Thursday, April 21, 2011

“အသွားမတော် တလှမ်း..အစားမတော် တလုပ်”


“နမ်းရေ... တနင်္လာနေ့ကျရင် Nicosia(နီကိုဆီးယား) မြို့မှာ ဈေးသွားဝယ်မလို့ လိုက်အုံးမလား...Discount တွေချတယ်ပြောတယ်”

“ဟင်.. Nicosia မြို့ထိတောင်သွားရမှာ ပင်ပမ်းမှာပေါ့..”

“ပင်ပမ်းပါဘူး နမ်းရဲ့.. ကိုယ်ဆိုရင် အလုပ်ပိတ်ရက်တိုင်း ကိုယ့်အမျိုးသားဆီကို အဲဒီလိုပဲ သွားလည်နေတာ နမ်းလည်းသိသားနဲ့.၊ ကားက ၂နာရီပဲစီးရတာ၊ ပြီးတော့ ကားက တနေ့ကို ၁၁နာရီခွဲ၊ ၂နာရီခွဲနဲ့ ၅နာရီဆိုပြီး ၃ကြိမ်ထွက်တယ်လေ”

တနင်္လာနေ့နှင့် အင်္ဂါနေ့ (၂)ရက်ခွင့်ရထားသော ကျမ၊ Shopping .. Discount ဟူသည့် အသံကြားလျှင် အလွန်စိတ်ဝင်စားတတ်သူမို့..
“အင်း.. သွားတာတော့ဟုတ်ပါပြီ နမ်းကတော့ ၁ရက်ထဲနဲ့ ရောက်ပြန် ခရီးမသွားတတ်ဘူး..၊ အရမ်းပင်ပမ်းမှာ၊ အဲဒီမြို့မှာရှိတဲ့သူငယ်ချင်းတွေကလည်း သူ့အလုပ်နဲ့သူဆိုတော့ အလုပ်မပေးချင်ဘူး”

“သြော်.. အဲဒီအတွက်တော့ မပူပါနဲ့ နမ်းရယ်၊ ကိုယ့်ရဲ့သူငယ်ချင်းတွေဆီမှာ အခန်းလွတ်တွေရှိပါတယ် အဲဒီမှာနေပေါ့၊ အဲဒီသူငယ်ချင်းကလည်း တခြားလူမဟုတ်ဘူး၊ နမ်းတို့ဆိုင်က စားဖိုမှူးရဲ့အမျိုးသမီးရဲ့အခန်းလေ၊ နမ်းကို သူသိပါတယ်”

အဲဒီလိုနဲ့ပဲ ဆိုင်မှ အလုပ်အတူလုပ်သော သူငယ်ချင်းတယောက်နှင့် တခြားမြို့တွင် ဈေးဝယ်လိုက်ဖို့ သဘောတူခဲ့သည်။
Nicosia(နီကိုဆီးယား)မြို့တော်သည် ဆိုက်ပရပ်စ်နိုင်ငံ၏ အကြီးဆုံးမြို့တော်ဖြစ်သည်။
မြို့ကြီးဖြစ်သဖြင့် လူမျိုးစုံသည်၊ ဒုစရိုက်စုံသည်၊ မိန်းခလေးများ မသွားသင့်သောနေရာ၊ လမ်းမပေါ်တွင် မိန်းခလေးတယောက်ထဲ မတ်တပ်မရပ်သင့်သောနေရာများလည်းရှိသည်။
ထိုနေရာမျိုးတွင် ရပ်မိပါက ဈေးမေးခံရပေလိမ့်မည်။
ကျမအတွက်ကတော့ ဆိုင်မှ သူငယ်ချင်းတရုတ်မလေးနှင့်အတူ သွားရမည်ဖြစ်သဖြင့် ထိုကိစ္စများကို ပူစရာမလို။

ကျမနေထိုင်သော ပါ့ပို့စ်(Paphos)မြို့မှ နေ့လည်း ၁၁နာရီခွဲကားနှင့် သူငယ်ချင်း၂ယောက် နီကိုဆီးယားမြို့သို့ သွားကြမည်၊ ဟိုရောက်လျှင် ဈေးဝယ်ထွက်ကြမည်၊ ပြီးလျှင် ကျမတည်းခိုရန် ဆိုင်မှ စားဖိုမှူး၏ အမျိုးသမီးရှိရာအခန်းသို့ သူငယ်ချင်းမှလိုက်ပို့ပေးလိမ့်မည်။
ကျမ၏ သူငယ်ချင်းကတော့ သူမ၏ အမျိုးသားနေထိုင်ရာ အိမ်တွင်ညအိပ်၍ နောက်နေ့မနက်တွင် ကျမကို လာခေါ်ပြီး ကျမတို့သူငယ်ချင်း၂ယောက် ပါ့ပို့စ်မြို့သို့ အတူတူပြန်လာကြမည်ဟု
တိုင်ပင်ခဲ့ကြပြီး ညအိပ်ခရီးအတွက် လိုအပ်သော အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းများကို Hand carry သေတ္တာလေးထဲတွင် ထည့်ရင်း ညကတည်းက အလုပ်ရှုပ်နေခဲ့သည်။

“တီ..တီ...တီ..တီ...တီ..တီ...”
တနင်္လာနေ့ နံက် ၉နာရီခွဲတွင် သံပတ်ပေးထားသော နှိုးစက်လေးမှ ကျမကို နှိုးလေပြီ
နံက်စာ ခေါက်ဆွဲပြုတ်တပွဲနှင့် ကော်ဖီတခွက်ပြင်ဆင်ပြီး ရေချိုးသည်။
“အား..”
နာလိုက်တဲ့ဗိုက်..၊ ညက ဆိုင်ကကျွေးသည့် ခေါက်ဆွဲကြော်ထဲကို ငရုတ်သီးရည်များထည့်ပြီး စားခဲ့သည့် တန်းခိုးကပြလေပြီ။

၁၀နာရီခွဲပြီ...
ရေချိုးခန်းသို့ ပြေးရသည်မှာ ၂ကြိမ်ရှိနေပြီ၊ ဗိုက်ထဲက ဝေဒနာကား မသက်သာသေး..၊ ဒီပုံစံအတိုင်း ၂နာရီကြာ ကားစီးရန် မည်သို့မှ မဖြစ်နိုင်..၊
ခရီးအတူသွားမည့် ဘေးခန်းမှ သူငယ်ချင်းအား တံခါးခေါက်၍ အကျိုးအကြောင်းရှင်းပြပြီး
“ သူငယ်ချင်းရေ.. ၁၁နာရီခွဲကားနဲ့ မင်းပဲအရင်သွားနှင့်တော့၊ နမ်းကတော့ ၂နာရီခွဲကားနဲ့မှ ဖြစ်တော့မယ်”
“OK နမ်း.. ကိုယ် ကားဂိတ်မှာ လာစောင့်နေမယ်”

နေ့လည် ၁နာရီခွဲ
Nicosia မြို့သို့ထွက်ခွာမည့် ကားဂိတ်သို့ရောက်ရန် ကျမနေထိုင်ရာ ကမ်းခြေဒေသမှ ၁၀မိနစ်ခန့် ဘတ်စ်ကားဖြင့်သွားရသည်။
ကျေးဇူးရှင် ဗိုက်ပြဿနာက စပြန်ပြီ...
ကျမကိုက ခေါင်းမာသည်၊ ကျမ ငယ်စဉ်အခါကတည်းက တနေရာရာသို့ သွားမည်ဟု လူကြီးများက ပြောပြီးလျှင် သွားကိုသွားရမှ ကျေနပ်သူ၊ အကြောင်းတခုခုကြောင့် ထိုခရီးကို မသွားဖြစ်လျှင်တောင် အိမ်မှ လမ်းထိပ်လောက်အထိတော့ ထွက်ပြရမှ ကျေနပ်သည့်သူ။
ယခုလည်း ဗိုက်ပြဿနာရှိနေသည်ကို ရအောင်ခရီးထွက်သူ...
ကားဂိတ်မှ Lady Room တွင် ဗိုက်ပြဿနာကို တခါရှင်းရသေးသည်။

နေ့လည်၂နာရီခွဲ

ကားထွက်ပြီ ၊ ဗိုက်ပြဿနာလည်း ရှင်းပြီ၊ ပုံမှန်အနေအထားသို့ ပြန်ရောက်ပြီ..။
ကားပေါ်တွင် အိပ်၍လိုက်လာခဲ့ပြီး နီကိုဆီးယားမြို့ရှိကားဂိတ်တွင် သူငယ်ချင်းလာအကြိုကို စောင့်ရင်း ကားလမ်းတဖက်မှ အအေးဆိုင်တွင် ရေသန့်ဘူးနှင့် ဖုန်းကဒ်ဝယ်အပြီးတွင်
ကားဂိတ်ရှိရာသို့လမ်းပြန်ကူးရန် ပျင်းသဖြင့် အအေးဆိုင်ဘေးမှ လမ်းထောင့်တနေရာတွင် ရပ်ရင်း သူငယ်ချင်းကို စောင့်နေလိုက်သည်။

ပါ့ပို့စ်မြို့မှ မထွက်ခင် ကတည်းက နီကိုဆီးယားမြို့ခံတယောက်ဖြစ်သော သူငယ်ချင်း ငြိမ်းကို ကျမ လာလည်မည့်အကြောင်း ဖုန်းဆက် အကြောင်းကြားထားသည့်အတွက် ငြိမ်းလည်း ကားဂိတ်တွင် လာကြိုလိမ့်မည်။
ငြိမ်းက သူမ၏ အခန်းထွင် အိပ်ရန်ခေါ်သော်လည်း စီစဉ်ပြီးသားဖြစ်နေသဖြင့် ဈေးဝယ်ထွက်ရန်သာ ချိန်းခဲ့ကြသည်။


၅မိနစ်ခန့်ကြာတော့ သူငယ်ချင်းနှင့် ငြိမ်းတို့ရောက်လာပြီး
“ အောင်မလေး.. နမ်းရယ် ဒီနေရာမှာ ဘာလို့ရပ်နေရတာလဲ.. ”
“အန်.. ဘာဖြစ်လို့လဲ ၊ နမ်း ရေဆာလို့ ရေသန့်ဘူးဝယ်ရင်း လမ်းပြန်မကူးချင်တာနဲ့ ဒီမှာပဲရပ်နေလိုက်တာ၊ ကားဂိတ်ကိုလည်း လှမ်းမြင်နေရတာပဲလေ”
“အဲဒါပြောတာပေါ့.. ဒီနေရာက ညငှက်တွေ ရပ်တဲ့နေရာ၊ ဟိုမှာကြည့်”
သူငယ်ချင်းညွှန်ပြသည့် ကျမ ရပ်နေသော နေရာမှာ Night Club တခုဖြစ်နေသည်ကို မျက်လုံးပြူးစွာတွေ့ရင်း..
“ဗုဒ္ဓေါ”
“ကဲ..ကဲ..လာ၊ နမ်း တည်းရမယ့် အခန်းမှာ ပစ္စည်းတွေအရင်သွားထားမယ်၊ ပြီးရင် Shopping ထွက်ကြရအောင်”

စားဖိုမှူး၏ ဇနီးအခန်းတွင် ပစ္စည်းများထားခဲ့ပြီး သူငယ်ချင်း၃ယောက် ဈေးဝယ်ထွက်ခဲ့ကြသည်။
ဆိုင်များမှာ ည၇နာရီခန့်တွင် ပိတ်သည့်အတွက် ဗိုက်ဆာနေသော်လည်း ဈေးဝယ်ချိန်နောက်ကျမည်စိုးသောကြောင့် အဆာခံပြီး တဆိုင်ဝင် တဆိုင်ထွက်ဖြင့် ဈေးဝယ်ခဲ့ကြပြီးမှ ည၇နာရီခွဲခန့်တွင် နီးရာ KFC ကြက်ကြော်ဆိုင်တွင် ကြက်ကြော်စားခဲ့ကြသည်။


ပြီးနောက် ကျမတည်းခိုရာ အခန်းသို့ လိုက်ပို့ခဲ့ကြပြီး သူငယ်ချင်းများပြန်သွားပြီ။
ကျမလည်း ရေချိုးပြီး အိပ်ခန်းတွင်းရှိ ပြတင်းပေါက်မှ နီကိုဆီးယားမြို့၏ ညရှုခင်းကို ဓာတ်ပုံရိုက်ယူသည်။ နှစ်ဆန်း(၂)ရက်နေ့ဖြစ်သဖြင့် လမင်းကြီးကလည်း ထိန်ထိန်သာ၊ ညရဲ့အရသာကို ပြတင်းပေါက်မှ ခံစားခဲ့ပြီး အိပ်ရာဝင်ခဲ့သည်။

ည(၉)နာရီ
အစာအိမ်နေရာ ရင်ခေါင်းတည့်တည့်မှ အောင့်လေပြီ။
ညနေက အစာလွန်ချိန်တွင် အလျှင်အမြန်စားလိုက်သော အစာများ အစာမချက်နိုင်။
ရှိထားသော အစာအိမ်ရောဂါမှာ အစာ မာမာများစား၍မရ၊ ညအိပ်အစာများ၊ ရက်ကျန် အစာများ စား၍မရ၊ အစာလွန်၍ မရ။
ဈေးဆိုင်များ ပိတ်မည်စိုးသဖြင့် အစာလွန်ခံကာ ဈေးဝယ်ပြီးမှ စားခဲ့သော အစာများကြောင့် အစာအိမ်မှာ ရောင်လာခဲ့လေပြီ။
အိမ်ရှင် စားဖိုမှူး၏ ဇနီးသည်မှာလည်း မနက်၆နာရီခွဲတွင် အလုပ်ဝင်ရမည်မို့ အိပ်ပျော်နေလေပြီ။
ကျမ ဘာလုပ်ရမည်နည်း...၊ ဗိုက်နာသက်သာစေရန် ပါလာသော ပရုပ်ဆီကို လိမ်း၍ ညတာကို ဖြတ်ကျော်ရပါတော့မည်။

ည(၁၀)နာရီခွဲ
ဗိုက်ထဲမှ မခံမရပ်နိုင်အောင် အောင့်လာသည်၊ ထိုမြို့မှ မြန်မာသူငယ်ချင်းများကို ခေါ်၍ အကူညီတောင်းမှ ရတော့မည့် အခြေအနေဖြစ်သဖြင့် သူငယ်ချင်း ငြိမ်း ကို ဖုန်းခေါ်လိုက်သည်။
“ငြိမ်းရေ.. အမ ဗိုက်က အရမ်းကို အောင့်နေပြီ၊ ဆေးခန်းကလည်း ဒီအချိန်ဆိုရင် ပိတ်နေပြီ၊ ဆေးရုံကိုပဲ သွားမှရတော့မယ်၊ ဘယ်လိုလုပ်ကြမလဲ”
ဟောတော့.. ခနနော် အမ၊ ငြိမ်း တခုခုစီစဉ်ပေးမယ်”
“အင်း”
မြန်မာသူငယ်ချင်းများကို အလုပ်မပေးချင်၍ တရုတ်လူမျိုးသူငယ်ချင်း၏ အိမ်တွင် တည်းခိုခဲ့သော ကျမ အခုတော့ မြန်မာသူငယ်ချင်းများကို အလုပ်ပေးရလေပြီ။
“အမရေ... မဖြူကို ဖုန်းဆက်ထားတယ်၊ သူဆေးရုံကို လိုက်ပို့လိမ့်မယ်၊ ငြိမ်းလည်း လိုက်လာခဲ့မယ်၊ ပြီးရင် ငြိမ်းရဲ့အခန်းမှာပဲ အိပ်လိုက်တော့၊ ဘာမှအားမငယ်နဲ့နော်”
ငြိမ်းနှင့် ဖုန်းပြောပြီး အခန်းထဲမှ ပစ္စည်းများကို Hand Carry ထဲသို့ ပြန်ထည့်သည်၊ အခန်းရှင် တရုတ်မလေးအားနှိုး၍ ဆေးရုံသွားရမည်ဖြစ်ကြောင်း၊ သူမ၏ အခန်းသို့ ပြန်မလာဖြစ်တော့ကြောင်း၊ ကျေးဇူးအလွန်တင်ကြောင်း ပြော၍ ငြိမ်းနှင့် မဖြူတို့ရှိရာ ကားဆီသို့ လှမ်းခဲ့လိုက်သည်။

General Hospital သို့ရောက်ပြီ
“ညီမ.. ညီမရဲ့ ပါ့စ်ပို့၊ အလုပ်သမားမှတ်ပုံတင် ပါလား၊ အဲဒါပြရမယ်”
“ဗုဒ္ဓေါ.. မပါဘူး မဖြူ..၊ အဲဒါတွေက ညီမရဲ့ဗီဇာသက်တမ်းကုန်သွားလို့ နောက်တနှစ်အတွက် ထပ်တို့ဖို့ အမ်မီဂရေးရှင်းရုံးကိုပို့ထားတယ်လေ”
“မိတ္တူရော...”
အဲ.. အခုမှ ပြဿနာ..၊ ဘယ်နေရာသွားသွား ကျမရဲ့ လွယ်အိတ်ထဲမှာ စာရွက်စာတမ်းအားလုံးရဲ့ မိတ္တူတစုံကို အမြဲဆောင်ထားနေကျ၊ ဒီနေ့မှ ပဲအများလွန်ပြီး လွယ်အိတ်ပြောင်းလွယ်လာမိသည့်အတွက် စာရွက်စာတမ်းတွေ အိတ်အဟောင်းထဲမှာ ကျန်ခဲ့တာကို သတိရမိတော့သည်။

“ဟို... မပါဘူး မဖြူ..၊ လွယ်အိတ်ပြောင်းလွယ်လာမိလို့ အိတ်အဟောင်းထဲမှာ ကျန်ခဲ့ပြီ”

“အဲဒါဆိုရင်တော့ ပြဿနာရှိနိုင်တယ် ညီမရယ်၊ ဒီနိုင်ငံမှာက အမတို့လို့ အလုပ်လာလုပ်တဲ့သူမှန်သမျှ ဘယ်သွားသွား အလုပ်သမားမှတ်ပုံတင်နဲ့ ပါ့စ်ပို့ ကိုဆောင်ထားရတာ”

“အင်းလေ...ပြောကြည့်ကြတာပေါ့”

ဆေးရုံကောင်တာထဲသို့ လှမ်းဝင်လိုက်ကြပြီး ကောင်တာမှာ မိမိ၏အမည် စာရင်းသွင်းရန် အမျိုးသမီးကြီးအား
“ကျမ ဗိုက်အရမ်းအောင့်နေလို့”

“ပါ့စ်ပို့ ပါလား”

“မပါဘူး”

“အလုပ်သမားကဒ်ရော..”

“မပါဘူး.. ”

“နံပါတ်ရော မှတ်မိလား”

“မမှတ်မိဘူး”

“ဒါဆိုရင်တော့ မင်းရဲ့ဝေဒနာကို ဆေးရုံက စမ်းသပ်ပေးမှာမဟုတ်ဘူး”

အဲဒါမှ ပြဿနာ. ဗိုက်ကလည်း အရမ်းကို အောင့်နေပြီ၊
တတ်နိုင်ဘူး..သူဌေးကို ဖုန်းဆက်မှဖြစ်တော့မှာမို့ ဖုန်းခေါ်လိုက်သည်။

“ဟဲလို...သူဌေး..ကျမပါ အချိန်မတော်ကြီး နှောက်ယှက်မိတဲ့အတွက်ခွင့်လွှတ်ပါ..၊ ကျမ အခု နီကိုဆီးယားမြို့ဆေးရုံက အရေးပေါ်ဌါနမှာရောက်နေပါတယ်၊ ကျမရဲ့ဗိုက်အရမ်းနာနေလို့ လာပြတာပါ၊ ကျမရဲ့ ပါ့စ်ပို့နဲ့အလုပ်သမားမှတ်ပုံတင်ကို ဗီဇာသက်တမ်းတိုးဖို့ ရုံးကိုပို့ထားရတဲ့အတွက် ဆေးရုံက လက်မခံဘူးဖြစ်နေပါတယ်၊ မိတ္တူလည်း ပါမလာဘူး၊ ကျမကို ကူပြောပေးဖို့ မေတ္တာရပ်ခံပါတယ်”

“OK အဲဒီဝန်ထမ်းကို မင်းရဲ့ဖုန်းပေးလိုက်ပါ”

“ကျနော်က အခုဖုန်းပိုင်ရှင် မိန်းခလေးရဲ့ အလုပ်ရှင်ပါ..၊ @*^#$%^@))(&$#@_....”

“ဟုတ်ကဲ့..ဆေးရုံရဲ့ ဥပဒေအရ &(@%$^><:......မရပါဘူး...:>?(#@%$...မရပါဘူး”

အခြေအနေကတော့ သိပ်မကောင်း...၊ ဝန်ထမ်းအမျိုးသမီးမှ ကျမအားဖုန်းပြန်ပေးသည်၊ သူဌေးအား အကျိုးအကြောင်းမေးသော်...သူဌေးက

“ခနစောင့်...ငါ မန်နေဂျာကို မင်းရဲ့ အလုပ်သမားမှတ်ပုံတင်နံပါတ် ရုံးခန်းထဲမှာ ရှာခိုင်းပေးမယ်၊ သူ့ကိုဖုန်းပြန်ဆက်ခိုင်းလိုက်မယ်”

“ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ် သူဌေး”

တဖက်မှဖုန်းချသွားပြီး ၁နာရီခန့် ကြာသော် ကျမ၏ အလုပ်သမားမှတ်ပုံတင်နံပါတ်အား မန်နေဂျာမှဖုန်းဆက်၍ပေးတော့မှ ကျမအား အစမ်းသပ်ခံရန် ဆေးရုံမှလက်ခံခဲ့သည်.။
ထိုသို့လက်ခံပြီးသော်လည်း နာရီဝက်ခန့် ထပ်စောင့်ခဲ့ရပြီး အရေးပေါ်ခန်းတွင်းသို့ မသွင်းခင် ပြင်ပ လူနာဆောင်တွင် စစ်ဆေးခံပြီး နာရီဝက်ခန့်ထပ်စောင့်ပြီးမှ အရေးပေါ်ခန်းတွင်းသို့ ဝင်ခဲ့ရသည်။
အရေးပေါ်ခန်းတွင်လည်း ကုတင်ပေါ်တွင် မိနစ်၂၀ခန့် ဆရာဝန်အလာကို စောင့်ရင်း “အရေးပေါ်” ဆိုသည့် စကားလုံး၏ အဓိပ္ပါယ်ကို သူတို့မသိလေရောသလားဟု စဉ်းစားမိပါသည်။
တချို့ တချို့သော နေရာများတွင် ဤဆေးရုံမှ ဝန်ထမ်းကဲ့သို့ စာအုပ်ကြီးအတိုင်း လုပ်၍ အချိန်လင့်ဟင်းကာ မဖြစ်သင့်သော ပြဿနာများစွာဖြစ်ကြရသည်။
အရေးပေါ်ဌါနကိုရောက်လာသည့် လူနာတယောက်၊ စာရွက်စာတမ်းများမပြနိုင်၍ ထိုလူနာကိုစမ်းသပ်ရန် ဆေးရုံမှငြင်းပယ်သည် ဆိုသည်ကတော့ လူသားမဆန်ရာကျလွန်းသည်ဟု ကျမထင်မိပါသည်။

ကျမ၏ ဝေဒနာမှာ အစာအိမ်ရောင်၍ နာသည်ကို ရိတ်စားမိသည့်အတွက် ခွဲစိတ်ရလောက်သည့် အခြေအနေမဟုတ်။
တကယ်လို့များ အူအတက်မှ အောင့်ခဲ့သည် ဆိုပါလျှင် ဒေါ်နမ်းမဝတို့ တခြားမြို့မှာ ဂန့်နေလောက်ပြီပေါ့။
ဆရာဝန်ရောက်လာပြီး စစ်ဆေးသည်၊ ဆေးတလုံးထိုးပေးသည်၊ သောက်ဆေး(၃)ရက်စာ (၁၂)နာရီခြားသောက်ရန်ပေးပြီးသည်။

ည၁၀နာရီခွဲကတည်းက ဆေးရုံကို ရောက်ခဲ့ပေမယ့် မနက်၁နာရီခန့်မှ သူငယ်ချင်း ငြိမ်း၏ အိမ်သို့ပြန်ရောက်ခဲ့သည်။
မဖြူလည်း သူမ၏ အိမ်သို့ပြန်သွားလေပြီ။
သူငယ်ချင်းငြိမ်းမှ လိုအပ်သည်များကိုစီစဉ်ပေးပြီး သူမ၏ အခန်းတွင် ကျမကို အိပ်စေသည်၊ သူမကတော့ တခြားအခန်းတွင် အိပ်ခဲ့သည်။
အစာအိမ်နာဝေဒနာမှာလည်း ၁နာရီခန့်အကြာတွင် တဖြည်းဖြည်းနှင့်လျှော့ကျသွားခဲ့လေပြီ။
သူငယ်ချင်း မဖြူမှလည်း ည မအိပ်ပဲ ကျမအားဖုန်းဆက်၍ အခြေအနေကို မေးရင်း ဂရုစိုက်သည်။
မဖြူအား ကျမသက်သာကြောင်းပြောပြီး ကျမအိပ်ပျော်သွားခဲ့ပါသည်။

ဗိုက်မှ အရင်ကထက်ပို၍ နာကျင်သည့်ဝေဒနာကြောင့်မနက်(၅)နာရီခန့်တွင် ကျမ လန့်နိုးခဲ့ပြန်ပါသည်။
ဒီတခါ ဆေးရုံသို့ထပ်သွားရန်မှာလည်း မဖြစ်နိုင်...၊ ထို့ကြောင့် ဆေးရုံမှပေးလိုက်သော ဆေးကို သောက်လိုက်ပြီး နာရီဝက်ခန့်မကြာတွင် ဗိုက်နာသည့်အရှိန်မှာ တဖြည်းဖြည်းလျှော့ကျသွားပြီး ကျမအိပ်ပျော်သွားခဲ့ပါတော့သည်။

နောက်တနေ့ မနက်တွင် သူငယ်ချင်း ငြိမ်း စီစဉ်ပေးထားသော ဆန်ပြုတ်ကိုစားပြီး ကျမနေထိုင်ရာ ပါ့ပို့စ်မြို့လေးသို့ ပြန်ရန် ကားဂိတ်ရှိရာသို့ သူငယ်ချင်း မမော်မှ လိုက်ပို့ပေးခဲ့ပြီး ကားထွက်သည်အထိ စောင့်ပေးခဲ့သည်။
ပါ့ပို့စ်မှ အတူပါလာသော သူငယ်ချင်းနှင့်အတူ ပါ့ပို့စ်မြို့သို့ပြန်လာရာ ကားပေါ်တွင် မဖြူ၊ ငြိမ်းနှင့် မမော်တို့မှ ခရီးတလျှောက်လုံး ဖုန်းဆက်၍ အဖော်လုပ်ပေးခဲ့သည်။
“မိတ်ဆွေစစ်” ဆိုတာ မိမိ“သာ”သော အချိန်မှာ ရှာဖွေရန် အလွန်ခဲယဉ်းလှပါသည်၊ ကျမကဲ့သို့ယခုလို အရေးနှင့်ကြုံတွေ့ရသည့်အချိန်မှသာ မိတ်ဆွေစစ်ကိုရှာတွေ့နိုင်သည်။

တနင်္လာနေ့ညက နာခဲ့သော အစာအိမ်ဝေဒနာမှာ ယခုအချိန်ထိ နာနေဆဲ...၊ ဆန်ပြုတ်အဖြူထည်နှင့် နှစ်ပါးသွားနေဆဲပင်။

နီကိုဆီးယားမြို့မှ ကျမအား ညီမရင်းသဖွယ် နွေးထွေးစွာ ကူညီခဲ့ကြသော မဖြူဖြူသော်၊ ငြိမ်းငြိမ်းကလျာ၊ မမော်၊ ကျမအား စိတ်ရှည်လက်ရှည်စောင့်ပေးခဲ့သော ကားဆရာFrankနှင့် ကျမအားတည်းခိုခွင့်ပေးခဲ့သော စားဖိုမှုး၏ ဇနီးတို့အား ကျေးဇူးအထူးတင်ကြောင်းပြောကြားချင်၍ ဤပို့စ်လေးကို ရေးသားရင်း ကျမအနားယူရပါအုံးမည်။

သြော်... “အသွားမတော် တလှမ်း.. အစားမတော် တလုပ်”..ဆိုတာ ဒါမျိုးကိုခေါ်တာကိုး....

14 comments:

ကိုဇော် said...

ဂရုစိုက် . . . ဂရုစိုက်. . .

thadarhline said...

သေချာနားလိုက်ပါနမ်းရေ.. ဆေးတွေဘာတွေသေချာ
သောက်နော်.. ကျန်းမာရေးကိုဂရုစိုက်ပါ..။
နီးနီးလေးမှာ မရှိပေမယ့် ရှိနေမယ်ဆိုတာသတိရပါ..။
တခုခုဆိုလှမ်းပြီးပြောနော်နမ်း..
ချစ်တဲ့
သဒ္ဓါ

SHWE ZIN U said...

အင်း ညီမ ရေ

တော်သေးတယ်နော် ကံကောင်းလို့
အဲဒီနိုင်ငံမှာလည်း အဲလိုဘဲ မကုပေးဘဲထားလား နေကောင်းအောင်နေညီမရေ ဂရုစိုက်ပါ

မင်္ဂလာနှစ်သစ်ပါ
ခင်မင်စွာဖြင့်
ရွှေစင်ဦး

ရွှေရတုမှတ်တမ်း said...

ငါ့တူမရေ...ဘကျောက်လဲ အဲလိုဖြစ်တတ်လို့ ဗမာဆေး၊ မဟာဖြေဆေး ဆိုတဲ့ ရှမ်းဆေး၊ အမေရိကန်ဆေး..အကုန်ဆောင်ထားရတယ်၊ အစားနဲနဲများရင် မဟာဖြေဆေးဆိုတာ သောက်လိုက်မှ..အသောက်ရင် တညလုံးမအိပ်နိုင်အောင် ဗိုက်နာနေတာ..၊

ခနွဲ said...

ကျန်းမာရေးကို ဂရုစိုက်ပါလေ။ အဝေးတစ်နယ်မှာ ရောက်နေသူ အချင်းချင်းဆိုတော့ စာနာပါတယ်။

Angelhlaing(May everybody be happy and healthy! said...

မမရေ....နေမြန်မြန်ကောင်းပါစေနော်...
အဆင်ပြေချောမွေ့တဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင် နိုင်ပါစေ မမ။

chitkwi said...

ဟိဟိ... မီးက ပါသေးတယ်..

နေ၀ဿန် said...

ဟုတ်တယ်နော်.. ဖြစ်ချင်ရင် ဖြစ်နေတာ.. ဒါခန္ဓာတဲ့...

rose of sharon said...

သူငယ်ချင်းလေး...ခုရော ဘယ်လိုနေသေးလဲ... Take care ............

ကိုကိုမောင်(ပန်းရနံ့) said...

တော်တော်ဆိုးတဲ့ လူတွေဘဲ။ နတ်သမီးလေး ဒီလောက် ဖြစ်နေတာတောင် အချိန်အကြာကြီး ပစ်ထားရက်တယ်။ သူတို့တာဝန်ကို သူတို့ မေ့နေကြပုံရပါတယ်။ ဒီ အနောက်နိုင်ငံတွေမှာ စိတ်စရာတွေထဲ အဲဒါတစ်ခု အပါအ၀င်ဘဲ။ လိုရင်းကို မရောက်တော့ဘူး။ ပျင်းစရာကောင်းတယ်။ ဆေးရုံဘဲ ဥစ္စာ၊ အင်မီဂရေးရှင်းမှ မဟုတ်တာ။ တကယ်ဘဲ။

အခုကော နတ်သမီးလေး သက်သာသွားပြီလား။ ကျန်းမာရွှင်လန်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မိုးငွေ့...... said...

အစားမတော်တလုတ်ဆိုလို့ တို့လဲ ဟိုနေ့က အိမ်မှာ သက်သတ်လွတ်ဟင်းချက်စားတယ်တဲ့ နို့ခဲကြော်နဲ့ မှိုပေါင်း အားရပါးရကိုရောပြီးနယ်စားတာ ထမင်းကုန်ခါနီးမှ မှိုနဲ့နို့မတည့်တာသတိရတယ်...ဟားး ငါတော့သွားပြီပေါ့...ဒါနဲ့မတတ်နိုင်ဘူး ဖြစ်ချင်လဲဖြစ်တော့ဆိုပြီး ရေတွေအများကြီးသောက်လိုက်တာ...ခဏနားပြီး နေ့ခင်းတရေးမောအိပ်လိုက်တာ...ပြန်နိုးလာတော့ ဘာမှမဖြစ်ဘူး ကံကောင်းလို့.....အဲလို အဲလို...။

မြစ်ကျိုးအင်း said...

အစားအသောက်တွေ ဂရုစိုက်လေ။
အခုရော သက်သာသွားပြီလားအစ်မ။

အဖြူရောင်နတ်သမီး said...

သတင်းမေးလာကြတဲ့ သူငယ်ချင်းများအားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်။
နတ်သမီးရဲ့ အစာအိမ်ရောဂါက လွန်ခဲ့တဲ့(၁၀)နှစ်ကတည်းက အစာအိမ်ရဲ့ အဆက်နေရာ(Joyner)မှာ ဒဏ်ရာဖြစ်နေတဲ့အတွက် ဖြတ်တောက်ပြစ်ဖို့ မရတဲ့နေရာမို့တသက်လုံး အစားအသောက်ဆင်ချင်ရမယ်လို့ ဆရာဝန်ကပြောပါတယ်။
မာသောအစာများ၊ အေးလွန်းသောအစာများ၊ပူလွန်းသောအစာများ၊ စပ်လွန်းသောအစာများနှင့်မတည့်။
အစာလွန်၍မရ၊ အစာလွန်ပါက အူနံရံမှ အက်ဆစ်ရည်များထုတ်လွှတ်သည့်အတွက် ဗိုက်နာလာတတ်ပါတယ်၊ အဲဒီလိုနာလာရင် ၁ပတ်လောက်အထိနာပါတယ်။
အခန့်မသင့်လို့ ထမင်းနည်းနည်းမာသွားရင် ဗိုက်က အောင့်လာတဲ့အတွက် အရမ်းဂရုစိုက်ရပါတယ်။
ဒီတခါ အရေးပေါ်ရောက်ရခြင်းရဲ့အဓိကပြဿနာကတော့ အဆာလွန်ထားခြင်း၊ ညကတည်းက ဝမ်းပျက်ထားခြင်းကြောင့် အူနုနေခြင်း၊ KFC ကြက်ကြော်မှ အကြွပ်ကြော်ထားသော ဂျုံမှုန့်မာမာများကို အလျှင်အမြန်စားမိ၍ အစာမချက်နိုင်ခြင်းနှင့် ရက်လွန်အစာများ(သို့)အစာများထဲတွင် မသန့်ရှင်းမှု တစုံတရာပါရှိနေခြင်းတို့ကြောင့် ဖြစ်ပါတယ်။
အခုချိန်ထိ ဆေးသောက်နေရဆဲပါပဲ..။
အစာကတော့ ဆန်ပြုတ်(သို့) ထမင်းပျော့ပျော့နဲ့ အသားပြုတ်ကိုစားနေပါတယ်။
ဗိုက်နာလည်း သက်သာလာပါပြီ၊ နောက်တပတ်လောက်နေရင် ပုံမှန်အနေအထားကို ပြန်ရောက်တော့မယ် ဆိုတဲ့အကြောင်း သူငယ်ချင်းတို့ကို သတင်းကောင်းပါးလိုက်ပါတယ်ရှင့်..။
အားလုံးကို ကျေးကျေး....ဇူးးးးးးးးး..အထူးးးးးးးး

XXXXXXXXXXXXXXXXXXXXXX

စော(အဝါရောင်မြေ) said...

ကျတော်လည်း ဖြစ်တတ်တယ်။ ကိုယ်က မိဘဆွေမျိုးတွေ နှင့် ဝေးနေတာပေမဲ့ ကူညီမဲ့သူတွေ ရှိလို တော်သေးတာပေါ့။
နောက်ကျမှ မေးသွားတာ ခွင့်လွတ်ပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger