တ အရောင်းစာရေးမ အဖြစ် (၃)လခန့်တာဝန်ထမ်းဆောင်ရင်း တရုတ်နိုင်ငံထုတ် ဆေးဖက်ဝင် လ္ဘက်ခြောက်များ၏ အကြောင်းကို လေ့လာခွင့် ရခဲ့ခြင်းဖြစ်သည်။
ကျမသိသလောက် စာဖတ်သူ သူငယ်ချင်းများကို မျှဝေရမည်ဆိုလျှင်.........

မြန်မာပြည်တွင် ကျမသောက်ခဲ့ဖူးသော “ရေနွေးကြမ်း” ခေါ် “လ္ဘက်ရည်ကြမ်း”မှာ အနံ့အရသာနှင့် အာနိသင် တမျိုးတည်းဟု ထင်ရသော်လည်း အမှန်တကယ်မှာတော့ ကွဲပြားမှုရှိသည်ကို ကျမ အရောင်းစာရေးမ ဖြစ်သည့်အချိန်မှ သိခွင့်ရသည်။

လ္ဘက်ခြောက် မှန်လျှင် မျက်စေ့ကို ကြောင်စေသော၊ အိပ်၍မပျော်စေသော “ကဖိန်း”(caffeine) ဟုခေါ်သည့် ဓာတ်တမျိုး(၁၀)%ပါဝင်သည်။ လ္ဘက်ရည်၏ အရောင်မှာ အနီ၊အဝါ၊အစိမ်း၊အညို၊အမဲ၊ အဖြူ(အရောင်မဲ့) ဟူ၍ ခွဲခြားထားသည်။

လ္ဘက်ရည်ကြမ်း ချစ်သူများသည် လ္ဘက်ရည်ကြမ်းကို သောက်သုံးသည့်အခါ အရည်၏ အရောင်ကို သိသာ ထင်ရှားစွာ မြင်နိုင်ရန်အတွက် လ္ဘက်ရည်ပုဂံလုံး၏ အောက်ခံကို ကြွေသားဖြင့်လုပ်ထားသော အဖြူရောင် ပုဂံလုံးကိုသာ အသုံးပြုလေ့ရှိသည်။ လ္ဘက်ခြောက်ထည့်ထားသော အိုးထဲသို့ ရေနွေးပူများကို လောင်းထည့်သည့်အခါ ပထမဦးဆုံး လောင်းထည့်သည့်အရည်ကို အသုံးမပြုပဲ၊ ဒုတိယမြောက် လောင်းထည့်သည့် အရည်ကိုသာ “စ”တင်၍ သုံးဆောင်သင့်သည်၊ အကြောင်းမှာ လ္ဘက်ခြောက်ရွက်များတွင် ကပ်လျှက်ရှိသော အညစ်အကြေးများကို ပထမဦးဆုံးလောင်းထည့်လိုက်သည့် ရေနွေးဖြင့် သန့်စင်စေခြင်းဖြစ်သည်။

မြန်မာပြည်မှ လ္ဘက်ခြောက်များကို ကြိုက်သလို အချိန်မရွေး သောက်သုံးနိုင်သော်လည်း တရုတ်ပြည်မှ ဆေးဖက်ဝင်သော လ္ဘက်ခြောက်များကို သောက်သုံးသည့်အခါ မည်သည့်လ္ဘက်ခြောက်အမျိုးအစားကို သင်ရွေးချယ် သောက်သုံးသင့်သည်ကို သတိပြုသင့်သည်။
ဥပမာ။ ။
Brick Tea။ ။ လ္ဘက်ခြောက်တမျိုးကို အတုံးအဖြစ်သော်လည်းကောင်း၊ အဆိုင်အခဲအဖြစ်သော်လည်းကောင်း၊ ကျစ်လစ်စွာ အခြောက်ခံ တီထွင်ထားခြင်းကြောင့် Brick Tea ဟု ခေါ်ဆိုခြင်းဖြစ်သည်။ အနီရောင်အဆင်းရှိသည့် Brick Tea ကို သောက်သုံးခြင်းဖြင့် လှုပ်ရှားနေသော စိတ်ကို တည်ငြိမ်စေသည့်အာနိသင်ရှိခြင်းကြောင့် နှလုံးရောဂါသည်များနှင့် စိတ်ဖိစီးမှုများသော စီးပွားရေးလုပ်ငန်းရှင်များ၊ ကျောင်းဆရာ၊ ဆရာမများအတွက် အသင့်တော်ဆုံးဖြစ်သည်။



[Image] Oolong Tea။ ။ “ဦးလုံ” လ္ဘက်ခြောက်မှာ သွေးတိုးသမားများအတွက် အသင့်တော်ဆုံးဖြစ်သည်၊ တိုးနေသော သွေးကို ကျစေသည်။ ကိုယ်အလေးချိန်ကို လျှော့ကျစေသည်။ “ဝ”သောသူများကို ပိန်စေသည်။ သာမန် သွေးအားနည်းတတ်သောသူများ ဤ ဦးလုံ လ္ဘက်ခြောက်ရည်ကို သောက်မိလျှင်တော့ သွေးပေါင်ချိန်ကို ကျဆင်းစေပြီး မူးမော်ခြင်းဝေဒနာကို ဖြစ်ပေါ်စေပါသည်။




Dragon Well Tea။ ။ သောက်သုံးသူ၏ စိတ်ကို လန်းဆန်းစေသည်။ ကင်ဆာသမားများအတွက် သောက်သုံးရန် အသင့်တော်ဆုံးဖြစ်သည်ဟု ဆေးညွှန်းတွင် ပါရှိသည်။ Dragon Well Tea မှာ တရုတ်ပြည်တွင် အကျော်ကြားဆုံး လ္ဘက်ခြောက်အဖြစ်ထင်ရှားရခြင်းမှာ Dragon Well အမည်ရှိ လ္ဘက်ရွက်များကို လ္ဘက်ပေါ်ချိန်၏ ပထမဦးဆုံး(၂)လတွင် ဦးဦးဖျားဖျား ထွက်ရှိသော အပင်၏ ထိပ်ဆုံးမှ အညွန့်ဖူးများကို ဆွတ်ခူး၍ အရည်အသွေးမှီစွာ ထုတ်လုပ်ထားသောကြောင့် ဖြစ်သည်။





Chrysanthemum Tea။ ။ ဆေးဖက်ဝင်သော ပန်းပွင့် တမျိုးကို အခြောက်ခံထားခြင်းဖြစ်သည်။ဝတ်ဆံမှာ အဝါရောင်ဖြစ်ပြီး ပွင့်ဖတ်မှာ အဝါရောင် နှင့် အဖြူရောင်ဟူ၍ နှစ်မျိုးရှိသည်။ အနံ့နှင့် အရသာမှာလည်း အနည်းငယ် ကွဲပြားမှုရှိသည်။ ဤပန်းပွင့်၏ အရည်ကို သောက်သုံးပါက မျက်စိအားကောင်းခြင်း၊ နပ်ဗ်ကြော(Nervs)များကို ပြေလျှော့စေသည်။ မိမိ၏ ကိုယ်တွင်းမှ အပူများကို လျှော့ကျစေသည်။

အချိုကြိုက်သူများအတွက် သကြားထည့်၍ သောက်သုံးနိုင်သလို၊ အအေးကြိုက်သူများအတွက် ရေခဲသေတ္တာထဲတွင် အအေးခံ၍ သောက်သုံးနိုင်သေးသည်။ Computer နှင့် အချိန်ကြာမြင့်စွာ အလုပ် လုပ်ရသော ရုံးဝန်ထမ်းများနှင့် အညောင်းထိုင်သူများ အတွက် အသင့်တော်ဆုံးဖြစ်သည်။


Flower Tea (ခေါ်) Art Tea။ ။ လ္ဘက်ခြောက်တမျိုးဖြစ်သည်။ ဆေးဖက်ဝင်သော ပန်းပွင့် တမျိုးကို အလယ်မှ ထား၍ လ္ဘက်ခြောက်ရွက်နုများဖြင့် လှပသေသပ်စွာ ဝန်းရံတန်ဆာဆင်ထားပြီး လက်ဖြင့်ပြုလုပ်ထားသော အနုပညာမြောက်သည့် Art Tea ၏ အရွယ်မှာ ကွမ်းသီးလုံးခန့်ရှိသည်။


ရေနွေးပူထဲသို့ Art Tea တလုံးကို ထည့်လိုက်ပါက (၁၅)မိနစ်အတွင်း ပန်းအဖူးမှ ပန်းပွင့်လာသကဲ့သို့ လှပသော မြင်ကွင်းကို အဆင့်ဆင့် မြင်နိုင်သည်။

ရေနွေး(၁)လီတာ အတွက် Art Tea တလုံးကို အသုံးပြုရသည်။ Art Tea ကို သောက်သုံးခြင်းဖြင့် အသဲရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးသည်၊ အစာကိုကြေညက်စေသည်၊ အသားအရည်ကို လှပစေသည့်အပြင် ကျောက်ကပ်ရောဂါ ရှိသူများအတွက် အသင့်တော်ဆုံးဖြစ်သည်။



[Image] သတိပေးလိုသည်မှာ တရုတ်ပြည်မှ ဆေးဖက်ဝင်သော လ္ဘက်ခြောက်များကို အသုံးပြုသည့်အခါ မည်သည့်လ္ဘက်ခြောက်အမျိုးအစားကို သင်အသုံးပြုသင့်သည်ကို သတိပြုရန်နှင့် မြန်မာ စကားပုံများထဲမှ...အသီးမှာ သရက်အသားမှာ ဝက်အရည်မှာ အရက်အရွက်မှာ လ္ဘက်...ဆိုသည့် စကားအတိုင်း လ္ဘက်ရည်ကြမ်း ကောင်းကောင်းကြိုက်သူများအတွက် တရုတ်ပြည်မှ ထုတ်လုပ်သော ဆေးဖက်ဝင် လ္ဘက်ခြောက်များအကြောင်းကို တင်ပြလိုက်ရပါသည်။


18 comments:

နွေဆူးလင်္ကာ said...

အရည်မှာ အရက်ဆိုတာ ခုမှ ကြားဖူးတယ် ဂျီးတော်ရေ ... မကြားဖူးခင်ကလည်း ကြိုက်တာပါပဲ ဟီးဟီး။ ဂျီးတော် ပျော်ရွှင် ကျန်းမာ ပါစေ ..

WWKM said...

လဖက်ခြောက်အကြောင်းလေးကို သေခြာရေးပြထားတာ စိတ်ဝင်စားစွာနဲ့ ဖတ်သွားပါတယ်
ညီမရေ.
မမလည်း တရုပ် ပန်းပွင့်လဖက်ခြောက်မွှေးမွှေးလေး
သူငယ်ချင်းက လက်ဆောင်ပေးလို့သောက်ဖူးတယ်။
ကြိုက်တယ်.း)

ညရဲ့ကောင်းကင် said...

ဟောဗျာ..အရည်မှာ အရက်တဲ့...
ထောက်ခံတယ်ဗျို့...ကိုယ်တွေ့မို့လို့...း)

ဗဟုသုတရစေတယ်ဗျာ...
ဒါကြောင့်မို့ တရုတ်က လက်ဘက်ခြောက်က နာမည်ကြီးသလောက် ဈေးကြီးတာကိုး...

ခင်မင်လျက်
ညရဲ့ကောင်းကင်

F@LL3N said...

လက်ဖက်ခြောက်လား?
မကြိုက်ပါဘူး
အယ်လကိုဟောမှမပါဘဲနဲ့
သောက်ဘူး...သွား.. :P

မိုးစက်အိမ် said...

အရည်မှာ အရက်ဆိုဘဲ လန်ထွက်နေတာဘဲ
အထူးအဆန်းတွေ ကြားနေရပြန်ပြီ . . . လက်ဖက်
ကိုလုပ်ထားတာတွေကတော့ တော်တော်လေး
အသက်ဝင်တယ်ဗျာ . . .

ဝေလင်း said...

ကျေးဇူးပဲ..။ အစ်မကိုလေးစားတာ အဲ့ဒါတွေလည်းပါတယ်။ အလုပ်တစ်ခုလုပ်ရင် သေချာလေ့လာပြီးလုပ်တာတွေကို အစ်မစာတွေထဲမှာတွေ့ရတယ်.

လုံမလေး said...

လုံလုံ လည်း လက်ဖက်ခြောက် အမျိုးမျိုး သောက်ဖူးတယ် ။ အမှန်တိုင်းပြောရမလား
လက်ဖက်ခြောက် ထက် pm&if
မမချေားချေားလေးရဲ့ ပုံ လေးကိုအရင်ဆုံး
ပုံကြိးလေးချဲ့ ကြည့်ဖြစ်တယ် ပြီးမှ ဖတ်တာပေါ့ :P

မိုးငွေ့ said...

လက်ဖက်ခြောက်အကြောင်းကို ညီမပြောပြမှာ စုံစုံလင်လင်သိရတော့တယ်...။ အမလဲ အိမ်မှာ လက်ဖက်ရည်ကြမ်းနေ့တိုင်းသောက်ဖြစ်တယ်..။
တရုတ်ပြည်ကလာတာပဲ ဗူးလေးနဲ့ မွှေးမွှေးလေး သောက်လို့အရမ်းကောင်းတယ်

အားပေးလျက်
မိုးငွေ့

ဒဏ္ဍာရီ said...

သူငယ်ချင်းရေ.....မင်းရဲ့ ဆောင်ပုဒ်လေးတွေကို အပေါ်မှာတော့ မောင်လေးတွေက သူတို့လိုရာ သူတို့ ဆြွဲ့ပီး ထောက်ခံသွားတယ်။း)))

တရုတ်လက်ဖက်ခြောက်လေးတွေကို အနံ့မျိုးစုံနဲ့ သောက်ဖူးတယ်။ တကယ်လည်း မွှေးပြီး တချို့ဟာတွေက ကျန်းမာရေးအတွက် သိပ်ကောင်းတယ်ဆိုတော့ သိတယ်။ အခုလို အသေးစိတ်လေး ရေးသွားတာ ကျေးဇူးပဲနော်။

ခင်မင်လေးစားလျှက်

Nge Naing said...

အသီးမှာ သရက်နဲ့ အရွက်မှာ လ္ဘက်တော့ ဟုတ်ချင်ဟုတ်မယ်။ အသားမှာ ၀က်နဲ့ အရည်မှာ အရက်ကတော့ ကျွန်မအတွက်တော့ လုံးဝမဖြစ်နိုင်ဘူး။ လ္ဘက်နဲ့ပတ်သက်ပြီး မျှဝေပေးတာ ကျေးဇူးနော့်။

နမ်းမဝ said...

ဟုတ်ပ...
စာထဲမှာ.. အဲဒီလိုတွေ့လို့ ရေးလိုက်မိတာ မငယ်ရေ...
အတိအကျတော့ မသိဘူး...

“အသီးမှာ သရက်
အသားမှာ ဝက်
အရည်မှာ အရက်
အရွက်မှာ လ္ဘက်...”....တဲ့
မှားပြီလားမသိဘူးနော်...
သိတဲ့သူများ...ပြန်ပြင်ပေးကြပါဗျို့..........

အနမ်း said...

လ္ဘက်ခြောက်အကြောင်း အတော်ပြည့်စုံတယ်။ လ္ဘက်ခြောက်က တကယ်သောက်သင့်တယ်နော်။ တရုတ်လူမျိုးတွေက အဲဒါကြောင့်အသက်ရှည်တာတဲ့။း))ဟုတ်လားတော့မသိဘူး။

~ဏီလင်းညို~ said...

နတ်သမီးရေ...
အောက်ဆုံးက လက်ဖက်ရည်ကြမ်းပုံလေးက သောက်ချင်စရာလေးဗျ...။
(အရည်မှာ အရက်ဆိုတာ...ဟုတ်ချင်..ဟုတ်မှာပါနတ်သမီးရယ်...။ သူကသောက်လိုက်ရင် ဆွေမျိုးမေ့လောက်အောင် ပတ်ချာယမ်းပြီးမူးလို့လားမှ မသိတာ...။ ဟိ..ဟိ...)

ခင်မင်တဲ့
ဏီလင်းညို

သက်တန့်ချို said...

လက်ဖက်လက်ဖက် အရည် အရက် ကြိုက်၏..နတ်သမီး

ညီညီ said...

ဦးလုံး လ္ဘက်ခြောက်ကြိုက်တယ်ဗျို့.
အရည်မှာ အရက်တဲ့လား. 101% Agree. :)
ဗဟုသုတ ယူသွားပါတယ်ခင်ဗျာ.။

ခင်မင်လျှက်

ညီညီ(အနာဂါတ်သံစဉ်)

ဆောင်း said...

ပန်းပွင့်လဘက်ရည်ကို အခုမှ ဖတ်ဖူးတာ လဘက်ခြောက် တွေ တွေ့ နေပေမဲ့ ဘာအတွက်ဆိုတာ မသိဘူး။ ရှင်းပြတာ ကျေးဇူးနော်။ သူငယ်ချင်းတယောက်က ဆိုရင် စပါယ်ပန်းခြောက်ကို အခြောက်လုပ်ထားတဲ့ အရည်ကို သောက်တာ။ အနောက်နိုင်ငံမှာ ဆိုလည်း အရွက်တွေကို အခြောက်ထားသောက်ကြတာ တွေ့ တယ်

နမ်းမဝ said...

ဆောင်း...ရေ..
စပ္ပါယ်ပန်းခြောက်နဲ့ လ္ဘက်ခြောက် (၂)ခုရောထားတာကို “Jasmin Tea” လို့ခေါ်တယ်လေ..
“မ”ဆို့ဆိုင်မှာတော့ စပ္ပါယ်ပန်းရနံ့ သင်းနေတဲ့ Jasmin Tea ကို ညစာစားပြီးတဲ့ အချိန်မှာ သောက်ကြပါတယ်...
သက်ရောက်မှုကတော့ အစာကြေညက်လွယ်တယ်...လို့သိရပါတယ်..။

shwezinu said...

ဗဟုသုတ ပေးတဲ့ အတွက် ကျေးဇူးပါ ကျနော်က ရေနွေးကြမ်း ကြိုက်တယ်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger