Sunday, September 19, 2010

မြန်မာဗီဒီယို ရိုက်ကွင်းမှ တာဝန်ရှိသူများသို့...


ဗုဒ္ဓဘာသာတရား ထွန်းကားတဲ့ မြန်မာပြည်မှာ နေထိုင်ကြတဲ့ မြန်မာလူမျိုးအများစုဟာ နေ့စဉ်နေ့တိုင်း အရက်သေစာသောက်စားခြင်း မရှိတာကတကြောင်း၊ “ဖန်ခွက်” ဟု ဆိုလိုက်သည်နှင့် မည်သည့်အရည်မျိုးကို မည်သည့်ခွက်နှင့်မဆို ထည့်နိုင်သည်ဟု လွယ်ကူစွာ နားလည်သဘောပေါက်ထားခြင်းကြောင့် ဖန်ခွက်အမျိုးအစားများ မှားယွင်းစွာ သုံးစွဲနေခြင်းကို မြန်မာဗီဒီယို ဇာတ်ဝင်ခန်းများနှင့် VCD တေးသရုပ်ဖော် ဇာတ်ဝင်ခန်းတချို့တွင် မကြာခန တွေ့မြင်နေရသည်ကို ကျမ သတိထားမိသည်မှာ ကြာခဲ့လေပြီ။

မြန်မာအမျိုးသမီးတယောက်ဖြစ်သည့် ကျမအဖို့ ဤပြကွက်များကို နားလည်ခံစားနိုင်ပါသည်။ သို့သော် မြန်မာဗီဒီယို ဇာတ်ကားများကို “ဖျော်ဖြေရေး”သက်သက်အနေဖြင့် ရိုက်ကူးပြသသည်ဆိုသော်လည်း ယခုအခါ မြန်မာဗီဒီယို ဇာတ်လမ်းများကို စီးပွားရေးတရပ်အနေဖြင့် ပုဂ္ဂလိက ကြော်ငြာကုမ္ပဏီများဖြစ်ကြသော Shwe O ၊Free Myanmar VCD ၊Shwe Dream..အစရှိသည့် ကုမ္ပဏီများက အင်တာနက်ပေါ်တွင် ထုတ်လွှင့် ပြသလျှက်ရှိရာ ပြည်တွင်းမှ မြန်မာလူမျိုးများပါမက ပြည်ပရောက် မြန်မာလူမျိုးများနှင့် ၎င်းတို့နှင့် ဆက်နွယ်သည့် နိုင်ငံခြားသားများပါ ကြည့်ရှုနိုင်သည့် အနေအထားမျိုးတွင် နိုင်ငံခြားသားများမှ မိမိနိုင်ငံအား အထင်သေးနိုင်သည့် (သို့မဟုတ်) ပျက်ရယ်(ရီ)ပြုနိုင်သည့် မည်သည့် အသေးအဖွဲ အမှားမျိုးကိုမဆို သတိလက်လွတ်၍သော်၎င်း၊ အလွယ်လိုက်၍သော်၎င်း၊ မမှားမိစေရန် မြန်မာဗီဒီယို ရိုက်ကွင်းမှ တာဝန်ရှိသူများအနေနှင့် အထူးသတိပြုသင့်ပေသည်။

ဗီဒီယို ဇာတ်ကားတခုအတွက် ကုန်ကျစားရိတ်၊ အချိန်၊ လိုအပ်သောသရုပ်ဆောင်များ သတ်မှတ်ထားသောအချိန်တွင်း အဆင်သင့်ရှိရန် ညှိယူနေရသည့် တနေ့တာရိုက်ကွင်း ဖြစ်မြောက်ရေးအတွက် အခက်အခဲများစွာ ရှိနေသည်ကို နားလည်ပါသော်လည်း မြန်မာဗီဒီယိုများ ကမ္ဘာတဝှမ်းတွင် တန်းဝင်နိုင်ရေးအတွက် ရိုက်ကွင်းတွင် တာဝန်ရှိသော ရှူတင်မန်နေဂျာနှင့် ဒါရိုက်တာများ သတိမပြုမိသော “ဖန်ခွက်သုံးစွဲပုံ” မှားယွင်းမှုများကို ဆက်လက်မမှားမိစေရန် ရည်ရွယ်ပြီး ဤဆောင်းပါးကို ရေးသားရင်း ကျမကြည့်မိသော မြန်မာဗီဒီယိုဇာတ်လမ်းနှင့် VCD တေးသရုပ်ဖော်ပြကွက်တချို့မှ ဖန်ခွက်သုံးစွဲပုံနှင့် သရုပ်ဆောင်ပုံများ လွဲမှားနေပုံတချို့ကို ရေးသားတင်ပြရင်း ဤသို့ထောက်ပြခြင်းကို နားလည်ခွင့်လွှတ်ပေးပါရန် ကြိုတင်တောင်းပန်အပ်ပါသည်။

၁။ ဝိုင်ခွက်ထဲသို့ အအေးထည့်သောက်ခြင်း၊
၂။ ဝိုင်ခွက်ထဲသို့ ဝီစကီနှင့် ဘရန်ဒီအရက်များ ထည့်သောက်ခြင်း၊
၃။ ဘရန်ဒီခွက်ဖြင့် ဝီစကီအရက် ထည့်သောက်သည့် ပုံစံဖြစ်နေခြင်း၊(ဝီစကီနှင့် ဘရန်ဒီအရက်တို့၏ ကွာခြားချက်ကို အောက်တွင် အကျယ်ဖော်ပြထားပါသည်)။
၎။ အအေးခွက်ထဲသို့ ဝီစကီအရက် ထည့်သောက်ခြင်း၊
၅။ မည်သို့မှ တခါထဲနှင့် တခွက်လုံးကုန်အောင် သောက်၍မရသော (သို့) ထိုသို့ သောက်သုံးရသည့်အရက် အမျိုးအစားမဟုတ်သည့် အရက်မျိုးကို အရမ်းစိတ်ညစ်၍ လောကကြီးကို မေ့သွားချင်သည့်ရည်ရွယ်ချက်ဖြင့် တခွက်လုံးကုန်အောင် မော့သောက်ပြသော အိုက်တင်(Action)။
၆။Cognac(ကောန်နပ်) ဟုခေါ်သောRemy Martin X.O ၊ Hennessy X.O ၊ Courvoisier V.S.O.P ၊ အစရှိသည့် ဈေးကြီးသော အကောင်းစား အရက်အမျိုးအစားပုလင်းများကို ထောင်ပြထားပြီး ထိုအရက်ကို ဖန်ခွက်ထဲတွင် အပြည့် ထည့်၍ ဖိတ်တဝက် စင်တဝက် သောက်ပြသော သရုပ်ဆောင်ပြကွက်များမှာ အရက်၏ တန်ဖိုးနှင့် အရက်အကြောင်း နားမလည်သူများအတွက် အဆန်းတကျယ်မဟုတ်သော်လည်း ဟိုတည်ကြီးများ၊ စားသောက်ဆိုင်များတွင် အလုပ် လုပ်ကိုင်လျှက်ရှိကြသော မြန်မာများ၊ ထိုအရက်များကို သောက်သုံးလျှက်ရှိကြသူများ၊ထိုဇာတ်ကွက်များပါသည့် မြန်မာဗီဒီယိုဇာတ်လမ်းများကို ကြည့်မိကြသော နိုင်ငံခြားသားများအတွက် ကြည့်ရရုပ်ဆိုးသော ပြကွက်များဖြစ်သည်။

အရက်နှင့် ဖျော်ရည်မကာ လောကတွင် များပြားလှသည့် အရည်အမျိုးအစားများနှင့် သုံးစွဲရမည့် ဖန်ခွက်ပုံသဏ္ဍာန်များစွာ ရှိပါသော်လည်း မြန်မာဗီဒီယို ဇာတ်ဝင်ခန်းများတွင် အတွေ့များသော (သို့မဟုတ်)အသုံးပြုများသော အရည်နှင့် ဖန်ခွက်တချို့အကြောင်းကိုသာ ကောက်နှုတ်တင်ပြရမည်ဆိုပါလျှင်....

Red Wine ဆိုသည်မှာ Room Temperature ဟုခေါ်သော မိမိရောက်ရှိနေသည့် နေရာ ၊ဒေသ၊ အခန်း၏ သဘာဝ အခန်း၏သာမန် အပူချိန်အတိုင်း သောက်သုံးရသော အရည်မျိုးဖြစ်သည်။ ချမ်းအေးသော ရာသီတွင် ကိုယ်ခန္ဓာ နွေးထွေးမှုရစေရန် သောက်သုံးသော အရည်အမျိုးအစားဖြစ်သည့်အတွက် ဖန်ခွက်၏ ပုံသဏ္ဍာန်ကိုလည်း လုံးဝန်းသော သဏ္ဍာန်ပြုလုပ်ထားပြီး လက်ငါးချောင်းဖြင့် ဖန်ခွက်ကို အောက်ခြေမှ ပင့်ကိုင်သည့်အခါ လက်၏ အပူချိန်ဖြင့် ဖန်ခွက်ထဲမှ ဝိုင်များကို နွေးစေပါသည်။ဖန်ခွက်ထဲတွင် ရှိသင့်သည့် အရည်ပမာနကိုလည်း သုံးပုံ တပုံ(၁/၃) သာထည့်ရန်နှင့် Red Wine ကို ရေခဲနှင့် ရောယှက်၍ မသောက်မိစေရန် အထူးသတိပြုသင့်ပေသည်။


White Wine ကိုတော့ ပူအိုက်သောအချိန်နှင့် ပူအိုက်သော ဒေသတို့တွင် သောက်သုံးလေ့ရှိသည့်အတွက် White Wine၏ အရည်ကို အေးစေရန် ဝိုင်အရည်ထည့်ထားသော ပုလင်းကို ရေခဲစိမ်၍ သောက်ရသည်။ အထူးသတိပြုရန်မှာ White Wine ကို ရေခဲနှင့် ရောသောက်သော ပြကွက်မျိုးကို ရှောင်ကျဉ်သင့်သည်။ ဗဟုသုတအနေဖြင့် White Wine ကို ဆိုဒါ(Soda)နှင့် ရောစပ်၍ သောက်နိုင်ပါသည်။ ထိုသို့ရောစပ်ထားသောအရည်ကို Wine Spritzer(ဝိုင် စပရီဆာ) ဟုခေါ်သည်။မြန်မာနိုင်ငံတွင် Beer Station များစွာ ပေါ်ပေါက်နေပြီ ဖြစ်ရာ Beer ခွက်အကြောင်းကို ထွေထွေထူးထူးပြောစရာမရှိသော်လည်း မြန်မာဗီဒီယို ဇာတ်ဝင်ခန်းအများအပြားတွင် ပါရှိသော မင်းသားစိတ်ညစ်၍ အရက်သောက်သော ပြကွက်မျိုးတွင် ဝီစကီ(Wisky) ဟုခေါ်သည့်အရက်ကို ထည့်သည့် ဖန်ခွက်သုံးစွဲပုံမှာ များစွာ မှားယွင်းနေကြောင်း တွေ့ရှိရသည်။
ဖန်ခွက်အရှည်(Long Glass) နှင့် ဖန်ခွက်ပု(Short Glass) ဟူ၍ ဝီစကီထည့်သည့် အခြေခံဖန်ခွက် (၂)မျိုးရှိသည်။Wisky(ဝီစကီ) ကို ရေ၊ ရေခဲ၊ ဆိုဒါတို့နှင့် ရောသောက်နိုင်သလို အပျင်းကြိုက်သူများအတွက် ဘာနှင့်မှ မရောပဲလည်း သောက်နိုင်ပါသည်။ ဝီစကီဆိုသည့် အရက်အမျိုးအစားမှာ ဖြည်းဖြည်းချင်း သောက်၍ အရက်၏ အရှိန်မှာလည်း တဖြည်းဖြည်းချင်း တက်သော အမျိုးအစားဖြစ်ရာ ရေရောမထားသော အရက်ကို ရေသောက်သလို တချက်ထဲနှင့် တခွက်လုံး ကုန်အောင်သောက်ပြသော ပြကွက်မျိုးကို အထူးသတိပြုသင့်သည်။

Brandy(ဘရန်ဒီ)၏ ထူးခြားချက်မှာ ၎င်း၏ အနံ့၊ အရသာသည် ဝီစကီထက် သာလွန်ခြင်းကြောင့် ဘရန်ဒီထည့်သည့် ဖန်ခွက်ကို အပူပေးထားခြင်း(သို့မဟုတ်) နွေးအောင်လုပ်ပြီးမှ ဘရန်ဒီအရက်ကို ဖန်ခွက်ထဲသို့ ထည့်စေခြင်းဖြင့် အရက်၏အနံ့ကို ပို၍ နိုးထစေပါသည်။ အဆင့်မြင့် စားသောက်ဆိုင်နှင့် ဟိုတည်ကြီးများတွင် ဘရန်ဒီအရက် ထည့်ထားသည့် ခွက်၏ အဝကို အထူးပြုလုပ်ထားသော အဖုံး(သို့မဟုတ်) အလှစက္ကူပါးဖြင့် ဖုံးအုပ်၍ စားပွဲထိုးများမှ မှာယူသူ၏ ရှေ့သို့ ပို့ပေးလေ့ရှိသည်။ ဘရန်ဒီ ဆိုသည်မှာ အနံ့ခံ၍ အနည်းငယ်စီသောက်ရသော ဇိမ်ခံအရက်မျိုးဖြစ်ရာ ဘရန်ဒီထည့်ထားသည့် ဖန်ခွက်၏ အဝကို အပေါက်ကျဉ်းသော ခွက်ပုံသဏ္ဍာန်ပြုလုပ်ထားခြင်းဖြင့် အရက်၏ အနံ့ကို ကြာရှည်စွာ ထိန်းသိမ်းနိုင်သည်။ အထူးသတိပြုရန်မှာ ဘရန်ဒီနှင့် ဝီစကီ အရက်နှစ်မျိုးကို အလျှင်မြန်ဆုံးခွဲခြားပုံမှာ (၁) ခွက်ပုံစံ၊ (၂)ဖန်ခွက်ထဲမှ အရည်ပမာန၊ (၃)ရေခဲပါ/ မပါ၊ တို့ကို ကြည့်၍ ခွဲခြားနိုင်သည်။
ဝီစကီ၏ ဖန်ခွက်မှာ ထုလုံးရှည်(စလင်ဒါ)ပုံစံဖြစ်၍ ဘရန်ဒီဖန်ခွက်မှာ လုံးဝိုင်းပြီး ခပ်ပုပုပုံစံဖြစ်သည်။ များသော အားဖြင့် ဝီစကီကို ရေ၊ ရေခဲ၊ ဆိုဒါတို့နှင့် ရောစပ်၍ သောက်သုံးကြသည့်အတွက် ဖန်ခွက်ထဲမှ အရည်မှာ အပြည့်နီးပါး ဖြစ်နေတတ်ပြီး ဘရန်ဒီကို မည်သည့်အရာနှင့်မျှ ရောနှောသောက်လေ့မရှိသောကြောင့် ဖန်ခွက်ထဲတွင် လက်တလုံး အနေအထား(၁ပက်)ပမာနကိုသာ တွေ့မြင်နိုင်သည်။(မှတ်ချက်။ ။ Brandy Sour ဟု ခေါ်သော cocktail မျိုးတော့ရှိသည်)

မြန်မာပြည်တွင်းတွင် ကြုံရာဖန်ခွက်ဖြင့် ကြုံရာအရည်များကို ထည့်၍ မိမိတို့၏ အိမ်တွင် အဆင်ပြေသလို အသုံးပြုနေကြခြင်းမှာ ပြဿနာတခုဟု မဆိုနိုင်သော်လည်း တိုးတက်နေပြီဖြစ်သည့် မြန်မာပြည်တွင် လူနေမှုအဆင့်အတန်းနှင့် သက်ဆိုင်သည့် ပစ္စည်း သုံးစွဲပုံ စံနစ်မှန်ကန်စေရန်မှာလည်း အရေးကြီးလှသည်။
အထူးသဖြင့် ပညာပေးအနေဖြင့်သော်၎င်း၊ ဖျော်ဖြေရေးအနေဖြင့် သော်၎င်း၊ စီးပွားရေးအနေဖြင့်သော်၎င်း၊ အကြောင်းအမျိုးမျိုးဖြင့် မြန်မာဗီဒီယိုဇာတ်ကားများ ထုတ်လုပ်ပြသလျှက်ရှိရာ ၎င်းတို့၏ မှားယွင်းသော ပြကွက်များကို မြန်မာပြည်သူများမှ မြင်ဆရာအဖြစ် သတ်မှတ် အတုယူမမှားမိစေရန်နှင့် မြန်မာဗီဒီယိုဇာတ်ကားများမှ မှန်ကန်သော အသိပညာ၊ အတတ်ပညာများနှင့် ဗဟုသုတများစွာကို ဖြန့်ဖြူးပေးရန်မှာ မြန်မာဗီဒီယို ထုတ်လုပ်သူများအနေဖြင့် များစွာတာဝန်ရှိပါကြောင်းနှင့် စားသောက်ဆိုင်နှင့် ဟိုတည်များတွင် စားပွဲထိုးအဖြစ် အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိသူများအတွက်ပါ ရည်ရွယ်၍ ဗဟုသုတ တရပ်အနေဖြင့် တစေ့တစောင်း တင်ပြလိုက်ရပါသည်။









အကိုဆုံဆည်းမှု မေးထားတဲ့မေးခွန်းလေးကတော့ “White Wine”ပုလင်းနဲ့“Red Wine”ပုလင်းတို့ရဲ့အရောင်ကွာဟချက်လေးပါ။
သိပ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းလေးပါပဲ။
ကျမကိုယ်တိုင် အတိအကျမသိပေမယ့် အဖြစ်နိုင်ဆုံးအဖြေတစ်ခုကို ပြန်ကြားပေးလိုက်ပါတယ်။
အကယ်၍ အကိုဆုံဆည်းမှုအနေနဲ့ အတိအကျ သိခဲ့ပါလျှင် စာဖတ်သူများအတွက် ကျမရဲ့ပို့စ်လေးမှာကူညီ ဖြည့်စွက်ပေးပါရန် မေတ္တာရပ်ခံပါတယ်ရှင်။
Red Wine ပဲဖြစ်ဖြစ် White Wine ပဲဖြစ်ဖြစ် Wine တိုင်းမှာ ကွဲပြားတဲ့အရောင်ကိုယ်စီရှိကြပါတယ်။
သာမန်အရ Wine သောက်သုံးသူများဟာ Wine ရဲ့အရသာလောက်ကိုသာ မြည်းစမ်းသောက်သုံးလေ့ရှိပြီး
Wine ရဲ့ အရောင် အနံ့ အရသာတို့ကို မြည်းစမ်းကြတဲ့
Wine Tasting လိုနေရာမျိုး၊ Wine Professional များဟာ ပုလင်းအတွင်း(သို့) ဖန်ခွက်အတွင်းမှ Wine ရဲ့အရောင်ကိုကြည့်ပြီး Wine အရည်အသွေးကိုစစ်လေ့ရှိရာမှာ Red Wine ထက် White Wine ကို ပိုအသားပေးစစ်ဆေးလေ့ရှိတာမို့ White
Wine ပုလင်းရဲ့အရောင်ကို အကြည်ရောင်အဖြစ် ဖန်တီးထားခြင်းဖြစ်ပါတယ်။


40 comments:

မောင်ဘကြိုင် said...

ဝိုင်ဖန်ခွက်ထဲကို
ကိုကာကိုလာတို့
လိမ္မော်ရည်တို့ထည့်ပြီး စားပွဲပေါ် သံဗူးကိုထောင်ထား ခွက်ထဲ ပိုက်တပ်သောက်တဲ့ ဇတ်ဝင်ခန်းတွေမြင်ဖူးတယ် ဟိဟိ နောက်ပိုင်းမြန်မာကား မကြည့်ဖြစ်တာ လေးငါးခြောက်နှစ်လောက်ရှိပြီ ဟာသကားတစ်ကားတလေကလွဲလို့ပေါ့

မြန်မာဇတ်ကားတွေက စကားပြောတာတွေက အပြင်ကနဲ့ လုံးဝမဆိုင်ဖူး စကားကြီးစကားကျယ်အရမ်းများတယ် အမြင်ကပ်လိုက်တာ ......

နေ၀သန် said...

ဝါး..ခုမှပဲ သေသေချာချာသိတော့တယ်...း)).. အတော်ကျွမ်းတာပဲ...း))

ခင်မင်တဲ့
နေ၀သန်

ချော(အစိမ်းရောင်လွင်ပြင်) said...

နတ်သမီးရေ
ဒီပိုစ့်လေးသဘောကျတယ်
ကိုယ်တိုင်က အနုပညာနယ်ကလည်းမဟုတ် အရက်နဲ့ နီးစပ်တဲ့သူလည်း မဟုတ်ပေမဲ့ ဗဟုသုတအနေနဲ့ရော၊ စိတ်ဝင်စားတာကြောင့်ရော သေချာကို ဖတ်လိုက်မိတယ်..
ပရော်ဖက်ရှင်နယ် လုပ်နေကြတဲ့သူတွေအဖို့တော့ ပိုပြီး မှတ်သားသင့်ပါတယ်..
ဘယ်အရာကိုမဆို အလွယ်မလုပ်ဘဲ သေချာလေ့လာပြီးမှ စနစ်တကျလုပ်ရင် အကောင်းဆုံးပေါ့နော်။

ကိုဇော် said...

ရေးထားတဲ့ ဝေဖန်ရေး ဆောင်းပါးလေးက ဗဟုသုတလည်း ဖြစ်စေပါတယ်။
ဘီယာထဲကို ဆော်ဒါထည့်ပြီး သောက်ပြတာလည်း မြင်ဖူးသေးရဲ့။ တစ်ခါတလေ ပုလင်းလိုက်ကို မောသောက်လိုက်တာမှ တရုတ်ကားထဲက အရက်မူးသိုင်းကို အားကျလို့ ထင်တယ်လို့ မှတ်ယူလိုက်ရတဲ့ အထိပဲ။

ဝေလင်း said...

တစ်ခွက်တစ်ဖလားလောက်တော့ သောက်ချင်စိတ်ပေါ်သွားတယ်.. :)
ကိုယ်လည်း ဘယ်အရက်ကို ဘယ်ခွက်နဲ့ ထည့်သောက်ရတာကို ဒီရောက်မှ နည်းနည်း သိလာတာ။ ဒါတောင် အစ်မပြောသလောက် အသေးစိတ်သိဘူး..။ မြန်မာနိုင်ငံမှာတုန်းကဆို ဘာမှသိဘူး.။

ဝေလင်း said...

ဒါနဲ့ တစ် လားမသိဘူး..။ ရှားရှားပါးပါးပဲ

ရွှေရတုမှတ်တမ်း said...

ဟုတ်ပါ့နတ်သမီးရယ်...ဒီပစ္စည်းတွေကို မသုံးတတ်သော်လဲ ရုပ်ရှင်ရိုက်တဲ့သူတွေအနေနဲ့ သေချာလေ့လာရိုက်ပြသင့်တယ်.. ဗမာကားတွေမှာ တလွဲတွေ ခနခနတွေ့ရတတ်လို့ မကြည့်ဖြစ်တာတောင်ကြာပြီ

အင်ကြင်းသန့် said...

ဟုတ်တယ်နော်....ဆင်ခြင်စရာပါပဲ ... ရိုက်ကွင်းက တာဝန်ရှိသူတွေ ဒီပိုစ့်လေး ဖတ်မိရင်ကောင်းမယ်။

မိုးခါး said...

ဗဟုသုတအတွက် ကျေးဇူးပါ အစ်မး))

မိုးယံ said...

တော်တော် တော်တဲ့ နတ်သမီး။ လေးစားပါတယ်

အရင်တုန်းကလည်း ဒါမျိုးဖတ်ဖူးသေးတယ်။ ဒီလောက်မစုံ လင်ဘူး။ အစ်မရေးပြတော့မှ သေချာသိတော့တယ်။

အနှိုင်းမဲ့ said...

ဗဟုသုတ..တစ်ခုပဲဗျာ
အဲလိုလေးအကျယ်တ၀င့်ပြောပြတော့လဲ
ဟုတ်နေတာပဲ..ပုလင်းတွေထောင်ထားလိုက်တာ
နတ်သမီးရယ်...မမိုးမြင်လို့ကတော့ ပျင်းတောင်ပျင်းသေးတယ်လို့ပြောသွားလိမ့်မယ်..း)

မိုးငွေ့...... said...

နတ်သာမီး....၀ါတွင်းကြီးမှာ လူကိုမြူဆွယ်နေသလိုပဲ...

sosegado said...

အိမ်မှာတော့ကြုံသလိုပေါ့၊ ဆိုင်မှာတော့သူတို့ပေးတာ၊
ကိုဇော်ပြောသလို ဝေဖန်ပြီး သုတပေးဖြစ်သွားတယ်

JulyDream said...

တခါမှကို သတိမထားမိတဲ့ အကြောင်းအရာတွေကို အခုလို တင်ပြဝေမျှပေးတဲ့အတွက် ကျေးဇူးတင်မိပါတယ်။

မောင်မိုး said...

ဗမာကားတွေထဲက အရက်သောက်နည်းတွေကို နည်းနည်းမှ သဘောမတွေ့ပေမယ့် နတ်သမီးပြောတဲ့ ခွက်သုံးနည်းတွေကိုတော့ ခုမှ ပြည့်ပြည့်စုံစုံသိပါတယ်။ Thank You ပါ။

ခိုင်နုငယ် said...

မနမ်းရေ...ဗဟုသုတလည်းရစေသလို
မြန်မာပြည် ရိုက်ကွင်း ဒါတာရိုက်တာများ
ဖတ်သင့်တဲ့ ဆောင်းပါးကောင်းလေးတစ်ပုဒ်ပါပဲ။

အနမ်း said...

ကိုယ်တို့တော့ အရက်အကြောင်းကောင်းကောင်းမသိ ဘူး။ ဒါပေမယ့် ခွက်အသုံးအစွဲတွေနည်းနည်းမှားနေတာ
တော့တွေ့မိတယ်. မောင်ဘကြိုင် ဆိုသူပြောသလိုပေါ့..

အခုလို နတ်သမီးရှင်းပြလိုက်တာ ကောင်းတယ်။ မြန်မာကားတွေ တော်တော်များများကတော့ မှားယွင်း ချက်တွေချည်းပဲ။ ဒီပိုစ့်ကို ဆောင်းပါးအဖြစ် ဂျာနယ်ကို တောင်ထည့်သင့်တာ အမှားဆိုတာ အမှန်ပြင်သင့်တယ် လေ။ ဒါမှ အားလုံးသိနိုင်မယ်.. လိုအပ်ရင်ပြော ကူညီမယ်း)))

အဖြူရောင်နတ်သမီး said...

အချစ်ဂျာနယ်က ညီမရဲ့ဆောင်းပါးတွေကို ပုံမှန်ယူသုံးပေးတယ်လေ မနမ်းရဲ့...။
ဆောင်းပါး အတော်များများတောင် ပါပြီးပေါ့။
ညီမ ရန်ကုန်ပြန်တုန်းက ချိတ်လာခဲ့တာ..။
အခုဆောင်းပါးလည်း မကြာခင် အချစ်ဂျာနယ်မှာ ပါလာပါလိမ့်မယ်..။
ကူညီတာ ကျေးဇူးနော်..မနမ်း..။

မောင်လေး said...

သောက်ချင်စိတ်တောင် ပေါက်လာပြီ..ဟီး...။
ခုမှ ပဲ ဘယ်အရက်ကို ဘယ်လိုခွက်နဲ့ သောက်ရတယ်ဆိုတာသိတော့တယ်။ကျေးကျေးပါခင်ဗျား

Anonymous said...

ဖတ်ရင်း ဖတ်ရင်း နဲ့ သားရေ ကျလာသလိုဘဲညီမရေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

အင်း..အရက်ကိုတော့ ထားပါတော့ ..Beer ကို coke ရယ် red bull ရယ် သုံးမျိုးစပ်ပြီး သောက်နေကြတဲ့ ရွှေမြန်မာလေးများကိုလည်း singapore restaurant တွေမှာ တွေ့ဘူးရဲ့

myp

ဆွေလေးမွန် said...

ဒီပို့လေးကိုတော့ သဘောကျတယ် မနမ်းရေ
ဗဟုသုတလေးလဲရ..ပြီးတော့ တင်ပြထားပုံလေးလဲ ကောင်းတယ်...

norman said...

red wine ကို chill လုပ်ပြီးတော့လည်း သောက်လေ့ရှိပါတယ်။တကယ်တော့ red wine ကို အသားစားတဲ့အခါမှာ တွဲဘက်ပြီး white wine ကို ငါးသို့မဟုတ် ပင်လယ်စာနဲ့ တွဲဘက်ပါတယ်။ သို့သော်ငြားလည်း မိမိ၏ ရွေးချယ်မှုသာ ဖြစ်သည်။မြန်မာလူမျိုးတွေတင် မဟုတ်ပါ။အဖြူကောင်တွေသည်လည်း ဒါးနှင့် ခရင်း၊ဖန်ခွက်များ မှားယွင်းလေ့ရှိပါသည်။

ဂျစ်တူး ( မုံရွာ ) said...

အင်း----
ဂျစ်တူး ဒါရိုက်တာ ဖြစ်ရင်သတိထားမယ်---
သေသေခြာခြာနံနံစပ်စပ်ရေးပေးတဲ့အတွက်တကယ်ကို
ကျေးဇူးအထူးတင်နေမိပါတယ်ဗျာ-

အဖြူရောင်နတ်သမီး said...

“ဝိုင်”(Wine) ကို အကြမ်းအားဖြင့်
(1)White Wine(Dry/Medium Dry/Sweet/ Medium Sweet)
(2)Red Wine(Dry/Medium Dry)
(3)Rose Wine(Dry/Medium Dry/Sweet/Medium Sweet)
(4)Dessert Wine
(5)Champagnes
(6)Sparkling Wine...ဟူ၍ (၆)မျိုး ခွဲခြားထားသည်။
(1)White Wine ကို ပင်လယ်အစားအစာများဖြင့် တွဲဖက်၍သော်၎င်း၊ (2) Red Wine ကို အမဲသား၊ ဆိတ်သား ကဲ့သို့သော ဟင်းလျှာများဖြင့် တွဲဖက်၍သော်၎င်း၊ (3)Rose Wine ကို ပူပြင်းသော နွေရာသီတွင် ပေါ့ပါးသောအစားအစာ(Light food) များဖြင့် တွဲဖက်၍သော်၎င်း၊ (4)Dessert Wine ကို ညစာစားပြီးအချိန်တွင် အချိုတည်းရန်အတွက် အချိုဝိုင် အဖြစ်သော်၎င်း၊ (5)Champagnes ကို မွေးနေ့ပွဲများ၊ ဖွင့်ပွဲအခန်းအနားများ၊ ဂုဏ်ပြုပွဲအခန်းအနားများ၊ ကျင်းပသည့် မိတ်ဆုံစားပွဲများတွင်သော်၎င်း၊ (6)Sparklin Wine ကို တခွက်တဖလား မသောက်မဖြစ် သောက်ရသည့် ပွဲများတွင် အမူးလွယ်တတ်သော အမျိုးသမီးများ၊အရက်မသောက်တတ်သော အမျိုးသမီးများအတွက်သော်၎င်း၊ အမျိုးမျိုးခွဲခြား၍ သောက်သုံးကြလေ့ရှိသည်။
ဝိုင် ပုလင်းတိုင်း၏ အောက်ခြေတွင် အရက်(Alcoholic)ပါဝင်မှုနှုန်းများကို (% Vol)ဖြင့် ဖော်ပြထားလေ့ရှိသည်။ (10.5%Vol)မှ (13%Vol)အထိ အရက်ပါဝင်သော Wine များကို Medium Dry Wine အဆင့်အဖြစ် သတ်မှတ်ပြီး ၊ (13.5%Vol) မှ (16%Vol)အထိ အရက်ပါဝင်သော Wine များကို Dry Wine အမျိုးအစားအဖြစ် သတ်မှတ်ထားသည်။

ဗဟုသုတအနေဖြင့် ထပ်တိုးဖော်ပြပေးခြင်းဖြစ်ပါသည်။

ဇာနည်မောင် said...

လာဖတ်သွားတယ်နတ်သမီးရေ ..... တောသားမိုလို့ပဲ ထင်တယ် အိမ်မှာကလည်း ၀ိုင်ခွက်၊ဘီယာခွက် နဲ့ အရက် ခွက်ရယ်ဆိုပြီး သီးသန့်ခွဲမထားဘူးလေ။ အဆင်ပြေသလိုပဲ နီးစပ်ရာခွက်ထဲ ထည့်ပြီးသောက် လိုက်တာပဲ ... အခုလို နတ်သမီးက ခွက်တွေအကြောင်း ထောက်ပြပြီးရေးထားတော့ ဗဟုသုတ တခုထပ်ပြီးတိုး လာတာပေါ့ဗျာ ............. ဒါနဲ့ ၀ါတွင်းကုန်တော့မယ် နော် နတ်သမီးရဲ့ မောင်နဲ့ ဘယ်တော့လောက်မင်္ဂလာဆောင် ကြမှာလဲဟင် ... :D

akm said...

အမှတ်တရပါ. မအဖြူရောင်ရေ. သုတ ဖြစ်ပါတယ်.

စံလင်းထွန်း said...

ကိုယ်မသိတာတွေ သိခွင့်ရအောင် ဖော်ထုတ်တင်ပြပေးထားတာ အရမ်းကောင်းပါတယ်ခင်ဗျာ ..။

အားပေးနေပါတယ်။

norman said...

အမရေ Champagnes နဲ့ sparkling wine က
မျိုးတူပါပဲ။Champagnes ဒေသကထွက်တဲ့
sparkling wine ကိုသာ Champagnes လို့ခေါ်ပါသည်။brandy တိုင်းသည် cognac မဟုတ်သော်လည်း cognac တိုင်းသည် brandy
ဖြစ်သည် ဆိုသကဲ့သို့ပေါ့ဗျာ။
ဆောရီးဗျာ လာနှောင့်နေတာ မဟုတ်ပါဘူး။ပိုစ့်ကို သဘောကျလို့ ကိုယ်သိတာလေးတွေ မျှတာပါ။

ကိုကိုမောင်(ပန်းရနံ့) said...

အဲဒီလိုကြီးလား ညီမ။
မသိတာအမှန်ဘဲ။ ခွက်အမျိုးမျိုးပါလား။ ဒါမျိုးကလဲ အတွေ့အကြုံရှိဦးမှ။း)))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ချစ်ကြည်အေး said...

မနေ့ကမှ ရုံးမှာ ဖတ်ကြည့်ရင်း သဘောကျနေတာ။ မန့်မရလို့ ခုမှ လာမန့်တယ် ညီမ နတ်သမီးရေ... ဒီပို့စ်လေး သိတ်ကောင်းပါတယ်၊ မြန်မာ့ရုပ်ရှင်နဲ့ ဗီဒီယိုတွေမှာ သတိထားသင့်တဲ့ အချက်တွေပါပဲ....

အဖြူရောင်နတ်သမီး said...

Anonymous norman said... အမရေ Champagnes နဲ့ sparkling wine ကမျိုးတူပါပဲ။ Champagnes ဒေသကထွက်တဲ့ sparkling wine ကိုသာ Champagnes လို့ခေါ်ပါသည်။brandy တိုင်းသည် cognac မဟုတ်သော်လည်း cognac တိုင်းသည် brandy ဖြစ်သည် ဆိုသကဲ့သို့ပေါ့ဗျာ။ ဆောရီးဗျာ လာနှောင့်နေတာ မဟုတ်ပါဘူး။ပိုစ့်ကို သဘောကျလို့ ကိုယ်သိတာလေးတွေ မျှတာပါ။
...............................................
norman ရေ..
(၁)Champagnes နဲ့ Sparkling wineဟာ မျိုးတူသလိုရှိပေမဲ့ လုံးဝမတူပါဘူး၊ Sparklig wine ကို နိုင်ငံ အတော်များများကထုတ်လုပ်ပြီး၊
Champagnes ကိုတော့ ပြင်သစ်နိုင်ငံမှာရှိတဲ့ Champagnes ဒေသတစ်ခုထဲကပဲ ထုတ်လုပ်တဲ့အတွက် အမည်ကိုလည်း Champagnes လို့ခေါ်ခြင်းဖြစ်ပါတယ်။
(၂)အဲဒီလိုပဲ Cognac တိုင်းကို Brandy လို့မခေါ်ပေမယ့် ပြင်သစ်နိုင်ငံမှာရှိတဲ့ Cognac ဒေသမှာ လုပ်တဲ့ Brandy ဖြစ်တာကြောင့် အဲဒီBrandyကို Cognac အမျိုးအစားဝင် Brandyလို့ခေါ်တဲ့အကြောင်းနဲ့ Armagnac ဆိုတဲ့ ဒေသကထုတ်လုပ်တဲ့ Brandy ကိုလည်း Armagnac Brandy လို့ခေါ်ပါတယ်။ Cognac Brandy နဲ့ Armagnac Brandy ကို စပျစ်သီးကနေရယူပြီးတော့ Calvados ဆိုတဲ့ Brandy ကို ပန်းသီးကနေ ရယူပါတယ်။Calvados Brandy ကိုတော့ ပြင်သစ်မှာရှိတဲ့ Basse- Normandie or Lowea Normandy ဒေသက ထွက်ရှိကြောင်း မျှဝေလိုက်တယ်နော်။
အရှည်ရေးမယ်ဆိုရင်တော့ ပြီးမှာမဟုတ်တော့ပါဘူး..။မင်းပြောသလိုသာ အရက်တစ်ခုချင်းစီကို ရှင်းပြရမယ်ဆိုရင် အမရေးချင်တဲ့ ဦးတည်ရာပျောက်သွားမှာစိုးလို့ပါ။ ဥပမာ။ ။အမ တက်ခဲ့တဲ့ သင်တန်းက သင်ခဲ့တဲ့ ဘယ်Wine အမျိုးအစားကို ဘယ် စပျစ်သီးအမျိုးအစားကနေ
ထုတ်လုပ်တဲ့အကြောင်း၊ Wine ရဲ့အရောင်၊ ပါဝင်တဲ့ပစ္စည်းများနဲ့ အရသာကို မြည်းစမ်းကြည့်လိုက်ယုံနဲ့ ပါဝင်တဲ့ ပစ္စည်းများရဲ့ အမည်ကို တိုက်ရိုက်ပြောနိုင်တဲ့ စမ်းသပ်နည်းတွေပါ ထဲ့ရေးလို့ကတော့ စာဖတ်သူတွေ မူးသွားမှာပေါ့ ။ အမ အခုရေးတဲ့ အဓိကဆောင်းပါးက မြန်မာဗီဒီယိုတွေထဲမှာ ခွက်သုံးစွဲပုံများ မှားယွင်းနေတဲ့အကြောင်းနဲ့ အမသိသလောက် (ပါးပါးလေး) တင်ပြထားတာပါ။
ပြီးတော့ အမရဲ့ post မှာ တင်ပြထားတဲ့ ဓာတ်ပုံထဲက Brandy အရက်ပုလင်း(၃)မျိုးလုံး ဟာလည်း ပြင်သစ်နိုင်ငံ Cognac ဒေသကထုတ်လုပ်တဲ့ အရက်များဖြစ်တာကြောင့် “ Cognac ဟုခေါ်သော Remy Martin X.O ၊ Hennessy X.O ၊ Courvoisier V.S.O.P ” လို့ သုံးနှုံးရေးသားခဲ့ရခြင်းကို မင်းအနေနဲ့ နားလည်သဘောပေါက်စေချင်ပါတယ်။ ဆက်ရျင်းမယ်ဆိုရင်တော့ X.O ဆိုတာ ဘာလဲ၊ V.S.O.P ဆိုတာ ဘာလဲ၊ ဆိုတာတွေကိုပါ ရှင်းဖို့လိုလာလိမ့်မပေါ့။

ဘယ်လိုပဲဖြစ်ဖြစ်... မင်းဘက်က အခုလို လာဆွေးနွေးပေးတဲ့အတွက် အမရဲ့ ဆောင်းပါး ပိုပြီးတော့ အသက်ဝင်သွားတာပေါ့။ မင်းဘက်က စိတ်ဝင်တစားနဲ့ မင်းသိတာကို ကူညီပြီးမျှဝေပေးတဲ့အတွက်လည်း အမနဲ့ စာဖတ်သူတွေက မင်းကို ကျေးဇူးတင်မှာပါ။ ပြီးတော့ အမရဲ့မိတ်ဆွေ ဒေါက်တာ သက်တန့်ချိုပြောသလိုပေါ့..(အရှည်ဖတ်ချင်ရင်တော့ အမရဲ့Blog List ထဲက Link အတိုင်းသွားဖတ်လို့ရပါတယ်)။
လူငယ်အများစုဟာ Blog တစ်ခုလုပ်ပြီး အကျိုးမရှိတဲ့ စာတွေရေးနေမယ့်အစား အကျိုးရှိစေတဲ့ စာပေ၊ ဗဟုသုတ၊ အသိပညာ၊ အတတ်ပညာ တွေကို စာဖတ်သူအချင်းချင်း မျှဝေနိုင်ဖို့ မင်းတို့လိုလူငယ်မျိုး Blog လောကမှာ အများကြီးလိုအပ်နေကြောင်း ပြောကြားရင်း အကျိုးပြုဆောင်းပါးလေးတွေကို မင်းသိသလောက် မင်းရဲ့Blog မှာ မျှဝေရေးသားဖို့ အမက တိုက်တွန်းလိုက်ပါရစေ...။

ဆုံစည်းမှု said...

Whisky နှင့် Whiskey ကိုသောက် ရာတွင် စံ အဖြစ် Rock glass(Gibraltar rock) ကိုသာ သုံးပါသည် http://www.webstaurantstore.com/libbey-15249-gibraltar-5-5-oz-rocks-glass-36-cs/55115249.html ပုံမှန် အရွယ်အစားမှာ 8 oz ဖြစ်ပါသည် Service လောက တွင် ခွက် တို ခွက် ရှည်ဟု သုံးစွဲနေကြသည် မှာ မဟာ အမှား ပင် မိမိ၏ Experience ကိုပြလိုပါ လျှင် ခွက်တို ကို Rock Glass လည်းကောင်း ခွက်ရှည် ကို Collin Glass ဟူ၍ လည်းကောင်း အကျင့်လုပ် ၍ ခေါ်သင့်ပါသည်

ဆုံစည်းမှု said...

ခွက်တွေကတော့ အများကြီး ပါ ကိုယ်က Bartender ပါ ညီမ ရေးထား တာပ် မစုံ ဘူး အလုပ်တဖက်နဲ့ ရေးတာမို့ လို့ အချိန် မပေးနိုင် ဘူးလို့ထင်ပါတယ် Bar နဲ့ပတ်သက် လို့ စိတ်ဝင်စားရင် ဆွေးနွေးနိုင်ပါတယ်

ဆုံစည်းမှု said...

ဒါနဲ့ စကားမစပ် ဝိုင်ခွက် အောက်ဖက် က ဘာကြောင့် ခွက်နေရတာ လည်း ဆိုတာ သိရင် Share ပါဦး

ဆုံစည်းမှု said...

အဲအဲ ,,,......ကျန်သေးတယ် RED WINE ပုလင်းက DARK ဖြစ်ပြီး WHITE WINE ပုလင်းက ဘာလို့ CLEAR ဖြစ်နေရတာလည်း

ဆုံစည်းမှု said...

သေရည် သေရက်
လူကို ဖျက် ဟု
ဆိုရိုး စကား
ရှိပါငြား လည်း
သောက်သူတိုင်းသာ
ပျက် ရပါမူ
ဘယ်မှာ လူကောင်းရှိမည် နည်း

အဖြူရောင်နတ်သမီး said...

ဆုံစည်းမှု>>> ဟုတ်ကဲ့..ဝိုင်ပုလင်းတွေရဲ့အောက်ခြေဟာ တခြားပုလင်းတွေနဲ့မတူပဲ ခွက်အောင်တမင်လုပ်ထားရတဲ့အကြောင်းရင်း(၂)ချက်ရှိပါတယ်။
ပထမတစ်ချက်က.. ဝိုင်ကို ဖန်ခွက်ထဲကိုငှဲ့ရာမှာ ဟိုတည်နဲ့စားသောက်ဆိုင်ကြီးတွေမှာ သာမန်ပုလင်းတွေကိုကိုင်ပြီး ငှဲ့သလိုမျိုး ငှဲ့လို့မရပါဘူး။
ဝိုင်ငှဲ့နည်း သတ်သတ်ရှိပါတယ်၊ ပုလင်းရဲ့အောက်ခြေမှ ချိုင့်နေတဲ့အခွက်ထဲကို လက်မကိုထည့်ပြီး ကျန်လက်ချောင်း(၄)ချောင်းကိုတော့ ပုလင်းရဲ့အောက်ခြေမှထိန်းပြီးကိုင်ရပါတယ်။ အဲဒီလိုငှဲ့နည်းကို ပရော်ဖယ်ရှင်နယ်လ် ငှဲ့နည်းလို့ခေါ်ပါတယ်(ဟိုတည်နဲ့စားသောက်ဆိုင်တွေမှာ အလုပ်လုပ်နေကြတဲ့ ဝန်ထမ်းတိုင်း ဒီငှဲ့နည်းကို သိကြပါတယ်)။
ဒုတိယအကြောင်းရင်းကတော့ ကျမ အပေါ်မှာရှင်းပြထားပြီးသားဖြစ်တဲ့ ဝိုင်ကို ဖန်ခွက်ထဲသို့ လောင်းထည့်တဲ့အချိန်မှာ ပုလင်းထဲမှာရှိနေတဲ့ စပျစ်သီးအနှစ်၊ အနယ်များဟာ အဲဒီချိုင့်နေတဲ့ ပုလင်းအောက်ခြေမှာ ကျန်ရှိနေအောင် လုပ်ထားတဲ့သဘောပါ။

အခုလို အကိုသိသလောက် ဝင်ပြီးဖြည့်စွက်ပေးသွားတဲ့အတွက် အကို့ကိုကျေးဇူးတင်ပါတယ်ရှင်

ဆုံစည်းမှု said...

ဝိုင် အကြောင်း ပြောရင် Grappa အကြောင်းပါ ထည့်ပြော မှ ပိုပြည့်စုံ မှာပါ
ရေးပေး ပါ့မယ် ပို့ရမဲ့ address လေး ပေးပါဦး shwe4u75@gmail.com

ဆုံစည်းမှု said...

alcohol နဲ့ပတ်သက်လို့ Horeca School of excellence ရဲ့ ၂၀၀၉ (Experience in Bar) ရဲ့ ပထမ ဆု GAB Hero Academy ရဲ့ ၂၀၁၀ (Pouring Master) The Best Talent ဆု ရခဲ့ဖူးပါတယ် (စကားချပ်-ကြွားတာ) တတ်တာလေးတွေဝေမျှပေးချင်ပါတယ် ဒီ ပညာ က လိုက်စားမယ် ဆိုရင် အသက်မွေး ပညာလည်း ဟုတ်သလို သောက်တတ်သူ တွေ အတွက် ကျန်းမာရေး အရ ဘယ်လို သောက်ရင် သင့်တော်တဲ့ ဗဟုသုတကို ပါရစေပါတယ် နိုင်ငံတကာ က ရှန်ပိန် ခွက်လေးတွေ မြှောက်ပြီ အောင်ပွဲ ခံတဲ့ အချိန်မှာ ကျနော်တို့ က လက်ဖက်ရည် ခွက်လေးနဲ့ ပဲ တင်းတိမ် နေလို့ မရတော့ပါဘူး

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger