Wednesday, March 31, 2010

ရင်ထဲက အတွေးစလေးများ(တဂ်ပို့စ်)


မချော(အစိမ်းရောင်လွင်ပြင်) ရဲ့“ရင်ထဲက အတွေးစများ” ဆိုသည့် တဂ် ပို့စ်လေးကို ရေးဖို့စိတ်ကူးမိတယ်။ အချိန်တိုင်းလိုလို အလုပ်များနေတတ်တဲ့ကျမဟာ ဒီ ပို့စ်လေးကိုလည်း အလုပ်ထဲမှာပဲ အချိန်ရသလို ရေးဖြစ်ခဲ့ပါတယ်..။
ရေးချင်တာကတော့ ကျမဘဝရဲ့တစိတ်တဒေသပါ၊ ရေးဖြစ်ခဲ့တာကတော့ အလုပ်ထဲမှာ မြင်တွေ့နေရတဲ့ စိတ်မသက်မသာ ဖြစ်ခဲ့ရတဲ့အကြောင်းတခုရဲ့နောက်ကွယ်က အတွေးစလေးများ နဲ့ ဆက်နွယ်နေတဲ့ ကျမငယ်စဉ်အခါက ပုံရိပ်တချို့ပါပဲ...။

ငယ်စဉ်အခါကပေါ့....ကျမမှတ်မိနေပါသေးတယ် ဖေဖေ၊မေမေနဲ့ ကျမ၊ မိသားစု(၃)ယောက် အတူရှိခဲ့စဉ် အချိန်ကာလလေးတွေဟာ ကျမဘဝမှာ အပျော်ရွှင်ဆုံးနဲ့ အားမာန်အပြည့်ဝဆုံးအချိန်တွေပါပဲ။ ကျမ (၅)နှစ်သမီးအရွယ်မှာ မူကြိုစတက်ခဲ့ရတဲ့ ပထမဆုံးနေ့လေးကို မေမေပြန်ပြောပြတာနဲ့ပေါင်းပြီး ခပ်ရေးရေးမှတ်မိနေပါသေးတယ်။
အဲဒီနေ့က ကျမတို့အိမ်မှာ နယ်ကဆွေမျိုးတွေလာလည်လို့ မီးဖိုထဲမှာ မေမေအလုပ်ရှုပ်နေခဲ့တယ်၊ ကျမကတော့ အိမ်ရှေ့ကဧည့်ခန်းထဲမှာ ဂါဝန်လှလှလေးကိုဝတ်၊ လွယ်အိတ်သေးသေးလေးကိုလွယ်ရင်း သနပ်ခါးအဖွေးသားနဲ့ မူကြိုကျောင်းသွားဖို့ မေမေ့ကိုစောင့်နေခဲ့တာပေါ့ ။ ကလေး ဘဝကတည်းက တစ်ယောက်ယောက်က တစ်ခုခုပြောထားရင် မမေ့ပဲ မှတ်ထားတတ်တဲ့ကျမဟာ “သမီးကို မူကြိုကျောင်းလိုက်အပ်ပေးမယ်” ဆိုတဲ့ မေမေ့စကားကြောင့် အဲဒီနေ့ကို ရောက်ဖို့ အိပ်မက်ပေါင်း များစွာနဲ့စောင့်ခဲ့ရတာပါ။ ကျောင်းအပ်မယ့်နေ့ကိုရောက်ပြန်တော့ အလုပ်တွေမအားလပ်နိုင်တဲ့မေမေ့ကို မစောင့်နိုင်တော့တဲ့ ကျမဟာ မေမေပြောပြတဲ့ မူကြိုကျောင်း ဘယ်နားမှာရှိမှန်း မသိပဲနဲ့ လွယ်အိတ်သေးသေးလေးထဲကို သတင်းစာတွေခေါက်ထည့်ပြီး မူကြိုကျောင်းကိုသွားဖို့ အိမ်ကနေ ထွက်လာခဲ့တယ်။ အဲဒီအချိန်မှာ အိမ်မှာရောက်နေတဲ့ဆွေမျိုးတွေက မီးဖိုထဲမှာ အလုပ်ရှုပ်နေတဲ့ မေမေ့ကို အချိန်မှီ သတိပေးခဲ့တဲ့အတွက် ကျမရဲ့နောက်ကို မေမေပြေးလိုက်လာပြီး မူကြိုကျောင်းမှာ လိုက်အပ်ပေးခဲ့တယ်။ အဲဒါ...ကျမရဲ့အသက် (၅)နှစ်က စာကိုလိုလိုလားလား သင်ချင်ခဲ့တဲ့ ကျမရဲ့ဆန္ဒလေးပါ။

ကျမက လူတမျိုး၊ စိတ်ဆတ်တာ၊စိတ်ကြီးတာ၊အစွဲလန်းကြီးတာ အခုချိန်ထိပါပဲ...။ကျမကို ကတိပေးပြီးရင် ဖြစ်အောင်လုပ်ပေးမှကြိုက်တယ်၊ မလုပ်ပေးနိုင်ရင်၊ မသေခြာရင် ကြိုပြောမထားနဲ့၊ စကားတည်တာကိုပဲကြိုက်တယ်။ ကျမကိုယ်တိုင်ကလည်း မဖြစ်နိုင်တဲ့အရာ၊ ကိုယ်မလုပ်ပေးနိုင်တဲ့အရာဆိုရင် ကတိမပေးဘူး။ ကတိပေးပြီးရင်လည်း ဖြစ်အောင်လုပ်ပေးတတ်တယ်။ ကျမ (၇)နှစ်အရွယ်မှာ ဖေဖေက ကျမကို တရိစ္ဆာန်ရုံလိုက်ပို့ပေးမယ်လို့ ကတိပေးခဲ့တယ်၊အဲဒီနေ့ကိုရောက်တော့ ဖေဖေဟာ ရေဒီယိုကလာတဲ့ ဘော်လုံးပွဲသတင်းကိုနားထောင်ရင်း ကျမကိုပေးခဲ့တဲ့ ကတိကိုဖျက်ခဲ့တယ်။ ကျမကလည်း ခေါင်းမာမာနဲ့ တရိစ္ဆာန်ရုံကိုသွားဖို့ ဖေဖေ့ကိုဆန္ဒပြပြီး ဆက်စောင့်နေခဲ့တာပေါ့။ နောက်ဆုံးမှာ ကျမကို ဖေဖေအရှုံးပေးရင်း သားအဖနှစ်ယောက် တရိစ္ဆာန်ရုံကိုသွားခဲ့ကြတယ်။ အဲဒီလိုနဲ့ပဲ စိတ်ဓာတ်ပြင်းတဲ့ ကျမဟာ ဖေဖေ့ရဲ့အလိုလိုက်မှုတွေ၊ ပံ့ပိုးမှုတွေနဲ့အတူ မူလတန်း၊အလယ်တန်းတွေမှာ ပညာထူးချွန်ဆုတွေကို နှစ်စဉ် ရရှိခဲ့တယ်။ ကျမရဲ့ဝါသနာတွေကတော့ ပန်းချီ၊ အားကစား၊သီချင်းဆိုခြင်း၊ စွန့်စားချင်တဲ့စိတ်၊ဆန်းသစ်တီထွင်ချင်တဲ့စိတ် တွေပါပဲ။ ကျောင်းပေါင်းစုံ မူးယစ်ဆေးဝါးဆန့်ကျင်ရေး ပညာပေးပန်းချီပြိုင်ပွဲ၊ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ၊ ကျောင်းနှစ်ပတ်လည် သီချင်းဆိုပြိုင်ပွဲ တွေမှာလည်း ကျမ ဆုရခဲ့ဖူးတယ်။ အဲဒါဘာကြောင့်လဲ သိလား....ကျမရဲ့ရှေ့မှာ၊ ကျမရဲ့နောက်မှာ၊ ကျမရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာ ဖေဖေမားမားမတ်မတ်ရပ်တည်ပေးခဲ့လို့ပါပဲ။ မေမေကတော့ အိမ်ထောင်မှုအလွန်နိုင်နင်းတဲ့ ကျမရဲ့စံပြမိခင်တစ်ယောက်ပါ။ ကျမ လူမှန်းသိစ အရွယ်ကတည်းက မိန်းခလေးတစ်ယောက်ရဲ့ ယဉ်ကျေးစွာ ပြုမူဆက်ဆံပုံများကို လက်ထပ်သင်ပေးခဲ့တယ်။ မေမေ့ကိုကျမ အရမ်းကို ကြောက်ခဲ့ရတယ်ဆိုတာထက် အရမ်းကို လေးစားခဲ့ရတာ။
ဥပမာ။ ။ စားသောက်ဆိုင်တစ်ခုကို မိသားစုအတူသွားလို့ပဲဖြစ်ဖြစ်၊ တခြားအိမ်ကို အလည်သွားလို့ပဲဖြစ်ဖြစ် အိမ်ရှင်က အစားအသောက်ကျွေးရင်တောင် မေမေ့မျက်နှာပေါ်က အရိပ်အကဲကို ကြည့်ပြီးမှ စားရဲခဲ့တယ်။ မေမေဟာ ကျမကိုရိုက်ပြီး ဘယ်တော့ကမှမဆုံးမခဲ့ဘူး၊ ကျမကလည်း မေမေ့အမူအရာကို ကြည့်ယုံနဲ့တင် ပွဲပြီးမီးသေနေတတ်တယ်။ ရှိပါသေးတယ်...၊ မိန်းခလေးလိုရီ(ရယ်)ရင်တောင် သွားပေါ်အောင်ရီပိုင်ခွင့်မရှိခဲ့ဘူး၊ လမ်းလျှောက်လျှင်လည်း ခြေသံမကြားအောင် လျှောက်ရတယ်၊ အိမ်လည်သွားလျှင် နေရမည့်ပုံစံ၊ ထမင်းစားပုံ လက်နေအထား၊ နောက်ဆုံး အိပ်တာတောင် စိတ်လွတ်ကိုယ်လွတ် (ကိုယ်နေဟန်ထား) အိပ်ခွင့်မပေးခဲ့တဲ့ မေမေ့ရဲ့ဆုံးမသွန်သင်မှုတွေဟာ ကျမအတွက် တန်ဖိုးအရှိဆုံးအရာတွေပါပဲ။

ယခုခေတ် ကလေးတွေကတော့ ကျမတို့ခေတ်နဲ့ တော်တော်လေးကို ကွာခြားနေပါပြီ။ ဆိုင်မှာ လာစားတဲ့ ဧည့်သည်တွေရဲ့ကလေးတွေဆိုရင် (အထူးသဖြင့် ရရှားလူမျိုးတွေ) “ဟင်း”လည်းမရ..၊ “ဟဲ့” လည်းမရ...၊ မကြည်ဖြူတဲ့ပုံလုပ်ပြလည်း ဂရုမစိုက်ကြတော့ဘူး။ အုပ်ထိန်းသူမိဘတွေကလည်း ကလေးတွေကိုလွှတ်ပေးထားလိုက်တာ လှည့်တောင်မကြည့်ကြဘူး၊ တခါက (၇)နှစ်အရွယ် ကလေးမလေးတစ်ယောက် ဆိုရင် ဆိုင်က စားပွဲတိုင်းမှာ ခင်းကျင်းထားတဲ့ “တူ”(Chopsticks) တွေကို အကုန်ယူ ကစားတယ်။ တခြားဧည့်သည်တွေထိုင်နေတဲ့ ခုံပေါ်က တူတွေကိုပါ ယူ ကစားတာ..။ ကျမတို့ဝန်ထမ်းတွေလည်း ကလေးရဲ့မိဘတွေကို ထိန်းပေးဖို့မေတ္တာရပ်ခံပေမယ့် ဘာမှမထူးတာကြောင့် တော်တော်လေးကို စိတ်ကသိကအောက်ဖြစ်ရတယ်။ နောက်ဆက်တွဲပြဿနာကတော့ ဆိုင်မှာ အလှထွန်းထားတဲ့ ဖုယောင်းတိုင်မီးနဲ့ အလှပြထားတဲ့ ကျောက်လှေကြီးရဲ့အမှီးကို မီးနဲ့မြိုက်ပါလေရော..၊ ကျမလည်း ဘယ်လိုမှသည်းမခံနိုင်တော့တာနဲ့ ကလေးရဲ့လက်ကိုဆွဲပြီး သူ့မိဘတွေရဲ့ဘေးမှာ ထိုင်ဖို့ပို့ပေးလိုက်တယ်၊ကျမရဲ့အပြုအမူကို မိဘတွေက ကြိုက်ပုံမပေါ်ပေမယ့် ကျမမှာ ရွေးစရာ ဒီတစ်လမ်းပဲရှိတာမို့ ရှေ့မျက်နှာနောက်ထားပြီး လုပ်လိုက်ရတယ်။ “သားသမီးမကောင်း မိဘခေါင်း” ဆိုတဲ့စကား အလကားမဟုတ်ဘူးနော်။ အခုကိစ္စမှာ ကလေးမှာအပြစ်မရှိဘူး၊ ကလေးဆိုတာ ဆော့တဲ့အမျိုးလေ၊ ထိန်းကျောင်းရမှာက မိဘတွေရဲ့တာဝန်၊ မိဘကမှ ကိုယ့်သားသမီးကို ထိန်းကျောင်းရမှန်းမသိတာ..။ ကျမတွေးကြည့်တယ်..၊ ခုခေတ်မှာ အိမ်ထောင်ကျကြတယ်..၊ သားသမီးတွေထပ်မွေးလာတယ်..၊ အဲဒီသားသမီးတွေက ထပ်ပြီးအိမ်ထောင်ကျကြတယ်..၊ သူတို့မှာ သားသမီးတွေကို ဘယ်လိုထိန်းကျောင်းရမယ်ဆိုတဲ့ အသိတရား မရှိတဲ့အတွက် နောင် ဆွေစဉ်မျိုးဆက် အသိတရားတွေရှိဖို့ ဆိုတာကတော့ တကယ့်ကိုရင်လေးစရာပါပဲ..။ ပိုဆိုးတာက သူတို့ရဲ့စိတ်ထဲမှာ မကောင်းတဲ့အဖျက်လုပ်ရပ်လေးတွေ ကိန်းအောင်းနေတဲ့အချက်ပါပဲ။

ကျမထပ်ပြီးစဉ်းစားပြန်တယ်....ကျမတို့နိုင်ငံက ဘတ်စ်ကားတွေ၊ မီးရထားတွေပေါ်က ဇိမ်ခံပစ္စည်း(ခေါ်) ဆိုဖာ ထိုင်ခုံတွေဟာ အကောင်းပကတိမရှိကြတော့ဘူး၊ ထိုင်ခုံရဲ့ကျောမှီဆိုဖာတွေမှာ ဓားတွေနဲ့ခွဲထား ဖြဲထားလိုက်ကြတာ..၊ အားလုံးအမြင်ပါပဲ..။ ရှိပါသေးတယ်..“ကွမ်းတံတွေးမထွေးရ”ဆိုတဲ့ ဆိုင်းဘုတ်နေရာတွေမှာ တချို့သော လူတွေဟာ ကွမ်းတံတွေးတွေကို ပိုလို့တောင်ထွေးထားကြလိုက်သေးတယ်..။ (အဲဒါ အသေးအဖွဲကိစ္စလေးတွေကိုပဲ ကျမရွေးပြီးပြောပြတာနော်)။ စိတ်ဓာတ်လေးတွေကို ပြင်စေချင်တာပါ..၊ အပျက်သဘောကိုဆောင်ဖို့ အရမ်းလွယ်ကူသလောက် အပြုသဘောကိုဆောင်ဖို့အရမ်းကိုခက်ခဲ့တတ်ပါတယ်။ကျမအပါအဝင် မြန်မာလူမျိုးအတော်များများဟာ နိုင်ငံရပ်ခြားမှာ ရောက်နေကြသူတွေပါ..။ “နိုင်ငံခြား” ဆိုတာ ဘာလဲ??? လို့ မေးခွန်းထုတ်ရင် အရမ်းလှပြီး အရမ်းသန့်ရှင်း၊တိုးတက်နေတဲ့နိုင်ငံတွေလို့ အကြမ်းအားဖြင့်ပြောလို့ရနိုင်ပါတယ်။ အဲဒါဆိုရင် ကျမတို့မြန်မာနိုင်ငံကရော???? မလှလို့လား?? မသန့်ရှင်းလို့လား?? လှပြီးသားဖြစ်တဲ့ ကျမတို့မြန်မာနိုင်ငံကို သန့်ရှင်းအောင်၊ ခေတ်မှီတိုးတက်အောင်လုပ်ဖို့ တစ်ယောက်ချင်းစီမှာ တာဝန်ရှိပါတယ်၊တခုတော့ရှိတာပေါ့..နိုင်ငံတစ်ခုပြည့်စုံ လှပဖို့ဆိုတာကတော့ လူအား၊ငွေအား၊ စိတ်ဓာတ်အားလုံး ပေါင်းမှဖြစ်နိုင်မှာပါ၊ ကျမတို့နိုင်ငံမှာ ငွေမရှိဘူးလို့မပြောနဲ့နော်။ သရံဇာတပေါကြွယ်ဝတဲ့မြန်မာပြည်ဆိုတာ အားလုံးအသိပါ။ ပျက်နေတာက စာရိတ္တပိုင်းပေါ့။ အခု နိုင်ငံခြားရောက်နေတဲ့ ကျမတို့တွေ အမှိုတ်ပစ်ချင်တာတောင် လမ်းမှာချပစ်ရဲလို့လား၊ အမှိုက်ပုံးရှာပြီးမှ ပစ်ခဲ့ကြရတာပဲလေ။ လမ်းမှာချပစ်လိုက်လို့လည်း ဘယ်သူကမှ ကျမတို့ကို အရေးယူမှာမဟုတ်ပေမယ့်(စင်္ကာပူနိုင်ငံမပါ) ကိုယ့်စိတ် ကိုယ်မလုံတာ၊ ရှက်တာ၊ ကိုယ့်ရဲ့ကိုယ်ကျင့်တရားကိုထိန်းတာ၊ စည်းကမ်းလိုက်နာတာ၊ အဲဒါတွေဟာ သင်ယူစရာမလိုတဲ့ အသိတရားတွေပဲမဟုတ်လား။ လူတချို့ရဲ့ ပျက်နေတဲ့စိတ်ဓာတ်လေးတွေကိုသာ ပြင်နိုင်မယ်ဆိုရင်တော့ အနာဂတ်အတွက်အကောင်းဆုံးပေါ့။ (နိုင်ငံနဲ့ချီပြီးပြောရင် သိပ်ကြီးကျယ်ရာရောက်ပါတယ်၊ ကျမမှာ အဲဒီလိုပြောဖို့ဥာဏ်ရည်မမှီပါဘူး)။

မိသားစု တစ်စုဆိုပါစို့....ကျမရဲ့ဖေဖေဆိုရင်... ကိုယ့်သားသမီး ပညာတတ်ကြီးဖြစ်ဖို့ ၊ စိတ်ဓာတ်နဲ့အတွေးအခေါ်မြင့်မားဖို့၊ ကိုယ့်သားသမီး လျှောက်မည့်လမ်း တည့်မတ်ဖို့အတွက် အားအင်တွေပေးခဲ့တာပါ။ ဖခင်ဆိုတာ ကိုယ့်မိသားစုရဲ့ စားဝတ်နေရေးတခုတည်းအတွက် ငွေရှာပေးရုံ သက်သက်မဟုတ်ပဲ မိသားစုရဲ့ လုံခြုံရေး၊ စိတ်ဓာတ်ဖွံ့ဖြိုးရေး၊ သားသမီးများ အမြင်မှား ၊လမ်းမှား၊ မရောက်ရလေအောင် ဆုံးမသွန်သင်ရမည့် ဝတ္တရားတွေကျန်ရှိနေပါသေးတယ်။ မိခင်ဆိုတာကတော့ ကိုယ့်မိသားစုလေး ပျော်ရွှင်ချမ်းမြေ့အောင် မေတ္တာအနွေးဓာတ်ပေးရင်း၊ လိမ္မာယဉ်ကျေးသော သားသမီးများ ဖြစ်အောင် ပြုစုပျိုးထောင်ပေးပြီး အိမ်ထောင့်တာဝန်ကို လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ရပါတယ်။

ကျမအရွယ်ရောက်လာတော့ မလေးရှားနိုင်ငံက အထည်ချုပ်စက်ရုံတခုမှာ အလုပ်လုပ်ရင်း ပုံဆွဲဝါသနာပါတဲ့ ကျမဟာ ဒီဇိုင်နာ ပညာရပ်ကိုပါ သင်ယူခွင့်ရခဲ့ပြီး မြန်မာပြည်မှာ Model Agency များနှင့် ဆက်သွယ်ပြီး ဒီဇိုင်းတွေကို တီထွင်ချုပ်ပေးရင်း အတိုင်းအတာ တခုအထိ နာမည်ရလာခဲ့တယ်။နောက်တော့ အနုပညာ ဝါသနာပါခဲ့တဲ့ကျမဟာ Video ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကိုဖွင့်ပြီး ထုတ်လုပ်သူ(Producer) တစ်ယောက် ဖြစ်လာခဲ့ပြန်ပါတယ်။ အဲဒီကနေတဆင့် ဝါသနာအရ သရုပ်ဆောင်ဘဝကို ခြေလှမ်းမိချိန်မှာတော့ ကျမကို ထူးချွန်ထက်မျက်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အဖြစ်နဲ့သာ မြင်ချင်ခဲ့တဲ့ ကျမရဲ့ တဦးတည်းသော အဒေါ်၏ စီစဉ်မှုနဲ့ ကျမဟာ ဆိုက်ပရပ်စ်နိုင်ငံကို ရောက်ရှိခဲ့ရပြန်ပါတယ်။

အဲဒီတုန်းက ကျမဖြစ်ချင်ခဲ့တဲ့ သရုပ်ဆောင်အနုပညာသမား တစ်ယောက်ဘဝကို ဖြစ်ခွင့်ရရဲ့သားနဲ့ ဖြစ်ခွင့်မပေးခဲ့တဲ့ အဒေါ်ကို စိတ်ဆိုးခဲ့ပေမယ့် အခုချိန်မှာတော့ ကျမရဲ့အဒေါ်ကို ဒီနေရာကနေ ကန်တော့လိုက်ပါတယ်။ ကျမရဲ့ အတွေးအခေါ်တွေဟာလည်း အခုချိန်မှာ အများကြီး ပြောင်းလဲခဲ့ရပြီ....၊ လက်ရှိဘဝမှာလည်း ကျမ ပျော်မွေ့ခဲ့ရပြီ...၊ ဆိုက်ပရပ်စ်နိုင်ငံမှာ ကျမသင်ကြားခဲ့ရတဲ့ Hotel Management အတတ်ပညာ၊ Business Tactical အတတ်ပညာ၊ Personal Psychology အတတ်ပညာ၊ HACCP(Hazard Analysis Critical Control Points) ဘာသာရပ်တွေအပြင် စားသောက်ဆိုင်တစ်ဆိုင်ကို ပိုင်နိုင်စွာ ဖွင့်လှစ်နိုင်တဲ့ ဗဟုသူတနှင့် အတတ်ပညာတွေကို ကျမ လေ့လာခွင့်ရရှိခဲ့ရပြီး ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်နဲ့ ဘဝကိုရပ်တည်နိုင်ခဲ့ပြီလေ ။

ကျမဆိုလိုချင်တာက မိဘဆိုတာ သားသမီးတွေရဲ့ရှေ့ဆောင်လမ်းပြပါ..၊ ရှေ့ကလူက ဖြောင့်ဖြောင့်သွားမှ နောက်ကလူက ဖြောင့်ဖြောင့်လိုက်မှာပေါ့။

မချောရေ....ညီမရဲ့ ရင်ထဲက လက်ရှိအတွေးလေးတွေကတော့ နောက်နှစ်မှာ မြန်မာပြည်ကို မောင်နဲ့ အတူပြန်ပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အဖြစ် ရပ်တည်ပြီး အေးချမ်းပျော်ရွှင်တဲ့မိသားစုလေး တစ်ခု တည်ဆောက်မယ်။ ပြီးတော့ အတွေးထဲမှာ နောက်တခု ထပ်တိုးလာတာက “သားသမီးမကောင်း မိဘခေါင်း” ဆိုတဲ့စကားပုံလေး ညီမတို့မိသားစုလေးအတွက်မဖြစ်ရလေအောင် နောင်တချိန်ရရှိလာမယ့် ညီမတို့ရဲ့ရင်သွေးလေးများကို လိမ္မာယဉ်ကျေးတဲ့ သားသမီးလေးများဖြစ်အောင် ဆုံးမသွန်သင်ဖို့ပါပဲ..။ ညီမရဲ့ မိဘနှစ်ပါးဟာ ညီမအတွက် စံပြမိဘများဖြစ်ခဲ့ရသလို ညီမနဲ့ ညီမရဲ့အမျိုးသားဟာလည်း ညီမတို့ရဲ့ရင်သွေးလေးများအတွက် စံပြမိဘဖြစ်စေရမယ်။ ပြီးတော့ ညီမတို့မိသားစုလေးရဲ့ အနာဂတ်လှပသာယာအောင် လိုအပ်ချက်အသိတရားလေးတွေကို တွေးရင်း မိဘတိုင်း ကိုယ့်သားသမီးများကို လမ်းမှန်ရောက်အောင်၊ ကောင်းမွန်တဲ့ စိတ်ဓာတ် အသိတရားတွေပြည့်ဝလာအောင်၊ ကိုယ်ကျင့်တရားကောင်းမွန်တဲ့ မျိုးဆက်သစ်လေးများဖြစ်လာအောင် ပြုစုပျိုးထောင်ပေးနိုင်ပါစေလို့ ဆန္ဒပြုရင်း ရင်ထဲက အတွေးစလေးများကို အဆုံးသတ်လိုက်ရအောင်နော်...။

19 comments:

ချော (အစိမ်းရောင်လွင်ပြင်) said...

နတ်သမီးရေ
ညီမရဲ့ အတွေးတွေကို ဖတ်ရတာ စိတ်ဝင်စားစရာ ကောင်းသလို
အသိတရားရစရာလည်းကောင်းပါတယ်
သူများနိုင်ငံနဲ့ ကိုယ့်နိုင်ငံကို ယှဉ်ပြထားတာလေးက
တကယ့်ကို လေးလေးနက်နက်စဉ်းစားစရာပါ...
လူတိုင်းသာ စည်းကမ်းရှိမယ်ဆိုရင် တိုင်းပြည်ကြီး ခုထက်ပိုပြီးသာယာလှပလာမှာပါ..
ပြီးတော့လဲ.. အတတ်ပညာ အသိပညာ တွေ ပြည့်စုံနေပြီဖြစ်တဲ့ နတ်သမီးတစ်ယောက်
မကြာသောကာလမှာ.. အောင်မြင်ပြီး ထူးချွန်ထက်မြက်တဲ့
စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်
ဖြစ်လာလိမ့်ဦးမယ်လို့ ယုံကြည်မိပါတယ်..
တဂ်ထားတာကို မအားတဲ့ကြားက
လေးနက်စွာ ရေးပေးတဲ့အတွက်လဲ
ကျေးဇူးအထူးတင်ပါတယ်ညီမရေ..
ညီမရဲ့ အနာဂတ်က ဖြောင့်ဖြူးလှပနေမှာ
သေချာပါတယ်..
ဆန္ဒအားလုံး ပြည့်စုံပါစေနော်...



ချစ်ခင်စွာဖြင့်

မချော

♥ကိုဇော်♥ said...

ရေးထားတာလေး အရမ်းကောင်းတယ် ညီမရေ...
ပျော်ရွှင်ပါစေ...

မိုးခါး said...

အတွေးလေးတွေအတိုင်း ပျော်ရွှင် အောင်မြင်တဲ့ မိသားစုလေး အမြန်ဆုံး ပိုင်ဆိုင်ပါစေ အစ်မရေး)

ဒဏ္ဍာရီ said...

နမ်းရေ...... ရင်ထဲက ခံစားပြီး ရေးလို့လားမသိဘူးနော် အတွေးတွေက တန်ဘိုးရှိတယ်။
ဟုတ်တယ် သားသမီးတွေရဲ့ ရှေ့ဆောင်လမ်းပြဟာ မိဘတွေပဲ။
တနေ့မှာ နမ်းလိုချင်တဲ့ ဘ၀လေးကို ပိုင်ဆိုင်ပြီး အောင်မြင်တဲ့ စီးပွားရေးတွေ လုပ်နိုင်ပါစေနော်။

ခင်မင်လေးစားလျှက်

ချော (အစိမ်းရောင်လွင်ပြင်) said...

နတ်သမီးရေ
နောက်ဆုံးအပိုဒ်ကတော့ ညည်းက ကျုပ်ကို အားကျအောင် ကြွားထားတာပဲ ဖြစ်ရမယ်..
အစ်မက သီလရှင်ကျောင်းမှာ စာရင်းပေးထားတာ ကြာပေါ့...
အဲဒီချိန်ကျရင် နတ်သမီးတို့ မိသားစုက အစ်မကို သီလရှင်ကျောင်းမှာ လာတွေ့ကြပေါ့နော်.....
ခုလောလောဆယ်တော့ ဖတ်ပြီး အားကျသွားတယ်..
နတ်သမီးရဲ့ အနာဂတ်မှာ
ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘ၀ ဖြစ်လာလိမ့်မယ်လို့
အစ်မ တကယ်ယုံကြည်မိပါတယ်..

အိပ်မက်တွေ ပြီးပြည့်စုံပါစေ.နတ်သမီးရေ

ခင်တဲ့
မချော

ညရဲ့ကောင်းကင် said...

အစ်မ ဆန္ဒတွေ တလုံးတ၀ ပြည့်ဝပါစေ ...

သဒ္ဓါလှိုင်း said...

အိမ်လေးပြောင်းလိုက်တာအခုမှတွေ့တယ်မနတ်သမီးရေ..။
အလုပ်တွေမအားတာနဲ့ဘလော့လေးနဲ့ဝေးကွားနေခဲ့တာ။
အတွေးလေးတွေဖတ်လိုက်ရတာကောင်းလိုက်တာ..။ အတွေးထဲကအတိုင်းသာယာပျော်ရွှင်စရာကောင်းတဲ့
မိသားစုဘ၀လေးကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်း
ပေးပါတယ်.။စီးပွားရေးပညာရှင်တယောက်လည်းဖြစ်ပါစေ..။
စာရေးကောင်းတဲ့သူဆိုတော့ဖတ်ရတာအရမ်းကောင်းပြီး
အတွေးလေးတွေကလည်းအရမ်းကောင်းပါတယ်.။
ခင်တဲ့
သဒ္ဓါ

မိုးသွေးငယ် said...

အာ..ဘလောက်က ဘယ်လိတွေဖြစ်ကုန်တာလည်း..။
မရောက်တာကြာတာနဲ့ တမျိုးတွေပြောင်းနေတယ်။ပြောမယ် ..တန်ပလိတ်က မလှဘူး ..စိတ်ရှုပ်စရာကောင်းတယ် တကယ်ဆို စာဖတ်တဲပ မိတ်ဆွေတွေ က ဝင်လာလိုက်တာနဲ့စိတ်ထဲမှာ လမ်းဆန်းပြီး အေးချမ်းတဲ့ အဆင်အရောင်မျိုးရွေးဟာ။သူတို့ကပြောမယ် နတ်သမီးဆိုက် ကို လာတာနဲပစိတ်ထဲကို အေးချမ်းသွားတာပဲ လို့ ..အဲလိုမျိုးအပြင်အဆင်နဲ့ ကျိုးစားလုပ်ကြည့်။
ကျန်တဲပသူသတွေက ပြောကြမယ်မထင်ဘူး နတ်သမီးအလိုကျ လိုက်ပြီးအားနာပါးနာ နေမှာ။ မရဘူး ကိုလတ်ကတော့ ကိုယ်အမြင်ကို ပြောမှာပဲ။
နောက် ကုဒ်တွေ ထည့်ပြီးလား လာကြည့်တာ ဒီတိုင်းပဲ ကော်ပီရသေးတယ်။
မရအောင်လုပ်ဦး...
ဒါပဲဟာ...
ခင်မင်မှုဖြင့် ...xxxxx
အားလုံးကို ပျော်စေချင်တဲ့..........

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

တကယ့်ကို တန်ဖိုးရှိတဲ့ ပို့စ်လေး ပါဘဲ နတ်သမီးလေးရေ...

အစစအရာရာ အဆင်ပြေချောမွေ့ အောင်မြင်နိုင်ပါစေလို့ ဆုမွန်ကောင်းချွေလိုက်ပါတယ် ကွယ်..

ခင်မင်စွာဖြင့်
ကိုမျိုး

ကိုကိုးအိမ် said...

နတ်သမီးရေ အမရဲ့စာတွေကိုဂရုတစိုက်ဖတ်မိလာချိန်မှာ
အမကိုပိုပိုပြီးလည်းလေးစားလာမိပါတယ် အမရဲ့အတွေး အခေါ်တွေက အရမ်းမိုက်တယ်...ကျွန်တော် တစ်ချိန်က
လူတစ်ယောက်ရဲ့လိမ်တာကိုခံရပြီး အရမ်းစိတ်ညစ်ခဲ့ရဖူးပါ
တယ် နတ်သမီးဆိုရင်ကော တစ်စုံတစ်ယောက်ကကိုယ့် ကို စိတ်ထိခိုက်နစ်နာအောင်လုပ်လာရင်ဘယ်လိုတုန့်ပြန် မလည်းဆိုတာလေးသိချင်ပါတယ်ခင်ဗျာ...

ခင်တဲ့

ကိုကိုးအိမ်

အမဆီကို ကွန်မန့်ရေးတာဒိတစ်ခါပဲအဆင်ပြေတယ်..

အဖြူရောင်နတ်သမီး said...

အဖြူရောင်နတ်သမီး said...

ကိုကိုးအိမ်...သို့

“တစ်စုံတစ်ယောက်က ကျမကို စိတ်ထိခိုက်နစ်နာအောင်လုပ်တယ်” ဆိုပါစို့....
ကိုကိုးအိမ် ရဲ့မေးခွန်းလေးပါ....

(၁)သူ့ဆန္ဒကို လိုက်လျောပေးခြင်း။ ။ ကျမက လူတမျိုး...ခံစားချက်ကို ရှေ့တန်းတင်တတ်တယ်..။ သူက ကိုယ့်ကို နာကျင်စေတာလား...ကျမ နာကျင်စွာ ခံစားပေးလိုက်တယ်။ သူက ကျမကို ငိုစေချင်တာလား...ကျမ ငိုပါမယ်...။သူက ကျမကို ရှုံးနိမ့်စေချင်တာလား..ကျမ ဒူးထောက်ပေးပါတယ်..။အဲဒီလို လိုက်လျောပေးလိုက်ခြင်းဟာ တဖက်လူရဲ့စိတ်ကို ကျေနပ်ပြေလျှော့စေပါတယ်။

(၂)ဘဝက ပေးလိုက်တဲ့သန္ဓေ။ ။ ကျမမှာ “စိတ်” နှစ်မျိုးရှိတယ်.။ခံစားလွယ်ပြီး အရမ်းပျော့တဲ့“စိတ်” ကြောင့် အရှုံးနဲ့ရင်ဆိုင်တွေ့တဲ့အခါတိုင်း စိတ်ကိုလွှတ်ပြီး အချိန်အတိုင်းအတာ တစ်ခုအထိ ဝမ်းနည်းပြစ်လိုက်တာပါပဲ..။ အဲဒီလို ရှုံးနိမ့်မှုတွေနဲ့ကြုံတွေ့ပြီးတိုင်းလည်း ကျမမှာ အားအင်သစ်တွေ ထပ်တိုးလာတတ်ပါတယ်။ လက်ဝှေ့
ကြိုးဝိုင်းထဲက လိုပါပဲ..၊ လဲကျသွားပြီးရင် တဖက်လူနဲ့ ရင်ဆိုင်ဖို့အတွက် ပြန်ထရပါတယ်။ ကြိုးဝိုင်းထဲကို ဝင်လာကတည်းက ...အရှုံးပေးဖို့ ဝင်လာတာမှမဟုတ်တာ..။တစ်ကြိမ်(သို့) တစ်ကြိမ်မက ရှုံးခဲ့ဖူးတာပါ။
ဘဝဆိုတာအရှုံးပေးဖို့ချည်းသက်သက်ဖြစ်လာတာ မဟုတ်ပဲ..။ကိုယ်ကပဲလည်း အမြဲအနိုင်မရနိုင်သလို အမြဲတန်းလည်း ရှုံးမနေတတ်ပါဘူး။

(၃)မျှတစွာ နားလည်ပေးခြင်း။ ။ ကျမစဉ်းစားတယ်..၊ ဘာကြောင့် ကျမ တိုက်ခိုက်ခံခဲ့ရတာလည်း၊ တဖက်လူကို ကျမဘက်က နာကျင်စေခဲ့ဖူးတယ်ဆိုရင်တော့ သူ့ရဲ့တန်ပြန်တုန့်ပြန်မှုကို ကျမပြန်ခံစားပေးရတာ မျှတပါတယ်။ ဒါဆိုရင်တော့ သူ့ကို ကျမခွင့်လွှတ်ပေးရမှာပေါ့။ အဲဒီလိုမှမဟုတ်ပဲ နစ်နာအောင် အကြောင်းမဲ့ တိုက်ခိုက် လာတယ်ဆိုရင်တော့ ခွင့်လွှတ်သည်းခံခြင်းဟာ အောင်မြင်ခြင်းဆိုပေမယ့် ပုထုစင်ဖြစ်တဲ့ကျမအတွက် (အညှိုးအတေးနဲ့ပြန်လည်မတုန့်ပြန်ပေမယ့်လည်း )
“သက်ရောက်မှုတိုင်းမှာ တန်ပြန်တုန့်ပြန်မှုတွေရှိတယ်”...ဆိုတဲ့ သဘာဝတရားကိုတော့.....
-------------------------------------------------
*အထက်ပါ ခံစားချက်များသည် စီးပွားရေး၊ လူမှုရေးများနှင့် ပတ်သက်သော တိုက်ခိုက်မှု၊နာကျင်စေမှုများနှင့်သာ အကြုံးဝင် ပါသည်။ အကယ်၍ ကိုကိုးအိမ် ကို တဖက်လူက အချစ်နဲ့ပတ်သက်ပြီးနာကျင်စေခဲ့တာ ဆိုရင်တော့ ကျမပြောခဲ့တဲ့ အချက်တွေနဲ့ မည်သို့မျှ မသက်ဆိုင်ပါကြောင်း။
--------------------------------------------------
ကျမ၏ ပြန်လည်ဖြေဆိုမှုကို ကိုကိုးအိမ် အနေနှင့် ကျေနပ်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်..၊ရွှင်လန်းချမ်းမြေ့ပါစေရှင်...။

Anonymous said...

အဟား ကျွန်တော်က အချစ်နဲ့ပတ်သက်လို့မဟုတ်ပါဘူး
ဗျာ ကျွန်တော့သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို
တစ်ချိန်က ဘလော့လောကမှာ အရှက်ရစရာတစ်ခုကို
စိတ်တိုင်းကျဖန်တီးယူခဲ့ဖူးတာပါ။ ဒါပေမယ့်လူတွေက
ကျွန်တော့်ကိုပဲတစ်မျိုးထင်သွားကြတာလေ။ကျွန်တော်
တော်တော်ခံစားလိုက်ရပါတယ်။ နတ်သမီးက ဒီလိုမျိုး
စိတ်ရှည်လက်ရှည်ပြန်ဖြေပေးလို့ကျေးဇူးတင်ပါတယ်ခင်
ဗျာ.။ နတ်သမီးရဲ့ဘလော့ကို အချိန်တိုင်းဖတ်နိုင်ဖို့
ကျွန်တော်လင့်ခ်ချိတ်ထားပါတယ်..နတ်သမီးကို ကျွန်
တော့်ရဲ့ ရိုးလ်မော်ဒယ်တစ်ယောက်အဖြစ်သတ်မှတ်လိုက်ပါတယ်
။းးး

ကိုကိုးအိမ်

PhyoPhyo said...

တော်တဲ့ထက်တဲ့မိန်းကလေးမို့ လေးစားမိတယ် ..
သာယာပျော်ရွှင်တဲ့ဘ၀လေးတည်ဆောက်နိုင်မယ်လို့လဲ ယုံကြည်ပါတယ် ..
ခင်မင်တဲ့

sosegado said...

အသိတရားတွေ ရေးတဲ့ထဲမှာ မအိန်ဂျယ်က တစ်မျိုးထွက်လာတယ်၊ ဖတ်လို့ကောင်းသလို မှတ်သားစရာတွေလဲပါပါတယ်၊
အဲဒီ မတူတဲ့ အသိတရားတွေကို မချောတစ်ယောက် ပြန်စုပေးရင်ကောင်းမယ်ထင်တယ်၊

ဝေလင်း said...

အစ်မရေ..
အစ်မမောင်ကို လာဆုံးမလဲ့အုံး
အစ်မအတွေးတွေက လှသလောက် ပြတ်သားတယ်။ တည်ငြိမ်တယ်။ တိကျတယ်။
လေးစားတယ်။ တကယ်ဖြစ်လာမယ်လို့လည်း ယုံကြည်တယ်။

Anonymous said...

ရင်ထဲက အတွေးလေးတွေ လာဖတ်သွားပါတယ် နတ်သမီးရေ.. ဆန္ဒလေးတွေ တကယ်ဖြစ်လာမှာပါနော်..

သိင်္ဂါကျော်

ငြိမ်းချမ်းအိမ် said...

ခံစားချက်အပြည့်နဲ့ ရေးတဲ့ပုံပေါ်တယ်၊ ငါလဲ ထောက်ခံတယ်။

ရွှေနတ်သား said...

ဒီပိုစ့်လေးကို ကြိုက်မိတယ်ဗျာ..
ကျွန်တော်တို့ နိင်ငံမှာလိုအပ်နေတာစည်းကမ်းပါဘဲ....ယဉ်ကျေးပါတယ်ဆိုတဲ့ နိင်ငံမှာလမ်းဘေးကေ၇အိုးစင်ကခွက်လေးတောင်သံကြိုးလေးနဲ့ ခတ်ထားတာတွေ့ ၇တော့
စိတ်မောမိတယ်အမေ၇....စည်းကမ်းနဲ့အသားကျဖို့  ကျွန်တော်တို့ အများကြီးကျိုးစားရပါဦးမယ်....အခုေ၇ာက်နေတဲ့ နိင်ငံမှာတော့ အမှိုက်တောင်အမျိုးအစားခွဲပစ်နေ၇တာလေ..မြန်မာမှာလို ဖြစ်သလိုစုပြုံပစ်လိုက်လို့ ကတော့ ၇ှင်းလိုက်၇မဲ့ဖြစ်ခြင်း....ကျွန်တော်တို့ ကောင်းတဲ့ အပြု အမူတွေဆို အတုယူသင့်တယ်ဗျာ

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger