အနောက်တိုင်းဆန်ဆန် ဝတ်စားတတ်တဲ့ ကျမ "သူ"နဲ့တွေ့မှ မြန်မာဝတ်စုံလေးတွေကို မကြာခနဆိုသလို ဝတ်တတ်လာခဲ့သည်။ မြန်မာလူမျိုးဖြစ်ပြီး မြန်မာဝတ်စုံကို မနှစ်သက်လို့တော့ မဟုတ်၊ သာမန် မြန်မာမိန်းခလေးများထက် ပိုမြင့်မားနေသည့် ကျမ၏ အရပ်အမောင်း၊ ပြီးတော့ မြန်မာဝတ်စုံနှင့် မလိုက်ဖတ်သော ခန္ဓာကိုယ်အချိုးအစားကြောင့် အနောက်တိုင်းဆန်သည့် စကတ် နှင့် ဘောင်းဘီများကိုသာ အဝတ်များခဲ့ခြင်းဖြစ်သည်။ ဘုရား၊ ကျောင်းကန်၊ မင်္ဂလာဆောင်၊ အလှူအတန်း၊ နာရေး၊ စသည့်နေရာများတွင်သာ မြန်မာဝတ်စုံကို ဝတ်ခဲ့သည့် ကျမ "သူ"နှင့်တွေ့ပြီးသည့် နောက်ပိုင်း မြန်မာဝတ်စုံကို အဝတ်များလာခဲ့သည်။ စနေနေ့တိုင်း ဗိုလ်ချုပ်ဈေးသို့ ဈေးဝယ်ထွက်လျှင်လည်း မြန်မာဝတ်စုံကို ရွေး၍ဝတ်တတ်လာခဲ့သည်။ မှတ်မိပါသေးသည်၊ မြန်မာဝတ်စုံနှင့် ဗိုလ်ချုပ်ဈေးသို့ ပထမဦးဆုံး ဈေးဝယ်ထွက်လာသည့်နေ့က ကျမကို "သူ"မြင်တော့ ခြေဆုံး ခေါင်းဆုံးကြည့်ပြီး "သူ"ပြုံးသည်။ ကျမသိပါသည်။ ဗိုလ်ချုပ်ဈေးသို့ သွားတိုင်း ဘောင်းဘီနှင့် စကပ်များကိုသာ ဝတ်ဆင်တတ်သည့် ကျမကို "သူ"မြင်သားကျနေပြီ၊ ဆရာက ကျောင်းသားကို ကြည့်သကဲ့သို့ "သူ"လက်ပိုက်ပြီး ကျမကို ကြည့်သည်။ ပြီးတော့ ကြေနပ်သည့်လေသံမျိုးဖြင့် "မြန်မာဝတ်စုံလေးနဲ့ မနမ်း အရမ်းလှတာပဲ" ဟု"သူ"ပြောခဲ့သည့် နေ့မှ"စ"၍ ကျမရူးသွပ်သည်ပဲဖြစ်စေ၊အတွေးချော်သည်ပဲ ဖြစ်စေ မြန်မာဝတ်စုံများ ကျမ၏ ကိုယ်ပေါ်တွင် နေရာရလာခဲ့သည်။ "သူ"၏တောင်းဆိုချက်အရ ကျမဗိုလ်ချုပ်ဈေးသို့ရောက်တိုင်း "သူ"၏ ဆိုင်သို့ ဝင်လည်ပေးရသည်။ အကြောင်းမှာ တနင်္လာနေ့မှ စနေနေ့အထိ "သူ"ဗိုလ်ချုပ်ဈေးတွင် "သူ"ဆိုင်ထိုင်ရသည်။ ကျန်သော တနင်္ဂနွေနေ့မှာ ပန်းချီဆရာများ အသင်းဝင်တယောက်ဖြစ်သဖြင့် လောကနတ်ပန်းချီပြခန်းတွင် အလှည့်ကျ ဆိုင်ထိုင်ပေးရခြင်းကြောင့် (၇)ရက်လုံးမအားလပ်သည့် သူ့အတွက် သူ၏ဆန္ဒအရ ကျမကသာလျှင် သူ့ထံသို့ သွားလည်ပေးရခြင်းဖြစ်သည်။ တခါတလေ သူ့ဘက်မှ အခွင့်အရေးရခဲ့လျှင်တော့ ကျမထံသို့ "သူ"ရောက်လာတတ်ပါသည်။ စနေနေ့သို့ ရောက်တိုင်း သူ့ဆိုင်မှနွားနို့ပူပူလေးတခွက်သည်လည်း ကျမအတွက် ပုံမှန်ဖြစ်လာခဲ့ပြီ။ သူ့ဆိုင်ဘေးမှ ဆိုင်နီးနားချင်းများနှင့်လည်း ကျမ အတော်ရင်းနှီးလာခဲ့ပြီ၊ တခါတလေ ကျမဘက်မှ အချိန်မရ၍ သူ၏ဆိုင်သို့ မဝင်ဖြစ်ခဲ့သော စနေနေ့များလည်းရှိတတ်သည်။ အဲဒီလို နေ့များကို "သူ"မှတ်ထားပြီး နောက်တပတ် စနေနေ့တွင် ကျမကို စကားနာထိုးတတ်သည့် သူနှင့်ကျမတို့၏ ရင်းနှီးမှုသည်လည်း တစတစတိုးလာခဲ့ပြီ၊ ဒီကြားထဲ ကျမ၏ ကုမ္ပဏီမှ ရိုက်ကူးသော DVD ဇာတ်ကားများအတွက် နယ်ထွက်၍ ရိုက်ကူးရသည့် အခါမျိုးနှင့် ကြုံလျှင် (၂)ပတ်/ (၃)ပတ်ခန့် "သူ"နှင့် မတွေ့ဖြစ်ပဲ ဝေးသွားတတ်သည်။ ကျမ ရန်ကုန်သို့ ပြန်ရောက်၍ "သူ"နှင့် ပြန်တွေ့သော ပထမနေ့တိုင်းတွင် "မနမ်းကို ကျွန်တော် သတိရနေတာ" ဟုပြောပြီး သူ့ထံမှ စကားတွေရေပက်မဝင်အောင်ပြောတတ်သည့် သူ့ကို ကျမစိုက်ကြည့်နေလျှင် .."မနမ်းနဲ့ မတွေ့ရတဲ့ ရက်တွေက မပြောခဲ့ရတဲ့ စကားတွေကို (၃)ပတ်စာ စုထားတာ" ဆိုပြီး "သူ"အရှက်ပြေ ပြောတတ်သည်။ ကျမ ဘယ်အချိန်ကြည့်ကြည့် မပြောင်းလဲတဲ့ သူ့ရဲ့ပုံစံဟာ ဘုရားပေါ်မှာ "စ"တွေ့ကတည်းက ရှပ်အင်္ကျီ ကော်လာ လည်ကတုံးအဖြူရောင်ကို ပုဆိုးရောင်စုံလေးများနှင့် တွဲဖက်၍ ဝတ်ဆင်တတ်သည့်"သူ"သည် ကျမရင်ကို အေးမြစေခဲ့သည်။ ငယ်ငယ်ကတည်းက မိဘများဆုံးပါးသွားခဲ့ပြီး မောင်နှမသားချင်းမဲ့စွာ တကောင်ကြွက်ဘဝဖြင့် ဘဝကို တယောက်ထဲ ရပ်တည်ခဲ့ရသော ကျမအဖို့ သွက်လက်ဖြတ်လတ်ခြင်း၊ ဆုံးဖြတ်ချက်မြန်ဆန်ခြင်း၊ ရဲရင့်သည့် စိတ်ဓာတ်တွေပြည့်နှက်နေသည့် ကျမ၏ ခတ်ဆတ်ဆတ် အနောက်တိုင်း မိန်းခလေးတယောက်ပုံစံမှ ယဉ်ကျေးသိမ်မွေ့သော မြန်မာမိန်းခလေးတယောက်ပုံစံသို့ ပြောင်းလဲလာခဲ့ပြီ။ "အချစ်စိတ်ဟာ အရာရာကိုပြောင်းလဲပြစ်နိုင်သည်"တဲ့။ "သူ"နှင့် ကျမတို့၏ ရင်းနှီးမှုသည်လည်း ရက်မှ လသို့၊ လမှ နှစ်သို့ ကူးပြောင်းလုဆဲဆဲတွင် နိုင်ငံခြားတွင် သင်တန်းတက်ရန် လျှောက်လွှာတင်ထားခဲ့သော ကျမအတွက် သင်တန်းခေါ်စာမှာ လေယာဉ်လက်မှတ်နှင့်အတူ ကျမ၏ လက်ထဲသို့ရောက်ရှိလာခဲ့သည်။ ဘဝအတွက် သွားရမည့်သင်တန်းဖြစ်သည့်အတွက် ငြင်းဆန်ဖို့ အင်အား ကျမမှာမရှိ၊ ကျမကိုယ်တိုင်က ရွေးခဲ့သည့် ကိစ္စမို့ သွားဖို့ရာပြင်ဆင်ရင်း သူ့ကို အသိပေးဖြစ်သည်။ ကျမစကားကို "သူ"ကြားတော့ မျက်နှာမကောင်း၊ "သူ"နှင့် ကျမ တွေ့ရန် (၁)ပတ်သာ အခွင့်အရေးရှိတော့သည်။ "ဘယ်နေ့သွားမှာလဲ မနမ်း"...၊ သူမေးသည်။ "လာမယ့် တနင်္ဂနွေနေ့၊ ညနေ ၆နာရီခွဲလေယာဉ်နဲ့"..ဟု ကျမဖြေတော့ သူ့ထံမှ သက်ပြင်းချသံကို ကျမကြားလိုက်ရသည်။ ပြီးတော့ စကားမပြောဖြစ်ပဲ နှစ်ယောက်သား တိတ်စိတ်နေမိကြသည်။ ကျမလည်း ခရီးအတွက် ပြင်ဆင်စရာများရှိသည့်အတွက် သူ့ကိုနှုတ်ဆက်ပြီး ပန်းချီဆိုင်ခန်းထဲမှ လှမ်းထွက်လိုက်စဉ် "မနမ်း..."..။ သူ့ခေါ်သံကြောင့် ကျမလှည့်ကြည့်လိုက်တော့ သူ့မျက်လုံးတွေ နီရဲနေသည်။ "စနေနေ့ကျရင် FEEL NO.1 စားသောက်ဆိုင်မှာ မနမ်းကို နေ့လည်စာ ထမင်းဖိတ်ကျွေးပါရစေ".."ဟုတ်ကဲ့..နမ်း..လာနိုင်အောင်ကြိုးစားပါ့မယ်"...။ "အဲဒီနေ့ကျရင် ကျွန်တော့် ဘဝအတွက် အလေးနက်ဆုံး စကားတခွန်းကို ပြောမှာမို့လို့ လာဖြစ်အောင်လာခဲ့စေချင်တယ်....မနမ်းကို ကျွန်တော် စောင့်နေမယ်"....ဆိုတဲ့ သူပြောခဲ့တဲ့ သူ့ရဲ့အသံတွေထဲမှာ တုန်ရီမှုတွေ ပါနေခဲ့တယ်။ မြိုသိပ်၊ သိုသိပ်လွန်းသော သူ့ထံမှ ထူးဆန်းသည့် အကြည့်၊ ထူးဆန်းသည့် စကားများကို မြင်ခဲ့ ကြားခဲ့ရသော အဲဒီနေ့လေးကို အခုထိ အမှတ်ရ လွမ်းနေဆဲပါ...။ ပြီးတော့ ရင်ခုန်စရာ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေတဲ့ မကြာမည် ရောက်ရှိလာတော့မယ့် "စနေနေ့ ၊ FEEL NO.1 စားသောက်ဆိုင်လေးမှ သူနှင့် ကျမတို့ရဲ့ နေ့လည်စာ ထမင်းစားပွဲလေး."....၊ ပြီးတော့ "သူ့ဘဝအတွက် သူပြောလာမည့် အလေးနက်ဆုံး စကားလေးတခွန်း..."..၊ ပြီးတော့....ပြီးတော့...ပြီးတော့.....