Sunday, March 18, 2012

နေဇော်လင်းဘလော့ဂ်နှင့် ကျမ (အင်တာဗျူး)



အားလုံးပဲ မင်္ဂလာပါ ။ ဒီတစ်ပတ် ဘလော့ကာ များနဲ့ အင်တာဗျူး အစီအစဉ်လေးမှာ ဘလော့ကာ မိန်းကလေး ထဲမှ သုတ ရသ စာပေ ရေးသားသူ မမ အဖြူရောင် နတ်သမီးလေးကို ရွေးချယ် ထားပါတယ်။

မြန်မာ ဘလော့ကာ များထဲမှ စာပေရေးခြင်း နေရာလေးမှာ အားပေးမှုတွေ များစွာ ရရှိပြီး လူသိများပြီး အောင်မြင်နေတဲ့ မမ အဖြူရောင် နတ်သမီးလေးရဲ့ ဘလော့ ရေးသားမှုနဲ့ စာပေအပိုင်း အကြောင်း အရာလေးတွေနဲ့ ဗဟုသုတ ဖြစ်ဖွယ် လေးတွေကို စာဖတ် ပရိတ်သတ်များကို တင်ပြနိုင်ဖို့ အတွက်မမ အဖြူရောင် နတ်သမီးလေး နဲ့ တွေ့ဆုံပြီး အင်တာဗျူးလေး မေးမြန်းဖြစ်ခဲ့ပါတယ်။

မင်္ဂလာပါ မမ .....

မေး = မမရဲ့ ဘလော့လေးကို ဘယ်တုန်းက စတင်ရေးသား ဖြစ်လဲဆိုတာ ပထမဆုံး မေးခွန်းလေးကို ဖြေကြားပါ ခင်ဗျာ။

လွန်ခဲ့တဲ့(၂)နှစ်ကျော် လောက်ကပါ။ အတိအကျပြောရမယ် ဆိုရင်တော့ (၃၁.၀၇.၂၀၀၉) ကပါ။

မေး = ဘလော့ ရေးတဲ့ သူတွေ အများစုက ကိုယ်ဝါသနာ ပါတဲ့ အရာတွေကို ရေးသားကြပါတယ်။ ဆိုတော့ မမရဲ့ဘလော့လေးကိုရော ဘယ်လို အကြောင်း အရာလေးတွေကို ရေးသားမယ်လို့ စိတ်ကူးပြီး အကောင် အထည် ဖော်ဖြစ်လဲ ?

အမက နိုင်ငံခြားမှာ တစ်ယောက်ထဲ အလုပ်လုပ်ရတဲ့သူလေ၊ မြန်မာသူငယ်ချင်း တွေရှိပေမယ့်လည်း အလုပ်ချင်းက မတူကြဘူး၊ သူ့အလုပ်နဲ့ သူဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဖို့ မလွယ်ကြဘူးပေါ့၊ အဲဒီတော့ အမရဲ့အထီးကျန်တဲ့ ဘဝကို စာရေးခြင်းဆိုတဲ့ အလုပ် တစ်ခုထဲမှာ နှစ်ထားလိုက်တဲ့သဘောပါ။

ရေးဖြစ်တဲ့အကြောင်း အရာတွေကတော့ ရင်ထဲက ခံစားချက်တွေကို ကဗျာအဖြစ် ပြောင်းလဲလိုက်တာမျိုး၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ တွေ့မြင်ရတဲ့ အသိ၊ အမြင်၊အတွေး၊ ဗဟုသုတတွေကို အများသိအောင် မျှဝေတဲ့ စာလေးတွေ ရေးဖြစ်ခဲ့ပါတယ်။



မေး = အဖြူရောင် နတ်သမီး ဆိုတဲ့ မမရဲ့ ဘလော့နာမည်လေးကို ဘယ်လိုရွေးချယ်ပေးဖြစ် သွားတာလဲ ?

ဘလော့ဂ်တစ်ခု လုပ်မယ် ဆိုတော့ နာမည် ရွေးရပြီပေါ့နော်၊ အဲဒီမှာ အဖြူရောင်ကြိုက်တဲ့အမက အဖြူရောင်ဆိုတဲ့ စာသားလေး ပါအောင် ထည့်ချင်တာက အဓိကပေါ့၊ မိန်းခလေးဆိုတော့ နတ်သမီးနဲ့ တင်စားပြီး “အဖြူရောင်နတ်သမီး” ဘလော့ဂ်ဆိုပြီး မှည့်ဖြစ်သွား တာပါ။ အမနဲ့ဘလော့ဂ်လုပ်ပေးတဲ့ သူငယ်ချင်း တစ်ယောက်နဲ့ တိုင်ပင်ပြီး ရွေးထားတဲ့ နာမည်လို့ပြောလို့ရပါတယ်။

မေး = ဘလော့ နာမည်လေးက “အဖြူရောင်နတ်သမီး” ဆိုတော့ အစ်မရဲ့ ကလောင် နာမည်လေးနဲ့ နာမည်အရင်းလေးကို စာဖတ် ပရိသတ်များ အတွက် ပြောပြပေးလို့ ရမလား ?

ဟုတ် ... ရပါတယ်။ ကလောင် နာမည် ကိုလည်း နာမည် လှလှလေးပေး ထားတယ်..၊ “နမ်းမဝ”တဲ့ နာမည်ရင်း ကတော့ “ဥမ္မာစိန်မောင်”လို့ခေါ်ပါတယ်။

မေး = မမရဲ့ဘလော့လေးမှာ ဘယ်လို အကြောင်း အရာလေးတွေကို အဓိကရေးသား မျှဝေဖြစ်လဲ ဆိုတာ ဖြေကြားပေးပါဦး။

ခံစားချက် ကဗျာတွေ ၊ စိတ်ကူးယဉ် အချစ်ဝတ္ထုတွေ၊ အလုပ်ထဲက အတွေ့အကြုံတွေ၊ ပညာပေး ဆောင်းပါးတချို့နဲ့ ဆိုက်ပရပ်စ်(Cyprus) နိုင်ငံက လူနေမှုစရိုက် ၊ သမိုင်းရာဇဝင်တွေ၊ ရိုးရာပွဲတော်တွေ အကြောင်း အရေးများပါတယ်။

မေး = ဘလော့ရေးကြတဲ့ ဘလော့ကာတိုင်း ခံယူချက်တွေ အမျိုးမျိုးနဲ့ ရေးသားကြပါတယ်။ ဘလော့ကာ ဆိုတဲ့ နာမည်လေးနဲ့ ဘလော့ကာ အကြောင်း အရာလေးတွေကို သုတ ရသ စာပေရေး သားနေသူ တစ်ယောက် အနေနဲ့ ဘယ်လိုခံယူ နားလည်ထားလဲ ဆိုတာ ဗဟုသုတ အနေနဲ့ ဖြေကြား ပေးစေလိုပါတယ်။

အဓိက ကတော့ “စာရေးတဲ့သူ”တွေပါပဲ၊ တချို့က ကဗျာဆရာ၊ တချို့က ဝတ္ထုရေးဆရာ၊ တချို့က ဆောင်းပါး၊ သတင်း၊ အဲဒီလိုလူတွေဟာ အင်တာနက် ခေတ်မှာ ဘလော့ဂ် တစ်ခုဖွင့်ပြီး မိမိတို့ နှစ်သက်ရာ အားသန်ရာ စာတွေကို ရေးကြတယ်၊ တစ်ကမ္ဘာလုံးမှာရှိတဲ့ စာချစ်သူတွေ အလွယ်တစ်ကူဖတ်နိုင်အောင်လို့ မိမိတို့ရဲ့ဘလော့ဂ် ပေါ်မှာ တင်ကြတယ်၊။

ဘလော့ဂ်ပေါ်မှာ ရေးတဲ့သူဆိုတော့ “ဘလော့ဂ်ကာ”ပေါ့ကွယ်။ အဲဒီဘလော့ဂ်ကာ တွေဟာ သူတို့ လေ့လာမိသမျှ၊ တွေ့ရှိသမျှ ဗဟုသုတ တွေကို မသိရှိသေးတဲ့ သူတွေအတွက် အသိပညာ၊ အတတ် ပညာတွေကို မျှဝေနေတဲ့ သူတွေပဲဖြစ်တယ်လို့ နားလည်ထားပါတယ်။

မေး = မမရဲ့ ပထမဆုံး ရေးသားဖြစ်တဲ့ စာပေ အကြောင်း အရာလေးကို သိချင်ပါတယ်။

ပထမဦးဆုံး ရေးဖြစ်ခဲ့တာ ကတော့ ကဗျာနဲ့ စခဲ့တာပါ။ VZO လို့ခေါ်တဲ့ ဆိုရှယ် ဆိုဒ်တစ်ခုမှာ nan_ma_wa ဆိုတဲ့ Account နဲ့ ကဗျာတွေ စပြီးရေးခဲ့တယ်။ အဲဒီကနေ တဆင့်တက်ပြီး ဘလော့ နေရာလေးကို ရောက်လာ ခဲ့တာပါ။

မေး = မမရဲ့ အဖြူရောင် နတ်သမီး ဆိုတဲ့ ဘလော့လေးကို စာဖတ်သူများ သိစေခဲ့တဲ့ စာပေပိုစ့်လေးနဲ့ ပက်သက်ပြီး ပြောပြနိုင်မလား ? အမှတ်တရ တစ်ခုခုပေါ့။

အဲဒါ ကတော့ အမအနေနဲ့ တတ်အပ်ပြောလို့ မရနိုင်ပါဘူး ၊ အမရေးတဲ့ ပို့စ်နဲ့ စာဖတ်သူတွေရဲ့ ခံစားချက်(သို့)အကြိုက်နဲ့ ထပ်တူ ကျသွားတဲ့ ပို့စ်မျိုးဟာ စာဖတ်သူများ သိစေခဲ့တဲ့ပို့စ်ရယ် လို့ပြောလို့ရပါတယ်။ စာဖတ်သူတွေ ဆီက ပြန်ကြားခဲ့ရတဲ့ ပို့စ်တွေကတော့ “သင်္ကြန်...တဲ့လား”(ဝတ္ထု)“အမှတ်ရလွမ်းနေဆဲပါ”(ဝတ္ထု) ၊ “မြန်မာဗီဒီယို ရိုက်ကွင်းမှ တာဝန်ရှိသူ များသို့”(ဆောင်းပါး)၊ “ကျမမှာ အဖေမရှိလို့ပါ” (ဆောင်းပါး) တို့ဖြစ်ပါတယ်။

မေး = အစ်မရေးတဲ့ ရသ စာပေနဲ့ ပက်သက်ပြီး ဘယ်လို အကြောင်း အရာတွေကို လေ့လာ ခံစားပြီး ရေးသားဖြစ်လဲ ?

“ရသ”စာပေဆိုတဲ့နေရာမှာ (၂)မျိုးရှိတယ်။ တစ်ခုက အချစ်အကြောင်း၊ နောက်တစ်ခုက အတွေးအခေါ်ပိုင်းပေါ့။ အချစ် ဇာတ်လမ်းကို ရေးမယ်ဆိုရင် အဲဒီထဲက ဇာတ်ကောင်နေရာကို အမရောက်သွားတယ်၊ စာရေးနေတဲ့ အချိန်မှာ အဲဒီဇာတ်ကောင်ထဲကမိန်းခလေး အမဖြစ်သွားတယ်။

အဲဒါက အချစ်ရသပေါ့။ အတွေးအခေါ်ပိုင်း ရသမျိုး ကိုပြောရမယ် ဆိုရင် အမရဲ့အလုပ်က ဧည့်ကြို၊ အဲဒီတော့ လုပ်ငန်းခွင်ထဲက အဖြစ် အပျက်တွေကို ကုန်ကြမ်းယူပြီး ပညာပေး အနေနဲ့ ရေးလေ့ရှိတယ်။

ဥပမာ။ ။ “Mind the step...please” ဆိုတဲ့ ပို့စ်မျိုးပေါ့၊ လှေခါးတက်ရင် သတိထားပြီးတက်ပါ..၊ အဲဒီလိုပဲ ဘဝရဲ့လှေခါးကိုလည်း သတိနဲ့တက်ပါ၊ ခြေချော် ကျတတ်တယ်ဆိုတဲ့ အတွေးပိုင်းလေး တွေကို နှိုင်းယှဉ်ပြထားတာမျိုး ....

ပြီးတော့ ဘယ်အသက် အရွယ်တွေက ခြေချော်ကျတာ များသလဲ၊ ဘဝမှာလည်း အမှားများများ တွေ့တဲ့သူတွေဟာ ဘယ်အသက် အရွယ်တွေဖြစ်မလဲ ဆိုတာ မျိုးလေး တွေကို ယှဉ်ပြထားတယ်။

မေး = မမရဲ့ အဖြူရောင် နတ်သမီး ဘလော့လေးမှာ အခုလက်ရှိ ကိုယ်တိုင်ရေး ပိုစ့်တွေ ဘယ်လောက်ရှိနေပြီလဲ ?

အစ်မ ကိုယ်တိုင်ရေးဖြစ်တဲ့ ကဗျာ၊ ဆောင်းပါး၊ ဗဟုသုတ၊ ဝတ္ထု အားလုံးပေါင်း ၄၀၀ ကျော်ရှိပါပြီ။




မေး = လူတိုင်းမှာ ရည်ရွယ် ချက်တွေ ရှိကြပါတယ်။ အစ်မရဲ့ အနာဂတ် ရည်ရွယ်ချက် လေးကို ပြောပြပေးပါဦး။

အမရဲ့ဘဝက အထီးကျန်တယ် ၊ အမ ငယ်စဉ်အချိန် ကတည်းက မိဘနှစ်ပါး ဆုံးပါးသွားခဲ့တယ်၊ မောင်နှမ အရင်းခြာရယ်လို့ အမမှာမရှိဘူး။ အဲဒီအတွက် “အမ အလှည့်ကျရင်” ဆိုတဲ့ အတွေးလေး(ခံစားချက်လေး )အမမှာရှိတယ်။

နောက်တစ်ချက်က အမရဲ့ဘဝကို အမကိုယ်တိုင်ဖန်တီး ယူခဲ့ရတာ၊ အမရဲ့ရှေ့မှာ မားမား မတ်မတ် ရပ်ပေးမယ့်သူ ဆိုတာ မရှိခဲ့ဘူး၊ အဲဒီအတွက် အမမှာ တစ်ယောက်ထဲ ပေမယ့် ကိုယ့်ကိုယ်ကို အားပေးတဲ့ မာန်ဆိုတာ အမြဲရှိတယ်။ ဒါ့ကြောင့် အမရဲ့ဆန္ဒကတော့ အသိဥာဏ် ထက်မြက်တဲ့ ၊အရာရာကို ဝေဖန်ပိုင်းခြား နိုင်တဲ့ ရင့်ကျက် တည်ငြိမ်တဲ့ ၊ ပျော်ရွှင်တဲ့ မိသားစုတစ်ခုကို ဖန်တီးနိုင်တဲ့ အမျိုးသမီး တစ်ယောက်ဖြစ်ချင်ပါတယ်။

မေး = ရသ စာပေ စာရေးသူ တစ်ယောက်အနေနဲ့ အစ်မရဲ့ ကိုယ်ပိုင် အချိန်တွေကို ဘယ်လို အသုံးချဖြစ်လဲ ?

အမက ပင်လယ်ကမ်းစပ်မှာ နေတဲ့သူဖြစ်တဲ့ အတွက် ကိုယ်ပိုင် အချိန်လေးတွေမှာ ပင်လယ်ကမ်းစပ်မှာ သွားထိုင် လေ့ရှိတယ်။ အဲဒီလို သွားတိုင်းလည်း အမရဲ့လက်ဆွဲအိတ်ထဲမှာ ကင်မရာရယ် ၊ ဘောပင် နဲ့စာအုပ် တစ်အုပ် အမြဲပါတယ်၊ အဲဒီစာအုပ်ထဲမှာ စိတ်ကူးပေါက်ရင် ပေါက်သလို ကဗျာလေးတွေချရေးဖြစ်တယ်။

မျက်စိရှေ့မှာ မြင်သမျှ ပုံရိပ်တွေကို ဓာတ်ပုံရိုက်တယ်။ ပြီးတော့ ဘလော့ဂ်ပေါ်မှာ တင်ဖြစ်ပါတယ်။

မေး = မမရဲ့ ဘလော့လေးမှာ ဝါသနာ အရ ပိုစ့်တွေ တင်ပေးနေတယ်ဆိုတော့ တစ်ခြားအလုပ်တွေ ကိုယ်ရေး ကိုယ်တာကိစ္စလေးတွေ အတွက်နဲ့ စိတ်ညစ်စရာတို့ ကြုံခဲ့ရမှာပေါ့။ ဘာလော့ကာတိုင်း ဝါသနာ အရ ရေးနေကြတယ် ဆိုတော့ အချိန်မပေးနိုင်တဲ့ လူတွေလည်း အနည်းနဲ့ အများတော့ ရှိကြပါတယ်။ အစ်မ ကိုယ်တိုင်ရော ဘလော့လေးနဲ့ ပက်ပြီး ဒီလို ကိစ္စတွေကို ဘယ်လိုဖြတ်သန်း ခဲ့ရသလဲ ?

ဘလော့ဂ်ကို စရေးတုန်းကတော့ စိတ်လွတ်ကိုယ်လွတ် ရေးခဲ့တာပါ၊ စိတ်ထဲမှာ မွန်းကြပ်လာရင် ကဗျာတွေ ချရေးမိတယ်၊ အဆန်းအပြား တစ်ခုခုတွေ့ပြီ သိပြီဆိုရင် မျှဝေဖို့ ရေးဖြစ်တယ်၊ အဲဒီကနေ တဆင့်တက်ပြီး စာဖတ်သူတွေ ရှိလာတဲ့အခါ ကိုယ့်မှာ တာဝန်ကြီးလာတယ်။

ဧည့်သည်စာရင်းမှာ တစ်ရက်ကို လူဘယ်နှစ်ယောက် လာတယ်ဆိုတာက ပေါ်နေတာလေ၊ အဲဒီတော့ ကိုယ်မအားလို့ စာမရေးဖြစ်တဲ့အခါ စာဖတ်သူတွေမှာ အရင်က ရေးထားတဲ့ ပို့စ်အဟောင်း လေးတွေကိုရှာကျန်ပြီး ဖတ်သွားကြတာမျိုး ကောမန့်လေးတွေ ပေးသွားကြတာ မျိုးတွေကို တွေ့တဲ့အခါ စိတ်ထဲ မကောင်းဘူး၊ သူတို့မှာ ကိုယ့်ကို အားပေးရှာတယ်။

စိတ်ဝင်တစား လာဖတ်ကြရှာတယ်၊ အဲဒီအတွက် ကိုယ့်ဖက်က ဂါရဝရှိဖို့ အပြန်အလှန် လေးစားဖို့ လိုလာပြီလေ။ ဒါ့ကြောင့် အရမ်းအလုပ်များခဲ့ သည်သော်၎င်း ကိုယ်ရေးကိုယ်တာ စိတ်ညစ်စရာတွေ ရှိခဲ့သည်သော်၎င်း ရှိခဲ့တဲ့အခါ ဖတ်စရာ တစ်ခုခုရှိအောင် ဖန်တီးရပါတယ်။

အမဆိုရင် ဓာတ်ပုံရိုက်တာ ဝါသနာပါတယ်၊ အဲဒီတော့ စာမရေးနိုင် သည့်တိုင်အောင် အလည်လာ သူတွေအတွက် ဆိုက်ပရပ်စ် နိုင်ငံက ရှုခင်း ဓာတ်ပုံ လေးတွေကို အပြင်းပြေကြည့်ဖို့ တင်ပေးတာ မျိုးလေးတွေနဲ့ အစားထိုး ဧည့်ခံ ရပါတယ်။



မေး = လက်ရှိအစ်မ နေတဲ့နိုင်ငံနဲ့ အစ်မရဲ့ အလုပ်အကိုင်ကို ပြောပြပေးလို့ ရမလား ?

ဆိုက်ပရပ်စ်(Cyprus)နိုင်ငံပါ။ အလုပ်က ဧည့်ကြို အလုပ် လုပ်ပါတယ်။

မေး = မမက ဆိုက်ပရပ်စ်(Cyprus) နိုင်ငံမှာ နေတယ်ဆိုတော့ (Cyprus) အကြောင်းလေး ဗဟုသုတ တစ်ခုခု ပြောပြပေးလား ?

ဆိုက်ပရပ်စ်နိုင်ငံဟာ ဂရိနိုင်ငံရဲ့ အရှေ့ဖက်၊ လက်ဘနွန် ဆီရီးယား အစ္စရေးနိုင်ငံ တို့ရဲ့အနောက်ဖက်၊ တူရကီနိုင်ငံရဲ့တောင်ဖက်၊ အီဂျစ်နိုင်ငံရဲ့မြောက်ဘက်မှာ တည်ရှိတဲ့ ကျွန်းနိုင်ငံလေး တစ်ခုဖြစ်တယ် ။ ဧရိယာ အကျယ်အဝန်း စတုရန်း မိုင်ပေါင်း ၃၅၇၂မိုင်ရှိပြီး လူဦးရေ(၇၈၄၃၀၁)ကျော်ရှိပါတယ်။

မေး = ဟုတ်ကဲ့ပါ ။ ဆက်လက် မေးချင်တဲ့ မွေးခွန်းက အစ်မရေးထားတဲ့ ဘလော့ပိုစ့်တွေကို အစ်မရဲ့ ဘလော့လေးမှာပဲ မျှဝေဖြစ်လား ?

မမက များသော အားဖြင့်တော့ ဘလော့ဂ်မှာပဲ တင်ဖြစ်ပါတယ်။ ကဗျာတချို့နဲ့ ဆောင်းပါး၊ ဝတ္ထုတွေကိုတော့ အချစ်ဂျာနယ်က ယူသုံးပေးပါတယ်။ မနိုင်းနိုင်း စနေရဲ့ဆက်သွယ် ပေးမှုနဲ့ LOOK မဂ္ဂဇင်းမှာလည်း ဆောင်းပါး တချို့ ပါခဲ့ဖူးပါတယ်။ (မနိုင်းကို ကျေးဇူး တင်ပါတယ် ရှင်)။

မေး = အစ်မက ရသ စာပေရေးတယ် ဆိုတော့ အစ်မရဲ့ ရည်ရွှယ်ချက်လေး တွေကရော စာရေး ဆရာမ လုပ်ဖို့ရော အစီအစဉ် ရှိလား ?

အခုချိန်ထိတော့ မရှိသေးပါဘူး။ နောက်တော့ မပြောတတ်ဘူး။ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီး ရေးဖြစ်ချင်လည်း ရေးဖြစ်လာ ပါလိမ့်မယ်။

မေး = အစ်မရဲ့ ဘလော့လေးမှာ အစ်မကိုယ်တိုင် အပျော်တမ်း သရုပ်ဆောင်ခဲ့သော ဗီဒီယို ပုံရိပ်လေးတွေ ကိုလည်း တင်ထား တယ်နော် ... သရုပ်ဆောင် ရတာကိုရော ဝါသနာပါလား ?

ဟုတ် ... သရုပ်ဆောင်တာ ဝါသနာပါ ပါတယ်။

မေး = ဘလော့ရေးတဲ့ လူတိုင်း စိတ်ညစ်စရာတော့ အနည်းအများတော့ ရှိကြပါတယ်။ ဘလော့လေးနဲ့ ပက်သက်ပြီး စိတ်ညစ်စရာတွေ တစ်ခုခု အနေနဲ့ ကြုံဖူးလား ?

ရှိခဲ့ဖူးပါတယ်၊ ဘလော့ဂ်စရေးတုန်းက ကဗျာ တစ်ပုဒ်ရေးတိုင်း အမရဲ့ဓာတ်ပုံ တစ်ပုံနဲ့ တွဲတင်လေ့ရှိတယ်။ အမရဲ့ဓာတ်ပုံတချို့ကို ကူးယူပြီး ညစ်ညမ်း ဘလော့ဂ်တစ်ခုမှာ အသရေ ဖျက်ခံရဖူးတယ်။ အဲဒီတုန်း ကတော့ အရမ်းကို တုန်လှုပ်ပြီး စိတ်ညစ်ဖူးခဲ့တယ်။ ၃ခါလောက်ကို ဒီလို လုပ်ကြံခံခဲ့ရတာ။

မေး = ဒီလိုကိစ္စမျိုးတွေ ကြုံလာရတော့ ကို အစ်မကိုယ်တိုင် ဘယ်လို ဖြေရှင်းဖြစ်လဲ ? ပြီးတော့ အခုလို ဘလော့ရေးနေတဲ့ ဘလော့ကာ အများကိုလည်း ဘယ်လို ကာကွယ်သင့်သလဲ ဆိုတာလေး ပြောပြပေးပါ ခင်ဗျာ။

ဒီလိုကိစ္စမျိုးက ဘလော့ဂ်ကာ အတော်များများမှာ ကြုံတွေ့ရတဲ့ ပြဿနာမျိုးပါ။ အမရဲ့ပုံတွေကို အပြာဆိုဒ်တစ်ခုမှာ တင်ခံရတုန်းက အရမ်းကို စိတ်ထိခိုက်ခဲ့ရတယ်၊ အဲဒီတုန်းက အမရဲ့ဓာတ်ပုံကို တင်တာ မဟုတ်ဘူး၊ အမ အပျော်တန်း သရုပ်ဆောင်ထားတဲ့ VCD ထဲက ပုံအရှင်တွေကို ပုံအသေဖြစ်အောင် (ဓာတ်ပုံအဖြစ်) ဖန်တီးပြီး တင်ခဲ့ကြတာဆိုတော့ အဲဒီဓာတ်ပုံတွေကို တွေ့တဲ့သူတွေက လုပ်ကြံမှုဆိုတာကို သဘော ပေါက်ကြပါတယ်။

အမရဲ့မိတ်ဆွေ ဘလော့ဂ်ကာ တစ်ချို့ကလည်း အဲဒီဆိုဒ်ပိုင်ရှင်ကို မေတ္တာရပ်ခံကြတယ်၊ သူလည်း ပြန်ဖြုတ်ပေးပါတယ်။ ဆိုဒ်ပိုင်ရှင်ပြောပြချက်အရ “နမ်းမဝက တင်ပေးပါဆိုလို့ တင်ပေးရတာပါ”တဲ့။ အဓိက ကတော့ လုပ်ကြံမှုဖြစ်တဲ့အတွက် ဘာမှကြိုတင် ကာကွယ်လို့မရပါဘူး၊ ဒီလိုလုပ်ကြံမှုတွေ ကလည်း အမမှမဟုတ်ပါဘူး၊ ဘလော့ဂ်ကာ မိန်းခလေး/ယောက်ျားလေးတွေပါ။

ကြုံတွေ့နေကြတာမို့ အချိန်တစ်ခုကိုပဲ စောင့်ရပါတယ်။ နောက်တော့လည်း သူ့အလိုလို ပြီးသွားကြတာပါပဲ။ ဘလော့ဂ်ကာ တွေကို ပြောချင်တာ ကတော့ အဲဒီလို လုပ်ကြံမှုနဲ့ကြုံတွေ့လာတဲ့အခါ ဘာမှမဖြေရှင်းပဲ ဒီအတိုင်းသာ လွှတ်ပေးလိုက်ပါ၊ သူ့အလိုလိုပြီးသွား ပါလိမ့်မယ်။

မေး = အခုလို မြန်မာဘလော့တွေ ပေါများလာတာနဲ့ ပက်သက်ပြီး အဆိုး အကောင်း ကိစ္စများကို အစ်မရဲ့ အမြင်လေး ပြောပြပေးနိုင်မလား ?

နေရာတိုင်းမှာ အဆိုးနဲ့ အကောင်းဆိုတာ ဒွန်တွဲ နေတတ်တာမျိုးမို့ အမအနေနဲ့ ဘာမှ မဝေဖန်ချင် ပါဘူး၊ အမရဲ့ခံယူချက်က ဘလော့ဂ်ကာဆိုတာ “အသိပညာ အတတ်ပညာ ဗဟုသုတများကို မျှဝေသူ”လို့ခံယူထားတဲ့ အတွက် မျှဝေသူတွေ ပေါများ လာတာဟာ ဝမ်းသာစရာပဲပေါ့။



မေး = အစ်မသိတဲ့ ၅၂၈ မိသားစုလေးရဲ့ နွေးထွေးတဲ့ အဖြူရောင် သံယောဇဉ်လေး အကြောင်း လေးတွေကို စာရေးသူ အနေနဲ့ ဘယ်လို နားလည်ထားလဲ ? အစ်မရဲ့ အမြင်လေးပေါ့ ...

ဒီမေးခွန်းကို ဖြေရမှာ ဝမ်းအနည်းဆုံးပဲ ငယ်စဉ်ကလေး ဘဝကတည်းက အမရဲ့မိဘတွေ ဆုံးပါးသွားခဲ့တဲ့ အတွက် မိသားစု နွေးထွေးမှုဆိုတာ အမမှာသိပ်မရှိခဲ့ဘူး အစ်မ မှတ်မိသလောက် ပြောရမယ်ဆိုရင် “သိပ်ပျော်ခဲ့တယ်”၊ မိဘရဲ့မေတ္တာဟာ သိပ်နွေးထွေးတာပဲ ၊ မေမေ့ရဲ့ရင်ခွင်မှာ မျက်နှာအပ်ပြီး အိပ်ခဲ့တဲ့ပုံရိပ်လေးကို အမ မှတ်မိ နေသေးတယ်၊ အမကိုထွေးပွေ့ထားတဲ့ မေမေ့ လက်တစ်စုံရဲ့နွေးထွေးမှုမျိုး အခုချိန်ထိ ဘယ်အရာနဲ့မှ အစားထိုးလို့ မရသေးဘူး။

မေး = အစ်မက သုတ ရသ ခံစားချက် စာပေအကြောင်း အရာလေးတွေကို အဓိက ရေးသားတယ်ဆိုတော့ အချစ်ရေးကိစ္စ ၁၅၀၀ နဲ့ ပက်သက်ပြီး အစ်မ ဘယ်လိုနားလည် ခံယူထားတာလဲ ? အစ်မဘဝရဲ့ ချစ်သူ အိမ်ထောင်ဖက်ကို ဆိုတာရော ဘယ်လို ပုံစံမျိုးကို ရည်ရွှယ် ထားတာလဲဆိုတာ ဖြေကြားပေးလိုပါတယ်။

““အချစ်”ဆိုတာ ဖန်တီးရတာလွယ်သလို၊ ပျက်ဆီးတာလည်း လွယ်တယ်။ အမကတော့ “အချစ်”ထက် “သံယောဇဉ်”နဲ့“နားလည်မှု”ကိုပဲ ပိုအလေးပေးတယ်။ “ချစ်သူ”ဆိုတဲ့ အသုံးနှုန်းအစား “အိမ်ထောင်ဖက်” လို့ပဲ သုံးပါရစေ ၊ အမရဲ့အိမ်ထောင်ဖက်ကို ရွေးချယ်ရာမှာ ... အမရဲ့ဘဝမှာ တစ်ယောက်ထဲ ရုန်းကန် လာခဲ့ရတယ်၊

ငယ်စဉ်အခါက ဆွေမျိုးများရဲ့ နှိပ်စက် ညှင်းပမ်းမှု အောက်မှာ ညှိုးငယ်စွာ နေခဲ့ရတယ် ၊ မိဘများနဲ့ကြီးပြင်း သည်အထိ မနေခဲ့ရတဲ့ အမအတွက် မေတ္တာကို ငတ်မွတ်ခဲ့တယ်။ မောင်နှမ မရှိပဲ တစ်ကောင်ကြွက်ဘဝ မှာ ... ချစ်သူနှင့် တူသော ယောက်ျား ... အစ်ကိုနှင့် တူသော ယောက်ျား ... ဖခင်နှင့်တူသော ယောက်ျား ....အဲဒီလို အရည် အချင်းတွေနဲ့ ပြည့်စုံတဲ့ ယောက်ျားမျိုးကို အမရွေးပါမယ်..။”

မေး = အခုရော မမရဲ့ စိတ်ကူးလေးထဲက အိမ်ထောင်ဖက်ကို တွေ့ပြီလား ခင်ဗျာ ။

တွေ့ပြီးပါပြီ (ပြုံးလျှက် ဖြေသွားသည်) ....

မေး = မမရဲ့ အိမ်ထောင်ရေး ကရော ဘယ်တော့လောက် ဖြစ်မှာလဲလို့ စာဖတ်သူတွေက သိချင်နေကြပါတယ်။ ဘယ်လို ပြန်ဖြေပေးရမလဲ ?

“သီးချိန်တန်သီး.. ပွင့်ချိန်တန်ပွင့်”ဆိုတဲ့ စကားပုံလေး အတိုင်း ၂၀၁၃ နှစ်မကုန်ခင်မှာ “သီး”ပါတော့မယ် “ပွင့်”ပါတော့မယ်ဆိုတဲ့ အကြောင်း သတင်းကောင်းပါး အပ်ပါတယ်ရှင်.... ( ရီလျှက် ဖြေကြား ပေးသွားပါသည် )

မေး = အစ်မရဲ့ စာဖတ်သူ မိတ်ဆွေများ အတွက် အစ်မပြောချင် အသိပေးချင်တဲ့ အမှတ်တရ ဖြစ်စေမဲ့ စကား လက်ဆောင်လေး ပြောပေးပါလား ?

" မည်သူမဆို ညအိပ်ရာ ဝင်ချိန်၌ မနက်အိပ်ရာ ထချိန်ထက် နည်းနည်းဖြစ်စေ အသိဥာဏ် ပိုရှိနေရမည်၊ သို့မဟုတ်ပါက လူသားတစ်ဦး အနေနှင့် အကြီးမား ဆုံးသောပြစ်မှုကို ကျူးလွန်ရာရောက်သည်”..တဲ့။ ဆရာ(ဦး)ဖေမြင့်ရေးတဲ့ စာထဲမှာ ဖတ်ဖူးတယ်၊ အမလည်း ဆရာဦးဖေမြင့် ပြောတဲ့အတိုင်း “စာများ များဖတ်ပါ”လို့ပဲပြောပါရစေ။

ဘဝတိုးတက်ဖို့ အသိပညာရှိဖို့လိုပါတယ်၊ အဲဒီ အသိပညာတွေကို စာပေတွေထဲမှာ ရှာရမှာ ဖြစ်တဲ့အတွက် “စာများများဖတ်ကြပါ”လို့သာ ပြောချင်ပါတယ်။

မေး = အစ်မရေးတဲ့ ရသ စာပေနဲ့ ပက်သက်ပြီး ဝေဖန် အကြံပေးမယ်ဆိုရင် ဆက်သွယ်နိုင်မဲ့ ဘလော့လေးရယ် အီးမေး အကောင့် လိပ်စာလေးရယ် ပြောပြပါဦး ခင်ဗျာ။

ဟုတ်ကဲ့ .... nanmawa2011@gmail.com ပါ။ http://seaandangel.blogspot.com နေရာလေးမှာ ဆက်သွယ် နိုင်ပါတယ်။

အခုလို မောင်လေး မေးသမျှကို အချိန်ပေး ဖြေကြားပေးသော မမ အဖြုရောင် နတ်သမီးလေး အောင်မြင်တဲ့ ဘလော့ကာ တစ်ယောက်ဖြစ်ပြီး လူအများအတွက် စာပေအပိုင်း တစ်ထောင့် တစ်နေရာကနေ တောက်ပ လင်းလက် အကျိုးပြုပြီး စာပေ အလင်းရောင် ပေးစွမ်းနိုင်ပါစေလို့ ဆုတောင်း ပေးပါတယ် ခင်ဗျာ ...

ပေးတဲ့ ဆုနဲ့ပြည့်ပါစေရှင်၊ အမကလည်း အခုလို တကူးတက အချိန်ပေးပြီး စာဖတ်သူများ နဲ့ မိတ်ဆက် ပေးတဲ့ မောင်လေး နေဇော်လင်း ကို အထူး ကျေးဇူး တင်ရှိပါတယ်။း)

အခုဆို ဘလော့ကာ မမ အဖြူရောင် နတ်သမီးလေးရဲ့ အကြောင်း အရာလေးတွေ တော်တော်များများ ကို စာဖတ်ပရိသတ်များ သိကြရော့ပေါ့ ။ မမရဲ့ ဘလော့လေးနဲ့ စာပေရေးသားမှု အကြောင်းအရာ လေးတွေကို မမရဲ့ ဘလော့ လေးဖြစ်တဲ့ http://seaandangel.blogspot.com/ နေရာလေးမှာ ဝင်ဖတ်နိုင် ပါတယ် ခင်ဗျာ။



နောက်တစ်ပတ်မှာ အောင်မြင်နေတဲ့ ဘလော့ကာ ယောက်ကျားလေးထဲက ဘယ်သူဖြစ်နိုင်မလဲ? ဆိုတာ အင်တာဗျူး အစီအစဉ်လေးမှာ ရင်ခုန်စွာ စောင့်မျှော်ဖတ်ကြပါလို့ ပြောကြားရင်းနဲ့ ဒီတစ်ပတ် အင်တာဗျူး အစီအစဉ်လေးကို ဒိနေရာလေးမှာ ရပ်နားခွင့် ပြုပါခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

စာဖတ်သူများ အတွက် အကောင်းဆုံး ကြိုးစား တင်ဆက်ပေးလျှက်



http://www.nayzawlin.com/search/label/Interview

Saturday, March 17, 2012

Happy Birthday Princess CORAL








Coral ဆိုတဲ့..သူမကို ကျမ စတွေ့ခဲ့တဲ့နေ့က
မိုးတွေသည်းသည်းမဲမဲရွာနေခဲ့တယ်
အပြင်မှ တစ်ခါမှ မြင်ဖူးခြင်းမရှိပါပဲ သူမရဲ့အသွင်သဏ္ဍာန်ကို
ကျမဘာကြောင့်ပုံဖမ်းနိုင်ခဲ့ရတာလည်း
သူမက နူးညံ့တယ်..
သူမက ဖော်ရွေတယ်..
သူမရဲ့အပြုံးတွေက နွေးထွေးတယ်..

သူမက...
ကော်ဖီခါးခါးတစ်ခွက်နဲ့
ရိုမန့်တစ်အိမ်ဂျယ်ကို အသက်သွင်းခဲ့သူ..
တစ်ခါတစ်လေ နှင်းဆီနီနီတွေကြားမှာ ပြေးလွှားဆော့ကစားတတ်သူ..
တစ်ခါတစ်လေတော့လည်း..
စမ်းချောင်းထဲမှာ စီးဆင်းမျောပါသွားကြတဲ့
သစ်ရွက်ကြွေတွေကိုဂရုဏာသက်စွာ ငေးကြည့်နေတတ်သူ..

သူမရဲ့အနာဂတ်..
သူမရဲ့အိပ်မက်..
သူမရဲ့ဆန္ဒ... အားလုံးကတော့
သူမစွဲလန်းခဲ့ရတဲ့ အိန်ဂျယ်နဲ့အတူရှိနေဖို့ပါပဲ..

ဒီနေ့..၁၇-၀၃-၂၀၁၂
သူမရဲ့မွေးနေ့ဖြစ်တယ်..
သူမအတွက် အမှတ်တရ Note လေးရေးပေးရင်း
မွေးနေ့လေးမှာ အိန်ဂျယ်နဲ့အတူ ပျော်ရွှင်နိုင်ဖို့ ကျမတို့ဆုတောင်းပေးလိုက်ကြရအောင်နော်...
HAPPY BIRTHDAY... Princess Coral

Wednesday, March 14, 2012

ကျမသတ်မှတ်တဲ့ Anniversary


လူတွေသတ်မှတ်ကြတဲ့..

ချစ်သူများရဲ့ အန်နယ်ဗာစရီ ဆိုတာ..

ချစ်သူသက်တမ်း (၁)နှစ်ပြည့်သည်၊ (၂)နှစ်ပြည့်သည် စသည်တို့ကို သတ်မှတ်ကြတာပါ။

ကျမအတွက်ကတော့ ..

ချစ်သူသက်တမ်း (၁)နှစ်ပြည့်တယ် (၂)နှစ်ပြည့်တယ် ဆိုတာထက်

အချိန်တိုအတွင်းမှာ တစ်ယာက်အကြောင်း တစ်ယောက်သိဖို့ နားလည်ဖို့က ပိုအရေးကြီးတယ်။

ချစ်သူသက်တမ်း ဘယ်နှစ်နှစ်ပဲပြည့်ပြည့် အချိန်ကာလတွေသာ ဖြတ်သန်းသွားတယ်၊

တစ်ယောက်အကြောင်း တစ်ယောက်မသိရင် အဲဒါကို ချစ်သူသက်တမ်းလို့ မခေါ်နိုင်ပါဘူး။

အချစ်ဆိုတာ ဘာလဲ...

Sex လို့ပြောမလား

မှားတယ်..

မျှဝေခံစားမှု၊ ညှိနှိုင်းမှု၊ စိတ်(၂)ခုတစ်ထပ်ထဲကျမှု၊

အဲဒီလို စိတ်(၂)ခု တစ်ထပ်ထဲကျမှ ဘဝတစ်ခုကို တည်ဆောက်နိုင်မှာ။

Sex တစ်ခုထဲနဲ့ အိမ်ထောင်တစ်ခုကို ကြာကြာမထိမ်းထားနိုင်ဘူး။

ကျမအတွက်ကတော့....

“ချစ်သူနှစ်ဦး ..သူတို့ရဲ့စိတ်(၂)ခု တစ်ထပ်ထဲကျတဲ့နေ့”ဟာ ချစ်သူ့အန်နယ်ဗာစရီပါပဲ..။

Friday, March 9, 2012

ကိုယ်တိုင်ရိုက်သည်























Thursday, March 8, 2012

မေမေ့အပြုံး အလှဆုံး

“သမီး နိုးလာပြီလား...လည်ပင်းနာနေသေးလား သမီး”...
မျက်နှာသစ်ရန် မီးဖိုထဲသို့ဝင်လာသော ကျမအား ဟင်း ချက်နေသော မေမေမှလှမ်းမေးလိုက်ခြင်းဖြစ်သည်။
လည်ပင်းတွင်းမှ နာကျင်လွန်းသော ဝေဒနာကြောင့် နှုတ်မှပြန်မဖြေပဲ မေမေ့အား ခေါင်းညှိတ်ပြလိုက်၏။
“သမီး မျက်နှာမသစ်ခင် မေမေ့ရှေ့မှာ ခနထိုင်ပါအုံး” ..“ခေါင်းမော့ထား သမီး”..
မေမေသည် ကျမ၏ လည်ပင်းမှအရည်ကြည်ဖုလေးများကို အချိန်အနည်းငယ်ကြာ လျှာနှင့်လျက်ပေးရင်း ကျမရောဂါ သက်သာစေရန် ပါးစပ်မှလည်း တတွတ်တွတ်ရွတ်ပြီး ဆုတောင်းပေးနေသေးသည်။
“မေမေ့သမီးလေးခံစားနေရတဲ့ ဝေဒနာများ ပိန်းကြာရွက်ပေါ်ရေမတင်သကဲ့သို့ အမြန်ဆုံးသက်သာပျောက်ကင်းပါစေ...ကဲ..ကဲ...မျက်နှာသွားသစ်တော့..သမီး”...
“အဲဒီလို ဘာကြောင့်လုပ်ရတာလဲ မေမေ”...
“ဘေးအိမ်က ဒေါ်ထွေးပြောလို့ မေမေလုပ်ကြည့်တာ..ရေခြောက်ရောဂါကြောင့် သမီးရဲ့ကိုယ်တွင်းမှာ အပူများပြီး တံတွေးမျိုချလို့မရလောက်အောင် လည်ချောင်းနာတာရယ်၊ လည်ပင်းမှာပေါက်နေတဲ့အရည်ကျည်ဖုတွေပေါက်သွားရင် အမာရွတ်တွေကျန်ခဲ့တဲ့အခါ သမီးအလှပျက်မှာစိုးလို့ မိခင်က လျှာနဲ့လျက်ပြီး ရောဂါတွေကို ဖယ်ထုတ်ပစ်ရတယ်တဲ့”..
“အဲဒီလိုလုပ်ရင်လည်း ဝေဒနာရှင်အိပ်ယာထကာစ မျက်နှာမသစ်ရသေးတဲ့အချိန်ကိုရွေးလုပ်ရတာတဲ့..သမီးရဲ့”...
“ရှေးအယူပေါ့...ဟုတ်သော်ရှိ မဟုတ်သော်ရှိ...စမ်းကြည့်တာပေါ့သမီးရယ်...မေမေ့သမီးလေး ခံစားနေရတဲ့ ဝေဒနာ သက်သာသွားရင် အမြတ်ပဲလေ”...
ရိုးသားလှသော မေမေအား ကျမအံ့သြစွာကြည့်ရင်း ...
“သမီးလည်ပင်းက အရည်ကျည်ဖုတွေကို မေမေလျှာနဲ့လျက်နေတုန်း အရည်ကျည်ဖုတွေမေမေ့ပါးစပ်ထဲမှာ ပေါက်သွားခဲ့ရင် မေမေမရွံဘူးလားဟင်..”..
“မိခင် ဆိုတာ ကိုယ့်သားသမီးတွေအတွက် ကိုယ့်ဘဝကိုပေးဆပ်ထားတဲ့သူတွေပါ..၊မေမေ့ရဲ့သွေးကနေ သမီးဖြစ်လာခဲ့တာပဲ...
သမီးရဲ့ကိုယ်ပေါ်က အရည်ကျည်ဖုတွေကို မေမေမရွံပါဘူးသမီးရယ်..သမီးကို မေမေမွေးခဲ့တာပါ...”...


ကျမမှတ်မိပါသေးသည်၊ ငယ်ရွယ်စဉ်ကလေးဘဝက ပေါက်ခဲ့ပြီးဖြစ်သော်လည်း ကျမ၏အသက် ၁၅နှစ်ခန့်တွင် ထပ်၍ပေါက်ခဲ့သော ရေခြောက်ဟုခေါ်သည့်ကိုယ်တွင်းအပူကန်ခြင်း ရောဂါတမျိုးကြောင့် ကျမ၏ကိုယ်ခန္ဓာအနှံ့အပြားမှ အရည်ကျည်ဖုများကြောင့် ကျမမှာ ကိုယ်လက်မအီမသာဖြစ်ခြင်း၊တကိုယ်လုံးယားယံခြင်း ဝေဒနာကိုတပတ်ကြာမျှ ခံစားနေရသောအချိန်ဖြစ်သည်။
ပိုဆိုးသည်က ထိုရောဂါကိုခံစားနေရသူသည် လေတိုက်မခံရ၊လေနှင့်ထိတွေ့လျှင် ကိုယ်ခန္ဓာပေါ်မှအရည်ကျည်ဖုများသည် ပို၍ယားလာတတ်သည်၊ ယားလျှင်လည်း ကုတ်၍မရ၊ ကုတ်ပါက အရည်ကျည်ဖုများပေါက်၍ အမာရွတ်များကျန်ခဲ့မည်ဆိုးသောကြောင့် အလှကြိုက်သည့်ကျမမှာ ထိုအချိန်က တော်တော်လေးကို အခံရခက်ခဲ့ဖူးသည်။
ကိုယ်တွင်းအပူများလှသော ကျမ၏ လည်ချောင်းမှာလည်း တံတွေးမျိုချ၍မရလောက်အောင် နာကျင်လွန်းလှသည့်ဝေဒနာကိုခံစားနေရသည့်အချိန်တွင် ကျမ၏ လည်ပင်းမှ အရည်ကျည်ဖုများကို မရွံမရှာ လျှာနှင့်လျက်၍ သမီးဖြစ်သူ၏ ဝေဒနာသက်သာစေရန် ပြုမူခဲ့သော မေမေ့၏ ကြီးမားလှသောမေတ္တာကြောင့် လည်ချောင်းနာကျင်သော ဝေဒနာမှာ နောက်တနေ့တွင် အတော်ပင်သက်သာလာခဲ့ပြီး ကျမ၏ လည်ပင်းမှ အရည်ကျည်ဖုများမှာလည်း ရက်အနည်းငယ်အတွင်း ညှိုး၍ခြောက်သွားခဲ့သည်။ နောက် ရက်အနည်းငယ်အကြာတွင် ကျမမှာ ပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိလာခဲ့သည်။
ကျမ၏ ဝေဒနာများ ရက်အနည်းအတွင်း ကင်းစင်ခဲ့သည်မှာ ယနေ့ခေတ် ဆေးဝါးများကြောင့်လည်းဖြစ်နိုင်သည်...၊
သဘာဝအလျှောက်လည်းဖြစ်နိုင်သည်...၊မေမေပြုလုပ်ခဲ့သော ရှေးရိုးထုံးတန်းနှင့်လည်း ဆိုင်ချင်မှဆိုင်မည်....
သို့သော်.......................
မိခင်တို့၏ တုနှိုင်း၍မရသော အကြီးမားဆုံးသော မေတ္တာ..သည် “စိတ်”နှင့်ဆိုင်သော အကောင်းဆုံး ဆေးဝါးတလက် ဖြစ်သည်ကို မည်သူမှငြင်းနိုင်မည်မထင်ပါ..။

မှန်ရှေ့တွင်ထိုင်ပြီးအလှပြင်နေသော ကျမ၏ တကိုယ်လုံးကိုမေမေကြည့်သည်... ၊
ခြောက်သွေ့နေပြီဖြစ်သော အနာဖတ်များမှာလည်း အမာရွတ်များကျန်ရှိမနေပဲ သူ့အလိုလို ကွာကျသွားခဲ့လေပြီ။

မေမေပြုံးသည်....ကျေနပ်စွာပြုံးသည့်အပြုံး.....
ကမ္ဘာလောကကြီးတခုလုံးက အပြုံးတွေနဲ့ရှင်လျှင်တောင် မေမေ့အပြုံးအလှဆုံးပင်ဖြစ်ပါလိမ့်မည်...။

ယနေ့တွင်ကျရောက်သော ကမ္ဘာ့အမျိုးသမီးများနေ့တွင် မွေးမိခင်အား ဤပို့စ်လေးဖြင့် ဦးခိုက်ကန်တော့လိုက်ပါသည်။


Monday, March 5, 2012

ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင် (တဂ် ပို့စ် )


“ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင် ” ဆိုပြီး ဘလော့ဂ်ကာများ၏ သဘောထားတချို့ကိုစာရေးဆရာ၊ ကဗျာဆရာ၊ ဒေါက်တာ သက်တန့်ချိုက တဂ်ပို့စ်အဖြစ် ရေးပေးဖို့ ဖိတ်ခေါ်လာခဲ့ပါတယ်။
မြန်မာနိုင်ငံက ဖုန်းများအကြောင်း၊ ဈေးနှုန်းများအကြောင်းနဲ့ လက်ရှိဖြစ်ပေါ်နေသော အခြေအနေတွေကို အတိအကျမသိတဲ့ကျမအဖို့ ဒီလိုပို့စ်မျိုးကို တာဝန်ယူရေးပေးဖို့ အခက်အခဲ အနည်းငယ်ရှိတဲ့အတွက်
ကျမနေထိုင်ရာ ဆိုက်ပရပ်စ်( Cyprus)နိုင်ငံက Sim Card အကြောင်းလေးကို ဗဟုသုတအနေနဲ့ ပြောပြပါရစေ။

ဆိုက်ပရပ်စ်နိုင်ငံမှာ အသုံးပြုတဲ့ Sim Card များကို Soeasy , MTN နှင့် Prime tel ဆိုတဲ့ ကုမ္ပဏီ(၃)ခုမှ ထုတ်လုပ်ပါတယ်။
အဲဒီထဲကမှ အသုံးအများဆုံး ကုမ္ပဏီကတော့ Soeasy ကုမ္ပဏီပဲဖြစ်ပါတယ်။
Soeasy Sim Card များကို Cyta Mobile Card နှင့် Vodafom Card ဆိုပြီး (၂)မျိုးခွဲခြားထားပါတယ်။
Cyta mobile Card သုံးစွဲသူများဟာ Sim Card တစ်ခုအတွက် (၁၅)ယူရိုဖြင့် မည်သည့် စတိုးဆိုင်တွင်မဆို မိမိတို့ကြိုက်နှစ်သက်ရာ မှတ်မိလွယ်သော ဂဏန်း(၈)လုံးပါ ဖုန်းနံပါတ်ကိုရွေးယူပြီး လွတ်လပ်စွာ ဝယ်ယူနိုင်ကြပါတယ်။
ထိုSim Card ကို မိမိတို့ဖုန်းတွင်ထည့်ပြီး ကဒ်မှာပါတဲ့ ဂဏန်းများကို ရိုက်နှိပ်ပြီး Cyta Mobile ဌါနကို Message ပို့ရပါတယ်။
အဲဒါကလည်း မခက်ပါဘူး၊ Sim Card ကို ဝယ်ယူတဲ့အခါ အသုံးပြုပုံကိုပါ လမ်းညွှန်ပေးထားတဲ့
အတွက် စာဖတ်ပြီး လိုက်လုပ်ယုံပါပဲ။
အဲဒီလို Message ပို့ပြီး ၁၀မိနစ်ခန့်အကြာမှာ Cyta Mobile ဌါနမှ အလိုအလျှောက်မှတ်ပုံတင်ပြီး Reply Message တစ်ခုကိုပြန်ပို့ပါတယ်။
ဒီအဆင့်ဟာ ဖုန်းကဒ်ဝယ်ယူသူအတွက် ကိုယ်ပိုင်ဖုန်းနံပါတ်တစ်ခု ပိုင်ဆိုင်သွားတဲ့အဆင့်ပါ၊ ဒုတိယအဆင့်ကတော့ အဲဒီဖုန်းနံပါတ်ကို အသုံးပြုဖို့ ဖုန်းထဲကို ပိုက်ဆံထည့်ဖို့လိုပါပြီ။ အဲဒီအတွက် ကုမ္ပဏီမှရောင်းချတဲ့ ၅ယူရို၊ ၁၀ယူရို၊ ၂၀ယူရို၊ ၃၅ယူရို အစရှိတဲ့ ပိုက်ဆံကဒ်များကို ဝယ်ရပါတယ်။
အဲဒီလို ဝယ်ယူရာမှာလဲ Soeasy ကုမ္ပဏီရဲ့ လက်ဆောင်အဖြစ် တန်ဖိုးအများဆုံးကဒ်ဖြစ်သော ယူရို ၂၀တန်အတွက် ၂ယူရိုအလကားသုံးခွင့်၊ ၃၅ယူရိုကဒ်အတွက် ၆ယူရိုအလကားသုံးခွင့် ထပ်စောင်းပေးထားပါတယ်။
သုံးစွဲပုံကလည်း လွယ်ပါတယ်၊ အဲဒီကဒ်များရဲ့အနောက်ဖက်မှာ ခဲပတ်နဲ့အုပ်ထားတဲ့ လျှို့ဝှက်ဂဏန်း(၁၆)လုံးကို
မိမိတို့ရဲ့ဖုန်းထဲကို ရိုက်ထည့်ကာ ပိုက်ဆံကုန်တဲ့အထိ သုံးစွဲနိုင်ပြီး ပိုက်ဆံကုန်သွားပါက မိမိတို့အဆင်ပြေရာ ၅ယူရို၊ ၁၀ယူရို၊ ၂၀ယူရို၊၃၅ယူရိုကဒ်များကို အဆင်ပြေသလို ထပ်မံဖြည့်စွက် သုံးစွဲနိုင်တဲ့ အမျိုးအစားပါ။

မြန်မာပြည်က FEC၂၀တန် ကဒ်တွေကတော့ တစ်ခါကုန်သွားလို့ နောက်တစ်ကဒ်ဝယ်တဲ့အခါ ဖုန်းနံပါတ်ပါ ပြောင်းသွားတဲ့အတွက် ဆက်သွယ်မှုပိုင်းမှာ စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ ဆိုက်ပရပ်စ်နိုင်ငံက ဖုန်းကဒ်တွေကတော့ ၁၅ယူရိုနှုန်း (မြန်မာငွေ၂သောင်းခန့်)နဲ့ဝယ်ယူပြီး နံပါတ်မပြောင်းပဲ ငွေထည့်သုံးစွဲသွားယုံပါပဲ။
တစ်ကယ်တော့ ၁၅ယူရိုတောင်မကျပါဘူး၊ Sim Card တစ်ခုကို ဝယ်တဲ့အခါ ကုမ္ပဏီက ဝယ်ယူသူတွေ အသင့်သုံးစွဲနိုင်ရန် ၅ယူရိုကို အလကားသုံးစွဲခွင့် ပေးပြီးသားမို့ ဖုန်းကဒ်တစ်ခုရဲ့ တန်ဖိုးဟာ ၁၀ယူရို(မြန်မာငွေ ၁သောင်းကျော်)မျှသာကျပါတယ်။
နံပါတ်ပြောင်းလဲဖို့မလိုတဲ့အတွက် ဆက်သွယ်ရေးပိုင်းမှာလဲ အဆင်ပြေပါတယ်၊
နောက်တစ်ခုက အဲဒီဖုန်းကဒ်ကို တစ်ချို့သောနိုင်ငံတွေမှာ သုံးစွဲလို့ရပါတယ်။







Vodafom Card ဆိုတာကတော့ တစ်လပြည့်တဲ့အခါ မိမိသုံးစွဲထားတဲ့ ကုန်ကျငွေကို Bill နဲ့ရှင်းရတဲ့ မြန်မာပြည်က ဖုန်းတွေလို အခွန်ဆောင်ရတဲ့စံနစ်ပါ။
အဲဒီစံနစ်ကို အသုံးပြုတဲ့သူတွေကတော့ ဆီပရီယိုနိုင်ငံသား လုပ်ငန်းရှင်တွေပဲဖြစ်ပါတယ်။
ကျမတို့လို ဆိုက်ပရပ်စ်နိုင်ငံမှာ အလုပ်လုပ်နေတဲ့နိုင်ငံခြားသားများ၊ ဆိုက်ပရပ်စ်နိုင်ငံမှ လူငယ်ကျောင်းသား/ကျောင်းသူများကတော့ ငွေကုန်ရင် ငွေထပ်ဖြည့်ရတဲ့ Cyta Mobile Card ကိုပဲ အသုံးပြုကြပါတယ်။
ဆိုက်ပရပ်စ်နိုင်ငံမှ Sim Cardများကို ဆူပါမားကက်များ၊ စတိုးဆိုင်များ အစရှိသည့် မည်သည့်နေရာတွင်မဆို လွယ်ကူစွာဝယ်ယူနိုင်ခြင်း၊ လူတန်းစားမရွေး ဈေးနှုန်းချိုသာစွာ အသုံးပြုနိုင်ခြင်းတို့ကြောင့် လူကြီးရော ကလေးများပါမကျန် ဖုန်းများကို အသုံးပြုကြသော ဒေသခံလူဦးရေ(၇၀၀၀၀)နှင့်ဖွဲ့စည်းထားသော ကျွန်းနိုင်ငံလေးမှ အားကျဖွယ် Sim Card များအကြောင်းကို တင်ပြရင်း သက်တန့်ချိုမေးထားသော မေးခွန်းတစ်ချို့ကို ဖြေကြားပေးလိုက်ပါတယ်။



(မေး)၁။ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင်ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။
(ဖြေ)၁။လွန်ခဲ့တဲ့(၅)နှစ်က အမှန်တစ်ကယ်ကို ၂၅သိန်းပေးပြီး ဝယ်ခဲ့ရတဲ့အတွက် (၁၀)သိန်းတန်ဖုန်း၊ (၅)သိန်းတန်ဖုန်းတွေပေါ်လာတဲ့အချိန်မှာ တစ်ကယ့်ကို အံ့သြခဲ့ရပါတယ်၊ငွေကြေးပမာဏ အဆပေါင်းများစွာ ကွာခြားသွားတဲ့အတွက် မြန်မာပြည်သူတစ်ယောက်အနေနဲ့ ဝမ်းသာခဲ့ရပါတယ်၊ Quaility ပိုင်းကတော့ ဖုန်းနှစ်လုံးကို ယှဉ်ပြီး မသုံးကြည့်ရသေးတဲ့အတွက် မဝေဖန်ပါ။
ကျမ အနေနဲ့ ဖုန်းတစ်လုံးကို သုံးစွဲမှုအပေါ်မှာ ဖုန်းရဲ့တန်ဖိုးထက်ထိုဖုန်း၏ အသုံးဝင်မှု၊ ဆက်သွယ်ရေးကောင်းမွန်စွာသုံးနိုင်မှုတို့ကိုကြည့်ပြီး တန်ဖိုးဖြတ်ပါတယ်။ ငွေနဲ့တန်ဖိုးမဖြတ်ပါ။

(မေး)၂ ။ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ်လိုမြင်မိပါသလဲ ။
(ဖြေ)၂။မြန်မာပြည်နှင့် တခြားသော ဆင်းရဲနိုင်ငံများမှာ ဟန်းဖုန်းကို လူတိုင်း မကိုင်ဆောင်နိုင်ကြပါဘူး၊ချမ်းသာတဲ့ နိုင်ငံများ၊ တိုးတက်တဲ့နိုင်ငံများမှာတော့ ဟန်းဖုန်းကို အသက်(၇)နှစ်အရွယ်ကလေးများက အစ ကိုင်ဆောင်သုံးစွဲနေကြပါပြီ
သူတို့အတွက် ဒါဟာ အဆန်းမဟုတ်တော့ပါဘူး။
မြန်မာပြည်မှာကတော့ ဟန်းဖုန်းကိုင်ဆောင်ထားတဲ့ သူတွေဆိုရင် လူအထင်ကြီးခံရပါတယ်။
အဲဒါဟာ ဘာကြောင့်လဲ?
ဖုန်းရဲ့ (၂၅)သိန်းဆိုတဲ့ တန်ဖိုးကြောင့်ပါပဲ။
“မြန်မာပြည်မှာ ဟန်းဖုန်းကို လူတန်းစားတစ်ရပ်သာလျှင် ကိုင်ဆောင်နိုင်ရမည်”ဆိုတဲ့ အာဏာရှိပုဂ္ဂိုလ်တစ်ဦးရဲ့စကားကို အခုထိ ကျမ မှတ်မိနေတုန်းပါပဲ။
အဲဒီအယူအဆဟာ သိပ်ကိုမှားပါတယ်။
ကျမအမြင်ကတော့“ ဖုန်း”ဆိုတာ ဆက်သွယ်ဖို့ပါ၊ ဖုန်းတစ်လုံးရှိယုံနဲ့ အချိန်တိုအတွင်းမှာ အလုပ်ပေါင်းများစွာ၊ နိုင်ငံနဲ့ချီတဲ့ သတင်းများစွာကို အချိန်တိုအတွင်းမှာ သိရှိနိုင်ပါတယ်။
အချိန်ကုန်၊ လူပင်ပမ်းသက်သာပါတယ်။
“ဖုန်း”တစ်လုံးရဲ့အသုံးဝင်မှုဟာ စီးပွားရေး၊လူမှုရေး၊ကျန်းမာရေး..ပိုင်းတွေမှာ အရမ်းကိုအရေးပါတယ်လို့ ကျမထင်ပါတယ်။
အဲဒီအတွက် မြန်မာပြည်သူတွေမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ပိုင်ခွင့်ရှိသူများကို တီရှပ်များပေါ်စတေကာကပ်တောင်းဆိုခြင်းများဟာလည်း တောင်းဆိုသင့်တဲ့အခွင့်အရေးတစ်ခုလို့ မြင်ပါတယ်။

(မေး)၃ ။ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ်လိုမြင်မိပါသလဲ ။
(ဖြေ)၃။လူ့အခွင့်အရေးတစ်ရပ်အနေနဲ့ တောင်းဆိုသင့်တဲ့ အခွင့်အရေးတစ်ရပ်ပါပဲ။
သို့သော် ဖုန်းတစ်လုံး(၅၀၀၀)ကျပ်ဖြစ်ရေးထက် ပိုပြီးအရေးကြီးတဲ့တောင်းဆိုချက်တွေ အများကြီးရှိနေပါသေးတယ်ဆိုတာကို သတိပေးပါရစေ။

(မေး)၄ ။ ငါးထောင်တန် ဖုန်းများပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။
(ဖြေ)၄။ ကြိုဆိုပါတယ်။


၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။
၅။ဟန်းဖုန်းတစ်လုံးကို ငွေအနည်းငယ်မျှဖြင့် ဝယ်ယူသုံးစွဲနိုင်ကြမယ်ဆိုရင် အထက်မှာ ကျမပြောခဲ့သလို ဆက်သွယ်ရေးပိုင်းမှာ အများကြီးအထောက်အကူပြုလာမှာ အမှန်ပါပဲ။
(၅၀၀၀)တန်ဖုန်းကို တစ်ကယ်ထုတ်မယ်ဆိုရင် ထုတ်လို့ရပါတယ်၊
(၅)သိန်းတန်ဖုန်းတောင်ထွက်ေ
နပြီပဲ..၊ အလားအလာ အများကြီးရှိပါတယ်။

မြန်မာပြည်နဲ့ပတ်သက်လို့ မည်သည့်ကိစ္စမဆို တိုးတက်ဖို့ဆိုရင် ထောက်ခံမဲတစ်မဲ အသင့်ကိုင်ဆောင်ထားပါကြောင်း အသိပေးရင်း (၅၀၀၀)တန်ဖုန်းများ ထွက်ရှိရေးအတွက် သက်ဆိုင်သူများ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ကြပါစေ...။

Wednesday, February 29, 2012

မှော်ဆရာအိပ်မက်


ကျမ... ကြွေကျသွားခဲ့တယ်

အနီရောင်ဝိုင်ထက်ပြင်း

မသိခြင်း မရှိခြင်းတွေကြားက

မထိတထိ ကြင်နာခြင်းတွေအောက်

ကျမ.. ဒူးထောက် ခစားခဲ့တဲ့ည


သူ့ရဲ့ဂီတရင်ခွင်ထက်

မှေးစက်အိပ်ပျော်

စိတ်မှော်ပင်အောက်

အသိစိတ်တွေ အလင်းပျောက်ခဲ့တုန်းက


မှော်ဆရာအိပ်မက်ပေး

ခပ်ရေးရေးပုံဖော်

မယုံသော်ခက်ခက်

စွဲလန်းမိတဲ့ ဒီအိပ်မက်
ကြင်နာသယောင် သူအရောင်ဆောင်ပြတဲ့

ရောင်စုံအကြင်နာ...ည

ရင်မှာသိပ်လှခဲ့တယ်...။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger