Thursday, March 8, 2012

မေမေ့အပြုံး အလှဆုံး

“သမီး နိုးလာပြီလား...လည်ပင်းနာနေသေးလား သမီး”...
မျက်နှာသစ်ရန် မီးဖိုထဲသို့ဝင်လာသော ကျမအား ဟင်း ချက်နေသော မေမေမှလှမ်းမေးလိုက်ခြင်းဖြစ်သည်။
လည်ပင်းတွင်းမှ နာကျင်လွန်းသော ဝေဒနာကြောင့် နှုတ်မှပြန်မဖြေပဲ မေမေ့အား ခေါင်းညှိတ်ပြလိုက်၏။
“သမီး မျက်နှာမသစ်ခင် မေမေ့ရှေ့မှာ ခနထိုင်ပါအုံး” ..“ခေါင်းမော့ထား သမီး”..
မေမေသည် ကျမ၏ လည်ပင်းမှအရည်ကြည်ဖုလေးများကို အချိန်အနည်းငယ်ကြာ လျှာနှင့်လျက်ပေးရင်း ကျမရောဂါ သက်သာစေရန် ပါးစပ်မှလည်း တတွတ်တွတ်ရွတ်ပြီး ဆုတောင်းပေးနေသေးသည်။
“မေမေ့သမီးလေးခံစားနေရတဲ့ ဝေဒနာများ ပိန်းကြာရွက်ပေါ်ရေမတင်သကဲ့သို့ အမြန်ဆုံးသက်သာပျောက်ကင်းပါစေ...ကဲ..ကဲ...မျက်နှာသွားသစ်တော့..သမီး”...
“အဲဒီလို ဘာကြောင့်လုပ်ရတာလဲ မေမေ”...
“ဘေးအိမ်က ဒေါ်ထွေးပြောလို့ မေမေလုပ်ကြည့်တာ..ရေခြောက်ရောဂါကြောင့် သမီးရဲ့ကိုယ်တွင်းမှာ အပူများပြီး တံတွေးမျိုချလို့မရလောက်အောင် လည်ချောင်းနာတာရယ်၊ လည်ပင်းမှာပေါက်နေတဲ့အရည်ကျည်ဖုတွေပေါက်သွားရင် အမာရွတ်တွေကျန်ခဲ့တဲ့အခါ သမီးအလှပျက်မှာစိုးလို့ မိခင်က လျှာနဲ့လျက်ပြီး ရောဂါတွေကို ဖယ်ထုတ်ပစ်ရတယ်တဲ့”..
“အဲဒီလိုလုပ်ရင်လည်း ဝေဒနာရှင်အိပ်ယာထကာစ မျက်နှာမသစ်ရသေးတဲ့အချိန်ကိုရွေးလုပ်ရတာတဲ့..သမီးရဲ့”...
“ရှေးအယူပေါ့...ဟုတ်သော်ရှိ မဟုတ်သော်ရှိ...စမ်းကြည့်တာပေါ့သမီးရယ်...မေမေ့သမီးလေး ခံစားနေရတဲ့ ဝေဒနာ သက်သာသွားရင် အမြတ်ပဲလေ”...
ရိုးသားလှသော မေမေအား ကျမအံ့သြစွာကြည့်ရင်း ...
“သမီးလည်ပင်းက အရည်ကျည်ဖုတွေကို မေမေလျှာနဲ့လျက်နေတုန်း အရည်ကျည်ဖုတွေမေမေ့ပါးစပ်ထဲမှာ ပေါက်သွားခဲ့ရင် မေမေမရွံဘူးလားဟင်..”..
“မိခင် ဆိုတာ ကိုယ့်သားသမီးတွေအတွက် ကိုယ့်ဘဝကိုပေးဆပ်ထားတဲ့သူတွေပါ..၊မေမေ့ရဲ့သွေးကနေ သမီးဖြစ်လာခဲ့တာပဲ...
သမီးရဲ့ကိုယ်ပေါ်က အရည်ကျည်ဖုတွေကို မေမေမရွံပါဘူးသမီးရယ်..သမီးကို မေမေမွေးခဲ့တာပါ...”...


ကျမမှတ်မိပါသေးသည်၊ ငယ်ရွယ်စဉ်ကလေးဘဝက ပေါက်ခဲ့ပြီးဖြစ်သော်လည်း ကျမ၏အသက် ၁၅နှစ်ခန့်တွင် ထပ်၍ပေါက်ခဲ့သော ရေခြောက်ဟုခေါ်သည့်ကိုယ်တွင်းအပူကန်ခြင်း ရောဂါတမျိုးကြောင့် ကျမ၏ကိုယ်ခန္ဓာအနှံ့အပြားမှ အရည်ကျည်ဖုများကြောင့် ကျမမှာ ကိုယ်လက်မအီမသာဖြစ်ခြင်း၊တကိုယ်လုံးယားယံခြင်း ဝေဒနာကိုတပတ်ကြာမျှ ခံစားနေရသောအချိန်ဖြစ်သည်။
ပိုဆိုးသည်က ထိုရောဂါကိုခံစားနေရသူသည် လေတိုက်မခံရ၊လေနှင့်ထိတွေ့လျှင် ကိုယ်ခန္ဓာပေါ်မှအရည်ကျည်ဖုများသည် ပို၍ယားလာတတ်သည်၊ ယားလျှင်လည်း ကုတ်၍မရ၊ ကုတ်ပါက အရည်ကျည်ဖုများပေါက်၍ အမာရွတ်များကျန်ခဲ့မည်ဆိုးသောကြောင့် အလှကြိုက်သည့်ကျမမှာ ထိုအချိန်က တော်တော်လေးကို အခံရခက်ခဲ့ဖူးသည်။
ကိုယ်တွင်းအပူများလှသော ကျမ၏ လည်ချောင်းမှာလည်း တံတွေးမျိုချ၍မရလောက်အောင် နာကျင်လွန်းလှသည့်ဝေဒနာကိုခံစားနေရသည့်အချိန်တွင် ကျမ၏ လည်ပင်းမှ အရည်ကျည်ဖုများကို မရွံမရှာ လျှာနှင့်လျက်၍ သမီးဖြစ်သူ၏ ဝေဒနာသက်သာစေရန် ပြုမူခဲ့သော မေမေ့၏ ကြီးမားလှသောမေတ္တာကြောင့် လည်ချောင်းနာကျင်သော ဝေဒနာမှာ နောက်တနေ့တွင် အတော်ပင်သက်သာလာခဲ့ပြီး ကျမ၏ လည်ပင်းမှ အရည်ကျည်ဖုများမှာလည်း ရက်အနည်းငယ်အတွင်း ညှိုး၍ခြောက်သွားခဲ့သည်။ နောက် ရက်အနည်းငယ်အကြာတွင် ကျမမှာ ပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိလာခဲ့သည်။
ကျမ၏ ဝေဒနာများ ရက်အနည်းအတွင်း ကင်းစင်ခဲ့သည်မှာ ယနေ့ခေတ် ဆေးဝါးများကြောင့်လည်းဖြစ်နိုင်သည်...၊
သဘာဝအလျှောက်လည်းဖြစ်နိုင်သည်...၊မေမေပြုလုပ်ခဲ့သော ရှေးရိုးထုံးတန်းနှင့်လည်း ဆိုင်ချင်မှဆိုင်မည်....
သို့သော်.......................
မိခင်တို့၏ တုနှိုင်း၍မရသော အကြီးမားဆုံးသော မေတ္တာ..သည် “စိတ်”နှင့်ဆိုင်သော အကောင်းဆုံး ဆေးဝါးတလက် ဖြစ်သည်ကို မည်သူမှငြင်းနိုင်မည်မထင်ပါ..။

မှန်ရှေ့တွင်ထိုင်ပြီးအလှပြင်နေသော ကျမ၏ တကိုယ်လုံးကိုမေမေကြည့်သည်... ၊
ခြောက်သွေ့နေပြီဖြစ်သော အနာဖတ်များမှာလည်း အမာရွတ်များကျန်ရှိမနေပဲ သူ့အလိုလို ကွာကျသွားခဲ့လေပြီ။

မေမေပြုံးသည်....ကျေနပ်စွာပြုံးသည့်အပြုံး.....
ကမ္ဘာလောကကြီးတခုလုံးက အပြုံးတွေနဲ့ရှင်လျှင်တောင် မေမေ့အပြုံးအလှဆုံးပင်ဖြစ်ပါလိမ့်မည်...။

ယနေ့တွင်ကျရောက်သော ကမ္ဘာ့အမျိုးသမီးများနေ့တွင် မွေးမိခင်အား ဤပို့စ်လေးဖြင့် ဦးခိုက်ကန်တော့လိုက်ပါသည်။


7 comments:

ညီရဲသစ် said...

မိခင် မေတ္တာက တုနှိုင်းလို့ မမှီနိုင်ပါဘူးလေ... မိခင် မေတ္တာတရားကလဲ စွမ်းအားကြီးမယ်လို့ မျှော်လင့်မိပါတယ်...

လွင်ပြင်လှိုင်းငယ် said...

မိခင်မေတ္တာကကြီးမားလွန်းပါတယ်

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

နှိုင်းယှဉ်မရပါသော မာတာ

သဒ္ဓါလှိုင်း said...

ကြီမြတ်လှတဲ့ မိခင်မေတ္တာကိုရေးဖွဲ့ပေးတဲ့ နမ်းလေး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ဆန္ဒတွေအားလုံးပြည့်ဝမှာပါနော်။ ဘယ်တော့မှမမေ့နိုင်တဲ့ အမှတ်တရလေးတွေပေါ့။
ချစ်တဲ့
သဒ္ဓါ

ချစ်စံအိမ် said...

အမေအပြုံးအလှဆုံးလာဖတ်သွားပါတယ်
အမေနဲ့ပတ်သက်ရင် စာဖွဲ့ လို့မမှီပါဘူး မမရေ

san htun said...

မေမေ့ မေတ္တာက ကြီးမားလှပါတယ်..ဖတ်ရသူရင်ထဲ ကြည်နူးလိုက်တာ အမရေ

မဒမ်ကိုး said...

မိဘမေတ္တာကိုမြင်လိုက်ရတဲ့အချိန်မှာရင်ထဲမှာကြည်နူးအေးချမ်းသွားတယ်မမရေ

ချစ်တဲ့

ဒိုးကန်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger