Monday, May 27, 2013

ပြည်တော်ပြန်ရှင်းတမ်း


သူငယ်ချင်းများအားလုံး မင်္ဂလာပါရှင်..
ဆိုက်ပရပ်စ်နိုင်ငံမှာ (၉)နှစ်ကြာနေထိုင်လာခဲ့ပြီး အမိမြန်မာပြည်သို့ အပြီးပြန်လာခဲ့တဲ့ ကျမရဲ့ လမ်းခရီးအတွေ့အကြုံလေးကို ပြောပြမယ်နော်..

ကျမရဲ့ လေကြောင်းခရီးစဉ်ဟာ ဆိုက်ပရပ်စ်(Cyprus)မှ Amman ၊ Amman မှ Thailand ၊
Thailand မှ Myanmar ဆိုပြီး လေယာဉ် သုံးဆင့်စီးရပါတယ်၊
ခရီးအစမှ အဆုံးအထိ လမ်းခရီးမှာ ကြာချိန် တစ်ရက်ခွဲ/နှစ်ရက်နီးပါ ကြာပါတယ်။

Air Lineကို Jordan Air Line ဖြစ်ပါတယ်၊
ဈေးလည်းပေါတယ်၊ ပြီးတော့ ၉နှစ်တာအတွင်း မြန်မာပြည်ကို နှစ်ခါအလည်ပြန်ခဲ့တုန်းကလည်း ဒီလေကြောင်းလိုင်းကိုပဲ အသုံးပြုခဲ့တဲ့အတွက် ကျမအတွက် လမ်းကြော အထာလေးတွေလည်းနပ်နေပြီမို့ ဒီလိုင်းကိုပဲ ရွေးဖြစ်ခဲ့ပါတယ်။

ပြဿနာက ခရီးအစကတည်းက ကျမကို ကြိုဆိုနေခဲ့ပါတယ်၊
LANACAလေဆိပ်မှာ ကျမရဲ့ပစ္စည်းတွေကို Weightချိန်တော့ ကီလို၃၂ ရပါတယ်၊ သူတို့ကလည်းခွင့်ပြုပါတယ်။
ပြဿနာက Hand Carry ပါ။
ကျမရဲ့ Hand Carryရယ်+ကွန်ပျူတာထည့်ထားတဲ့လွယ်အိတ်ရယ်+ အရေးကြီးစာရွက်စာတန်းတစ်ချို့နဲ့ပိုက်ဆံအိတ် ၊ အလှပြင်ပစ္စည်းတစ်ချို့ထည့်ထားတဲ့ လွယ်အိတ်ရယ် အားလုံးရဲ့အလေးချိန်ဟာ ၁၂ကီလိုကျော်နေတဲ့အတွက် ခွင့်မပြုပါဘူးတဲ့။
အဲဒီအတွက် Hand Carryကို ယူရို၁၀၀ အပိုပေးပြီး သယ်ခဲ့ရပါတယ်။

အဲဒါတွေပြီးပြန်တော့ ကျမရဲ့ သေတ္တာ(၃)လုံးရဲ့ဝန်ဆောင်မှုဟာ Thailand အထိပဲလို့ ပြောလာပြန်ပါတယ်။
အရင်နှစ်ခေါက် မြန်မာပြည်ကို ပြန်တုန်းက ခရီးအစမှ အဆုံးအထိ လေကြောင်းလိုင်းက တာဝန်ယူဆောင်ရွက်ပေးတဲ့အတွက် ကျမဖက်က ဘာမှလိုက်လုပ်စရာမလိုခဲ့ပါဘူး။

အခုတစ်ခါမှာတော့ ကျမရဲ့သေတ္တာသုံးလုံးကို Thailand မှာ ပြန်ထုတ်ပြီး မြန်မာပြည်ကိုသွားမယ့်လေယာဉ်ကို
ပြန်တင်ပေးရမယ်ဆိုတော့ ကျမအတွက် တော်တော်လေးကို စိတ်ရှုပ်ခဲ့ရပါတယ်။
လေယာဉ်လိုင်းက တာဝန်ရှိသူတွေနဲ့ အခြေအတင်ပြောခဲ့ပေမယ့် နောက်ဆုံးမရတဲ့အဆုံး လာမယ့်ဘေး ပြေးတွေ့လိုက်မယ်ဆိုပြီး လက်ခံခဲ့ရပါတယ်။
အဲဒါက ကျမဆိုက်ပရပ်စ်နိုင်ငံကနေ စထွက်တဲ့ အခက်အခဲ(၁)ပါ။

ဆိုက်ပရပ်စ်ကနေထွက်လာပြီး Amman ကိုရောက်ပါတယ်၊
LANACA>AMMAN>THAILAND>MYANMAR ဆိုတဲ့ လမ်းကြောင်းကိုရွေးရင် AMMAN မှာ တစ်ည အိပ်ကိုအိပ်ရပါတယ်၊ အဲဒီအတွက် လေကြောင်းလိုင်းက လေယာဉ်လက်မှတ်ဖြတ်ကတည်းက Include Hotel ပါပြီးသားပါ။
AMMAN HOTEL မှာ တစ်ညအိပ်ပြီး နောက်တစ်ရက်မှာ THAILAND ကိုသွားဖို့ လေယာဉ်နောက်ကျပါတယ်၊ ၁နာရီနောက်ကျပါတယ်။
ကျမ စိတ်တွေအတော်ညစ်ခဲ့ရပါတယ်၊ ကျမရဲ့ခရီးစဉ်ဟာ THAILAND မှာ ဂိတ်ဆုံးခဲ့မယ်ဆိုရင် ကျမအတွက် ပြဿနာမရှိပါဘူး။
အခုဟာက THAILAND ကနေ MYANMAR ကို ဆက်သွားရမှာမို့ လေယာဉ်တစ်စီးနောက်ကျရင် နောက်တစ်စီးကို မမှီမှာစိုးလို့ပါ။

THAILANDကိုရောက်ပြီး MYANMARကိုသွားမယ့်လေယာဉ်ထွက်ချိန်ကို ၄နာရီခြားထားပေးပါတယ်၊ သာမန်ဆိုရင်တော့ ကျမအတွက် Shopping ထွက်ဖို့အချိန်တောင် ပိုပါသေးတယ်။
အခု အခြေအနေက Thailandမှာ ကျမရဲ့သေတ္တာသုံးလုံးကို ပြန်ရွေးပြီး MYANMAR ကိုသွားမယ့်လေယာဉ်ပေါ်ကို ပြန်တင်ပေးရမယ်ဆိုတော့ ကျမအတွက် အတော်လေးကို ကသီမယ့်ကိစ္စမို့ပါ။

ပိုဆိုးတာက THAILANDလေဆိပ်ဟာ အကြီးကြီးပါ၊ လေကြောင်းလိုင်းတွေကလည်း အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ဆိုတော့ ကျမအနေနဲ့ သေတ္တာသုံးလုံးနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
အဲဒီမှာတင် ကျမ အတော်လေးကို စိတ်ပျက်နေပါပြီ။

AMMANက ထွက်လာတဲ့ လေယာဉ်ပေါ်မှာ ကျမစိတ်ပျက်စွာနဲ့ လိုက်ပါလာရင်း တွေးနေမိတဲ့ အတွေးလေးပေါ့။
အဲဒီလိုနဲ့ THAILANDကိုရောက်တော့ လေယာဉ်အပေါက်ဝမှာရပ်နေကြတဲ့ “ဆဝါဒီခပ်”မ ချောချောလေးတွေနဲ့ စတွေ့ပါတယ်၊
သူလည်း“ဆဝါဒီခပ်” ..၊ ကိုယ်လည်း အချိုဆုံးအပြုံးနဲ့“ဆဝါဒီခပ်”လိုက်ပါတယ်..။

“ကျမကို တစ်ခုလောက်ကူညီပါလား”ဆိုတော့..
သူတို့က အပြုံးလေးတွေနဲ့ ကူညီဖို့ စမေးလာပါတယ်..
ကျမကလည်း ကျမမှာ သေတ္တာသုံးလုံး လေယာဉ်ဝမ်းဗိုက်ထဲမှာ ပါလာတဲ့အကြောင်း၊ JORDAN AIR LINE က ဝန်ဆောင်မှုကို THAILAND အထိပဲ ပေးကြောင်း၊ THAILANDကနေ MYANMAR ကို သွားမယ့်လေကြောင်းလိုင်းကို ချိတ်ဖို့ ကူညီပေးစေလိုကြောင်း ပြောပြတော့ သူတို့က ကျမဆီက စာရွက်စာတန်းတွေကို တောင်းကြည့်ပြီး သူတို့လက်ထဲမှာ ကိုင်ထားတဲ့ ဆက်သွယ်ရေးဖုန်းတွေနဲ့ “ခပ်”ကြပါတယ်..

၁၀မိနစ်လောက်ကြာတော့ ကျမရဲ့သေတ္တာသုံးလုံးကို သူတို့အစီအစဉ်နဲ့ MYANMAR ကိုသွားမယ့် လေယာဉ်ပေါ်ကို ပို့ပေးမယ်လို့ပြောပါတယ်၊
ကျမလေ.. ဘယ်လိုပျော်သွားမှန်းကို မသိပါဘူး။
သူတို့ကို နှုတ်ဆက်ပြီး THAI AIRWAY ကောင်တာရှိရာနေရာကို ရောက်ဖို့ အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ THAILAND AIRPORTအကြီးကြီးထဲမှာ ၁၀မိနစ်လောက် လမ်းလျှောက်ရင်း သွားခဲ့ရပါတယ်၊ ကောင်တာကိုရောက်တဲ့အချိန်မှာ ထုံးစံအတိုင်း ကျမရဲ့ပြဿနာကို အစမှ အဆုံး ပြန်ပြောပြရင်း ပြန်ချိတ်ရပါတယ်။
သူတို့အချင်းချင်း ချိတ်ဆက်ပြီးသားဆိုတော့ သိပြီးသားကိစ္စမို့ ကျမရဲ့သေတ္တာသုံးလုံး THai air way လေယာဉ်ပေါ်ကိုရောက်ဖို့ ၄၅မိနစ် စောင့်ခိုင်းပါတယ်။

အဲဒီမှာ ထပ်ငြိတာက ကီလိုပို ကိစ္စပါ..။
သူတို့က သေတ္တာနှစ်လုံးစာ ၃၂ကီလို အတွက် ခွင့်ပြုပေမယ့် ဆိုက်ပရပ်စ်မှာ အပိုငွေ ယူရို ၁၀၀ပေးဆောင်ခဲ့ရတဲ့ သေတ္တာအတွက် ယူရို၁၂၀ထပ်ပေးဖို့ပြောလာပါတယ်။
မပေးလို့မှမရပဲလေ.. ပေးရတာပေါ့။
အဲဒီသေတ္တာအတွက် စုစုပေါင်းကုန်ကျငွေ ယူရို ၂၂၀ဖြစ်သွားပါတယ်။





နောက်ဆုံးအဆင်ပြေသွားပြီဆိုတော့ THAI AIR WAYရှိရာ ဂိတ်ကို ခပ်သုတ်သုတ်လေးသွားခဲ့ရပါတယ်၊
ဂိတ်ကို ရောက်ဖို့ မိနစ်၂၀ကျော်လောက်ကြာမယ်ထင်ပါတယ်။
အဲဒီဂိတ်ကို သွားရာလမ်းတစ်လျှောက်မှာ
တခြားလေကြောင်းလိုင်းတွေဆီက လေယာဉ်ထွက်တော့မှာမို့ သက်ဆိုင်ရာဧည့်သည်များ ဂိတ်ရှိရာကို အမြန်လာဖို့မိုက်နဲ့ခေါ်နေတဲ့ အသံတွေကလည်း ခဏခဏပါပဲ၊
အဲဒီလို ခေါ်နေတဲ့ထဲမှာ ကျမနားဆွင့်မိတာက“ To MYANMAR ”ဆိုတာ ပါလာတယ်၊ “Final call” ဆိုတာ ပါလာတယ်..။
ကျမကလည်း MYANMARကိုသွားမှာဆိုတော့ အရမ်းကို စိုးရိမ်သွားတယ်။
တစ်ခုသတိထားမိတာက ဂိတ်နံပါတ်မတူဘူးဆိုတာ သတိထားမိနေပေမယ့်လည်း စိုးရိမ်စိတ်တွေလွန်ကဲပြီး လူကထူပူနေပြီလေ။
ကျမရဲ့လေယာဉ်အချိန်ကလည်းနီးနေပြီ၊ ပိုဆိုးတာက THAI AIR WAYကောင်တာက “ခပ်ပွန်ခပ်”လေးက ကောင်တာဖွင့်နေပြီ၊ အမြန်သွားလို့ပြောလိုက်တာကိုး..။

အဲဒီလိုနဲ့ ကျမစီးရမယ့် လေယာဉ်ဂိတ်လည်းရောက်ရော၊ ဂိတ်မှာ (ကောင်တာမှာ) လေယာဉ်မယ်တစ်ယောက်ပဲရှိတော့တယ်၊ ခရီးသည်တွေလည်းမရှိဘူး၊
ကောင်တာက အောက်ထပ်မှာ၊ ကျမရပ်နေတဲ့နေရာကနေ ကောင်တာကို ရောက်ဖို့ လေခါးနဲ့ဆင်းရတယ်၊
ကျမလည်း ခပ်သုတ်သုတ်လေးဆင်းသွားလိုက်တော့ လေယာဉ်မယ်က “Go back.. go back.. stay there” လို့ပြောပါတယ်။
ကျမရဲ့စိတ်ထဲမှာ “သွားပြီ.. လေယာဉ်ထွက်တော့မှာမို့ ကောင်တာပိတ်သွားပြီ၊ လေယာဉ်မမှီတော့ဘူး”ဆိုပြီး အရမ်းစိတ်ပူသွားတာပေါ့။

အဲဒါနဲ့ပဲ ဘေးဖက်တခြားကောင်တာက လေယာဉ်မယ်တွေကို မေးတော့မှ ဂိတ်မဖွင့်သေးတဲ့အကြောင်း၊ နောက်၅မိနစ်နေရင်ဖွင့်တော့မယ်ဆိုတဲ့အကြောင်းသိရပါတယ်။
အဲဒီတော့မှပဲ စောနေတဲ့စိတ်တွေ၊ ပူနေတဲ့စိတ်တွေ၊ လျှော့ချလိုက်တာ ချွေးတွေက တစ်ကိုယ်လုံးကိုရွှဲရွှဲနစ်သွားခဲ့ရပါတယ်။


အဲဒါတွေပြီးပြန်တော့ လေယာဉ်ပေါ်ရောက်ပြီး လေယာဉ်ထွက်ဖို့ မိနစ်၃၀ ထပ်နောက်ကျပြန်ပါတယ်၊ ဒါပေမယ့် ကိစ္စမရှိတော့ပါဘူး၊ ဂိတ်ဆုံးမြန်မာပြည်ကို သွားတဲ့လေယာဉ်မို့ စိတ်ပူစရာမရှိတော့ပါဘူး၊ အဲဒီလိုနဲ့ပဲ ကျမလေ..
မြန်မာပြည်ကို လုံးလည်ပတ်ခြာလိုက်ပြီး ပြန်ရောက်ခဲ့ရပါတယ်ရှင်..


...............
မြန်မာပြည်လေဆိပ်ရောက်တော့ ၉နှစ်တာ ကာလအတွင်း ပြောင်းလဲသွားလိုက်တဲ့ ဝန်ဆောင်မှုတွေ..
လူဝင်မှုကြီးကြပ်ရေးကလည်း ဘာမှမရစ်..
ဘာမှမတောင်း..
အကောက်ခွန်လား..
မျက်နှာလေးတွေက ပြုံးလို့ရွှင်လို့..
စကားပြောလည်း ချိုသာကြတယ်..
အရင်လို ရစ်တာတွေ ညှစ်တာတွေ လုံးဝမရှိတော့ပါဘူး..
အားလုံး သူ့အလုပ်သူလုပ်နေကြတာ.. လေးစားစရာပါ..
မြန်မပြည်လေဆိပ်က ဝန်ထမ်းများအားလုံးကို လေးစားကြောင်းနဲ့ ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောပြပါရစေ..
.....................
ကျမ မကျေနပ်တာက မြန်မာတွေရဲ့ မပြောင်းလဲသေးတဲ့စိတ်ဓာတ်တစ်ခုကိုပါ..

THAILAND လေဆိပ်မှာ ကျမ လေယာဉ်နောက်ကျပြီဆိုပြီး ဗျာများနေတဲ့အချိန်၊ ကောင်တာ ပိတ်ပြီ လေယာဉ်မမှီတော့ဘူးဆိုပြီး ပြာယာခတ်နေတဲ့အချိန်မှာ ကျမနဲ့လေယာဉ်တစ်စီးထဲလိုက်ပါမယ့်မြန်မာတွေဟာ အဲဒီဂိတ်မှာ ရှိနေကြပါတယ်၊ အဖွဲ့အစည်းတစ်ခုက  လူတွေလည်းပါပါတယ်(ဝတ်စုံတူတွေနဲ့ပါ)၊
ကျမရဲ့လက်ထဲမှာ မြန်မာပါ့စ်ပို့အနီရောင်ကို ကိုင်ထားပါလျှက် ..
လေယာဉ်တစ်စီးထဲ ခရီးအတူသွားမယ်ဆိုတာ သိပါလျှက်..
ပြာယာခတ်နေတဲ့ မိန်းခလေးတစ်ယောက်ကို မျောက်ပွဲကြည့်သလို ကြည့်နေကြတဲ့ မြင်ကွင်းကတော့ သိပ်ကို ရုပ်ဆိုးအကြည်းတန်လှပါတယ်..
တစ်ကယ်ဆိုရင်..
ပြာယာခတ်နေတဲ့ကျမဟာ မြန်မာပဲဖြစ်ဖြစ်၊ နိုင်ငံခြားသားပဲဖြစ်ဖြစ် ဂိတ်ချင်းတူနေတာကိုကြည့်ခြင်းအားဖြင့် တစ်ခရီးထဲသွားမယ့်သူဆိုတာ ပေါ်လွင်လှပါတယ်..
အနည်းဆုံး “ဂိတ်မဖွင့်သေးဘူး”ဆိုတဲ့အကြောင်းလောက်လောက်တော့ ပြောပြသင့်တာပေါ့ရှင်..

အဲဒီအပြုအမူလေးကိုတော့ ကျမ ရှုတ်ချပါတယ်..
“မြန်မာဆိုတာ ယဉ်ကျေးသိမ်မွေ့ပြီး ရိုင်းပင်းကူညီတတ်တဲ့သူ”လို့ ဆိုရိုးစကားရှိပါတယ်..
အခုအဖြစ်အပျက်မှာ စာဖတ်သူတွေအနေနဲ့ ဘယ်လိုကောက်ချက်ချကြမယ်ဆိုတာ ကျမသိချင်ပါတယ်..။

တော်တော်ရုပ်ဆိုးပါတယ်..း(
မြန်မာအချင်းချင်း ရိုင်းပင်းကူညီမှု လုံးဝမရှိဘူး..
ကြည့်ရတာ သင်္ဘောသားအုပ်စုလည်း ဖြစ်နိုင်ပါတယ်၊ (သင်္ဘောသားအုပ်စုဆိုတာ သင်္ဘောလိုက်ပြီး ပြန်လာတဲ့အုပ်စုမျိုးကို ပြောတာမဟုတ်ပါဘူး၊
မြန်မာပြည်ကနေ လေ့လာရေးအဖွဲ့လိုက်ထွက်တဲ့အုပ်စုကို ဆိုလိုတာပါ)

ကုမ္ပဏီအုပ်စုလည်း ဖြစ်နိုင်ပါတယ်..
ဝတ်စုံတူညီတွေနဲ့..။

လေယာဉ်ပေါ်ရောက်တော့ စောင်းပြီး ပြောနေကြသေးတယ်..
ခုံနေရာက အရှေ့နောက် ထိုင်ကြတာကိုး..
“သူက VIPလားမသိဘူး၊ မုန့်အရင်ရတယ်..”တို့..
“သူက ခုံနှစ်ခုံဝယ်ထားတာလားမသိဘူး.. ဘေးခုံးမှာ ဘယ်သူမှမရှိဘူး..”တို့..
အဲဒီလိုတွေ မကြားတကြားပြောနေကြတယ်..
အဲဒီစိတ်ဓာတ်တွေ ဘာလို့ မပြောင်းကြသေးတာလည်းမသိဘူး..

လူတွေကြည့်တော့ ပညာတတ် နိုင်ငံခြားတွေတောင် ရောက်နေကြပြီ..
စိတ်ဓာတ်က မိန်းခလေးမြင်ရင် ရိချင်နေသေးတယ်.. ခက်တယ်..





မည်သို့ပင်ဆိုစေကာမူ...
ကျမ ..
အမိမြန်မာပြည်သို့ ပြည်လည်ရောကိရှိခဲ့ပါပြီ..

စာဖတ်သူများအားလုံးကို အစဉ်လေးစားလျှက်..
နမ်းမဝ(အဖြူရောင်နတ်သမီး)

6 comments:

နွေတေးရှင် (မင်းဧရာ) said...

ပျော်စရာ ကြီးနေမှာဗျ နော်...
ကိုးနှစ်ကြီးတောင် ခွဲနေခဲ့တာဆိုတော့
အတော့်ကို ပီတိဖြစ်နေမှာဘဲ ။

စန္ဒကူး said...

အခက်ခဲတွေရှိပေမယ့်လည်း ချောချောမောမောရောက်သွားလို့ဝမ်းသာပါတယ် နတ်သမီးရေ.. ပြန်ရောက်ရင် တွေ့ချင်ပါသေးတယ်...

rose of sharon said...

သူငယ်ချင်းရေ... ပျော်နေရောပေါ့ခုတော့... လေယာဉ်ခရီးကစိတ်အနှောက်အယှက်ဖြစ်ခဲ့ရတာလေးတွေကို အတိုးချပျော်ပစ်လိုက်နော်

မန်းကိုကို said...

မင်းသမီးရဲ့ စွန့်စားမှုဇာတ်လမ်းကို ဖတ်သွားတယ် ။
ဘယ်လိုဖြစ်ဖြစ် စိတ်ချမ်းသာစရာလေးတစ်ချို့နဲ့ လိုရာခရီး ရောက်သွားခဲ့တာကိုပဲ ဝိုင်းဝမ်းသာပေးပါတယ် ။

စိတ်ခုစရာတွေကိုလည်း မေ့လိုက်ပါတော့ ၊ ကိုယ်လည်း လိုက်ပြင်ပေးဖို့ လက်လှမ်းမီတာ မဟုတ်ဘူးလေ ။
ပြီးတော့လည်း မိတ်ဆွေတွေ ဝနေလှနေ စိတ်ချမ်းသာနေတာပဲ မြင်ချင်ပါတယ် ။
ပိန်နေလိန်နေ စိတ်ဆင်းရဲမနေစေချင်ဘူးလေ ။
('ဝ'တယ်လို့ ပြောတာ မဟုတ်ဘူးနော် ၊ စကားအဖြစ်ပြောတာ) :-)

snow kin said...

နေ၀န်းထင်- အမရေ မြန်မာလူမျိုးတွေကတော့ဘယ်တော့မှ အဲ့ဒီ့စိတ်ဓါတ်ကို ဖျောက်ဖျက်လို့ရမှာမဟုပ်ဖူးး

snow kin said...

မြန်မာလူမျိုးတွေကတော့ အဲ့ဒီစိတ်ဓါတ်ကို ဘယ်တော့မှ ဖျောက်ဖျက်နိုင်မှာ မဟုပ်ဖူးးထင်တယ် အမရေ

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger