Saturday, October 9, 2010

“ Mind the step...please! ”




ဧည့်ကြို ။ ။ “Hello..Good Evening!”
ဧည့်သည်။ ။“Table for 2 please”

ဧည့်ကြို ။ ။ “Do you have a Reservation?”
ဧည့်သည်။ ။ “No, can we sit top floor?”

ဧည့်ကြိုမလေးမှ ခေါင်းညှိတ်ပြရင်း ...
“Follow me please...mind the step...please”

ဧည့်ကြိုမလေးမှ လှေခါးထစ်များကို တထစ်ချင်း တက်လှမ်းရင်း ဧည့်သည်များတောင်းဆိုသော အပေါ်ဆုံးထပ်သို့ ဦးဆောင်၍ သွားနေသည်။

“ဝုန်း”
အပေါ်ထပ်သို့ တက်ရာ လှေခါးတွင် ဧည့်သည်တယောက် ခြေချော်၍ မှောက်လှက် ပြုတ်ကျခြင်းကြောင့် ဧည့်ကြိုမလေးမှာ ကပြာကယာနှင့် မေးလိုက်သည်။

ဧည့်ကြို။ ။ “Are you OK?”
ဧည့်သည်။ ။ “I am OK”

ဧည့်သည်မှာ လှေခါးထစ်တခုကို လှမ်းတက်လိုက်စဉ်တွင် ၎င်း၏ခြေထောက်မှာ လှေခါး၏ အဖျားကိုသာ နင်းမိခြင်းကြောင့် ခြေချော်ကျခြင်းဖြစ်သည်။
ဧည်သည် ပုံမှန်အနေအထားသို့အရောက်တွင် ဧည့်ကြိုမလေးမှ ဧည့်သည်များအား အပေါ်ထပ်သို့ ဆက်လက်၍ ခေါ်ဆောင်သွားလေတော့သည်။
...................................။.....................................................။

ဧည့်ကြို ။ ။ “Hello ...Good Evening!”
ဧည့်သည်။ ။ “Good Evening! My name is John..., I made Reservation for 4 persons, upstairs please”

ဧည့်ကြိုမလေးသည် သူမ၏ရှေ့တွင် ချထားသော Reservation စာအုပ်ထဲမှ ဧည့်သည်၏ အမည်ကို ရှာဖွေရင်း ရောက်ရှိကြောင်း အမှတ်အသားပြုလုပ်ပြီးချိန်တွင် ဧည့်သည်မှ အပေါ်ထပ်တွင် ထိုင်ရန်ဆန္ဒရှိကြောင်း တောင်းဆိုလာသဖြင့် ဧည့်ကြိုမလေးမှ အပေါ်ထပ်သို့ လှမ်းတက်ရင်း...

“Follow me please....mind the step please....”


“ဝုန်း”
“Haa...haa..haa...what's wrong with you ?”
ဧည့်သည်အမျိုးသားတယောက်မှာ လှေခါးကို ခလုတ်တိုက်လဲခြင်းကြောင့် ၎င်း၏ဇနီးသည်မှ လှောင်ပြောင်ကြည်စယ်ရင်း ဧည့်ကြိုမလေးခေါ်ဆောင်ရာ နောက်သို့ ဆက်လက်လိုက်ပါသွားကြပြန်သည်။
...........................။.......................................။.........................................

“ဝုန်း”...“ခွမ်း”....
ချော်ကျပြန်ပါပြီ...
အအေးလင်ပန်းကို ကိုင်ဆောင်ထားသော စားပွဲထိုးလေးတယောက် လှေခါးထစ်နှင့် ခလုတ်တိုင်မိခြင်းကြောင့် ဟန်ချက်ပျက်ကာ လင်ပန်းထဲမှ အအေးခွက်များ ကျကွဲသော အသံဖြစ်သည်။
............................................။........................................။.............................

ထိုအဖြစ်အပျက်များမှာ ကျမအလုပ်လုပ်ရာ စားသောက်ဆိုင်ကြီး အတွင်းမှ အပေါ်ထပ်သို့တက်ရာ လှေခါးတွင် အကြာခန ဖြစ်ပျက်လျှက်ရှိသော အဖြစ်အပျက်များပင်ဖြစ်သည်။
နေ့စဉ်နဲ့အမျှ အတက်အဆင်းလုပ်လျှက်ရှိသော ဝန်ထမ်းများပင်လျှင် တခါတလေ ခြေချော်ကျလေ့ရှိသည်။



ကျမ အလုပ်လုပ်သော စားသောက်ဆိုင်ကြီးတွင် အထပ်(၃)ထပ်ရှိသည်။ အပေါ်ဆုံးထပ်မှာ High Class ဟုခေါ်သော အထက်တန်းကျစွာပြင်ဆင်ထားသော Dinning Room ၊ ပြတင်းပေါက်မှ ပင်လယ်ပြင်၏ သဘာဝရှုခင်းကို ကောင်းစွာတွေ့မြင်နိုင်ခြင်း၊ ထိုင်ခုံများမှာလည်း တခြား အထပ်များမှ ခုံးများနှင့်မတူပဲ ကနုတ်ပန်းများဖြင့်အလှဆင်ထားသော ခုံများကြောင့် ဧည့်သည် ၈၀ ရာခိုင်နှုံးခန့်သည် အပေါ်ဆုံးထပ်တွင်သာ ထိုင်ရန်တောင်းဆိုလေ့ရှိသည်။

ဧည့်ကြိုတယောက်ဖြစ်သည့် ကျမမှာလည်း ဧည့်သည်များစိတ်ချမ်းသာစေရန် ၎င်းတို့၏ တောင်းဆိုမှုကို အတတ်နိုင်ဆုံး လိုက်လျှောဆောင်ရွက်ပေးရင်း ဧည့်သည်အတော်များများမှာ မကြာခနဆိုသလိုပင် လှေခါးထစ်တွင် ခြေချော်လဲတတ်သည့်အဖြစ်အပျက်လေးကို ကျမ သတိပြုမိလာခဲ့သည်။

ထိုသို့ ခြေချော်ကျရာတွင် နာကျင်သူများရှိသလို ရယ်မောစွာဖြင့် လဲကျရာမှ ချက်ချင်းပြန်ထ သူများလည်းရှိသည်။ ၁၅ထစ်ခန့်သာရှိသော ပြေပြစ်လှသည့် လှေခါးကို ပုံပါအတိုင်းတွေ့မြင်နိုင်ပါသည်။ ဧည့်သည်များ ခြေချော်ကျရခြင်း အကြောင်း(၃)မျိုးရှိသည်။
(၁)လှေခါး၏ ပုံသဏ္ဍာန်မှာ ဖြောင့်မလိုလိုနှင့် အနည်းငယ် ကွေ့ကောက်နေခြင်း၊
(၂)မီးအလင်းအမှောင်နှင့် ဘေးနံရံမှ မှန်များကြောင့် မျက်စိအမြင်မှာနိုင်ခြင်း၊

(၃)သတိမမူပဲ လှေခါးထစ်များကို ပေါ့ပျက်စွာတက်ခြင်း တို့ကြောင့်ဖြစ်နိုင်ပါသည်။

ထိုနည်းတူပင် ထိုလှေခါးပေါ်သို့ တက်သော (၁)ကလေးသူငယ်များ၊
(၂)သက်ကြီးရွယ်အိုများ၊
(၃)လူလတ်ပိုင်းဟုခေါ်သည့် ကျန်းမာသန်စွမ်းသူများဟူ၍ (၃)မျိုးခွဲခြားဖော်ပြရာတွင်...

(၁)ကလေးသူငယ်များမှာ လူကြီးမိဘများ၏ အကူညီဖြင့် လှေခါးတက်ခြင်းကြောင့် အထိန်းအကွတ်ရှိခြင်း၊ ၎င်းတို့နှင့် မရင်းနှီးသော ပတ်ဝန်းကျင် အသစ်ဖြစ်ခြင်းကြောင့် စူးစမ်း၍ တထစ်ချင်းတက်ခြင်း၊ အကြောက်တရားရှိခြင်းတို့ကြောင့် သတိဖြင့် တက်ကြသည့်အတွက် ခြေချော်ကျခြင်း အန္တရာယ်မှ ကင်းဝေးကြသည်။

(၂)သက်ကြီးရွယ်အိုများမှာလည်း အိုမင်းရင့်ရော်လာသည်နှင့်အမျှ အတွေ့အကြုံအရ ၎င်းတို့အတွက် အသက်အန္တရာယ်နှင့် ထိခိုက်ဒါဏ်ရာရစေမည့် ကိစ္စများကို အလွန်သတိရှိကြသူများဖြစ်သည့်အတွက် မိမိတို့ကိုယ်ကို ဂရုစိုက်ကြသည်၊ လှေခါးတက်ရာတွင်လည်း သွေးအေးအေးဖြင့် တထစ်ချင်း တက်သည့်အတွက် ခြေချော်ခြင်းအန္တရာယ်မှ ကင်းဝေးကြသည်။

(၃)လှေခါးမှ ခြေချော်ကျလေ့ရှိသော သူများမှာ လူလတ်ပိုင်းဟုခေါ်သည့် သန်မြန်ဖြတ်လတ်သူများဖြစ်ကြသည်။ အကြောင်းမှာ ၎င်းတို့သည် မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိခြင်း၊ မည်သည့်နေရာမဆို အကူမပါပဲ သွားနိုင်ခြင်း၊ ခွန်အားရှိခြင်း၊ ဘာမဆို စွမ်းဆောင်နိုင်သည့် သန်မာဖြတ်လတ်သော အရွယ်ဖြစ်ခြင်း တို့ကြောင့် အရာရာတိုင်းကို ပေါ့တန်စွာ သွားလာနေထိုင်ခြင်း...“ ဒီလှေခါးလောက်တော့ မျက်စိမှိတ်တက်လို့တောင်ရပါတယ်” ဆိုသည့် “မထီမဲ့မြင်..အလေးမထားမှု”များကြောင့် ခြေချော်မကျသင့်ပဲ ချော်ကျရခြင်းပင်ဖြစ်သည်။
ဖြစ်သင့်သည်မှာ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများသာလျှင် လှေခါးမှ ချော်ကျနိုင်သည့်အခြေနေမျိုးတွင် အဘယ်ကြောင့် သွက်လက်ဖြတ်လတ်သော လူလတ်ပိုင်းများသာ ဤကဲ့သို့သော မတော်တဆများနှင့် ကြုံတွေ့ရပါသနည်း။ သတိမမူခြင်းကြောင့်သာဖြစ်မည်ဟု ကျမ တွေးမိပါသည်....

“ကောင်းပေ့..ညွန့်ပေ့ ”ဆိုသည့်အရာများကို “လူ”အများ ကြိုက်နှစ်သက်ကြသည်။
“မြင့်မားသောနေရာ(သို့မဟုတ်) High Class ဟု ခေါ်သော အဆင့်အတန်းမြင့်သည့်ဘဝကို “လူ”အများ မက်မောကြသည်။
မြင့်မားသောနေရာတွင် ရှိနေခြင်းကို ဂုဏ်ယူကြသည်။ ပြချင်ကြသည်။ကြွားချင်ကြသည်။
မိမိတို့အလိုရှိရာ မြင့်မားသော ဘဝသို့ ရောက်ရန် နည်းမျိုးစုံဖြင့် ရောက်အောင်သွားကြသည်။
ထိုသူများသည် အမြင့်သို့ ရောက်ချင်သည့် ဇောသာ ရှိကြပြီး ၎င်းတို့လျှောက်လှမ်းရာ လမ်းကို ဂရုစိုက်မှုနည်းပါးကြသည်။

“ဘဝ” ဆိုသည်မှာ “လှေခါး” တခုနှင့် ပမာတူသည်။
တက်တတ်လျှင် အမြင့်သို့ အန္တရာယ်ကင်းစွာ ရောက်နိုင်သလို...
မတက်တတ်လျှင် ဆုံးရှုံးခြင်း၊ နာကျင်ခြင်း၊ အန္တရယ်များနှင့် တွေ့ကြုံနိုင်ပါသည်။
လှေခါးထစ်များကို သတိရှိစွာဖြင့် တက်လှမ်းသူများမှာ မိမိတို့သွားလိုသည့် နေရာသို့ ဘေးကင်းစွာ ရောက်နိုင်သကဲ့သို့ မိမိကိုယ်ကိုယ် အထင်ကြီးလွန်ကဲခြင်း၊ အန္တရာယ်ကို သတိမပြုမိသောသူများမှာ အနာတရဖြစ်ခြင်း၊ အရှက်ရခြင်းများနှင့် ကြုံတွေ့ရတတ်ပေသည်။

ဘဝ၏ လှေခါးထစ်များစွာကို ကျမဖြတ်ကျော်လာခဲ့ဖူးသည်။
အကြိမ်ကြိမ် လဲကျခဲ့ဖူးသည်...
လူမှုရေးပြဿနာများ၊ စီးပွားရေး အတိုက်အခိုက်များ၊ ခြေနှစ်ချောင်းကို ကယ်ခဲ့သဖြင့် ကျေးဇူးအတင်မခံရသည့်အပြင် တချိန်တွင် ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးသူများ၊ လုပ်ငန်းခွင်အတွင်း စားခွက်လု တိုက်ခိုက်သူများ၊ စသည့် အကြောင်းများနှင့် တွေ့ကြုံတိုင်းလည်း အကြိမ်ကြိမ်ပြန်ရပ်၊ ပြန်မတ်ရင်း သင်္ခန်းစာများအဖြစ် ရယူကာ ဘဝ၏ လှေခါးထစ်များကို ယခုအချိန်တိုင် တက်မြဲ...တက်ဆဲပင် ဖြစ်သည်။

ဘဝ၏ အောင်မြင်မှုပန်းတိုင်(သို့) မြင့်မားသောဘဝ၊ မြင့်မားသော နေရာသို့ရောက်ရန် ဘဝ၏ လှေခါးထစ်များကို သတိဖြင့် တက်လှမ်းရာတွင် “အသက်အပိုင်းအခြားနှင့်မဆိုင်” “အသိတရား နှင့် သတိ ရှိဖို့” သာအရေးကြီးကြောင်း မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲခြင်း၊ အထင်ကြီးလွန်ကဲခြင်းများကြောင့် မတွေ့ကြုံသင့်သည့် အဖြစ်အပျက်များနှင့် တွေ့ကြုံခြင်း အန္တရာယ်များမှ ကင်းဝေးစေရန် သတိပေး ရေးသားရင်း.....

ဧည့်ကြိုတယောက်ဖြစ်သည့် ကျမ ...
ဧည့်သည်များ လှေခါးတွင် ခြေချော်မကျစေရန် ဆက်လက်၍ သတိပေးရင်း ..........

“Mind the Step....please...! ”


22 comments:

မိုးယံ said...

သတိပေးတာ ကျေးဇူးပါ မမနတ်သမီးရေ ဇတ်လမ်းဆင်ပုံ တွေးခေါ် စဉ်းစားပုံမိုက်တယ်။ ဓါတ်ပုံတွေနဲ့ ဆိုတော့ ပိုရှင်း ၊ အနော်က ခရေး ဆိုတော့ အေးဆေးပဲ သတိထားတက်မှာ (မကြောက်ဘူး)

မောင်လေး said...

ကောင်းလိုက်တဲ့ပို့စ်လေး၊လှလိုက်တဲ့ စိတ်ကူးလေးပဲဗျာ..။
မှန်ပါတယ်ဗျာ...၊အသိ နဲ့ သတိကို ကိုင်စွဲလို့ ဘဝရဲ့လှေ
ကားထစ်တွေကို တစ်ထစ်ချင်းနင်းတတ်ကြတာပေါ့ဗျာ...။

ရွှေရတုမှတ်တမ်း said...

လှေခါးလာတက်ကြည့်တာ... ချော်လဲမှာစိုးလို့ ပြန်ပြီ

ကိုဇော် said...

အလွန်ကောင်းတဲ့ ဒဿနလေးပါပဲ။
အတိုင်းထက် အလွန်ကြိုက်တယ် ညီမရေ။

တစ်ခု ရှိတာက တာဝန်ရှိသူကို တင်ပြပြီး ဒီလှေခါးတွေကို ပြင်ဆင်သင့်တယ်။ လှေခါးတွေမှာတော့ အဖြူရောင်က အရောင်ပြန်မှု အနည်းဆုံးပဲလေ။ လှစေချင်လို့ တပ်တာ ဆိုပေမဲ့ သူ့နေရာနဲ့ သူ ရွေးခြယ်မှုက လိုသေးတယ်။ အရွယ်လတ်ပိုင်းတိုင်း ပြုတ်ကျတတ်တယ် ဆိုရင်တော့ စာကပ်ထားရုံနဲ့ မရတော့ဘူး။ ပြင်ဆင်သင့်နေပြီ။

ညီမ ထုတ်ပြပေးထားတဲ့ ဒဿနတွေထဲက ခြေနှစ်ချောင်းကယ်မိလို့ နောက်ကျောကို ဓါးနဲ့ ထိုးခံရတယ် ဆိုတာကိုတော့ လက်တွေ့ကို ခံရလို့ ပိုပြီး ကြောက်ရွံ့ကာ လက်ခံယုံကြည်ပါတယ် ညီမရေ။

ဝေလင်း said...

တန်ဖိုးရှိတဲ့ ဆောင်းပါးလေးပဲ..
တွေးစရာလေးတွေရတယ်အစ်မရေ.. ကျေးဇူး..။

ကိုကိုးအိမ် said...

အမရေ လှေကားချော်ကျတာလေးကို ဒဿနထုတ်သွားတာ အရမ်းမိုက်တယ်ဗျာ.. ကျွန်တော်ခုမှစဥင်္းစားမိသွားတယ်..

ခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)

sosegado said...

အရောင်နှင့်အလင်းရဲ့ လှည့်စားမှုကြောင့်ဖြစ်မှာပါ၊ ကြိုပြောတာတောင်ဖြစ်ရတယ်လို့

ချော(အစိမ်းရောင်လွင်ပြင်) said...

လှေကားထစ်ချော်ကျတာကနေ ဆွဲထုတ်ပြလာတဲ့ အသိပေးချက်လေးက ကောင်းလိုက်တာ
လူတိုင်းဟာ ဘ၀လှေကားထစ်ဘဲဖြစ်ဖြစ်၊ သာမန်လှေကားထစ်ဘဲဖြစ်ဖြစ် အသိလေးကပ်ပြီး တက်သင့်တယ်ဆိုတာ သတိပေးလိုက်တာပါဘဲ။
ကိုယ့်ဆိုင်လာသူတွေအတွက်ရော စာဖတ်သူတွေအတွက်ပါ စိတ်ကောင်းစေတနာကောင်းနဲ့ သတိပေးတဲ့ပိုစ့်လေးအတွက်ကျေးဇူးပါ ညီမရေ...
သူတပါးအပေါ် စိတ်ကောင်းစေတနာကောင်း ထားသူတိုင်းဟာ ကံကောင်းမှာပါ။ အဲဒီအကျိုးတရားကို ကောင်းမွန်စွာ ခံစားရမှာပါညီမလေးရေ။

မောင်ဘကြိုင် said...

ဖတ်ပြီးတွေးသွားတယ်အစ်မရေ
လှေကားဆိုတာ အတက်ပဲဖြစ်ဖြစ် အဆင်းပဲ ဖြစ်ဖြစ် သတိထားကာမှတော်ရာကျတာကိုးး

အုပ်ကြီး said...

ဖြေးဖြေးချင်းပဲ တတ်ခဲ့ပါတယ်ဗျာ ..

(လင့်ချိတ်ခွင့်လည်းတစ်ခါတည်း
တောင်းသွားကြောင်းပါ)

ကိုကိုမောင်(ပန်းရနံ့) said...

လှေခါးထစ် ၁၅ ထစ်လောက်ဘဲ ရှိတာတောင် ခဏခဏချော်ကျနေသေးတာ၊ ဘ၀လှေခါးထစ်များစွာမှာတော့ ဘယ်နှစ်ခါ ချော်ကျကြဦးမလဲ မသိဘူးနော်။ ချော်ကျလဲပြန်ထလျောက်ရတော့မှာပေါ့လေ။

ဘ၀သင်ခန်းစာလေး ယူသွားပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ဆွေလေးမွန် said...

မရေ.. သူများတွေသမရိုးကျ ဖြစ်လေ့ဖြစ်ထ ရှိနေတဲ့ အရာလေးကို
စဉ်းစဉ်းစားစား တွေးတွေးခေါ်ခေါ်နဲ့ အတွေးလေး တွေကို ရေးထည့်ထား
တာ မှတ်လဲမှတ်သားရတယ်။ပြီးတော့ လိုက်နာဖို့ကောင်းတဲ့ အချက်လေး
တွေ ကိုထောက်ပြထားတာ နှစ်ခြိုက်မိတယ်။

ဇော်သိင်္ခ said...

ဘဝရဲ့ လှေခါးထစ် ကလေးများကို အဓိပ္ပာယ် ပါပါ စိတ်ကူး ဖော်ဆောင် ပညာပေးသွားတာ.. တကယ် အတုယူဖွယ် စဉ်းစားတွေးခေါ်ဖွယ်ကောင်းတဲ့ ပို့စ်လေး တစ်ခုပါဗျာ...

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

Khinmarlaraung said...

"ဘဝ" ဆိုသည်မှာ “လှေခါး”ထစ်များနှင့်တူသည်။
....ဘဝ၏ အောင်မြင်မှုပန်းတိုင်သို့ သတိဖြင့်တတ်လှမ်းရာတွင် “အသက်အပိုင်းအခြားနှင့်မဆိုင်” အသိတရားနှင့် သတိရှိဖို့ သာ အရေးကြီးသည်..တဲ့။။
အရမ်းကို မှန်ကန်ပြီး ကောင်းလွန်းတဲ့ အတွေးအခေါ်
တစ်ခုပါ။ ဖတ်ရင်း...ကိုယ့်ကိုယ် ကိုလဲ ပြန်မေးရင်း
တွေးစရာတွေနဲ့ ပြည့်လို့ ။
...ခင်မင်လေးစားလျှက်....ခင်မာလာအောင်...:)

နှင်းဟေမာ said...

အနုပညာရသရှိသူမို့ ...တွေးခေါ်ယူဆပုံ အမြင်လေးတွေတိုင်းမှာ အနုပညာဆန်စွာနဲ့ နက်နဲလှပတာကို အထင်းသားတွေ့မြင်ရပါတယ်...။
သတိမပြုမိတတ်ကြတဲ့အထဲက သတိမူစရာအချက်လေးတစ်ချို့ကို ဖတ်မှတ်လေးလာဖြစ်ရင်း ....
ခင်မင်လေးစားလျှက်ပါ

နှင်း ...

မြစ်ကျိုးအင်း said...

ဘဝရဲ့ အမြင့်ကို လှမ်းတက်မှ မဟုတ်ဘဲ နေ့စဉ် လူမှုဆက်ဆံရေးတွေမှာပါ ဂရုစိုက်သင့်တယ်။
ကိုယ့်ဘက်က သတိလက်လွတ်ဖြစ်ရင် ဒီလိုပဲ ကျတတ်တာပါပဲ။ ချော်ကျလေ့ရှိမှန်း သိနေပြီဖြစ်တဲ့ ဆိုင်က လှေကားကိုတော့ ပြင်ဆင်သင့်ပြီ။
အမှားတွေ့ရင် မြန်မြန်ပြင်တာလည်း သင်ခန်းစာကို အသုံးချနည်း တမျိုးပဲ မဟုတ်လား။

ခိုင်နုငယ် said...

မနမ်းရေ..ရောက်ခဲ့အိ။
ဘ၀ လှေကားထစ်လေးတွေမှာ
အဆင်းပဲဖြစ်ဖြစ်၊အတက်ပဲဖြစ်ဖြစ်
သတိလေးကပ်ရင် ခြေချော်မကျနိုင်ဘူးပေါ့။
အမှတ်တမဲ့လေးကို လေးလေးနက်နက်
စေတနာ အတွေးနဲ့ ရေးလိုက်တဲ့ စေတနာ့
ဆောင်းပါးလေးအတွက် ကျေးဇူး မနမ်း။
ပုံထဲမှာ ကြည့်ရတာ လှေကားထစ်တွေက ရောင်ပြန်ဟပ်နေတော့ စားသုံးသူတွေအတွက်
မကောင်းဘူးရယ်။ ပြင်လို့ရရင် ပြင်သင့်တယ်နှော်။

Khun Thadar said...

ဖတ်လို့ကောင်းတယ် အစ်မ။
တကယ့်လှေကားဘဲ ဖြစ်ဖြစ် ဘ၀လှေကားဘဲ ဖြစ်ဖြစ် ခွန်တို့ သတိလေးနဲ့ အတက်အဆင်း လုပ်ရမယ်နော်.....



(ခွန်လင့်ခ်ချိတ်မယ်နော်... ဟိုတရက် ပြန်လိုက်လာသေးတယ်။ cbox မတွေ့တာနဲ့ မနှုတ်ဆက်ဖြစ်တာ အစ်မ။ စိတ်မရှိနဲ့နော်...)

ဆူးသစ် said...

ကောင်းတယ်ဗျ

nyeinsoe said...

လှေခါးထစ်တွေ ရှေ့မှာ အများကြီး သတိပြုသွားဖို့
သတိပေးထားတာ ကျေးဇူးတင်ရပါတယ် ...
ငြိမ်းစိုးဦး

Aung Kyaw Min said...

မအဖြူရောင်ရေ. အားပေးခဲ့ပါတယ်ဗျာ. သုည ကျွန်တော် တစ် ဖြစ်အောင် လုပ်တုန်းတက်တုန်းပဲဗျာ. အားဖြစ်ပါတယ်.

မိုးစက်အိမ် said...

ဥပမေယျနဲ့ နှိုင်းယှဉ် သတိပေးရေးသွားတာ
တကယ်ကောင်းပါတယ် ကလေးနဲ့ သက်ကြီး
ရွယ်အိုတွေ ခြေချော်နဲ့ နိုင်တဲ့နေရာမှာလူလတ်
ပိုင်းတွေက ယုံကြည်မှုလွန်ကဲနေပုံ ရယ် အချိုး
သုံးပါးရဲ့ လှေခါးထစ်မှအသိတရားတွေပေး
သွားတဲ့ ဆောင်းပါးကောင်းလေးတခုပါဘဲ ဗျာ
အားပေးလျက် . . . . . :)

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger