Monday, March 1, 2010

အော့လစ်ဗ်(Olive)



2009, October လရဲ့တနင်္ဂနွေနေ့လေးတနေ့မှာ ကျမတို့ဆိုင်က အလုပ်သမားတွေ စုပြီး သူဌေးရဲ့ယာတောထဲမှာ အော့လစ်ဗ်(Olive)သွားခူးကြတုန်းက ရိုက်ထားတဲ့ပုံလေးတွေပါ..။ဆွေစဉ်မျိုးဆက် တောင်ယာလုပ်ငန်းနဲ့ အသက်မွေးလာခဲ့တဲ့ စားသောက်ဆိုင်(၅)ဆိုင်ပိုင်ရှင် ဖြစ်တဲ့ ကျမရဲ့သူဌေးဟာ သူ့ရဲ့ယာတောကိုမစွန့်လွှတ်နိုင်ပဲ သူဝါသနာပါရာ စိုက်ပျိုးရေးအလုပ်ကို သူ့ရဲ့အားလပ်ရက်များမှာ အပန်းဖြေရင်း သီးပင် စားပင်များကို စိုက်ပျိုးလျှက်ရှိပါတယ်။

သူပိုင်ဆိုင်သော စားသောက်ဆိုင်(၅)ဆိုင်ကို ကျွမ်းကျင်စွာ ဦးစီးလုပ်ကိုင်ရင်း စိတ်ပင်ပမ်း၊လူပင်ပမ်းဖြစ်လာတဲ့အခါမျိုးမှာ ယာတောထဲကိုသွားပြီးအနားယူတတ်ပါတယ်။ သူစိုက်ပျိုးထားသည့် အပင်များကတော့ ပန်းသီးပင်၊ ရှောက်သီးပင်၊ စပျစ်ပင်နှင့် အော့လစ်ဗ်(Olive) ပင်တို့ပဲဖြစ်ပါတယ်။
“(၁)ရက်ပျော်ချင်လျှင် အရက်သောက်
(၁)နှစ်ပျော်ချင်လျှင် မိန်းမယူ
(၁)သက်လုံးပျော်ချင်လျှင် သစ်ပင်စိုက်” ဆိုတဲ့စကား ....အရ သူဝါသနာပါရာ စိုက်ပျိုးရေးလုပ်ငန်းအတွက် သူ့ရဲ့ကိုယ်ပိုင်အချိန်များထဲမှ အချိန်တချို့ကို စိုက်ပျိုးရေးလုပ်ငန်းအတွက် ဝေမျှအချိန်ကုန်စေရင်း အော့လစ်ဗ် (Olive)သီးများမှ ထွက်ရှိသော အော့လစ်ဗ်ဆီကို သူ၏ စားသောက်ဆိုင်တွင် အသုံးပြုရန် ခြံထွက် အော့လစ်ဗ်သီးများကို ဝန်ထမ်းများ၏ အကူညီဖြင့် နှစ်စဉ်ခူးယူလေ့ရှိသည့် အစဉ်အလာအရ ကျမအပါအဝင် ဆိုင်မှဝန်ထမ်း(၂၀)ဟာ သူ၏ ယာတောထဲမှာ အော့လစ်ဗ်သီးများကို ခူးယူရင်း ရခဲ့တဲ့ ဗဟုသုတများကတော့....

(၁)နှစ်မှာ (၁)ကြိမ်သာသီးသော အော့လစ်ဗ်သီးများကို စက်တင်ဘာ လလယ်မှ အောက်တိုဘာ လကုန်ပိုင်းအတွင်း ရင့်မှည့်ချိန်ကိုကြည့်ပြီး ခူးယူရသည်။ အော့လစ်ဗ်သီးကို အကြမ်းအားဖြင့် အမဲသီး နှင့် အစိမ်းသီးအဖြစ် (၂)မျိုးခွဲခြားထားသည်။ အော့လစ်ဗ်သီးအမဲရောင်(Black Olive)မှ ထုတ်လုပ်သော အော့လစ်ဗ်ဆီကို ဟင်းသီးဟင်းရွက် သုတ်စားရာတွင်အသုံးပြုလေ့ရှိပြီး ၊ အော့လစ်ဗ်သီး အစိမ်းရောင်(White Olive)မှ ထုတ်လုပ်သော အော့လစ်ဗ်ဆီကို ဟင်းချက်ရာတွင်၎င်း၊ ဟင်းသီး ဟင်းရွက်များ သုတ်စားရာတွင်၎င်း၊ အသုံးပြုနိုင်သည်။
အော့လစ်ဗ်သီးကို ဆီအဖြစ်၎င်း၊ အရံဟင်း(တို့စရာ ကဲ့သို့ အချဉ်၊ အငံ ပုံစံ) အဖြစ်၎င်း၊ ပေါင်မုန့်အတွင်းထည့်၍ “အော့လစ်ဗ် ပေါင်မုန့်”အဖြစ်၎င်း၊မျက်နှာနှင့် ကိုယ်လိမ်းအလှဆီ(Cream)အဖြစ်၎င်း၊ ရေမွှေးအဖြစ်၎င်း(ဂရိ နိုင်ငံတွင် စမ်းသပ်ထုတ်လုပ်နေပြီဖြစ်သည်)၊ အသုံးပြုနိုင်သည်။
အော့လစ်ဗ်သီးကို စားသုံးခြင်းဖြင့် နှလုံးသွေးကြောနှင့် ပတ်သက်သည့်ရောဂါများ၊ အစာအိမ်တွင်းဖြစ်ပွားသည့် ရောဂါဘေးမှ ကင်းဝေးစေသည့်အပြင် ကိုယ်အလေးချိန်လျှော့ချခြင်း(Diet)လုပ်ခြင်းကိုလည်း အထောက်အကူပြုသည်။ ဆီစိမ်ထားသော အော့လစ်သီး၏ အရသာမှာ လ္ဘက်အသား၏ အရသာကဲ့သို့ ဖန်ခါးအရသာဖြစ်သည်။
[Image] အမဲရောင် အော့လစ်သီးများ(Black Olive)အော့လစ်ဗ်သီးများကို ခူးယူရာတွင် အပင်မြင့်ပါက အပင်၏ အောက်ခြေတွင် ဖုယောင်းပုဆိုးကဲ့သို့ အခင်းများကိုခင်းထားပြီး ခက်ရင်းကဲ့သို့သော ခွပေါက်တူးရှည်များဖြင့် အသီးများကို အပင်ပေါ်မှ ခြစ်ချ၍သော်၎င်း၊ မော်တာတပ်ထားသော စက်ဒလက်ငယ်များဖြင့် ဝှေ့ယမ်းခြွေချ၍ သော်၎င်း၊ အပင်၏ အကိုင်းအခက်များကို ခုတ်ပြီး မြေပြင်ပေါ်သို့ရောက်မှ အော့လစ်ဗ်သီးတလုံးစီကို ခြွေ၍သော်၎င်း၊ အပင်ပုလေးများမှအသီးများကို လူအားသုံး၍ တလုံးစီခူးပြီး လွယ်ထားသောလွယ်အိတ်ထဲသို့ထည့်၍သော်၎င်း၊ နည်းအမျိုးမျိုးဖြင့် ခူးယူကြရသည်။

ထိုမှတဆင့် ခြွေပြီးသားအော့လစ်ဗ်သီးများကို သေတ္တာများဖြင့်ထည့်ပြီး ဆီကြိတ်စက်ရုံသို့ပို့ရသည်၊ စက်ရုံမှ အော့လစ်ဗ်သီးများကို သန့်စင်ပြီး အော့လစ်ဗ်ဆီ ရသည်အထိ (၂၄)နာရီအတွင်း အဆင့်ဆင့်ကြိတ်ခွဲပြီး ပုံးများဖြင့်ထည့်ကာ ပြန်လည်အပ်နှံပေးသည်။
ထိုအော့လစ်ဗ်ဆီများကို (၂)ပတ်ကြာအောင် အနည်ထိုင်စေပြီး စတင်အသုံးပြုနိုင်ပြီဖြစ်သည်။
[Image]
အဲဒီနေ့က ကျမတို့ဝန်ထမ်းများအားလုံး နံက် ၈နာရီမှ ညနေ၆နာရီအထိ (ထမင်းစားချိန်မှအပ) အော့လစ်ဗ်သီးများကို ခူးယူပြီး စိတ်အပန်းဖြေခဲ့သည့် နေ့လေးအဖြစ် တင်ပြရင်း .....အော့လစ်ဗ်(Olive)သီးအကြောင်းကို ကျမသိသလောက် ဝေငှလိုက်ရပါသည်။

11 comments:

kiki said...

Olive အဆီ နဲ့ အသီး တွေရဲ့  အသုံးဝင်ပုံတွေက အများသားရယ် နော် ....ဗဟုသုတ ရပါတယ်။
ခြံထဲမှာ စိုက်ပျိုးရေးလုပ်ရတာ ကျန်းမာရေးလည်း ညီညွတ်တာပေါ့ ။ ရာသီဥတုကြည့်ရတာ ခြောက်သွေ့  နေပုံပဲနော် ။..အပေါ်ဆုံးတပုံကြည့်ရတာ စစချင်းတော့ ဘာမှန်းမသိ .. နောက်မှ ခါးကုန်းပြီး အပင်နှုတ်နေတဲ့လူတယောက် ကိုးးး

ဂျူနို said...

ကောင်းလိုက်တာ။ ဒီလို အခင်းထဲ ရောက်ဖူးချင်တာ။
olive ကို ဆီတော့ မကြိုက်ဘူး။ အသီးတော့ ကြိုက်တယ်။


မအယ်

ကိုဇော် said...

ဗဟုသုတ ရတယ် ညီမရေ..
နောက်လည်း ဒီလိုလေးတွေ ဖော်ပြပေးကွာ...
အကိုတို့ကတော့ ဘယ်မှ မထွက်ဖြစ်ဘူး..
ပျင်းနေတာနဲ့ အိမ်တွင်းပဲ ပုန်းနေတာ...

ပျော်ရွှင်ပါစေ
ကိုဇော်

ရီမိုးပြည့်  said...

မရေ...
ဗဟုသုတ လာယူသွားတယ်။ ဒီလိုဝေမျှပေးတာ ကျေးဇူးပါ

သဒ said...

မနတ်သမီးရေ...
မရောက်ဖူးတဲ့နေရာလေးကိုကိုယ်တိုင်ရောက်နေသလိုခံစားရပါတယ်။
ကျန်းမာပျော်ရွှင်ပြီး ဆန္ဒတွေပြည့်ဝပါစေ။
ခင်တဲ့
သဒ္ဓါ

ရွှေရတုမှတ်တမ်း said...

olive အသီးရော ဆီရောသဘောကျတယ်..
နတ်သမီးလေးနေကောင်းရဲ့လား၊ ဘကျောက်တော့ အလုပ်များနေလို့ ..သတိရပါတယ်

ချော (အစိမ်းရောင်လွင်ပြင်) said...

ဖတ်ရတာ ပျော်စရာကြီး
သံလွင်ဆီက ဆံပင်အတွက်လဲ ကောင်းတယ် ဆံပင်သန်တယ်တဲ့..
ပြီးတော့လေ.. ကိုယ်ဝန်သည်တွေ ကိုယ်ဝန် ဆောင်တဲ့အခါ ဗိုက်ကြောမပြတ်အောင် သံလွင်ဆီ နေ့တိုင်းလူးပေးရတယ်လို့ ကြားဖူးတယ်..
အစ်မလဲ အဲလို သစ်ပင်စိုက်ရတာ အသီးအနှံခုးရတာ အရမ်းပျော်တယ်..
နတ်သမီးရေးထားတာ ဖတ်ပြီး ကိုယ်ရောက်သွားသလို ခံစားလိုက်ရတယ်... :)

မိုးငွေ့...... said...

အောက်ဆုံးကပုံက သံလွင်သီးကို ဘယ်လိုလုပ်ထားတာလဲ စားချင်စရာပဲ..။ပြီးတော့ အဲဒီယာခင်းထဲကို လာလည်ချင်တယ်...။

ခင်မင်စွာဖြင့်
မိုးငွေ့

အဖြူရောင်နတ်သမီး said...

အဲဒါ ဆားစိမ်ထားတဲ့ အော့လစ်ဗ်သီးတွေလေ..မမိုးရဲ့...
ဆားစိမ်ပြီးသား အော့လစ်ဗ်သီးတွေကို အော့လစ်ဗ်ဆီနဲ့ပြန်နှပ်ထားတာ...
ငရုပ်သီးပွ၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီ၊တို့နဲ့ပါ ရောထားတာ..
မြန်မာပြည်က သနပ်စုံ လိုမျိုးအရသာဖြစ်သွားတာပေါ့...

မောင်ဘကြိုင် said...

စားချင်လာတယ် သွားရည်တောက်တောက်ကျချင်လာတယ် ဂလုဂလုနဲ့ လည်ချောင်းထဲက အသံတွေထွက်ချင်လာတယ်
ကျေးဇူးဗျာ မသိသေးတာတွေသိရလို့

ဒဏ္ဍာရီ said...

Olive ရဲ့ အသုံးဝင်ပုံကို လေ့လာဖူးတယ် နမ်း... Olive နဲ့လုပ်ထားတဲ့ လိုးရှင်းက တကယ့်ကို အသားအရည်အတွက် ကောင်းတယ်။

ခင်မင်လေးစားလျှက်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger