Showing posts with label ပုံပြင်. Show all posts
Showing posts with label ပုံပြင်. Show all posts

Wednesday, November 14, 2012

အရှက်မဲ့စွာ လူမြင်ကွင်းမှာ မိတ်လိုက်ကြရတဲ့ခွေးတွေရဲ့ကျိန်စာ


“ခွေးတွေဟာ ဘာကြောင့် လူမြင်ကွင်းမှာ အရှက်အကြောက်ကင်းမဲ့စွာ မိတ်လိုက်ကြရပါသလဲ???” ဆိုတဲ့ အကြောင်းအရင်းဟာ အိန္ဒိယနိုင်ငံက စခဲ့ပါသတဲ့..။

ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကျမရဲ့သူငယ်ချင်းဖြစ်သူ အိန္ဒိယသူလေး ပြောပြခဲ့တဲ့ ပုံပြင်လေးတစ်ပုဒ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။

ဟိုး... ရှေးရှေးတုန်းက အိန္ဒိယနိုင်ငံမှာ မြို့အသီးသီးကို ဘုရင်တစ်ပါးစီက အုပ်ချုပ်ကြတယ်။
အဲဒီဘုရင်တွေထဲက ဘုရင်တစ်ပါးဟာ အပြစ်တစ်ခုကြောင့် ထီးနန်းကျပြီး သာမန်အရပ်အသားအဖြစ် မိသားစုလိုက် နယ်နှင်ဒါဏ်ပေးခံရပါတယ်။
အဲဒီဘုရင်ဟာ မိဖုရား၊ သားတော်(၇)ပါးတို့နဲ့အတူ  သာမန်အရပ်သားဘဝနဲ့ ဘဝကိုနှစ်မြုတ်လာလိုက်တာ တဖြည်းဖြည်းနဲ့ သားတော်(၇)ပါးဟာ အရွယ်ရောက်လာခဲ့ပါတယ်။

တစ်နေ့မှာ..
အဲဒီတိုင်းပြည်ကို အုပ်ချုပ်တဲ့ ဘုရင်တစ်ပါးဟာ သမီးတော်ကိုလက်ဆက်ပေးဖို့အတွက် လေးတင်ပွဲအခမ်းအနားတစ်ခုကို ကျင်းပပြီး သမက်တော်ကိုရှာခဲ့ပါတယ်။

အဲဒီလေးတင်ပွဲမှာ အရပ်သားအဖြစ် ကြီးပြင်းလာခဲ့တဲ့ နန်းကျဘုရင်ရဲ့သားတော်တစ်ပါးဟာ ဝင်ရောက်ယှဉ်ပြိုင်ရင်း အနိုင်ရခဲ့တဲ့အတွက် မိမိနှင့်လက်ဆက်ရမည့် သတို့သမီးလောင်းကို မိခင်အားပြဖို့အတွက် အိမ်သို့ခေါ်ဆောင်လာခဲ့ပါတယ်။

အဲဒီခေတ်က သားသမီးတွေဟာ မိခင်ရဲ့စကားကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ မြေဝယ်မကျ နားထောင်ရပါတယ်။
အိမ်ကိုရောက်တယ် ဆိုရင်ပဲ မင်းသားလေးဟာ အိမ်ပေါက်ဝကနေ “မေမေရေ.. မေမေ့အတွက် လက်ဆောင်ပါတယ်..၊ ထွက်ကြည့်ပါအုံး”လို့ အော်ပြောလိုက်တယ်။

မိခင်ဖြစ်သူဟာ မီးဖိုထဲမှာ ချက်ပြုတ်ရင်း အလုပ်ရှုပ်နေတဲ့အတွက် သားဖြစ်သူရဲ့လက်ဆောင်ဟာ စားစရာတစ်ခုခု (သို့မဟုတ်)အသုံးအဆောင် ပစ္စည်းတစ်ခုခုဖြစ်မယ်လို့ ယူဆပြီး
“ဟုတ်လား သားရေ.. သားရဲ့လက်ဆောင်ကို သားရဲ့အစ်ကိုတွေကိုပါ မျှလိုက်အုံးနော်” လို့ လှည့်မကြည့်ပဲပြောလိုက်တယ်..။

သားဖြစ်သူဟာ..“ဟာ....... မေမေ၊ သားရဲ့လက်ဆောင်က သားနဲ့လက်ထပ်မယ့်သတို့သမီးပါ”လို့ပြောလိုက်တော့မှ မိခင်ဟာ ပြာပြာသလဲ မီးဖိုခန်းကနေ ပြေးထွက်လာပြီး သူပြောလိုက်တဲ့စကားမှားသွားမှန်းကို သိသွားတယ်။
ပြောပြီးသားစကားကိုလည်း ပြန်ပြီးရုတ်သိမ်းလို့မရတော့တာကြောင့် သားဖြစ်သူနဲ့ချွေးမကို ငိုယိုပြီး တောင်းပန်ယုံမှတစ်ပါး ဘာမှမတတ်နိုင်ခဲ့ဘူး။
အဲဒီခေတ်က အိန္ဒိယလူမျိုးမိဘတွေဟာ မိမိတို့ပြောပြီးသားစကားကို ပြန်လည်ရုတ်သိမ်းပိုင်ခွင့်မရှိကြဘူး၊ အဲဒါဟာ သူတို့ရဲ့အယူတစ်ခုပဲဖြစ်တယ်လို့သိရပါတယ်။

မိခင်ရဲ့နှုတ်ထွက်စကားအတိုင်း ဘုရင့်သမီးတော်ဟာ ကံဆိုးစွာနဲ့ပဲ မင်းသား(၇)ပါးနဲ့ ကံပါရရှာပြီး မင်းသားတစ်ပါးစီနဲ့ တစ်ညစီ နေရရှာတယ်..။
တစ်ညမှာ မင်းသားတစ်ပါးနဲ့ အကြင်လင်မယားအဖြစ် ချစ်တင်းနှောနေချိန်၊
အခန်းတွေကလည်း လိုက်ကာသာရှိပြီး တံခါးမရှိတဲ့အခန်းများဖြစ်တာကြောင့် ခွေးတစ်ကောင်ဟာ အဲဒီအခန်းထဲကို ဝင်သွားခဲ့တယ်။(အိမ်မှာမွေးထားတဲ့ခွေးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်)။

ခွေးကိုမောင်းထုတ်ပေမယ့်လည်း ခွေးဟာထွက်မသွားပဲ အခန်းထဲမှာပဲရှိနေသတဲ့..။
အဝတ်ဗလာနဲ့မင်းသမီးဟာ ရှက်လည်းရှက် ဒေါသလည်းထွက်တာကြောင့် ခွေးကိုကျိန်ဆဲလိုက်တယ်..။
“ငါ အရှက်ရအောင် လုပ်ခဲ့တဲ့ခွေး.. နင့်အလှည့်ကျရင် လူမြင်ကွင်းမှာ အရှက်ကင်းမဲ့စွာ မိတ်လိုက်ရတဲ့သတ္တဝါဖြစ်ပါစေ၊ လူတစ်ကာရဲ့အကြည့်အောက်မှာ ပုန်းရှောင်မရအောင် အရှက်ရပါစေ”လို့
ကျိန်ဆဲခဲ့တယ်။

အဲဒီလိုနဲ့ ခွေးတွေရဲ့ဘဝဟာ လူမြင်ကွင်းမှာမိတ်လိုက်ကြပြီး၊ လူတွေက ခဲတွေနဲ့ပေါက်ကြ၊ ရေတွေနဲ့ဖျန်းပြီး ခွဲတာတောင် မပြေးနိုင်ပဲ အရှက်မဲ့ကြရတဲ့ မြင်ကွင်းကို စာဖတ်သူများလည်း ကြုံဖူးကြပါလိမ့်မယ်။

ကဲ.. ပုံပြင်လေးကတော့ ဒါပါပဲကွယ်..
အရှက်မဲ့စွာ လူမြင်ကွင်းမှာ မိတ်လိုက်ကြရတဲ့ ခွေးတွေရဲ့ကျိန်စာဟာ အိန္ဒိယပုံပြင်က စခဲ့တယ်ဆိုတဲ့အကြောင်းကို ကျမရဲ့သူငယ်ချင်း အိန္ဒိယသူလေးက ပါးစပ်ရာဇဝင်တစ်ပုဒ်အနေနဲ့ပြောပြခဲ့ပါတယ်။

မှတ်ချက်။  ။ ဤပုံပြင်နှင့်ပတ်သက်ပြီး ဘာသာရေးအရသော်လည်းကောင်း၊ လူမျိုးရေးအရသော်လည်းကောင်း၊ ယဉ်ကျေးမှုအရသော်လည်းကောင်း၊ တစ်စုံတစ်ခု ထိခိုက် နစ်နာမှုများရှိခဲ့ပါလျှင် ကျမ၏တာဝန်သာဖြစ်ပါကြောင်း...။

Sunday, August 7, 2011

တရုတ်ပြည်က Valentine's Day(သို့) နတ်သမီးရဲ့ ချစ်ပုံပြင်



“Nan ရေ.. ဒီနေ့ ဘာနေ့လဲ သိလား”
“သြဂုတ်လ(၆)ရက်၊ စနေနေ့လေ..”
“အာ..အဲဒါကို ပြောတာမဟုတ်ဘူး ဒီနေ့ဟာ Hazelတို့ တရုတ်လူမျိုးတွေရဲ့ Valentine's Day နေ့လို့ပြောတာ”
“ဟင်..ဟုတ်လား.. Nan ကိုပြောပြပါလားဟင်..စိတ်ဝင်စားလို့ပါ”
“တရုတ်ပြည်မှာချစ်သူတွေအတွက် ဒဏ္ဍာရီပုံပြင်လေးတပုဒ်ရှိခဲ့ဖူးတယ်”
ဟိုး.. ရှေးရှေးတုန်းကပေါ့...
ကျွတ်ညွင်( Zhi Nv) လို့ခေါ်တဲ့ သက်တန့်ရောင်စဉ်တွေကို ဖန်ဆင်းတဲ့ နတ်သမီးလေးတပါးဟာ လူ့ပြည်ကို
ဆင်းသက်လာပြီး ညိုလောင်( Niu Lang) လို့ခေါ်တဲ့ လယ်သမားလေးတယောက်နဲ့ ချစ်ကြွမ်းဝင်ခဲ့တယ်။
အဲဒီလိုနဲ့ လူယောင်ဖန်ဆင်းထားတဲ့ သက်တန့်ရောင်စဉ်နတ်သမီးလေးနဲ့ လယ်သမားလေးတို့ဟာ အိမ်ထောင်ကျခဲ့ကြတယ်။
လင်မယားနှစ်ယောက် ဘဝကို အတူလက်တွဲပြီး ပျော်ရွှင်စွာနေလာကြရင်း သား(၁)ယောက် သမီး(၁)ယောက်ထွန်းကားပြီးတဲ့နောက်မှာ ကောင်းကင်ဘုံကိုစောင့်ကြပ်တဲ့ ဘုရင်ကြီးနဲ့ဘုရင်မတို့ဟာ
လူ့ပြည်ကို ဆင်းသက်လာပြီး သက်တန့်ရောင်စဉ်နတ်သမီးလေးကို ကောင်းကင်ဘုံပေါ်ကို ပြန်ခေါ်သွားခဲ့ကြတယ်။

လယ်သမားလေး ညိုလောင်ဟာ အဲဒီအချိန်ကျမှ သူ့ရဲ့မိန်းမကို သက်တန့်ရောင်စဉ်နတ်သမီးမှန်းသိခဲ့ရပြီး
ညိုလောင်(Niu Lang)နဲ့ ကလေး(၂)ယောက်ဟာ နတ်သမီးလေးကို နေ့စဉ်နဲ့အမျှ လွမ်းဆွတ် တမ်းတနေကြရတယ်။

အဲဒီလို မိသားစုဝမ်းနည်းကြေကွဲနေရတဲ့ အဖြစ်ကို မကြည့်ရက်နိုင်တော့တဲ့ ညိုလောင်မွေးထားတဲ့ စကားပြောတတ်တဲ့ နွားထီးကြီးဟာ သူ့သခင်ဖြစ်တဲ့ ညိုလောင်ကိုပြောသတဲ့..
“သခင်.. သခင့်ရဲ့ အဖြစ်အပျက်ကို ကျွန်တော်မျိုး မကြည့်ရက်တော့ပါ..၊ အဲဒီတော့ ကျွန်တော့်ကို သတ်ပြီး ကျွန်တော့်ရဲ့ကိုယ်ပေါ်က သားရည်ကို အသင်တို့ သားအဖ(၃)ယောက်ရဲ့ ကိုယ်ပေါ်မှာ လွှမ်းခြုံလိုက်ရင် အသင်တို့ရဲ့ခန္ဓာတွေဟာ ကောင်းကင်ပေါ်ကို အလိုလို ပျံတက်သွားပါလိမ့်မယ်..၊ အဲဒီအခါ အသင်တို့သားအဖ တွေ့ချင်နေတဲ့ အကျွန်ုပ်၏ သခင်မ ကျွတ်ညွင်(Zhi Nv) ကို တွေ့အောင်ရှာပါ” လို့ ပြောသတဲ့..။

လယ်သမားလေးဟာ ဇနီးသယ်ကို တွေ့ချင်လှပေမယ့် သူမွေးထားတဲ့ နွားထီးကြီးကို သတ်ဖို့
ဘယ်လိုမှမဖြစ်နိုင်ကြောင်း ငြင်းဆန်ပေမယ့်လည်း နောက်ဆုံးမှာတော့ ရွေးစရာလမ်း တလမ်းပဲရှိတာကြောင့် နွားထီးကြီးကိုသတ်ပြီး နွားသားရည်ကို သူ့ရဲ့ကိုယ်ပေါ်မှာ လွှမ်းခြုံ၊ ကလေး(၂)ယောက်ကို တောင်းတတောင်းစီမှာထည့်ပြီး နွားသားရည်များနဲ့ဖုံးအုပ်ပြီး မိုးပေါ်ကို ပျံတက်ခဲ့တယ်။

လယ်သမားလေး ညိုလောင်နဲ့ ကလေး(၂)ယောက်ဟာ သက်တန့်ရောင်စဉ်နတ်သမီးလေးကို လိုက်ရှာရင်း ကောင်းကင်ပေါ်မှာ ဝဲပျံနေတာကို မြင်တွေ့သွားတဲ့ ကောင်းကင်ဘုံစောင့် နတ်မင်းကြီးဟာ ဘဝခြင်းမတူကြတဲ့ နတ်သမီးနဲ့ လူသားတို့ကို ပြန်လည်တွေ့ဆုံခွင့် မပေးချင်တဲ့အတွက် သူတို့နှစ်ဦးရဲ့အလယ်မှာ နို့ရည်ကဲ့သို ဖြူဖွေးသော ကျယ်ဝန်းလှတဲ့ မြစ်ကြီးတခုကို ဖန်ဆင်းခဲ့တယ်။

လယ်သမားလေး ညိုလောင်ဟာ
တဖက်ကမ်းမှ နတ်သမီးလေးရှိရာကို သွားဖို့ မြစ်ထဲက ရေတွေ မရှိတော့မှ သားအဖ(၃)ယောက် မြစ်ကိုဖြတ်ပြီး လမ်းလျှောက်သွားနိုင်မယ် ဆိုတဲ့ အကြံနဲ့ သူ့မှာ အသင့်ပါလာတဲ့ ဇွန်းခွက်ကြီးနဲ့ မြစ်ထဲက ရေတွေကို ကုန်အောင်ခပ်ထုတ်ဖို့ကြိုးစားပေမယ့်လည်း ဘယ်လိုမှမဖြစ်နိုင်တဲ့အဆုံးမှာ လက်မှိုင်ချရင်း မြစ်ကမ်းတဖက်တချက်စီကနေ လင်မယားနှစ်ယောက် တယောက်မျက်နှာကို တယောက်လှမ်းကြည့်နေကြသတဲ့..။ သားသမီး(၂)ယောက်ဟာလည်း မျက်နှာငယ်လေးတွေနဲ့ သူတို့ရဲ့မိခင် သက်တန့်ရောင်စဉ်နတ်သမီးလေးကို လှမ်းကြည့်နေတဲ့ အဖြစ်ကို ကြည့်နေတဲ့ ကောင်းကင်ဘုံကို စောင့်ကြပ်တဲ့ ဘုရင်ကြီးဟာ ညိုလောင်တို့ မိသားစုအတွက် သက်ညှာတဲ့အနေနဲ့ အခွင့်အရေးတခုကိုပေးခဲ့တယ်။

အဲဒီအခွင့်ရေးကတော့ တနှစ်မှာ တရက်၊ တရက်မှာ တခါသာ မိသားစု တွေ့ခွင့်ရှိမယ် ဆိုတာပါပဲ။

အဲဒီလို တွေ့ခွင့်ရပြန်တော့လည်း ကျယ်ဝန်းလှတဲ့ ချောင်းရေပြင်ကျယ်ကြီးကို သားအဖ(၃)ယောက် ဖြတ်ကျော်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့အခြေနေမျိုးမှာ... အထီး အမ စုံတွဲ ငှက်ကျားလေးနှစ်ကောင်ဟာ
ညိုလောင်တို့ သားအဖ(၃)ယောက် မြစ်ကို ဖြတ်ကျော်နိုင်ဖို့ သူတို့ရဲ့ ရှည်လျှားလှတဲ့ အမှီးနှစ်ခုကို ကုန်းတံတားလေးတခုအသွင် ဖန်ဆင်းပြီး သူတို့ရဲ့ ကျောကုန်းပေါ်ကနေ ဖြတ်လျှောက်စေတဲ့အတွက် ညိုလောင်တို့ မိသားစုလေးဟာ မြစ်ရဲ့တဖက်မှာ စုံတွေ့ခွင့်ရကြသတဲ့။
အဲဒီလို မိသားစုလေး တနှစ်မှာ တခါ ပြန်စုံတွေ့ကြရတဲ့ နေ့လေးကို တရုတ်ပြည်ရဲ့ Valentinf's Day ( Qixi Folk Festival) လို့ သတ်မှတ်ခဲ့ကြတယ်..။

အဲဒီနေ့လေးကို ရောက်ရင် တရုတ်ပြည်မှာ လွမ်းဆွတ်ကြေကွဲခြင်းနမိတ် “မိုး”တွေရွာလေ့ရှိတယ်။
ပြီးတော့ အဲဒီညမှာ ကောင်းကင်ကို မော့ကြည့်လိုက်ရင် အရမ်းတောက်ပ လင်းလက်နေတဲ့ ကြယ်လေးနှစ်လုံးဟာ လကွေးကွေးလေးရဲ့ တဖက်တချက်စီမှာ မျက်နှာချင်းဆိုင်အနေအထားမျိုးဖြစ်နေတတ်ပြီး ကြယ်သေးသေးလေး နှစ်လုံးကတော့ ဘေးတဖက်စီမှာ ရှိနေတာကို ပုံပြင်နားထောင်ရင်း အဖွားပြလို့ ကောင်းကင်ကို မော့ကြည့်ခဲ့ဖူးတယ်။

အဲဒီပုံပြင်လေးကို Hazel တို့ တရုတ်လူမျိုး အဖွားတွေ၊ အမေတွေက သူတို့ရဲ့မြေး၊ သားသမီးတွေကို အိပ်ယာဝင်ပုံပြင်အဖြစ် ပြောပြလေ့ရှိကြတယ်..။

“ကဲ.. Nan ရေ..
Nan အတွက်တော့ စာရေးစရာ ပုံပြင်လေးတပုဒ်ရသွားပြီနော်..
Hazel ကို ဘာကျွေးမလဲ..”

“ကျွေးမှာပေါ့ Hazel ရယ်.. မနက်ဖြန် Nan နဲ့ Hazel အပြင်မှာ မုန့်သွားစားကြမယ်နော်.. ဟုတ်ပြီလား”
“OK.. Nan..”

နှုတ်ဆက်ပြီး ထွက်သွားသော ကျမ၏ အချစ်ဆုံးသူငယ်ချင်း Hazel အား လှမ်းကြည့်ရင်း သူမပြောပြသော ပုံပြင်လေးထဲက ရင်နင့်ဖွယ်ရာ မိသားစုလေးအကြောင်းကို ကျမ ဆက်၍ စဉ်းစားနေမိပါသည်။

နတ်သမီးနှင့် လူသား..မို့ ဘဝခြင်း မတူညီသည်မှာ ထားတော့..
လူသားအချင်းချင်းတွင်လည်း မတူညီသော
ငွေဂုဏ်၊ ပညာဂုဏ်၊ မျိုးရိုး၊ လူမျိုး၊ ဘာသာ၊ အစရှိသည့် မတူညီသော ဘဝနှစ်ခု... လက်တွဲဖို့ ကြိုးစားကြသည့်အခါ များစွာခက်ခဲလှပါသည်။

တချို့က မရ ရအောင် ညှိယူကြသည်လည်းရှိသည်၊ ထိုသို့ညှိယူရာတွင် ပေးဆပ်ခြင်းများ၊ ကြေကွဲခြင်းများနှင့် ရင်နာစရာအဖြစ်အပျက်နှင့် ကြုံတွေ့ကြရမည်မှာ ဧကန်မုချပင်ဖြစ်သည်။
ပေးဆပ်ခြင်းများစွာ...
ဆုံးရှုံးခြင်းများစွာ...
ကြေကွဲခြင်းများစွာ...
အစရှိသည့် ရင်နာစရာ အဖြစ်အပျက် ဒုက္ခများမှ ကင်းဝေးကြစေကြောင်း ဆုတောင်းရင်း...

Friday, June 10, 2011

Dragon Boat Festival(သို့မဟုတ်) ကောက်ညှင်းထုပ်ပွဲတော်




“နမ်းရေ... အလုပ်ပြီးရင် ဝန်ထမ်းဆောင်မှာပါတီပွဲရှိတယ်..”
“OK.. နမ်းလာခဲ့မယ်”
တရုတ်လူမျိုး သူငယ်ချင်းမလေးရဲ့ ဖိတ်ကြားမှုကြောင့် အလုပ်များပြီးသောအခါ ဝန်ထမ်းများနားနေခန်းထဲသို့ ကျမသွားရောက်ခဲ့သည်။
“လာ..နမ်း.. ထိုင်”
တရုတ်လူမျိုးဝန်ထမ်းများမှာ စားသောက်ဖွယ်ရာအပြည့်နှင့် ဖျော်ရည်မကာများတင်ထားသော စားပွဲပတ်ပတ်လည်တွင်ထိုင်၍ ပျော်ရွှင်စွာစားသောက်ရင်း စကားပြောနေရင်းမှ ကျမထိုင်ရန် နေရာပေးရင်း..
“နမ်း..ဒီနေ့ဟာ ကျမတို့ တရုတ်လူမျိုးတွေရဲ့ ကောက်ညှင်းထုပ်ပွဲတော်နေ့လေ”
ကျမရဲ့ ဝါသနာအတိုင်း Post တခုတော့ရပြန်ပြီပေါ့...
“ဟုတ်လား.. အဲဒီ ကောက်ညှင်းထုပ်ပွဲတော်အကြောင်းလေး ပြောပြပေးနိုင်မလားဟင်”
“ရပါတယ် နမ်းရဲ့..ပြောပြမှာပေါ့.. ”
“ဒီလို..နမ်းရဲ့...
ဟိုးရှေးရှေးတုန်းက.. တရုတ်ပြည်မှာ အနုပညာကို အသက်ထက်ချစ်မြတ်နိုးတဲ့ “ချွိယွမ်”(Qu Yuan)ဆိုတဲ့ သီချင်းရေးဆရာတယောက်ရှိတယ်။
သူရေးတဲ့ သီချင်းတွေကိုလည်း ပရိတ်သတ်က အရမ်းကိုနှစ်သက်ကြတယ်။
တခုထူးတာက သူဟာ အဲဒီအချိန်က ဘုရင်ရဲ့အုပ်ချုပ်ပုံကို မနှစ်သက်သူဖြစ်တဲ့အတွက် ကလောင်လက်နှက်နဲ့ တိုက်ပွဲဝင်သူတယောက်လည်းဖြစ်တယ်။
ပြည်သူတွေကလည်း သူ့ကို အရမ်းအားပေးကြတာပေါ့..
တနေ့တော့.. သူ့ကို တိုက်ခိုက်သူ(နာမည်ဖျက်သူ) တစုကြောင့် သူဟာ အလွန်အမင်းစိတ်ဓာတ်ကျသွားခဲ့တာလား ဒါမှမဟုတ် စိတ်ဓာတ်ပျင်းတာလား မသိပါဘူး.၊အနုပညာသမားတယောက်ရဲ့ ခံစားချက်ဟာ သိပ်ပြီးနုလွန်းတယ်လို့ပဲ ဆိုမလား..၊ ခံစားတတ်လွယ်တယ်လို့ပဲပြောမလား..၊ သူဟာ မြစ်တခုထဲကို ခုန်ချပြီး သေကြောင်းကြံခဲ့တယ်။

သူ့ကိုချစ်တဲ့ သူ့ရဲ့ပရိတ်သတ်တွေဟာ သူခုန်ချသွားတဲ့မြစ်ထဲက သူ့ရဲ့အလောင်းကို ကြိုးစားပြီး ရှာဖွေကြပေမယ့် မိုးကလည်း သဲကြီးမဲကြီးရွာနေတာကြောင့် ရှာဖွေလို့မရတဲ့နောက်ဆုံးမှာ သူ့ရဲ့ကိုယ်ခန္ဓာက အသားတွေကို မြစ်ထဲက ငါးတွေမစားစေဖို့ ကောက်ညှင်းနဲ့လုပ်ထားတဲ့ မုန့်တွေကို ငါးစာအဖြစ် အစားထိုးချကျွေးခဲ့ကြတယ်။
အဓိပ္ပါယ်ကတော့ “သူတို့ချစ်တဲ့ ချွိယွမ် ရဲ့အသားကို မစားပါနဲ့... ကောက်ညှင်းမုန့်ကိုသာစားပါ” ဆိုတဲ့ အဓိပ္ပါယ်ပေါ့..။

အဲဒီလို သနားစရာကောင်းတဲ့ ဇာတ်လမ်းလေးကို အစွဲပြုပြီး သီချင်းရေးဆရာလေး ချွိယွမ်ကွယ်လွန်ခဲ့တဲ့ ဇွန်လ (၆) ရက်နေ့ရောက်တိုင်း ကောက်ညှင်းမုန့်များကို မြစ်ထဲကို ပစ်ချပြီး ငါးစာကျွေးခဲ့ကြတယ်။
ပြီးတော့ မြစ်ထဲမှာ လှေလှော်ပြိုင်ပွဲတွေကိုပါ ကျင်းပလေ့ရှိတယ်..။
ကဲ... ပုံပြင်လေးကတော့ ဒါပါပဲကွယ်.. ”

“နမ်းရေ.. ကောက်ညှင်းထုပ်လေးတွေကို မြည်းကြည့်ပါအုံး.. ”
“ဟုတ်.. ကျေးဇူးပါ သူငယ်ချင်းရယ်..၊ ကောက်ညှင်းထုပ်အတွက်ရော ပုံပြင်လေးအတွက်ပါ ကျေးဇူးတင်ပါတယ်နော်”



ဇွန်လ(၆) ရက်နေ့တွင် ကျရောက်ခဲ့သော တရုတ်လူမျိုးများ၏ ရိုးရာပွဲတော်“ Dragon Boat Festival” နေ့အား မှတ်တမ်းတင်အပ်ပါသည် ။

မှတ်ချက်။ ။ စာရေးဆရာ၊ကဗျာဆရာ၊ သီချင်းရေးဆရာများနှင့် အနုပညာသမားအားလုံး၏ ခံစားချက်တွင်း ကိန်းအောင်းနေသော နူးညံ့သောနှလုံးသားနှင့် ပြတ်သား၊မာကျောသောစိတ်ဓာတ်တို့မှာ တူညီသောပမာနရှိနေသည်ကို “ချွိယွမ်”ဆိုသည့် သီချင်းရေးဆရာလေးက သက်သေပြခဲ့လေပြီ။

Tuesday, February 1, 2011

အိမ်ပေါက်ဝက အနီရောင်စာတန်းလေးများ





ကျမတို့မြန်မာလူမျိုးများရဲ့ နှစ်သစ်ကူးချိန်ခါမှာ “တာစားခြင်း” ဆိုတဲ့ ရိုးရာအယူရှိသကဲ့သို့ တရုတ်လူမျိုးများမှာလည်း “နှစ်စားခြင်း” ဆိုတဲ့ ရိုးရာအယူရှိကြပါတယ်။

ပုံပြင်လေးတခုကို ပြောပြမယ်နော်....
ဟိုး...ရှေးရှေးတုန်းက ရွာတရွာမှာ တရုတ်ရိုးရာနှစ်သစ်ကူးချိန်ရောက်တိုင်း “နှစ်စားခြင်း” ဆိုတဲ့ လူများ၊
တရိစ္ဆာန်များ အကြောင်းအမျိုးမျိုးကြောင့် သေကြေကြခြင်း၊ လယ်ယာများပျက်စီးဆုံးရှုံးခြင်းများ အစရှိတဲ့ ကပ်ဆိုးနဲ့နှစ်စဉ်ကြုံတွေ့ကြရတယ်။

အဲဒီအတွက် ရွာသားများဟာ နှစ်သစ်ကူးချိန်ရောက်တိုင်း “နှစ်စားခြင်း” ခံရမည်ကို စိုးရိမ်ကြောက်ရွံ့လျှက်ရှိကြတာပေါ့..။

တနေ့တော့ အဲဒီရွာကို အဖိုးအိုတဦး ရောက်ရှိလာပြီး “နှစ်စားခြင်း” ဆိုတဲ့ ဝိဥာဉ်နဲ့အပေးအယူ တခုလုပ်သတဲ့...။
အဲဒါကတော့...
“နှစ်စားခြင်း” ဆိုတဲ့ လူတို့ရဲ့အသက်ဆုံးရှုံးခြင်း အစား “လူများရဲ့အသက်ကို မစားပဲ လူများပူဇော်ပသတဲ့
စားသောက်ဖွယ်ရာများကိုသာ စားသုံးပါရန်”မေတ္တာရပ်ခံခဲ့တဲ့အခါ သဘောတူညီမှုရခဲ့တယ် ဆိုရင်ပဲ လူယောင်ဖန်ဆင်းထားတဲ့ အဖိုးအိုဟာ နတ်သားအသွင်ကိုပြောင်းလဲပြီး အဲဒီရွာကနေ ပျောက်ကွယ်သွားခဲ့တယ်။

အဲဒီအချိန်က“စ”လို့“ နှစ်စားခြင်း” ဆိုတဲ့ ကပ်ဘေးဆိုးများဟာလည်း ပျောက်ကွယ်သွားခဲ့ပြီး ရွာသားများဟာလည်း တရုတ်နှစ်သစ်ကူးပွဲတော်ကို ငြိမ်းချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြတော့တယ်။

ယခုအချိန်ထိ တရုတ်လူမျိုးများရဲ့ ဆွေစင်မျိုးဆက် ယုံကြည်လာခဲ့ကြတဲ့ ဓလေ့တခုကတော့ အဖိုးအိုမှာခဲ့တဲ့
“နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းတဲ့အချိန်ရောက်တိုင်း နှစ်စားခြင်း ဝိဥာဉ်ကို တားဆီးဖို့အတွက် နှစ်စားခြင်းဝိဥာဉ်ကြောက်ရွံ့တဲ့ အနီရောင် စာရွက်များကို မိမိတို့ရဲ့ အိမ်ပေါက်၊ တံခါးပေါက်၊ ပြတင်းပေါက်များမှာ ချိတ်ဆွဲထားကြဖို့” ဆိုတဲ့ စကားတခွန်းပါပဲ...။



တရုတ်ရိုးရာအယူအရ တရုတ်ရိုးရာနှစ်သစ်ကူးချိန်မှာ “နှစ်စားခြင်း” ဆိုတဲ့ စီးပွားရေးကျဆင်းမှု၊ ကျန်းမာရေး ယုတ်လျော့မှု၊ မကောင်းသော ဘေးဆိုးများ မိမိတို့မိသားစုအပေါ်သို့ မကျရောက်စေရန် နှစ်စားခြင်း ဝိဥာဉ်ကို
အစားအသောက်များနဲ့ ပူဇော်ပသရင်း

မိမိတို့ရဲ့ အိမ်ပေါက်၊ တံခါးပေါက်၊ ပြတင်းပေါက်များမှာ အနီရောင်စာရွက်များကို အလှဆင်ချိတ်ဆွဲထားခြင်းနှင့်

ဗျောက်အိုးများ ကျယ်လောင်စွာဖောက်ခွဲ၍ ကပ်ဘေးဆိုးများကို မောင်းထုတ်သည့် ဓလေ့ကို ယခုအချိန်ထိ ယုံကြည်စွာ ဆက်လက်ထိမ်းသိမ်းလာခဲ့ရင်း တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲကြခြင်းဖြစ်သည်။



မှတ်ချက်။ ။ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်သမိုင်းနှင့် ပတ်သက်သည့် အထက်ပါ ပုံပြင်မှ အကြောင်းအရာ တစုံတရာမှားယွင်းလွဲချော်မှုများရှိခဲ့ပါလျှင် ကျမ၏ ဘာသာပြန်မှားယွင်းမှုသာဖြစ်ပါကြောင်း ဝန်ခံရင်း
တရုတ်နှစ်သစ်ကူးပွဲတော် အချိန်ရောက်တိုင်း ကွယ်လွန်သွားကြပြီဖြစ်သော ဖေဖေနဲ့ မေမေတို့ကို ရိုးရာအစဉ်မပျက် ကန်တော့ရင်း ဖေဖေနဲ့မေမေတို့ ကောင်းရာဘုံကနေ သမီးကို သာဓုခေါ်နိုင်ပါစေ။

http://seaandangel.blogspot.com/2010/03/blog-post_04.html

သူငယ်ချင်းများအားလုံး နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်...



Happy Chinese New Year.....

Wednesday, September 22, 2010

ကဲ..လူစုံရင် ပုံပြောပြမယ်


ဒီနေ့ဟာ တရုတ်ရိုးရာ “Full Moon Day ” ဖြစ်တဲ့အတွက် သူငယ်ချင်းတို့ကို “Full Moon Cake ”လို့ခေါ်တဲ့ “လ”မုန့်ရဲ့ ပါးစပ်ရာဇဝင် ပုံပြင်လေးတစ်ပုဒ်ကို ပြောပြပါရစေ.......
ဟိုး......
ရှေးရှေးတုန်းက တရုတ်ပြည်က ရွာတစ်ရွာမှာ..မြှားပစ်အလွန်ကျွမ်းကျင်တဲ့ “ဟုန်ရီ”(Hou Yi) ဆိုတဲ့ လူတစ်ယောက်ရှိတယ်..။သူ့မှာ “ချောင်အာ”(Chang Er)ဆိုတဲ့ သိပ်ချော သိပ်လှတဲ့ ဇနီးလေးလည်းရှိတယ်..တဲ့။
တစ်နေ့ ကောင်းကင်ပေါ်မှာ နေ(၁၀)စင်း တစ်ပြိုင်နက်တည်း ထွန်းလင်းတဲ့အတွက် ကမ္ဘာကြီးဟာ မီးလောင်လုမတတ် ပူပြင်းလာပြီး ပင်လယ်ရေတွေဟာလည်း ခန်းခြောက်စပြုလာခဲ့တယ်။ အဲဒီအကြောင်းကို “ဟုန်ရီ” သိသိခြင်းပဲ..သူ့မှာရှိတဲ့ လေးနဲ့ မြှားတွေကိုယူပြီး အမြင့်ဆုံးတောင်ဖြစ်တဲ့ “ကူလွင်”(Kun Lun) တောင်ပေါ်ကို ခဲရာခဲဆစ် ကြိုးစားပြီးရောက်အောင်တက်ခဲ့တယ်...။
အဲဒီတောင်ပေါ်ကနေ နေ(၁)စင်းကိုချန်ပြီး ကျန်တဲ့ နေ(၉) စင်းကို သူ့ရဲ့မြှားတွေနဲ့ခြေဖျက်နိုင်ခဲ့တယ်..။

အဲဒီအချိန်က“စ”ပြီး မြှားပစ်သမားလေး “ဟုန်ရီ”ဟာ ကမ္ဘာမြေနဲ့ လူသားတွေကို ကယ်တင်ခဲ့တဲ့ လူစွမ်းကောင်းတစ်ယောက်ဖြစ်လာခဲ့တာပေါ့.။
အဲဒီအဖြစ်အပျက်တွေကို အစ အဆုံးမြင်တွေ့ခဲ့ရတဲ့ နတ်ပြည်က နတ်မင်းကြီးရဲ့ မိဖုရားဟာ လူစွမ်းကောင်း “ဟုန်ရီ”ကို နတ်ဆေးလုံးတစ်လုံးချီးမြှင့်ခဲ့တယ်။
အဲဒီနတ်ဆေးလုံးရဲ့အစွမ်းသတ္တိကတော့... ရုပ်ပျိုကိုယ်နုပြီး နတ်စည်းစိမ်နဲ့တကွ နတ်ပြည်မှာ စံစားရင်း ထာဝရ အသက်ရှင်သန်နေစေနိုင်တယ်..တဲ့။
ဇနီးသည်ကိုချစ်တဲ့ “ဟုန်ရီ”ဟာ အဲဒီနတ်ဆေးလုံးကို သောက်ပြီး နတ်ပြည်မှာ ထာဝရ ပျော်ရွှင်စွာနေနိုင်တဲ့ အခွင့်အရေးကို ရပေမဲ့ သူချစ်ရတဲ့ ဇနီးကို မခွဲနိုင်တာကြောင့် နတ်ဆေးလုံးကို မသောက်ပဲ ဇနီးသည်ကို အကြောင်းစုံပြောပြကာ... သိမ်းထားစေခဲ့တယ်..။
စိတ်ဆိုတာကလည်း အခက်သားလား.... “ဟုန်ရီ”ရဲ့ဇနီး..“ချောင်အာ”လေးဟာ “ဟုန်ရီ”မရှိတုန်း နတ်ဆေးလုံးကို စမ်းသပ်ချင်တဲ့စိတ်နဲ့ သောက်လိုက်တယ်ဆိုရင်ပဲ...မိန်းမချောလေး “ချောင်အာ”ရဲ့ခန္ဓာကိုယ်ဟာ လေပေါ်ကိုမြောက်တက်သွားပြီး “လ”ရှိရာကို ပျံတက်သွားခဲ့တယ်..။ နတ်ဆေးလုံးရဲ့အစွမ်းအရ မိန်းမချောလေး “ချောင်အာ”ဟာ ဘယ်တော့အခါမှ လူ့ပြည်ကို ပြန်မလာနိုင်တော့ပဲ (အရှင်ထွက် သဘောမျိုးနဲ့)“လ”ပေါ်မှာပဲ မင်းသမီးလေးတစ်ပါးအဖြစ်နဲ့ ရာသက်ပန်နေသွားရင်း ပြင်လို့မရတော့တဲ့ သူမရဲ့အမှားကို နောင်တရနေတော့တာပေါ့..။
မြှားပစ်သမားလေး “ဟုန်ရီ” ကလည်း သူ့ရဲ့ဇနီးချောလေးကို လူ့ပြည်ကနေ လွမ်းယုံကလွဲလို့ဘာမှမတတ်နိုင်ရှာပဲ ဇနီးသည်ကိုလွမ်းတိုင်း “လ”ကိုပဲ မော့ကြည့်နေတော့တာပေါ့..။
အဲဒီ တရုတ်ရိုးရာ ပုံပြင်ကို အစွဲပြုပြီး တရုတ်လူမျိုးတွေဟာ အဲဒီနေ့ကိုရောက်တိုင်း မိသားစုတွေ ဘယ်လိုအကြောင်းကြောင့်နဲ့မှ အဝေးတစ်နယ်ဆီကို ရောက်နေတဲ့ သူဖြစ်နေပါစေ... မိသားစုတွေ ပြန်ဆုံကြပြီး “Moon Cake”လို့ခေါ်တဲ့ “လ”မုန့်ကို စားသောက်ကြတယ်။ အဲဒီနေ့မှာ သူတို့အဓိက စားကြတဲ့ အရာတွေကတော့...
(၁) Moon Cake (လမုန့်) ။ ။ မိသားစုတွေ “လ”ကဲ့သို့ လုံးဝိုင်းတဲ့ အရာထဲမှာ အတူတကွ ရှိစေရန်။

(၂)Grape (စပျစ်သီး) ။ ။တစ်ခိုင်တည်းမှာ မိသားစုတွေ တစ်စုတစ်စည်းတည်း ရှိနေစေရန်။
(၃)Pear (သစ်တော်သီး) ။ ။သစ်တော်သီးကို တရုတ်လို “Li” လို့ခေါ်ပါတယ်...
လမ်းခွဲခြင်းကို တရုတ်လို “Fen Li” လို့ခေါ်ပါတယ်...အဲဒီတော့ သစ်တော်သီး “ Li” ကိုစားခြင်းဖြင့် လမ်းခွဲခြင်း “Fen Li ”မှကင်းဝေးနိုင်စေရန် ရည်ညွှန်းပြီး အယူတစ်ခုအဖြစ်သတ်မှတ် ခဲ့ကြခြင်းဖြစ်ပါတယ်။
တရုတ်ရိုးရာ လပြည့်နေ့ရဲ့ အချိန်အခါလေးမှာ ကျွန်မကတော့ “လမုန့်”ကိုစားရင်း ရှင်ကွဲ ကွဲခဲ့ရတဲ့ “ဟုန်ရီ” နဲ့ “ချောင်အာ” တို့အတွက် နောင်ဘဝဆက်တိုင်းမှာ ဒီလို အဖြစ်ဆိုးတွေနဲ့ မကြုံမိစေရန် ဆုတောင်းရင်း....ပုံပြင်လေးကို အဆုံးသတ်လိုက်ပါရစေနော်...။ မိဘ၊ဆွေမျိုး များနဲ့ခွဲခွာပြီး နိုင်ငံရပ်ခြားမှာ ရောက်ရှိနေကြသော သူငယ်ချင်းများကိုလည်း မိမိတို့ရဲ့ မိဘ၊ ဆွေမျိုးများနဲ့ အမြန်ဆုံးတွေ့ဆုံရန်နှင့် ချစ်သူများ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာခြင်း ဒုက္ခမှ ကင်းဝေးကြပါစေရှင်...။

Monday, January 11, 2010

အချစ်ပုံပြင်လေးတပုဒ်


ဒီရက်ပိုင်း အလုပ်တွေတအားရှုပ်နေပြီး အရမ်းကို ပင်ပမ်းနေတဲ့ ကာလပါပဲ...။သူငယ်ချင်းတို့ကို တကယ့်အဖြစ်အပျက် ပုံပြင်လေးတပုဒ် ပြောပြချင်တာကြောင့်...ဒီpost လေးကို ရေးဖြစ်ခဲ့တယ်..။မကြာသေးခင် အချိန်လေးကပေါ့နော်....သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦးရှိတယ်။ သစ္စာတရား၊ သိက္ခာတရား နဲ့ အချစ်ကို တန်ဖိုးထားတဲ့ ကောင်လေးနဲ့ အရာရာတိုင်းကို သံသယမျက်လုံးနဲ့အမြဲကြည့်တတ်တဲ့ စိတ္တဇဆန်တဲ့ ကောင်မလေးတစ်ယောက် ဟာ အရူးအမူးချစ်ခဲ့ကြတယ်..တဲ့။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် မျက်စိအောက်က အပျောက်မခံပဲ တတွဲတွဲပေါ့..။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အချစ်အား ပြိုင်ကြတဲ့အခါ ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်တတ်ကြတယ်..။ ကောင်လေးက သူ့ကိုယ်သူ နာကျင်အောင်လုပ်တဲ့အခါမျိုးမှာ ကောင်မလေးကလည်း သူ့ကိုယ်သူ နှစ်ဆနာကျင်အောင်ပြန်လုပ်ရင်း အချစ်စမ်းတတ်သတဲ့..။ အဲဒီလိုနဲ့...သူတို့နှစ်ဦးရဲ့ နှစ်ပတ်လည် နေ့လေးတစ်နေ့မှာ....သူတို့ရင်ထဲက စိတ်ကူးလေးတွေကို အကောင်အထည် ဖော်ဖို့ တိုင်ပင်ထားခဲ့ကြတယ်...။အဲဒီနှစ်ပတ်လည်နေ့ကိုလည်းရောက်လာရော...သစ္စာတရားနဲ့ အချစ်ကို တန်ဖိုးထားတဲ့ ကောင်လေးကို အဲဒီကောင်မလေးက သစ္စာတရားကို စော်ကားတဲ့စကားတစ်ခွန်းကို ပြောမိလိုက်တယ် ဆိုရင်ပဲ ကောင်လေးဟာ နှလုံးသားတွေ ပေါက်ထွက်လုမတတ်ခံစားရင်း ဆက်ပြီးမခံစားနိုင်တော့တာကြောင့် သူ့ကိုယ်သူ နာကျင်အောင် လုပ်မိလိုက်တယ်ဆိုရင်ပဲ စိတ်ကြီးတဲ့ကောင်မလေးဟာ သူ့ကိုသူ နာကျင်အောင်ပြန်လုပ်ပါလေရော..။ရင်ကွဲလုမတတ်ခံစားနေရတဲ့ကောင်လေးဟာ သူ့ကိုယ်ပေါ်က ဒါဏ်ရာတွေကို မမှုပဲ ကောင်မလေးကို နာကျင်အောင်မလုပ်မိစေဖို့ ထိန်းခဲ့ပေမယ့် စိတ်ကြီးတဲ့ကောင်မလေးဟာ...အဲဒီကောင်လေးရဲ့ရှေ့မှာပဲ သူ့ကိုယ်သူ နာကျင်အောင် ညှင်းပမ်းနှိပ်စက်ပြခဲ့တယ်..။ စိတ်ထားနူးညံ့တဲ့ကောင်လေးဟာ ကောင်မလေးရဲ့ရူးသွပ်မှုတွေကို မခံမရပ်နိုင်တော့တာကြောင့် ကောင်မလေးအနားကနေ ပြေးထွက်သွားခဲ့တယ်..။ အဲဒီမှာတင်ပဲ...ကောင်မလေးလည်း ဆောက်တည်ရာမရဖြစ်ပြီး ရူးသွပ်သွားခဲ့တဲ့အတွက် ကောင်မလေးကို ပါတ်ဝန်းကျင်က စိတ္တဇဆေးရုံကပို့ပေးခဲ့ကြတယ်..။ အဲဒီလိုပဲ...ဒဏ်ရာတွေရထားတဲ့ကောင်လေးဟာ တညလုံး နှင်းတောထဲမှာ မေ့မျောနေတာကို လမ်းသွား လမ်းလာတွေက တွေ့ပြီး ဆေးရုံကို ပို့ပေးခဲ့ကြတယ်..။နောက်တနေ့မှာတော့ ကောင်လေးဟာ သတိပြန်လည်လာပေမယ့် ဘာကိုမှ မမှတ်မိတော့တဲ့ အတိတ်မေ့ဝေဒနာကို တသက်လုံးခံစားသွားရတော့တာပါပဲ..။သိပ်ချစ်ခဲ့ကြတဲ့ ချစ်သူနှစ်ဦး...မိုက်ရူးရဲဆန်တဲ့ ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်တဲ့အကျင့်ကြောင့်ရယ်..။ လူတိုင်းကို သံသယ ထားတတ်တဲ့ အကျင့်ဆိုးကြောင့်ရယ်..။ အချစ်လွန်ကဲပြီး ခံစားလွန်းသူတို့ရဲ့ နောက်ဆုံး...ရင်ကွဲဖွယ်ဖြစ်ရပ်လေးကို သင်္ခန်းစာယူရင်း...ချစ်သူတွေကြားမှာ သံသယများကင်းဝေးကြပါစေ...လို့ဆန္ဒပြုရင်း...

Tuesday, November 24, 2009

“ဖားကလေး”..ပုံပြင်...




မြန်မာပုံပြင်များထဲမှ "ရေအိုင်ထဲကဖားကလေး" ပုံပြင်ကို မြန်မာလူမျိုးတိုင်း သိကြပါတယ် ။ ရေအိုင်လေးကိုပဲ မြင်ဖူးတဲ့ ဖားကလေးဟာ သူနေခဲ့တဲ့ ရေအိုင်လေးကို အလွန်ကြီးမားကျယ်ပြန့်တယ်လို့ ထင်ထားခဲ့ပေမဲ့ ပင်လယ်ကြီးကိုလဲမြင်ရော..သူနေခဲ့တဲ့ရေအိုင်လေးဟာ ဘယ်လောက်သေးတယ်ဆိုတာ သိသွားရတဲ့ပုံပြင်ပါ...။ကျမကြားဖူးတဲ့ Cyprus က..."ဖားကလေး" ပုံပြင်ကတော့....မျှော်စင်ထိပ်ဆုံးကို ရောက်အောင်ကြိုးစားတဲ့ "ဖားကလေး" ပုံပြင်ပါ...။ တစ်နေ့မှာ ဖားကလေးတစ်ကောင်ဟာ ..မျှော်စင်ထိပ်ဆုံးကို ရောက်ဖို့ မျှော်စင်တစ်ခုရဲ့ အောက်ခြေကနေ တဆင့်ပြီး တဆင့် ခုန်တက်လိုက် ...ပြုတ်ကျလိုက်...နောက်တခါ..ခုန်တက်လိုက်...ပြုတ်ကျလိုက်နဲ့...အကြိမ်ကြိမ်ကြိုးစားနေခဲ့တယ်...အဲဒီအဖြစ်အပျက်ကို...တခြားဖားတွေက..."မဖြစ်နိုင်တာ...အဓိပ္ပါယ်မရှိတာတွေကို လုပ်နေတာ"....ဆိုပြီး..လှောင်ပြောင်ကြတယ်...ဒါပေမဲ့..စိတ်ဓာတ်ခိုင်မာတဲ့ဖားကလေးဟာ...တခြားဖားတွေရဲ့ ပြောစကားကို..ဂရုမစိုက်ပဲ..မလျှော့သော..ဇွဲ..လုံ့လ..ဝီရိယ..နဲ့..နေ့ပေါင်း..လပေါင်း..များစွာကြိုးစားလိုက်တာ..တစ်နေ့မှာ..မျှော်စင်ရဲ့ ထိပ်ဆုံးကို တစ်ကယ်ပဲ ရောက်သွားခဲ့တယ်..။ကျမပြောချင်တာကတော့...ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်....ကိုယ်ဖြစ်ချင်တာကို.."ဖြစ်အောင် ကြိုးစားပါ...ဆိုတာကိုပါပဲ...။ "မဖြစ်နိုင်တာမရှိဘူး" ဆိုတဲ့ ခံယူချက်ကို...နှလုံးသွင်းပါ...။ သင်..အောင်မြင်လာပါလိမ့်မယ်..။ သူငယ်ချင်းတို့အားလုံး..ရည်မှန်းချက်ပန်းတိုင်ကို...အမြန်ဆုံး...ရောက်နိုင်ကြပါစေလို့..ဆန္ဒများစွာဖြင့်.....

(အဖျက်စကားတွေကို အာရုံမထားဖို့တော့လိုပါတယ်).

Cyprus မှာ စစ်မှုထမ်းသူတိုင်း စိတ်ဓာတ်မြှင့်တင်ရေး ပုံပြင်အဖြစ် ဒီပုံပြင်လေးကို လူတိုင်းသိကြပါတယ်။ ပုံပြင်လေးအတွက် “ဖား”သတ္တဝါကို ရွေးပြီးသုံးရတဲ့ အကြောင်းရင်းကတော့ “ဖားမှာ သူများတွေပြောစကားကို ဂရုစိုက်နားထောင်ဖို့ “နား”မပါလို့ပါတဲ့လေ...။း)..း)

Saturday, October 3, 2009

“လမုန့်” ထဲက...ဒဏ္ဍာရီတစ်ပုဒ်


၃.၁၀.၂၀၀၉ (စနေနေ့)ဟာ သီတင်းကျွတ်လပြည့်နေ့ပါ။ သီတင်းကျွတ်လပြည့်နေ့ အကြောင်းကိုတော့ မြန်မာလူမျိုးတိုင်း သိပြီးသားဖြစ်တဲ့အတွက် ထွေထွေထူးထူး မရေးလိုတော့ပါ..။ တရုတ်စားသောက်ဆိုင်ကြီးမှာ အလုပ်လုပ်နေရတဲ့ ကျွန်မအတွက် တရုတ်ရိုးရာ “Full Moon Day ” ဟာ ကျွန်မတို့ရဲ့ “သီတင်းကျွတ် လပြည့်နေ့” နဲ့ ထူးထူးခြားခြားတိုက်ဆိုင်နေပါတယ်။ ဒီနေ့ ကျွန်မတို့ ဝန်ထမ်းတွေ စုပြီး ပျော်ပွဲရွှင်ပွဲပြုလုပ်ပြီး ပါတီပွဲလေးတစ်ခုကျင်းပဖြစ်ကြတယ်။ အဲဒီမှာ ကျွန်မစိတ်ဝင်တစားနားထောင်ခဲ့ရတဲ့ အကြောင်းကတော့....“Full Moon Cake ”လို့ခေါ်တဲ့ “လ”မုန့်ရဲ့ ပါးစပ်ရာဇဝင် ပုံပြင်လေးတစ်ပုဒ်ရဲ့အကြောင်းပါပဲ..။ဟိုး...ရှေးရှေးတုန်းက တရုတ်ပြည်က ရွာတစ်ရွာမှာ..မြားပစ်အလွန်ကျွမ်းကျင်တဲ့ “ဟုန်ရီ”(Hou Yi) ဆိုတဲ့ လူတစ်ယောက်ရှိတယ်..။သူ့မှာ “ချောင်အာ”(Chang Er)ဆိုတဲ့ သိပ်ချော သိပ်လှတဲ့ ဇနီးလေးလည်းရှိတယ်..တဲ့။
တစ်နေ့...ကောင်းကင်ပေါ်မှာ နေ(၁၀)စင်း တစ်ပြိုင်နက်တည်း ထွန်းလင်းတဲ့အတွက် ကမ္ဘာကြီးဟာ မီးလောင်လုမတတ် ပူပြင်းလာပြီး ပင်လယ်ရေတွေဟာလည်း ခန်းခြောက်စပြုလာခဲ့တယ်။ အဲဒီအကြောင်းကို “ဟုန်ရီ” သိသိခြင်းပဲ..သူ့မှာရှိတဲ့ လေးနဲ့ မြားတွေကိုယူပြီး အမြင့်ဆုံးတောင်ဖြစ်တဲ့“ကူလွင်”(Kun Lun) တောင်ပေါ်ကို ခဲရာခဲဆစ် ကြိုးစားပြီးရောက်အောင်တက်ခဲ့တယ်...။ အဲဒီတောင်ပေါ်ကနေ နေတစ်စင်းကိုချန်ပြီး ကျန်တဲ့ နေ(၉) စင်းကို သူ့ရဲ့မြားတွေနဲ့ ခြေဖျက်နိုင်ခဲ့တယ်..။အဲဒီအချိန်က“စ”ပြီး မြားပစ်သမားလေး “ဟုန်ရီ”ဟာ ကမ္ဘာမြေနဲ့ လူသားတွေကို ကယ်တင်ခဲ့တဲ့ လူစွမ်းကောင်းတစ်ယောက်ဖြစ်လာခဲ့တယ်..။ အဲဒီအဖြစ်အပျက်တွေကို အစ အဆုံးမြင်တွေ့ခဲ့ရတဲ့ နတ်ပြည်က နတ်မင်းကြီးရဲ့ မိဖုရားဟာ လူစွမ်းကောင်း “ဟုန်ရီ”ကို နတ်ဆေးလုံးတစ်လုံးချီးမြှင့်ခဲ့တယ်။ အဲဒီနတ်ဆေးလုံးရဲ့အစွမ်းသတ္တိကတော့...ရုပ်ပျိုကိုယ်နုပြီး နတ်စည်းစိမ်နဲ့တကွ နတ်ပြည်မှာ စံစားရင်း ထာဝရ အသက်ရှင်သန်နေစေနိုင်တယ်..တဲ့။ ဇနီးသည်ကိုချစ်တဲ့ “ဟုန်ရီ”ဟာ အဲဒီနတ်ဆေးလုံးကို သောက်ပြီး နတ်ပြည်မှာ ထာဝရ ပျော်ရွှင်စွာနေနိုင်တဲ့ အခွင့်အရေးကို ရပေမဲ့ သူချစ်ရတဲ့ ဇနီးကို မခွဲနိုင်တာကြောင့် နတ်ဆေးလုံးကို မသောက်ပဲ ဇနီးသည်ကို အကြောင်းစုံပြောပြကာ...သိမ်းထားစေခဲ့တယ်..။ စိတ်ဆိုတာကလည်း အခက်သားလား....“ဟုန်ရီ”ရဲ့ဇနီး..“ချောင်အာ”လေးဟာ “ဟုန်ရီ”မရှိတုန်း နတ်ဆေးလုံးကိုစမ်းသပ်ချင်တဲ့စိတ်နဲ့ သောက်လိုက်တယ်ဆိုရင်ပဲ...မိန်းမချောလေး “ချောင်အာ”ရဲ့ခန္ဓာကိုယ်ဟာ လေပေါ်ကိုမြောက်တက်သွားပြီး “လ”ရှိရာကို ပျံတက်သွားခဲ့တယ်..။ နတ်ဆေးလုံးရဲ့အစွမ်းအရ မိန်းမချောလေး “ချောင်အာ”ဟာ ဘယ်တော့အခါမှ လူ့ပြည်ကို ပြန်မလာနိုင်တော့ပဲ “လ”ပေါ်မှာပဲ မင်းသမီးလေးတစ်ပါးအဖြစ် ရာသက်ပန်နေသွားရင်း ပြင်လို့မရတော့တဲ့ သူမရဲ့အမှားကို နောင်တရနေတော့တာပေါ့..။ မြားပစ်သမားလေး “ဟုန်ရီ” ကလည်း သူ့ရဲ့ဇနီးချောလေးကို လွမ်းယုံကလွဲလို့ဘာမှမတတ်နိုင်ရှာပဲ ဇနီးသည်ကိုလွမ်းတိုင်း “လ”ကိုပဲ မော့ကြည့်နေတော့တာပေါ့..။
အဲဒီ တရုတ်ရိုးရာ ပုံပြင်ကို အစွဲပြုပြီး တရုတ်လူမျိုးတွေဟာ အဲဒီနေ့ကိုရောက်တိုင်း ဘယ်လိုအကြောင်းကြောင့်နဲ့မှ အဝေးတစ်နယ်ဆီကို ရောက်နေတဲ့ သူဖြစ်နေပါစေ...မိသားစုတွေ ပြန်ဆုံကြပြီး “Moon Cake”လို့ခေါ်တဲ့ “လ”မုန့်ကို စားသောက်ကြတယ်။ အဲဒီနေ့မှာ သူတို့အဓိက စားကြတဲ့ အရာတွေကတော့...
(၁) Moon Cake (လမုန့်) ။ ။ မိသားစုတွေ “လ”ကဲ့သို့ လုံးဝိုင်းတဲ့ အရာထဲမှာ အတူတကွ ရှိစေရန်။
(၂)Grape (စပျစ်သီး) ။ ။တစ်ခိုင်တည်းမှာ မိသားစုတွေ တစ်စုတစ်စည်းတည်း ရှိနေစေရန်။


(၃)Pear (သစ်တော်သီး) ။ ။သစ်တော်သီးကို တရုတ်လို “Li” လို့ခေါ်ပါတယ်...
....................................လမ်းခွဲခြင်းကို တရုတ်လို “Fen Li” လို့ခေါ်ပါတယ်...
အဲဒီတော့ သစ်တော်သီး “ Li” ကိုစားခြင်းဖြင့် လမ်းခွဲခြင်း “Fen Li ”မှကင်းဝေးနိုင်စေရန် ရည်ညွှန်းပြီး အယူတစ်ခုအဖြစ်သတ်မှတ် ခဲ့ကြခြင်းဖြစ်ပါတယ်။
တရုတ်ရိုးရာ လပြည့်နေ့ရဲ့ အချိန်အခါလေးမှာ ကျွန်မကတော့ “လမုန့်”ကိုစားရင်း ရှင်ကွဲ ကွဲခဲ့ရတဲ့ “ဟုန်ရီ” နဲ့ “ချောင်အာ” တို့အတွက် နောင်ဘဝဆက်တိုင်းမှာ ဒီလို အဖြစ်ဆိုးတွေနဲ့ မကြုံမိစေရန် ဆုတောင်းရင်း....


မြန်မာပြည်က...သီတင်းကျွတ်ကိုလွမ်းရင်း...ကွယ်လွန်သွားပြီဖြစ်တဲ့ မိဘနှစ်ပါးကို ရင်ထဲကနေ ရှိခိုးကန်တော့လိုက်ရပါသည်.။

Saturday, September 19, 2009

ချစ်သူပြောတဲ့..ချစ်ပုံပြင်


ချစ်သူခနခနပြောပြဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ
လပေါ်ကနတ်သမီးလေးတစ်ပါးနဲ့ကမ္ဘာမြေပြင်ပေါ်ကဝံပုလွေမင်းသားလေးတို့ရဲ့ချစ်ပုံပြင်လေးပေါ့.. လပေါ်က လနန်းတော်ကြီးထဲမှာ သိပ်ချော သိပ်လှတဲ့ “လမင်းသမီးလေး”တစ်ပါးရှိတယ်...တဲ့..၊ “လ”ဘုရင်ကြီးဟာ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ သူ့ရဲ့တစ်ဦးတည်းသောသမီးလေးကို သူ့ရဲ့ဘုရင်မျိုးနွယ်အရိုက်အရာဆက်ခံဖို့ အတွက် ဒီသမီးလေးတစ်ပါးပဲရှိတာကြောင့် မျက်စိအောက်ကအပျောက်မခံပဲ အရိပ်တကြည့်ကြည့်နဲ့ နန်းတော်ထဲကနေ ဘယ်ကိုမှပေးမသွားပဲ အဆောင်အယောင် အခြွေအရံအပြည့်နဲ့ နန်းတော်ထဲမှာပဲ လိုလေသေးမရှိအောင် ထားခဲ့ပေမဲ့ “လ”မင်းသမီးလေးဟာ ကြာလာတော့လည်း နန်းတော်ရဲ့အပြင်ဘက်က လောကကြီးအကြောင်းကို သိမြင်ချင်လာတယ်...။

တစ်နေ့မှာ ဖခင်ဖြစ်သူ “လ”ဘုရင်ကြီးကို ခွင့်ပန်ပြီး ကမ္ဘာမြေပြင်ပေါ်ကို သွားလည်ခွင့်တောင်းတယ်..၊ ဖခင်“လ”ဘုရင်ကြီးဟာ အကြိမ်ကြိမ်ငြင်းဆိုခဲ့ပေမဲ့ နောက်ဆုံးမှာတော့ “လ”မင်းသမီးလေးရဲ့တောင်းဆိုမှုကို လိုက်လျှောရင်း အချိန်တန်ရင် “လ”ပေါ်ကိုပြန်လာပြီး “လ”တိုင်းပြည်ကို အုပ်ချုပ်ဖို့ သမီးထံမှကတိတောင်းခဲ့တယ်...။

“လ”မင်းသမီးလေးကလည်း ဖခင်တောင်းဆိုသော ကတိကို ပေးပြီး ကမ္ဘာမြေပြင်ပေါ်ကို ပျော်ရွှင်စွာ ဆင်းသက်လာခဲ့တာပေါ့..။
ကမ္ဘာမြေပြင်ပေါ်က စိမ့်စမ်း ရေတံခွန်တွေနဲ့ပြည့်နှက်နေတဲ့ သစ်တောနက်ကြီးတစ်ခု တွင်းမှာ ပျော်ရွှင်စွာတစ်ယောက်တည်း လျှောက်သွားရင်း သစ်တောနက်ရဲ့ဘုရင်
“ဝံပုလွေမင်းသားလေး”ကိုတွေသွားပြီး မတူညီတဲ့ဘဝနှစ်ခုကိုမေ့ကာ ချစ်သူတွေဖြစ်သွားကြတယ်။

တစ်ခါမှမရခဲ့ဖူးတဲ့ အထိ အတွေ့ အကြင်နာ အယုအယတွေနဲ့အတူ ချစ်သူနှစ်ဦးဟာ မခွဲနိုင်မခွာရက် ပဲ အဲဒီသစ်တောနက်ကြီးအတွင်းမှာ လပေါင်းအတော်ကြာနေလာခဲ့ကြရင်း တစ်နေ့မှာ သူတို့ရှိရာကို “လ”ဘုရင်ကြီးနဲ့အခြွေအရံတွေ ရောက်ရှိလာပြီး “လ”မင်းသမီးလေးကို ပြန်လာခေါ်ကြတယ်။

“လ”မင်းသမီးလေးဟာ ချစ်သူဝံပုလွေမင်းသားလေးကို သူနဲ့အတူ “လ”တိုင်းပြည်ကို လိုက်ခဲ့ဖို့ခေါ်ပေမဲ့ သစ်တောနက်ကို အုပ်ချုပ်တဲ့ မင်းဖြစ်နေတာကတစ်ကြောင်း...သူ့အမျိုးအနွယ်နဲ့ ဒေသကိုပြစ်ခဲ့လို့မရတာက တစ်ကြောင်းမို့ “လ”တိုင်းပြည်ကို မလိုက်နိုင်ကြောင်း...၊“လ”မင်းသမီးလေးကို ကမ္ဘာမြေပြင်ပေါ်က သစ်တောနက်ကြီးထဲမှာပဲ သူနဲ့အတူနေရန်တောင်းဆိုခဲ့တယ်..။

“လ”မင်းသမီးလေးဘက်ကကြည့်ပြန်တော့လည်း တိုင်းပြည်ကို အုပ်ချုပ်ဖို့ နောက်ဆုံးမျိုးဆက်ဖြစ်နေတာရယ်..ဖခင်“လ”ဘုရင်ကြီးကို ကတိပေးခဲ့ရတဲ့ “လ”တိုင်းပြည်နဲ့ မျိုးဆက်အတွက် “လ”တိုင်းပြည်ကို ဖခင်နဲ့အတူ ရင်နာနာနဲ့ပဲပြန်လိုက်သွားခဲ့ရတယ်...။

မင်းသမီးလေးဟာ ...မင်းသားလေးနားကနေ မထွက်ခွာခင်မှာ... သူမ ပြောသွားခဲ့တဲ့စကားတစ်ခွန်းကတော့ ...သူမဟာ ကမ္ဘာမြေပြင်ပေါ်ကို ဘယ်တော့မှပြန်မလာနိုင်တော့ပေမဲ့ “လ”ပေါ်ကနေ ဝံပုလွေမင်းသားလေးကို လှမ်းကြည့်ရင်း “လ”မင်းသမီးလေးရဲ့ကိုယ်ရှိန်ကိုယ်ဝါအလင်းရောင်နဲ့ ကမ္ဘာမြေပြင်ကိုလွှမ်းခြုံရင်း ချစ်သူမင်းသားလေးကို လွမ်းနေမယ်လို့ မှာတမ်းချွေခဲ့တယ်။

အဲဒီနေ့က“စ”ပြီး..“လ”မင်းသမီးလေးဟာ ဝံပုလွေမင်းသားလေးအနားကနေထွက်သွားလိုက်တာ အခုအချိန်ထိပါပဲ...။ ချစ်သူဝံပုလွေမင်းသားလေးကတော့ လပြည့်နေ့ရောက်တိုင်း (“လ”ကိုမြင်တိုင်း) လမင်းကြီးကိုမျှော်ကြည့်ရင်း “လ”မင်းသမီးလေးကို..တစ်ဆာဆာအော်ခေါ်နေတော့တာပေါ့...။

အဲဒီပုံပြင်လေးပြီးဆုံးသွားတိုင်း ကျွန်မရဲ့ပါးပြင်ပေါ်က မျက်ရည်စလေးတွေကို ညင်သာစွာသုတ်ပေးရင်း ချစ်သူပြောတတ်တဲ့စကားလေးတစ်ခွန်းကတော့...
“ 'မ' က.........'လ'မင်းသမီးလေး မဟုတ်သလို..
' မောင်'ကလည်း .........ဝံပုလွေမင်းသားလေး မဟုတ်လို့
တို့နှစ်ယောက်ဘယ်တော့မှ ဝေးမသွားနိုင်ပါဘူး.”...တဲ့လေ...။




Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger