Tuesday, September 28, 2010

ရေမွှေးချစ်သူ


“မင်းတို့ ငါ့ကို ကြိုက်သလိုပြောလို့ရတယ်..ငါ့သူငယ်ချင်းကိုတော့ မထိနဲ့...အထူးသဖြင့် သူရေးတဲ့ ကဗျာတွေကို မစော်ကားနဲ့..နောက်တခါဆိုရင်တော့ ငါ မင်းတို့ကို ခွင့်လွှတ်မှာမဟုတ်ဘူး”..

ကျမတယောက်ထဲ ပန်းဆိုးတန်းလမ်းက ပညာရွှေတောင်စာအုပ်တိုက်မှ စာအုပ်များရောင်းသည့်ဆိုင်ထဲတွင် စာအုပ်တချို့ကိုဝယ်နေစဉ် အပြင်ဖက် လ္ဘက်ရည်ဆိုင်တခုမှ လူငယ်တချို့ စကားများနေသော အသံကို နားမထောင်ပဲ ကြားနေရသည်..။

“ဟုတ်လို့ ဟုတ်တယ်ပြောတာကွာ..မင်းက ဘာနာစရာရှိလို့လဲ...ကဗျာတဲ့....အရည်မရ အဖတ်မရ စာတွေ...x^*@+^@x/!#&*....”
“မင်းတို့ကို ငါပြောနေတယ်လေ..ကဗျာကို မထိနဲ့လို့...”
“ပြောတယ်ကွာ..ဘာဖြစ်လဲ..”
“ဝုန်း”...
“ဟာ..မင်းဆတ်ခေါင်...မလုပ်နဲ့...“မင်းဆတ်ခေါင်”...
“ဟေ့ကောင်တွေ...ရန်မဖြစ်ကြနဲ့..ရပ်ကြစမ်း..”

အပြင်ဘက်တွင် လူငယ်များ စကားများပြီးရန်ဖြစ်နေကြသဖြင့် ကျမမှာ စာအုပ်များဝယ်ပြီးသော်လည်း ဆိုင်ပြင်သို့ ချက်ချင်းထွက်ရန်မဖြစ်နိုင်သောကြောင့် ဆိုင်ထဲမှ စာအုပ်တချို့ကို လျှောက်ကြည့်ရင်း အချိန်အနည်းငယ်ဖြုန်းနေလိုက်သည်။
လူငယ်တို့၏ သဘာဝ ရန်ဖြစ်သည်မှာ မဆန်းလှသော်လည်း ကျမအဖို့ ရန်ဖြစ်ခြင်းကို မုန်းသည်၊ ကျမ လူမှန်းသိတတ်စအရွယ်ကတည်းက အခုချိန်ထိ သူငယ်ချင်းများနှင့် ကိုယ်ထိလက်ရောက် ရန်မဖြစ်ခဲ့ဖူးပါ၊ တခါတလေ စကားနှင့်သာ အနိုင်ယူ ပြောဆိုတာမျိုးလောက်သာ ရှိခဲ့ဖူးသည်။ ကိုယ်ထိလက်ရောက် ရန်ဖြစ်ခြင်းမျိုးကို ကျမရွံ့မုန်းမိသည်။ လူမှန်လျှင် အသိတရားရှိသည်၊ ပါးစပ်နှင့် နားလည်အောင်ပြော၍ရသော သူများဖြစ်သည်။ လက်ပါရပြီဆိုကတည်းက အသိတရားမရှိသူ၊ လူဆိုး လူမိုက်များသာဖြစ်လိမ့်မည်။ လိမ္မာယဉ်ကျေးသူမှန်လျှင် ရန်ဖြစ်ရိုး ထုံးစံမရှိ၊ တဖက်သားနားလည် သဘောပေါက်အောင်ညှိယူသည်၊ မိမိ၏ စိတ်ကို ထိမ်းနိုင်စွမ်းရှိသည်။
မျိုးဆက်သစ်လူငယ်များကိုလည်း လိမ္မာယဉ်ကျေးသော လူငယ်များသာဖြစ်စေချင်ပါသည်။

တနင်္ဂနွေနေ့၊ ညနေ ၆နာရီထိုးပြီ...။
ကျမ၏ အချစ်ဆုံးသူငယ်ချင်း ရူပါ၏ မွေးနေ့ပွဲသို့သွားရန် အိမ်မှထွက်ခဲ့သည်။
စမ်းချောင်းက YKKO ကြေးအိုးဆိုင်ရှေ့တွင် ကားရပ်လိုက်သည်နှင့် သူငယ်ချင်း ရူပါက ဆီးကြိုနေသည်။
“လာ မေဦး..လူတွေစုံနေပြီ..နင်တယောက်ပဲ ကျန်တော့တာ...”
သူငယ်ချင်း ရူပါမှ ကျမကိုဆွဲခေါ်သွားရာ YKKO စားသောက်ဆိုင်၏ အပေါ်ထပ်သို့ အလိုက်သင့် လိုက်ပါသွားလိုက်သည်။
ဆိုင်၏ ထောင့်တနေရာတွင် ခုံများဆက်၍ ခင်းထားပြီး လူ(၁၀)ယောက်စာ ပြင်ဆင်ထားသော စားပွဲတွင် ဧည့်သည်များရောက်ရှိနေလေပြီ။
“ထိုင်..သူငယ်ချင်း..”
ရူပါ၏ ဘေးမှ လွတ်နေသော ခုံတွင် ကျမဝင်ထိုင်လိုက်စဉ် လတ်ဆတ်သော၊ စိတ်ကိုလန်းဆန်းစေသော၊ စူးရှသော အနံ့ရှိသည့် ရေမွှေးနံ့တခု ကျမ၏ နှာခေါင်းထဲသို့ တိုးဝင်လာသည်။

ရေမွှေးအကြောင်းကို ကြွမ်းကျင်စွာ မသိပေမယ့် ရေမွှေးရောင်းသော ဆိုင်တွင် အလုပ် လုပ်ခဲ့ဖူးသောကျမ၊ ရေမွှေးကို အလွန်ကြိုက်သော ကျမအဖို့ ရေမွှေးတော်တော်များများ၏ အနံ့ကို အကြွမ်းတဝင်ရှိပြီးသားဖြစ်သည်။ အနံ့ကို ရှူကြည့်လိုက်ရုံနှင့် ရေမွှေး၏ အမည်ကို ခန့်မှန်းပြောဆိုနိုင်သည်။
ယခု ကျမ၏ နှာခေါင်းထဲသို့ ရောက်လာသော ရေမွှေးနံ့၏အမည်မှာ ပြင်သစ်နိုင်ငံမှ ထုတ်လုပ်သည့် EAU DE TOILETTE အမျိုးအစား ဖြစ်ပြီး အမျိုးသားသုံး “ISSEY MIYAKE ” ရေမွှေးပင်ဖြစ်သည်။
(ရေမွှေးများတွင် EAU DE TOILET နှင့် EAU DE PERFUME ဟူ၍ (၂)မျိုးခွဲခြားထားသည်။ EAU DE TOILET မှာ အနံ့ပျော့သည် ။
EAU DE PERFUME မှာ တနေကုန်အနံ့မပျယ်ပဲ ကိုယ်ပေါ်တွင် စွဲခိုင်စေသည့်အာနိသင်ရှိသည်။ )
ထိုရေမွှေးပိုင်ရှင်သည် ကျမ၏ဘေးခုံမှ အမျိုးသားထံမှဖြစ်သည်။

“ကဲ..လူစုံပြီ..မွေးနေ့ပွဲလေး စ လိုက်ကြရအောင်”..
သူငယ်ချင်းရူပါ၏ အသံနှင့်အတူ မွေးနေ့ပွဲတွင်ရောက်ရှိနေကြသော ဧည့်သည်များထဲမှ တယောက်နှင့်တယောက် မသိသေးသောသူများကို မွေးနေ့ရှင် ရူပါမှ အမည်များနှင့်တကွ တယောက်ချင်း မိတ်ဆက်ပေးနေသည်။

“ဒါက မျိုးနေဝါ...၊ ဒါက ဖြူသွယ်ခိုင်..၊ ဒါက မင်းဆတ်ခေါင်...၊ဒါက....”
ရေမွှေးနံ့ပိုင်ရှင်အမျိုးသား၏ အမည်က “မင်းဆတ်ခေါင်”တဲ့...
ဒီနာမည်ကို ကျမကြားဖူးနေသည်၊ စဉ်းစားသည်..၊မရ..၊ ဘယ်မှာကြားဖူးခဲ့ပါသနည်း..။
“ဒါကတော့ ရူပါ့ရဲ့ အချစ်ဆုံး သူငယ်ချင်း မေဦးဝေ တဲ့...နိုင်ငံခြားက ခနပြန်လာတာ..”
သူငယ်ချင်းရူပါမှ ကျမ၏ပခုံးကိုဖက်ရင်း တခြားသူများနှင့် မိတ်ဆက်ပေးနေသဖြင့် ကျမ၏ အတွေးများ ပြတ်တောက်ခဲ့ရသည်။

“ကဲ..သူငယ်ချင်းတို့...ရူပါ့ရဲ့မွေးနေ့မှာ ပျော်ပျော်ပါးပါး ပေါ့နော်...”
မွေးနေ့ရှင်၏ စကားအဆုံးတွင် စားပွဲပေါ်တွင် အသင့်ရောက်ရှိနေပြီဖြစ်သော ကြေးအိုးဆီချက်များကို ဧည့်သည်များစားသုံးနေစဉ်
“ရူပါမ..နင့်အတွက် ငါ့ရဲ့လက်ဆောင်”.
ကျမ၏ဘေးမှ ရေမွှေးနံ့ပိုင်ရှင် အမျိုးသားမှ မွေးနေ့ကဒ်လေးတခုကို ရူပါ့ထံသို့လှမ်းပေးနေသည်။
သူတို့နှစ်ဦး၏ အလယ်တွင် ကျမရှိနေခြင်းကြောင့် မွေးနေ့လက်ဆောင်ကဒ်လေးကို ထိုအမျိုးသားမှ ကျမရှေ့မှလှမ်းပေးလိုက်စဉ် သူနှင့်ကျမ နီးကပ်သလိုဖြစ်သွားပြီး ရေမွှေးနံ့လေးများမှာလည်း ပို၍ နီးကပ်လာခဲ့သည်။
ရူပါက မွေးနေ့ကဒ်လေးကိုလှမ်းယူရင်း..
“ကျေးဇူးပဲ ကိုမင်း...ငါ့မွေးနေ့အတွက် ငါတောင်းထားတဲ့ ကဗျာလက်ဆောင်ရော ပါရဲ့လား”..
“ကဗျာ”..
ကျမ၏ ပါးစပ်မှ “ကဗျာ”..ဟု ရေရွတ်မိသွားသဖြင့် ရူပါက ကျမကို ဆက်၍ရှင်းပြသည်။
“ဟုတ်တယ်..မေဦးရဲ့..ကိုမင်းက ကဗျာဆရာလေ..ကဗျာတွေကို သူ့အသက်လောက်ချစ်တာ.. ငါ့ရဲ့မွေးနေ့ရောက်တိုင်း သူ့ဆီက မွေးနေ့လက်ဆောင် ကဗျာကို ငါရနေကျပေါ့”...

ကျမ၏ အတွေးထဲသို့ ရုတ်တရက်ရောက်ရှိလာသော “ကဗျာ”..
“မင်းဆတ်ခေါင်”...
“ကဗျာတွေကို သူ့အသက်လောက်ချစ်တာ”...ဆိုသည့် စကားလုံးများနှင့်ဆက်နွယ်သော လွန်ခဲ့သည့် (၃)ရက်ခန့်က ပန်းဆိုးတန်းလမ်းက ပညာရွှေတောင်စာအုပ်တိုက်ထဲတွင် ကျမရှိနေစဉ် ဆိုင်အပြင်ဘက် လ္ဘက်ရည်ဆိုင်တခုမှ လူငယ်တစု၏ ရန်ဖြစ်သံနှင့်အတူ ကြားမိလိုက်သော“မင်းဆတ်ခေါင်...” ဆိုသည့်အမည်...၊ “မင်းတို့ငါ့ကို ကြိုက်သလိုပြောလို့ရတယ်..ငါ့သူငယ်ချင်းကိုတော့မထိနဲ့...အထူးသဖြင့် သူရေးတဲ့ကဗျာတွေကိုမစော်ကားနဲ့”..ဆိုသည့် စကားလုံးများနှင့် ရန်ပွဲတခုကို ပြန်သတိရလိုက်ချိန်တွင် ကျမ၏မျက်လုံးများ မင်းဆတ်ခေါင်၏ ခန္ဓာပေါ်သို့ရောက်ရှိသွားစဉ်..

သူ၏ ညာဘက်လက်ကောက်ဝတ်တွင် စည်းထားသော ပတ်တီးဖြူဖြူတခုကို တွေ့လိုက်ရသည်။
အဲဒီလက်က ဒါဏ်ရာက အဲဒီနေ့ကရခဲ့တဲ့ ဒါဏ်ရာပဲဖြစ်မည်ဟု တွေးလိုက်စဉ် သူငယ်ချင်းရူပါမှ
“ဟဲ့..ကိုမင်း နင့်လက်က ဒါဏ်ရာက ကဗျာရန်ပွဲကြောင့် ရခဲ့တဲ့ ဒါဏ်ရာမှဟုတ်ရဲ့လား”..
“အေး..ဟုတ်တယ်..ဟိုတနေ့က ပန်းဆိုးတန်းလမ်းမှာ ဖြစ်ခဲ့တာ”..
မင်းဆတ်ခေါင်၏ စကားအဆုံးတွင် ..
“အဲဒီနေ့က ကျမ ပညာရွှေတောင်စာအုပ်တိုက်ထဲမှာ ရှိနေခဲ့ပါတယ်”...
“ဗျာ”..
“ဟုတ်တယ်...
“ကျမလိုချင်တဲ့ စာအုပ်တချို့လာရှာတာ..အပြင်မှာ ရန်ဖြစ်နေသံကြားလို့ အဲဒီဆိုင်ထဲမှာ အချိန်ဖြုန်းရင်း လိုချင်တဲ့ စာအုပ်အစုံရခဲ့တယ်..
မရခဲ့တာဆိုလို့ မိုဃ်းဇော်စီစဉ်တဲ့ စိတ်ကူးချိုချိုစာအုပ်တိုက်က ထုတ်ဝေတဲ့ ကဗျာစာအုပ်တခုထဲပါ”
“မမေဦးက ကဗျာဖတ်တာ ဝါသနာပါလား”
“အောင်မလေး ကိုမင်းရေ...မေဦးက ကဗျာတွေကို နင့်ထက်ရူးတယ်..ဟဲ့”
“ဟာ..တွေ့ရတာဝမ်းသာပါတယ်..မမေဦး.. ဝါသနာတူမို့ လေးစားစွာ ခင်မင်မိပါတယ်ဗျာ..”
ကျမပြုံး၍ခေါင်းငြိမ့်ပြလိုက်သည်။

အဲဒီနေ့က ရူပါ့မွေးနေ့ပွဲတွင် ကျမတို့နှစ်ယောက် ကဗျာများအကြောင်းပြောဖြစ်ရင်း ရင်းနှီးခဲ့ကြသည်။

မြန်မာပြည်တွင် ခွင့်ရက်စေ့၍ နိုင်ငံခြားသို့ပြန်ရန် ကျမကို လေဆိပ်သို့ ရူပါလိုက်ပို့ပေးသည်။
“သူငယ်ချင်း..ကျန်းမာရေးဂရုစိုက်နော်...နောက်နှစ်ကျရင်ပြန်လာခဲ့အုံး..ငါ့မွေးနေ့အမှီပေါ့..
အဲ..မေ့တော့မလို့...”
ရူပါတယောက် လွယ်ထားသော အိပ်ထဲမှ တစုံတခုကိုနှိုက်ထုတ်ရင်း..
“မင်းဆတ်ခေါင်က နင့်အတွက်ဆိုပြီး ငါ့ကိုပေးခိုင်းထားတာ..နင်ရှာနေတဲ့ ကဗျာစာအုပ်ဆိုလားပဲ”...
ရူပါ့လက်ထဲမှ ကဗျာစာအုပ်လေးကိုလှမ်းယူရင်း
“ကျေးဇူးပါပဲသူငယ်ချင်းရယ်...ကိုမင်းကိုလည်းပြောပေးပါ ကဗျာစာအုပ်လေးအတွက် ကျေးဇူးအများကြီးတင်ပါတယ်လို့...နော်”

“ကဲ..ငါသွားတော့မယ်..နောက်နှစ်မှာပြန်ဆုံမယ်နော်..တာ့တာ”..

လေယာဉ်ကြီးလည်း ကောင်းကင်ယံတွင် ဝဲပျံနေလေပြီ.. ၊
ကျမဘေးမှ ခရီးသွားတချို့လည်း လေယာဉ်ပေါ်တွင်စီးနင်းလိုက်ပါရင်း မှေးစက်အနားယူနေကြလေပြီ...
ကျမကတော့ အိပ်ချင်စိတ်မရှိသဖြင့် အိတ်ထဲမှ ကဗျာစာအုပ်လေးကို ဖွင့်ဖတ်နေလိုက်သည်။
ခနအကြာတွင် လတ်ဆတ်သော စိမ်းရွှင်ရွှင်အနံ့ရှိသည့် ရေမွှေးနံ့တခု ကျမ၏ နှာခေါင်းထဲသို့ တိုးဝင်လာသဖြင့် ဘေးသို့ကြည့်လိုက်စဉ် လေယာဉ်မောင်တယောက်မှ ကျမမှာထားသော ကော်ဖီပူပူလေးတခွက်ကို ကျမအားလာပေးခြင်းဖြစ်သည်။


ကျမပြုံးလိုက်သည်...
ပြီးတော့...ထိုလေယာဉ်မောင်လှမ်းပေးသော ကော်ဖီခွက်လေးအားလှမ်းယူရင်း....
“Thank you...nice perfume”...
“Thank you Madam..., Have a nice trip! ”

22 comments:

မိုးယံ said...

အယ် ဇတ်လမ်းဆုံးခါနီးမှ သိတယ် ။ မေဦးက ကဗျာရူးကို ဟာဟ။ နတ်သမီးရေ ကျွန်တော်လဲ ကိုယ်ထိလက်ရောက် ရန်ဖြစ်တာကို မုန်းပေမယ့် သိပ်စော်ကားလာရင်တော့ ကားသွားအောင် ပြန်ဆော်ပေးလိုက်တာ ပိုအဆင်ပြေတယ်။

ဂြီ

မောင်လေး said...

အင်းးး ဆက်ရန် ရှိသေးပုံပဲနော်....။
အစပျိုးထားတာကိုက စိတ်ဝင်စားစရာပဲ..။

ချော(အစိမ်းရောင်လွင်ပြင်) said...

တို့လဲ ရေမွှေးကြိုက်တယ်
တော်တော်များများကို အနံ့ရတာနဲ့ နံမည်ကို မှတ်မိနေတယ်..
ပိုစ့်ခေါင်းစဉ်လေးတွေ့တာနဲ့ စိတ်ဝင်စားမိတာ။
လူတွေဆီက မတူညီတဲ့ ရေမွှေးနံ့တွေကို စိတ်ဝင်စားတယ် နတ်သမီးရေ။
အနံ့လေးရတာကိုလဲ သဘောကျတယ်..
နတ်သမီးလဲ ရေမွှေးလေးလို မွှေးကြိုက်လန်းဆန်းပါစေ

ခင်တဲ့
မချော

ကိုဇော် said...

ရေမွှေးပို့စ် နှစ်ခု ရေးထားမိတော့ . . .
ဒါနဲ့များ ဆက်သွယ်ပြီး ရေးမိထားတဲ့ စိတ်ကူးလေးများ ဖြစ်မလားလို့။ ကျနော်ကတော့ သိပ်ပြီးတော့ ရေမွှေးတွေကို မစွဲလန်းမိဘူး။ အဲ ဂျပန်က ထုတ်တဲ့ ရေမွှေးတစ်မျိုးကိုတော့ ကြိုက်ဖူးတယ်။ ဒါပေမဲ့ ကိုယ်လည်း ကြိုက်ရော ကုမ္ပဏီက ဖျက်သိမ်းသွားတယ်။ အဲသလို။

ကဗျာကိုတော့ ချစ်ပါတယ်။ ဒါပေမဲ့ အနုစားကျတော့ သိပ်မတိုးပြန်ဘူး။ ကဗျာ နေရာလေး တစ်ခု ပေးမယ်။ ဝင်လည်း ရေးစေချင်ပါတယ်။ ကျနော်လည်း ရှိတယ်။ တစုတစည်းတည်း ဖတ်လို့ ရအောင် ကြိုးစားထားတာပါ။

http://myanmarpoem.multiply.com

ပျော်ရွှင်ပါစေ။

ဇာနည်မောင် said...

နတ်သမီးရေ အရှေ့ဥရောပမှာတော့ မသိဘူးနော် အနောက်ဥရောပနဲ့ အာရှတချို့နိုင်ငံတွေက မိန်းကလေး တွေကတော့ ဂျာမဏီနိုင်ငံလုပ် Maro O'Polo ..... PUER GREEN ရေမွှေးကို အရမ်းကြိုက်ကြတယ်နော် အဲ့ဒီရေမွှေးက အာရှ အနံ့မျိုးလည်းဖြစ်နေတယ် ....
ခင်မင်သတိရလျှက်
ဇာနည်မောင်

မိုးငွေ့...... said...

ရေမွှေးချစ်သူမို့ နတ်သမီးရဲ့ပို့စ်ကိုလဲ သိပ်ကြိုက်တယ်...
လောလောဆယ် သူများတွေမနာလိုလောက်တဲ့ ရေမွှေး Gucci Envy Me ကိုဆွတ်ဖြစ်တယ်...း)

ခင်တဲ့
မိုးငွေ့

နှင်းဟေမာ said...

မမအဖြူရောင်လေးရေ...

ကဗျာကိုချစ်တဲ့ ဇာတ်ကောင်နှစ်ယောက်ရဲ့ သရုပ်ကိုပေါ်လွင်အောင် ရေးဖွဲ့ထားပုံလေးက ချစ်စရာကောင်းပါတယ် ...
နှင်း လဲ ရေမွှေးကို အရမ်းကြိုက်တယ်း)
ကဗျာတွေကိုတော့ ရူးသွပ်စွာချစ်တယ်း)

နှင်း ...

သဒ္ဓါလှိုင်း said...

ရေမွှေးနံ့လေးနဲ့အတူရောက်ခဲ့ပါတယ်မနတ်သမီးရေ.
ရေမွှေးကြိုက်ပေမဲ့အနံ့အရမ်းစူးနာကျတော့
မကြိုက်ဘူး..။ ဒါပေမဲ့တနေ့လုံးသင်းသင်းလေးနဲ့
မွှေးနေတာကိုတော့ကြိုက်တယ်..။

ချစ်တဲ့
သဒ္ဓါ

sosegado said...

ကဗျာကို တော်တော် ကြိုက်ကြတာကိုး၊
Air fresher တော့ကြိုက်တယ်။

~ဏီလင်းညို~ said...

ကိုဏီကတော့ ရေမွှေးသိပ်မသုံးဖြစ်ဘူး.....။
အနံပြင်းတာတွေ မခံနိုင်လို့ပဲလေ.....။
သစ်သီးနံ့သင်းတဲ့ ရေမွှေးမျိုးတော့ သဘောကျပေမယ့် မသုံးဖြစ်.....၊ မ၀ယ်ဖြစ်တာ များပါတယ်.......။
ပို့စ်လေးကလည်း....ဖတ်လို့ကောင်းတယ်...။
(ကျန်းမာရေးကို ဂရုစိုက်ပါဦးဗျာ.....)

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

blackcoffee said...

အင်း... ကဗျာကို အဲဒီလောက် ချစ်တဲ့သူတွေလဲ ရှိတယ် ဆိုတာ သိပါတယ်။ အပြင်မှာတော့ မတွေ့ ဘူးသေးဘူး။ ဒါနဲ့ ဇာတ်လမ်းက ဒါပဲလား အစ်မ။

ကိုကိုးအိမ်(မန္တလေး) said...

မနမ်းရေ ကိုးကတော့ ရေမွှေးသရဲပဲ
ဘယ်ဆိုင်ရောက်ရောက် ရေမွှေးပုလင်းအရင်ကိုင်တာ အဲဒါကြောင့်သူငယ်ချင်းတွေက လက်ဆောင်ပေးရင် လည်း ရေမွှေးပဲလက်ဆောင်ပေးကြတယ်။ အခုလက်ရှိတော့ ယိုးဒယားကထုတ်တဲ့ သနပ်ခါးပန်းနံ့ Eu di Toilette အမျိုးအစားကို သူငယ်ချင်းလှမ်း ပေးထားလို့ အလကားသုံးနေတယ် အဟီး...

ခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)

Bravo said...

း)
တကယ့်အဖြစ်ပျက်လားဗျ မသိလို့မေးတာပါ
ကျနော်လည်း ကဗျာကို မြတ်နိးပါတယ်

Bravo said...

း)
တကယ့်အဖြစ်ပျက်လားဗျ မသိလို့မေးတာပါ
ကျနော်လည်း ကဗျာကို မြတ်နိးပါတယ်

Bravo said...

တကယ့်အဖြစ်ပျက်လားဗျ

ကျနော်လည်း ကဗျာကို မြတ်နိးပါတယ်

း)

ဆွေလေးမွန် said...

မရေ ဖျားနေပြီလား ဂရုစိုက်အုန်း။ကိုယ့်ဘာသာကိုယ်.
ဆွေလေးကတော့ ရေမွှေးတော့ ကြိုက်တယ်..
ဒါပေမယ့် ဘာဓာတ်လဲတော့ သိဘူး.
ကိုယ်တိုင်လဲ သုံးလို့မရဘူး..သူများသုံးတဲ့ အနံ့လဲ
ကြာကြာမခံနိုင်ဘူး..
ကြာကြာရှုမိရင် အရမ်းကို အိပ်ငိုက်တာ..ဟီး

ပို့လေးကတော့ ဖတ်လို့ကောင်းတယ်..ဒါပေမယ့် ဆက်ရန်ရှိသေးလားမသိ..

ရွှေရတုမှတ်တမ်း said...

ကဗျာတော့..နားမလည်တာတွေတော့ မကြိုက်ပါဘူး..
ရေမွှေးတော့ ကြိုက်တယ်..
banana republic USA က ထုတ်တဲ့ Cordovan ..(Man)
ကိုသုံးတယ်

ဝေလင်း said...

ပို့စ်လေးက လှတယ်...။ ဒါပေမယ့် တန်းလန်းကြီးအစ်မရ။ ဆက်ရန်ရှိသေးလား။ အလုပ်တွေပိနေလား...? ကျန်းမာရေးလေးဘာလေးလည်း ဂရုစိုက်ဦး။ အလုပ်ချည်းပဲ ဖိလုပ်မနေနဲ့ဦးအစ်မရ.

Anonymous said...

အဆက်ရှိသလိုလို မရှိသလိုလိုဖြစ်နေတယ် ဖတ်ပြီး
ရေမွှေးမသုံးတတ်တော့ ပြောတတ်ဖူးရယ်
း)
နောက်ကျမှရောက်လာတာဆောရီးဗျာ
အစ်မရေ...ကွန်ပစ်ပစ်နေရတယ်

မောင်ဘကြိုင်

ဂျစ်တူး ( မုံရွာ ) said...

စာတွေဖတ်နေရင်းနဲ့  လန့်လိုက်တာဗျာ-
အလန့်ထန်းလျက်နဲ့ 
ဘာသံတွေလဲဗျာ - - -
နတ်သမီးလေးအစွမ်းအစတွေပြနေပြီထင်ပါတယ်-
သတိရလျှက်ဖြင့်

ဟန်နာ said...

ဟန်နာ စဉ်းစားနေတာ..အဲ့ ၀တ္တုလေးကို တစ်ခန်းရပ် ဇတ်လမ်းတိုလေး ဆို ဘယ်လိုနေမလဲလို့ .. အထူးသဖြင့် အနောက်ဆုံးက လေယဉ်မောင်နဲ့ စကား ပြောပြီး ပြီးသွားတာလေးက ချစ်စရာလေး...အများကြီး ရေးနိုင်ပါစေ နောက်လည်း....

P.S အပေါ်က အမ ရေမွှေးတွေလား.. အများကြီးပဲ..

ပျော်ရွှင်ပါစေ..
ဟန်နာ :)

မိုးစက်အိမ် said...

တကယ့်အဖြစ်အပျက်လား စိတ်ကူးယဉ်
ရေးတာလားတော့မသိဘူး နတ်သမီး
မောင်တော်သိရင်တော့ နှာကစ်မှာသေချာ
တယ် . . . ဇာတ်လမ်းကတန်းလန်းနဲ့  :D

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger