Saturday, December 11, 2010

သူမ၏....“သူ” (စ-ဇာတ်သိမ်း)





သူမတွင် အိပ်မရသော ညတွေရှိခဲ့သည်...။
အိပ်မရတဲ့ ညများစွာထဲ သူမတိုးဝင်ဖြတ်သန်းသွားခဲ့ရင်းကဗျာတွေ၊ စာတွေ၊ ခံစားချက်တွေ ပေါက်ဖွားလာခဲ့ရသည်။
ဒီလိုညများစွာကို သူမတယောက်ထဲ ဖြတ်သန်းရင်း အထီးကျန်ခဲ့သည်မှာ ကာလများစွာ ကြာခဲ့လေပြီ။
ထိုညများကို ဖြတ်သန်းရင်း ကဗျာ တပုဒ်မှတဆင့် ရောက်ရှိလာသော မျက်ဝန်းတစုံကို သူမ သတိထားမိခဲ့သည့် နောက်မှာ...

သူမ၏ ဘဝဟာလည်း ကဗျာထဲမှ စာသားများဖြစ်လာခဲ့သည်။
သူ...ဘယ်သူဆိုတာ သူမ မသိပါ..။
ဘာပဲဖြစ်ဖြစ် ကဗျာတပုဒ်မှတဆင့် သူ့ကို စိတ်ဝင်စားမိပြီဖြစ်တဲ့ သူမ...
သူ့အကြောင်းကို သူ့ကဗျာများထဲမှ မွှေနှောက်ရှာဖွေရင်း သူမကပင် စတင်မိတ်ဆက်ချိန်...
သူ့ထံမှ လက်ဦးစွာမိတ်ဆက်ခြင်းကို သူမလက်ခံရရှိခဲ့သည်။
ထိုမှစ၍ အထီးကျန်စွာ ဖြတ်သန်းခဲ့သော သူမ၏ အချိန်များတွင် သူ အစားထိုးဝင်ရောက်လာခဲ့သည်။
သူနှင့် မတွေ့ရသော အချိန်များတွင် သူ့ကိုသတိရနေတတ်ပြန်သည်။
အထူးသဖြင့် အိပ်မရသော ညများတွင်ပေါ့..။
အခုတလော သူမ၏ ကဗျာနှင့် စာသားများ နူးညံ့နေတတ်သည်။
သူမ၏ အတွေးများလည်း တိမ်တိုက်များနှင့်အတူ မျောပါနေတတ်သည်..။
တခါတရံ ပင်လယ်လှိုင်းလုံးများနှင့်အတူ သူမ၏ အတွေးတို့ စီးမျောနေတတ်လေပြီ..။
သူမအား ရည်ရွယ်၍ ရေးထားသည်ဟု ယူဆရသော သူ၏ ကဗျာအား မိန်းခလေးများက ချီးကျူးသြဘာပေးကြလျှင်
သူမရင်ထဲ..တစုံတရာ ဖြစ်သွားခဲ့သည်။
အဘယ်ကြောင့် ထိုသို့ခံစားတတ်လာခဲ့သည်ကို သူမကိုယ် သူမနားမလည်နိုင်ခဲ့..။
သူက သူမထက် အသက်ငယ်သော်လည်း ရင့်ကျက်တည်ငြိမ်သူ...ပြီးတော့...သူမကို လွှမ်းမိုးနိုင်သည်...။
သူမ အားငယ်နေခိုက် သူ၏ အားပေးမှုများဖြင့် သူမအားတက်ခဲ့ရသည်..။
သူနှင့် ပြောဖြစ်ခဲ့သော စကားများထဲမှ သူ၏ စိတ်နေစိတ်ထား၊ အကျင့် စရိုက်များကို သူမလေ့လာခဲ့သည်။
သူက စကားပြောကောင်းသည်။
အသံသြဇာနှင့် ပြည့်စုံသည်။
ရိုးသားပြီး တည်တည်တန့်တန့်လည်းနေတတ်သည်။
သူနှင့် သူမ ဓာတ်ပုံထဲတွင်သာမြင်ဖူးကြသော်လည်း ရင်းနှီးမှုက အတိုင်းအတာ တခုသို့ ရောက်လာခဲ့ကြလေပြီ။
သူပြောသော စကားလုံးများအောက်တွင် သူမပျော်ဝင်နေတတ်ပြီ..။
သူရေးသော ကဗျာများကြားတွင် သူမသာယာနေတတ်ပြီ..။
သူနှင့် မတွေ့ရသော အချိန်များတွင် တစုံတရာကို သူမ လွမ်းဆွတ်နေတတ်ပြီ..။
ဒီနေ့...သူ့ကို သူမ မတွေ့ရ....။
သူမ သက်ပျင်းငွေ့ငွေ့လေးချကာ...
အထီးကျန်ညလေးကို တယောက်ထဲဖြတ်ကျော်ဖို့ ကြိုးစားရင်း...
ကုတင်ပေါ်တွင် ဖြည်းညှင်းစွာ လဲလျှောင်းပြီး...
မျက်ဝန်းတစုံကို မှေးစင်းလိုက်စဉ်...
သူမရင်ထဲ...
ကဗျာတပုဒ် အသက်ဝင်လာခဲ့လေပြီ...။


တခါတလေ...
သူမသည် သူရေးသော ကဗျာထဲမှ “ခံစားချက် စကားလုံးများဖြစ်လျှင်” ဆိုသော အတွေးမျိုး
ရူးသွပ်စွာ သူမတွေးမိတတ်သည်..။
သူမ ဆက်တွေးသောအခါ သူမ မပျော်နိုင်တော့ပေ...။
သူရေးသော ကဗျာမှာ တပုဒ်ထဲမဟုတ်...၊ ကဗျာတပုဒ်ကို သူခံစား၍ရေးမည်။
ထိုတပုဒ်ပြီးသွားသော အခါ နောက်တပုဒ်ကို ခံစားချက်အသစ်တမျိုးဖြင့် ထပ်ခံစား၍ ထပ်ရေးမည်၊
ဤသို့ဖြင့် မတူညီသော ခံစားချက်များ ဖြင့် ပြည့်နှက်နေသော ကဗျာများစွာ ဖြစ်ပေါ်လာမည်။
သူမ၏ ဆန္ဒကတော့ သူ့ရင်ထဲမှ မပြောင်းလဲသော (သို့) တူညီသည့် ခံစားချက်ဖြင့်ရေးသော
“ကဗျာတပုဒ်”သာ ဖြစ်စေချင်ခဲ့သည်။
သူနှင့်ပတ်သက်၍ သူမရူးသွပ်လွန်းသည်...။

သံတူကြောင်းကွဲ ခံစားမှုနှစ်မျိုးရှိပေမဲ့
စွယ်တော်ရွက်လို အချစ်မျိုးနဲ့
ပန်းလေးတပွင့် ဖန်ဆင်းပေးခဲ့သူ...



သူမနှင့် သူ ချစ်သူမဖြစ်ခင် တရက်အလိုက သူမနှင့် သူ အွန်လိုင်းထဲတွင် စကားပြောဖြစ်ခဲ့သောအချိန်ကို တွေးမိရင်း သူမတယောက်ထဲ ပြုံးမိပြန်သည်....
သူ့ကို သူမ လက်တန်းပုံပြင်တခုကို ပြောပြခဲ့ဖူးသည်..။

သူမ: “တောအုပ်လေးတခုထဲက အိမ်လေးတလုံးမှာ..အဖြူရောင်မင်းသမီးလေးတပါးရှိတယ်တဲ့။

အဲဒီအိမ်လေးထဲမှာ မင်းသမီးလေးဟာ...ကဗျာလေးတွေ စာလေးတွေကို တယောက်ထဲ ရေးနေတတ်တယ်တဲ့....

တနေ့တော့ အဲဒီအိမ်လေးနားကို မင်းသားလေးတပါးဟာ တောကစားရင်း အဖော်တွေနဲ့ကွဲပြီး အဖြူရောင်မင်းသမီးလေးရှိတဲ့ အိမ်ဆီကို လမ်းမှားပြီးရောက်လာခဲ့တယ်..။
မင်းသမီးလေးဟာ...မင်းသားလေးကိုလည်းမြင်ရော...သူ့ရဲ့အရင်ဘဝက ချစ်သူနဲ့ တူနေတဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားသွားတာပေါ့..။
မင်းသားလေးကတော့ ဘာမှမသိရှာဘူးတဲ့လေ၊အဲဒီလိုနဲ့ လမ်းပျောက်နေတဲ့ မင်းသားလေးဟာ..သူ့ရဲ့ အပေါင်းအပါတွေကို စောင့်မျှော်ရင်းတနေ့ပြီးတနေ့ အဲဒီအိမ်ကလေးထဲမှာ အချိန်တွေ ကုန်လာခဲ့တာပေါ့
တခုထူးဆန်းတာက...အဲဒီအိမ်ကလေးထဲမှာ မင်းသမီးလေးကလွဲလို့ ဘယ်သူမှမရှိဘူးတဲ့လေစားစရာနဲ့ ..အသုံးအဆောင်တွေကလည်း အပြည့်ပဲ
မင်းသမီးလေးဟာ...ညဘက် ရောက်တိုင်း အိမ်ထပ်ခိုးပေါ်က အခန်းလေးထဲကို ဝင်ဝင်သွားပြီး စာတွေထိုင်ရေးနေတတ်တာကို မင်းသားလေးတွေ့သွားတော့မင်းသမီးလေးကို မေးတယ်..
“အသင်မင်းသမီးလေး....အဘယ်သို့သော စာများကို အသင်ရေးနေပါသလဲ”...
မင်းသမီးလေးက...“ကျွန်တော်မျိုးမ၏ ချစ်သူမင်းသားလေးထံသို့ လွမ်းစာများရေးနေပါသည် အရှင်”...
မင်းသားလေးက မင်းသမီးလေးရေးနေတဲ့ ပေရွက်တွေကို ကြည့်ခွင့်တောင်းတယ်မင်းသမီးလေးကလည်း ကြည့်ခွင့်ပေးလိုက်တယ်လေ..
ပေရွက်ထဲမှာရေးထားတဲ့ စာတွေကတော့ မင်းသားလေးကို သူမ လွမ်းနေရတဲ့အကြောင်းနဲ့မင်းသားလေးပြန်လာမယ့်နေ့ကို သူမျှော်နေတဲ့ အကြောင်းတွေပဲပေါ့
တခုထူးဆန်းတာက..အဲဒီပေစာရွက်ထဲမှာမင်းသမီးလေးရေးထားတဲ့ စာကြောင်းတစ်ကြောင်းပြီးသွားတိုင်း“မောင်တော် မင်းသားလေးရေးရန်နေရာ”...
ဆိုပြီး ကွက်လပ်လေးတွေ ချန်ထားလေ့ရှိတယ်
မင်းသားလေးလဲ စိတ်ဝင်စားသွားပြီးမင်းသမီးလေးကို မေးတာပေါ့“အသင်မင်းသမီးလေး....ဤကွက်လပ်နေရာက မောင်တော်မင်းသားလေး...ဆိုတာ အဘယ်သူပါလဲ...”ဆိုတော့.... ကျွန်တော်မျိုးမ၏ ချစ်သူပါ”...လို့ပြန်လျှောက်တင်သတဲ့....၊
မင်းသားလေးလည်း စိတ်ဝင်စားသွားပြီး “အသင်မင်းသမီးလေးရဲ့ချစ်သူဟာ အဘယ်အရပ်မှာနေပါသလဲ..၊ ဘယ်သူပါလဲ” လို့မေးတဲ့အခါ...
မင်းသမီးလေး ပြန်ဖြေလိုက်တာကတော့...ကျွန်တော်မျိုးမ၏ ချစ်သူမင်းသားလေးဟာ တနေ့နေ့မှာ ကျွန်တော်မျိုးမ ရှိရာ ဤနေရာသို့ရောက်ရှိလာပြီး
ကျွန်တော်မျိုးမ ရေးထားသော ဤပေစာရွက်ထဲမှ လွတ်နေသောနေရာများတွင် လိုအပ်သော စာများကိုဖြည့်စွက်ရေးသားပါလိမ့်မည်.။
အဲဒီနေ့ကို အကျွန်မျိုးမ စောင့်နေကြောင်းပါ...လို့ ပြောသတဲ့..။



သူ: “ဟင်..ပုံပြင်ကလည်း တန်းလန်းကြီး..ဆက်ပြောလေ”..
သူမ:“အဲဒီပုံပြင်ကိုက အဲဒီနေရာမှာတင် ရပ်နေတာ..ပုံပြင်လေးရဲ့ သဘောတရားကိုက အခန်းလေးတခုထဲမှာ မင်းသမီးလေးဟာ ညတိုင်း စာတွေရေးရေးနေတယ်..၊ မင်းသမီးလေးရေးထားတဲ့ စာကြောင်းတကြောင်းပြီးတိုင်းလည်း “မောင်တော် မင်းသားလေးရေးရန်နေရာ” ဆိုပြီး ကွက်လပ်လေးတွေ ချန်ထားတတ်တယ်..၊
မောင်တော်မင်းသားလေး ဆိုတာကလည်း အဲဒီမင်းသမီးလေးရဲ့ချစ်သူ လို့ပြောထားတယ်လေ..ပြီးတော့ အဲဒီမင်းသားလေးကို စောင့်နေပါတယ်ဆိုမှ...
ပုံပြင်လေးက ပြီးပြီလေ။
ဆက်ပြောတတ်တော့ဘူး...ဆက်ပြီးပြောတတ်ရင် ပြောပြကြည့်..”.။

သူ:
“ပုံပြင်လေးက နားထောင်လို့ကောင်းတယ်...၊ အရမ်းလှတဲ့ ပုံပြင်လေးကို မဖျက်ပါရစေနဲ့..တခြားပုံပြင်လေးတခု ပြောပြမယ်နော်...”
သူမ:အင်း..

သူ :“ဟိုး....ရှေးရှေးတုန်းက နတ်သျှင်နောင်ဆိုတဲ့ မင်းသားလေးတပါးရှိတယ်..၊ အဲဒီမင်းသားလေးဟာ ဓာတုကလျာမင်းသမီးလေးကို မြင်မြင်ချင်း နှစ်နှစ်ကာကာချစ်မိသွားပြီး ချစ်ခွင့်ပန်ဖို့အတွက် ဘယ်လိုဆက်သွယ်ရမှန်းမသိ၊ မင်းသမီးလေးသိအောင် ဘယ်လိုလုပ်ရမှန်းလည်း မသိနဲ့ပေါ့...။
မင်းသားလေးဟာ ရင်ထဲ့ ခံစားချက်တွေကို မခံစားနိုင်တဲ့အဆုံး ကဗျာတပုဒ်ကို ရေးဖွဲ့လိုက်တယ်...၊ ခေတ်ဟောင်းကတော့ ရတုပေါ့...၊ အခုခေတ်ကတော့ မော်ဒန်ပို့စ်ပေါ့...၊ အဲဒီလိုခံစားချက်တွေ ပေါက်ထွက်ပြီး မင်းသမီးလေးဆီကို ချစ်စာလွှာပါးဖို့အတွက် ရွှေကျေးတမာကို ရှာတယ် ၊ ဖြစ်ချင်တော့ ရွှေကျေးတမာကလည်း အစာရှာထွက်နေလို့ မအားတာနဲ့ on line ကနေ ချစ်စာလွှာကို တိုက်ရိုက်တင်လိုက်တဲ့အခါမှာတော့ တဆင့်စကား တဆင့်ပေါက်ကြားပြီး မင်းသမီးလေးရဲ့နားထဲရောက်သွားခဲ့တယ်...။
အရင်ခေတ်ကတော့ ခေတ်ဟောင်းနတ်သျှင်နောင်က နေပြည်တော်မှာ သူ့လူတွေကို ဓာတုကလျာလေးအနားမှာထားပြီး သတင်းရယူခဲ့တယ်..။
ဒီဘက်ခေတ်က အိုင်တီခေတ်ဆိုတော့ တိတ်တခိုးခြေရာရဲ့ သဲလွန်စတွေကနေ မင်းသမီးလေးအလာကို နေ့တိုင်းစောင့်ကြည့်ခဲ့ရတယ်..။
မင်းသမီးလေး...လာဖတ်နိုး..လာဖတ်နိုးပေါ့..။

အဲဒီလိုနဲ့ တနေ့မှာ မင်းသမီးလေးက မင်းသားလေးရဲ့ ရင်ဖွင့်ကဗျာကို လာဖတ်မိသွားပါရော..။

ဒါပေမဲ့ မင်းသမီးလေးဟာ မသိချင်ယောင်ဆောင်ပြီး မသက်ဆိုင်တဲ့ အကြောင်းအရာတွေကို မှတ်ချက်ပေးသွားခဲ့တယ်..။

အဲဒီအချိန်မှာ မင်းသားလေးက တစုံတရာကိုခံစားမိပြီး ပျော်သွားခဲ့တယ်..။ ဘာလို့လဲဆိုတော့ နှလုံးသားချင်းက နီးစပ်နေတော့ သေခြာမသိပေမဲ့ ရင်ထဲက ခံစားချက်တွေကို ကိုယ်စီနားလည်သွားလို့ပါတဲ့...”။

သူမက ဖန်သားနန်းတော် ...
ဒီဇင်ဘာ ယဉ်စွန်းတန်းနဲ့အတူ

နတ်သျှင်နောင်ကို ပြုစားခဲ့လေရဲ့......


အဲဒီညက သူမနှင့် သူ တယောက်တလှည့် ပုံပြင်ပြောပြကြရင်း မိုးလင်းသွားခဲ့ရသည်..။
နောက်တနေ့တွင် သူမနှင့် သူ ချစ်သူများအဖြစ်သို့ ရောက်ရှိခဲ့ကြလေသည်။
လသာတဲ့ည...တညမှာ
Romantic ဆန်တဲ့ ကဗျာတပုဒ်
အသက်ဝင်နိုးထလာခဲ့တယ်...

တိုက်ခတ်နေတဲ့ လေညှင်းလေးနဲ့အတူ

နင်သောက်လက်စ စပျစ်ဝိုင်တခွက်နဲ့

ချိုအီနေတဲ့ ငါ့ရဲ့ကဗျာတပုဒ်...
ထာဝရရှင်သန်နေမဲ့

ယစ်မူးစွာချစ်ခဲ့ကြတဲ့ ဘဝနှစ်ခုရဲ့

Romantic ညလေး..တည....
သီချင်းတပုဒ်ကို ငါသီဆိုနေခဲ့မယ်ဆိုရင်

You are my melody

နင်ဟာ ငါ့ရဲ့သံစဉ်လေးတွေပဲပေါ့....

ကဗျာတပုဒ်ကို ငါရေးစပ်နေမယ်ဆိုရင်

You are my rhyme

နင်ဟာ ငါ့ကဗျာထဲက ကာရန်လေးတွေပဲပေါ့....

အချစ်ဇာတ်လမ်းလေးတပုဒ်ကို ငါစိတ်ကူးယဉ်မိနေမယ်ဆိုရင်

You are my honey

နင်ဟာငါ့ရဲ့အချစ်သူရဲကောင်းလေးပဲပေါ့....

အကယ်၍ ...

နင်ရေးစပ်ခဲ့တဲ့ ကဗျာထဲက
မင်းသမီးလေးဟာ ငါဖြစ်ခဲ့မယ်ဆိုရင်
I am your Angel
ငါဟာနင့်ရဲ့နတ်သမီးလေးပဲပေါ့...

တခါတရံ...လူတွေ တယောက်နှင့်တယောက် ဘယ်လိုချစ်ကြပါသလဲ...။
တချို့ကပိုင်ဆိုင်ဖို့သက်သက်နှင့် မိသားစုဘဝကို လိုချင်၍ဖြစ်သည်။
တချို့က ခနတာ ပျော်ဖို့ ဖြစ်ကြသည်။
တချို့ကတော့ လှတဲ့အရုပ်ကလေးတရုပ်ဝယ်ချင်တဲ့သဘောဖြစ်သည်။
ရိုးသွားတော့လည်း အရုပ်အသစ်လိုချင်ကြပြန်သည်။
တချို့က အရည်အချင်းကို သဘောကျ၍ဖြစ်သည်။
တချို့က ချမ်းသာသည့်ဓနအင်အားကိုကြိုက်၍ဖြစ်သည်။
တချို့ကတော့ သနားရာမှစသည်။
တချို့ကတော့ နီးစပ်မှုသက်သက်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ်..တခနဖြစ်ဖြစ်...တဘဝဖြစ်ဖြစ်...ပိုင်ဆိုင်လိုကြ၍ ကြိုးစားကြခြင်းသာဖြစ်သည်။
သူမကရော...........


ယခုအချိန်ထိ သူမတွင် သူရေးပေးသော ကဗျာများ နွေးထွေးသော အကြင်နာများမှလွဲ၍ ဘယ်အရာကိုမှ မက်မက်မောမော သူမပိုင်ဆိုင်လိုစိတ်မရှိခဲ့ချေ


သူကတော့ သနားရာမှ “စ”သည့်“ချစ်ရတရက်..လွမ်းရက်တရာ”ဟူသော ပေးဆပ်ချစ်ခြင်းဖြင့် သူမကို ချစ်ခဲ့သည်ဟု ဆိုသည်။
သူမမှာ ပညာမကြွယ်ခဲ့ပါ...။
ဓနမရှိခဲ့ပါ...။
မောင်နှမမရှိခဲ့ပါ...။
မိဘများကွယ်လွန်သွားကြပြီဖြစ်တဲ့ ..သူမ
ငွေမရှိ၍ ဆွေမျိုးများ၏ ပြစ်ပယ်ခြင်းကို ခံထားရသော ...သူမကို ပိုးစလေးလိုနူးညံ့သော ချစ်ခြင်းဖြင့် သူချစ်ခဲ့သည်။

သူ့ထက်အသက်ကြီးသော သူမကို ခလေးတယောက်လိုကြင်နာသည်။
ယုယသည်..ဂရုစိုက်လွန်းသည်။
တခါတလေ...
ဟာသနှော၍ သူမပြောလိုက်သော စကားတခွန်းကြောင့် သူ၏ မျက်နှာပြင်ပေါ်မှ ပြုံးယောင်သန်းသွားသည့် ပုံရိပ်အဆင့်ဆင့်ကို သူမလိုက်၍ မှတ်နေတတ်သည်။


ပျိုမြစ်နုနယ်လှသည့် သူ၏မျက်နှာပြင်ကို သူမကြည့်မိတိုင်း တိတ်တခိုး သက်ပျင်းလေးချရင်း သူမ၏ မျက်နှာပြင်ကို ယောင်ယမ်း၍စမ်းမိသည်မှာလည်း အကြိမ်ကြိမ်ပင်...။


သူမ၏ ရုပ်သွင် အိုမင်းရင့်ရော်သွားခဲ့လျှင် သူဆက်ချစ်နိုင်ပါအုံးမည်လားဟု သူမတွေးမိတိုင်း ဝဲတက်လာသော မျက်ရည်များကို သူ မမြင်အောင်ပုတ်ခတ်ရင်း
အပြုံးများဖြင့် ဖုံးဖိခဲ့သည်မှာလည်း ကြိမ်ဖန်များစွာပင်..။



မတူညီတဲ့အသက်အပိုင်းအခြားကြောင့် သူ့အနားမှ သူမပြေးထွက်ဖို့ ကြိုးစားခဲ့သည်မှာလည်း မရေတွက်နိုင်ခဲ့...။
သူမဖျားနာနေသည့် အချိန်ဆိုလျှင် သူမဘေးတွင် အချိန်ပြည့်ရှိနေပေးတတ်သူ...
သူ၏ သီချင်းသံလေးဖြင့် သူမကို ညစဉ်အိပ်စက်စေခဲ့သူ...
သူ၏ ချစ်ခြင်းများဖြင့် သူမကို ကဗျာနတ်သမီးလေးအဖြစ် အသက်သွင်းပေးခဲ့သူ...
အန္တရာယ်များနှင့် သူမရင်ဆိုင်တွေ့တိုင်း သူမရှေ့မှ ရပ်တည်ပေးခဲ့သူ...
သူ့အပေါ် သူမ၏ အနိုင်ယူ ဗိုလ်ကျမှုများကို ခွင့်လွှတ်သီးခံရင်း သူမကို နားလည်ပေးခဲ့သူ...

ရံရွှေတော် အပျိုစင်တသန်းနဲ့တောင်
တယောက်နဲ့ မလဲနီုင်ခဲ့ပြီ...

နေညိုညိုဘဝတွေ အိုသွားတောင်မှ

မပြောင်းမလဲဘဲ ကျန်ခဲ့မဲ့ရုပ်ကြွင်းသစ်ဟာ

ငါ့ရဲ့အချစ်ဘဲဖြစ်မယ်....



“အချစ်ဆိုတာ ...ညင်သာတဲ့ ဖမ်းဆီးချုပ်နှောင်မှု” လို့ဆိုထားပြန်တော့ သူ့ဘက်မှ အလျှော့ပေးမှုများစွာနဲ့



ချည်နှောင်ထားသော သူ၏ နှောင်ကြိုးထဲက သူမရုံးထွက်ဖို့ခက်ရင်း သူ့ကို တိုးလို့ ချစ်မိခဲ့သည်မှာ...
နံရံပေါ်က ပြက္ခဒိန်လေးတခုတောင် အဟောင်းကိုဖြုတ်လို့ အသစ်ပြောင်းခဲ့လေပြီ...။



သူမနှင့်သူ..
လူချင်း ဝေးသော်လည်း နှလုံးသားချင်းနီးသည်...
လေထုထဲမှ စိတ်ချင်း ဆက်သွယ်သည်...
ရင်ခုန်သံချင်း ထပ်တူကျသည်...
မိုးကုတ်စက်ဝိုင်းကြီးအောက်က သူမနှင့် သူ့ကို..
ပင်လယ်ပြင်ကြီးက ဆက်သွယ်ပေးထားသည်...
လှိုင်းကြက်ခွတ်လေးတွေက သတင်းတွေယူဆောင်လာပေးသည်...
သူမတို့နှစ်ယောက်၏ ထိတွေ့မှုကိုတော့ လေထုက သယ်ဆောင်ပေးပြန်သည်...

ကမ္ဘာတဖက်ခြမ်းဆီက သူ့ကိုလွမ်းတိုင်း သူမထိုင်နေကျ ခုံတန်းလေးတွင် တယောက်ထဲထိုင်ပြီး
သူပြောခဲ့သော စကားများကို ပြန်တွေးရင်း သူမပြုံးမိသည်..။


“ဒီနေ့ဆိုရင် မောင်တို့ရဲ့ချစ်သူသက်တမ်း(၁)နှစ်ပြည့်ပြီနော်..

နောက်နှစ်...ဒီအချိန်ဖြစ်တဲ့ (၁၁.၁၂.၂၀၁၁)နေ့ဆိုရင် မောင်တို့ရဲ့ချစ်သက်တမ်း(၂)နှစ်ပြည့်ပြီ”..
“အဲဒီအချိန်ကျရင် မောင်တို့ အခုလို တယောက်တနိုင်ငံစီ ဝေးနေရတဲ့ ဘဝက လွတ်ပြီပေါ့..”
“မောင်က မြန်မာပြည်ကို အရင်ရောက်နှင့်မှာဆိုတော့...အဲဒီနေ့ကျရင် မောင်..ချစ်ကို လေယာဉ်ကွင်းမှာ လာကြိုမယ်နော်...ပြီးတော့ အဲဒီနေ့လေးကိုတွေးပြီး အခုကတည်းက မောင့်ရင်တွေ ခုန်နေတယ်..သိလား”

" အချစ်ရတု "

ပြက္ခဒိန်ထက်က
ရက်စွဲတွေကြောင့်
သက္ကရာဇ်တွေ ခုနှစ်တွေ ရာစုတွေ
အသက်ရှင် နေခဲ.တာပါ

နေ့ စွဲတွေမှာသာ
ဂန္တ၀င်ဆန်ဆန်အမှတ်တရတွေမရှိခဲ့ရင်
သမိုင်းတွေ မခမ်းနားနိုင်သလို
လူတွေအားလုံး
အတိတ်မေ့လောက်တယ်

မုတ်သုန်ပျိုတို့  ကွန်းခိုကြလို့ 
မြကျွန်းညိုတို့ စိမ်းစိမ်းစိုကြတဲ့ညက
ဝေသာလီမင်းသားရဲ့ 
အဏ္ဏ၀ါရင်ခွင် ရပ်ဝန်းမှာ
မေ့နှလုံးသားလေး မုန်တိုင်းမိ
အဖျားခတ်နစ်မြှုပ်ခဲ့ဘူးတယ်

Anniversary ဆိုတဲ့
" ငွေ ရွှေ စိန် "
ရတုအဆက်ဆက်ကြားမှာ
" အချစ်ရတု " ကိုတော့
ကျွန်မနှလုံးသားနဲ့ ဘဲ
စီခွင့်ပြုပါမောင်

ပန်းခင်းလမ်းမှာ
တခါတရံ ဆူးတွေ နမ်းရင်းနဲ့ 
" ယနေ့ မှ စနှစ်တစ်ရာတိုင် "
မကူးခတ် နိုင်တောင်
" နောင်သံသရာ အဆက်ဆက် "
ပျံသန်းတဲ့ အခါ
ရှင်သန်ခြင်း သင်္ကေတ
နှလုံးသား တောင်ပံတစ်စုံတော့
အပ်နှင်း လှည့်ပါ သခင် . . .


လွန့်လူးသွားသော ပင်လယ်လှိုင်းသံကြောင့် သူမ၏ အတွေးများ ရုတ်တရက်ပြတ်တောက်သွားရင်း သူမပြုံးမိသည်..။
သူမနှင့်သူ ချစ်သူသက်တမ်း(၁)နှစ်ပြည့်ခဲ့လေပြီ...
ပိုက်ဆံအိတ်ထဲမှ သူ၏ ဓာတ်ပုံလေးကို ထုတ်ကြည့်ရင်း သူမကို အမြဲတန်းပြုံးပြီးကြည့်နေတတ်သော သူ၏ မျက်နှာပြင်ကို လက်ချောင်းလေးများဖြင့် အသာအရာပွတ်သတ်ရင်း...
မကြာမီရောက်ရှိတော့မည့် မြန်မာပြည်လေဆိပ်တွင် သူနှင့် ပထမဦးဆုံးအကြိမ်တွေ့စုံရမည့် ရင်ခုံစရာကောင်းသော ပေါင်းစည်းခြင်းနမိတ်ကို သူမ စိတ်ကူးယဉ်ကြည့်မိသည်။

မနီးမဝေးက “ပေါင်းစီးခြင်းတံတား” ကိုရောက်ဖို့
“ဆောင်း” သခင်ရေ....
အသင့်ရဲ့လေပြေတွေနဲ့ “သူ့”ရင်ခွင်ဆီမှာ ထာဝရ နားခိုဖို့
ကျမကို ခပ်ဖွဖွလေး သယ်ဆောင်သွားပေးပါ...


မြန်မာပြည်လေဆိပ်ထဲသို့ သူမလှမ်းဝင်လိုက်စဉ်...
သူမ၏ ခြေလှမ်းမှာ သွက်လက်နေမည်လား...လေးလံနေမည်လား...
မိမိတို့၏ မိသားစုများကို စောင့်မျှော်နေကြသော လာကြိုသူများကြားတွင်“ သူ ” ရှိနေမည်မှာ သေခြာပါသည်..၊
သူ့ကို သူမ ရှာဖွေချင်သော်လည်း မျက်လွှာချထားမိမည်..၊
အပြင်မှာ တခါမှမမြင်ဖူးသော သူ့ကို သူမ မည်သို့စခေါ်ရမည်နည်း...
ဘယ်လိုပဲဖြစ်ဖြစ် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သူမကိုတော့ သူ ရှာတွေ့မှာ သေခြာပါသည်...
တနေရာတွင် သူမရပ်နေမည်...
သူမ၏ ရှေ့သို့ သူရောက်လာမည်...
ခေါင်းငုံ့ထားသော သူမ ..သူ၏ ခြေအစုံကို ဦးစွာမြင်ရပေလိမ့်မည်...
သူ့ဘက်မှ..“မောင့်ရဲ့နတ်သမီးလေး” ဟု သူမကို ဦးစွာခေါ်ရင်း...
သူ၏ မျက်နှာအား မော့ကြည့်ခိုင်းလိမ့်မည်...
သူမကတော့ ရှက်လွန်း၍ ခေါင်းကို ငုံ့မြဲတိုင်း ငုံ့ထားပေလိမ့်မည်...
သူ၏ မျက်နှာအား သူမကြည့်ချင်သော်လည်း လှုပ်ရှားလွန်းသော စိတ်တို့နှင့်အတူ သူမ၏ နှလုံးခုံသံကို သူမပြန်ကြားနေမည်.
သူကတော့ သူမကို စကားတွေပြောနေပေလိမ့်မည်...
သူမ၏ နှုတ်ခမ်းများ ပြုံးယောင်သန်းနေမည်...
သူမ၏ လက်ဖျားများ အေးနေလိမ့်မည်...
နောက်ဆုံး...
ငုံ့ထားသော သူမ၏မျက်နှာလေးကိုမော့လာစေရန် သူမ၏ မေးစေ့လေးအား သူ ဆွဲမော့ရင်း ...
သူမကို ပြုံးပြီးကြည့်နေသည့် သူ့ကို သူမ တွေ့မြင်ရလိမ့်မည်...
အေးစက်နေသော သူမ၏ လက်ချောင်းများအား သူဆုပ်ကိုင်လိုက်စဉ်..

ငါ့ရင်ခွင် ဆောင်းဦးလေပြည်မှာတော့
အငွေ့တထောင်းထောင်း ထနေအောင်
တုန်ရီနေလေရဲ့....


သူမ၏ တကိုယ်လုံး ယိုင်လဲလုမတတ် တုန်ရီသွားချိန် သူ၏ ရင်ခွင်ထဲသို့ သူမရောက်ရှိသွားခဲ့လေမည်လား...
ပြီးတော့...
သူမ၏ နှဖူးလေးအား ဖွဖွလေးနမ်းရင်း သူမ၏ ရင်ကို နွေးထွေးစေမည်လား....


ငါတရှိုက်မက်မက် နမ်းရှိုက်လိုက်တယ်..
ပန်းမျိုးတထောင် အောင်စေသည့်

ချစ်သူရနံ့ သင်းပျံ့ပျံ့လေး....


သေခြာသည်ကတော့ ...
နှစ်ပေါင်းများစွာ တကိုယ်တည်း ဖြတ်သန်းခဲ့ရသော ကြမ်းတမ်းလှသည့် သူမ၏ ဘဝ...
သူ့ရင်ခွင်တွင် အေးချမ်းစွာ ...ငြိမ်းချမ်းစွာ...ပျော်ရွှင်စွာ...နားခိုရတော့မည်ကို တွေးရင်း .....
သူ၏ရင်ခွင်ထဲသို့ ရောက်ရှိနေသော သူမ...
သူ့အား...အလွမ်းများစွာဖြင့် တင်းကြပ်စွာပြန်၍ ဖက်ထားရင်း တိတ်ဆိတ်နေမည်..။
မြန်မာပြည်လေဆိပ်ကြီးတခုလုံးလည်း တိတ်ဆိတ်ကောင်းတိတ်ဆိတ်နေပေလိမ့်မည်..။
လေဆိပ်ထဲမှ လူများလည်း မလွတ်တန်းထွေးဖက်ထားကြသော ချစ်သူနှစ်ဦးကိုပြုံးပြီး ကြည့်ကောင်းကြည့်နေလိမ့်မည်..။
ချစ်သူနှစ်ဦး၏ ဝိဥာဉ်များမှာလည်း ကမ္ဘာ၏ အပြင်ဖက်သို့ ရောက်ရှိကောင်း ရောက်ရှိနေပေလိမ့်မည်..။
မည်သို့ပင်ဆိုစေကာမူ....
မကြာမီ ရောက်ရှိလာတော့မည့် ....၁၁.၁၂.၂၀၁၁ နေ့လေးကို ရင်ခုန်စွာ စောင့်မျှော်ရင်း.....

ငါ... နိုးထရာ မျက်နှာပြင်ပေါ်မှာ
နင့် နေခြည်အနမ်းတို့

ဝတ်မှုန်ပက်ဖြန်းသောအခါ...

ငါ၏ အိပ်မက်မြစ်တို့သည်

နင့်နှလုံးသားထဲသို့ စီးဝင်ကြကုန်လေ၏...။

ကာလကြာသော်..

ငါတို့သည်

စွယ်တော်ပင်ရွက်တွင်

ဝင်းလက်ထွန်းပပြီး
ခိုင်မာသော
ကျောက်သားတို့ဖြင့်

ပစ္စုပ္ပန်ကို တည်ကြလေ၏...။


“ခိုင်မြဲသော သစ္စာဖြင့် ဆက်လက်အဓွန့်ရှည်မည်...ချစ်သူ့ Anniversary”

..............................................................................

စာဖတ်သူ သူငယ်ချင်းများလည်း “သူမ၏..သူ” စိတ်ကူးယဉ် အချစ်ဝတ္ထုတိုလေးနှင့်အတူ ကြည်နူးခြင်းများပြန့်လွင့်နိုင်ကြပါစေ....။

18 comments:

မောင်လေး said...

နောင်နှစ်မှ......။အဝေးကြီးလိုသေးတယ်....။
ကျွန်တော်ဆို စောင့်နိုင်ပါဘူးဗျာ...။
ခုလောက်ဆို ပြန်ပြေးတာကြာပေါ့...။

ကိုဇော် said...

အခု တလော ချစ်ကိုယ်တွေ့ ဝတ္ထုလေးတွေ တယ် ရေးနေကြပါလား။ ( အဟဲ . . ကိုယ်ရေးထားလို့ တိုင်ကယ် ခေါ်နေတာ )

နောက်နှစ်ကို စောင့် မနေနဲ့။ လက်ရှိ အချိန်က အကောင်းဆုံး။ မြန်မြန်သာ လုပ်။

ဝက်ဝံလေး said...

ပျော်ရွှင်ပါစေ မနတ်သမီးလေး ရေ....

မိုးစက်အိမ် said...

လာဖတ်သွားတယ် နတ်သမီးရေ . . . ၀တ္ထူလေးက
နူးနူးညံ့ညံ့လေးဘဲ အရမ်းလှပါတယ် ချစ်သူနဲ့ လည်း
အမြန်တွေ့ ဆုံနိုင်ပါစေလို့  ဆုတောင်းပေးပါတယ်နော်
ချစ်သူ Anniversary များစွာပျော်ရွှင်စွာဖြတ်သန်း
နိုင်ပါစေဗျာ ခင်မင်လျက် . . .

ချော(အစိမ်းရောင်လွင်ပြင်) said...

“သူနဲ့ သူမရဲ့ ချစ်ခြင်း” ကမ္ဘာဆုံးတိုင် တည်ပါစေ..
ရည်မှန်းထားတဲ့အတိုင်း တစ်သွေမတိုင်း ထပ်တူကျစွာ ဆုံဆည်းကြပါစေ..
ကိုယ်စီနားလည်မှု၊ နူးညံ့နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ တည်ဆောက်ထားတာမို့
အသက်အရွယ်၊ နှစ်ဦးကြားက ခရီးမိုင်အကွာအဝေး အားလုံးကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်..
ချစ်ခြင်းတစ်နှစ်ပြည့်မှသည်.. နှစ်ပေါင်း များစွာ များစွာ နားလည်နွေးထွေးသော နူးညံ့သိမ်မွေ့သော ချစ်ခြင်းများစွာဖြင့် တွဲလက်ခိုင်ခိုင်မြဲနိုင်ကြပါစေ....


ချစ်ခင်နားလည်စွာဖြင့်

မချော

သိင်္ဂါကျော် said...

နောက်တစ်နှစ်မှတဲ့လား ... ပြန်ဆုံမယ့် အရေးကိုတောင် အချိန်ဆွဲထားလိုက်သေးတယ်.. ဟွန့်

ဆွေလေးမွန် said...

ခုမှပဲလာလည်ဖြစ်တော့တယ် မအားဘူးကွယ်။
ဂယ်ပဲ...
ဒီမှာလာဖတ်တော့ ဇာတ်သိမ်းခန်းတောင်ရောက်နေပြီ။
ဖတ်ပြီး ကြည်နူးမိတယ်..

အွန်စော said...

မျှော်လင့်ရခြင်းတွေက အချိန်တွေကို သာမန်ထက် ပိုရှည်ကြာစေသလိုပါပဲချင်----------။

မြတ်မွန် said...

လွမ်းစရာကြီး မမရာ
၂၀၁၁မှ..
သေပါပြီ တစ်နှစ်တောင် လိုသေးတယ်..။
ဘာပဲ ဖြစ်ဖြစ် ကျားယို..
အလုပ်ထဲမှာ အာရုံနှစ်ရင်း မမရဲ့ ၂၀၁၁ မြန်မြန်ရောက်ပြီး ချစ်သူမင်းသားလေးနဲ့ အမြန်ဆုံး ပန်ကန်လုံးစီးပြီး ပေါင်းရပါစေ။

မိုးယံ said...

ချစ်နိုင်သူတွေ ချစ်ကြပါ ချစ်ကြပါ...

rose of sharon said...

အပြီးဖတ်သွားတယ် သူငယ်ချင်းရေ... စိတ်ကူးယာဉ်ဆိုပေမဲ့ ကိုယ်တွေ့လေးတွေပါ ညှပ်ထည့်ထားသလားလို့ :P
ဝထ္တုကောင်းလေးတပုဒ် ဖတ်လိုက်ရလို့ ကျေးဇူးနော်...

နေ၀သန် said...

So romantic... နူးညံ့လိုက်တာ.. အရေးအသားလေးက..း))))

ခင်မင်တဲ့
နေ၀သန်

မင်းဒင် said...

ရွှင်လန်းချမ်းမြေ့ပါစေ ။

မင်းဒင်

သဒ္ဓါလှိုင်း said...

စစ်မှန်တဲ့ချစ်သူချင်းအမြန်ပြန်ဆုံနိုင်ကြပါစေ..။
ခုချိန်ဘယ်လောက်ပဲဝေးဝေးအနီးဆုံးနှလုံးသား
လေးနဲ့ထပ်တူရင်ခုန်နိုင်ပါစေ.။
ခင်မင်ရတဲ့
သဒ္ဓါ

sosegado said...

အချစ် နှင့် ချစ်ခြင်း ကိုဖွဲ့နွဲ့သွားတာ ကဗျာနတ်သမီး ပီသပါတယ်။

အနမ်း said...

သူမရဲ့အချစ်ကိုယ်တွေ့လေးထင်တယ်နော်း)))
အနုအရွလေးပါလား.. အဆင်ပြေပျော်ရွှင်နိုင်ပါစေလို့..ဆုတောင်းပါတယ် ညီမရေ..။

မိုးငွေ့...... said...

ဟို မျောက်ကလေးပြောတဲ့အတိုင်းပဲ....း)
ကော်ပီမပေ့တော့ဘူး...အဟီးးး

ခင်တဲ့
မိုးငွေ့

blackroze said...

မရေ...
ဒီပိုစ့်လေးကိုဒုတိယအကြိမ်လာဖတ်မိတာပါ..
ပထမတကြိမ်တုန်းကဖတ်ပြီးသွားတော့ပြောချင်တဲ့
စကားတွေအများကြီးဘဲမရယ်..
ဒါပေမဲ့ဘာပြောရမှန်းမသိဘူး
ဒါကြောင့်ဘာမှမရေးဘဲပြန်သွားတာ..
အခုတခေါက်ထပ်လာဖတ်တယ်..
မရေ..
အမြဲတမ်းပျော်ရွှင်ရပါစေလို့...
ဆုတောင်းပေးမယ်နော်...
ဘယ်လောက်ဘဲဝေးကွာနေပါစေ..
တကယ်ချစ်ရင်သတ္တိရှိရှိနဲ့ရင်ဆိုင်လက်တွဲဖို့
ဆုံးဖြတ်လိုက်တဲ့မရဲ့..ဆုံးဖြတ်ချက်ကို
လေးစားအားကျတယ်..မရယ်....
မနဲ့မရဲ့ချစ်သူလေး...ပျော်ရွှင်စွာနဲ့
ဘဝတခုကိုတည်ဆောက်နိုင်ပါစေလို့
............
မရေ..အားကျနေမိတယ်..
ညီမကသတ္တိမရှိဘူးမရယ်..
မ..လိုသတ္တိတွေနဲနဲလောက်လိုချင်လိုက်တာလေ..

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger