Sunday, June 19, 2011

ကျမမှာ အဖေမရှိတော့လို့ပါ...



ဒီနေ့ “အဖေနေ့” တဲ့..
ကျမရဲ့သူငယ်ချင်းတွေ သူတို့ရဲ့မိဘတွေဆီကို ဖုန်းတွေဆက်ကြတယ်..၊ အင်တာနက်ကနေ Video call ကို အသုံးပြုရင်း သူတို့အဖေရဲ့မျက်နှာကို ကြည့်ပြီး အလွမ်းသယ်ကြတယ်..။
ကျမကတော့ ကွယ်လွန်သွားကြပြီဖြစ်တဲ့ မိဘနှစ်ပါးရဲ့ဓာတ်ပုံလေးကိုပဲ ထုတ်ကြည့်ရင်း ဒီစာကို တမလွန်က ဖေဖေ့ဆီ ပို့ဖြစ်ခဲ့ပါတယ်။


ဒီနေ့ “အဖေများနေ့”တဲ့ ဖေဖေ...
ခါတိုင်းနေ့တွေထက် ဒီနေ့မှာ ဖေဖေ့ကို သမီးအရမ်းသတိရနေတယ်..
သူငယ်ချင်းတွေကတော့ သူတို့ရဲ့ဖေဖေဆီကို ဖုန်းတွေဆက်နေကြလေရဲ့..
သမီးကတော့ ဖေဖေနဲ့မေမေတို့ရဲ့ ကျန်ရှိခဲ့တဲ့ ဓာတ်ပုံဟောင်းလေးတွေကို ပြန်ကြည့်ရင်း ဖေဖေသက်ရှိထင်ရှားရှိစဉ်အခါက သမီးတို့ရဲ့မိသားစုလေးအကြောင်း
ကို ပြန်သတိရမိပါတယ်..။

ဖေဖေနဲ့မေမေ အိမ်ထောင်ပြုခဲ့တဲ့အချိန်ဟာ နောက်ကျခဲ့တဲ့အတွက် သမီး လူ့လောကထဲကို ရောက်လာခဲ့ပေမယ့် ဖေဖေနဲ့သမီး အချိန်ကာလကြာရှည်စွာ အတူမနေခဲ့ကြရဘူးနော်...
ဘယ်လိုပဲဖြစ်ဖြစ် ဖေဖေနဲ့သမီး အတူရှိခဲ့စဉ်အချိန်ကာလတွေမှာ ဖေဖေရဲ့မေတ္တာတွေကို သမီးအပြည့်အဝရခဲ့တဲ့အတွက် သမီးကျေနပ်ပါတယ်..

ဖေဖေမှတ်မိအုံးမလားပဲ..
မီးရထား(တိုင်း)ပို့ဆောင်ရေးရုံးအုပ်ကြီးဖြစ်တဲ့ဖေဖေ့အတွက် အစိုးရကပေးတဲ့“ မီးရထားကွာတာ” လို့ခေါ်တဲ့ ရန်ကုန်ဘူတာကြီးအနီးက ရပ်ကွက်လေးတခုက ဝန်ထမ်းအိမ်ရာမှာ သမီးတို့မိသားစု နေခဲ့ကြတယ်နော်..

ဝါးထရံ ပတ်ပတ်လည်ခြံခတ်ထားတဲ့ ပျဉ်ထောင်အိမ်သေးသေးလေးထဲက သမီးတို့မိသားစု(၃)ယောက် အတူရှိခဲ့စဉ်အချိန်ကာလတွေကို အခုချိန်ထိ သမီးမှတ်မိနေပါသေးတယ်..

မေမေက အိမ်မှုကိစ္စ အဝဝကိုထိမ်းသိမ်းနိုင်တဲ့ စံပြအိမ်ထောင်ရှင်မကြီးဖြစ်ပြီး ဖေဖေကတော့ သမီးတို့ရဲ့စားဝတ်နေရေးကို တာဝန်ယူခဲ့တယ်၊ ပြီးတော့ မေမေနဲ့သမီးကို အိမ်ထောင်ဦးစီးပြီး နွေးထွေးလုံခြုံတဲ့မေတ္တာတွေနဲ့ လွှမ်းခြုံပေးခဲ့တယ်၊ သမီးကတော့ အဲဒီမိသားစုလေးရဲ့ ဆည်းလည်းသံလေးဖြစ်ပြီး ဖေဖေ့ရဲ့အလိုလိုက်မှုသံလျက်ကို ကိုင်ခဲ့တဲ့ အိမ်ရှေ့စံမင်းသမီး ပေါက်စနလေးဖြစ်ခဲ့ရတာပေါ့.....း)

ငယ်ငယ်ကတည်းက ချူခြာလွန်းတဲ့ သမီးကို ဖေဖေက ရွှေခြူသေးသေးလေးတလုံးကို လည်ပင်းမှာဆွဲပေးရင်း “ဒီခြူလေးဆွဲပေးတဲ့နေ့ကစပြီး ဖေဖေ့ရဲ့သမီးလေး ကျန်းမာပါစေ... ခြူလေးကဲ့သို့ ကြည်လင်တဲ့အသံလေးကိုပိုင်ဆိုင်ပါစေ”လို့ ဆုတောင်းပေးခဲ့တာကိုလည်း မေမေပြောပြလို့ သမီးသိခဲ့ရပါတယ်။

အဲဒီလို ဖေဖေ့ရဲ့မြှောက်ပင့်အားပေးမှုတွေကြောင့် ပညာရည်ခွန်ဆုတွေ၊ အနုပညာပိုင်းမှာလည်း ထူးချွန်ဆုတွေကို နှစ်တိုင်း သမီးရရှိခဲ့တဲ့အခါတိုင်း စင်မြင့်ပေါ်မှာ ဆုယူနေတဲ့သမီးကို ဖေဖေပြုံးပြီး ကြည့်နေခဲ့တယ်နော်....။
အဲဒါနဲ့ပတ်သက်ပြီး အမှတ်ရစရာတခုရှိသေးတယ်..
သမီးရဲ့ (၈)နှစ်မြောက်မွေးနေ့မှာ ဖေဖေအလုပ်မသွားခဲ့ဘူး၊ သမီးကို ကျောင်းမှာ လာကြိုခဲ့တယ်၊ ပြီးတော့ သားအဖနှစ်ယောက် အိမ်ကိုအတူတူပြန်လာခဲ့ကြတယ်၊ အိမ်ဝရောက်လို့ ခြံစည်းရိုးတံခါးကိုဖွင့်ပြီး ဖေဖေက သမီးကို ခြံထဲကို အရင်ဝင်စေခဲ့တယ်..၊ ခြံထဲမှာတွေ့လိုက်ရတဲ့မြင်ကွင်းဟာ သမီးဘဝအတွက် ဘယ်တော့မှ မေ့ပျောက်လို့ မရနိုင်ခဲ့ပါဘူး...
စာရွက်ပေါ်မှာ သမီးရေးခြစ်ထားတဲ့ သမီးရဲ့လက်ရာ ပန်းချီပုံလေးတွေကို အိမ်ပတ်ပတ်လည်မှာ ခတ်ထားတဲ့ ခြံစည်းရိုးဝါးထရံပေါ်မှာ အစီအရီချိတ်ဆွဲထားပြီး ပန်းချီပြခန်းအဖြစ်ဖန်တီးပေးထားခဲ့တာပါပဲ..။
အဲဒီတုန်းက ပန်းချီဆွဲတယ်ဆိုပေမယ့် ရောင်စုံခဲတံတွေနဲ့ ဟိုခြစ် ဒီခြစ် ခြစ်ထားတဲ့ ခလေးအတွေးပန်းချီလေးတွေပါ၊ ခလေးဆိုတော့လည်း ပုံဆွဲပြီးတဲ့စာရွက်တွေကို သိမ်းရကောင်းမှန်းမသိခဲ့ဘူးပေါ့၊ အဲဒီလို သမီးလွှင့်ပစ်ထားတဲ့ ပန်းချီစာရွက်လေးတွေကို ဖေဖေက တရွက်စီ လိုက်ကောက်သိမ်းထားပြီး သမီးရဲ့မွေးနေ့မှာ ပန်းချီပြခန်းလေးအဖြစ်ဖန်တီးပေးခဲ့တယ်။
အဲဒီတုန်းက ဖေဖေပြောခဲ့တဲ့စကားလေး ဒီနေ့ထိ သမီးသိမ်းထားဆဲပါ...“သမီး.. အနုပညာဆိုတာ တန်ဖိုးထားတတ်ရတယ်”တဲ့
“ကိုယ်က ဝါသနာပါလို့ပဲဖြစ်ဖြစ် အပြင်းပြေပဲဖြစ်ဖြစ် ပုံဖော်ပြီးပြီဆိုရင် တန်ဖိုးထားပါ”..တဲ့
“ကိုယ်က လွှင့်ပစ်လိုက်ပေမယ့် ဖေဖေ့လို ကောက်ယူသိမ်းဆည်းထားတတ်တဲ့ သူတွေရှိကောင်းရှိနေမှာ”တဲ့..
အဲဒီနေ့ကစပြီး ဖေဖေ့ရဲ့ ဆုံးမမှုကြောင့် သမီးရေးခြစ်ခဲ့တဲ့ ပန်းချီပုံလေးတွေကို တန်ဖိုးထားတတ်လာခဲ့တယ်..


အခု ဘောလုံးပွဲရာသီရောက်နေပြီတဲ့ဖေဖေရေ...
ထုံးစံအတိုင်း မြန်မာရှုံးပြန်ပြီတဲ့လေ...
အရင်က မီးရထား လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင်ဖြစ်ခဲ့ဖူးတဲ့ဖေဖေသာရှိရင် သမီးနဲ့ဖေဖေ ဘောလုံးပွဲအကြောင်း ပြောဖြစ်ကြအုံးမယ်ထင်တယ်နော်..
ဖေဖေမှတ်မိဦးမလားပဲ.....
ရန်ကုန်မြို့လယ်က အောင်ဆန်းကွင်း အားကစားရုံမှာ ဖေဖေ ဘောလုံးပွဲသွားကြည့်တိုင်း သမီးပါခဲ့တယ်နော်၊ ဖေဖေက ဘောလုံးပွဲကို အားပေး၊ သမီးက ဖေဖေ့ဘေးမှာထိုင်၊ ရှေ့ကဖြတ်သမျှ မုန့်သည်တွေကိုလက်ညှိုးထိုး၊ ဖေဖေ့အိပ်ထဲက ပိုက်ဆံလေးတွေ တရွက်ပြီးတရွက်ခုန်ထွက်ပေမယ့် ဘောလုံးပွဲအကြည့်မပျက်၊ သမီးကိုလည်း မငြိုငြင်ခဲ့ဖူးတဲ့ဖေဖေ...၊ ဘောလုံးပွဲပြီးသွားလို့ ရလိုက်တဲ့ ရလဒ်ကတော့ ဖေဖေ့ရဲ့အိပ်ကပ် ပြားချပ်သွားပြီး သမီးရဲ့ဗိုက် ပူဖောင်းလာတာပါပဲ..း)

စနေနေ့ ရုံးနေ့တဝက် တက်ရတဲ့နေ့တွေဆိုရင် ဖေဖေ့ရုံးကို သမီးလိုက်လည်နေကျနော်..၊
အဲဒီတုန်းက ဖေဖေ့ရဲ့ တပည့် ဖြစ်ခဲ့ဖူးတဲ့ စာရေးလေးတယောက်ဟာ အခု နာမည်ကြီးနေတဲ့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ဖြစ်နေခဲ့ပြီ။ အခုချိန်ထိလည်း ဦးဦးမောင်မျိုးမင်းက သမီးကိုတွေ့တိုင်း ဖေဖေ့ကို အမှတ်တရ ရှိနေဆဲပါ။ အဲဒီတုန်းက ဦးဦးမောင်မျိုးမင်းရဲ့အနားမှာ သွားသွားထိုင်ပြီး သူဝယ်ကျွေးတဲ့မုန့်တွေကို ထိုင်စားရင်း သူဆွဲနေတဲ့ပန်းချီတွေကို ထိုင်ကြည့်ခဲ့ဖူးတယ်။
ရုံးဆင်းချိန်ရောက်ရင် သားအဖနှစ်ယောက် သိမ်ကြီးဈေးဘက်ကို လမ်းလျှောက်ထွက်ကြတယ်၊ သမီးက ခလေးဆိုတော့ လျှောက်ကြည့် နေရရင် မောမှန်းတောင်မသိခဲ့ဘူးပေါ့၊ ဖေဖေကတော့ လူကြီးဆိုတော့ မောမှာပေါ့၊ အဲဒီလိုမောတဲ့အခါ လူရှင်းတဲ့သစ်ပင်ရိပ်တခုအောက်မှာ အမောဖြေရင်း သိမ်ကြီးဈေးက ဝယ်လာတဲ့ ရာသီစာ ဒူးရင်းသီးမွှာတွေကို တခုပြီးတခု စားနေတဲ့ သမီးကို ဖေဖေပြုံးကြည့်နေတာတွေ့တော့ စားလက်စ ဒူးရင်းသီးဖတ်လေးကို ဖေဖေ့ပါးစပ်ထဲကို လက်သေးသေးလေးနဲ့ ခွံ့ခဲ့ဖူးတာ သမီးမှတ်မိနေပါသေးတယ်။

အချိန်ကာလဆိုတာကလည်း ရပ်ထားလို့ ရနိုင်တဲ့အရာမှမဟုတ်တာနော်..
ဖေဖေ လူ့လောကကြီးထဲကနေ အပြီးအပိုင်ထွက်ခွာသွားခဲ့တယ်၊ အဲဒီနေ့ကစပြီး စနေနေ့တိုင်း အပြင်ထွက်လည်နေကျ သမီးဟာ အိမ်မှုကိစ္စတွေနဲ့အချိန်ကုန်နေတတ်တဲ့မေမေ့ရဲ့ဘေးမှာ နေရင်း ကြီးပြင်းခဲ့ရတော့တာပါပဲ..။


အခုတော့ ဆိုက်ပရပ်စ်ဆိုတဲ့ ကျွန်းနိုင်ငံလေးတခုမှာ သမီးဘဝကို သမီးဦးဆောင်နေရပြီ ဖေဖေရေ..
လက်ရှိထင်ရှား မိဘရှိနေကြတဲ့ သား/ သမီးနဲ့ မိဘမရှိတော့တဲ့ သမီးလိုမျိုး သား/သမီးတွေရဲ့ ခံစားချက်၊ စွမ်းအားခြင်း မတူကြဘူးဆိုတာ ဘဝတူတွေမှသာ နားလည်နိုင်ကြမှာပါ..။

မိဘဆိုတာ သားသမီးတွေအတွက် “အား” ပါ..။
မိဘမရှိတော့တဲ့ သားသမီးတိုင်းဟာ သူတို့ရဲ့ရင်ထဲမှာ အမြဲအားငယ်နေတတ်ကြတယ်..။
ပြဿနာတခုခုဖြစ်တိုင်း စိတ်ညစ်စရာနဲ့ကြုံရတိုင်း “ငါ့သမီး.. ဖေဖေရှိတယ်” ဆိုတဲ့ အားပေးစကားမျိုးကို တောင်းတမိတတ်ပါတယ်..။
အဲဒီလိုပဲ နိုင်ငံတခုဟာလည်း အဲဒီနိုင်ငံသားတွေအတွက် ကျောထောက်နောက်ခံ “အား”တခုပါပဲ။

နိုင်ငံခြားမှာက သမီးတို့လို အရှေ့တောင်အာရှသားတွေကို အရမ်းနှိမ်တယ် ဖေဖေ..
နေတတ်အောင် နေပေမယ့် အနည်းနဲ့အများတော့ အနှိမ်ခံကြရတာချည်းပါပဲ..။
ဖေဖေပေးခဲ့တဲ့ “စိတ်ဓာတ်ခွန်အား”တွေ သမီးမှာရှိတယ်ဆိုပေမယ့် တခါတလေတော့လည်း ဖေဖေ့ကို တမ်းတမိရင်း ငိုမိပါတယ်..။

တခါတလေ သမီးစဉ်းစားမိတယ်..
သမီးတို့လို နိုင်ငံခြားမှာ အလုပ်ထွက်လုပ်နေကြတဲ့သူတွေ ဘာကြောင့် အနှိမ်ခံနေကြရတာလဲ...
ဖြတ်လမ်းနည်းနဲ့အချိန်တိုအတွင်းမှာ ငွေများများရအောင်လို့ တိုင်းတပါးမှာ ကျွန်ခံနေကြရတာပဲမဟုတ်လား..
တကယ်လို့သာ သမီးတို့နိုင်ငံမှာ လူတိုင်းအတွက် အလုပ်တွေပေါနေမယ်ဆိုရင် လစာနဲ့ ကုန်ဈေးနှုန်း မျှတနေမယ်ဆိုရင် သမီးတို့လို လူမျိုးတွေ တခြားတိုင်းပြည်မှာ ကျွန်ခံနေစရာမလိုဘူးပေါ့ ။
လူတိုင်းဟာ ကိုယ့်မြေ၊ ကိုယ့်ရေကိုပဲ ချစ်ကြပါတယ်..၊
ဥပမာ။ ။ သမီးကိုပဲ ကြည့်ပါ..
ဖေဖေသာ ရှိနေမယ်ဆိုရင် သမီးနိုင်ငံခြားကို ထွက်ပြီး အလုပ်လုပ်စရာ လိုမယ်မထင်ဘူး။ သမီးက သွားမယ်ဆိုရင်တောင် ဖေဖေက ခွင့်ပြုမှာမဟုတ်ပါဘူး။
အဲဒါ ဘာဖြစ်လို့လဲဆိုတော့ သမီးကို ဖေဖေ့ရဲ့ နွေးထွေးလုံခြုံတဲ့ မေတ္တာအောက်မှာပဲ အေးချမ်းတဲ့ဘဝလေးနဲ့ မြင်ချင်လို့ပဲပေါ့။ကိုယ့်ရဲ့ သား/ သမီးကို ပူပြင်းတဲ့ ဘဝမျိုးကို မဖြတ်သန်းစေချင်လို့ပေါ့။

သတိရတုန်း ပြောရအုံးမယ် ဖေဖေရေ...
ဟိုတနေ့က သမီးတို့ဆိုင်ကို လာတဲ့ဧည့်သည်တယောက်နဲ့စကားပြောဖြစ်တယ်..
သမီးကို ဘာလူမျိုးလဲတဲ့..၊ သမီးက မြန်မာလူမျိုးပါ လို့ပြောလိုက်တော့..
“Very poor Country” တဲ့လေ..၊ သမီး ရင်နာတယ် ဖေဖေ..။
သမီးတို့နိုင်ငံဟာ Very poor Country တကယ်ပဲဖြစ်နေပြီလား...
သမီးလည်း ပြန်ပြောလိုက်ပါတယ်...
ကျမတို့နိုင်ငံဟာ မဆင်းရဲပါဘူး၊ ဆန်၊ ကျွန်း၊ ကျောက်စိမ်း၊ပတ္တမြား၊ နီလာ၊ ပုလဲ၊ ရေနံ၊ သဘာဝဓာတ်ငွေ့အဲဒါတွေထွက်ပါတယ် လို့ပြောတော့..
သူတို့ကပြုံးတယ်.. ဒါဆိုရင် မင်းက ဘာဖြစ်လို့ ကိုယ့်နိုင်ငံမှာ အလုပ်မလုပ်ပဲ တိုင်းတပါးမှာ ဒီလိုအလုပ်မျိုးလာလုပ်နေရတာလဲ..တဲ့

သမီး သူတို့ရှေ့မှာပဲ ရင်နာလွန်းလို့ မျက်ရည်တောက်တောက်ကျခဲ့ပါတယ်...
သူတို့က သမီးကို သနားသွားတယ် ထင်တယ်....“ပြောမိတာ sorry” ပါတဲ့
သမီးလက်ကာပြလိုက်တယ်..
ပြီးတော့
“ကျမမှာ အဖေမရှိတော့လို့ ဒီလိုနေရာမျိုးမှာ ကျမကိုတွေ့ရတာ..၊ ကျမမှာသာ အဖေရှိရင် ဒီလိုနေရာမျိုးမှာ ကျမကိုတွေ့ရမှာမဟုတ်ပါဘူး”..လို့ မျက်ရည်ကြားထဲက အားယူပြီး ပြောလိုက်တယ်..ဖေဖေ
သမီးလိုမျိုး ဘဝတူတွေလည်း သမီးနည်းတူ ခံစားနေကြရမယ်ဆိုတာ သမီးသိနေပါတယ်...
ဘယ်လိုပဲဖြစ်ဖြစ် အဖေမရှိတော့ပေမယ့်လည်း သမီးတို့တတွေ ကိုယ့်မာန်ကိုယ်တင်းပြီး ကိုယ့်ဘဝကိုယ် လျှောက်နေကြဆဲပါ....

အိမ်တစ်အိမ်မှာ(သို့မဟုတ်)တိုင်းပြည်တစ်ခုမှာ အုပ်ထိန်းသူလို့ခေါ်တဲ့ အဖေမရှိတဲ့အခါ(သို့မဟုတ်)ကိုယ့်နိုင်ငံသားများဘက်က မားမားမတ်မတ်ရပ်တည်ပေးမယ့် ခေါင်းဆောင်မရှိတဲ့အခါ ... သား/ သမီးတွေ (သို့မဟုတ်) နိုင်ငံသားတွေ အနှိမ်ခံကြရပါတယ်၊ အပြောခံကြရပါတယ်၊ ရင်နာစရာတွေနဲ့ကြုံတွေ့ကြရပါတယ်..
အဲဒီလိုပဲ...
...အဲဒီလိုပဲ...
.........အဲဒီလိုပဲ.....

သမီးစာဆက်ရေးလို့ မရတော့ဘူးဖေဖေ...
ဒီနေ့မှာ ကျရောက်တဲ့ အဖေများနေ့မှာ တမလွန်က ဖေဖေ့ကို သမီးကန်တော့လိုက်ပါတယ်ရှင်

33 comments:

ကိုကိုမောင်(ပန်းရနံ့) said...

နတ်သမီးရေ... ဖတ်ရင်းနဲ့ စိတ်မကောင်းလိုက်တာ။ ဘ၀ဆိုတာ ဒါကိုဘဲ ခေါ်တာ ထင်ပါရဲ့နော်။ ၀မ်းနည်းမှုတွေ ဆင်းရဲမှုတွေ ရံဖန် ကြည်နူးမှုတွေနဲ့ ဖွဲ့စည်းထားတဲ့ အရာတစ်ခုပေါ့။

နတ်သမီးလေး.. အဖေများနေ့မှာ စိတ်ကြည်နူးချမ်းမြေ့နိုင်ပါစေ။

ခင်မင်လျက်

Dream..(selda) said...

မျက်ဝန်းထဲမှာ မျက်ရည်တွေနဲ့မို့.. ပြောစရာ စကားမဲ့နေတယ်..
အဖေဆိုတာ အနီးအနားမှာ မရှိရင်တောင်မှ ရင်ဘတ်ထဲမှာ ထာဝရ ရှိနေမယ့်သူပါ....

mstint said...

အဖေကိုချစ်တတ်တဲ့ သမီးမို့ ရောက်ရာဘုံဘဝကနေ အဖြူရောင်နတ်သမီးကို စောင့်ရှောက်နေမှာပါကွယ်။ စိတ်ကြည်လင်ပြီး ချမ်းသာသုခပြည့်ဝပါစေ။

မေတ္တာဖြင့်
အန်တီတင့်

အဖြူရောင်နတ်သမီး said...

လင်းဦး(စိတ်ပညာ)

ခေါင်းစဉ်ကြည့်ကတည်းက ၀မ်းနည်းသလိုလို ခံစားလိုက်ရတယ်။ ဆက်ဖတ်တော့ ပိုဆိုးသွားတယ်။

တိုင်းပြည်ကလည်း ခြွတ်ခြုံကျ၊
တိုင်းသူပြည်သားတွေရဲ့ ဘ၀ကလည်း မလှ၊

...................
ကိုလင်းဦးရဲ့ ကောမန့်ကို ဘာသွားနှိပ်မိလည်းမသိဘူး..၊ တက်မလာလို့၊ ပြန်ကူးပြီး တင်လိုက်ပါတယ်၊ sorry...

ညိမ်းနိုင် said...

အိုးးးးးးး:(((( နတ်သမီးရေ..ဟတ်ကိုတည့်တည့်ပဲဗျာ...:(
ဘာပဲဖြစ်ဖြစ် အားမငယ်နဲ့နော်...၊ဖေဖေတို့ကလည်း နတ်သမီးကို ကောင်းရာမွန်ရာဘုံဘဝကနေ မေတ္တာပို့၊
စောင့်ရှောက်နေမှာပါ...။

တောက်ပကြယ်စင် said...

ဖတ်ရင်းဖတ်ရင်းနဲ့ ၀မ်းနည်းလာတယ် နတ်သမီးရေ။ ဘယ်ကိုပဲ သွားသွား ဘယ်ကလည်းလို့ မေးရင် မြန်မာပါလို့ ဖြေလိုက်ရင် အထင်စမောလ်တဲ့ လူတွေရဲ့ အပြုံးတွေ၊ အပြောတွေ၊ အပြုအမူတွေကို...တွေ့နေရတယ်၊ ကြားနေရတယ်၊ ခံစားနေရတယ် နတ်သမီးရေ။ ၀မ်းနည်းတာကလွဲပြီး ဘာတတ်နိုင်မှာလည်းလေ။
ကျန်းမာပျော်ရွှင်ပါစေနော်...

ပန်းချီ said...

ဘဝတူတွေ့ရလို့ ကိုယ်ချင်းစာပြီး ဝမ်းနည်းမျက်ရည်ကျရပါတယ်..။
ပျော်ရွှင်ပါစေရှင်..။

ဆောင်းနှင်းရွက် said...

ဖတ်ရင်းဖတ်ရင်း
ရင်ထဲမှာ စို့တတ်သွားတယ် ..း((

အစစ အရာရာ
အဆင်ပြေ၍
ပျော်ရွှင်နိုင်ပါစေနော် ..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Han Kyi said...

နတ်သမီးရေ...
ဒီပို့စ်ကိုဖတ်ရင်း မိဘတွေ သက်ရှိထင်ရှားရှိနေပါလျှက်နဲ့ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် မိုက်တွင်းနက်နေမိတဲ့ ကိုယ့်ကိုယ်ကို ပြန်မြင်ယောင်မိတယ်...ရှိပါစေတော့လေ...ဒါဟာ ကိုယ်ရွေးခဲ့တဲ့ လမ်းမဟုတ်လား...ဥရောပတိုင်းပြည်တွေက အရှေ့တောင်အာရှသားတွေကို နှိမ်ခံရတာတွေကိုလည်း ကြားနေသိနေပါတယ်ဗျာ....မပူပါနဲ့ ဆရာတို့ နိုင်တဲ့ဘက်ကနေ တိုင်းပြည်တိုးတက်အောင် ကြိုးစားနေတာမို့ မဝေးတော့တဲ့ အနာဂတ်မှာ နတ်သမီးတို့တွေ ခေါင်းမော့ရင်ကော့နိုင်မယ်လို့ ယုံကြည်မိပါတယ်...ရာဇ၀င်မှာ ထင်ရှားခဲ့တဲ့ မြန်မာပြည်ဟာ တစ်ချိန်ချိန်မှာတော့ နဂိုအနေပြန်ရောက်ရမယ်လို့ ယုံကြည်သလို၊ ကြိုးစားနေတုန်းပါ...နှစ်တစ်လုံးထဲနဲ့ ဆီမဖြစ်တာသိပေမယ့်...နှမ်းတွေများလာတဲ့ တစ်နေ့မှာပေါ့ နတ်သမီးရေ...အခုတော့ ခါးတောင်းကြိုက်မဖြုတ်စတမ်းပေါ့ဗျာ...အစစအရာရာ ကြံ့ခိုင်တဲ့ စိတ်ဓာတ်နဲ့ ရင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါရစေလား...

မေဓာဝီ said...

ညီမရေ ...
ညီမရဲ့ အောင်မြင်မှုတွေ ... ရင့်ကျက်မှုတွေ ... ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်တာတွေ ... တမလွန်က ညီမဖေဖေမြင်ရင် ကျေနပ်ဝမ်းမြောက်နေမှာပါ။ စိတ်မကောင်း စရာတွေ ဘေးဖယ်ထားလိုက်တော့နော်။

ဒီ့ထက်ဒီ ပိုမိုအဆင်ပြေ အောင်မြင် ငြိမ်းချမ်းပါစေ ...

နေ၀ဿန် said...

အစ်မရေ.. ဖတ်ရင်းနဲ့ မျက်ရည်လည်းဝဲရပါတယ်... အဖေမရှိတဲ့ ဘ၀တူချင်းမို့လေ... အစ်မထက်စာရင် ကျွန်တော့်မှာ အမေရှိသေးတာ တော်သေးတာပေါ့ဗျာ... အားတင်းထားပါ အစ်မရေ.... ဘ၀ဆိုတာ ဒီလိုပါပဲ...


ခင်မင်လျက်
နေ၀ဿန်

SHWE ZIN U said...

နတ်သမီး ရေ

ညီမ နဲ့ ဖေဖေ အကြောင်း ဖတ်ရတာ စိတ်မကောင်းဖြစ်မိတယ် အင်း နောက်ဆုံးမှာ ပါလာသလို သိပ်ဆင်းရဲ တဲ့ နိုင်ငံ ဖြစ်သွားတာ အဖေ မရှိတော့ လို့ လာအလုပ် လုပ်ခဲ့ ရတာ

အင်း နောက်တော့ နိုင်ငံ အတွက် အားကိုးနိုင်တဲ့ ပြည်သူ အားလုံး ရဲ့ အဖေ ပေါ်လာအုန်းမှာပါ

ဒါပေမဲ့ အမတို့တောင် ရှိပါအုန်းမလား မသိ

မိုးငွေ့...... said...

တို့လဲဖေဖေ့ကိုသတိရတယ်...ဒီလိုနေ့မှာဘာမှမလုပ်ပေးနိုင်ပေမယ့် နှစ်တိုင်းတော့ ၀ါဆိုသင်္ကန်းကပ် ဆွမ်းကျွေးလုပ်ပေးဖြစ်တယ်...။

ခင်တဲ့
မိုးငွေ့

စော(အဝါရောင်မြေ) said...

အမရေ မချိပြုံးလေး ပြုံးသွားပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ညီမ ပိုစ့်လေးဖတ်ပြီး တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်
သူတစ်ပါးတိုင်းပြည်မှာ အလုပ်လုပ်တယ် ပြောပြော ကျွန်ခံတယ်ဘဲဆိုဆို အဲဒီက ရတဲ့ အတွေ့အကြုံ ဗဟုသုတတွေကို ကိုယ့်နိုင်ငံမှာ ပြန်လည်အသုံးချမယ်ဆို ကိုယ့်အတွက်ရော တိုင်းပြည်အတွက်ပါ အမြတ်ရတာပါဘဲညီမရယ်
တစ်ချိန်ချိန်မှာ သူတို့ထက် ကိုယ်က မသာဘူးလို့ ဘယ်ပြောနိုင်မလဲလေ မဟုတ်ဘူးလား
စိတ်ချမ်းမြေ့ပါစေညီမရေ

သဒ္ဓါလှိုင်း said...

နမ်း.
ပြောစရာစကားတွေက လည်ချောင်းဝမှာတင်
တစ်ဆို့သွားခဲ့တယ်။ ရင်ထဲမှာလည်း နင့်နေတယ်။

ချစ်တဲ့
သဒ္ဓါ

အဖြူရောင်နတ်သမီး said...

ကောမန့်များနဲ့ အားပေးစကားပြောခဲ့ကြတဲ့ မောင်နှမများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်..

ဒီပို့စ်လေးဟာ အဖေများနေ့အတွက် အမှတ်တရ လက်တန်းချရေးဖြစ်ခဲ့တဲ့ ပို့စ်တခုဖြစ်ပါတယ်။

စ ရေးတုန်းကတော့ စဉ်းစားထားတဲ့အကြောင်းအရာက တမျိုးပါ..၊ ချရေးမိတာက အခုလိုစာသားတွေကိုရေးမိသွားတယ်။

အရိုးသားဆုံးဝန်ခံချင်တာက ဒီပို့စ်ကို ရေးနေစဉ်အချိန်မှာ ကျမ မျက်ရည်ကျခဲ့ပါတယ်၊ တကယ့်ကို မျက်ရည်များနဲ့ရေးခဲ့တဲ့ ပို့စ်လေးတပုဒ်ဖြစ်ပါတယ်။

ဆောင်း said...

ညီမအတွက် ပို့ စ်တပုဒ်
http://saundoo.blogspot.com/2011/06/blog-post.html

မောင်(စွယ်စုံကျမ်း) said...

မမနတ်သမီးရေ..စာတွေပီးအောင်ဖတ်လိုက်တော့ဘာ
ပြောရမှန်းကိုမသိတော့ဘူးအတွေးတစ်ခုတော့ရလိုက်တယ်အဖေအမေတွေရှိတုံးဂရုစိုက်ရမယ်လို့ ပေါ့ နိုင်ငံခြားမှာနေတာခြင်းအတူတူမို့ အစစအရာရာအဆင်ပြေပါစေကြောင်းဆုမွန်ကောင်း
တောင်းလိုက်ပါတယ်..ကျန်းမာပျော်ရွှင်ပါစေ..မမရေ
ခင်မင်လေးစားစွာဖြင် မောင်(စွယ်စုံကျမ်း)
မမရေ..ခေါ်ချင်သလိုသာခေါ်တော့လို့ ..နောက်တာနော်

အဖြူရောင်နတ်သမီး said...

မမဆောင်းရေ...
မမရဲ့ အားတက်စေတဲ့ ပို့စ်လေးအတွက် ကျေးဇူးအရမ်းတင်ပါတယ်ရှင်...။
အပြင်မှာ တခါမှမတွေ့ဖူးကြပေမယ့် သွေးမှန်ရင် နွေးကြစမြဲပါ..။
မမရဲ့ အားပေးစကားလေးကို ညီမရဲ့နှလုံးသားမှာ ထာဝရသိမ်းဆည်းထားပါ့မယ်..။

rose of sharon said...

ဘဝတူတွေရှိပါတယ်...သူငယ်ချင်းလေးရေ...ကိုယ်အပါအဝင်ပေါ့...

မြစ်ကျိုးအင်း said...

ဖတ်ရင်းနဲ့ စိတ်မကောင်းဖြစ်ရပါတယ်။ ကိုယ့်ပြည်သူတွေ အားလုံးလည်း ဒီလိုပဲ ကိုယ့်ခြေထောက်ကိုယ်ရပ်ရင်း အနှိမ်ခံ အနိမ့်ကျခံရပြီး ရှင်သန်နေရတဲ့ ဘဝတူတွေပါပဲလေ။ ကိုယ်တွေက အဲဒီအမိုးအောက်မှာမှ လူလာဖြစ်ခဲ့ကြရတာကိုးး။ တွေးလိုက်တိုင်း စိတ်မကောင်းစရာတွေပါပဲ။

Baby taster said...

ဘ၀တူတွေမို့ စာနာမိတယ်။ ကိုယ့်မှာလည်း
အသက် ၁၀နှစ်ကတည်းက ဖေဖေဆုံးသွားခဲ့တာ
ဒါဘ၀ပဲလေနော်။ မိဘမရှိတော့တာတောင်
ဘ၀ကို လှပအောင် ရပ်တည်နေတာ တမလွန်က
ဖေဖေ ၀မ်းသာမှာပါ နတ်သမီးရေ .....
အနာဂတ်မှာ ပြီးပြည့်စုံတဲ့ မိသားစုဘ၀ကို ဖန်တီး
ပိုင်ဆိုင်နိုင်ပါစေ။

လင်းခေတ်ဒီနို said...

အဖေ . . . သားသမီးတွေရဲ့ ဘ၀မှ အဖေဆိုတာ သူရဲကောင်းတစ်ဦးပါပဲ . . ဘယ်သူတွေ ဘယ်လောက် ထက်မြက်ထူးချွန်နေပါစေ . . ကိုယ်၏ဖခင်သာ ကိုယ့်စိတ်ထဲမှာ သူရဲကောင်း ဖြစ်မြဲပါပဲ . .

အဖေတိုင်းကို ဂါရ၀ ပြုလျှက်

ခင်မင်စွာဖြင့်
ဗညားရှိန်

min that thant said...

ထပ်တူထပ်မျှ ခံစားရပါတယ် .. ပျော်ရွင်ပါစေ. ...

ချစ်ခြင်းအလင်္ကာ said...

ဖတ်ပြီးအရမ်းကိုစိတ်မကောင်းဖြစ်ရပါတယ်မမရေ..

လေးစားစွာဖြင့်
ချစ်ခြင်းအလကာင်္

kiki said...

နတ်သမီးလေးရေ..
အဖေမရှိတော့တာချင်းတူတူ...
နိုင်ငံရပ်ခြားမှာ သူတပါးကျွန်လာလုပ်ပြီး အနှိမ်ခံ ပြောဆိုခံရတာချင်းတူတူ..
ခံစားချက်တွေ လည်း တူတူပါပဲ..

မိဘ ဆိုတာ သားသမီးတွေ အတွက် အကြီးမားဆုံးသော အင်အား ပါ ။လုံခြုံမှု အပေးနိုင်ဆုံး ခိုလှုံရာပါ။
နိုင်ငံတခုဆိုတာလည်း ကိုယ့်နိုင်ငံသားများ အတွက် အားကိုးရာ လုံခြုံရာ နေရာ ဖြစ်သင့်ပါတယ်..ဒါပေမဲ့..
အင်း.. အင်း..အင်း..
အဲ အဲ အဲ..
ဘဝ တူတူတွေ ပါပဲ လေ..

ခင်တဲ့ မကိ..

rose said...

အစ်မနတ်သမီးရဲ့ ဖေဖေက အစ်မကို အရမ်းချစ်တာပဲနော်။ အစ်မလည်း ဖခင်ကို လေးစားချစ်ခင်တာ ပို့စ်ထဲမှာ ပေါ်လွင်နေတယ်။ အစ်မရေ... အားမငယ်ပါနဲ့နော်။ အစ်မ အစစ အဆင်ပြေပါစေ။

ဝေလင်း ( Вэй Линн) said...

အနုပညာဆိုတာ တန်ဖိုးထားတတ်ရတယ်တဲ့လား...
အစ်မအဖေကို လေးစားမိတယ်..
ပြီးတော့ အစ်မမွေးနေ့ကို လုပ်ပေးတဲ့ စိတ်ကူးလေးကိုလည်း သဘောကျတယ်.. (ဝေလင်း)

မြတ်မွန် said...

ဟုတ်ပါ့ မမရယ် အဖေသာရှိနေသေးရင်ပေါ့....ဒီလိုဘဝရောက်မှာ မဟုတ်ဘူး...ခုတော့..
အရမ်းဝမ်းနည်းသွားတယ် မမရေ..တကယ့်ကို မျက်ရည်ကျမိတယ်..။

Angelhlaing(May everybody be happy and healthy! said...

မမရဲ့ ပို့စ်လေး ဖတ်ရင်း ရင်ထဲမှာ နင့်ခနဲပဲ ညီမလေးကတော့ ဖုန်းတောင် မဆက်ဖြစ်လိုက်ဘူး အဖေများနေ့ ကဆို ...အိမ်နဲ့ဝေးနေအချိန် ... စိတ်တွေလဲ အောက်ဆုံးထိ ကျတဲ့အခါ ရင်ထဲမှာ ဗလာနဲ့ မမဆို ပိုဆိုးမှာနော်...
ခုမှပဲ ရောက်ဖြစ်တယ်မမရေ..
ကောင်းသောနေ့ရက်လေး တွေပိုင်ဆိုင်ပါစေလို့ ဆန္ဒပြုရင်း...

dream of dream said...

လာလည်သွားတယ်နတ်သမီးရေ
နေဘုန်းလျှံ

dream of dream said...

ဘုန်းလျှံ လာလည်သွားတယ် နတ်သမီးရေ...။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger