Monday, November 29, 2010

ရွေ့လျှားခြင်းများနောက်...


တစ်ခုသောကမ်းခြေတစ်လျှောက်တွင် သူမလျှောက်လှမ်းနေမိခဲ့သည်။ ကမ်းစပ်ရှိ ဖြူလွလွ သဲမှုန်စများသည် သူမ၏ဖ၀ါးအောက်တွင်ငြိမ်ဝပ်စွာဖြင့်ရှိနေခဲ့ကြလေ၏။ အိစက်မနေသော်လည်း ကြမ်းတမ်းမနေခဲ့သည့် သဲမှုန်စအချို့က သူမ၏ခြေဖမိုးတွင် တချို့တစ်လေ ကပ်ညိနေခဲ့ကြလေသည်။ ကမ်းစပ်အနီးရှိပင်လယ်ဆီမှ တိုက်ခတ်နေလေခဲ့သော လေပြေအချို့ကြောင့်သူမ၏ဆံပင်တွေက လေထဲတွင်လွင့်ပျံနေခဲ့ကြ၏။ သူမ၏ လည်ပင်းတွင်စည်းနှောင်ထားခဲ့သော လည်စည်းပ၀ါလေးကလည်း တိုက်ခတ်နေခဲ့သော လေပြေထဲတွင်တလူလူ လွင့်မျောနေခဲ့လျှက်......။

ခပ်လှမ်းလှမ်းဆီမှ ကျောက်ဆောင်များဆီသို့အကြည့်ရောက်ဖြစ်၏။ ကျောက်ဆောင်များသည် အများ၏အမြင်တွင် မာကျောနေသယောင်ရှိ၏။ သို့သော်...အချိန်ကာလ၏ ရွေ့လျှားခြင်းနောက်ကွယ်၊ ခဏတာများတွင်မူပျက်စီးကြရလေတော့သည်။ ဒါတွေကို သူမကောင်း ကောင်းသဘောပေါက်၊ နားလည်ထားခဲ့၏။

“ဟင့်အင်း...၊ တည်မြဲခြင်းဆိုတဲ့ သဘောတရားတွေကို ကိုယ်မယုံပါဘူးကွယ်”.....

ခပ်သဲ့သဲ့ ညည်းညူရင်း သူမဆက်လျှောက်ဖြစ်သည်။ မြင်ကွင်းထဲသို့ စိမ်းလန်းသော ဒီရေ တောတန်းလေးတစ်ခုက တိုးဝင်လာခဲ့ပြန်၏။ စိမ်းလန်းခြင်းနောက်ကွယ်မှ ညှိုးနွမ်းသော၊ သွေ့ခြောက်သော သဘောတရားများ...။ ကဲကွယ်...သေချာခြင်းဆိုတာတွေကရော ဘယ် မှာများလဲ...။

သို့သာ်..အခုအချိန်ထိတော့ သူမ၏မြင်ကွင်းထဲမှ စိမ်းလန်းသော သစ်ပင်လေးများက ယိမ်း နွဲ့စွာဖြင့် လှုပ်ရှားနေခဲ့ကြဆဲပင်....။ သူမဆက်လျှောက်ဖြစ်သည်။ လျှောက်လှမ်းနေခဲ့ရင်း သူမ၏စိတ်တွေက အရောင်စုံလွန်းစွာဖြင့်။

ရံဖန်ရံခါတွင် သူမ၏စိတ်တွေ ငြိမ်းချမ်းနေခဲ့ရ၏။ ထိုအခါမျိုးတွင် သဲသောင်ပြင်ပေါ်မှ သူမ နင်းဖြတ်ခဲ့သောခြေရာများက အတိမ်အနက်ညီမျှလှသည်။ သို့သော် ပျော်ရွှင်လွန်းခြင်း၊ အလိုမကျခြင်းများလွန်ကဲခြင်း၊ ၀မ်းနည်း စိတ်ထိခိုက်ခြင်းများကြီးစိုးခြင်း စသည့်ခဏတာများတွင်မူ သဲပြင်ပေါ်မှ သူမ၏ခြေရာများက နက်ရှိုင်းလွန်းလှခဲ့ပေ၏။ နူးညံ့ညင်သာစွာဖြင့် ခပ်ဖွဖွနင်းဖြတ်တတ်သည့် အချိန်များကတော့ သူမ၏စိတ်တွေကြည်နူးနှစ်သိမ့်နေသည့်ကာလများပင်တည်း....။


လျှောက်နေခဲ့ရင်း ကမ်းစပ်ဆီသို့ အမှတ်မထင်ဆင်းလိုက်မိတော့ လှိုင်းလုံးတချို့က သူမ၏ ခြေဖမိုးကို လာရောက်ထိခတ်နမ်းရှိုက်ကြပြန်လေတော့၏။ အေးမြမြလှိုင်းလုံးငယ်လေးများ၏ ထိခတ်မှုကိုနှစ်သက်စွာခံစားရင် လှိုင်းလုံးလေးများကို မသိမသာ နာမည်ပေးကြည့်မိပြန်သည်။

မျက်စိရှေ့တွင် တစ်လိပ်လိပ်တက်လာသော လှိုင်းလုံးလေးကို ပျော်ရွှင်ခြင်းဟု သူမခေါင်း စဉ်တပ်ပေးလိုက်သည်။ ထိုလှိုင်းလုံးကလေးသည် သူမ၏ခြေဖမိုးကို အပြေးအလွှားဖြင့် တ ခဏမှ လာရောက်ထိခတ်နမ်းရှိုက်သွား၏။ သို့သော်.....ခဏတွင်းမှာပင် မြင်ကွင်းထဲမှ အ ပြေးအလွှားကွယ်ပျောက်သွားတော့သည်။ ထို့အတူ နောက်ထပ်တက်လာသော လှိုင်းလုံးငယ်လေးများကို ဆက်တိုက်ဆိုသလို သူမနာမည်ထပ်ပေးဖြစ်၏။ လှိုင်းလုံးလေးများ၏ အ မည်များမှာ ၀မ်းနည်းခြင်း၊ ရှုံးနိမ့်ခြင်း၊ ပျော်ရွှင်ခြင်း၊ အောင်မြင်ခြင်း၊ ရယူခြင်း၊ ပိုင်ဆိုင်ခြင်း စသဖြင့်...။ လှိုင်းလုံးကလေးများအားလုံးသည် သူမ၏ခြေဖမိုးကို ခဏတာမျှသာ ထိခတ် ရှိုက်နမ်းတတ်ကြရှာ၏။ ကြာရှည်စွာပင် ထိခတ်ခြင်းမပြုနိုင်ကြရှာ.....။ အရာအားလုံးသည် တခဏပါပဲဟု.......ကြည်လင်စွာ သူမတွေးမိလိုက်သေးသည်။

ကမ်းစပ်ဆီသို့ သူမပြန်တက်လိုက်၏။ ကမ်းခြေတစ်လျှောက်ကို မျှော်ကြည့်လိုက်ရင်း ဆက်လျှောက်ရဦးမည့် သူမ၏လမ်းကို...ငေးမျှော်ကြည့်လိုက်မိပြန်သည်။ သောင်ပြင်ပေါ်မှ သူမမြင်နေခဲ့ရသော လမ်းကလေးသည် ဖြောင့်ဖြူးလွန်းလှပေသည်။ သို့သော် အတန်ငယ် ကွေ့ကွေ့ကောက်ကောက်နိုင်လွန်းနေခဲ့သေးသည်။ သူမအတွက်တော့ အကွေ့ကိုလည်း ဖြတ်ကျော်သွားရမည်မို့ ကိစ္စတော့ သိပ်မရှိလှပါ.....။

အတွေးနှင့်အတူ ခြေတစ်လှမ်းသူမစတင်လှမ်းလိုက်မိသည်။ ပြီးတော့ နောက်တစ်လှမ်း...။ ထို့နောက် သူမဆက်လျှောက်နေခဲ့၏။ အတော်လှမ်းလှမ်းသို့ရောက်သောအခါ.... ဘာရယ် မဟုတ်စွာဖြင့် နောက်သို့ သူမပြန်လှည့်ကြည့်မိလိုက်သည်။

စောစောက ပုံစံအမျိုးမျိုးဖြင့် သူမနင်းဖြတ်ခဲ့မိသော သဲသောင်ပြင်ပေါ်မှအချို့သော ခြေရာများသည် ဖုံးလွှမ်းသွားသော လှိုင်းလုံးများအောက်တွင် ရေးရေးမျှအရာမထင်တော့....။ ခပ်နက်နက် နင်းဖြတ်မိခဲ့သော ခြေရာများကမူ ခပ်ရေးရေးကျန်နေခဲ့သေးသည်။ သို့သော်.... နောက်တစ်ခါ လှိုင်းလုံးများဖုံးလွှမ်းသွားခဲ့မည်ဆိုလျှင် ကွယ်ပျောက်သွားဖို့ရာများနေခဲ့ရပြီ ဖြစ်ပါ၏။

~~~~~@@@@@~~~~~@@@@@~~~~~

ခင်မင်ရသော ဘလော့ဂ်ရေးဖော်.....ညီမအဖြူရောင်နတ်သမီးအတွက် နိုဝင်ဘာ၁၉ရက် နေ့ မွေးနေ့လက်ဆောင် အဖြစ်အမှတ်တရ အက်ဆေးလေးတစ်ပုဒ် ရေးပေးလိုက်ပါတယ်...။

အရမ်းနောက်ကျသွားလို့ရော........အခုတလော ကိုဏီကဗျာဥာဏ်ခြောက်ခမ်းနေတာမို့ ဒီ အက်ဆေးလေးပဲရေးဖြစ်သွားရတဲ့အတွက်ရော......ခွင့်လွှတ်ပါဦးဗျာ....။

အမှတ်တရ.....မတောက်တခေါက် ပုံလေးပါ ဆွဲပေးလိုက်ပါတယ်.....း)

===========================================================

ခင်မင်ခြင်းအားဖြင့်.......

ဏီလင်းညို

(ရွေ့လျှားခြင်းများနောက်...)

ကိုဏီက မွေးနေ့လက်ဆောင်ပေးမယ်လို့ ကတိပေးထားလို့ ၂ပတ်လုံးလုံး ဘာပို့စ်မှမတင်ပဲ ပေကပ်ပြီးစောင့်နေခဲ့တာ။ အခု ကိုဏီ့ဆီက လက်ဆောင်ရလို့ နောက်ဆုံးပိတ် မွေးနေ့လက်ဆောင်အဖြစ် သီးသန့် တင်လိုက်ပါတယ်။ အက်ဆေးလေး အရမ်းလှပါတယ်..ကျေးဇူးအများကြီးတင်ပါတယ် ကိုဏီရေ..၊။



15 comments:

ဥာဏ်လင်း ထူး@norman said...

ကြိုက်တယ်ဗျာ။
ဘဝဆိုတာ တဒင်္ဂငယ်လေးတွေနဲ့ ဖွဲ့စည်းထားတာ။အတိတ်က စိတ်ရဲ့ခြေရာတွေကတော့ နှလုံးသားကမ်းခြေမှာ ခပ်ရေးရေးတော့ ကျန်နေဦးမှာပဲနော်။

ကိုဇော် said...

ကောင်းလိုက်တာ. . .

ရွှေရတုမှတ်တမ်း said...

ဏီးဏီးက ဂီလာန ကွဲ့ နတ်သာမီးရဲ့...အချစ်ဂီလာန

စော(အဝါရောင်မြေ) said...

တို့ အိမ်လေး

အဝေးက လှမ်းလို့ မျှော်ရတဲ့…တို့ မြန်မာပြည်
အဝေးက လွမ်းရတယ် ဧရာဝတီ
မြစ်နံဘေးက မြို့ ကလေး
ခြောက်သွေ့ ပေမဲ့
ပျော်ပျော်နေခဲ့
မိသားစုဘဝလေး။ ။

ကဗျာ ကြိုက်တယ် စိုလို့ 

စော(အဝါရောင်မြေ) said...

တို့ အိမ်လေး

အဝေးက လှမ်းလို့ မျှော်ရတဲ့…တို့ မြန်မာပြည်
အဝေးက လွမ်းရတယ် ဧရာဝတီ
မြစ်နံဘေးက မြို့ ကလေး
ခြောက်သွေ့ ပေမဲ့
ပျော်ပျော်နေခဲ့
မိသားစုဘဝလေး။ ။

မိုးယံ said...

မွေးနေ့ရှင်ရဲ့ နောက်ဆုံးလက်ခံရရှိတဲ့ မွေးနေ့ လက်ဆောင်ကို ဖရီးကစ်သွားသေးတယ်။

မိုးငွေ့...... said...

စဖတ်ကတည်းက ထင်တော့ထင်တယ် ဒီအရေးမျိုးဖတ်ဖူးပါတယ်လို့ ဏီဏီတို့လက်ရာကိုး...။

ခင်တဲ့
မိုးငွေ့

အုပ်ကြီး said...

အမှတ်တရလက်ဆောင်လေးလာဖတ်တယ်ဗျ ..
တော်တော်လေးဖတ်လို့ ကောင်းတယ်

Khinmarlaraung said...

အတွေးကောင်းတွေနဲ့ မွှန်းထားတဲ့ အရေးလှလှ.:)
မနက်ဖြန်တိုင်းမှာ ဆက်လှမ်းအုန်းမည့် ခြေရာများ
ပေါ့ပေါ့ပါးပါး ရှိပါစေ..မရေ။ :)
..ခင်မင်လျှက်..ခင်မာလာအောင်..:)

Anonymous said...

နတ်သမီး ရဲ့ မွေးနေ့ ပတ်ဝန်းကျင် က ခရီးသွားနေတုန်း၊ အိမ်ပြန်နေတုန်း အချိန်မို့ internet လည်း မသုံးဖြစ်လို့ သတိရပေမယ့် မွေးနေ့လက်ဆောင် မပေးဖြစ်ခဲ့လို့ ခုမှ လာတောင်းပန်တယ်နော်...

သိင်္ဂါကျော်

ဝေလင်း said...

သိပ်ကောင်းတဲ့ အက်ဆေးလေးပဲ..။ တွေးတောင်မတွေးမိဘူး..။ အဲလိုမျိုး..။

မောင်လေး said...

သိပ်ကောင်းတာပဲ...။ကိုဏီးနှယ်..ရေးတတ်လိုက်တာ..။
နတ်သာမီးကိုလည်း ကျေးဇူးတင်တယ်...။
သူ့မွေးနေ့လက်ဆောင်လေးကို မျှဝေလို့..။

ချော(အစိမ်းရောင်လွင်ပြင်) said...

အဖွဲ့အနွဲ့ရော စိတ်ကူးလေးရော နှိုင်းယှဉ်ချက်လေးပါ သိပ်ကောင်းတာဘဲ
အင်း ခြေရောတွေ ဘယ်လိုထင်ထင် တစ်နေ့တော့လည်း ပျောက်ကွယ်ရမှာပါဘဲနော်
သံဝေဂလေးတောင် ရမိပါရဲ့ .. ငါတို့ မိညိုလက်ရာများ ကောင်းပြီးရင်းကောင်းရင်း

ကိုရီး{ကိုကြီး} said...

လေးစားမှုနဲ့ လာရောက်ခံစားသွားပါတယ်ဗျာ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

Anonymous said...

ကိုဏီး ရဲ့
စာလေး လာဖတ်သွားတယ်နော် ဒါနဲ့ မွေးနေ့ တုန်းက ချကွာက မဝဘူး ထပ်ကျွေးအုန်းနော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger