Thursday, March 4, 2010

အစွဲ


ညကမက်ခဲ့တဲ့ အိပ်မက်လေးကြောင့် ဒီpost လေးကိုရေးဖြစ်ခဲ့တယ်။ ကျမ မက်ခဲ့တဲ့ အိပ်မက်လေးအကြောင်း မပြောပြခင်မှာ ကျမဘဝရဲ့ တစိတ်တဒေသကို အရင်ပြောပြရပါလိမ့်မယ်။

ဗုဒ္ဓဘာသာကို ယုံကြည်စွာ ကိုးကွယ်သော ကျမတို့မိသားစု(ဖေဖေ၊မေမေနှင့် ကျမ) တွင် တရုတ်လူမျိုးစပ်သော ဖေဖေ၏ ရိုးရာဓလေ့ကို ကျမတို့မိသားစု နှစ်စဉ်နှစ်တိုင်း မမေ့မလျှော့ လုပ်ဆောင်လေ့ရှိပြီး တရုတ်ရိုးရာကို ဖေဖေ့ထက် မေမေက ပိုပြီးအယူသည်း(သီး)ကာ လေးလေးနက်နက်လုပ်ဆောင်လေ့ရှိသည်။
တရုတ်နှစ်သစ်ကူးနေ့မရောက်ခင် (၁)ရက်အလိုတွင် မေမေနှင့်ကျမ တရုတ်တန်းဈေးသို့သွားပြီး ကွယ်လွန်သွားကြပြီဖြစ်သော ဘိုးဘွား၊ ဆွေမျိုးများအတွက် ရိုးရာကန်တော့ရန် ချက်ပြုတ်ရန်အတွက် ဟင်းလျှာများကို ဝယ်ယူရသည်။ ပြီးနောက် သားအမိနှစ်ယောက် မီးဖိုခန်းထဲတွင် တစ်ညလုံးချက်ပြုတ်ကြရပြီး နောက်တနေ့တွင် ချက်ပြုတ်ထားသော ဟင်းလျှာများဖြင့် ကွယ်လွန်သွားကြပြီဖြစ်သော ဘိုးဘွား၊ဆွေမျိုးများကို ကန်တော့ရသည်။
ကန်တော့ပုံအဆင့်ဆင့်မှာ ကန်တော့ရန်နေ့သို့မရောက်ခင် တစ်ညတွင် ကွယ်လွန်သွားကြပြီဖြစ်သော ဘိုးဘွား၊ဆွေမျိုးများအား နေ့ရက်၊ အချိန်နှင့် နေရာတို့ကို ရွတ်ဆိုပြီး အမွှေးတိုင်ထွန်းကာ ကြို၍ ပင့်ဖိတ်ထားရသည်။ နောက်တနေ့တွင် ပင့်ဖိတ်ထားသော အချိန်သို့မရောက်မီ တကယ့်ဧည့်သည်များအား ထမင်းဖိတ်ကျွေးသည့်ပုံသဏ္ဍာန်အတိုင်း စားပွဲတလုံးပေါ်တွင် အသင့်ချက်ပြုတ်ပြီးသား ဟင်းလျှာများကို ခင်းကျင်းပြင်ဆင်ထားပြီး ပင့်ဖိတ်ထားသော အချိန်သို့ရောက်ပါက ကျပ်စေ့(၂)စေ့ကို အဓိဋ္ဌါန်၍ ခေါင်းပန်းလှန်သောနည်းကို သုံးပြီး ပင့်ဖိတ်ထားသော ဝိဥာဉ်များ ရောက်၊ မရောက်ကို မေးရသည်။




ဤသို့ပြင်ဆင်ရသည်


မရောက်သေးပါက မိနစ်အနည်းငယ်အကြာတွင် ခေါင်းပန်းလှန်ကာ ထပ်မေးရသည်၊ “ရောက်ပြီ”ဟု အဖြေရပါက အမွှေးတိုင်၊ဖုယောင်းတိုင်များဖြင့် လိုရာဆုတောင်းရင်း ဝိဥာဉ်များအား အစားအသောက်များကို သုံးဆောင်စေပြီး အချိန် မိနစ်(၃၀)မှ (၄၅)မိနစ်အတွင်း ကျပ်စေ့(၂)စေ့ကို အသုံးပြု၍ အဓိဋ္ဌါန်ကာ ကိုယ်မေးလိုရာ လူမှုရေး၊စီးပွားရေး မေးခွန်းများကို မေးနိုင်သည်။
ထို့နောက် ဝိဥာဉ်များ အား စားသောက်ပြီး၊မပြီး မေးရသည်။“ပြီးပြီ”ဟု အဖြေရပါက သက်ဆိုင်ရာသို့ပြန်ရန်ပြောဆိုပြီး ဝိဥာဉ်များအတွက် ရည်စူး၍ စက္ကူဖြင့်ပြုလုပ်ထားသော ရွှေ၊ငွေ၊အဝတ်အထည်များနှင့်တကွ စားပွဲပေါ်မှ စားသောက်ဖွယ်ရာတချို့ကို မီးလောင်ခံနိုင်သော ဒယ်အိုး(သို့)အိုးတခုထဲတွင် မီးရှို့ပေးရသည်။ တရုတ်အယူအရ ဝိဥာဉ်များသည် အသက်ရှင်လျှက်ရှိသော ဆွေမျိုးများမှပေးသော ရွှေငွေ၊အဝတ်အထည်၊အစားအသောက်များကို မီးရှို့ပြီး ပြာအဖြစ်(သို့) အငွေ့အဖြစ်ဖြင့်သာ လက်ခံရယူနိုင်သည့်အတွက် မီးရှို့ပေးရခြင်းဖြစ်သည်။

မီးရှို့ရန် ရွှေငွေ၊အဝတ်အထည်များပုံပါသည့် ရွှေစက္ကူ၊ ငွေစက္ကူများကို ဤသို့ခေါက်ရသည်



ထိုသို့ပြုလုပ်ပြီးလျှင်တော့ ရိုးရာကန်တော့ပွဲပြီးဆုံး၍ (၁)နှစ်စာ အတွက် စိတ်ပေါ့ပါးမှုကိုရရှိစေပြီး သက်ရှိဆွေမျိုးများ ဖြင့် နှစ်သစ်ကူးပွဲတော်ကိုဆင်နွှဲကြသည်။ အကယ်၍ အကြောင်းတခုခုကြောင့် ရိုးရာကန်တော့ရန်ပျက်ကွက်ခဲ့လျှင် ထိုနှစ်တွင် ဖြစ်သမျှ စီးပွားရေး၊လူမှုရေး၊ကျန်းမာရေး၊ပြဿနာများသည် “ရိုးရာမကန်တော့၍ ရိုးရာကိုင်သည်” ဟု အယူရှိကြသည်။


ထို “အစွဲ” ကို စိတ်ဓာတ်အပြင်းဆုံး မေမေ့ထံတွင် တွေ့ရသည်။ တရုတ်ရိုးရာ ကန်တော့ခြင်းကို မိသားစု(၃)ယောက် (ဖေဖေ၊မေမေနှင့် ကျမ) အတူတကွ ရှိစဉ်ကတည်းက နှစ်စဉ် နှစ်တိုင်း မပျက်မကွက် လုပ်ဆောင်ရင်း ဖေဖေကွယ်လွန်ခဲ့သော်လည်း မပျက်မကွက် ဆက်လက်လုပ်ဆောင်ခဲ့သည်။ မေမေ မကွယ်လွန်ခင် ၃/၄ နှစ်ခန့်အလိုတွင် ရိုးရာကန်တော့ရန် သားအမိနှစ်ယောက် မီးဖိုထဲတွင်ချက်ပြုတ်နေစဉ် မေမေ ကျမကို ပြောခဲ့သော စကားတခွန်းမှာ.....“သမီး...မေမေမရှိတော့တဲ့ နောက်ပိုင်း..မပျက်မကွက် ဆက်လက်လုပ်ဆောင်ပါ၊ အခုလို သမီးတယောက်ထဲ ဟင်းတွေ ဖွယ်ဖွယ်ရာရာ မချက်နိုင်ရင်တောင် ခေါက်ဆွဲကြော် တပွဲထဲနဲ့ ဘိုးဘွားတွေကို ရအောင် ကန်တော့ပါ....မပျက်ကွက်ပါစေနဲ့၊အဲဒီလိုမှ သမီးမကန်တော့ခဲ့ရင် ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဖိုးဖွား၊ ဆွေမျိုးတွေဟာ နှစ်သစ်ကူးနေ့မှာ ကိုယ့်ဆွေမျိုးက မပင့်ဖိတ်တဲ့အတွက် ပင့်ဖိတ်ခံရတဲ့ တခြားဝိဥာဉ်တွေရဲ့အိမ်ကိုလိုက်ပြီး မီးဖိုခန်းထဲမှာ မျက်နှာငယ်စွာနဲ့ အစားအသောက်များကို စားသောက်ကြရင်း စိတ်ကွက်ကြလိမ့်မယ်...။ အဲဒီအခါကျရင် သမီးလုပ်သမျှ စီးပွားရေး၊လူမှုရေးနဲ့ ကျန်းမာရေးတွေပါ အခက်အခဲနဲ့ရင်ဆိုင်ရလိမ့်မယ်..”..။ အစွဲလန်းကြီးစွာ ကျမကို မေမေမှာခဲ့တဲ့စကားတခွန်းပါပဲ..။

မေမေကွယ်လွန်ပြီးတဲ့ နောက်ပိုင်းမှာလည်း ကျမတစ်ယောက်ထဲ ရိုးရာကို မပျက်မကွက် ထိမ်းသိမ်းခဲ့ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ မေမေကပဲ အစွဲလန်းကြီးသည်လား၊ ကျမကပဲ အစွဲလန်းကြီးသည်လားမသိ မေမေကွယ်လွန်ပြီးသော်လည်း တရုတ်နှစ်သစ်ကူးနေ့သို့ရောက်ရန် ၃/၄ ရက် အလိုတိုင်းတွင် မေမေနှင့်ကျမ မီးဖိုခန်းထဲတွင် ရိုးရာကန်တော့ရန် ဟင်းချက်နေသည်ဟု နှစ်တိုင်း အိပ်မက် မက်လေ့ရှိသည်။ ကွယ်လွန်သွားပြီဖြစ်သော မေမေမှ ကျမအား ရိုးရာကန်တော့ရန် မပျက်ကွက်၊ မမေ့လျှော့စေရန် သတိပေးသည်ဟု ယူဆရပါသည်။ (၆)နှစ်ကြာ နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသော ကျမသည်လည်း နှစ်စဉ်နှစ်တိုင်း ကျမ၏ အခန်းကျင်းလေးထဲတွင် မပျက်မကွက် ရိုးရာကန်တော့နေကျဖြစ်သော်လည်း ယခုနှစ်(၁၄.၀၂.၂၀၁၀)နေ့က ကျရောက်ခဲ့သော တရုတ်နှစ်သစ်ကူးနေ့တွင်မူ ရိုးရာကန်တော့ရန်ပျက်ကွက်ခဲ့ရသည်။ အကြောင်းမှာ ကျမ အလုပ်လုပ်သော တရုတ်စားသောက်ဆိုင်ကြီးတွင် တရုတ်နှစ်သစ်ကူးနေ့နှင့် Valentine's Day မှာ တရက်ထဲ ကျရောက်နေသောကြောင့် အဲဒီနေ့မရောက်ခင် တပတ်အလိုကတည်းက ကျမမှာ အလွန်အလုပ်များခဲ့ရသည့်အတွက် ရိုးရာကန်တော့ရန်ပျက်ကွက်ခဲ့ရသည်။
“ပညတ်သွားရာ ဓာတ်သက်ပါ” ဆိုသည့်စကားအရ.....တရုတ်နှစ်သစ်ကူးပြီး ၃ရက်မြောက်သောနေ့တွင် ဆိုင်မှ စားဖိုမှုးတယောက် အလုပ်ထုတ်ခံရသည်၊ ကျန်ခဲ့သော စားဖိုမှုးများအနက် (၃)ယောက်မှာ ဆန္ဒပြ၍ အလုပ်ထုတ်ခံရပြန်သည်။ ထို စားဖိုမှုး(၄)ယောက်အား တရုတ်ပြည်သို့ပြန်ပို့ရန်စီစဉ်နေစဉ် တရုတ်လူမျိုး စားပွဲထိုး မိန်းခလေး(၃)ယောက် မှ ထပ်၍ဆန္ဒပြသည်။ အဆိုးဆုံးကတော့ ကျမ၏ နာမည်နှင့် အတိုင်ခံရခြင်းပင်။
(၁)တပတ်တွင် ခွင့်(၁)ရက်ပေးရန်(ကျမတို့ဆိုင်မှာ နွေရာသီတွင် တပတ်မှာ (၇)ရက်လုံးအလုပ်လုပ်ကြရသည်)
(၂)Holiday Money ရရှိရေး
(၃)မြန်မာလူမျိုးဝန်ထမ်းများနှင့် တရုတ်လူမျိုးဝန်ထမ်းများ Tip-Money တန်းတူရရှိရေး
(၄)မြန်မာလူမျိုးဝန်ထမ်းများနှင့် တရုတ်လူမျိုးဝန်ထမ်းများ အခွင့်၊အာဏာ တန်းတူရရှိရေးနှင့်
(၅)အမြင်ကတ် ပုဒ်မတချို့တို့ဖြစ်သည်။
ဆိုင်တွင် ကျမအပါအဝင် မြန်မာလူမျိုး(၅)ယောက်ရှိသည်။
ကျမ၏ ရာထူးမှာ ဧည့်ကြိုဖြစ်ပြီး လုပ်သက် (၆)နှစ်ရှိသည်။ ကျန်(၄)ယောက်မှာ စားပွဲထိုးခေါင်းဆောင်(Head-Waitress)ဖြစ်ပြီး လုပ်သက်(၄)စီရှိသူများဖြစ်သည်။ တရုတ်လူမျိုးဝန်ထမ်းများမှာမူ သာမာန်စားပွဲထိုးရာထူးနှင့် လုပ်သက် (၁)နှစ်ခွဲ အောက် သာရှိကြသူများမို့ ရုံးချုပ်မှ Tip-Money ခွဲဝေပေးရာတွင် အဆင့်၊ ရာထူး၊ လုပ်သက်အလိုက် ခွဲဝေပေးခြင်းဖြစ်သည်။
လာမည့် ၂၀၁၁ခုနှစ် တွင် ကျမတို့သူငယ်ချင်း(၅)ယောက်စလုံး မြန်မာပြည်သို့အပြီးပြန်ရန် ဆုံးဖြတ်ထားကြသဖြင့် ဆိုင်တွင်ကျန်ရှိခဲ့မည့်ဝန်ထမ်းများကို ကျမတို့မှ အမုန်းခံ၍ ပညာကုန်သင်ပေးနေရသော အချိန်ကာလဖြစ်သောကြောင့် ဝန်ထမ်းများမှာ ကျမတို့၏ အဆူအငေါက်ခံရခြင်းများလည်းရှိသည်။ အထင်လွဲခံရခြင်းများလည်းရှိသည်။ ရုံးချုပ်မှ ကျမတို့၏ စေတနာကို နားလည်သော်လည်း လက်ရှိအခြေအနေအရ ကျမတို့ဘက်မှ အလိုက်အထိုက် နေပေးရန်မေတ္တာရပ်ခံလာသည့်အတွက် စိတ်အနှောက်အယှက်ဖြစ်ရသည်။
ဒီကြားထဲ ကျမမှာ ကျန်းမာရေးညံ့သည်၊ အလိုလိုနေရင်း အခန်းထဲတွင်ချော်လဲသည်၊ အစာအိမ် ခနခနအောင့်သည်၊ဖျားသည်၊ မြန်မာပြည်သို့အလည်ပြန်ရန် Visa အခုထိ မကျ၍ စိတ်ညစ်ရသည်၊လွန်ခဲ့သည့် တပတ်ခန့်က မေမေ့အား အိပ်မက်မက်သည်။ အိပ်မက်ထဲတွင်......
ကျမနှင့် ဝေးရာကို မေမေထွက်သွားသည်၊ မေမေ့အား နေရာအနှံ့ လိုက်ရှာ၍ မတွေ့၊ အရပ်ဒေသတခုတွင် ကျမမတွေ့အောင် မေမေပုန်းအောင်းရင်း ဇာတ်မြှုတ်နေသည်ကို မေမေ့မိတ်ဆွေတစ်ယောက်ထံမှသိရသည်။ ထိုမိတ်ဆွေမှ မေမေ့၏ လုပ်ရပ်များကိုမေးရာ “အမေကို ကျွေးမွေးဖို့မေ့နေတဲ့သမီး၊ ငွေနောက်လိုက်နေတဲ့သမီး၊ သူလိုချင်တဲ့ငွေကို ကျမ(မေမေ့ကိုဆိုလိုပါသည်)ရှာနေတာ..သူ့ကိုပေးမလို့..၊ကျမရှိတဲ့နေရာကို သူ့ကိုမပြောပါနဲ့”...တဲ့..။တရက်ထဲမှာ ဆက်တိုက်မက်ခဲ့တဲ့ အိပ်မက်နောက်တခုကတော့ သစ်ပင်တစ်ပင်အောက်တွင် ယောဂီဝတ်နှင့် မေမေထိုင်နေသည်။ ဟင်းသီးဟင်းရွက်နှင့် အသားငါးများကို လိုက်ရောက်နေသည့်ဈေးသည်ထံမှ ဟင်းသီးဟင်းရွက်နှင့်အသားငါးများအားလုံးကိုဝယ် ဓမ္မာရုံတွင် ဆွမ်းကပ်ရန် လူတစ်ယောက်အား ညွန်ကြားနေသည်။ ....ကျမ အိပ်မက်က လန့်နိုးသွားချိန်တွင် မိုးလင်းနေပြီဖြစ်သည်။ အဓိပ္ပါယ်ရှိသော အိပ်မက်နှင့် အဓိပ္ပါယ်မရှိသောအိပ်မက်ဟူ၍ (၂)မျိုးရှိသည်။ ယခု ကျမမြင်မက်သော အိပ်မက်သည် မည်သည့်အမျိုးအစားထဲတွင် ပါဝင်မည်နည်း..။
တရုတ်နှစ်သစ်ကူးနေ့က ရိုးရာမကန်တော့ခဲ့သည့် အတွက် မေမေမှ ကျမကို အိပ်မက်ပေးသည်ပဲလား....။
ဒါမှမဟုတ် ကျမကပဲ အစွဲအလန်းကြီးလွန်းတာလား......။
ဘာပဲဖြစ်ဖြစ် Visa ကျ၍ မြန်မာပြည်သို့ အလည်ပြန်ဖြစ်ခဲ့လျှင်တော့ ကွယ်လွန်သွားကြပြီဖြစ်သော ဖေဖေ၊ မေမေနှင့် တကွ ဆွေမျိုးများ အားလုံးကို ရည်စူး၍ အလျှူတစ်ခု လုပ်ဖြစ်အောင်လုပ်ရန် ကျမ ဆုံးဖြတ်လိုက်ပါတော့သည်။
ရောက်ရာဘုံမှ မေမေ သာဓုခေါ်နိုင်ပါစေ....။

26 comments:

khin oo may said...

အဆင်ပြေပါစေ။

ကိုဇော် said...

ဟာ. . .ညီမရေ..တူလိုက်တာ...

ဒါကြောင့် မမြင်မတွေ့ဖူးပဲ ခင်နေမိတာတွေ ဖြစ်မယ်။ အကိုလည်း ညီမလိုပဲ။ အဖေက တရုတ်စပ်တယ်။ သား ယောက်ျားလေး အကြီးဆိုတော့ အမြဲတမ်းလုပ်ရတယ်။
ဒီနှစ်တော့ အချိန်မပေးနိုင်လို့ မလုပ်ဖြစ်လိုက်ဘူး။ ထွေထွေထူးထူး မဖြစ်ပေမဲ့ အလုပ်သမား တစ်ယောက် ထွက်သွားပြီး အလုပ်တာဝန်တွေ ပိုလာတယ်။ လူတစ်ယောက်တည်း အလုပ် ၃ ခုလောက် လုပ်နေရတယ်။ အကိုလည်း စိတ်ထဲမှာ ရှိနေပေမဲ့ မလုပ်ဖြစ်သေးတာ ညီမရေ...။
တစ်နေ့တော့ အချိန်ယူပြီး လုပ်ဦးမှပါပဲ။
ဒီလို လုပ်တာ ဘိုးဘွားတွေကို ရိုသေတယ် ဆိုတာ တစ်ခုတည်းဆိုတာ သိနေတာပဲလေ. လုပ်သင့်ပါတယ်။

ပျော်ရွှင်ပါစေ ညီမရေ
ကိုဇော်

ဝေလင်း said...

ကွယ်လွန်သူတွေအတွက် ကုသိုလ်ကောင်းမှုလုပ်တာတော့ ကောင်းတာပေါ့.. ဒါပေမယ့် သိပ်တော့လည်း အစွဲအလမ်းမထားပါနဲ့ အစ်မရယ်..။ တစ်ခါတစ်လေတော့လည်း ကိုယ့်စိတ်ကြောင့်ပဲ ကိုယ်ပြန်ဒုက္ခရောက်တတ်တယ်လေ. ဒါပေမယ့် မိဘဘိုးဘားအပေါ်သိတတ်တာကတော့ ယဉ်ကျေးမှုတစ်ခုကို ဖော်ဆောင်လိုက်တာပဲအစ်မရ.. လေးစားပါတယ်။ ပျော်ရွှင်ပေါ့ပါးပါစေ...

ချော (အစိမ်းရောင်လွင်ပြင်) said...

ဘာဘဲဖြစ်ဖြစ် လူတိုင်းဟာ ကိုယ့်အစွဲနဲ့ကိုယ်ပါ
မကောင်းတာလုပ်တာမဟုတ်တဲ့အတွက် ဘယ်လိုအစွဲအလန်းဘဲဖြစ်ဖြစ်
လုပ်တာသင့်တော်ပါတယ်..
ညီမလေးစိတ်ကူးကို ညီမအမေသိရင်
ကျေနပ်သွားမှာပါ... တစ်ခါတစ်လေမှာ တိုက်ဆိုင်မှုဆိုတာ
အံ့သြစရာကောင်းလောက်အောင် ရှိတတ်ပါတယ်..
အစစ အဆင်ပြေပါစေ ညီမလေးရေ...

thukhawadi said...

ဒီ post လေးကိုဖတ်ပြီး နဲနဲတွေဝေသွားတယ်။ပြီးတော့ နတ်သမီးကို အရမ်းသနားသွားတယ်။ ဟုတ်တယ်... အစွဲ ကြောင့်ဖြစ်မှာပါ။ အဆင်ပြေအားတဲ့အချိန်လေး မှာ နတ်သမီးမေမေဆန္ဒပြည့်အောင် ပြန်ဖြည့်ဆည်းပေးလိုက်ပေါ့..သူနားလည်နိုင်မှာပါ။ အားလုံးအဆင်ပြေပါစေ။
သုခ

WWKM said...

အဆင်ပြေပါစေ ညီမရေ..
အလှူကျရင် ဖိတ်လိုက်ဦးနော်။
ဆုံကြဦးမယ်။
ဘီးဇီးနေတာနဲ့ မရောက်ဖြစ်တာ ညီမရေ။
သတိရနေတယ်.
အစစအရာရာ အဆင်ပြေနိုင်ပါစေ။

အစ်မ၀ါ

ရွှန်းလဲ့ said...

ကံကံ၏အကျိုးပါပဲ အစ်မရယ်။ ဘာမှစိတ်စွဲထားမနေပါနဲ့ ။ အလှုလုပ်ပေးမယ်ဆိုကတည်းက ကောင်းနေပြီပဲ။ အစစ အရာရာ အဆင်ပြေပါစေ။ တကယ်တော့ ကျွန်တော်လည်း အစ်မလိုအိပ်မက်တွေမက်ဖူးတယ်။
အကြောင်းအရာချင်းတော့မတူဘူးပေါ့။ ကိုယ့်မသိစိတ်ရဲ့ စွဲလန်းမှုကြောင့်ပဲဖြစ်မယ်။
နှစ်တွေကြာတော့မမက်တော့ဘူး။

kiki said...

ဥပဒါန်ကြောင့် ဥပါဒ်ရောက်တတ်တယ် နတ်သမီးရေ ....တိုက်ဆိုင်မှုလေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ စိတ်ထဲ သိပ်အစွဲအလန်းမထားပဲ စိတ်အေးအေးထားပြီး ပြသနာတွေ ဖြေရှင်းပေါ့နော် ။
ဗမာပြည်ပြန်တာ ကိုယ့်ပြည်ကိုယ်ပြန်တာပဲလေ.. ဗီဇာ လိုသေးလို့ လား..

ရွှေရတုမှတ်တမ်း said...

အဆင်ပြေပါစေနတ်သမီးလေးရယ်..
ဘကျောက်မေတ္တာပို့ပေးနေပါတယ်

မောင်ဘကြိုင် said...

အဆင်ပြေပါစေဗျာ အကောင်ထည်ဖော်နိုင်ပါစေ

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ နတ်သမီးလေးရေ..

အဘိုး အဘွား.. မိခင် ဖခင် တို့ရဲ့ ရိုးရာဖြစ်လို့ မမေ့မလျော့ ပြန်လည် တောင်းပန်ပြီး ရိုးရာ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းပါလို့ အကြံပြုပါရစေ...

ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ဖြစ်တတ်ပါတယ်။ ငယ်စဉ်ကတည်းက အစွဲဓာတ်ခံ ရှိပြီးသားမို့ အဲဒီစိတ်ကို ဘယ်နေရာရောက်ရောက် စွန့်လွှတ်ဘို့ ခဲယဉ်းပါလိမ့်မယ်။

ရှေးထုံးကိုလဲ မပယ်နဲ့ တဲ့။ စိတ်အစွဲရှိနေပြီမို့ အမြန်သာ အကောင်အထည်ဖော်ဖို့ ကြိုးစားလိုက်ပါ နတ်သမီးလေးရေ....

အားလုံးအဆင်ပြေချောမွေ့ပါစေလို့ ဆုမွန်ချွေလိုက်ပါတယ်..

ခင်မင်စွာဖြင့်
ကိုမျိုး

ခြင် said...

နတ်သမီးလေးရေ မေမေရောက်နေခိုက်လဲ ပြုခဲ့သမျှတွေ အမျှဝေပြီး သာဓု ခေါ်ခိုင်းဘို့ လဲ မမေ့ပါနဲ့နော်...

အဖြူရောင်နတ်သမီး said...

“ဗမာပြည်ပြန်တာ ကိုယ့်ပြည်ကိုယ်ပြန်တာပဲလေ.. ဗီဇာ လိုသေးလို့ လား..”
-------------------------------------------
မြန်မာပြည်ဘက်က visa မဟုတ်ဘူး...မကိ ရဲ့..၊
ဆိုက်ပရပ်စ် မှာ နောက်တနှစ်ထပ်နေဖို့ visa သက်တမ်းတိုးထားတာ မကျသေးတာ။
အဲဒါကျမှ မြန်မာပြည်ကိုပြန်လည်မှာ...အဲဒီvisa မကျသေးပဲ ပြန်သွားရင် ဆိုက်ပရပ်စ်ကို ပြန်ဝင်လို့မရမှာစိုးလို့ပါ...။

နှင်းဟေမာ said...

မမအဖြူရောင်လေးရေ
ပို့စ်အဟောင်းတွေ ကလဲစိတ်ဝင်စားစရာကောင်းလို့ အချိန်တော်တော်ကြာကြာယူလိုက်ရတယ်
တမလွန်ဘ၀က မမအဖေနဲ့ မေမေတို့ ကောင်းရာသုဂတိဘုံဘ၀ကို ရောက်သွားကြလောက်ပါပြီ
ရိုးရာကိုလည်း မပျက်စေရသလို ဗုဒ္ဓဘာသာကောင်းတစ်ယောက် ဖြစ်စေဖို့ နှစ်စဉ်အလှူဒါနတစ်ခုပြုပြီး အမျှအတန်းပေးဝေခြင်းဟာလည်း သားသမီးတိုင်းရဲ့ ၀တ္တရားတစ်ရပ်ပါပဲ ...
တာဝန်သိတဲ့ မမအဖြူရောင်လေးတစ်ယောက် ဘ၀မှာ ထာဝရ ပျော်ရွှင်အေးချမ်းမှုတွေ ပိုင်ဆိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်
နှင်း

လေပြေ said...

အစ်မရေ ... လာလည်ပေးတာကိုပဲဝမ်းသာအားရလှပါတယ်ဗျာ...။
အနုပညာအယူအဆမတူညီမှုမှာကျနော်ဘာမှမပြောပါဘူး။
နောက်လည်းလာလည်ဖို့ ဖိတ်ပါတယ် အစ်မ။
အစ်မဘလော့ဂ်လေးကလည်း
ကျနော်မကြာမကြာဖတ်ဖြစ်တဲ့ဘလော့ဂ်လေးပါ။
ဘလော့ဂ်အားလုံးကိုကြိုက်ပါတယ်....။
သူတို့ ဟာသူတို့ အတိုင်းအတာနဲ့ သူတို့ ရပ်ကွပ်ပုံ
ဖော်ပုံနဲ့ သူတို့ မြို့ တွေကိုတည်နေကြတာပါပဲ...။
ချစ်ခင်လေးစားလျှက် ..... လေပြေ

သိင်္ဂါကျော် said...

ဘာပဲဖြစ်ဖြစ် ကိုယ့်ရိုးရာကိုတော့ မမေ့တာ ကောင်းပါတယ်.. နတ်သမီးရယ်..

ဂျစ်တူး ( မုံရွာ ) said...

နတ်သမီးကလေးရေ - - -
ဂျစ်တူးရောက်လာပါတယ်ခင်ဗျာ- - - -
အရင်ကလည်းလာလည်ဘူးပါတယ် - - -
ဓါတ်ပုံကလေးတွေလှလှကလေးရိုက်ပေးချင်သူပါ - - -

သဒ္ဓါလှိုင်း said...

မနတ်သမီး
ဗုဒ္ဓဘာသာမှာ မိဘတွေရဲ့သားသမီအပေါ်မျှော်လင့်ချက်ဆိုပြီးရှိတယ်။ အဲဒီထဲကတချက်က မိဘတွေမရှိတော့ရင် သားသမီးတွေက အမျှဝေပေးမှာကို မျှော်လင့်ကြတယ်တဲ့။ အလှုဒါနပြုလုပ်ပြီးအမျှလည်းဝေပေးဖို့ပေါ့။။။

ခင်တဲ့
သဒ္ဓါ

မောင်နွေသစ် said...

ပြန်လာလည်ပါတယ်အစ်မရေ...
ကျွန်တော့်နာမည်များ..တူတာတွေ့မိသေးလား.. မသိဘူး... :P
အစ်မရဲ့...template က..မြန်မာက...ဘလော့တစ်ခုရဲ့တန်းပလိတ်နဲ့တူနေတယ်နော်...ခင်မင်စွာဖြင့်

မောင်နွေသစ် said...

အစ်မရေ....
ပြန်လာလည်ပါတယ်....
ကျွန်တော့်..နာမည်တူများတွေ့မိလို့လားဟင်...
:P
အစ်မရဲ့...တန်းပလိတ်လေးက...
ဘလော့တစ်ခုရဲ့တန်းပလိတ်နဲ့...တူနေတယ်နော်...
:D ခင်မင်စွာဖြင့်

အဖြူရောင်နတ်သမီး said...

ဟုတ်တယ် ကိုနွေသစ် ရေ...
အဲဒီ Template ကို နတ်သမီး မြန်မာပြည်က ပြန်လာရင် ပြောင်းဖို့ အစီအစဉ် ရှိပါတယ်..။
စိတ်ကြိုက်ဓာတ်ပုံရှာမတွေ့သေးလို့ မပျောင်းဖြစ်သေးတာ။
ဆိုးတယ်နော်..အဲဒီ ဆိုက်နဲ့များ Template က သွားတူနေရသေးတယ်..းးးးးးးး(((((((((

Nge Naing said...

အဖြူရောင်နတ်သမီးရေ လာဖတ်သွးပါတယ်။ ကောင်းတဲ့ဓလေ့ထုံးတမ်းလေးတွေကို ထိန်းသိမ်းထားတာကတော့ လူမျိုးတိုင်းအတွက် ကောင်းပါတယ်။ ဒါပေမဲ့ အပေါ်မှာ ပြောကြသလိုပါပဲ သိပ်အစွဲအလန်းမထားတာတော့ ကောင်းပါတယ်။ စိတ်ကဒီအတိုင်း ယုံကြည်နေရင် ဒီအတိုင်း လိုက်ဖြစ်တတ်တာကလည်း ပညတ်သွားရာ ဓါတ်သက်ပါပဲ။ ဒီတော့ သွားလေသူတွေအတွက် တကယ် ကောင်းစေချင်လို့လုပ်တဲ့ ချစ်စရာကောင်းတဲ့ ရိုးရာဓလေ့ တခုအနေနဲ့ပဲ လက်ခံထားတာ ကောင်းပါတယ်။ တကယ်ဟုတ်မဟုတ်ဆိုတာက ဗုဒ္ဓဘာသာမှာ သေဆုံးပြီးရင် နိဗ္ဗာန်မရောက်သေးသူမှန်သမျှ ၃၁ ဘုံ ထဲက တခုခုမှာ ရှိကြမှာပါ။ အားလုံးက ကိုယ်ကျွေးတာကို လာစာနိုင်တဲ့ မကျွတ်လွတ်တဲ့ ဘ၀မှာ အမြဲမရှိနေနိုင်ဘူး။ ဒါကို အဖြူရောင်နတ်သမီး လက်ခံထားရင် ဒီလောက်အထိ အစွဲအလန်း ထားမယ်မထင်ဘူး။ ဘုရားမှာ ဆွမ်းတော်တင်ပြီး ဆုတောင်းအမျှဝေပေးလိုက်လည်း ရနိုင်ပါတယ်။

Nge Naing said...

မေ့သွားလို့ ဘလော့ဂ်မှာ G-mail ရပြီ ဆက်သွယ်ပါဆိုလို့ ဘယ်ကိုဆက်သွယ်ရမယ်ဆိုတာ သိပါရစေ။

စံလင်းထွန်း said...

ဆောင်းပါးလေးလာပါတယ်နော်.. အစ်မ။

~ဏီလင်းညို~ said...

နတ်သာမီးရေ...
ကိုဏီလည်း...အခုမှ ရောက်တော့တယ်...။
ကိုဏီလည်း...နေမကောင်းဖြစ်..၊ နတ်သာမီးလည်း...ဒွတ်ခများ...တို့မောင်နှမတွေကတော့ ဟား..ဟား...း))
ရိုးရာကိုထိမ်းသိမ်းသင့်ပါတယ်...။
သွားလေသူမိဘတွေရဲ့ ဆန္ဒနဲ့ သူတို့အတွက် ကုသိုလ်ကောင်းမှုပြုလုပ်ပေးရတာ... သားသမီးကောင်းတို့ရဲ့ မငြင်းအပ်တဲ့တာဝန်ပါ...။
အစစ အဆင်ပြေပါစေ....။
(မေးလ် ဖတ်ရသေးတယ်...။ စိတ်မကောင်း...။)
ခင်မင်တဲ့
ဏီလင်းညို

Angel Shaper said...

်ချစ်မရေ.....
ရိုးရာဓလေ့က ထိန်းသိမ်းသင့်ပါတယ်။
ဒါပေမယ့် စိတ်ပျော်အောင်နေပါနော်။
သိပ်လဲအစွဲအလန်းမထားပါနဲ့လေ။
ချစ်မတစ်ယောက် အဆင်ပြေပျော်ရွှင်ပါစေ။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger