Tuesday, February 7, 2012

ငယ်ငယ်တုန်းက....(AaB )တဂ်


Facebook မှာ ဖွဲ့စည်းထားတဲ့ မြန်မာဘလော့ဂ်ကာများအဖွဲ့(AaB)
မှ တဂ်ထားတဲ့ “ငယ်ငယ်တုန်းက...”ဆိုတဲ့ ပို့စ်လေးကို ရေးဖို့ ကျမရဲ့အတွေးများ..
ငယ်စဉ်အချိန် အမှတ်ရစရာ ကလေးဘဝသို့ ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်..။
(၁)
ကျမဟာ အမိဝမ်းမှ ကျွတ်တဲ့အချိန်ကတည်းက ချူခြာသူတစ်ယောက်ဖြစ်ခဲ့တယ်။
ကျမကိုမွေးပြီး(၃)ရက်လောက်မှာ ဆေးရုံပေါ်က ဆင်းခွင့်မရသေးတဲ့မေမေ့ထံမှ ကျမကို ဆရာဝန်များက စစ်ဆေးဖို့ဆိုပြီး ခေါ်သွားခဲ့ပါတယ်။
တခြားကလေးတွေနို့တိုက်ချိန်ရောက်လို့ မိခင်များက မိမိတို့ရဲ့ရင်သွေးများကို နို့တိုက်ချိန်မှာ ကျမရဲ့မေမေဟာ ကျမကို နို့တိုက်ခွင့်မရခဲ့ပါဘူး၊ ကျမကို တွေ့ခွင့်လည်းမရခဲ့ပါဘူး၊ အဲဒီလိုနဲ့ ရက်အနည်းငယ်ကြာလာတဲ့အခါ ကျမအတွက် မေမေဟာစိတ်ပူပြီး တာဝန်ကျဆရာမများကို မေးမြန်းတော့လည်း “ညီမရဲ့ကလေးအတွက်စိတ်မပူပါနဲ့၊ နေမကောင်းဖြစ်နေလို့ မိခင်နဲ့ခဏခွဲထားတာပါ”လို့ဖြေသတဲ့။
မေမေ့ရဲ့စိတ်ထဲမှာတော့ ကျမ သေသွားခဲ့ပြီလား ဆိုတဲ့အတွေးနဲ့ နေ့တိုင်းပူဆွေးသောကရောက်ခဲ့ရပါတယ်။
အဲဒီလိုနဲ့ တစ်ပတ်လောက်နေတော့ မေမေ့ရဲ့ရင်ခွင်ထဲကို ကျမ ပြန်ရောက်ခဲ့တယ်၊ တစ်ကယ်တော့ ကျမဆီမှာ အသားဝါလက္ခဏာကို တွေ့ရတဲ့အတွက်ရယ်၊ ကျောက ချဉ်ဆီကို ဖောက်ပြီး စစ်ဆေးမှုတွေ လုပ်ခဲ့ရတဲ့အတွက် ဆရာဝန်များဟာ ကျမနဲ့မေမေ့ကို ခွဲထားခဲ့တာလို့သိရပါတယ်။
မေမေ့ရင်ခွင်ထဲကို ကျမပြန်ရောက်လာတဲ့အချိန်မှာ ကျမကိုရေချိုးပေးဖို့ မေမေဟာ ကြောက်ရွံ့နေခဲ့တယ်။ တာဝန်ကျဆရာမက မေမေ့ကိုမေးမြန်တဲ့အခါ ကျမရဲ့ကျောကိုဖောက်ပြီး စစ်ဆေးမှုတွေလုပ်ထားတဲ့အတွက် ကျမရဲ့ကျောက အပေါက်ထဲကိုရေတွေဝင်သွားမှာစိုးလို့ ရေမချိုးပေးတာပါလို့ ပြန်ဖြေသတဲ့၊ အဲဒီတော့မှ တာဝန်ကျ ဆရာမက ကျမရဲ့ကျောမှာ ကပ်ထားတဲ့ပလာစတာကိုခွာပြီး အပ်ရာသာကျန်ရှိနေတဲ့ ကျောပေါက်ရာကိုပြမှ မေမေဟာ ကျမအတွက် စိတ်အေးခဲ့ရပါတယ်။
အဲဒါကတော့ ကျမ အမိရဲ့ဝမ်းတွင်းက ကျွတ်တဲ့အချိန်က “စ”ခဲ့တဲ့ အမှတ်တရလေးပါ။
(၂)
ကျမရဲ့အသက်(၁)နှစ်ဝန်းကျင်လောက်မှာပေါ့...
ဖေဖေဟာ မြန်မာ့မီးရထားပို့ဆောင်ရေး(တိုင်း)မှ အရာရှိတစ်ယောက်ဖြစ်တာရယ်၊
ဖေဖေ့ရဲ့အလုပ်ဟာ ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မုတ္တမ ရထားလမ်းကြောမှ ဘူတာများနှင့် ဝန်ထမ်းများကို တစ်လတစ်ခါ အလှည့်ကျ စစ်ဆေးရလေ့ရှိတဲ့အတွက် ခရီးထွက်ရပါတယ်။
အဲဒီခရီးဟာ နေ့ချင်းပြန် ဖြစ်တတ်သလို၊ တစ်ညအိပ်လည်း ဖြစ်တတ်ပါတယ်။
မိသားစုကလည်း ပြေးကြည့်လို့မှ ဖေဖေ၊ မေမေနဲ့ကျမပဲရှိတာမို့ ဘယ်သွားသွား မိသားစု(၃)ယောက် တူတူသွားလေ့ရှိပါတယ်။
အဲဒီအချိန်မှာ မေမေဟာ ကျမကို ကလေးအဟာရအဖြစ် ဖီးကြမ်းငှက်ပျောသီးကို ခြေပြီး(ဇကာနဲ့စစ်ခြေပြီး ရရှိလာသော ငှက်ပျောသီးနှစ်များ)ကျွေးလေ့ရှိပါတယ်။
အဲဒီလိုနဲ့ ခရီးသွားတဲ့အခါ ကျမအတွက်ယူလာတဲ့ ဖီးကြမ်းငှက်ပျောသီးများ ကုန်သွားတဲ့အတွက် ခရီးလမ်းမှာရောင်းတဲ့ တခြားငှက်ပျောသီးတစ်မျိုးကို ယခင်လုပ်နည်းအတိုင်း လုပ်ပြီးကျွေးပါသတဲ့။
ဖြစ်ချင်တော့ ကျမကိုကျွေးတဲ့ငှက်ပျောသီးဟာ ငှက်ပျောချဉ်တွေဖြစ်နေခဲ့တယ်။
ကျမဟာ အဲဒီငှက်ပျောချဉ်ကြောင့် ခရီးလမ်းမှာ ဝမ်းတွေ ဆက်တိုက်သွားခဲ့တယ်။
ဝမ်းရပ်အောင် လ္ဘက်ရည်ကြမ်းတိုက်လည်း အဲဒီလ္ဘက်ရည်ကြမ်းများဟာ အရောင်တူ ဝမ်းအဖြစ်နဲ့ပြန်သွားခဲ့ပါတယ်။ ကျမဟာလည်း ဝမ်းသွားတဲ့အရှိန်နဲ့မြော့နေပါပြီ။
မေမေဟာ ကျမကို လမ်းခရီးတစ်လျှောက်လုံး ထွေးပွေ့ထားရင်း ရန်ကုန်ကို မြန်မြန်ရောက်ပါစေလို့သာ ဆုတောင်းနေသတဲ့။ အဲဒီလိုနဲ့ ရန်ကုန်ဘူတာကို မီးရထား ဆိုက်ရောက်တဲ့အခါ သားအမိ သားအဖ(၃)ယောက် ကလေးဆေးရုံကြီးကို ကားနဲ့ပြေးခဲ့ကြတယ်။ ဆေးရုံရောက်လို့ ကျမကိုစစ်ဆေးကြည့်တဲ့အခါ ကျမဟာ အသက်ငယ်တာကတစ်ကြောင်း၊ ဝမ်းသွားရှိန်ကြောင့် သတိလစ်နေပါပြီ။
ဆရာဝန်ပြောပြချက်အရ ကျမဟာ နောက်တစ်နာရီခန့်နောက်ကျခဲ့လျှင် အသက်အန္တရာယ်အတွက်စိုးရိမ်ရတယ်လို့ဆိုပါတယ်။
အဲဒီအချိန်မှာ မေမေဟာ ကျမကို စိုးရိမ်စိတ်လွန်ကဲပြီး ကျမရဲ့အသက်ကို အမြန်ကယ်ပေးဖို့ ဆရာဝန်ရဲ့ခြေထောက်ကိုဖက်ပြီး ချုံ့ပွဲချငိုခဲ့ဖူးတဲ့ မေမေ့ရဲ့မိဘမေတ္တာကို ကျမဘယ်လိုပြန်ဆပ်ရပါ့မလဲရှင်...
အဲဒီလိုနဲ့ပဲ ကျမဟာ ဆေးသက်နဲ့ အသက်ပြန်ရှင်လာခဲ့ပြန်ပါတယ်..။
(၃)
ဖေဖေဟာ ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့အတွက် အစိုးရကပေးတဲ့ ဝန်ထမ်းအိမ်ယာ(ကွာတာ)မှာ ကျမတို့နေခဲ့ရတယ်။
တစ်ဦးတည်းသော သမီးဖြစ်တဲ့ကျမဟာ အလိုလိုက်တဲ့ မိဘအပေါ်မှာသာ ကက်ကက်လန်အောင်စွာတတ်ပေမယ့် အပြင်လောကမှာ ယုန်သူငယ်လို အမြဲကြောက်ရွံ့နေတတ်တယ်။ ကြောက်ရွံ့တယ်ဆိုတာထက် အားနာတတ်တာ..။
ကျမ ခပ်ရေးရေးမှိတ်မိနေတဲ့ အဖြစ်အပျက်လေးတစ်ခုကတော့ ကျမ အသက်(၇)နှစ်ခန့်မှာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မီးရထားကွာတာထဲက အ.မ.က(၅)မူလတန်းကျောင်းမှာ ပညာသင်ကြားနေစဉ်အရွယ်ကပေါ့..။
ဝန်ထမ်းသားသမီးအများစု နေတဲ့ကျောင်းဖြစ်တဲ့အတွက် ကျောင်းလေးဟာ မပြည့်စုံဘူး၊ အဲဒီအချိန်တုန်းက တချို့စီးပွားရေးလုပ်ငန်းရှင်များဟာ အားဆေးများ နို့မှုန့်များကို လာရောက်လှူဒါန်းလေ့ရှိတယ်။ ဒန်အိုးအကြီးကြီးထဲမှာ နို့မှုန့်တွေထည့်ဖျော်ပြီး ဒန်ခွက်တစ်ခွက်စီနဲ့ ကျောင်းသူ ကျောင်းသားတွေကို (၃)လတစ်ကြိမ်/ (၆)လတစ်ကြိမ် ဝေငှတိုက်ကျွေးလေ့ရှိတယ်။
ခပ်ကျဲကျဲနို့မှုန့်ရည်ဆိုပေမယ့် အမြှုတ်တွေထနေတဲ့ အဲဒီနို့မှုန့်ရည်ရဲ့အရသာကို ကျမ သိပ်ကြိုက်ခဲ့တာ..။
အဲဒီလိုနဲ့ နွားနို့တိုက်ရက်တစ်ရက်မှာ ကျမတို့ကလေးတွေ နွားနို့တစ်ခွက်ရဖို့ တန်းစီနေတုန်း ကျမရဲ့သူငယ်ချင်းတစ်ယောက်ဟာ ချော်လဲပြီး သူရဲ့နွားနို့ခွက်လေး မှောက်သွားခဲ့တယ်။
သူငိုတယ်...ငိုတာမှအရမ်းကို ငိုတာ..း(
ပိုဆိုးတာက သူက ကျပ်မပြည့်ဘူး၊ “စိတ်” ဆိုတဲ့ဆောင်းပါးထဲမှာသူ့အကြောင်း ကျမရေးဖူးပါတယ် (သွေးကင်ဆာနဲ့ကွယ်လွန်သွားခဲ့တဲ့အကြောင်း)၊ လူတွေပြောပြောနေတဲ့ သိုက်ကလာတယ်ဆိုတဲ့ ကျပ်မပြည့်တဲ့ရုပ်ဆိုရင် စာဖတ်သူတို့ မျက်လုံးထဲမှာ မြင်ကြည့်လို့ရမယ်ထင်ပါတယ်။

မြေကြီးပေါ်မှာ ပြန့်ကြဲသွားတဲ့နွားနို့ရည်တွေကိုကြည့်ပြီး သူငိုတယ်၊ ကျမသောက်နေတဲ့နွားနို့ခွက်ကို သူကြည့်ပြီး ငိုနေတယ်။ နောက်ဆုံး ကျမရဲ့ကိုယ်တာနွားနို့ကို သူ့ကို တစ်ဝက်ခွဲပေးလိုက်တယ်။
အဲဒီအချိန်က စပြီး သူ အငိုတိတ်သွားတယ်။
အဲဒီနေ့က ကျမ နွားနို့သောက်ရတာ မဝဘူး၊ ဒါပေမယ့် ကျမ ပျော်တယ်၊ အဲဒီအချိန်က ခံစားချက်လေးကို ကျမ ခုထိမှတ်မိနေခဲ့တယ်..။
သူနဲ့ကျမ ပိုပေါင်းဖြစ်သွားတဲ့အကြောင်း(၂)ချက် ရှိတယ်၊ ကျမက တစ်ဦးတည်းသော သမီး၊ အိမ်မှာပဲ ဂန်ကျယ်တာ၊ ကျောင်းရောက်ရင် သူငယ်ချင်းတွေကို အားနာတတ်တာနဲ့ အလျှော့ပေးပြီး ပေါင်းလေ့ရှိတယ်။ သူငယ်ချင်းတွေကလည်း ကျမရဲ့အကြောင်းကို သိတော့ အမြဲဗိုလ်ကျလေ့ရှိတယ်။ ကျမကျောင်းသွားရင် မေမေက မုန့်ဖိုး(၁)ကျပ် ပေးလေ့ရှိတယ်၊ တစ်နေ့မှာ မေမေ့ဆီက မုန့်ဖိုးရပြီးသားကို ဖေဖေ့ဆီက ထပ်တောင်းတာ မေမေမြင်သွားတယ်၊ ကျမကိုတော့ မေမေဘာမှမပြောဘူး။
ကျမကျောင်းသွားတော့ မေမေက ဖေဖေ့ကိုမေးတယ်၊ ကျမ အဲလိုပဲ ဖေဖေ့ဆီက မုန့်ဖိုးတောင်းလေ့ရှိလားတဲ့။ ဖေဖေကလည်း “အင်း”ပေါ့။ ကျမ ကျောင်းကပြန်လာတော့ မေမေက ကျမကို ချော့ပြီးမေးတယ်။ “သမီးကျောင်းမှာ ဘာတွေစားလဲ”ပေါ့၊ ကလေးဆိုတော့ ကတ်စေးနဲ၊သာကူ၊ ငှက်ပျောသီးပေါင်း အဲဒါမျိုးလေးတွေဝယ်စားတာပေါ့။
ကျမစားတဲ့မုန့်ရဲ့တန်ဖိုးနဲ့ ကျမမှာရှိတဲ့ပိုက်ဆံကို မေမေတွက်ကြည့်တယ်။
ငွေကုန်တာက ပိုများနေတယ်၊ အဲဒီမှာ မေမေ ကျမကို စစ်တော့တာပေါ့၊
မတတ်နိုင်တဲ့နောက်ဆုံး အဖြစ်မှန်ကို ကျမပြောပြလိုက်ရတယ်။
ကျောင်းက ကျမနဲ့အတန်းဖော်သူငယ်ချင်းတစ်ချို့ဟာ မုန့်ဖိုးမရကြဘူး၊ မုန့်စားကျောင်းဆင်းရင်
အိမ်ကိုပြေးပြီး ထမင်းစားကြရတယ်။ ကလေးဆိုတော့လည်း ကျောင်းကရောင်းတဲ့မုန့်ပဲ သားရေစာကိုစားချင်ကြတာပေါ့။ ကျမကတော့ မုန့်စားကျောင်းဆင်းရင် အိမ်ကိုမပြန်တော့ဘူး(ရပ်ကွက်ထဲက ခွေးတွေကိုကြောက်လို့)၊ မေမေထည့်ပေးလိုက်တဲ့ ဖီးကြမ်းငှက်ပျောသီးတစ်လုံး၊ဘီစကစ်(၂)ချပ်နဲ့ ကော်ဖီရည်ကို သောက်ရင်သောက်၊ မုန့်ဈေးတန်းက မုန့်ပဲ သားရေစာကိုစားချင်တယ်ဆိုရင် ဝယ်စားဖို့ တစ်ရက်ကို တစ်ကျပ်နှုန်းနဲ့ပေးလေ့ရှိတယ်။
ပြဿနာက အဲဒီမှာ စတာ..
ကျမက မုန့်စားနေရင် အတန်းဖော်သူငယ်ချင်းတွေက စားချင်ကြတယ်၊ နောက်ဆုံး ဘယ်လိုဖြစ်လာလဲဆိုတော့ သူတို့နဲ့ကျမ အတူ ကစားခွင့်ကို မုန့်နဲ့လဲရတယ်။ မုန့်မကျွေးရင် သူတို့ရဲ့ကစားပွဲထဲမှာ ကျမ ပါခွင့်မရဘူး။ အဲဒီအတွက် ဖေဖေ့ဆီက ရတဲ့ကြားပေါက်မုန့်ဖိုးကို သူငယ်ချင်းတွေအတွက် မုန့်ဝယ်ပေးရတဲ့အကြောင်း မေမေ့ကိုပြောပြလိုက်ရတယ်။
နောက်တစ်နေ့မှာ မေမေ ကျောင်းကိုလိုက်လာပြီး ဆရာမကြီးနဲ့စကားတွေအများကြီးပြောတယ်။ ကျမရဲ့ကစားဖော်သူငယ်ချင်းတွေရဲ့မိဘတွေကိုလည်း ဆင့်ခေါ်ပြီး အတန်းပိုင်ဆရာမမှတဆင့် သတိပေးခံရတယ်။ အဲဒီအချိန်ကစပြီး သူငယ်ချင်းတွေဟာ ကျမနဲ့ကစားဖို့ ကျမရဲ့မုန့်ကိုစားဖို့ လက်တွန့်သွားကြတယ်။ ကျမအတွက် အဖော်ဆိုလို့ ကျပ်မပြည့်တဲ့သူငယ်ချင်းမလေးပဲရှိတော့တာ..။ သူမကိုလည်း အရူးမဆိုပြီး ကလေးတွေကမပေါင်းကြဘူး အဲဒီမှာတင် သူမနဲ့ကျမ ပေါင်းဖြစ်သွားခဲ့တယ်။ သူနဲ့ကျမ သံယောဇဉ် သိပ်ကြီးကြတယ်၊ သူ့ကို စိတ်မနှံ့ဘူးဆိုပြီး ဘယ်ကလေးကမှ မပေါင်းကြဘူး၊ တစ်ကယ်တော့ သူက မရူးဘူး၊ စိတ်မပြည့်တာ၊ ပြောရင်နားလည်တယ်၊ သဘောပေါက်တယ်၊
အဲဒီနှစ်မှာပဲ သူ သွေးကင်ဆာနဲ့ကွယ်လွန်သွားခဲ့တယ်
(၄)
ကျမ (၄)တန်းနှစ်မှာ ဖေဖေရဲ့အလုပ်တာဝန်နဲ့ မန္တလေးကိုပြောင်းရတယ်။
အစိုးရကပေးတဲ့ အရာရှိရိပ်သာဆိုတာရှိတယ်။ ခြံအဝင်ဝက ကင်းတဲလေးရယ်၊ မန်ကျီးပင်ကြီး(၂)ပင်ရယ်၊ အင်္ဂလိပ်ခေတ်(၂)ထပ်တိုက်အနီကြီးတစ်လုံးရဲ့အောက်ထပ်မှာ ကျမတို့မိသားစု(၃)ယောက်နေခဲ့ရတယ်။ အပေါ်ထပ်မှာတော့ လက်မှတ်စစ်ချုပ်သားအမိနေတယ်။ ခြံကြီးရဲ့အနောက်ဖက်မှာ ခပ်လှမ်းလှမ်းမှာ အရူးထောင်ရှိတယ်လို့ သိရတယ်။
ခြံရဲ့ညာဖက်ကို ၁၅မိနစ်လောက်ဆက်လျှောက်မယ်ဆိုရင် မန္တလေးကျုံးကိုရောက်ပါတယ်။
ကျမ သိပ်တော့မမှတ်မိတော့ဘူး။
မန္တလေးမှာ (၁)နှစ်လောက် ကျမတို့မိသားစုနေခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက ကျမမှာသူငယ်ချင်းမရှိဘူး၊
ကံကောင်းချင်တော့ အဲဒီတိုက်ကြီးမှာ အရင်မိသားစုတွေမွေးထားတဲ့ကြောင်လေးတစ်ကောင်ရှိနေခဲ့တယ်။
ယခင် မိသားစုတွေက ပြောင်းသွားပေမယ့် ကြောင်လေးကို မခေါ်သွားကြတဲ့အတွက် အဲဒီကြောင်လေးဟာ ကျမရဲ့အဖော်ဖြစ်ခဲ့ရတယ်။ မေမေက အဲဒီကြောင်လေးကို အဝါရောင်အကြားလေးမို့“ ရွှေဝါ”လို့ နာမည်ပေးခဲ့တယ်။။
ပြီးတော့ ခြံနောက်ဖက်မှာ နေတဲ့ ကင်းစောင့် လင်မယားမှာ ကျမနဲ့ရွယ်တူ သမီးလေးတစ်ယောက်ရှိတယ်။ သူနဲ့ကျမ ကစားဖော်ဖြစ်ခဲ့တယ်။
ကျန်သေးတယ်..
သူတို့ဆီမှာ မွေးထားတဲ့နွားပေါက်လေးတစ်ကောင်ဟာလည်း ကျမရဲ့ကစားဖော်ဖြစ်ခဲ့တယ်။
စနေ တနင်္ဂနွေကျောင်းပိတ်ပြီဆိုရင် ကျမရယ်၊ အဲဒီကောင်မလေးရယ်၊ မန်ကျီးရွက်နုနုလေးတွေကို ကင်းတဲပေါ်ကနေ မမှီမကန်းခူးပြီး မြေကြွင်းထဲမှာ ဖက်ခင်း၊ မန်ကျီးရွက်ထည့်၊ စားထည့်၊ ဆီထည့်၊ ဖက်ရွက်နဲ့အုပ်၊ ပါးစပ်ကလည်း ကဗျာလိုလိုစာသားတွေကိုရွတ်ပြီး ဖနောက်နဲ့တစ်ယောက်တစ်လှည့်စီပေါက်၊ ပြီးမှ ဖနောက်နဲ့ပေါက်လို့ နွမ်းနေပြီဖြစ်တဲ့ မန်ကျီးရွက်သုပ်ကို စားကြတယ်။
အခုပြန်စဉ်းစားရင် ရီစရာလေးပေါ့၊ နေသာတဲ့နေ့လည်ခင်း ကျောင်းပိတ်ရက်မျိုးဆိုရင် နွားပေါက်လေးက ခြံဝင်းထဲက မြက်တွေကိုစား၊ ကျမနဲ့ ကျမရဲ့သူငယ်ချင်းက နွားလေးရဲ့အမှီးကိုဆွဲပြီး ပြေးတော့ နွားလေးက အနောက်ကနေလိုက်ပါလေရော..၊ အဝေးကြီးမလိုက်ပါဘူး။။ ၁၀ပေလောက်လိုက်ပြီး မြက်ပင်တွေကိုစားနေပြန်ရော။ အဲဒီလိုလည်း ကစားဖူးတယ်။
မိုးတွင်းဆိုရင်တော့ ခြံကြီးထဲမှာ မိုးရည်တွေနဲ့ပြည့်နှက်နေတတ်တာရယ်၊ မြက်တောထဲမှာ မြွေပေါက်လေးတွေမကြာခဏတွေ့တတ်တာရယ်ကြောင့် မေမေက ကျမကိုခြံထဲဆင်းဆော့ခွင့်မပြုပါဘူး။ အိမ်ထဲမှာ အနေများတဲ့အဲဒီလိုအချိန်မှာ ရွှေဝါလေးဟာ ကျမရဲ့ကစားဖော်ဖြစ်လာခဲ့တယ်။
စက္ကူလေးကို ကြိုးလေးနဲ့ချီပြီး ကျမက ရှေ့ကပြေး၊ ရွှေဝါလေးက နောက်ကလိုက်နဲ့ သိပ်ပျော်ခဲ့တဲ့ ကျမရဲ့အမှတ်တရနေ့လေးတွေပေါ့။
မနက်မိုးလင်းရင် ရွှေဝါလေးက ကျမအိပ်တဲ့ကုတင်အောက်ကနေ တစ်ညောင်ညောင်နဲ့ကျမကိုနှိုးလေ့ရှိတယ်။ ကျမ နိုးလို့ မုန့်စားရင် စားပွဲအောက်ကို ဖဲ့ချပေးထားတဲ့ ပေါင်မုန့်အပဲ့လေးတွေကို သူက စားရတာကိုး..။
ကျမ အကျင့်လုပ်ထားတာ..။ မိုးအေးလို့ စောင်ပုံထဲမှာ ကျမကွေးနေပြီဆိုရင် ရွှေဝါက ကျမခြုံထားတဲ့စောင်ပေါ်ကနေ ကျမကို နှိုပ်ပေးတတ်တယ်။
ကြောင်လေးတွေ နှိုပ်တာ မြင်ဖူးကြမယ်ထင်ပါတယ်။
လူရဲ့ကိုယ်ပေါ်မှာ ဟိုဖက်ဒီဖက် လမ်းလျှောက်နေတာမျိုးလေ။
တစ်နေ့..
ရွှေဝါလေးဟာ အုန်းဆံကြိုးပုံစံလေးကို သူ့ရဲ့လက်လေးနဲ့ဆော့ကစားနေတာကို
မေမေတွေ့လို့ကြည့်မိတော့ မြွေပေါက်လေးဖြစ်နေတယ်။
မြွေပေါက်လေးဟာလည်း ရွှေဝါကိုက်ထားလို့ မသေမရှင်ဖြစ်နေပါပြီ။
အဲဒါနဲ့ပဲ မြွေပေါက်လေးကို ခြံဝင်းထဲကို တံမျက်စည်းနဲ့ ခါထုတ်ပစ်ခဲ့တယ်။
နောက်နေ့တွေမှာ ရွှေဝါလေးဟာ အစာမစားတော့ပဲ ခွေနေပါတော့တယ်။ တရိစ္တာန်ဆေးခန်းကိုပြတဲ့အခါ မြွေဆိပ်မိတယ်လို့ယူဆရကြောင်းဆရာဝန်ကပြောပါတယ်။
နောက်၃ရက်လောက်မှာ ကျမအိပ်နေတုန်း မေမေက ကျမကိုနှိုးပါတယ်..။
“သမီးလေး. ခဏထကြည့်စမ်း..၊.ရွှေဝါလေးအော်နေတယ်”တဲ့။
ကျမ အိပ်ယာထဲကနေ လူးလဲထပြီး ကုတင်ပေါ်ကနေ ငုံ့ကြည့်တော့ ရွှေဝါလေးဟာ ကျမအိပ်တဲ့ကုတင်အောက်ကနေ “တညောင်ညောင်”နဲ့အော်ပြီး ခဏအကြာမှာ ခွေခွေလေးသေဆုံးသွားခဲ့တယ်..။
အဲဒီကတည်းက အိမ်မွေးတရိစ္ဆာန်ဆိုရင် အဝေးကနေပဲ ကျမချစ်တယ်၊ အိမ်မှာမမွေးဘူး၊ တရိစ္ဆာန်ဆိုပေမယ့် လူတစ်ယောက်ဆုံးရှုံးသလိုပဲ ကျမခံစားခဲ့ရတယ်၊ ငိုခဲ့ရတယ်။
ပိုဆိုးတာက ကျမက ကလေးအရွယ်ဆိုတော့ တရိစ္ဆာန်လေးတွေကို ပိုသံယောဇဉ်ရှိတာကိုး..။

ကျမလို တစ်ဦးတည်းသောသမီး၊ မောင်နှမ မရှိတဲ့တစ်ကိုယ်တည်းသမားတွေဟာ သံယောဇဉ်သိပ်ကြီးတတ်ကြတယ်၊ သူငယ်ချင်းကိုလည်း ပိုခင်တတ်ကြတယ်။
သူများထက်လည်းပိုချစ်တယ်၊ အားလည်းငယ်တတ်တယ်၊ ဂရုစိုက်လည်းခံချင်တယ်၊ ခံစားချက်ပျင်းတယ်...၊အစွဲလန်းလည်းကြီးတယ်။
ဟိုး..ငယ်ငယ်လေးကတည်းက အဲဒီလိုခံစားချက်လေးတွေနဲ့ ရှင်သန်ခဲ့ရတဲ့ ကျမရဲ့ငယ်ငယ်တုန်းက အကြောင်းလေးကို ဒီမှာပဲ အဆုံးသတ်ခွင့်ပြုပါရှင်...။

24 comments:

rose of sharon said...

သူငယ်ချင်းလေး... သံယောဇဉ်ကြီးတတ်တဲ့ ကိုယ့်သူငယ်ချင်းလေးဟာ စိတ်ကောင်းရှိသူလေးလဲဖြစ်တယ်... <3 U :)

သက်ဝေ said...

ချစ်စရာ ပျော်စရာ အမှတ်ရစရာတွေ များစွာနဲ့  ငယ်ဘဝလေး...

Angelhlaing(May everybody be happy and healthy! said...

အင်း..မမက တစ်ဦးတည်းသော သမီးမို့ ညီမလေးတို့ ကျတော့လည်း များလွန်းတဲ့မောင်နှမ ...လောကကြီးက ဖြစ်တက်တယ်နော်....
မမရေ...ငယ်ဘဝ အမှတ်တရလေး ဖတ်သွားတယ်လို့..

အလင်းသစ် said...

ငယ်ငယ်တုန်းက အကြောင်းလေးတွေကို ထပ်ပြီးဖတ်သွားပါတယ် အမရေ့...

နွေမင်းလွင် said...

စာဖတ်ရင်း ကျနော် ငိုချင်လာတယ်။ နတ်သမီး ကို ကျနော် ခင်မိတာ ဒီလို ရသတွေ ရေးတတ်လို့နေမှာနော်။ နေ့ခကိးက လိုင်းပေါ်တက်တော့ အသစ် မတင်သေးဘး။ ဒီညတက်လိုက်တော့ ပို့စ် အသစ်တင်ထားတာတွေ့တယ်။ ဒါနဲ့ ၀င်ဖတ်ကြည့်မိတာ။ ကျနော်လည်း ကျနော့် ငယ်ဘသ လေးကို ရေးဖို့ စိတ်ကူးရှလို့ပါ။

နွေမင်းလွင် said...

စာဖတ်ရင်း ကျနော် ငိုချင်လာတယ်။ နတ်သမီး ကို ကျနော် ခင်မိတာ ဒီလို ရသတွေ ရေးတတ်လို့နေမှာနော်။ နေ့ခကိးက လိုင်းပေါ်တက်တော့ အသစ် မတင်သေးဘး။ ဒီညတက်လိုက်တော့ ပို့စ် အသစ်တင်ထားတာတွေ့တယ်။ ဒါနဲ့ ၀င်ဖတ်ကြည့်မိတာ။ ကျနော်လည်း ကျနော့် ငယ်ဘသ လေးကို ရေးဖို့ စိတ်ကူးရှလို့ပါ။

jasmine(တောင်ကြီး) said...

ကျမလို တစ်ဦးတည်းသောသမီး၊ မောင်နှမ မရှိတဲ့တစ်ကိုယ်တည်းသမားတွေဟာ သံယောဇဉ်သိပ်ကြီးတတ်ကြတယ်------တူတယ်
ဂျက်လဲအဲလိုပဲ အချစ်လဲကြီးတယ်
စိတ်ဝင်စားဖို့ကောင်းတဲ့ပုံပြင်လေးဖတ်ရသလိုပဲ
ချစ်တဲ့ jasmine

မိစံ said...

အမှတ်တရများစွာနဲ့
ငယ်ဘ၀လေးက
ချစ်ဖို့ကောင်းလိုက်တာ
အားနာတတ်တဲ့သူဆိုတော့
အတော်ပါပဲ
ပိုက်ပိုက်ချေးလို့ရပြီပေါ့း)

ချစ်ခင်လျှက်

blackroze said...

အမရေ
ငယ်ငယ်ကအကြောင်းလေးတွေ
ဖတ်သွားတယ်နော်..

မဒမ်ကိုး said...

တစ်ဦးတည်းသောသမီးချင်းမို့အဖြစ်ချင်းတွေတော်တော်ဆင်တဲ့ မမရဲ့ငယ်ဘ၀လေးကိုဖတ်သွားပြီ မမရေ

ချစ်တဲ့

မဒိုးကန်

san htun said...

တဦးတည်းသော သားသမီးတွေက သံယောဇဉ်ကြီးတယ်ဆိုတာ အမှန်ပဲနော့..

မြသွေးနီ said...

နတ်သမီးငယ်ဘ၀က စိတ်ဝင်စားစရာလေး...
အသက်တွေကြီးလာချိန်မှာ ငယ်ဘ၀ကို ပြန်တွေးရတာ အရသာ...။

မောင်(စွယ်စုံကျမ်း) said...

ဒို့ မ က ဘယ်အချိန်ရေးလိုက်လဲမသိရဘူး ဒီမှာတော့ တဂ်ထားသေးတာ ရေးပြီးတာ သိလိုက်ဘူး..ဟိဟိ

ချော(အစိမ်းရောင်လွင်ပြင်) said...

နတ်သမီးရဲ့ ငယ်ဘဝက သနားစရာ ချစ်စရာလေး...
တစ်ဦးတည်းသော သမီးဆိုတော့ အဖော်ကို ပိုပြီး ခင်မင်တွယ်တာမှာနော်
အစ်မတို့ကတော့ မောင်နှမ ၆ယောက်တောင်..
အောက်က မောင်ညီမတွေကို ထိမ်းနေရတာနဲ့ ဆော့ချိန်တောင် သိပ်မရှိလိုက်ပါဘူး..
ဘာဘဲဖြစ်ဖြစ် ငယ်ဘဝဆိုတာကတော့ မမေ့နိုင်စရာ ဘဝရဲ့ အမှတ်တရအစိတ်အပိုင်းဘဲ မဟုတ်လားနော်..

ကိုအောင် said...

ငယ်ငယ်တုန်းက ချူချာပေမယ့် အခုတော့ ဒေါင်ဒေါင်မြည်ပေါ့ ...း)

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ငယ်ငယ်ကဘယ်လိုချူခြာ ချူခြာ
ဥဒေါင်းငှက်များလို့ ငယ်ငယ်က ဆိုးပေမယ့်
ကြီးရင်လှတဲ့အမျိုးတဲ့
အဲဒါ အစ်မကိုပြောထှာာာ

လင်းဦး(စိတ်ပညာ) said...

သံယောဇဉ်ကြီးတတ်သူကြီး.... ကျန်းမာရေးလည်း ဂရုစိုက်ဦး... ခြေထောက်လည်း အအေးမခံနဲ့ဦး။

မေဓာဝီ said...

နတ်သမီးရဲ့ ငယ်ငယ်က အကြောင်းလေးတွေ ဆက်ပြီး ဖတ်ချင်နေသေးတယ်။

shwewunyatana said...

နတ်သမီးရေနေကောင်းပါစ..နတ်သမီးရဲငယ်ဘဝလေတွေကိုဖတ်ရတာမျက်ရည်တောင်လည်မိတယ်တော်တော်အရေ
သားကောင်းပါတယ်...

မေတ္တာဖြင့်..
ရွှေဝန်းရတနာ...

ကိုဇော် said...

ဖတ်ရတာ ကောင်းလိုက်တာ။ တော်တော် သဘောကျတဲ့ ပို့စ်လေးပါပဲ။

Han Kyi said...

နတ်သမီးအကြောင်း ဖတ်ရတာ စိတ်ထဲမှာ တစ်မျိုးပဲ...တစ်ယောက်တည်းမွေးထားတော့ အပေါင်းအသင်းမင်တာ သဘာဝကျပါတယ်လေ...

ငယ်ငယ်တုန်းက စိတ်ကောင်းစေတနာကောင်းလေးတွေကို ဆက်လက်ပြီး ထိန်းသိမ်းထားနိုင်တဲ့ နတ်သမီးတစ်ယောက်
အစစအရာရာ အဆင်ပြေပါစေဗျား...

အဖြူရောင်နတ်သမီး said...

Blogger အဖြူရောင်နတ်သမီး said...

သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ်။
ဒီပို့စ်လေးကို ရေးခဲ့တုန်းက နတ်သမီး တစ်ကယ်ပဲ မျက်ရည်ကျခဲ့ရပါတယ်။
မွေးကတည်းက ချူခြာခဲ့တဲ့ ကျန်းမာရေးက အခုထိ ချူခြာနေတုန်းပါပဲ။
အဘကြိုင်ပြောတဲ့ ဒေါင်းမျိုးဆိုတာကတော့ ဟုတ်မယ်ထင်တယ်၊ နတ်သမီးငယ်ငယ်က အရမ်းရုပ်ဆိုးတယ်၊ ကြီးလာမှ ကြည့်လို့အဆင်ပြေလာတာ။
တစ်ဦးတည်းသောသမီးမို့ အဖော်မင်တာရယ်၊ ငယ်ငယ်က အပယ်ခံထားရတာတွေရယ်က နတ်သမီးကို ခုချိန်ထိ စိတ္တဇဖြစ်စေခဲ့တယ်။
ခုချိန်မှာလည်း လုပ်ငန်းခွင်ကသူငယ်ချင်းတွေ၊ ဘလော့ဂ်ကသူငယ်ချင်းတွေ၊ FB ကသူငယ်ချင်းတွေက နတ်သမီးကိုမခေါ်ကြတဲ့အခါ(တစ်ခါတစ်လေ သူတို့လည်း အလုပ်ရှိမှာပေါ့၊နားလည်ပေမယ့် ကိုယ်ကစိတ္တဇခံ ရှိခဲ့တာကိုး)စိတ်ထဲမှာ ဝမ်းနည်းတတ်တယ်။
မမေဓာဝီပြောသလို နတ်သမီးရဲ့အကြောင်းကို ဆက်ရေးရမယ်ဆိုရင် ဝမ်းနည်းစရာတွေမှအများကြီးပါပဲ၊ အမျိုးတွေရဲ့နှိပ်စက်မှုအောက်မှာ ကြီးပျင်းခဲ့ရတာတွေကိုရေးပြရင် နတ်သမီးအတွက် စိတ်မကောင်းဖြစ်ကြမှာ..း(
နောင်ဘဝများရှိခဲ့မယ်ဆိုရင် အိန်ဂျယ်လေးနဲ့မချောတို့လို မောင်နှမအများကြီးနဲ့နေရပါစေလို့ ဆုတောင်းပါတယ်။
ဒီပို့စ်လေးကို ရေးဖြစ်အောင် တဂ်ပေးကြတဲ့ မမသက်ဝေ မမချစ်ကြည်အေးနဲ့ AaBအဖွဲ့သားများအားလုံးကိုလည်း အရမ်းကျေးဇူးတင်ပါတယ်ရှင်..။

ဘိုဖြူ said...

ကျန်းမာရေးကိုဂရုစိုက်ပါဗျာ
မိဘတွေနဲ့ဝေးနေရတာ ကျန်းမာဖို့ကအဓိကပါပဲ
တစ်ယောက်ထဲသမားတွေက နဲနဲတော့အထီးကျန်တယ်လေ

mstint said...

နတ်သမီးရဲ့ငယ်ငယ်တုန်းက တဂ်ပို့စ်လေးတင်တုန်းက တီတင့်ရဲ့ဘလော့ပြင်နေတဲ့အတွက် အလည်လာဘို့ ပျက်ကွက်နေခဲ့တယ်။ ဒီကနေ့မှ အကြွေးပို့စ်တွေ လိုက်ဖတ်ရတယ်။ နတ်သမီးရဲ့ငယ်ဘဝလေးကို ဖတ်ပြီး ဝမ်းနည်းဝမ်းသာ ရသစုံတစ်ပြိုင်တည်းခံစားရတယ်။
အားငယ်တဲ့အခါ နေမကောင်းဖြစ်တဲ့အခါ တီတင့်ကို လှမ်းခေါ်လိုက်နော် စားချင်တာလည်းလုပ်ကျွေးမယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger