Pages

Sunday, July 18, 2010

ဗလာမဲ့ ပစ္စုပ္ပန်


Holiday ကုန်ဆုံးလို့
လုပ်ငန်းခွင်ထဲ ပြန်ရောက်ခဲ့တာ
ဒီနေ့ဆိုရင် တပတ်ပြည့်ပြီပေါ့....။

ည၇နာရီခွဲပြီ...
ဆိုင်ထဲကိုဝင်လာတဲ့ ဧည့်သည်တွေ
တသုတ်ပြီး တသုတ်...တဖွဲ့ပြီးတဖွဲ့
ဝင်လာမဆဲ တဖွဲဖွဲပေါ့...။

မီးဖိုထဲက
အားကြိုးမန်တက် အပြိုင်အဆိုင်ချက်ပြုတ်နေကြတဲ့
အကြော်ဆရာတွေရဲ့ ချွေးသံရွှဲရွှဲနဲ့
သူတို့ရဲ့မျက်နှာပေါ်က ခံစားချက်
သူတို့မိသားစုအတွက် ဘဝရဲ့တိုက်ပွဲတခုကို
တိုက်ပွဲဝင်နေသလိုပါပဲ...။

အငွေ့တထောင်းထောင်း ထနေတဲ့
ဟင်းပွဲအပြည့်နဲ့ ဘန်းကိုသယ်လာတဲ့
စားပွဲထိုးလေးတွေရဲ့ အားအင်တွေ....
မောပမ်းနွမ်းနယ်မှုကို လစ်လျှူရှူလို့
စားသုံးသူ ဧည့်သည်တွေအတွက်
အပြုံးအပြည့်နဲ့ ဝန်ဆောင်မှုတွေ ပေးနေကြတယ်...။

ဟာသနှောလို့ အပြောကောင်းတဲ့
စားပွဲထိုးတရုတ်မလေးတယောက်ကြောင့်
ဆိုင်ထောင့်စွန်း စားပွဲက ဧည့်သည်တချို့“ ပွဲ”ကျနေကြလေရဲ့...

ပျော်ရွှင်ရယ်(ရီ)မောနေတဲ့ သူမရဲ့ခံစားချက်အစစ်အမှန်
ထုတ်ဖော်ဖွင့်ပြခွင့် မရရှာတဲ့ သူမရဲ့ဘဝ
သူမရဲ့မိခင်...မနေ့က တရုတ်ပြည်မှာဆုံးသွားတယ်ဆိုတဲ့သတင်း...
မိခင်ရဲ့ဇာပနကို တက်ခွင့်မရရှာတဲ့သူမ...
ဘယ်မှာလာလို့ ပျော်နိုင်မှာတဲ့လဲ....

သူမအတွက်...မိသားစုအတွက်...ငွေလိုတယ်...
နိုင်ငံခြားမှာ စာချုပ်နဲ့ အလုပ်လုပ်နေရတဲ့
သူမရဲ့ဘဝ...သူမမှမပိုင်တော့ပဲ....။
အားရအောင် ငိုပိုင်ခွင့်မရှိတဲ့သူမ...
ဧည့်သည်တွေမမြင်အောင်
မျက်ရည်တွေကို သုတ်လိုက်တယ်...
ပြီးတော့ အလှဆုံးအပြုံးမျက်နှာနဲ့
ဟာသစကားလုံးတွေရှာရင်း ဧည့်သည်တွေကို ဆက်ပြီးဧည့်ခံနေလေရဲ့။

“စပိန်...စပိန်”...တဲ့
“ဟော်လန်...ဟော်လန်”...တဲ့
လူတွေအော်နေကြတဲ့
ဘေးဆိုင်က အရက်ဘားမှာ ပြနေတဲ့ ဘော်လုံးပွဲမြင်ကွင်း...
ငါ့အတွက် “စပိန်”..ဟာ အရေးမကြီးသလို..
“ဟော်လန်” ဟာလည်း အရှင်သခင်မဟုတ်ခဲ့ဘူး...
ငါကတော့...“ဧည့်သည်...ဧည့်သည်...လာ..လာ..”...လို့ စိတ်ထဲက ခေါ်နေမိတယ်...။

ငါဟာ စားသောက်ဆိုင်တခုက ဧည့်ကြိုတယောက်
ငါ့အလုပ် ငါလုပ်နေတယ်...
ဆိုင်ထဲကို ဧည့်သည်အများဆုံးသွင်းနိုင်ရမယ်...
ဧည့်သည်အားလုံးကို အပြုံးနဲ့ကြိုဆိုရမယ်...
အပြုံးနဲ့နှုတ်ဆက်ရမယ်....
ဧည့်သည်ပျော်အောင်လုပ်နိုင်ရမယ်...
ဒါဟာ..ငါ့ဘဝ

အဲဒီဘဝထဲမှာပဲ...
ငါဟာ...တရက်ပြီးတရက်...
တလပြီး..တလ...
တနှစ်ပြီး..တနှစ်နဲ့...ဖြတ်သန်းကုန်ဆုံးရင်း...
ငါလိုချင်တဲ့ ဒေါ်လာတွေ...ယူရိုတွေ...
တရွက်ပြီးတရွက်...တထပ်ပြီးတထပ်...
ဟားဟား...ငါ ရခဲ့တယ်ဆိုပါတော့
ငါ...တကယ်ကျေနပ်ရဲ့လား...တကယ်ပျော်ရဲ့လား...
အဲဒါ...ငါ့ဘဝအတွက်တဲ့လား...
ငါ...သက်ပြင်းတချက်ချလိုက်တယ်...။

စားပွဲတခုပေါ်က ဧည့်သည်စားပြီးသွားတဲ့ ပုဂံတွေကိုသိမ်းရင်း
ပြောင်လက်နေတဲ့ နံရံပေါ်က ငါ့ပုံရိပ်ကို ကြည့်မိသွားတယ်...
မိတ်ကပ်အဖွေးသားနဲ့...ငါ
သိပ်လှနေသလိုပဲ...။

ဧည့်သည်တွေ ပြောနေကြတဲ့ အသံကို ငါ သဲ့သဲ့ကြားလိုက်ရတယ်
“ဧည့်ကြိုမလေးက လှလိုက်တာ”...တဲ့
ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြည့်မိတယ်...
ငါ..တကယ်လှရဲ့လား
ငါ့ဘဝကရော...တကယ်လှရဲ့လား...။

အတွေးမဆုံးခင်မှာပဲ...
”Excuse me, ...Can I have the bill”....တဲ့
စားပွဲဝိုင်းတခုက အမျိုးသမီးတယောက်ရဲ့အသံ
သူ့မျက်နှာမှာ မိတ်ကပ်မရှိဘူး
သူ့လည်ပင်းမှာ ရွှေဆွဲကြိုးမရှိဘူး
သူ့နားမှာ စိန်နားကပ် မပန်ထားဘူး..
ဒါပေမယ့်...
သူ့ရင်ခွင်ထဲက ရင်သွေးလေးကို မြှူနေတဲ့ သူ့အပြုံးမှာ
ပျော်ရွှင်မှုတွေရှိတယ်...လွတ်လပ်မှုတွေရှိတယ်...ငြိမ်းချမ်းမှုတွေရှိတယ်...
အိမ်ထောင်ဦးစီးရှိတယ်...သားသမီးရတနာရှိတယ်...မိသားစုရှိတယ်...
အဲဒါ...သူ့ဘဝရဲ့ ပြည့်စုံမှုနဲ့ သူ့ရဲ့အလှတရားတွေပဲပေါ့..။
သူနဲ့ယှဉ်ရင် ငါ့ရဲ့အလှတရားက “ဗလာ”

ငါပိုင်တဲ့..ငါ့ဘဝ...
ငါ့ရဲ့ လွတ်လပ်မှု..
ငါ့ရဲ့ အချိန်တွေကို ငါကိုယ်တိုင်ရောင်းစားခဲ့တာ..
ငါ့ဒေါသနဲ့ငါပဲ...
ငါ..ဘာလုပ်သင့်သလဲ...
ရှေ့တိုးမလား...နောက်ဆုတ်မလား...။

ဧည့်သည်တွေလည်း ပြန်ကုန်ပြီ
မီးတွေ မှိတ်လို့ ဆိုင်လည်းသိမ်းပြီ
ငါ....
အတွေးစတွေကို ဖြတ်လိုက်တယ်...
မပြီးဆုံးနိုင်သေးတဲ့ ငါ့ ဘဝအတွက်
ပေးဆပ်မှု(သို့) ရယူမှု တခုအတွက်
မနက်ဖြန်များစွာအတွက်
ငါ...အားမွေးရအုံးမယ်.....။

24 comments:

  1. ဒီလိုပဲ တိုးတိုးတိတ်တိတ်
    ကျိတ်မှိတ်ရက်ဆက် နဲ့
    အားထပ်မွေးနေရတာပါပဲ။
    ဘယ်မှာမှန်း မသိတဲ့ အနာဂတ်တစ်ခုအတွက်...
    တစ်ရက်ရက်နဲ့ ကုန်ဆုံး သွားခဲ့တာပေါ့။

    ( ကဗျာ ရေးပေးနေပါတယ်။ တစ်ပုဒ် ပြီးသွားသော်လည်း မကြိုက်သေး၍ မပို့ဖြစ်သေးပါ။ )

    ReplyDelete
  2. ကျေးဇူးပါ ကိုဇော်ရေ...
    သူငယ်ချင်းတွေဆီက ပေးပို့မယ့် ကဗျာလေးတွေကို မျှော်နေရတာ..ရင်ခုန်လှပေါ့..
းး))

    ReplyDelete
  3. နတ်သမီး လေး တောင် တနှစ်သမီး ရောက်ပါပေါ့လား

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  4. ဒီလိုပါပဲ ကိုယ်ရွေးထားတဲ့ လမ်းကို ဆက်လျှောက်နေရတာ..
    မနက်ဖြန်ပေါင်းများစွာအတွက် အားမွေးထားပါ နတ်သမီးရေ...

    ReplyDelete
  5. မအဖြူရောင်ရေ စက်ရုပ်တစ်ပိုင်းနဲ့ လူပါခင်ဗျာ. ကျွန်တော့်ဘ၀ကိုပြောတာနော်. ဒီလိုပါပဲဗျာ ရယူတယ်ထင်တာအားလုံးဟာ ပေးဆပ်နေတာကြီးဆိုတာ ကြီးလေပိုသိလာသလိုပါပဲခင်ဗျာ.

    ReplyDelete
  6. မအဖြူရောင်ရေ စက်ရုပ်လိုတစ်ပိုင်းနဲ့လူပါခင်ဗျာ. ကျွန်တော့်ဘ၀ကိုပြောတာနော်. တစ်ကယ်တော့ ရယူတယ်ထင်တာတွေဟာ ပေးဆပ်မှုသက်သက်ဆိုတာ ကြီးလေပိုသိလာသလိုပါပဲ ခင်ဗျာ.

    ReplyDelete
  7. အစ်မ လာသွားတာတွေ့လို့ လာခဲ့တာ.. ကျွန်တော်ရောက်ဖြစ်တာ ဘယ်သူ့မှ မပြောကြေး :) ဘာမှမလုပ်ချင်သေးလို့ အွန်လိုင်းမတက်ပဲ ပုန်းနေတာ ဟီး...
    အစ်မဘလော့လေး တစ်နှစ်ပြည့်တော့မှာ သိရလို့ ၀မ်းသာပါတယ်။ ကဗျာတော့ ပို့ချင်တယ်.. ဒါပေမယ့် သိသေးဘူး။ အစ်မမောင်က အပျင်းထူနေတယ်..

    ReplyDelete
  8. ပစ္စုပန်မှာ ပျော်ရွှင်ပါစေ။

    ReplyDelete
  9. မင်္ဂလာပါ...

    ရင်သွေးငယ်လေးကို ရင်ခွင်မှာထားပြီး ချော့မြူနေတဲ့ အမျိုးသမီးကလဲ နတ်သမီးလေးကို ကြည့်ပြီး... အင်း.. ကလေးတဖက်နဲ့ မလွတ်လပ်လိုက်တာနော်... မိတ်ကပ်လိမ်းဖို့ အချိန်တောင် မရှိဘူး..လို့ တွေးပြီး နတ်သမီးလေးရဲ့ဘ၀ကို အားကျနေမိလောက်တယ်......

    လက်ရှိအချိန်..လက်ရှိဘ၀မှာ..ကောင်းအောင်ကြိုးစားပါ.. ကောင်းမှုဆောင်ပါ.. အရာအားလုံးပြည့်စုံတဲ့ ဘ၀ကို ထာဝစဉ်ပိုင်ဆိုင်နိုင်ပါ လိမ့်မယ်... နတ်သမီးလေးရေ...

    ခင်မင်စွာဖြင့်
    ကိုမျိုး (အညာမြေ)

    ReplyDelete
  10. မမနတ်သမီးရေ...
    ဝေးမြေရောက်တဲ့ သူအချင်းချင်း ခံစားချက်တွေကို နားလည်ပေးလို့ရတယ် .....

    အားလုံးက အကြောင်းအရာချင်းမတူပေမယ့် ခံစားချက်ချင်းကတော့ အတူတူပါပဲလေ...

    ပျော်ရာမှာမနေရ၊ တော်ရာမှာ နေရမတဲ့လေ... စကားပုံတောင်ရှိသေးတာမှတ်လား...

    ReplyDelete
  11. ဒီလိုပါပဲလေ...ဘ၀ဆိုတာ..
    တစ်ခါတစ်ခါတော့လည်း..ကိုရီးဇာတ်လမ်းတွဲတွေ
    ထဲကလို..ကိုယ့်လက်သီးကိုယ်ပြတ်ဆုပ်လို့...
    အာဂျား..အာဂျား...လို့
    မနက်ဖန်များစွာအတွက်အော်အားတင်းခဲ့ရတာတွေ
    များခဲ့ပေါ့...
    မနမ်းရေ...အားဂျား..မနက်ဖန်များစွာအတွက်

    ခင်မင်စွာဖြင့်
    ခိုင်နုငယ်

    ReplyDelete
  12. မယဉ်ပါးနိုင်တဲ့ နယ်နိမိတ်အတွင်းမှာပဲ
    အစတွေ ဆွဲဆွဲထုတ်နေမိတဲ့ ဖြစ်စဉ်တွေက မရေမရာ ...
    အတိတ် အနာဂတ် ပစ္စုပ္ပန်တွေမှာ ,
    လှည့်ကွက်မျိုးစုံအောက် အကာအကွယ်ပေးခဲ့တာပဲ ..
    ဘ၀ကိုက ဆန်တက်မလာတာ ။

    သူလိုလူ ငါလိုလူတွေကြားမှာပဲ
    ရာသီဟောင်းမှာ စွန်းကျံခဲ့တာတွေကို
    လှည့်ကြည့်သွားဖြစ်ရပ်တွေနဲ့ပဲ
    အဆုံးသတ်ရတဲ့ အိပ်မက်တွေက အပြိုင်းပြိုင်း ။

    ရာသီတွေ ကမောက်ကမဖြစ်တဲ့ကြားမှာပဲ
    ငါ့ဝမ်းစာအတွက် .....
    မိသားစုအတွက် ...
    ဟိုး ...ဝေးဝေးက အမေအိုအတွက်
    ညီလေးအတွက် ....
    ညီမလေးအတွက် ....
    .......အတွက် ..... အတွက်
    ...............အတွက် ................အတွက်
    ဒီလိုနဲ့ င့ါဘ၀ဟာ နေ့ဓဓူဝလုပ်ရိုးလုပ်စဉ်အတိုင်း
    မနက်ဖြန်များစွာအတွက် .....
    ခဏတာတော့ ပေးဆပ်လှည့်ပါဦး ...
    ခဏတာတော့ အိပ်စက်ခွင့်ရပါရစေဦး ...

    ကဗျာရှည်လေးက အနှစ်သာရလေး ပြည့်စုံနေတယ် ..။
    ဘယ်ဒေသ ဘယ်ရပ်ဌာနေမှာပဲ ရပ်တည် ရပ်တည်
    ဘ၀အတွက် ကြိုးစားလှုပ်ရှားနေရတဲ့ လူသားတိုင်း
    (၁၉)ဇူလှိုင်မှ စလို့ အမိအဖ မောင်နှမသားချင်း ဆွေမျိုးများစွာအတွက်
    ချမ်းမြေ့ ပျော်ရွှင်သော အနာဂတ်များကို ပိုင်ဆိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါ၏ ..။


    idulize(အရုပ်ကလေး)

    ReplyDelete
  13. နတ်သမီးကတော့လုပ်လိုက်ပြန်ပြီ ကြေကွဲ သတိရစရာတွေ။ ကိုယ့်ဘ၀ကို ကိုပြန်သတိရမိတာပါ။ ကိုယ့်ပိုင်တယ်လို့ထင်ရတဲ့ အချိန်တွေ ကိုယ့်ဘ၀ကို သူများထံမှာ အပ်ထား ရောင်းစားနေရသူတွေ ဘယ်လောက်များ ရင်မောနေကြမလဲနော်။ ဗွီဒီယိုသီချင်းခွေ ဘယ်တော့ကြည့်ရမှာလဲ????။ ပစ္စုပ္ပန် လို့ရေးလားလို့လေ။
    စောင့်မျော်လျှက်။ အွန်စော

    ReplyDelete
  14. ဘ၀ရဲ့အမောတွေ ပြေပျောက်နိုင်ကြပါစေဗျာ

    ReplyDelete
  15. အားအင်ဖြစ်စေတဲ့ ကဗျာစုလေးပဲ...း)).. ဒါနဲ့ ပုဂံမြို့ကြီးကို သွားသိမ်းမလို့လား... :D..

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  16. ဘဝဆိုတာ ပီပြင်လာအောင် အသိတစ်ခုကို တွေ့ကြုံကာ ရလိုက်တယ်လိုမှတ်လိုက်ပါ၊ ဒီလိုပဲ နေတတ်အောင် နေခဲ့ရတဲ့ ဘဝတွေပါ။

    ReplyDelete
  17. ဒီလိုပါပဲ လူတိုင်း ကိုယ့်ဘ၀အတွက် ကြိုးစားရုန်းကန်လှုပ်ရှားနေကြရတာ...တခါတခါတော့လဲ အဓိပ္ပါယ်မဲ့နေသလိုပဲ...အနာဂတ်လမ်းစ ပျောက်ပျောက်သွားတတ်တဲ့ အချိန်မျိုးမှာပေါ့...။ ဘာပဲဖြစ်ဖြစ် ဖိုက်တင်း နတ်သမီး...။

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  18. ကျွန်တော်လည်း ကဗျာလေးရေးပို့ပေးမယ်ဗျာ
    လောလောဆယ် တုတ်ကွေးဖြစ်နေလို့
    နေသိပ်မကောင်းဖူး ပို့မယ်နော်း)


    မောင်ဘကြိုင်

    ReplyDelete
  19. မမေ့နဲ့နော်..အဘကြိုင်...
    ပြောပြီးစလစ်ပဲ..
    မြန်မြန်နေကောင်းအောင်
    ပရိုကိုးလ် ပို့ပေးလိုက်ပါသည်...။

    ReplyDelete
  20. မနတ်သမီး..
    ကဗျာလေးကိုခံစားဖတ်သွားပါတယ်..။
    ထပ်တူခံစားမိတယ်နော်..။

    ခင်တဲ့
    သဒ္ဓါ

    ReplyDelete
  21. ဂျီးတော် .. အစာမကြေတာတွေက တင်ပီး ဘာလို့ ပြန်ဖျက်လိုက်တာတုန်း။ ကျုပ်အကြောင်း ပါလို့ကတော့ အသိပဲ။

    ReplyDelete
  22. အဲ..ဦးလေးကလည်း..
    ဒါမျိုးဆိုမြင်ဖြစ်အောင် မြင်လိုက်သေးတယ်..။
    နာမည်ပြောင်းပြီး တင်ပေးလိုက်တယ်...“ဒဲ့”ကြီးဖြစ်နေလို့..ဟီး
    “သူငယ်ချင်း ရွှေစင်..သို့“ လို့ပြောင်းထားတယ်လေ..
    ဖတ်ကြည့်ကြည့်လိုက်...ဦးလေးကို အစာမကြေတာတော့အမှန်ပဲ...ကိုယ့်ဖာသာကိုယ်သိ...းး)))

    ReplyDelete
  23. ဘ၀ဆိုတာ ... ဒီလိုပဲပေါ့ဗျာ ...
    အဲဒါမှ ဘ၀တဲ့ ...

    ရှေ့သာတိုး အစ်မရေ ...
    လက်တကမ်းဆိုတာ မမြင်နိုင်ပေမယ့်
    ရွှေ့နေခြင်းက ခရီးပေါက်ဧ။် တဲ့ ...း)

    ReplyDelete

Name/Url မှာ မိမိတို့ရဲ့ အမည်ကို ထည့်ပြီး Url မထည့်ပဲ Comment ပေးခြင်းအားဖြင့် Malware ရန်မှကင်းရှင်းနိုင်ပါသည်။