Pages

Wednesday, July 28, 2010

ပြုံးနေရင်...သတိထား




“ဧည့်ကြို” (Receptionist) ဆိုတဲ့အလုပ်ဟာ..ထင်သလောက် မလွယ်ကူတာကို...ကျမ၏ လုပ်သက်(၅)နှစ်တာ...သက်တမ်းအရ...သိရှိခဲ့ရသည်။
ကျမအလုပ်လုပ်သော...တရုတ်စားသောက်ဆိုင်ကြီးတွင်...အထပ်ပေါင်း(၃)ထပ်နှင့်
အထူးခန်း(Private Room) ၂ ခန်းပါရှိသည်။
ကျမ၏ အလုပ်မှာ..ဆိုင်ထဲသို့ ဝင်လာသမျှ ဧည့်သည်များကိုအပြုံးနှင့် ဆီးကြိုရသလို
စားပြီး၍ ဆိုင်ထဲမှပြန်ထွက်သည့်ဧည့်သည်များကိုလည်း နှုတ်ဆက်ရပြန်ပါတယ်..။
ဧည့်ကြိုဟာ ဧည့်သည်များအတွက် ပထမဦးဆုံးနှင့် နောက်ဆုံးမြင်ရသည့် သူ
(Receptionist is the First and the Last important face in the Restaurant)ဟု..ဆိုရိုးစကားရှိပါတယ်..။


ဆိုင်ထဲသို့ ဝင်လာသော ဧည့်သည်များ ပထမဦးဆုံးမြင်ရမှာကတော့
ဧည့်ကြိုဖြစ်သူ ကျမ၏ အပြုံးပဲ
ဖြစ်ပါတယ်..။

ကျမ၏ စိတ်ထဲက ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လုပ်ငန်းခွင်အတွင်း
တာဝန်နှင့်ဝတ်တရားအရ ပြုံးနေရသည့် ကျမအဖို့ ကြာလာတော့လည်း
ပြုံးရတာကို ငြီးငွေ့လာတတ်ပြီပေါ့...။


နေ့စဉ်နှင့်အမျှ ဤစားသောက်ဆိုင်ကြီး၏.လှေခါးထစ်များပေါ်တွင်
တက်လိုက် ဆင်းလိုက်နှင့် ပြေးလွှားရင်း ဧည့်သည်များကိုနေရာချပေးရသော
ကျမ၏ အလုပ်မှာ ကျမပျော်မွေ့ရပေမယ့် တခါတရံ ကျပြန်တော့လည်း
ပြဿနာရှာတတ်သော ဧည့်သည် ၊နေရာထိုင်ခင်းအတွက် ဂျီးများတတ်သော
ဧည့်သည်များနှင့် ကြုံတွေ့ရသည့် အခါမျိုးတွင် ကျမတယောက် ဒေါပွပြီး

စိတ်အလိုမကျ ဖြစ်ရင်း အဓိပ္ပါယ်မဲ့စွာ ပြုံးတတ်လာပါတယ်။

ဧည့်သည်များကို သတ်မှတ်ထားသော စားပွဲသို့ ကျမမှ ဦးဆောင်၍ခေါ်ဆောင်သွားရာ လမ်းတလျှောက်တွင် အခြားစားပွဲများကို ဖြတ်သန်း၍ သွားရာ၌ ကျမမြင်တွေ့သမျှ
ဝန်ထမ်းများ၏ အမှားများ ဧည့်သည်များအား ဂရုစိုက်ရန်လိုအပ်ချက်များကို
တွေ့မြင်ရသည့် အခါမျိုးမှာ ဝန်ထမ်းများအား အပြုံးမပျက်ပဲ မျက်လုံးနှင့်

လိုရာကိုပြောတတ်သည့် ကျမ၏ အမူအရာကို ကျမ၏ လုပ်ဖော်ကိုင်ဖက်များက အကျွမ်းတဝင်ရှိနေပြီ ဖြစ်သည်။

ဧည့်သည်များကို သတ်မှတ်ထားသော စားပွဲဆီသို့ ကျမမှဦးဆောင်၍
ခေါ်သွားစဉ်တွင် ဘေးတဖက်တချက်မှ ဝန်ထမ်းများအား စကားလှည့်ပြောပိုင်ခွင့်
မရှိသော ကျမအတွက် မျက်လုံးအမူအရာဖြင့်သာ စကားပြောရခြင်းဖြစ်သည်။

မျက်လုံးနှင့်စကားပြောခြင်းကို ကျမဘက်မှ အတော်ကြွမ်းကျင်နေပြီဖြစ်သလို
လုပ်ဖော်ကိုင်ဖက်များကလည်း ကျမ၏မျက်လုံးအမူအရာကို အတော်နားလည်နေကြလေပြီ။

သာမာန်လူတယောက်အတွက် ကျမ၏ အပြုံးမှာ တမျိုးတည်းဟုသာ
ထင်ရသော်လည်း နှစ်ပေါင်းများစွာ ကျမနှင့်အတူလက်တွဲလုပ်ကိုင်လာသော
သူငယ်ချင်းများမှာမူ အဓိပ္ပါယ်ကွဲပြားခြားနားသော ကျမ၏အပြုံးကို နားလည်နေလေပြီ။


နေ့စဉ်နဲ့အမျှ ပြုံးရယ်ပြီး ဧည့်သည်ပေါင်း (၂၅၀)ကျော်ကို နှုတ်ဆက်ရသော ကျမ၊
ပြုံးရယ်ပြီး သူတို့၏ အလိုကို လိုက်နေရသော ကျမ အဖို့ ဘယ်မှာလာပြီး စိတ်ရှည်ပါတော့မည်နည်း..။

“Custamers are always Right” ဆိုတဲ့ စည်းမျဉ်းဥပဒေကြောင့် ကျမ၏စိတ်တွင်းဖြစ်ပေါ်လေ့ရှိသော စိတ်မကျေနပ်မှုများ စိတ်ကသိကအောက်ဖြစ်မှုများကို
ု မြိုသိပ်သည်းခံပြီး ပြုံးရသည့်အခါမျိုးတွင် ကျမ၏မျက်နှာပြင်မှ
အေးစက်သောအပြုံး မျိုးကိုသာ တွေ့ရပါလိမ့်မည်...။

ကျမ၏ အကျင့်တခုမှာ...

ပြုံးသည်......
ပြုံးနေသည်........
အမြဲတန်းပြုံးသည်.........
စိတ်အလို မကျလျှင်......ပိုပြုံးသည်........
စိတ်ဆိုးလျှင်.........ပိုတိုး၍ ပြုံးသည်........

အဲဒီ အတွက်.....ကျမ၏ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများ.....
ကျမ၏ နောက်ကွယ်တွင် ချစ်စနိုးနှင့် ပြောလေ့ရှိသော....
စကားတခွန်းကတော့.....
“Receptionist ပြုံးနေရင်...သတိထား”....တဲ့...။

(ဒီနေ့...စိတ်အလို မကျတာလေး တစ်ခုကြောင့်....ကျမ၏ မျက်နှာပြောင်းလဲနေသည်ကို....သူငယ်ချင်းတစ်ယောက်မှ....
အကဲခတ်မိ၍.. ကျမအားမေးမြန်းရာမှ...ဤPost လေးကို ရေးဖြစ်ခဲ့ခြင်းဖြစ်သည်)

21 comments:

  1. :-( မဲ့တတ်အောင် သင်ပေးခဲ့တယ် ဂျီးတော် ... ပြုံးနေတာ ကောင်းတာပေါ့ .. မချိပြုံးတော့ မဖြစ်စေနဲ့ပေါ့။

    ReplyDelete
  2. မနမ်းရေ ဟိုတယ် FO တွေရဲ့ဘ၀ကတော့ အဲလိုပါပဲ။ ပျော်လည်းပြုံးပြရ စိတ်ညစ်လည်းပြုံးပြရ စိတ်ပါပါ မပါပါ ပြုံးပြနေရတာပါပဲ။ အဲတော့ ကိုယ့်အတွက်အမြတ် ထွက်အောင်လုပ်ရမှာပါ။ နေချင်သလိုမနေရတဲ့ဘ၀မှာ နေရတဲ့အတိုင်းပျော်အောင် နေတတ်ရင် ပျော်စရာချည်းပါပဲအမရာ။ ဘယ်သူမဆို ပျော်ချင်တာပေါ့နော့။ သူများကတော့ ကိုယ့်အပြုံးကိုမြင် ရပြီး ကိုယ်ကတော့ စိတ်ညစ်နေရမယ်ဆို ဘယ်တန်ပါ့မလည်းလေ။ အဲတော့ ကျွန်တော်ဆိုရင် ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် ဘယ်လောက်ပဲစိတ်ညစ်ညစ် ပျော်စရာ ရယ်စရာလုပ်ပစ်လိုက်တာပဲ။ အားလုံးဟာ နေတတ်ရင် ပျော်စရာချည်းပါ။ မနမ်း ရုပ်အပြုံးနဲ့ စိတ်အပြုံးတစ်ထပ်တည်းကျပါစေဗျာ။

    ခင်မင်လျှက်
    ကိုကိုးအိမ်

    ReplyDelete
  3. ပြုံးနေရင် တကယ်သတိထားရမှာ...
    ကိုယ်တွေ့...ကိုယ်တွေ့

    ReplyDelete
  4. ဘာပဲဖြစ်ဖြစ်ပေါ့ နတ်သမီးရယ်.. ပြုံးနေတာက မဲ့နေတာထက်တော့ ပိုပြီး ကြည့်လို့ကောင်းနေမှာပါ။ :)

    ReplyDelete
  5. ကျနော်ကတော့ မကြိုက်ရင် ဘယ်လိုမှ ထိန်းမရသော မျက်နှာတစ်ခုကိုပဲ ပိုင်ဆိုင်တယ်။ ဟန်မဆောင်နိုင်တာလည်း ဖြစ်မယ် ထင်တယ်။ ဒီလိုပါပဲ ဖြေးဖြေးချင်း ပြီးသွားမှာပါ။

    ReplyDelete
  6. နှပ်သမီးလေးရေ...... ဖတ်နေရင်းမြင်ယောင်လာတဲ့ အထိရေးတတ်ပါပေတယ်... ညီမလေးက တကယ် အရည်ချင်းရှိတဲ့ အတွေးခေါ်ထကိမြက်တဲ့ အမျိုးသမီးပဲ... ဘလော့မွေးနေ့လာရမှာပေါ့.... ဂလောက်ခင်တာ...း)

    ReplyDelete
  7. ဟုတ်တယ်..စိတ်မပါပဲ ပြုံးရတာ သိပ်ခက်တယ်.. ဒါကိုလုပ်နိုင်တယ်ဆိုရင် သိပ်ချီးကျူးဖို့ကောင်းတယ်...
    (ဒါနဲ့ Customers ဖြစ်လိမ့်မယ်ထင်ပါတယ်..)


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  8. ဖတ်နေရင်း ငိုချင်စိတ်တောင်ပေါက်သွားတယ်..။

    ReplyDelete
  9. ပြုံးလျက်သာထားတဲ့
    အမုန်းဖက်တွယ်အားတွေက
    အဆုံးသတ်မှာ ပုန်းမကွယ်ရက်တာ
    လုံးဝကို ကျဆုံးတဲ့နေ့ ......
    ပြုံးလျက်သာနေမှာလား ..
    အဲဒီအပြုံး .. လူလုံးလုံးစဖြစ်တဲ့နေ့ကပေါ့ ..
    ခုတုံးလုပ်ခံရတာတွေက ထုနဲ့ထေး ..... ။

    .........ဂျာနယ် ..
    နှစ်လိုဖွယ်ရာတွေက မေးမြန်းချက်မှာ
    အတွေးဆန်းအရပ်တွေဖြစ်ထွန်းနေတာ သိလိုက်ချိန် .
    ............ နဲ့ တန်အောင် မှတ်သားထားသလို
    အပိုအလိုမရှိ ....။

    IDULIZE(အရုပ်ကလေး )

    ReplyDelete
  10. ပြုံးတိုင်းလည်း ကြောက်စရာ မဟုတ်ပါဘူး ညီမနတ်သမီးရယ်...၊အပြုံးအမျိုးမျိုးထဲမှာ မချိပြုံးက ကိုယ်တိုင်အတွက် အခက်ဆုံးပဲ...။ ညီမကတော့ ဘယ်လိုပြုံးပြုံး ချစ်စရာလေး နေမှာပါ...

    ညီမရေ အမ လူရောစိတ်ရော မအားလို့ ခုမှရောက်ပါတယ်...လင့်ခ်အတွက်လည်း ကျေးဇူးတင်တယ်နော်...:)

    ReplyDelete
  11. နတ်သမီးရေ ရောက်တာတော့ နေ့တိုင်းနီးပါးရောက်တယ်... မမန့်ခဲ့ဖြစ်တာပါ... ဘလော့ ၁ နှစ်ပြည့်မွေးနေ့လဲ လာမယ်သိလား... ၁ နှစ်မပြည့်လဲ လာမယ်... ဘာပဲပြောပြော နတ်သမီးက ပြုံးနေရင် အရမ်းလှ.... ပူးတေကျတော့ စိတ်ကဖြစ်တာ မျက်နှာမှာ တခါထဲတန်းပေါ်တာပဲ... မပြုံးချင်ပဲ ပြုံးလို့မရဘူး... စိတ်ပါမှ ပြုံးလို့ရတယ်... နတ်သမီးလို အရည်ချင်းလေးရရင် လိုချင်ပါဘိ... မကျေနပ်ရင်လဲ ပြုံးပြုံးလေး... မြင်တဲ့လူ ဘယ်လောက် စိတ်ချမ်းသာလိုက်မလဲ

    ReplyDelete
  12. အားပေးနေပါတယ်။
    ဆက်လက်ပျော်ရွှင်စွာဘလောက်ဂင်းနိုင်ပါစေ
    ခင်မင်လျက်
    နန်း

    ReplyDelete
  13. မနန်းရေ..
    ခင်လို့ခေါ်လိုက်ပြီနော်..။ပိုစ့်ထဲမှာပါတယ်ဆိုလို့
    ရင်ခုန်လိုက်တာ...။
    ဒီလိုပဲလူ့လောကကြီးထဲမှာမပြုံးချင်သော်လည်း.
    ပြုံးနေရတဲ့အခြေအနေတွေကြားထဲမှာလှုပ်ရှား
    နေကြရတာပဲနော်..။
    ခင်တဲ့
    သဒ္ဓါ

    ReplyDelete
  14. ဘလော့တစ်နှစ်ပြည့်ကို မျှော်လင့်စောင့်စားနေကြောင်းပါ...

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  15. စိတ် အလို မကျပဲ လဲပြုံး နိုင်တာ တော်တာပေါ့။ ကျနော်ဆို သရုပ်ဆောင် လုံးဝ မကောင်းဘူး။ မကျေနပ် ရင် ချက်ချင်းတုံ့ပြန်တတ်လို့ လူရှည် သလောက် စိတ်တိုတယ် လို့ လုပ်ဖော်ကိုင်ဖက်တွေက ပြောလေ့ရှိတယ်။ အဓိက ကိုယ့်ရဲ့ လုပ်ရပ်တွေ ကအမြဲ ပရော်ဖက်ရှင်နယ် ဖြစ်နေဖို့ပဲ။

    ReplyDelete
  16. အဖြူရောင်နတ်သမီးလေးရေ
    ဒီလိုလေး ပြုံးတတ်အောင်ကို ကျင့်ထားရတာ ဆိုတဲ့ သူငယ်ချင်းမ တစ်ဦးရဲ့ စကားလေးကို သွားသတိရတယ် ကျွန်တော်တို့ကတော့ အခုထိကို မပြုံးတတ်သေးဘူးဗျာ

    ခင်မင်စွာဖြင့်
    seesein

    ReplyDelete
  17. မနမ်းရေ ကျွန်တော် အမရဲ့ ဘလော့တစ်နှစ်ပြည့်အတွက် မွေးနေ့လက်ဆောင်ကဗျာပို့စ်လေး တင်ထားပါတယ်။
    လာဖတ်ပါဦးနော်။ စီဘောက်မတွေ့လို့ မန့်ထားခဲ့တာပါ။

    ခင်မင်လျှက်
    ကိုကိုးအိမ်

    ReplyDelete
  18. စိတ်တို၊ဒေါသဖြစ်ခြင်းကို
    အပြုံးနှင့်ဖုံးကွယ်နိုင်ဖို့ဆိုတာ..တကယ်မလွယ်ကူပါ။
    ခိုင်နုတော့..စိတ်ဖြင့်မတိုရသေး
    ဒေါသကရှေ့ရောက်နေတတ်တာ။
    မနမ်းလိုပြုံးကြည့်အုံးမှ....
    အဲ..ဘလောပ့်မွေးနေ့မဖိတ်ပေမယ့်
    နက်ဖန်အရောက်လာလည်ပါမည်လို့...........


    ခင်မင်စွာဖြင့်
    ခိုင်နုငယ်

    ReplyDelete
  19. အင်းးးးး
    ဒီလိုပါပဲလေ
    ညီမလည်း ပြုံးတတ်နေပါပြီ .. :D
    စိတ်မပါလည်း ပြုံး ပါလည်း ပြုံး
    အော်တိုမစ်တစ် ပြုံးပြီးသားကို ဖြစ်နေပါရောလား ..း))

    ReplyDelete
  20. အဖြူရောင်နတ်သမီး ရေကြိုက်ပါတယ် ဒီပိုစ့်ကို..ကျွန်တောဆီလဲ လာလည်ပြီး အကြံ ပေးပေးကါနော်.......
    နေဘုန်းလျှံ..

    ReplyDelete
  21. လူ့ လောကထဲမှာ တစ်ဆစ်ချိုး အပြုံးတွေကို လိုအပ်သလို အသုံးချနေရပေမယ့် အပြုံးစစ်စစ်ရဲ့ တန်ဖိုးကိုတော့ မမေ့နိုင်အောင် ကြိုးစားနေရမှာပါနော်။
    ငြိမ်းစိုးဦး

    ReplyDelete

Name/Url မှာ မိမိတို့ရဲ့ အမည်ကို ထည့်ပြီး Url မထည့်ပဲ Comment ပေးခြင်းအားဖြင့် Malware ရန်မှကင်းရှင်းနိုင်ပါသည်။