Thursday, March 24, 2011

ဒေါင်းယောင်ဆောင်သော..“ကျီး”




“ဒီမှာကြည့်ပါအုံး မမရယ်.. ညီမလုပ်ထားတဲ့ စာရင်းဇယားပုံစံကို ပြောင်းပြီး သူက ပုံစံအသစ်လုပ်ပြီး မန်နေဂျာကိုပြတယ်၊ ..အခုမန်နေဂျာက သူလုပ်တဲ့ပုံစံအတိုင်း လုပ်ရမယ်လို့
ညီမကိုပြောနေပြီ .... တကယ်ဆို စီနီယာ ဂျူနီယာထုံးစံအရ သူ့ဘက်က ညီမနဲ့အရင်ညှိသင့်တာပေါ့.... အခုတော့ ညီမခွင့်ရက်ရှည်ယူထားတဲ့အချိန်မှာ သူက ညီမကိုကျော်လုပ်တာပဲ.. ညီမသိက္ခာကျတာပေါ့...”

“ဟင်...ဟုတ်ရဲ့လား ခိုင်လေးရယ်.. သူက စေတနာနဲ့လုပ်တာရောမဖြစ်နိုင်ဘူးလား”

“မဟုတ်ဘူး.. မမရဲ့.. သူက ညီမမရှိတုန်းမှာ စာရင်းဇယားကို သူဘယ်လောက်လုပ်တတ်တယ်ဆိုတာကို ပြတာ..၊ အဲဒီလို စာရင်းဇယားတွေက Accountant တွေလုပ်ရတဲ့ အလုပ်လေ၊ ညီမတို့လုပ်ရတဲ့ စာရင်းက မန်နေဂျာစစ်ဖို့သက်သက်မို့ အကြမ်းဖျင်း လောက်ပဲ ရေးပြရတာ”

“အင်း...ထားလိုက်ပါ ခိုင်လေးရယ်..၊ စီနီယာ ဂျူနီယာသဘောတရားကို သူနားမလည်သေးလို့ဖြစ်ပါလိမ့်မယ်..”
..........................................................................................

“စိတ်တိုလိုက်တာ အရမ်းပဲ... ချောရဲ့နောက်မှလည်း လာသေးတယ်၊ ချောကိုလည်း ဆရာလာလုပ်နေသေးတယ်၊ အခုချိန်ထိ ချောရဲ့အသင်အပြလက်က လွတ်သေးတာလည်းမဟုတ်ဘူး...”

“သည်းခံလိုက်ပါ ချောရယ်..သူက ငယ်သေးတော့ အပြောအဆိုမတတ်တာဖြစ်ပါလိမ့်မယ်”

“သည်းခံပါတယ် အမရယ်...၊ အခုဟာက @*x#;"\=*@%x&%^::"+$%^..”

“ဟူး...ဒီမိန်းခလေးနဲ့တော့ ခက်ပါတယ်...အမလည်း ပြောပါအုံးမယ်”..
........................................................................................

“ဟုတ်တယ်..မမရဲ့..၊ အရင်တုန်းက သူနဲ့ဖြူက ဋ္ဌါနတခုထဲမှာအတူတူလုပ်ခဲ့ဖူးတယ်...၊ ဖြူက သူ့ရဲ့အထက်ကပေါ့..၊ တခါ ဖြူ့ကိုကျော်ပြီး လုပ်လို့ ပြဿနာတက်ခဲ့ဖူးတယ်..၊ အခုလည်း ရေစက်က ဒီမှာလာစုံပြန်တယ်၊ ပြီးတော့ သူနဲ့ဖြူက ကမ္ဘာ့ရန်ဖက်ဖြစ်သွားခဲ့တာ...”

“ဟင်..ဘာဖြစ်လို့လဲ”

“ဖြူ့ရဲ့ချစ်သူ..သူ့နောက်ပါသွားခဲ့တာလေ”

“ဟော့တော့.....ဟုတ်ရဲ့လားဖြူရယ်...၊ သူ့ကြည့်ရတာ ရိုးရိုးလေးပါ”

“အောင်မလေး..အဲဒီလို ရိုးပုံရိုးရဲ့နဲ့ ဖြူ့လူပါသွားခဲ့တာ”...
.........................................................................................

ကုမ္ပဏီတခုထဲတွင် အလုပ်အတူလုပ်ရင်း ညီအမသဖွယ်ဖြစ်နေကြသော လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းများ၏ မကျေနပ်ချက်များကို နားထောင်ရင်း မြသက်ထားတယောက် သက်ပျင်းချမိပါသည်။
ဤကုမ္ပဏီမှ တချို့ဝန်ထမ်းများမှာ အလုပ်ထွက်သွားလိုက်ကြ၊ ဝန်ထမ်းအသစ်များပြန်လည်အစားထိုးလိုက်ကြနှင့်.. ဝန်ထမ်းအပြောင်းအလဲများကြားမှ လုပ်သက်အရင့်ဆုံးဝန်ထမ်းဖြစ်သည့် မြသက်ထားသည် ဝန်ထမ်းများ၏ အမကြီးသဖွယ် ဆိုးတိုင်ပင် ကောင်းတိုင်ပင် ရင်ဖွင့်ရာဖြစ်ခဲ့ရသည်။
ထိုဝန်ထမ်းများထဲမှ “ခရု” ဆိုသည့် မိန်းခလေးအကြောင်းကို ကြားရသည်မှာ မြသက်ထားတယောက် ကိုယ့် နားကိုယ်မယုံနိုင်ဖြစ်ခဲ့ရသည်။

ဤကုမ္ပဏီတွင် ခရုသည် အသက်အငယ်ဆုံးဖြစ်သည်က တကြောင်း၊ နယ်မှလာ၍ အလုပ်လုပ်ရသူဖြစ်သဖြင့် သူမကို ညီမလေးအရင်းကဲ့သို့ ဂရုဏာပိုကာ လုပ်ငန်းကိစ္စအဝဝကို လက်ထပ်သင်ကြားပေးခဲ့သည်။

ကြည်လင်အေးမြလှသော သူမ၏ မျက်နှာပေါ်တွင် အထက်ပါအကြောင်းများနှင့်ပတ်သက်သည့် လုပ်ရပ်များကို သူမ လုပ်လိမ့်မည့် လက္ခဏာအရိပ်အယောင်ဟူ၍ တစုံတရာမျှမတွေ့ရသော“ခရု” ဆိုသည့်မိန်းခလေးသည် တနေ့နေ့ တချိန်ချိန်တွင် မြသက်ထား၏ နောက်ကျောမှသော်၎င်း၊ ရှေ့တည့်တည့်မှသော်၎င်း၊ ဘေးတဖက်တချက်မှသော်၎င်း၊ ကျေးဇူးတရားကို ဥပေက္ခာပြုပြီး ဓားနှင့်အကြိမ်ပေါင်းများစွာ ထိုးစိုက်လိမ့်မည်ဟု မြသက်ထားတယောက် အိပ်မက်ပင်မမက်ခဲ့ဖူးပါ...။

မိမိတတ်ကြွမ်းသော လုပ်ငန်းအတွေ့အကြုံများကို ဝေမျှမှုမရှိပဲ သူမအတွက် နာမည်ကောင်းရရန်သာ ကြိုးစားလုပ်ပြတတ်သူဟု ဝန်ထမ်းများ၏ တိုင်တန်းမှုကို ခံရသော “ခရု” ကို ယုံကြည်မိခဲ့သည့် မြသက်ထား ကိုယ်တိုင် လက်တွေ့ကြုံတွေ့ခဲ့ရသည့်အခါမှ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများ၏ သတိပေးမှုများကို ပြန်လည်ကြားယောင်မိသည်။
အသင်းအဖွဲ့နှင့် လုပ်ရသော ဌါနများတွင် တဦးတယောက်ထဲ ရှေ့ထွက်၍ ကောင်းနေလို့မရ၊ အချင်းချင်း ညှိ၍ လုပ်ရသည်များလည်းရှိသည်၊ တာဝန်များကို မိမိဘက်မှ မည်မျှပင် ကြွမ်းကျင်စေကာမူ အဖွဲ့အစည်းနှင့် လုပ်ရသည့်အခါ လုပ်ဖော်ကိုင်ဖက် စီနီယာ ဂျူနီယာ အလိုက် အချင်းချင်း မျှဝေ နေရာပေးရပါသည်။
ထိုသို့မှမဟုတ်လျှင်တော့ အုပ်ချုပ်သူများ၏ ချီးကျူးခြင်းကို ခံရပြီး ဘဝတူ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများ၏ အမုန်းကို ရရှိပါလမ့်မည်။ကုမ္ပဏီပိုင်ရှင်၊ သူဌေး ဆိုသည်ကတော့ မိမိ၏ အလုပ်သမားများ အလုပ်များများလုပ်လေ ကြိုက်လေပင်ဖြစ်သည်။


မြသက်ထားတယောက် စိတ်မကောင်းကြီးစွာဖြစ်ရင်း သူမကြည့်ခဲ့ဖူးသော “SECRETARY” ဆိုသည့် နိုင်ငံခြားရုပ်ရှင်ဇာတ်လမ်းတခုကို ပြန်သတိရမိသည်။

ဇာတ်လမ်းထဲတွင် စီးပွားရေးလုပ်ငန်းတွင် အလွန်အောင်မြင်သော လုပ်ငန်းရှင်အမျိုးသမီးတယောက်ရှိသည်။ သူမတွင်အလွန်ချစ်မြတ်နိုးရသော စီးပွားတူလုပ်ငန်းရှင် ချစ်သူတယောက်လည်းရှိသည်။
သူမ၏ စီးပွားရေးလုပ်ငန်းများကို သူမကိုယ်တိုင် နေ့မအား ညမအားလုပ်ဆောင်ရသည့်အတွက် သူမ၏ ကိုယ်ပိုင်အချိန်ဆိုသည်မှာ မရှိသလောက်နည်းပါးလာသည့်အတွက် ချစ်သူနှင့်မကြာခန စိတ်အခန့်မသင့်မှုများဖြစ်တတ်သည့် သူမ ...အတွင်းရေးမှူးတယောက် အရေးတကြီးလိုအပ်နေချိန်တွင်လိုအပ်နေချိန်တွင် လုပ်ငန်းကိစ္စဖြင့် မြို့တမြို့သို့အသွား ရုပ်ရည်ချောမောပြေပြစ်ပြီး သွက်လက်ဖြတ်လတ်သော မိန်းခလေးတယောက်ကို သူမတွေ့ရှိခဲ့သည်။
ထိုမိန်းခလေးကို မြို့သို့ခေါ်လာပြီး ဂုဏ်သရေရှိ အသိုင်းအဝိုင်းတွင် အနေအထိုင် ပြုမူဆက်ဆံပုံများနှင့် လုပ်ငန်းဆောင်တာများကို လက်ထပ်သင်ပေးခဲ့ရာ မကြာမီမှာပင်
သူမ၏ လုပ်ငန်းကိစ္စအဝဝကို မျက်နှာလွှဲထားနိုင်လောက်သည့် အတွင်းရေးမှူးမလေးတယောက် ဖြစ်လာခဲ့လေသည်။

ယခင်က သူမကိုယ်တိုင်လုပ်ဆောင်လေ့ရှိသော လုပ်ငန်းကိစ္စတချို့ကိုလည်း သူမကိုယ်တိုင် မလုပ်တော့ပဲ အများအမြင်တွင် အတွင်းရေးမှူးမလေးသည် သူမ၏ ညီမတော်သူဟု နေရာပေးကာ လုပ်ဆောင်စေခဲ့သည်။

တနေ့တွင် သူမတယောက် မတော်တဆထိခိုက်ဒါဏ်ရာရကာ ဆေးရုံတွင် တလခန့် တက်ရောက်နေချိန်တွင် သူမ၏ ရပ်တန့်၍မရသော လုပ်ငန်းတာဝန်များကို အတွင်းရေးမှူးမလေးအား ကိုယ်စားလှယ်လွှဲစာနှင့်တကွ လွှဲပြောင်းတာဝန်ပေးခဲ့သည်။

သူမဆေးရုံက ဆင်းလာသည့်အချိန်တွင်လည်း မတော်တဆဒါဏ်ရာရရင်း သွင်သွင်ကျိုးသွားခဲ့သော သူမ၏ ခြေထောက်နှစ်ဖက်မှာ အကောင်းပကတိမဖြစ်နိုင်သေး၍ အိမ်တွင်အနားယူရင်း လုပ်ငန်းအားလုံးကို အတွင်းရေးမှူးမလေးနှင့် လအနည်းငယ်ကြာလွှဲထားခဲ့ပြီးသည့်နောက်တွင် သူမ လုပ်ငန်းခွင်ထဲသို့ပြန်လည်ခြေချမိသည့်အခါတွင်တော့...

ယခင်က သူမ သတ်မှတ်လုပ်ဆောင်ခဲ့သော လုပ်ငန်းပုံစံများမှာ လုပ်ရိုးလုပ်စဉ်အတိုင်းမဟုတ်တော့ပဲ များစွာပြောင်းလည်း လျှက်ရှိသည်ကို သူမ အံ့သြစွာတွေ့မြင်ခဲ့ရလေသည်။
ကုမ္ပဏီမှ လုပ်ငန်းကိစ္စမှန်သမျှကို သူမ၏ အတွင်းရေးမှူးမလေးမှ နေ့စဉ်ဖုန်းဆက် သတင်းပို့ခဲ့သည့် သတင်းများမှာလည်း အမှားများသာဖြစ်ခဲ့သည်ကို သူမသိရှိခဲ့သည့်နောက်တွင် သူမအားလွှဲအပ်ထားသော လုပ်ငန်းတာဝန်များကို ပြန်လည်ရုပ်သိမ်းရင်း စီးပွားရေးနယ်ပယ်တွင် ကိုယ်တိုင်ပြန်လည်ခြေချခဲ့သည့်အချိန်တွင်တော့ အတွင်းရေးမှူးမလေး၏ ပုဂ္ဂိုလ်ရေးရာ နှောက်ယှက် ဒုက္ခပေးမှုများကို လည်စင်းခံရယုံနှင့်မပြီးသေးပဲ သူမ၏ ချစ်သူကိုပါ အပိုင်သိမ်းရန်ကြိုးစားရင်း အသက်ကိုပါ ရန်ရှာသည့်အတွက် အန္တရာယ်မှလွတ်အောင်ကြိုးစားရင်း သစ္စာရှိသော ချစ်သူ၏ ကူညီမှုကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သည့် သဲထိတ်ရင်ဖိုနိုင်ငံခြားဇာတ်လမ်းလေးအား ပြန်ပြောင်းသတိရရင်း မြတ်သက်ထားတယောက် ကြိတ်၍ သက်ပျင်းချမိပါသည်။

ရင်ထဲမှလည်း ညီမလေးအရင်းကဲ့သို့ သံယောဇဉ်တွယ်ခဲ့ရသော ခရုအတွက် ကံကြမ္မာဆိုးများနှင့်မကြုံတွေ့မိစေရန် ဆုတောင်းမိသည်။
“ခရု” ဆိုသည့်သူမကို မြတ်သက်ထား တွေ့ရှိခဲ့စဉ်အခါက မိသားစုတခုလုံး၏ တာဝန်ကို အရွယ်နှင့်မလိုက်အောင် မနိုင်မနင်းထမ်းဆောင်ရင်း ဘဝကိုဖြတ်သန်းခဲ့ရသည့်သူမ...။
ရုပ်ရည်ချောမောပြေပြစ်ပြီး ထက်မြတ်လွန်းသည့်စိတ်ဓာတ်နှင့် အသိဥာဏ်ရင့်ကျက်သည့်..သူမ။
သွက်လက်ဖြတ်လတ်သည့် သူမ၏ ဘဝလေးကို မြေတောင် မြှောက်ပေးချင်သည်က တကြောင်း...။
သူမကို စတွေ့ကတည်းက ညီမလေးတယောက်လို သံယောဇဉ်ဖြစ်မိသည်က တကြောင်းကြောင့်..မြတ်သက်ထား၏ အလုပ်တွင် အလုပ်သွင်းပေးခဲ့သည်..။


လူ....ဆိုသည်မှာ မိမိတို့နေထိုင်ရာ အရပ်ဒေသ၊ မျိုးရိုးဇာတိ၊ အကျင့်စရိုက်တို့ကို လွယ်လွယ်နှင့် ပြောင်းလဲပြစ်နိုင်ခြင်းမရှိသည်ကို “ခရု”ဆိုသည့် မိန်းခလေးက သက်သေပြခဲ့လေပြီ။

အဆင့်အတန်းဆိုသည်မှာ မိမိသင်ကြားတတ်မြောက်ခဲ့သော အတန်းပညာ၊ ကျောင်းပညာနှင့်မဆိုင်ပါ..၊ လူတယောက်၏ ထားရှိသည့် စိတ်ဓာတ်အဆင့်အတန်းနှင့်သာ သက်ဆိုင်ပါသည်။

ထိုသို့သော ဖြစ်စဉ်များကို တချို့သော ဆင်းရဲနွမ်းပါးသည့်မိသားစုများတွင် အများဆုံးတွေ့ရှိနိုင်သည်။
ထိုမိသားစုများမှပေါက်ဖွားလာသော သား သမီးများသည် မိမိနေထိုင်ရာပတ်ဝန်းကျင်မှ အကျင့် စရိုက်များကို ပုံတူ ကူးယူလေ့ရှိပါသည်။
၎င်းတို့၏ မိဘများမှာလည်း မိသားစု စားဝတ်နေရေးအတွက်သာ အဓိကထား၍ ရုံးကန်နေရသည့်အခါမျိုးတွင် သားသမီးများအပေါ် ထိန်းကျောင်းမှု အားနည်းသည့်အခါ သားသမီးများမှာ ၎င်းတို့၏ ပတ်ဝန်းကျင်မှ အကျင့်စရိုက်များကိုသာ မြင်ဆရာအဖြစ် သတ်မှတ်အတုယူ၍ ကြီးပျင်းလာကြရသည်။
အရွယ်ရောက်လာသောအခါ မိမိတို့၏ လုပ်အားဖြင့် မိဘများအားပြန်လည်ထောက်ပန့်လာနိုင်သည့်အချိန်တွင် မိသားစုတွင်း သြဇာညောင်းသော သားသမီးအသွင်သို့ပြောင်းလဲလာပြီး မိမိကိုယ်ကို အထင်ကြီးလာကြသည်။
ထိုအခါ မလုပ်သင့် မလုပ်ထိုက်သော၊ အကျင့်ဆိုးများနှင့်ယှဉ်သည့် မှားယွင်းသည့် အပြုမူများကို ပြုမူမိကြသည်။

SECRETARY အင်္ဂလိပ်ရုပ်ရှင်ဇာတ်လမ်းထဲမှ မိန်းခလေးနှစ်ယောက်ကို ကြည့်ခြင်းအားဖြင့် မတူညီသော အသိုင်းအဝိုင်းတခုစီမှ လူနှစ်ယောက်ကို တူညီအောင်ညှိယူရာတွင် တယောက်၏ စိတ်ဓာတ်အဆင့်အတန်းက ၁ကျပ်ရှိသည်ဆိုပါစို့..။
ကျန်တယောက်မှာ ၁ကျပ်မရှိသည့်တိုင် ပြား၅၀တော့ရှိရပါမည်။ သို့မှသာလျှင်၁ကျပ်ပြည့်ရန် ပြား၅၀ကို နောက်ထပ် ပြား၅၀ ပေါင်းခြင်းဖြင့်သော်၎င်း(သို့မဟုတ်) ၁ကျပ်ကို ပြား၅၀နှုတ်ခြင်းဖြင့်သော်၎င်း လွယ်ကူစွာညှိနိုင်ပေလိမ့်မည်။

ထိုသို့မဟုတ်ပါပဲ...
၁ကျပ်ရှိသူနှင့် ၂၅ပြားရှိသူ(သို့မဟုတ်) ၁ကျပ်ရှိသူနှင့် တပြားမှမရှိသူ တန်းတူညီတူဖြစ်စေရန် ညှိဖို့ဆိုသည်ကတော့ လွယ်လိမ့်မည်မဟုတ်..။

လူတယောက်၏ စာရိတ္တနှင့်သက်ဆိုင်သော စိတ်ဓာတ်အဆင့်အတန်းဟူသည်မှာ ထိုသူ၏ မွေးဖွားရာဒေသ၊ ပေါက်ဖွားရာမျိုးရိုး၊ ရှင်သန်ရာဇာတိ၊ ဖြတ်သန်းရာပတ်ဝန်းကျင်တို့နှင့် များစွာသက်ဆိုင်ပါသည်။

ဇာတ်လမ်းထဲမှ ပြည့်ဝသည့် ကုမ္ပဏီပိုင်ရှင် အမျိုးသမီးသည် သူမ၏ အတွင်းရေးမှူးမလေးအား သူမ၏ ဘဝနှင့် တန်းတူဖြစ်စေရန် အဆင့်အတန်းမြင့်သောဘဝသို့စွဲတင်ခဲ့သော်ညားလည်း လွယ်ကူစွာမြင်နိုင်သော ရုပ်ပိုင်းဆိုင်ရာသာ ပြောင်းလဲလာပြီး မမြင်နိုင်သည့် စိတ်ပိုင်းဆိုင်ရာတွင်တော့ ကျေးဇူးရှင်၏ စီးပွားတခုလုံးကိုပါ အပိုင်ရရန် ကြံရွယ်ခဲ့သည်။
သူမ၏ ဘဝကိုမေ့ကာ “ဒေါင်းယောင်ဆောင်သော ကျီး” အဖြစ်သို့ ရောက်ရှိခဲ့သည့် ဇာတ်လမ်းလေးအားကြည့်ရှုရင်း....

လူတယောက်၏ အသွင်အပြင်ကိုပြောင်းလဲပြစ်နိုင်သော်လည်း စိတ်ဓာတ်ကို လွယ်ကူစွာ ပြောင်းလဲဖို့ရန်မှာ မလွယ်ကူလှပါ..။
ဆိုသည့် အတွေးများစွာ၏နောက်မှ နောင်တ တခုကို မြတ်သက်ထားတယောက် ကောင်းစွာသဘောပေါက်ရင်း ကုမ္ပဏီမှ အလုပ်ထွက်သွားသော “ခရု” ဆိုသည့် မိန်းခလေးအတွက် စိတ်မကောင်းကြီးစွာဖြစ်မိပါတော့သည်။

“ မြတ်စွာဘုရားဟာ ကိုယ်ကျင့်တရားနဲ့သတ်မှတ်ပြီး အဆင့်အတန်းကို ခွဲခြားတယ်..၊ လုပ်ဆောင်ချက်ကိုကြည့်ပြီး လူ့ရဲ့အဆင့်အတန်းကို ခွဲခြားတယ်..၊ လူဟာ အဆင့်နိမ့်တဲ့ သတ္တဝါကနေ တဖြည်းဖြည်း အဆင့်မြင့်လာတယ်” ..တဲ့ ။

“လူ” ဆိုတာ သတ္တဝါတွေထဲမှာ အဆင့်အမြင့်ဆုံးပါ..။
အသိတရားပြည့်ဝတဲ့ ထိပ်ဆုံးရောက်ရှိပြီးသား လူ အဆင့်ကနေ အဆင့်နိမ့်တဲ့ သတ္တဝါအဖြစ်သို့ မိမိတို့ မရောက်ရှိကြရလေအောင် ဘာသာ၊ သာသနာရဲ့ အဆုံးအမများ၊ တရားတော်များကို လွှမ်းခြုံရင်း မိမိတို့ရဲ့စိတ်ကို ပြည့်ဝအောင် မြှင့်တင်နိုင်ကြပါစေ။

30 comments:

ဝက်ဝံလေး said...

ဒေါင်းယောင်ဆောင်သော ကျီး ဆိုလို့ ပုံပြင်များ ပြောမလားလို့ ခုလိုကျတော့လဲ ဖတ်ပြီးတော့ တွေးသွားပါတယ် မမနတ်သမီးရေ... ဘိုင် ဘိုင်

PhyoPhyo said...

ဒေါင်းယောင်ဆောင်သောကျီး ၀တ္ထုတိုလေးဖတ်သွားပါတယ်
ကဗျာလည်း အရေးကောင်းတယ်
ဝတ္ထုတိုလည်း အရေးကောင်းတာပဲ
ပျော်ရွှင်ချမ်းမြေ့ပါစေ နတ်သမီးရေ

Han Kyi said...

လူတစ်ယောက်မှာ ကျန်တာတွေ ပြုပြင်လို့ရနိုင်ပေမယ့် အကျင့်ဗီဇကိုတော့ ပြုပြင်ပေးဖို့ မလွယ်ပါ...ငယ်ငယ်ကတည်းက အမှန်လို့ယူဆခဲ့တာတွေကို ကြီးလာမှ မလုပ်ဖြစ်အောင်တားဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ် အင်း တရားနဲ့သာဖြေပေတော့လို့ ပြောရမယ်ထင်ရဲ့

SHWE ZIN U said...

အင်း ညီမ ရေ

ဖတ်သွားတယ် အပြင်မှာ တွေ့ဘူးတယ် ကြောက်စရာကောင်းတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Sunny said...

တချို့ ကျတော့လည်း လူမှုရေးအသိစိတ် အမှန်တကယ်ကို နားမလည်တာ၊ တချို့ကကျတော့ နားလည်ရဲ့ နဲ့ ရူးချင်ယောင်ဆောင်ကြတာ..

ရွှေရတုမှတ်တမ်း said...

ခရုကို ထောင်ကဲလက်သာအပ်လိုက်..
ခရုခေါက်ဆွဲ ဖြစ်သွားစေရမယ်

တောက်ပကြယ်စင် said...

ဒေါင်းယောင်သောကျီးဆိုလို့ ငယ်ငယ်က မေဆွိသီချင်းကို သွားသတိရမိတယ်။ နတ်သမီးရေ ပိုက်ဆံတွေဘယ်လောက်ပဲရှိရှိ၊ ရုပ်ရည်တွေဘယ်လောက်ပဲချောချော ကိုယ်ကျင့်သိက္ခာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာမကောင်းတဲ့ လူတစ်ယောက်ဟာ အဆင့်နိမ့်ပါးသူ ဖြစ်သွားပြီပေါ့။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ နတ်သမီးရေ...

Angelhlaing(May everybody be happy and healthy! said...

အင်းနော်..တော်တော်ဆိုးဆိုးပဲ...
မမရေ...ဒေါင်းယောင်ဆောင်သောကျီး
ဖတ်သွားပါတယ်။ ကောင်းသောနေ့လေးဖြစ်ပါစေ။

အယ်ကို said...

မြသက်ထားရဲ့ဘဝအတွေ့အကြုံကို လာဖတ်တယ် .. အမ နတ်သမီး ..
လေးစားလျက်
....

မြတ်မွန် said...

လုပ်ဖော်ကိုင်ဖက်ခြင်း နောက်ကျောက ဓားတွေ အများသားပေါ့ မရယ်..ကြည့်ပေါင်းဖို့တော့လိုတယ်..။

မင်္ဂလာပါ .... said...

ပညာပေး ၀တ္ထုတိုလေး လာဖတ်ပါတယ် ...
စေတနာသည်လူတိုင်းနှင့်ထိုက်တန်ပါရဲ့လားဆိုတဲ့ မေးခွန်းတစ်ခုကို ခေါင်းထဲမှာ အကြိမ်ကြိမ်မေးခွန်းထုတ်မိရင်း ....
ညီမလေး နှင်းဟေမာ

ချော(အစိမ်းရောင်လွင်ပြင်) said...

လုပ်ငန်းခွင်မှာရော ပြင်ပ ပတ်ဝန်းကျင်မှာပါ အဲဒီလို မိန်းမမျိုးတွေ ရှိတတ်ပါတယ်.. တွေ့လဲတွေ့ဖူးတယ်.. သူတို့တော့ ကိုယ်ကျင့်တရားဆိုတာ ဘာမှန်းမသိတဲ့ သူမျိုးတွေကိုး.. ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ကြတယ်လေ။ နောက်ဆုံးတော့ မကောင်းတဲ့ရလဒ်တွေဘဲ ရသွားကြတာ များပါတယ်

ခနွဲ said...

ဒေါင်းယောင်ဆောင်သောကျီးလေး ဖတ်သွားပါတယ်ခင်ဗျ။

မိုးငွေ့...... said...

ဗီဇဆိုတာ သွေးထဲကပါလာတာ...ဘယ်တော့မှ ဖျောက်ဖျက်မရပါ.....။။

ခင်တဲ့
မိုးငွေ့

mosquito said...

သိပ်ကောင်းတဲ့ ပို့စ်လေး လာဖတ်သွားတယ်.. နတ်သမီးလေးရေ...

sosegado said...

လူတွေအကြောင်းဖတ်သွားပါတယ်
ခရုလိုလူတွေအမျညးကြီးပါ

ဧရာဝတီချစ်သူ said...

ကောင်းလိုက်တာ နတ်သမီးရေ သင်ခန်းစာပေါ့ လာရောက်ဖတ်သွားပါတယ်နော်

ဧရာဝတီချစ်သူ said...

ကောင်းလိုက်တာ နတ်သမီးရေ သင်ခန်းစာပေါ့ လာဖတ်သွားတယ်နော်

မိုးစက်အိမ် said...

ကျီးဘဲဖြစ်ဖြစ်ဒေါင်းဘဲဖြစ်ဖြစ်လူကကိုယ့်ကိုကိုအသိဆုံးဖြစ်
ကြမှာပါ . . . အမုန်တရားစကားမရှိ မနာလိုခြင်းကင်း
နိုင်ကြတာဘဲကောင်းပါတယ် လူတိုင်းဘယ်သူမှအပြည့်အ၀ မမှန်ကြပါဘူး အမှားကို
နည်းအောင်ကြိုးစားပိုင်ခွင့်ပဲရှိကြပါတယ် အားလုံးငြိမ်းချမ်း
ပျော်ရွှင်နေကြရင်အကောင်းဆုံးဘဲဗျို့  . . .

tun said...

ဘာလို့ အလုပ်ထွက်သွားတာလဲ
အလုပ်ထုတ်ခံရတာလား
နည်းနည်း မျက်စိလည်သွားတယ်

NayWaThan said...

လူတစ်ယောက်မှာ ကိုယ်ကျင့်တရားဟာ အက္ခရာပါ.... ကိုယ်ကျင့်တရားပျက်သုဉ်းရင် သံသရာတစ်လျှောက် မှောက်မှားလိမ့်မယ်...

ခင်မင်လျက်
နေ၀ဿန်

ဆွေလေးမွန် said...

ဆွေလေးကတော့ အလုပ်နဲ့ပတ်သတ်ရင် ကံဆိုးတယ်ပြောရမယ်။ အမြဲတမ်း ကိုယ့်ထက်ဆီနီယာ ကျတဲ့သူတွေက ပညာပြတာခံရတယ်။
ဥပမာ- စာတစ်ခါမှ မသင်ဘူးတဲ့သူကို ဘာသင်ရမှန်းမသိသေးတဲ့အချိန်မှာ စာသင်ကာနီး ၁ နာရီလောက်မှ ကပ်ပြီးဒီနေ့ ဒါကိုဝင်ကိုသင်ပေးမှ ဖြစ်မယ်ဆိုတာမျိုးပေါ့။

အစကတော့ အရမ်းကိုစိတ်ညစ်တာပေါ့။ ဒါပေမယ့် ကြာလာတော့ သူတို့ကို ကျေူးဇူးတင်လာတယ်. ကိုယ်က အဲဒီလိုဖြစ်မှာစိုးလို့ ကာထားဖို့ ကြိုးစားရင်း ကြိုးစားရင်း ကိုယ်က ပိုပိုပြီးတတ်လာတယ်လေ

ဆွေလေးမွန် said...

ဆွေလေးကတော့ အလုပ်နဲ့ပတ်သတ်ရင် ကံဆိုးတယ်ပြောရမယ်။ အမြဲတမ်း ကိုယ့်ထက်ဆီနီယာ ကျတဲ့သူတွေက ပညာပြတာခံရတယ်။
ဥပမာ- စာတစ်ခါမှ မသင်ဘူးတဲ့သူကို ဘာသင်ရမှန်းမသိသေးတဲ့အချိန်မှာ စာသင်ကာနီး ၁ နာရီလောက်မှ ကပ်ပြီးဒီနေ့ ဒါကိုဝင်ကိုသင်ပေးမှ ဖြစ်မယ်ဆိုတာမျိုးပေါ့။

အစကတော့ အရမ်းကိုစိတ်ညစ်တာပေါ့။ ဒါပေမယ့် ကြာလာတော့ သူတို့ကို ကျေူးဇူးတင်လာတယ်. ကိုယ်က အဲဒီလိုဖြစ်မှာစိုးလို့ ကာထားဖို့ ကြိုးစားရင်း ကြိုးစားရင်း ကိုယ်က ပိုပိုပြီးတတ်လာတယ်လေ

rose of sharon said...

အဲလိုကကောင်မလေးမျိုးတွေးဘူးတယ်သူငယ်ချင်းရေ...

pandora said...

အင်း.. ကိုယ်ကျင့်တရား...
သတိပေးစေတဲ့ ပို့စ်လေးအတွက် ကျေးဇူးပါ အဖြူရောင်နတ်သမီးရေ

မိုးယံ said...

ကိုယ်ကျင့်တရား ဟုတ်လား... ကိုယ်ကျင့်တာ ဆိုတော့ ကိုယ်နဲ့ပိုင်ဆိုင်တယ် မှတ်တာ ဘယ်ဟုတ်မလဲ.. သူကျင့်တဲ့ တရား(ဆိုး) ကြောင့် ကိုယ်မှာ ဖြေရှင်းလိုက်ရတာအမော..

စော(အဝါရောင်မြေ) said...

အမရယ် ကိုယ်ဘာသာ မပတ်သတ်အောင်နေတာတောင် ဘာကို မနာလိုမှန်း မသိ ၊ ကွယ်ရာမှာ အာမနာပ ပြောတာတွေ ခဏ၊ ခဏ ခံရတယ်။
ဒါပေမယ့် ကိုအနေနဲ့  လုတ်ပေးစရာကြုံရင်တော့ မေတ္တာထား လုပ်ပေးနိုင်အောင်ပဲ ကြိုးစားလိုက်တယ်။
ပစ္စည်းဝယ်ရင်လဲ တန်းဘိုးနည်းလို့  ၊ များလို့  ဆိုပြီး စိတ်ထဲ ထည့်မနေဘူး။ ပစ္စည်း မဝယ်ခင်ပဲ စဉ်းစားတယ်။
ခရုက သူဌေး ဒါမှမဟုပ် သူဌေးရဲ့  ပါတနာ တစ်ယောက်နှင့် ပြသနာဖြစ်တာမို့ လား?

ကိုဇော် said...

ရှေ့တင်တမျိုး ၊ နောက်ကွယ် တမျိုး ဆိုတဲ့ လူတွေပေါ့။ ဒီလူတွေက ကြောက်စရာ ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ့်ဖာသာ သူတို့ကို သတိထားပြီး ကိုယ့်အလုပ် ကိုယ် ဂရုစိုက် လုပ်သွားရင်တော့ သူတို့လည်း သူတို့ လမ်းကြောင်း အတိုင်း သူတို့ဖာသာ သွားပါလိမ့်မယ်။ နောက်ကွယ်က ဓါးက တကယ် ကြောက်စရာပါ။

noblemoe said...

အင်းးး ဒါမျိုးအတော်ကြောက်စရာကောင်းပါတယ်နော်။
နောက်ကြောဓါးထိုးခံရတာလောက်ကြောက်စရာကောင်းတာဘာမှမရှိပါဖူး။ လူယုံသက်တာပေါ့။
မိသားစုထဲမှာဒါမျိုးကြုံဖူးတယ် အလူးအလဲကို ခံခဲ့ရတာလေ။ အဓိကတော့စိတ်ဓါတ်နဲ့ပဲဆိုင်တာပါနော်။
တချို့ ကျချို့ တဲ့ပေမယ့် သဖက်သားဥစ္စာကိုမမက်မောတတ်ကြဖူး။ ဒါမျိုးလည်းဆုံဖူးပါတယ်။ တကယ်လေးစားစရာကောင်းပါတယ်။
သာယာချမ်းမြေ့ပါစေရှင်း
မိုး

blackroze said...

မနမ်း...
မရေ..လူဆိုတာအဲလိုတွေကြီးပါဘဲလေ...
မရေ..ခွင့်လွှတ်ခြင်းနဲ့ဘဲအနိုင်ယူလိုက်ပါနော်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger