Monday, May 28, 2012

အောက်လမ်း


“အောက်လမ်း”ဆိုတာ တစ်ကယ်ရှိပါသလား?
အောက်လမ်းပညာနဲ့ပြုစားလို့ သွက်သွက်ခါအောင် ရူးသွားတာ...
အောက်လမ်းနဲ့တိုက်လို့ တစ်မိသားစုလုံး ကားမှောက်သေဆုံးသွားကြတာ..
အဲဒီလိုအဖြစ်အပျက်မျိုးကရော တစ်ကယ်ရှိပါသလား?
ယုံသော်ရှိ မယုံသော်ရှိ ကျမရဲ့သူငယ်ချင်းတစ်ယောက် ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးတဲ့အဖြစ်အပျက်လေးတစ်ခုကို ပြောပြပါရစေ...။

ကျမရဲ့သူငယ်ချင်းနာမည်က “မေဦး”တဲ့၊ သူနဲ့ကျမဟာ ညီအစ်မလိုချစ်ကြတယ်၊
အိမ်ကလည်း ဘေးချင်းကပ်မို့ တစ်ယောက်အကြောင်း တစ်ယောက် သိနေကြတဲ့ အခင်ဆုံးသူငယ်ချင်းတွေပေါ့။
အဲဒီအတွက် သူ့ရဲ့မိသားစုအကြောင်း ကျမသိသလို ကျမရဲ့မိသားစုအကြောင်းကိုလည်း သူကသိနေခဲ့တယ်။

ကျမသူငယ်ချင်းရဲ့အစ်ကိုဟာ “မဉ္ဇူ”ဆိုတဲ့ ဟိန္ဓူအမျိုးသမီးတစ်ယောက်နဲ့အိမ်ထောင်ကျပြီး
မိသားစုနဲ့ တစ်အိမ်ထဲအတူ နေခဲ့ကြတယ်။

မဉ္ဇူရဲ့ဖခင်ဟာ ရှမ်းပြည်နယ်ဖက်က အထက်ဂိုဏ်းဆေးဆရာကြီးတစ်ဦးလို့သိရပါတယ်။ အဲဒီဆေးဆရာကြီးရဲ့ခြံဝင်းထဲမှာလည်း မှော်အတတ်ပညာနဲ့ ဝိဥာဉ်တွေကို အစောင့်ချထားတဲ့အတွက် မသမာတဲ့နည်းနဲ့ ခြံထဲကိုဝင်လာသူမှန်သမျှ အန္တရာယ်တစ်ခုခုနဲ့ကြုံတွေ့ရတယ်လို့ လူကြီးများရဲ့စကားအရ သူမကြားသိခဲ့ရတယ်။
ပြဿနာအစကတော့ မြန်မာမိသားစုအတော်များများမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အိမ်ထောင်သည်များသည် မိဘ၊ မောင်နှမများနှင့် အတူနေခြင်းပြဿနာပါပဲ။
သူမတို့မိသားစုမှာ အစ်ကို(၁)ယောက်နှင့် သူမအပါအဝင် ညီအစ်မ(၂)ယောက်ရှိတဲ့အတွက် ထုံးစံအတိုင်း သမီး ယောင်းမ ပြဿနာဟာ တစ်နေ့တစ်မျိုး မရိုးနိုင်ဘူးပေါ့ရှင်..။
သမီး ယောင်းမ မတည့်ကြလေတော့ ညီအစ်မ အချင်းချင်း ရိုးရိုးပြောတဲ့စကားတောင်မှ မဉ္ဇူဟာ သူ့ကိုစောင်းပြောတယ်လို့ထင်လာခဲ့ရင်း အညှိုးအတေးက ကြီးမားလာခဲ့တယ်။
အဲဒီကိစ္စနဲ့ လင်မယားချင်း စကားများပြီး မဉ္ဇူဟာ အိမ်ပေါ်က ဆင်းသွားလိုက်၊ ယောက်ျားလုပ်သူက ပြန်လိုက်ခေါ်လိုက်ဆိုတာကလည်း မကြာခဏဆိုသလိုပါပဲ။

နောက်ပိုင်းတော့ မဉ္ဇူဟာ ဖခင်ရဲ့ ပညာတွေကို သုံးလာပုံရပါတယ်။
မေဦးတို့အိမ်မှာ မိသားစုဝင်တွေရဲ့အဝတ်ကိုလျှော်ဖို့ အမျိုးသားများအတွက်တစ်ဇလုံ၊ အမျိုးသမီးများအတွက်တစ်ဇလုံဆိုပြီး (၂)ခုထားပါတယ်။
မဉ္ဇူဟာ လူလစ်ရင် လစ်သလို နာမ်နှိမ်တဲ့အနေနဲ့ အမျိုးသားသုံးဇလုံထဲကို သူမရဲ့ထမီများကို ထည့်လျှော်တတ်တယ်၊ တစ်ခါတစ်လေ သူမမျက်နှာသစ်တဲ့အခါ သူမမျက်နှာပေါ်က အညစ်အကြေးရေများ ရေတိုင်ကီထဲသို့ ကျစေပြီး မိသားတစ်စုလုံးကို လျှာစိတ် အာစိတ်ညံ့အောင် လုပ်တာကို မေဦးနဲ့မိသားစုဝင်များက အမှတ်တမဲ့တွေ့ခဲ့ရတယ်။

အဲဒါနဲ့တင် မပြီးသေးပါဘူး..၊ မေဦးရဲ့ပြောပြချက်အရ မိသားစုအလစ်မှာ ဟင်းအိုးထဲကို အမှုန့်များတိတ်တဆိတ်ထည့်တာကို လက်ပူးလက်ကြပ်ဖမ်းမိခဲ့ဖူးတယ်။
မေဦးတို့မိသားစုဟာ အဲဒီအကြောင်းတွေကို သတိထားမိလာတဲ့အခါမှာတော့ မသန့်စင်တဲ့အရာများဟာ မေဦးရဲ့မိသားစုကိုယ်တွင်းမှာပြန့်နှံ့လို့နေခဲ့ပါပြီ။
အဲဒီပြဿနာနဲ့ပတ်သက်ပြီး လင်မယားစကားများကြရာမှ အိမ်ပေါ်မှ မဉ္ဇူဆင်းသွားပြီး နှစ်ရက်အကြာမှာ မေဦးရဲ့အစ်ကိုဟာ ရေတိုင်ကီတက်ပြင်ရာ အမြင့်၆ပေခန့်မှ မတော်တဆပြုတ်ကျပြီး ဒူးခေါင်းရိုးကွဲသွားတဲ့အတွက် Operation လုပ်ခဲ့ရပါတယ်။

တိုက်ဆိုင်တာပဲလား..၊ တစ်ကယ်ပဲလားဆိုတာကတော့ ဘုရားကလွဲလို့ ဘယ်သူမှ အတိအကျမသိနိုင်ပါဘူး။
သံသယဖြစ်စရာအကြောင်းကတော့ သူတို့လင်မယားနေတဲ့အခန်းထဲက အံဆွဲထဲမှာတွေ့ရတဲ့ မေဦးရဲ့အစ်ကိုဓာတ်ပုံပဲဖြစ်ပါတယ်။
အဲဒီဓာတ်ပုံထဲကလူပုံကို ကတ်ကျေးနဲ့ ကွက်ညှပ်ထားပြီး ဒူးခေါင်းတစ်ဖက်ကို ချိုးထားတာတွေ့ရပါတယ်။
Operation လုပ်လိုက်ရတဲ့ မေဦးအစ်ကိုရဲ့ ဒူးခေါင်းဟာလည်း ယခု ဓာတ်ပုံထဲကကျိုးနေတဲ့ဖက်နဲ့ တစ်ဖက်ထဲဖြစ်နေတာကိုတွေ့ရပါတယ်။

မဉ္ဇူအိမ်မှ ဆင်းသွားတဲ့နေ့မှစပြီး မိသားစုဝင်များ တစ်ယောက်ပြီးတစ်ယောက် နေမကောင်းဖြစ်ခြင်း၊ တစ်ခါမှမဖြစ်ဖူးသော စကားများခြင်းများဖြစ်လာတဲ့အတွက် တောင်ဥက္ကလာမြို့နယ်မှ မနောစိတ္တပဂိုဏ်းဝင် အထက်လမ်းဂိုဏ်း ဆေးဆရာကြီးတစ်ဦးကို အိမ်သို့ပင့်ဆောင်ပြီး အထက်လမ်းပညာနဲ့ တစ်အိမ်လုံးကိုစစ်ပါတယ်။

ပထမအဆင့်အနေနဲ့ တစ်အိမ်လုံးရှိ ဘီဒိုကြား၊ ကုတင်အောက်ပါမကျန် အမှိုက်များမရှိအောင် တံမျက်စည်းနဲ့အရင်လှဲရပါတယ်။
အခန်းများအားလုံး သန့်သွားပြီ အမှိုက်များမရှိတော့တဲ့အချိန်ကျမှ ဆေးဆရာကြီးဟာ ဆန်နို့ဆီဘူး တစ်လုံးခန့်ကို ပန်းကန်ပြားထဲသို့ထည့်စေပြီး ဆန်များရဲ့အလယ်မှာ ဖယောင်းတိုင်တစ်တိုင်ကို မီးထွန်း၊ ဂါထာများကို တီးတိုးရွတ်ဆိုကာ တစ်အိမ်လုံးရှိ အခန်းများအားလုံး၊ စားပွဲအောက်၊ ဘီတိုကြားပါမကျန် ဆန်များနဲ့ကျဲပါတယ်။
ပြီးနောက် တစ်အိမ်လုံးကို ယခင်နည်းအတိုင်း တံမျက်စည်းလှဲပြီး အမှိုက်များ(ဆန်များ)ကို တစ်နေရာထဲတွင် စုစည်းစေပါတယ်။

အံ့သြစရာကောင်းတာက...
မေဦးရဲ့ ဦးလေးကုတင်အောက်က ထွက်လာတဲ့ ဆေးပေါလိပ် ဖင်ဆီခံအရွယ် အလိပ်တစ်လိပ်ပါပဲ၊
အဲဒီအလိပ်ကို တစ်လွှာခြင်း ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့
(၁) ဘုန်းကြီးသင်္ခန်းစ၊
(၂)အသုဘခေါင်းများလုပ်သည့်အခါ အသုံးပြုသည့် သွပ်ပျော့၊
(၃)ဦးလေးရဲ့ တစ်လက်မ ပတ်လည်ခန့်ရှိသော ပုဆိုးစ၊
(၄)မီးခြစ်ဆံလုံးပတ်ခန့်ရှိသော လက်မဝက်အရှည် နတ်ရုပ်နှစ်ရုပ်နှင့် ဘီလူးရုပ်တစ်ရုပ်တို့ကို အထက်ပါ ပစ္စည်းများနဲ့ အဆင့်ဆင့်ပတ်ထားတာကို မိသားစုဝင်အားလုံး တွေ့ခဲ့ကြရပါတယ်။

အဲဒါနဲ့တင်မပြီးသေးပါဘူး..
အထက်လမ်းဂိုဏ်း ဆေးဆရာကြီးရဲ့ညွှန်ကြားချက်အတိုင်း မိသားစုဝင်အားလုံး ညမှ မနက်အထိ ဘာမှမစားပဲ ၊မနက်မိုးလင်းတဲ့အခါ ဆေးဆရာကြီးရဲ့နေအိမ်သို့သွားရောက်ပြီး ဆေးဆရာကြီး စီမံထားတဲ့ဆေးကို တစ်ခွက်စီသောက်ပြီး အိမ်သို့ပြန်လာခဲ့ကြပါတယ်။

အိမ်လည်း ရောက်ရော တစ်မိသားစုလုံး ရေချိုးခန်းနဲ့အိမ်သာကို လုကြရပါသတဲ့..။

ညကတည်းက မနက် ဆေးဆရာကြီးရဲ့အိမ်ကိုရောက်တဲ့အထိ မိသားစုဝင်များအားလုံးဟာ ဘာမှမစားထားကြပေမယ့် တစ်ယောက်ကို ၄/၅ ခါမက အစိမ်းရည်များအန်ခြင်း၊ အစိမ်းရည်များ ဝမ်းသွားခြင်းများ ဖြစ်ခဲ့ကြပါတယ်။
ရင်ထဲမှာလည်း ငရုပ်ကောင်းမှုန့်များကို ရေဖျော်သောက်ခဲ့ရသလိုမျိုး ပူနေပါသတဲ့..။

ဆေးဆရာကြီးဆီက သောက်ခဲ့ကြတဲ့ဆေးကတော့ ရေစိမ်စက္ကူလို့ခေါ်တဲ့ အမြှင်လေးများမြင်နေရတဲ့ လက်တစ်ဝါးခန့်ရှိ ခပ်ပါးပါး စက္ကူပေါ်မှာ ခဲတံနဲ့ဆွဲထားတဲ့ အင်းကွက်ပုံစာရွက်လေးကို မီးရှို့ ပြာချပြီး ရေနဲ့သောက်ခဲ့ကြတာပါ။


ကဲ.....
“အောက်လမ်း”ဆိုတာ တစ်ကယ်ရှိပါသလား?
အောက်လမ်းပညာနဲ့ပြုစားလို့ သွက်သွက်ခါအောင် ရူးသွားတာ...
အောက်လမ်းနဲ့တိုက်လို့ တစ်မိသားစုလုံး ကားမှောက်သေဆုံးသွားကြတာ..
အဲဒီလိုအဖြစ်အပျက်မျိုးကရော တစ်ကယ်ရှိပါသလား?
ယုံသော်ရှိ မယုံသော်ရှိ ကျမရဲ့သူငယ်ချင်းမေဦးကတော့ ကိုယ်တွေ့ ခံစားခဲ့ရတာပါ....

26 comments:

စန္ဒကူး said...

ရှိတယ်..လုပ်လို့လဲရတယ်လို့တော့ ကြားဖူးတယ်..
၆ ကြိုးကဝေ...၁၂ ကြိုးကဝေ..စုန်းလား အဲဒါလဲ ကြားဖူးတယ်.. ကိုယ်တိုင်တော့မတွေ့ဖူးဘူး.....
ဘုရားတရားမနဲလုပ်နိုင်မှလွတ်တယ်ပြောတယ်..

mstint said...

မယုံဒိဌိ ယုံဒိဌိဆိုပေမယ့် တီတင့်ကျိုင်းတုံမှာနေစဉ်က အဒေါ်ဝမ်းကွဲတစ်ယောက်ရဲ့ ကိုယ်တွေ့ကို မျက်စေ့ရှေ့မှာ မြင်ခဲ့ဘူးတယ် နတ်သမီးလေးရေ။ သူ့ကိုမကျေနပ်သူတစ်ဦးက ဘယ်လိုပညာသုံးတယ်တော့ မသိဘူး အဒေါ်ကတော့ ရူးကြောင်ကြောင်ဖြစ်သွားပြီး ဆံပင်တွေအံပြီးမှ လူကောင်းပြန်ဖြစ်သွားခဲ့တယ်။
ဖြစ်ရပ်ဆန်းလေးဖတ်သွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ပရလောကသားများ said...

http://burmesespirits.blogspot.jp/2012/03/blog-post_28.html

http://burmesespirits.blogspot.jp/2012/04/blog-post.html

လွင်ပြင်လှိုင်းငယ် said...

ရှိတတ်ပါတယ်။မယုံလို့လဲမဖြစ်ဘူးလေ။ဒါတွေက ရှိနေတဲ့
အရာတွေပါပဲ။

မိုးငွေ့........ said...

ကြောက်စရာနော်....မယုံမရှိဘဲ...။

မြသွေးနီ said...

ယုံရအခက် မယုံရအခက်..
ဘယ်သူဘယ်သူမှ အဲ့ဒီလိုလုပ်တာ မကောင်းသလို မလုပ်လည်း မလုပ်သင့်ပါဘူး။ ကိုယ်ပြုတဲ့ကံ ကိုယ်ထံသာ တစ်နေ့ ပြန်လာမှာပါ။

^V^ said...

ယုံတယ် အမ အဲဒါတွေက တကယ် ရှိနေတယ်
ချစ်လည်း လုပ်တယ်
မုန်းလည်း လုပ်တယ် ဆိုတာမျိုးပေါ့

ကျွန်တော် ဖျော်ဆရာ said...

ယုံတယ် ဒါပေမဲ့ ဓာတ်သဘော ကိုပဲ ယုံတာ အောက်လည်း မရှိဘူး အထက်လည်း မရှိဘူး ဓာတ်သဘော ကို အလွဲသုံး လိုက် တာ ပါ တရုတ် ဖုန်းရွှေ ပညာ မှာ ရင်း နဲ့ ရန် မြန်မာ တွေ ကတော့ ဓာတ်ကြီး လေး ပါး
ယူဆပုံ က ဓာတ်ကြီး လေးပါး ကို အကောင်း အညံ့ (ရေဓာတ်- အာရုံဦး-ကျီးမနိုးရေ ။လငပုတ် ဖမ်းတုန်း ခွေးဟောင်တဲ့အချိန် မှာ ခပ်တဲ့ ရေ) ဒီလိုကွဲ သွားတာ ။ အသုံးပြုတဲ့ လူရဲ့ သိဒ္ဓိပေါ မူတည် ပြီ အာနိသင် ကွဲသွား ပါတယ်။
အတ္တာဟိ အတ္တနော နာထော (အပ္ပမာ ဒေးန သမ္မာ ဒေထ) မိမိ ကိုယ်ပဲ အား ကိုး တာ အကောင်းဆုံးပါ ။ အဖြူရောင် လေး အမှန်မြင် ပြီ အမြင် မှန် ပါစေ။

ကျွန်တော် ဖျော်ဆရာ said...

ယုံတယ် ဒါပေမဲ့ ဓာတ်သဘော ကိုပဲ ယုံတာ အောက်လည်း မရှိဘူး အထက်လည်း မရှိဘူး ဓာတ်သဘော ကို အလွဲသုံး လိုက် တာ ပါ တရုတ် ဖုန်းရွှေ ပညာ မှာ ရင်း နဲ့ ရန် မြန်မာ တွေ ကတော့ ဓာတ်ကြီး လေး ပါး
ယူဆပုံ က ဓာတ်ကြီး လေးပါး ကို အကောင်း အညံ့ (ရေဓာတ်- အာရုံဦး-ကျီးမနိုးရေ ။လငပုတ် ဖမ်းတုန်း ခွေးဟောင်တဲ့အချိန် မှာ ခပ်တဲ့ ရေ) ဒီလိုကွဲ သွားတာ ။ အသုံးပြုတဲ့ လူရဲ့ သိဒ္ဓိပေါ မူတည် ပြီ အာနိသင် ကွဲသွား ပါတယ်။
အတ္တာဟိ အတ္တနော နာထော (အပ္ပမာ ဒေးန သမ္မာ ဒေထ) မိမိ ကိုယ်ပဲ အား ကိုး တာ အကောင်းဆုံးပါ ။ အဖြူရောင် လေး အမှန်မြင် ပြီ အမြင် မှန် ပါစေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

နတ်သမီးရဲ့ သူငယ်ချင်းလို အဖြစ်မျိုးတွေ မကြာခဏ တွေ့ဖူးတယ်။ အဲဒါကြောင့်လည်း မယုံချင်ပေမဲ့ မယုံလို့မရအောင် ဖြစ်ရတယ်။
ထူးတော့ထူးဆန်းတယ်နော်။ အဲဒီအတတ်ပညာတွေ တကယ်သာရှိတယ်ဆိုရင် သူများကို မကောင်းကြံတဲ့နေရာ မသုံးဘဲ ကောင်းတဲ့ နေရာတွေမှာသာ သုံးဖြစ်မယ်ဆိုရင် သိပ်ကောင်းမှာဘဲနော်။

ကြည်ဖြူခင်ခင် said...

မယုံလို့မရတဲ့အရာပါ.. တကယ်လည်း တွေ့ခဲ့ဖူးပါတယ်။

ကြည်ဖြူခင်ခင် said...

ယုံပါတယ်..ကိုယ်တိုင်မြင်ဖူးတာမို့..

စံပယ်ချို said...

နတ်နတ်ရေ
ခပ်ငယ်ငယ်ကကြားဖူးခဲ့တာပဲရှိတယ်
အမလဲကိုယ်တိုင်တော့မကြုံဘူးလို့ တစ်ကယ်ရှိ မရှိ
မသိဘူးနော်။

မိစံ said...

တကယ်ရှိတယ်အစ်မ..
သိထား/တတ်ထားတာကို.တလွဲအသုံးချနေကြတာပေါ့။
ဒီဘ၀အတွက်လည်းမကောင်းသလို
နောင်သံသရာအတွက်လည်းမကောင်းပါဘူး။
အောက်လမ်းဆိုမှတော့.
အောက်လမ်းဘဲရောက်မှာပေါ့အစ်မရယ်း))

မောင်မောင် said...

အစ်မ ကလိုရီရေ အောက်လမ်းပညာက စိတ်ဝင်စားဖို.တော်တော်ကောင်းတယ်နော်။ စာရေးအသားလည်းတော်တော်ကောင်းတယ်။
ခင်မင်စွာဖြင်.
မောင်မောင်

မန်းကိုကို said...

သိပ္ပံပညာနဲ့ မဖေါ်ပြနိုင်သေးသလို ၊ ဘာသာရေးကလည်း ရှင်းလင်းအောင် မပြောပြနိုင်တာ အများကြီး ရှိနေပါသေးတယ် ။

အနာထဲက သာမန်အချိန်မှာ မတွေ့နိုင်တဲ့ ဆံချည် ထွက်လာတာမျိုးတော့ ကြုံဖူးတယ် ။ ခုထိတော့ အဖြေရှာ မတွေ့သေးပါဘူး ။

ဖြစ်သမျှ အကျိုးကတော့ အကြောင်းတရား ရှိစမြဲ ဖြစ်ပေမယ့် ၊ ဘယ်လို ဘာတွေပဲတတ်တတ် အကန့်အသတ်တော့ ရှိကြစမြဲလို့ ယူဆပါတယ် ။ အများအားဖြင့်လည်း ဂဃနဏ နားမလည်ပဲ သုံးကြတာလို့ သဘောပေါက်မိတယ် ။

ဆောင်း said...

သူငယ်ချင်းတယောက်လဲ ဒီလိုဖြစ်ခဲ့ဖူးတယ်။ သူမ လမ်းထဲက သူငယ်ချင်းတယောက်က မနာလိုလို့  သူမ ၁၀တန်းဖြေဖို့ အိမ်ထဲက ထွက်ရင် အနာတွေပေါ် ဖျားနာ အော့အန်ပြီး အိမ်ထဲက မထွက်ရလို့  ၁၀တန်းကို မဖြေရဘူး။ သူငယ်ချင်း က စာတော် တော့ ၁၀တန်းအောင်နိုင်ပါတယ်။ ခံနေရတဲ့ သူငယ်ချင်းကို သနားလိုက်တာ

ခနွဲ said...

အစ်မရေ.....
အဲဒါတွေက တစ်ကယ်ရှိတယ်လို့ ကြားသိရပါတယ်... မမြင်နိုင်တဲ့ အတက်ပညာတွေပေါ့...စုန်းအတတ်၊ ကဝေ အတတ် တွေလိုမျိုးပေါ့...။ ဘုရားရှင်လက်ထက်ကတည်းက ရှိတယ်လို့ ကြားသိရပါတယ်... တကယ်တော့ မကြုံခဲ့ဘူးပါခင်ဗျာ...
လေးစားစွာဖြင့်....

ငဝန်နဒီ said...

အောက်လမ်းတွေ အထက်လမ်းတွေ တော့ မသိပါဘူး တစ်ချို့ သောနည်းပညာတွေ ကို တော့ သိပါတယ်

မကောင်းတာကို အလုပ်ခံရတယ်ထင်ရင် သိအောင်လုပ်ချင်ရင် မိမိ will power ကို မြှင်အောင်ကျင့်ရပါတယ် အဲဒါဆိုရင် ဘယ်သူဘာလုပ်လုပ် ဘာမှ မဖြစ်တဲ့ အပြင် လုပ်တဲ့သူ ပါ ပြန်ထိတာပါ..

တစ်ခုစမ်းချင်ရင် ရန်ခဏခဏ ဖြစ်သူရှိနေရာ မှာ လောကနတ်ရုပ် ကို ထားထားကြည့်ပါ ရန်မဖြစ်တော့ပါဘူး...မိုးနတ်မင်းနဲ့  နေနတ်မင်း ရန်ဖြစ်တာတောင် ခြေထောက်နဲ့ လကွင်းတီးပြီး အေးချမ်းအောင်လုပ်ထားတာပါ...

နတ်သမီး လည်း လောကကြီး ကို အေးချမ်းစွာဖြတ်သန်းနိုင်ပါစေ..

လင်းဦး(စိတ်ပညာ) said...

ကြားဖူးသလို တွေ့ကြုံဖူးသည်.. ကိုယ်တိုင်မဟုတ်။ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်မှုများကို မြင်တွေ့ဖူးသည်။

san htun said...

ကြားဖူးတယ် အမ..သူများကို ဒုက္ခရောက်အောင် လုပ်တာ ဘယ်လိုမှ မကောင်းပါဘူး...

kiki said...

ပြောမယုံ ကြုံဖူးမှ သိ ဆိုတာ ဒါမျိုးနဲ့တူတယ်..။
ယုံရခက်ခက် မယုံရခက်ခက် ပဲ..၊
တိုက်ဆိုင်မှုတွေလို့  ဆိုရလောက်အောင်ကလည်း တိုက်ဆိုင်လွန်းတယ် ..။ ဒါပေမဲ့ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်တတ်တယ် ဆိုတာလည်း သတိပြုသင့်တယ် ။ မိမိကိုယ်သာ ကိုးကွယ်ရာပါ ...
နတ်သမီးတယောက်.. ချမ်းမြေ့ပါစေ..

သင့် ..ဖွကိ...

ဆူးသစ် said...

ရှိပါတယ်ညီမငယ်။ အစ်ကို့မိဘတွေနယ်ဘက်မှာလည်း ရှိပါတယ်။ မနောစိတ်ဒုဗ္ဗဂိုဏ်းကို ကြားဖူးတယ်။ စာလုံးပေါင်းတော့ သေသေချာချာမသိပါဘူး။ အသံထွက်ကိုလိုက်ပေါင်းထားတာပါ။ အစ်ကို့မိဘတွေနယ်ဘက်ကတော့ ရွှေရင်ကျော်ဂိုဏ်းပါ။ အထက်ဂိုဏ်းတွေပေါ့။ တစ်ယောက်နဲ့တစ်ယောက်မကောင်းကြံကြတာပေါ့။ ဘုရားတရားလက်ကိုင်ထားဖို့ပါပဲ။ သတိမြဲပေါ့။ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အစ်ကိုလည်း ကြုံရင်ရေးချင်ပါတယ်။ ဒါပေမဲ့ အစ်ကိုရေးနေကျလိုင်းမဟုတ်လို့ ခဏတော့ ရှောင်နေပါတယ်။ နောက်တော့ရေးဖြစ်မယ်ထင်တယ်။

တွတ်တွတ် said...

ရှိတယ်/မရှိဘူး..ယုံတယ်/မယုံဘူး ဆိုတာထက်..ဒီလိုပညာရပ်ကို..ကျွန်တော်တစ်ချိန်က လေ့လာခဲ့ဖူးပါတယ်..(စာအုပ်တချို့တောင်ခုထိရှိနေပါသေးတယ်)...
ခုတော့ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ သစ္စာလေးပါးတရားတော်၊ သံဃာအရှင်သူမြတ်တို့ရဲ့ လမ်းညွှန်ဆုံးမမှုတွေကြောင့်....၀ီစိကိစ္ဆာ ကင်းခဲ့ရပါပြီ။ ဒီလိုအဖြစ်အပျက်၊ ကိစ္စမျိုးဆိုတာကလဲ..ငြင်းခုံခြင်းဆိုတဲ့ ရလာဒ်နဲ့ပဲအဆုံးသတ်သွာတာများတာမို့..မည်သည့်ထင်မြင်ချက်မှ မရေးလိုပါခင်ဗျာ.....

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ရှိ၏ မြင်ဖူးတွေ့ဖူး၏ သို့ပင်သော်ငြားလည်း ဘုရား တရားမြဲမြံအောင်ကျင့်ပြီး မေတ္တတရားကြီးမားလျှင်ဖြစ် ထိုသို့သော ပယောဂကြုံဆုံမည် မဟုတ်ပါကြောင်း ယုံ၏း)

မိုးဇက် said...

အင်း ၊ ရှိတယ်အမရေ ...........
မိုးဇက်တို့အဖွားပြောပြတာ သူတို့ရှမ်းပြည်မှာ တကယ်ရှိဆိုပဲ အမရဲ့ .......

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger