Friday, March 12, 2010

လောကကြီးသို့ အိတ်ဖွင့်ပေးစာတစ်စောင်


လောကကြီးရေ...
ဘာကြောင့်များ ကျမကို ပျော်ရွှင်မှုတွေနဲ့ ဝေးအောင် ဖန်တီးနေရတာလဲ...။
ရက်စက်တဲ့ ကံကြမ္မာတွေဟာ ကျမဆီကိုပဲ အဆက်မပြတ် ရောက်လာတတ်တာ ဘာကြောင့်လဲ...။ ပျော်ရွှင်ခြင်းဆိုတဲ့ အရာဟာ ကျမရဲ့ဆန့်ကျင်ဘက်မှာ အမြဲရှိနေခဲ့တယ်..။
နာကျင်ခြင်းတွေနဲ့ မျက်ရည်စက်တွေကတော့ ကျမရဲ့အနားမှာ အမြဲရှိနေတတ်သူများမို့ ကျမရဲ့ထာဝရအဖော်တွေပဲပေါ့...။

လောကကြီးရေ....

တခါတလေတော့လည်း ကျမအတွက် ပျော်ရွှင်မှုမိုးရည်တွေကို ရွာချပေးလိုက်ပါလား..။ အဲဒီပျော်ရွှင်မှုတွေကို ကျမရဲ့ဘဝမှာ တကြိမ်တခါလောက်တော့ ခံစားကြည့်ချင်လို့ပါ...။ မိဘမရှိ၊ မောင်နှမမရှိတဲ့ တကောင်ကြွက်ဘဝမှာ ကျမတယောက်ထဲ ခံစားချက်ကဗျာနဲ့ စာတွေကိုအဖော်ပြုရင်း မိတ်ဆွေ၊ သူငယ်ချင်းတို့ရဲ့ ဖြူစင်တဲ့ အကြင်နာတွေကို ရယူပြီး အသက်ဆက် ရှင်နေရသူ ကျမကို တချက်လေးတော့ ညှာတာပေးကြည့်ပါလား...။

လောကကြီးရေ...

အခုလဲ မိန်းခလေးတယောက်ရဲ့ အရှက်နဲ့ သိက္ခာကို လဲပြိုကျစေဖို့ လူသားတယောက်ကို ရှင်လွှတ်လိုက်ပြန်ပြီနော်...။ အဲဒီလူဟာ ဘယ်သူဆိုတာကို ကျမ မသိရပေမယ့် ကျမရဲ့ အရှက်နဲ့ သိက္ခာကို “သူ”ရက်ရက်စက်စက်ကြီးကို တိုက်ခိုက်ဖျက်ဆီးပြစ်နေပြန်ပါပြီ၊ အဲဒီလူဟာ ကျမနဲ့ ဘာရန်ညှိုးမှ မရှိပါပဲနဲ့ ကျမရဲ့အမည်ကိုသုံးပြီး မောင်နှမသားချင်း ဖတ်လို့မှ မသင့်တော်တဲ့ စကားလုံးတွေနဲ့ တခြားသူတွေရဲ့ C- Box တွေမှာ လိုက်ရေးနေတာကို ကျမဘက်က ဥပေက္ကာပြုထားနိုင်ခဲ့ပေမယ့် ကျမရဲ့ဓာတ်ပုံတွေကို မိန်းခလေးများကြည့်ရန်မသင့်တော်တဲ့ ဆိုဒ်တခုမှာ တင်ထားခိုင်းတဲ့အထိ ရက်ရက်စက်စက် စော်ကားလိုက်တာကတော့ ကျမရဲ့ဘဝကို သတ်လိုက်သလိုပါပဲ..။ လူတယောက်ဟာ အသက်သေသွားတာထက် ဘဝသေသွားတာဟာ ပိုဆိုးပါတယ်..။ မိန်းမတယောက်မှာ နာမည်၊ အရှက် နဲ့ သိက္ခာဟာ အရေးကြီးဆုံးမို့ ကျမအတွက်တော့ ဒီတကြိမ်ထဲနဲ့တင် တော်တော်လေးကို နစ်နာသွားခဲ့ရပါပြီ...။

လောကကြီးရေ....

ဘဝမှာ ကျမဘက်က ပေးဆပ်စရာ ဝဋ်ကြွေးတွေ ကျန်ရှိနေသေးတယ်ဆိုရင်လည်း ဒီဘဝမှာ ကျမအကြေပေးဆပ်သွားမှာပါ..။ ကျမဆုတောင်းပါတယ်....
ကျမစိတ်ဆင်းရဲမှ....၊ကျမကြေကွဲ ငိုကြွေးမှ...၊ ကျမရဲ့အရှက်နဲ့ သိက္ခာတွေ ကျရှုံးမှ ..၊ ကျမရဲ့ဘဝ ပျက်စီးသွားမှ ..၊ လောကကြီး ကျေနပ်နိုင်မယ်၊ ပျော်မယ်ဆိုရင် ကျမကို အနိုင်ယူလိုက်ပါတော့..။ ကျမဘဝမှာ တင်ကျန်နေတဲ့ ဝဋ်ကြွေးတွေကို နောင်သံသရာအထိ ယူဆောင်မသွားချင်လို့ပါ..။

လောကကြီးရေ....

အဖော်မဲ့ခဲ့ရတဲ့ ကျမဘဝမှာ တွေ့တဲ့သူနဲ့ တဲ့အောင်ပေါင်းရင်း..၊ ဘလော့ဂါမောင်နှမတွေရဲ့မေတ္တာတွေနဲ့ အသက်ဆက်ရှင်သန်ရင်း ကျမဘယ်သွားသွား တွေ့ခဲ့သမျှ..သိခဲ့သမျှ ဗဟုသုတလေးတွေနဲ့ အတွေ့အကြုံလေးတွေကို ဓာတ်ပုံလေးတွေနဲ့တကွ ဖော်ပြရင်း နဲ့ ဘလော့ဂါ မောင်နှမတွေနဲ့ အတူရှိနေသလို ခံစားရယုံလေးနဲ့တင် ကြည်နူးကျေနပ်ခဲ့ရသူပါ..။ ကျမရဲ့ဓာတ်ပုံလေးတွေကို သူငယ်ချင်းတွေက “လှလိုက်တာ”..လို့အပြောခံရတိုင်းလည်း ဝမ်းသာပီတိဖြစ်ခဲ့ရသူပါ..။ ကျမရဲ့ ဘလော့စာမျက်နှာရဲ့ ဆိုဒ်ဘားလေးမှာ ရေးခဲ့တဲ့ ဒီစာသားလေးကို ကြည့်မိတိုင်း မျက်ရည်ဝဲတတ်နေပြီ...

“ ကျွန်မရဲ့ စိတ်ကူးယဉ်ပြတိုက်လေး

လက်ရှိအခြေအနေက ရုန်းကန်နေရတဲ့ကျွန်မဘဝအတွက် စိတ်ထဲမှာမွန်းကြပ်လာရင် စာရွက်ဖြူဖြူလေးပေါ်မှာ ခံစားချက်တွေ ချရေးတတ်ခဲ့တယ် ။မတောက်တခေါက် ပညာလေးနဲ့ ကဗျာလေးတွေရေးခဲ့ဖူးပါတယ် ။ ဘယ်သွားသွား ကျွန်မနဲ့ အတူရှိနေတာကတော့ကျွန်မရဲ့ အဖော် ကင်မရာလေးတစ်လုံးပါပဲ ။တွေ့တဲ့နေရာမှာ ဓါတ်ပုံရိုက်တတ်တဲ့ အကျင့်လေးနဲ့ ကျွန်မရဲ့ စိတ်ကူးယဉ် ခံစားချက် ပြတိုက်လေးကို ဓါတ်ပုံလေးများနဲ့အလှဆင်ထားတာ စာဖတ်သူများ နားလည်ပေးစေချင်ပါတယ် ။ လာလည်သူ အားလုံးကိုလည်း နွေးထွေးစွာဖြင့်“ အဖြူရောင်နတ်သမီး ” မှ ကြိုဆိုနေပါတယ်ရှင် ။ ”

အခုတော့ အဲဒီဓာတ်ပုံလေးတွေကိုတောင် တင်ခွင့်မပေးတော့တဲ့ ကံကြမ္မာကို ကျမ အပြစ်မတင်တော့ပါဘူး..။ ဒီနေ့ ဒီအချိန်က “စ”ပြီး ကျမရေးမယ့် ခံစားချက် ကဗျာနဲ့ စာတွေမှာ ကျမရဲ့ဓာတ်ပုံလေးတွေကို မမြင်တွေ့စေရတော့ပါဘူး..။ ရှိပြီးသား ဓာတ်ပုံလေးတွေကိုလည်း ရင်နာနာနဲ့ပဲ ကျမဖြုတ်ပစ်လိုက်ပါပြီ..။ လောကကြီး ကျေနပ်လိုက်ပါတော့နော်...။

လောကကြီးရေ...

ဘဝမှာ မိသားစု မေတ္တာငတ်ခဲ့ရတဲ့ ကျမအတွက် ခါးသီးခြင်းဆိုတာ အစာအဟာရလို့မှတ်ယူရင်း ကျမကို ချစ်သောသူများ၊ မုန်းသောသူများအားလုံးကို အမုန်းမဖက် အပြုံးသက်သက်နဲ့ ရင်ထဲက မွန်းကြပ်မှုတွေကို ကဗျာအဖြစ်၊ စာအဖြစ်ပြောင်းလဲရင်း ကျမဘဝမှာ တွေ့ကြုံခဲ့ရတဲ့ ဗဟုသုတတချို့ကို ကျမသိသလောက် ဆက်လက်မျှဝေသွားမှာပါ..။ ကျမကို နာကျင်စေတဲ့သူတွေကိုလည်း ဒီလောက်နဲ့ပဲ ကျေနပ်နိုင်ပါစေလို့ မေတ္တာရပ်ခံလိုက်ပါရစေ...။
အရင်ဘဝက သူတပါးအပေါ်မှာ ကျမ မဖြူစင်ခဲ့လို့ ဒီဘဝမှာ မဖြူစင်တဲ့သူတွေရဲ့ နာမည်ဖျက်မှုကို ခံခဲ့ရတယ်...လို့ပဲမှတ်ပါတယ်..။
ကျမရဲ့ဓာတ်ပုံတွေကို ကျမရဲ့ခွင့်ပြုချက်မယူပဲ ကူးယူပြီး တခြားဆိုဒ်မှာ တင်ထားတာကို တွေ့ခဲ့ရင်လည်း စာဖတ်သူများအနေဖြင့် ကျမကို ချက်ချင်းအကြောင်းကြားပေးခြင်းဖြင့် ကူညီပေးစေလိုပါတယ်ရှင်...။
ယခုဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်မှာလဲ တခြားဆိုဒ်တခုမှာ အတင်ခံခဲ့ရတဲ့ ကျမရဲ့ဓာတ်ပုံတွေကို ပြန်ဖြုတ်ပေးဖို့ ဆိုဒ်ပိုင်ရှင်ကို မေတ္တာရပ်ခံပေးခဲ့ကြသော ကျမ၏ ချစ်သူနှင့် ဘလော့ဂါ သူငယ်ချင်းများ၊ ဓာတ်ပုံများကို အေးချမ်း နားလည်စွာ ပြန်လည်ဖြုတ်ပေးခဲ့သော ဆိုဒ်ပိုင်ရှင် တို့အားလုံးကို ကျမက ကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြားရင်း .........

လောကကြီးရေ....

ကျမရဲ့ နာကျင်ခြင်း မျက်ရည်တွေကြားမှာ
သင်...ပြုံးနိုင်ပါစေ....
သင့်ရဲ့အပြုံးတွေကို ကျမမြင်တွေ့ရတဲ့အခါ
ကျမပေးဆပ်လိုက်ရတဲ့ အရှုံးတွေထဲက
အမြတ်တခုကို ကျမရယူချင်လို့ပါ....။

35 comments:

ကိုဇော် said...

ဒီလိုပါပဲ ညီမရယ်...
အခုလည်း အကို့နေရာမှာ တစ်ယောက်က အကို တင်သမျှတွေကို လိုက်ပြီး ဝေဖန်နေတာပါပဲ။ အစတွေ လိုက်ထုတ်နေတယ်။

ညီမ ခံစားရတာကို အကိုလည်း သိနားလည်ပါတယ်။ ဒါပေမဲ့ တစ်ကောင်ကြွက် အဖော်မဲ့နေတာတော့ မဟုတ်ပါဘူး ညီမရေ. .
ညီမနားမှာ အကိုတို့လည်း ရှိနေတာပဲလေ။
ခင်ရာ ဆွေမျိုးလို့တောင်မှ စကားရှိတယ် မဟုတ်လား။ အကိုလည်း ဘလော့က သူငယ်ချင်းတွေ ၊ လေလှိုင်းပေါ်က သူငယ်ချင်းတွေက လွဲရင် အထီးကျန်စွာ နေတတ်သူ တစ်ယောက်ပါပဲ။
ဘာပဲ ဖြစ်ဖြစ် ညီမရေ...အကိုတို့ ရှိနေတာပဲလေ။ အားမငယ်နဲ့။ ဘာပဲ ဖြစ်ြ့ဖစ် အကိုတို့ကို ပြောပေါ့။

ပျော်ရွှင်ပါစေ ညီမရေ။
ကိုဇော်
( ညီမလိုင်းပေါ်တတ်ထားနိုင်မဲ့ အကောင့်နဲ့ zaw357@gmail.com ကို မေးလ်ပို့ပေးပါလား ညီမရေ။ အကို တခြား ဘလော့သူငယ်ချင်းတွေပဲ ရှိနေတဲ့ အကောင့်နဲ့ ပြန်အပ်လိုက်ပါ့မယ်။ ညီမ အကူအညီ လိုတာ ၊ ပြောချင်တာတွေ ပြောလို့ ရတာပေါ့ ညီမရယ်။ ဘဝဆိုတာ ဒီလိုပါပဲ။ )

မြစ်ကျိုးအင်း said...

အစ်မရေ အမှန်တစ်ကယ်ကို စိတ်မကောင်း ဖြစ်မိပါတယ်။ စိတ်ညစ်ချိန်တိုင်း ခင်မင်ရတဲ့ ဘလောဂ် မောင်နှမတွေ အကြောင်း တွေးပြီး စိတ်ချမ်းသာအောင် နေပါ။ ခင်မင်တဲ့ သူတွေ များစွာ ရှိပါသေးတယ်။

ကျနော့်ဆိုရင်လည်း တိုက်ခိုက်တဲ့ လူတစု ရှိနေပါတယ်။ သူတို့ ချက်ထားသမျှ chat list တွေ ကျနော်ဆီ ပြန်ရောက်လာတာပါပဲ ။ နာမည်တွေက အစ သိနေပေမယ့် သည်းခံ ပေးနေပါသေးတယ်။ နောက်ကွယ်မှာ သူတို့ ဖန်တီးထားတဲ့ ကျနော့် ဘဝက ပြန်ဖတ်ရင်းတောင် ကြက်သီး ထစရာပါပဲ။
နောက်ကွယ်မှာ သူများအကြောင်း အတင်း ပြောတာဟာ လူတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာကို နစ်နာအောင် လုပ်တာဟာ အောက်တန်းကျကြောင်း သူတို့သိတဲ့နေ့ကိုသာ စောင့်ကြပါစို့။

စိတ်အားမငယ်ပါနဲ့ အစ်မ ။ ကိုယ့်စာလေးတွေ ကိုယ်ရေးရင်း အလုပ်နဲ့သာ သက်သေပြ လိုက်ပါ။ ခင်မင်သူတွေ များစွာ ရှိနေကြောင်း မမေ့ပါနဲ့ အစ်မရေ။

စိတ်ချမ်းသာ ပျော်ရွှင်ပါစေ လို့ လေးလေးနက်နက် ဆုတောင်းပေးပါတယ်။

~ဏီလင်းညို~ said...

နတ်သာမီးရေ......
ကိုဏီတို့ရှိပါတယ်ဗျာ.....။ ဆက်ရေးပါ...။ နေရာတိုင်းမှာအကောင်းအဆိုးရောပြွန်းနေတတ်တာမျိုးပဲလေ......။
ဒီအသိုင်းအ၀ိုင်းမှာ ကျင်လည်နေတဲ့ မောင်နှမတွေအားလုံး နတ်သာမီးက ဘယ်လိုမိန်းကလေးမျိုးလည်းဆိုတာ သိကြပါတယ်လေ...။
ပြုသူအသစ် ဖြစ်သူအဟောင်းဆိုပေမယ့် အမှန်တရားဆိုတာကတော့ အချိန်မတန်ခင် မှေးမှိန်ကောင်း မှေးမှိန်နေလိမ့်မယ်....။
ဒါပေမယ့် ဘယ်တော့မှပျောက်ကွယ်သွားမယ့် အရာမဟုတ်တာတော့ သေချာနေပါတယ်ဗျာ....။
ခင်မင်တဲ့
ကိုဏီး.....

THE STARRY NIGHT said...

အမရေ... နိဗ္ဗာန်ရောက်အောင်ပဲ အားထုတ်ပါတော့ဗျာ..:P

Vista said...

ဟင် ပုံလှလှတွေကြည့်ရတော့ဘူးပေါ့ ..
ရဘူး မေးလ်ပို့ ပေး ဒါဗြဲ ..
တိုက်ခိုက်မှာပေါ့ မနာလိုတာကိုး .နတ်သမီးကလှတာကိုး
အဲလိုပဲ ကိုယ့်ထမင်းကိုယ်စားပြီးသူများ ပျက်စီးရာပျက်စီးကြောင်း အသားလွတ်လုပ်သူတွေရှိတယ်..စိတ်မထိခိုက်ပါနဲ့ နော်။
တို့ တွေကချစ်ပြီးသား ...

မနောဖြူ said...

အစ်မရေ ကြားရတဲ.သတင်းအတွက် စိတ်မကောင်းပါဘူးရှင်။ ဘာပဲဖြစ်ဖြစ် စိတ်ဓာတ်မကျပါနဲ.
အစ်မရယ်။ ညီမက အစ်မကို ခင်မင်သူတစ်ယောက်အဖြစ်နဲ. အစ်မဘေးမှာရှိနေမှာပါ။
ပျော်ရွှင်ချမ်းမြေ.ပါစေရှင်။

JP said...

သူငယ်ချင်းရေ
လဲကျရင် ပြန်ထရမှာပေါ့
တို့သူငယ်ချင်းတွေအများကြီးရှိတာပဲ ဘာမှမပူနဲ
အားလည်းမငယ်နဲ

Anonymous said...

လောကကြီးမှာအသက်တစ်ရာမနေရအမှု့တစ်ရာ
ရင်ဆိုင်ရဆိုတဲ့စာလိုပါဘဲလားဗျာ
စိတ်မကောင်းဖြစ်မိပါတယ်ဗျာ..ဒီလိုကြားရတော့
:(
ပဲပုတ်

Angel Shaper said...

ချစ်မရေ..........
အများကြီး မပြောတတ်ဘူး။
လေကြောင့် ဘယ်သစ်ပင်မှ ရွေ့မသွားဘူးတဲ့။
မရဲ့ဘေးမှာ သမီးတို့ရော၊ ဘလော့ပေါ်က မောင်နှမတွေ အများကြီးရှိတာပဲလေ။ ဘာမှအားမငယ်နဲ့။ စိတ်မကောင်းလဲမဖြစ်ပါနဲ့နော်။ တန်မှမတန်တာ။
ချစ်မ အဆင်ပြေပျော်ရွှင်ပါစေ။
ဖိုက်တင်းးးးးးးးးးးးးးနော် မ။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

ပျော်ရွှင်မှုအပေါင်းနဲ့ အစဉ်ရွှင်လန်းချမ်းမြေ့ပါစေလို့ ဆုမွန်ချွေလိုက်ပါတယ်ကွယ်...
ဘလော့ဂ်ဂါ မောင်နှမ အရင်းချင်းမို့ စိတ်အားမငယ်ပါနဲ့လို့ အားပေးပါရစေ...

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

သဒ္ဓါလှိုင်း said...

မနတ်သမီးရဲ့စာလေးကိုဖတ်ပြီးစိတ်မကောင်းဖြစ်လိုက်ရတာ။
ဘာပဲဖြစ်ဖြစ်မနတ်သမီးရဲ့ဘေးမှာစာပေမိတ်ဆွေ
တွေရှိပါတယ်။သဒ္ဓါလည်းမမြင်ရတဲ့ခင်မင်မှုတွေနဲ့ချစ်ခင်နေ
မှာပါ။

ခင်တဲ့
သဒ္ဓါ

မောင်ဘကြိုင် said...

ဟူးးး အစ်မရေ.... သတ္တိခဲတွေကိုခွင့်လွှတ်လိုက်ပါဗျာ ဒါမျိုးလုပ်မှ စိတ်ချမ်းသာနိုင်တယ်ထင်ပါရဲ့
အစ်မပျော်ရွှင်ပါစေဗျာ

စန္ဒကူး said...

ဝမ်းမနဲပါနဲ့မရေ..
ဝဌ်ကြွေးလို့လဲမသတ်မှတ်ပါနဲ့..
မတန်ပါဘူး... သူများတစ်မင်ကြံစည်လုပ်ခံရတာ...
အမပုံလေးတွေအရမ်းလှတာပါ..
မိန်းကလေးချင်းတောင်သဘောကျပီးလာကြည့်ရတာပါ။
အဲလိုဖြစ်သွားတော့စိတ်မကောင်းဘူး..
အခုတစ်လော တော်တော်များများတိုက်ခိုက်ခံနေရတာပါ။ လက်တော့ မမြှောက်လိုက်ပါနဲ့.. သူတို့က ကိုယ့်ကိုစိတ်ဆင်းရဲ အောင်လုပ်နိုင်ဖို့အခွင့်မပေးပါနဲ့.. ကိုယ့်လွတ်လပ်ခွင့် ဖျက်လိုဖျက်ဆီးလုပ်တာကို လမ်း မဖယ်ပေးပါနဲ့.. သူတို့တွေက ကိုယ့်ဘ၀အတွက် ဘယ်လောက်များအရေးကြီးနေလို့လဲ..သူတို့ကြောင့်ကိုယ်ခံစားရတာ မျက်ရည်ကျဖို့ တန်ပါသလားဆိုတာ အရင်စဉ်းစားပါနော်..
မကောင်းတဲ့သူမကောင်းတဲ့လမ်းကိုဘဲသွားမှာပါ.
အဲဒါအမှန်တရား..စိတ်တင်းထားပါ..ဆုတောင်းပေးနေပါတယ်။

busymozzee said...

ညီမလေးရေ.. လောကကြီးမှာ လူကလဲ လူ အလုပ်လုပ်သလို မာန်နတ်ကလဲ မာန်နတ် အလုပ်လုပ်မှာမို့လို့ ...သူ့လုပ်သူလုပ်တယ် လို့မှတ်ထားလိုက်ရင် ညီမလေး ဖြေသာ မှာပါနော်... မုန်းသူတယောက်ရှိပေမယ့် ချစ်သူတွေ သန်းနဲ့ ချီရှိနိုင်ပါသေးတယ်.. ညီမလေးအကြောင်း သိတဲ့သူတွေက ညီမလေး ရဲ့ ဂူဏ်သိက်ခါကို သိတဲ့သူတွေ အတွက်... သူတို့ ရဲ့ အညှိုးပဲဆိုတာ သိသာပါတယ်... ဘာလို့ ညီမလေးကိုမှ တိုက်ခိုက်ကြတာ လဲဆိုတော့... အလွယ်တကူ ရရှိလာမယ့် အပျော်တွေဟာ လူတဘက်သားရဲ့ဝမ်းနည်းငိုကြွေးမှုနဲ့ တန်ဘိုးသာတူညီမျှပဲလို့ ယူဆနေကြလို့ဟယ်.... ညီမလေး ဘက်က အနေထိုင်သန့်ရှင်းတဲ့ အတွက် ဓါတ်ပုံလေးတွေ ဆက်တင်ပါနော်....

အလှအပ ပသာဓလဲဖြစ်တဲ့ အပြင်... ဗဟုသုတလဲရတယ်လေ...

ဒဏ္ဍာရီ said...

သူငယ်ချင်းရေ.. စိတ်မကောင်းဖြစ်ရပါတယ် ဆိုတဲ့ စကားထက် ပိုပြီး လေးလေးနက်နက် အားပေးချင်ပါတယ်။ မတော်တဆပဲ ဖြစ်ဖြစ် တမင်တကာ ဖန်တီးတာပဲ ဖြစ်ဖြစ် မဖြင့်သင့်တဲ့ ကိစ္စတခုဆိုတာ အားလုံးက နားလည်ပေးနေပါတယ်။ ဘလော့ကာ မောင်နှမတွေ အားလုံးကလည်း နမ်းကို နားလည်ပါတယ်။ ဘ၀မှာ ဘယ်တော့မှ တစ်ယောက်တည်း မဟုတ်ပါဘူး သူငယ်ချင်းရယ် ... မမြင်ရတဲ့ သံယောစဉ်နဲ့ ခင်မင်နေကြတဲ့ သူတွေ အများကြီး နမ်းရဲ့ အနားမှာ ရှိနေကြပါတယ်။ မျက်ရည်မကျနဲ့တော့နော်...။

ချစ်တဲ့
နွယ်

အဖြူရောင်နတ်သမီး said...

သူငယ်ချင်းတို့အားလုံးကို အရမ်းပဲကျေးဇူးတင်ပါတယ်...
အားလည်းတက်ရပါတယ်...။
စိတ်မကောင်းဖြစ်နေသေးတာရယ်၊ ရှက်နေသေးတာရယ်ကြောင့် သူငယ်ချင်းတို့ဆီကို လာမလည်ဖြစ်သေးတာကို နားလည်ပေးစေချင်ပါတယ်..။ အားလုံးကို သတိရနေပါတယ်....။
xxxxxxxxxxxxxxxxxxxxxxxxx

မိုးငွေ့...... said...

ညီမခံစားချက်ကို အမလုံးဝနာလည်နိုင်တယ်..။ ခံစားချက်တိုင်းကို စာရွက်ပေါ်ဖွင့်ဟတတ်ကြပုံချင်းတူကြလို့ပါ..။
ဘာပဲဖြစ်ဖြစ် ဘလောဂ်မောင်နှမတွေကနွေးထွေးစွာနဲ့ နှစ်သိမ့်နေကြပါတယ်...။ အရင်လိုပဲ တို့ညီအမတွေ ပျော်ပျော်ရွှင်ရွှင်ပေါ့နော့..။ အိမ်လာလည်ဦး မုန့်တွေဝယ်ထားတယ်...။ ရန်ကုန်ပြန်အလာကိုလဲ မျှော်နေမယ်..။

ခင်မင်စွာဖြင့်
မိုးငွေ့

ဝေလင်း said...

i am very sorry for u , Ma.

sosegado said...

လောကကြီး နဲ့တော့ မချီလိုက်ပါနဲ့ နတ်သမီးရေ၊
အလွဲသုံးစားမူ့ ဆိုတာ နေရာတိုင်းမှာရှိပါတယ်၊
စိတ်မကောင်း ဖြစ်မိတယ်၊
ပျော်ရွှင်အေးချမ်းစွာ ကိုယ်လုပ်ချင်တာ လုပ်နိုင်ပါစေ၊
ဘလော့ပေါ်က မောင်နှမတွေ အများကြီး နှင့် ချစ်သူလဲရှိသားပဲ။

ညရဲ့ကောင်းကင် said...

အစ်မရေ အားတင်းထားပါနော်...
ကျွန်တော်အများကြီးလည်း မပြောတတ်တော့ဘူး...
အစ်မက ခုလို လောကဓံတွေကို ကြံကြံခံပြီး ရင်ဆိုင်လာခဲ့တာပါ...
လူဆိုတာ အမြင့်ရောက်လေ လေတိုက်ခံရလေတဲ့ ...
ဒီလိုပါပဲ အောင်မြင်လာတာတွေတွေ့ရင် မနာလိုတာတွေ ဖျက်လိုဖျက်ဆီး လုပ်ချင်သူတွေ ပေါ်လာတာပါပဲ ...
ဒါပေမယ့် အစ်မရယ် ... ကျွန်တော်တို့တွေ အားလုံးက သိနေကြတာပဲ ... အားလုံးကလည်း မောင်နှမတွေလို ဖေးကူထူမနေကြတာပါပဲ ...
ကျွန်တော်ထပ်ပြောချင်တာက ကျွန်တော်တို့ အားလုံးရင်ထဲမှာ စာရေးကောင်းတဲ့ .. ပျော်ရွှင်တတ်တဲ့.. အစ်မနမ်းမ၀ဆိုတဲ့ အဖြူရောင်နတ်သမီး ရဲ့စာတွေကို စောင့်မျှော်နေကြပါတယ်...
အစ်မကျွန်တော့်ကို အားပေးခဲ့သလိုပဲ ကြိုးစားပြီးပျော်အောင် နေပါအစ်မရယ်...

ခင်မင်လေးစားစွာဖြင့်
ညရဲ့ကောင်းကင်

PhyoPhyo said...

ဖတ်လိုက်ရတာ စိတ်တောင်မကောင်းဘူး၊ ဓါတ်ပုံလေးတွေလှလွန်းလို့ လာလာကြည့်နေတာ၊ စာတွေလဲ ဗဟုသုတရလို့ အမြဲလာဖတ်ဖြစ်တယ်၊
ဟုတ်တယ် မကောင်းမှုက နေရာတိုင်းမှာရှိနေတာပါ၊
ပျော်ရွှင်ချမ်းမြေ့ပါစေ .. စာတွေအများကြီးရေးနိုင်ပါစေ
God bless you

ချော (အစိမ်းရောင်လွင်ပြင်) said...

ညီမလေး
မနေ့က ပိုစ့်တင်တင်ချင်း အစ်မ လာဖတ်သွားတယ် .. စိတ်မကောင်းဖြစ်လွန်းလို့ ဘယ်လိုနှစ်သိမ့်ပေးရမှန်းတောင် မသိဘူးဖြစ်သွားတယ်
ထပ်တူထပ်မျှ ကိုယ်ချင်းစာမိပါတယ်..
ညီမလေးနေရာမှာ အစ်မသာဆိုရင်လဲ တော်တော်ကိုခံစားရမှာ နားလည်ပေးနိုင်တယ်..
ဒါပေမဲ့ စိတ်ဓာတ်မကျနဲ့နော်.. ညီမလေးအနေအထိုင် အကျင့်စရိုက်အားလုံးက သိနေပြီးမှဘဲလေ..
ကိုယ်မလုပ်တဲ့ ကိစ္စအတွက်လဲ ရှက်မနေနဲ့တော့နော်..
ပြီးတော့ ညီမလေးကို အစ်မက ရင်ထဲက အတွေးစများ ဆိုတဲ့ခေါင်းစဉ်လေးနဲ့ Tag ထားတယ်..
ညီမအချိန်ရတဲ့အခါ ရင်ထဲမှာ ရှိသမျှတွေ ဖွင့်ထုတ်ပြီး ရေးလိုက်နော်.. ဘယ်လိုအကြောင်းအရာဘဲဖြစ်ဖြစ် ပေါ့..
အားမငယ်နဲ့.. ဘ၀ဆိုတာ အတိုက်အခိုက်ကို ရဲရဲရင့်ရင့် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်မှ အောင်မြင်မှာ..

ချစ်တဲ့
မချော

ဟိန်းတင့်ဇော် said...

ဘယ်အရာကိုမှ အမြဲတမ်း သိမ်းပိုက်မထားပါနဲ့..
အရာ အားလုံးကို လွှတ်ချထားလိုက်ပါ...
ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း အားလုံးကို လွှတ်ချထားလိုက်ပါ
နတ်သမီး ပေါ့ပါးသွားလိမ့်မယ်
မနက်ဖြန်တိုင်းမှာ ကံကောင်းပါစေ

Heartmuseum said...

ဝမ်းမနည်းပါနဲ့.... နာကျည်းမနေပါနဲ့
လောကကြီးမှာ လူကောင်းတွေ ရှိသလို လူဆိုးတွေလဲ ရှိနေပါတယ်။ ငါ့ညီမ ဂုဏ်သိက္ခာ ကျစရာ မရှိပါဘူးလေ။ ညီမလေးက မဟုတ်တာ တခုမှ လုပ်ခဲ့တာမှ မဟုတ်တာကိုး.... ဆက်ရေးပါ။ စိတ်ဓာတ် မကျပါနဲ့လေ..... စိတ်ဓာတ်ပိုင်း လောက်တက်နေတဲ့သူတွေ အောက်တန်းစားတွေက ဒီလို လုပ်တတ်တဲ့ သဘာဝရှိတယ်ဆိုတာ blog လောကက လူတွေ၊ blog ဖတ်သူတွေ အားလုံး သိပါတယ်လေ။ ဒီblog ကို လာပြီး စာဖတ်ဖြစ်ပေမယ့် comment ကိုတော့ ကိုယ်ချင်းစာစိတ် နှမချင်းစာနာစိတ်နဲ့ အခုမှ ရေးပါတယ်။ အားပေးလျှက်....

Anonymous said...

နတ်သာမီးရေ......
ကိုဏီထပ်လာကြည့်တယ်.......။
ပျော်အောင်နေဦး..........း))
ခင်မင်တဲ့
ဏီလင်းညို

SDL said...

အဖြူရောင်နတ်သမီးရေ..
အရင်မတည်းက ပုံတွေအမြဲလာကြည့်ဖြစ်ပါတယ်။
စိတ်မညစ်နဲ့ ၊ အားတင်းထားပါ။

thukhawadi said...

သြော်... ဒါကြောင့်ဖြစ်မယ်ထင်တယ်။ ကျနော် ဟိုတလောက နတ်သမီး ဆိုဒ်ထဲဝင်ဖတ်လို့ မရတာကိုး။ အခုလိုကြားရတော့ နတ်သမီးနဲ့ ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်။လူတွေကလည်းခက်တယ်နော်။ စာတွေတော့ဆက်ရေးပါ ဗဟုသုတရတာတွေအများကြီးဖတ်ရပါတယ်။ နတ်သမီးရေးတဲ့စာတွေကိုဖတ်ကြည့်ရင်ဘယ်လို စိတ်စေတနာရှိတယ်ဆိုတာ တန်းသိပါတယ်။ အချိန်တန်လို့  အပြုခံလိုက်ရတယ်လို့ ဘဲမှတ်လိုက်နော်။ သူ့ စေတနာတနေ့ သူ့ ကို ပြန်အကျိုးပေးလိမ်မယ်။

busymozzee said...

နှပ်သမီးရေ.... နှပ်တွေမသုပ်သေးဘူးလား... နှပ်သမီးလို့ ပြောင်းခေါ်လိုက်မှာနော.... ဟွင်း.... ဟွိန်းဟွမ်း..... တော်တော့ နိုနဲ့ ထတော့.....

Sar Chit Thu (Canada) said...

Hi,

I usually come to see your blog and photoes. I think you should not care anyone since you have your own idea and philosophy to show the photoes. Dont give up. Keep your chin up.

Thanks for the post.

9-9 said...

မနတ်သမီးရေ
လူတယောက်အတွက်နဲ့ မလဲသွားပါနဲ့ နော်
နတ်သမီး နှစ်ခါရှုံးတာပေါ့
ဘာမှလဲ ရှက်စရာမလိုဘူး
ရဲရဲနေပြီး အရင်လိုစာတွေပြန်ရေးပါ
မမြင်ဖူးပေမယ့် အစ်မလိုခင်တယ်
ဘာမှမစိုးရိမ်နဲ့ နော်

kiki said...

နတ်သမီးလေးရေ ..ဒီစာလေးဖတ်ပြီးတော့ စိတ်မကောင်းဘူး ။ ဒေါသလည်းထွက်မိတယ်။။
ဒါပေမဲ့ သေချာ ပြန်စဉ်းစား ကြည့်လိုက်တော့လည်း အဲ့သလို အမှောင်ကွယ်ပြီး ခိုးကြောင်ခိုးဝှက်နဲ့ သူတပါးကိုဖျက်လိုဖျက်စီးလုပ်တဲ့သူတွေ ကမှ တကယ် သနားစရာ တွေပဲ..သူတို့ မှာ မနာလိုစိတ်တွေ ကိန်းဝပ်နေလို့သာပေါ့ ။
အလင်းထဲမှာ မှန်ကန်စွာ ရပ်တည်နေတဲ့သူတွေ အတွက် ဘာကိုမှ ကြောက်ရွံ့ နေစရာမလိုဘူးလေ..
သစ်ပင်တွေလို အမြင့်ရောက်လေ .. လေတိုက်ခံရလေလေပဲ မို့  ..ခံနိုင်ရည်ရှိဖို့ သာလိုပါတယ် နော့် ..
အားမငယ် နဲ့ တို့ နတ်သမီးရေ ....
ကိုယ့်လမ်းကိုယ်ဆက်လျှောက်ပါ..
ပုံလေးတွေ ပြန်တင်ချင်တဲ့ အခါ ပြန်တင်ပေါ့ ..
နော့်...

မိုးစက်အိမ် said...

မစိုးရိမ်ပါနဲ့ ဗျာ အားပေးကူညီဖေးမဲ့သူငယ်ချင်းမိတ်ဆွေ
တွေရှိနေပါတယ် နောက်ပြီးအမကိုယ်ရံတော်တပ်မှုးလေး
လည်းရှိတာဘဲလေ ...Carry On ပါအစ်မရေ...

Anonymous said...

Angel , Pls don't give up.

CTM

WWKM said...

ညီမလေးရေ..

မမလည်း အရမ်းဘီးဇီးနေတော့ ဘလော့ဂ်တွေ မလည်နိုင်တော့ဘူး.. မီးချစ်ဆီကနေ ညီမလေးဓါတ်ပုံလေးတွေ ဖြုတ်လိုက်တယ်ဆိုတာ ဖတ်ရလို့ ရောက်လာခဲ့တာပါ။
အရမ်းစိတ်မကောင်းဖြစ်မိပါတယ် ညီမလေးရေ။
ညီမလေးရဲ့ပုံလေးတွေကို အချိန်ရရင် မမက မကြာခဏ လာလာပြီး ကြည့်တတ်ပါတယ်။
စတိုင်ကျပြီး လှပတဲ့ ညီမကို မမ ချစ်ခင်မိပါတယ်။

ဖြစ်လာသမျှကို အရင်ဘ၀က ၀ဋ်ကြွေးလို့ပဲ မှတ်လိုက်ပါတော့ ညီမလေးရေ။ပြုသူက အသစ်ပြန်ခံစားပါရစေလို့ ဆုမတောင်းပေမယ့် ကိုယ်ပြုတဲ့ကံ ကိုယ်ပြန်ခံရမယ့် လူတွေကြီးပါပဲလေ။

မမကိုယ်တိုင်လည်း ကိုယ့်အပေါ်ရန်ပြုလာသူကို ချက်ချင်းတုန့်ပြန်ချင်စိတ် ဖြစ်ပေါ်မိခဲ့ပေမယ့် မေတ္တာသည်သာ အေးချမ်းရာ ၊ အောင်နိုင်ရာဆိုတာ ယုံကြည်ထားသူတစ်ယောက်မို့ မိမိအပေါ် ရန်ပြုလာသူကို စိတ်စေတနာ သန့်သန့်လေးနဲ့ပဲ ဖြူစင်သော မေတ္တာ ပွားများပေးလိုက်ပါ ညီမလေးရေ။

အဆင်ပြေ ပျော်ရွှင်နိုင်ပါစေ။

ချစ်ခင်စွာနဲ့

မမ၀ါ

အဖြူရောင်နတ်သမီး said...

ဟုတ်တယ်နော်..
နတ်သမီးရဲ့ဘေးပတ်ပတ်လည်မှာ Blogger မောင်နှမတွေရော..စာဖတ်သူတွေပါ ရှိနေပေးတာပဲ...တခုပဲစိတ်မကောင်းဖြစ်မိတာက နတ်သမီးအရမ်းဝါသနာပါတဲ့ ဓာတ်ပုံတွေ တင်ခွင့်မရတော့တာကိုပါပဲ..။
တကယ်လို့များ ဓာတ်ပုံတွေကို post အဖြစ် တင်နိုင်ပြီး ဘယ်လိုမှ ကူးယူလို့မရတဲ့ နည်းပညာများသိကြပါလျှင် မျှဝေပေးကြပါရန်နှင့် အချိန်အတိုင်းအတာ တခုကျော်လွန်လျှင်တော့ ဓာတ်ပုံများကိုပြန်လည်တင်ပေးသွားမှာပါ..။
အားပေးကြတဲ့ သူငယ်ချင်းမောင်နှမများအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်...။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger