Wednesday, December 14, 2011

နတ်တော်လအကြောင်းနှင့် Blackroze မွေးနေ့



ငွေနှင်းငယ်တဲ့ မှုန်ဝေဝေ။
ပျံ့မွှေးခိုင်သဇင်နှင့်
ဂမုန်းအင် ပန်တော်ဦးကြတယ်
ထူးတဲ့လပေ။
မိဂသီ ပုဏ္ဏာလင်းပါလို့
ရွှေဟင်္သာ့ တာရာငွေလို
ဖြာဖြာဝေလျက် စံကွန့်မြူး။
ပဏ္ဏာတင်
ပိန္နဲမဟာရှင်၏
ခါသဘင် ပျော်ရွှင်ပွဲမှာလ
ဖော်ကွဲသူ မကြည်သာဖို့
ရထည်လွှာ ခြုံလို့ကွေးရတယ်
အေးတဲ့ လထူး။
တန်ဆောင်မုန်းလတွင် မုတ်သုန်လေ ဆုတ်ခွာပြီးနောက် နတ်တော်လတွင် ရေခိုးရေငွေ့ အတန်ငယ်ကင်းစင်၍ အေးမြစပြုလာသည်။ ဤလ၏ ဝိသေသမှာ နတ်ပွဲများကျင်းပကြခြင်းဖြစ်သည်

။ ဟံသာဝတီပါ မင်းတရားကြီးနှင့် အလောင်းမင်းတရားကြီးတို့၏ ခေတ်၌ ဝန်ကြီးသီရိဥဇနာရေးသားသော လောကဗျူဟာအင်ရုံစာတမ်းတွင်ဘုရင်မင်းမြတ်တို့သည်
ရွှေစည်းခုံဘုရားဇရပ်၌ထားသော မဟာပိန္နဲနတ်ကို အချိုအဆိမ့် နွားနို့ ထောပတ်တို့ဖြင့် ပူဇော်ကြောင်းပြဆိုသည်။ သံတော်ဆင့် ဦးခြိမ့်၏ ဝေါဟာရလိနတ္ထဒီပနီ၌လည်း မဟာပိန္နဲပူဇော်ပွဲကို ပြဆိုပြီးနောက် မဟာဂီရိနတ်မောင်နှမကိုလည်း ပူဇော်ကြောင်းမှတ်တမ်းတင်သည်။ အချို့သောပညာရှင်တို့က ဤမဟာပိန္နဲနတ်ပွဲသည် ပုဂံခေတ်က ရှိခဲ့ဟန်မတူ သံတော်ဆင့်ဦးခြိမ့်က မဟာပိန္နဲအကြောင်းကို ရေးမှတ်ခဲ့သော်လည်း သူ၏လက်ထက်၌ ထိုနတ်ပွဲ၏အစဉ်အလာမရှိတော့ပါ။ ဗဟုသုတအလို့ငှာ မှတ်တမ်းတင်ခြင်းသာဖြစ်သည်။ ဥဇနာမင်းကြီး လက်ထက်၌ကား ပုပ္ပားနတ်တောင်သို့ တက်၌ မဟာဂီရိနတ်မောင်နှမကို ပူဇော်ကြောင်းသိရသည် စသည်ဖြင့် ဆိုကြပါသည်။ ဤအဆိုကိုထောက်ရှုကြည့်သော် မဟာပိန္နဲပူဇော်ပွဲသည် တစ်စတစ်စပပျောက်ပြီးလျှင် မဟာဂီရိနတ်မောင်နှမပူဇော်ပွဲသည်သာလျှင် ခေတ်စားလာသည်ဟုတွေးဆရန်ရှိလေသည်

ထို့ပြင် ဘိုးတော်ဘုရားလက်ထက်က မင်းဆရာတို့သည် မဟာပိန္နဲပူဇော်ပွဲကို နတ်တော်လတွင် ကျင်းပခြင်းမှာ ရာဇမတ္တဏ်ကျမ်းနှင့်မညီသောကြောင့် တန်ဆောင်မုန်းလ၌ ကျင်းပစေရန် အမိန့်တော်ထုတ်ပေးပါမည့် အကြောင်း ဘုရင့်ထံလျှောက်ထားဖူးသည်။ သို့သော်ယင်းအမိန့်သည် မတည်ပဲ နတ်တော်လ၌ နတ်ပွဲကျင်းပမြဲကျင်းပကြသည်။ စင်စစ် ရာဇမတ္တဏ်ကျမ်း၌လည်း မဟာပိန္နဲကို ရှာမတွေ့ဟုလည်းဆိုကြသေး၏။ ထို့ကြောင့် မြန်မာအရင်းအမြစ်ကိုကြည့်၍ပြောရလျှင် မဟာဂီရိနတ်မောင်နှမပူဇော်ပွဲသည်သာလျှင်မြန်မာ့ရိုးရာပွဲဟုဆိုနိုင်ရာသည်။

မြန်မာသက္ကရာဇ်၂၂၆ခုနှစ်တွင် သေဉ်လည်ကြောင်မင်းနန်းတက်သည်။ ထိုအခါ ဧရာဝတီမြစ်ကြော၌ မျှောလိုက်သော စံကားပင်မှ ပန်းပဲမောင်တင့်တယ်နတ်မောင်နှမတို့ကို ပုပ္ပားတောင်၌ထား၍ နွားဖြူနှင့် သေရည်အရက်များကိုတင်၍ ပူဇော်ပသကြသည်။ ပုပ္ပားနတ်ကိုပူဇော်ကြသော ပုဂံသူ ပုဂံသားတို့သည် နတ်တော်လတွင် ကျွဲခေါင်း၊ နွားခေါင်းများကို အိမ်ဦး၌ ဆွဲ၍ပူဇော်ခဲ့ကြသည်။ သို့ရာတွင် မြန်မာသက္ကရာဇ်၉၁၈ခုနှစ် ဟံသာဝတီဆင်ဖြူရှင်မင်းတရားကြီးလက်ထက်တော်တွင် တိရိစ္ဆာန်များကိုသတ်၍ ယဇ်ပူဇော်သောဓလေ့ကိုပပျောက်အောင် ဆောင်ရွက်လိုက်ရာ သက်သတ်လွတ် ဘောဇဉ် အာဟာရများဖြင့် ပူဇော်သောဓလေ့ဖြစ်ထွန်းလာခဲ့လေသည်။
သို့ရာတွင် မုန့်များဖြင့်ပူဇော်သောအခါ အကြော်အလှော်ကို နတ်မကြိုက်သဖြင့် ဓာတ်လှီးမုန့်၊ မုန့်ဖက်ထုပ်စသည်တို့နှင့်သာ ပူဇော်ရသည်ဟုဆိုကြသည်။

ဆရာကြီးဒဂုန်နတ်ရှင်၏အာဘော်အရမှာ ဘိုးတော်မင်းတရားလက်ထက်မှအစပြု၍ ပူဇော်ပုံ ပူဇော်နည်းပြောင်းလဲသွားခဲ့ရာ ထိုနတ်တော်လတွင် နတ်ကဲ့သို့မြင့်မြတ်သော ပညာရှိကြီးများကို ဘုရင်တို့က ချီးမြှင့်ပူဇော်၍ ဘွဲ့နှင်းသဘင်များခင်းကျင်းသော ဓလေ့တစ်ရပ် ပေါ်ထွန်းလာသည်ဟူ၍ ဖြစ်သည်။
၁၉၄၂-၄၃ ဂျပန်အုပ်ချုပ်ရေးခေတ်တွင် စာရေးဆရာအသိုက်အဝန်းသည် မြန်မာနိုင်ငံစာရေးဆရာအသင်းကို တည်ထောင်ကြသည့်အခါ နတ်တော်လဆန်းတစ်ရက်နေ့ကို စာဆိုတော်နေ့ဟုသတ်မှတ်လိုက်ကြလေသည်။ ဤသည်မှစ၍ နတ်တော်လ ရာသီသည် စာဆိုတော်ပွဲရာသီဖြစ်လာခဲ့လေသည်။

ဤကဲ့သို့ စာဆိုတော်နေ့အဖြစ်သတ်မှတ်ခဲ့သော နတ်တော်လတွင် မွေးဖွားခဲ့သော ညီမငယ်လေး“ပစ်ပစ်”(Blackroze)၏ ယနေ့(၁၄.၁၂.၂၀၁၁)ဗုဒ္ဓဟူးနေ့တွင် ကျရောက်သော မွေးနေ့လေးအတွက် နတ်တော်လ အမှတ်တရလက်ဆောင်ပို့စ်လေးကို ရေးသားရင်း....
Happy Birthday... BlackrozeWith Many Kisses...

Many Wishes...XXX


ဝန်ခံချက်။ ။ နတ်တော်လအကြောင်းကို ဆရာမောင်ထင်ရေးသားသော “မြန်မာဆယ့်နှစ်လရာသီ” စာအုပ်မှ ကူးယူဖော်ပြပြီး သဇင်ပန်းပုံကို ဖိုးပါ ဘလော့ဂ်မှကူးယူဖော်ပြပါသည်။

11 comments:

သဒ္ဓါလှိုင်း said...

မွေးနေ့ရှင် ညီမလေး ဘလက် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ဆန္ဒအားလုံး ပြည့်ဝပါစေ။ မွေးနေ့ဆုတောင်းပေးတဲ့ နမ်းလေးလည်း ထပ်တူ ပျော်ရွှင်ပါစေနော်။ ဘွားးးးးး
ချစ်တဲ့
သဒ္ဓါ

blackroze said...

မရေ..

ပစ်ပစ်မွေးနေ့လေးကို
သတိတရနဲ့ကျင်းပပေးလို့
ကျေးဇူးပါရှင်..

ချစ်တဲ့ပစ်ပစ်

jasmine(တောင်ကြီး) said...

မွေးနေ့ရှင် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ဆန္ဒအားလုံး ပြည့်ဝပါစေလို့သာ
ဆုတောင်းပေးခဲ့ပါတယ်

မိုးငွေ့...... said...

ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ ညီမလေး...။ ချစ်တဲ့သူနဲ့လည်းအမြန်ဆုံဆည်းပါစေ....။

mstint said...

မွေးနေ့ရှင် ပစ်ပစ်နဲ့ မွေးနေ့အတွက်
စေတနာသဒ္ဓါထက်သန်စွာနဲ့ နတ်တော်လအကြောင်း
စာရေးသားဖွဲ့ဆိုပေးတဲ့ နတ်သမီးလေးတို့
လောကီလောကုတ္တရာ နှစ်လီနှစ်ဝ လိုအင်ဆန္ဒများ
ပြည့်ဝပါစေနော်။ ပျော်ရွှင်ဖွယ်မွေးနေ့လေးပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ထုံးစံတိုင်း မွေးနေ့ပွဲဆို မောင်ဘကြိုင်တို့က နောက်ကျမြဲပါလားဗျာ

ညီမငယ်လေးအတွက်မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်ဗျာ
ချမ်းမြေ့ပါစေဗျား


မောင်ဘကြိုင်

Angelhlaing(May everybody be happy and healthy! said...

မမရေ..ပျော်ရွင်ဖွယ် မွေးနေ့ မင်္ဂလာ ရက်မြတ်လေး ဖြစ်ပါစေလို့ ဆန္ဒပြုရင်း...

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီလက သဇင်လည်းပွင့်တယ် ခွာညိုလည်းပွင့်တယ်
တောင်ပေါ်မှာဆို ချယ်ရီလည်းပွင့်တယ်..
အင်း ပန်းပွင့်တာ များတဲ့လဘဲ
ဒီဇင်ဘာကို ချစ်တယ်
ဒီဇင်ဘာမှာမွေးတဲ့သူတွေလည်း ချစ်ဖို့ကောင်းတယ်တဲ့..း)
တွေ့ရင်မုန့်ကျွေးအောင် ပစ်ပစ်ကို ပြောထားရမယ်
ပျော်ရွှင်သော မွေးနေ့ပါ ပစ်ပစ်
နတ်သမီးလည်း ပျော်ရွှင်ပါစေနော

မြသွေးနီ said...

မွေးနေ့ရှင် ပစ်ပစ်ရော..
မွေးနေ့ဆုတောင်သူ နတ်သမီးရော...
ဒီဇင်ဘာနှင်းပွင့်ဖြူများလို့ အေးမြဖွေးဖြူတဲ့ ဘ၀ပိုင်ရှင်များ ဖြစ်ပါစေနော်..။

san htun said...

မွေးနေ့ ရှင် ပစ်ပစ်ရော၊ မွေးနေ့  ကျင်းပပေးသူ နတ်သမီးရော ပျော်ရွှင်ပြီး ဆုတောင်းတွေ ပြည့်ပါစေနော်...

ဆူးသစ် said...

နတ်တော်လအကြောင်းစိတ်ဝင်စားလို့ ဖတ်သွားပါတယ် ညီမငယ်။ ဘလော့က Template ပြောင်းလိုက်တော့ Font က နည်းနည်းသေးသွားတယ်။ နည်းနည်းတော့ အာရုံစိုက်ပြီးဖတ်ရတယ် ညီမငယ်ရေ။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger