Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Friday, June 7, 2019

ကျောင်းရာသီ




ကျောင်းရာသီမို့..
သားကို မနှစ်က Pre School ကျောင်းစထားဖြစ်ခဲ့တဲ့အကြောင်းလေး ရေးပြမယ်နော်..
အမေကို အရမ်းကပ်တဲ့သားလေးဟာ တစိမ်းတွေရှေ့ရောက်ရင် မျက်လွှာချပြီး မလှုပ်မယှက်နေတတ်ပါတယ်။
သားက
လူကြောက်တယ်ပြောရမယ်။
အိမ်မှာသာ လူတွင်ကျယ်လုပ်တာ
တစိမ်းရှေ့ရောက်ရင် ငြိမ်ကုတ်နေရောပဲ

သားအမိနှစ်ယောက်ထဲ အနေများတဲ့သားဟာ ပါတ်ဝန်းကျင်နဲ့ထိတွေ့မှု သိပ်မရှိတဲ့အခါ အမျိုးနည်းတဲ့အခါ ဒီလိုပဲ ဖြစ်တတ်တာ မဆန်းပါဘူး။
မူကြို ကျောင်းကိုရောက်တော့
ဆရာမတွေက သားကိုချော့ပြီး ဖက်တော့ သားက ရုန်းတယ်။
မျက်နှာစိမ်းတာရယ် ကြောက်တာရယ်ကြောင့် အမေ့လက်ကို မလွှတ်တန်း အတင်းဆွဲထားတာပေါ့။
ကျမစိတ်ထဲမှာလည်း ထားခဲ့လို့ဖြစ်ပါ့မလားပေါ့
ဆရာမက
"' အစ်မ ပြန်လိုက်ပါ သားအတွက်စိတ်ချပါ အစ်မရဲ့ခံစားချက်ကို နားလည်ပါတယ် ဒါပေမယ့် အစ်မ မပြန်ရင် ကလေးကို ထိန်းဖို့ ပိုခက်ပါလိမ့်မယ်'" လို့ ပြောတော့ ဝဲလာတဲ့ မျက်ရည်ကို မကျမိအောင်ထိန်းရင်း အသံက မထွက် ခေါင်းလေးညှိတ်ပြပြီး လှည့်အထွက်..
""(((((( မေမေ..............))))))).""
ဆိုတဲ့ အသံနက်ကြီးနဲ့အော်လိုက်တဲ့ သားရဲ့အသံဟာ ကျမနှလုံးသားကို သံဆူးချွန်နဲ့ထိုးလိုက်သလို ခံစားလိုက်ရတယ်။
သားကို ဆရာမက အတင်းဖက်ထား..
သားက စိတ်တွေခတ်ထန်ပြီး အတင်းရုန်း ဆရာမရဲ့လက်ကိုကိုက်..
ကျမတစ်ခါမှ မမြင်ဖူးတဲ့ သားရဲ့အပြုအမူကြောင့် အံ့ဩမိပါတယ်
အဲဒီနေ့ဟာ သားအမိနှစ်ယောက် ကမ္ဘာပျက်တဲ့နေ့ပါပဲ။
ဘဝမှာ ဘယ်တော့မှ မေ့မရတဲ့ နေ့ပေါ့။
သားရဲ့ " မေမေ......." ဆိုတဲ့ အသံနက်ကြီးနဲ့ အကူအညီတောင်းသံက မေမေ့နှလုံးသားကို နာကျင်စေတယ်။
သားဒုက္ခရောက်တိုင်း
သားအခက်ကြုံတိုင်း
သားအကူအညီတောင်းတိုင်း
စက္ကန့်မခြား သားကို ကာကွယ်ဖို့ သားရှေ့ကို ရောက်နေကျ ကျမဟာ
ဒီတစ်ခါမှာတော့ လက်သီးကိုဆုပ် အံကိုကြိတ်ပြီး သားကို ကျောခိုင်းလိုက်ရတယ်။
သားရဲ့စိတ်ထဲမှာလည်း အတော်ကြေကွဲမှာပဲ..
" ငါ ဒုက္ခရောက်နေတာကို မေမေဘာဖြသ်လို့ မကယ်ပါလိမ့် " ဆိုပြီး ဝမ်းနည်းမှာပဲ။
မျက်ရည်တွေဟာ ဘယ်လိုမှ ထိန်းမရ..
အသိစိတ်က " ကိုယ့်အလှည့်တုန်းကလည်း ဒီလိုပါပဲ " ဆိုတာ ရှိပေမယ့် မခံစားနိုင်ခဲ့ဘူး။
ရင်ထဲမှာ နေဆယ်စင်း ဖြတ်သလို ပူလောင်လွန်းလှတယ်။ ဒီခံစားချက်မျိုးကို မေမေတွေပဲ ခံစားဖူးတာပါ။
ဒီလိုအဖြစ်အပျက်မျိုး နောက်တစ်ခါ မရှိပါစေနဲ့လို့ ဆုတောင်းမိတာ အခါခါပါပဲ။
အဲဒီလိုနဲ့ ကျောင်းကြိုချိန်ရောက်တော့ သားဘာလုပ်နေလဲသိချင်လို့ ချောင်းကြည့်မိတယ်။
ဆရာမတစ်ယောက်က စက္ကူလေးတွေနဲ့ အရုပ်လေးတွေလုပ်ပြနေတာကို သူတစ်ယောက်ထဲ ထိုင်ကြည့်နေတယ်။
တခြားကလေးတွေကတော့ ကစားနေကြတယ်။
သားကတော့ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေတယ်။ မျက်နှာလေး ညှိုးလို့.. ။ ရင်ထဲမကောင်းဘူး။
သားရေ.. မေမေလာကြိုပြီဆိုတော့ ဝမ်းသာအားရ မေမေ့ကိုပြေးဖက်တော့..သားအမိနှစ်ယောက် မျက်ရည်ကျရပြန်ရော..
သားလေးဟာ တစ်လလောက်အထိ တခြားကလေးတွေလို မဆော့ဘူး
တခြားကလေးတွေဆော့တာကို ထိုင်ကြည့်နေတာမျိုးပဲ လုပ်လေ့ရှိတယ်
ကစားကွင်းထဲမှာ ကလေးတစ်ယောက်စနှစ်ယောက်စနဲ့အတူ ဆော့တာမျိုးတွေ လုပ်လာတယ်
အဲဒီလိုနဲ့ ဆက်ဆံရေးတဖြည်းဖြည်း တိုးတက်လာတဲ့သားလေးဟာ ၃/၄လကြာတဲ့အခါမှာ ကျောင်းမှာ တခြားကလေးတွေနည်းတူ ပျော်ရွှင်တက်ကြွတဲ့ ကလေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
ဝမ်းသာစရာတစ်ခုက ကျောင်းမသွားချင်ဘူးလို့ တစ်ခါမှ မပြောဖူးတာပါပဲ။
ဒီနှစ်မှာတော့ သားလေးအသက် ၅နှစ်ပြည့်ပြီမို့ ကျောင်းကြီး KGတန်းကို တက်ပါတော့မယ်။
ကျမနည်းတူ မေမေတွေလည်း Fighting.. ပါလို့
"" သားရေ.. ဟိုတစ်ခါတုန်းကလို မငိုနဲ့တော့နော်"" ဆိုတော့..
သားက ဘာပြောတယ်ထင်လဲ?????

Thursday, September 18, 2014

ဝိုင်(Wine)အစ “ဂရိ”က

လွန်ခဲ့သော နှစ်ပေါင်း(၇၀၀၀)ကျော်ခန့်က ဂရိနိုင်ငံတွင် စပျစ်သီးမှထွက်ရှိလာသော စပျစ်ရည်များ သဘာဝအလျောက် အချဉ်ပေါက်ဓာတ်ပြုရာမှ ရရှိလာသောအရည်များကို သောက်သုံးမိကြပြီး မူးယစ်စေသော အာနိသင်ကို တွေ့ရှိခဲ့ကြသည်။
ထိုစပျစ်ရည်များကို ဂရိလူမျိုးများက သေရည် အရက်အဖြစ် ပွဲလန်းသဘင်များတွင် အထွတ်အမြတ်ထား သောက်သုံးကြရင်း ကမ္ဘာတစ်ဝှမ်းလုံးတွင် စပျစ်ဝိုင်သောက်သုံးမှုပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။

ထိုခေတ်အခါက ဂရိလူမျိုး ဘုရင်များနတ်ရွာစံသည့်အခါ အဝတ်တန်ဆာများ၊ အသုံးအဆောင်ပစ္စည်းများနှင့် စပျစ်ရည်အိုးများကို နတ်ရွာစံသောဘုရင်များ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ပြန်လည်နိုးထလာသည့်အခါ ၎င်းတို့အတွက် အသုံးအဆောင်ပစ္စည်းများ အဆင်သင့်အသုံးပြုနိုင်ရန် ၎င်းတို့၏ ရုပ်ကလပ်နှင့်အတူ ထည့်သွင်းမြှုတ်နှံပေးလေ့ရှိသည်။

စပျစ်ဝိုင်ကို ဂရိနိုင်ငံနှင့် ဂျော်ဂျီရာနိုင်ငံတို့မှ စတင်သုံးစွဲခဲ့ကြပြီး “God of the wine”ဟု သတ်မှတ်ရင်း “Juice of the God”ဟု ခေါ်ဆိုကြသည်။

စပျစ်သီးအဆင့်မှ စပျစ်ရည်ဖြစ်လာရန် ရက်(၂၀)ခန့် အချဉ်ဖောက်ရသည်၊ ဝိုင်ကို စပျစ်သီးမှ (၉၈)%ထုတ်လုပ်ပြီး စတော်ဗယ်ရီ၊ ပိခ်ျ၊ ဘလူးဗယ်ရီ၊ ပန်းသီးတို့မှလည်း ထုတ်လုပ်သည်။

ဝိုင်၏အရသာမှာ စပျစ်သီး၏အရသာကိုလိုက်၍ ကွဲပြားမှုရှိသည်။
ယခင်က စပျစ်သီးတစ်မျိုးစီကို ဝိုင်ပြုလုပ်ကြသော်လည်း ယခုအခါ မျိုးမတူသောစပျစ်သီးနှစ်မျိုးကိုရောစပ်ပြီး အရသာကွဲပြားသော ဝိုင်များအဖြစ် ထုတ်လုပ်လာကြပြီဖြစ်သည်။
ထို့အတူ ယခင်က စပျစ်ပင်စိုက်ပျိုးရာတွင် စပျစ်ခင်းကိုသဘာဝအတိုင်းရှင်သန်စေပြီး ယခုအခါ လိုအပ်သော အပူ/အအေး ၊ မြေကြီးစိုစွတ်မှုရရှိရန် စိုက်ခင်းကို ရေဖျန်း၍စိုက်ပျိုးလာကြပြီဖြစ်သည်။
အရည်အသွေးမှီသောဝိုင်ရရှိရန် စပျစ်ပင်စိုက်ပျိုးရာတွင် စပျစ်ခင်းတည်ရှိရာနေရာမှ ပေ၁၀၀အကွာအဝေးပတ်ဝန်းကျင်တွင် မည့်သည့်အပင်မှ စိုက်ပျိုးခြင်းမရှိအောင် ရှင်းလင်းထားရမည်။
ပင်လယ်ရေမျက်နှာပြင် မီတာ၆၀၀အမြင့်ရှိသောမြေတွင် စိုက်ပျိုးရမည်။
အမျိုးအစားကောင်းမွန်သော စပျစ်ပင်ဖြစ်ရမည်။
၁ဧကတွင် စပျစ်ပင်ပေါင်း၂၂၀၀ထက် မကျော်စေရ။
ဝိုင်ရည်များကို သိုလှောင်ခန်းတွင် ၅နှစ်ကြာ သိုလှောင်ထားရှိရမည်။
စပျစ်ပင်တစ်ပင်၏ အသီးသီးနှုန်းမှာ ၁နှစ်လျှင် ၁ကြိမ်ဖြစ်ပြီး အပင်တစ်ပင်၏သက်တမ်းမှာ ၆နှစ်ဖြစ်သည်။
စပျစ်ခိုင်များကိုခူးရာတွင် စပျစ်ခိုင်တစ်ခိုင်စီကို ကတ်ကျေးဖြင့်ညှပ်ပြီး ခူးယူရသည်။
ထိုမှတဆင့် ကဒ်ထူပုံးများ ခြင်းများထဲသို့ထည့်ပြီး အအေးခန်းပါရှိသောကားများဖြင့် ဝိုင်ထုတ်လုပ်ရာ စက်ရုံသို့ သယ်ဆောင်ရသည်။
သတိပြုရန်မှာ စပျစ်သီးများကို အပင်မှခူးပြီးချိန်မှစ၍ ၈နာရီမှ၁၀နာရီအတွင်း ဝိုင်အဖြစ် ပြောင်းလဲရမည်ဖြစ်သည်။
စပျစ်သီးများကို အဆင့်ဆင့်ဆေးကျောသန့်စင် အစေ့ထုတ်ပြီး အခွံနှင့်အသားများကို ကြိတ်စည်ထဲတွင် ကြိတ်၍ဓာတ်ပြုကာ စပျစ်ရည်များကို အနယ်ထိုင်သည်အထိ သိုလှောင်ထားရသည်။ 
ဝိုင်အရည်များကို သစ်စည်(သို့)သတ္ထုစည်များဖြင့် အနယ်ထိုင်သည်အထိ သိုလှောင်သိမ်းဆည်းထားရသည်။
ဝိုင်အချို့ကို အရသာခံ သောက်သုံးကြည့်ပါက သစ်သားနံ့ရရှိသည်ကို တွေ့ရမည်။
ယခုအခါ သစ်ဂျပိုးခေါက်နှင့် နှင်းဆီရိုးများကို အနံ့အနေဖြင့် ထည့်သွင်းအသုံးပြုလာကြပြီဖြစ်သည်။

ဝိုင်ထုတ်လုပ်ရာတွင် Red wine အတွက် အပူချိန် 26ံC မှ 28ံC ၊
White wine အတွက် 20ံC မှ 25ံC အတွင်း ထားရှိပြီး ထုတ်လုပ်ရန်လိုအပ်သည်။
စပျစ်သီးဘဝမှ ဝိုင်အဖြစ်သို့ ပြောင်းလဲပြီး ၁၀လမှ ၁နှစ်ကြာ ထားရှိပြီးမှ ဈေးကွက်တွင်းသို့
ဖြန့်ဖြူးရောင်းချရသည်။
  Red wineကို ထုတ်လုပ်သည့်အချိန်မှစ၍ ၁၂နှစ် / ၁၆နှစ်အတွင်း သောက်သုံးနိုင်သည်။
White wineကိုတော့ ၆နှစ်မှ၉နှစ်အတွင်း သောက်သုံးနိုင်သည်။
ထိုနှစ်များထက်ပိုမိုထားရှိပါက အကြောင်းအမျိုးမျိုးကြောင့် ဝိုင်အရသာပျက်တတ်သည်။
ဗဟုသုတအနေဖြင့် ထည့်သွင်းရေးသားလိုသည်မှာ ဆိုက်ပရပ်စ်(Cyprus)နိုင်ငံတွင် စိုက်ပျိုးသော Maratheftiko နှင့် Bambakada စပျစ်မျိုးနှစ်မျိုးရှိသည်။
၎င်းစပျစ်ပင်များကို စိုက်ပျိုးရာတွင် အဖိုနှင့်အမ ယှဉ်တွဲစိုက်ပျိုးရသောကြောင့် Romantic Wineဟု တင်စားခေါ်ဝေါ်ကြသည်။
၎င်းဝိုင်၏ အရသာမှာ ချယ်ရီ/စတော်ဗယ်ရီအရသာနှင့်ဆင်
တူပြီး ၁၀နှစ်ကြာ ထားရှိအသုံးပြုနိုင်ကြောင်း တင်ပြရင်း …

(ညီမလေး အိန်ဂျယ်လှိုင်အတွက် BPP Challengeအတွက် tag post လေးပါနော်)

Wednesday, August 27, 2014

Security အားနည်းသော မြန်မာနိုင်ငံနှင့် Ebola အန္တရာယ်


30,Augမှာကျရောက်မယ့် Blogger Day အတွက်   အကြောင်းကြောင်းကြောင့် စာမရေးဖြစ်ကြသူ အချင်းချင်း နှိုးဆော်ရင်း ဤဆောင်းပါးလေးကိုရေးဖြစ်ခဲ့သည်။ လွန်ခဲ့သော ၁၀နှစ်ခန့်က အင်တာနက်တစ်ခွင်တွင် blog    page မျာြး ပုလုပ်ကာ စာရေးသူများ ရေပန်းစားခဲ့ဖူးသည်။
                        
ထိုထဲမှ bloggerအများစုမှာ ပြည်ပတွင် နေထိုင်သူများဖြစ်သည်။ အကြောင်းကတော့ မြန်မာပြည်မှအပ တစ်ကမ္ဘာလုံးတွင် အင်တာနက် ဝက်ဆိုဒ်များကို လွတ်လပ်စွာဖွင့်ပေးထားသဖြင့် အလကားရသော blogspot.com ကိုအသုံးပြုပြီး စာရေးဝါသနာပါသူတို့ bloggerဖြစ်လာခဲ့ကြသည်။

ထိုသူများထဲတွင် ကျမလည်း တစ်ယောက်အပါအဝင်။ နိုင်ငံခြားတွင်၉နှစ်ကြာနေထိုင်ခဲ့ရင်း အတွေ့အကြုံနှင့် ဗဟုသုတများစွာကို ရေးသားခဲ့ပြီး မြန်မာပြည်ပြန်ရောက်လာချိန်တွင်တော့ မိသားစုအရေးနှင့်  အင်တာ နက်လိုင်းမကောင်းခြင်းတို့ ကြောင့် စာရေးသည့်ဖက်သို့ မလှည့်နိုင်တော့သည်မှာ ယခု ကျမ၏သားလေး အသက်(၄)လအရွယ်ပင်ရောက်ရှိခဲ့လေပြီ။   
လွန်ခဲ့သောတပတ်ခန့်က သားလေးအတွက် လက်တွန်းလှည်းတစ်စီးဝယ်ရန် စိတ်ကြိုက်မတွေ့မချင်း ရန်ကုန်မြို့တွင်းရှိ shopping centerအတော်များများသို့ သွားရောက်ရှာဖွေခဲ့သည်။shopping centerများ၏ အဝင်ဝတွင် "security"လက်ပတ်များနှင့်လုံခြုံရေးဂိတ်ကို ဖြတ်ရသည်။   ကျမလွယ်ထားသော အိတ်ကို စားပွဲပေါ်တင်ပေးပြီး ကျမက သတ်မှတ်ထားသော ရောင်ခြည်ဖြတ်ရုံလေးကို ဖြတ်လျှောက်ပေးရသည်။
shopping center တစ်ခုလုံး၏ လုံခြုံရေးကို တာဝန်ယူထားသော စစ်ဆေးသူများမှာတာဝန်အရ ဈေးဝယ်လာသူများအားစစ်ဆေးနေသော်လည်း ကြပ်မတ်မှုမရှိ။ ကျမလွယ်ထားသော အိတ်ကို စစ်ဆေးသူတစ်ဦး၏ရှေ့သို့ ချပေးလိုက်သည်။ စစ်ဆေးသူအမျိုးသမီးမှ အိတ်၏ဇစ်ကိုအဖွင့် အပိတ် လုပ်ပြီးကျမထံသို့ ပြန်ပေးသည်။ အိတ်တွင်းသို့ မွှေနှောက်ရှာခြင်းမျိုးမရှိ။ ဤသို့ဆိုလျှင် အိတ်ကို မစစ်ဆေးသည်ကမှ ကောင်းအုံးမည်။
 
ထိုနေ့က shopping centerသုံး လေးခုသို့ ကျမရောက်ရှိခဲ့သည်။ securityဂိတ်များကို ထုံးစံ အတိုင်း  ဖြတ်ကျော်ခဲ့သည်။ ကျမ၏လက်ကိုင်အိတ်ကို စစ်ဆေးရန် လုံခြုံရေးစားပွဲပေါ်သို့တင်ပေးလိုက်တော့ လုံခြုံရေးဝန်ထမ်းမှာ ကျမကိုတစ်ချက်ကြည့်ပြီး စားပွဲပေါ်တင်ပေးလိုက်သော အိတ်ကို ဖွင့်တောင်မကြည့်တော့ပဲ ပြန်ပေးပါသည်။  

အဘယ်ကြောင့်ပါနည်း။ ကျမ၏မျက်နှာပေါ်တွင် ဤshopping centerအား ဖျက်လိုဖျက်ဆီး အန္တရာယ်ပြု မည့်ပုံမျိုး မပေါ်၍စိတ်ချသွားပုံရသည်။ လူဆိုးနှင့်လူကောင်း မည်သို့ခွဲခြားထားပါသနည်း။ 
"security" ဆိုသည်မှာ ၎င်းတာဝန်ကျရာ နေရာဒေသ၏လုံခြုံရေးအတွက်  တာဝန်အရှိဆုံးလူဖြစ်သည်။
shopping centerများတွင် ဗုံးပေါက်သည်။  hotelများတွင်ဗုံးပေါက်သည်။ ဘူတာရုံများတွင်ဗုံးပေါက်သည်။ ထိုနေရာများတွင် "security"ဟုခေါ်သော လုံခြုံရေးများရှိပါလျှက် အဘယ်ကြောင့် မလုံခြုံပါသနည်း။ အင်္ကျီအနက်၊ ဘောင်းဘီအနက် မျက်မှန်အနက်နှင့် ပါးသိုင်းမွှေးမျက်နှာနဲ့မှ လူဆိုးမဟုတ်။ အဖျက်သမားမဟုတ်။ မော်ဒယ်လ်ဂဲလ်တစ်ယောက်ပုံစံမျိုးလည်းဖြစ်နိုင်သည်။ ကလေးအမေပုံစံမျိုး လည်းဖြစ်နိုင်သည်။ အဖွားအိုပုံစံမျိုးလည်းဖြစ်နိုင်သည် ။ ဤအချက်အား လုံခြုံရေးဝန်ထမ်းများမှ သတိပြု ကြပ်မတ်ရန်လိုပေသည်။ နိုင်ငံခြားတိုင်းပြည်များတွင် "security"တာဝန်ကို ထမ်းဆောင်နေသော သူများကို မြင်ဖူးကြမည်ထင်ပါသည်။ သူတို့တွင် အာဏာအပြည့်ရှိသည်။  ၎င်းတို့တာဝန် ကျရာ နေရာဒေသ၏ လုံခြုံရေးအတွက် လုပ်ပိုင်ခွင့်အပြည့်ပေးထားသည်။ မြန်မာပြည်တွင်းရှိ shopping centerများမှ securityများကတော့ ဂိတ်စောင့်သာသာ၊ ကြွက်ချောက်ငှက်ချောက်သာသာမျှ သဘော ထားနေကြခြင်းကို အားမရဖြစ်ရသည်။
---------------
(၂)   
မြန်မာပြည်မှ ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်မည့်သူများ ပြည်ပသို့မထွက်ခင် ဆေးစစ်ရသည်။ "C ပိုး" "Bပိုး" ရှိမရှိ စစ်ရသည်။ ဆေးကျပါက ပြည်ပသို့ထွက်ခွင့်မရှိ။ သို့ပါသော်လည်း "Cပိုး" "Bပိုး"ရှိသူများ ဆေးအောင်ပြီးနိုင်ငံခြားသို့ ထွက်ခွင့်ရနေကြသည်။ နည်းလမ်းရှိပါသည်။  
နိုင်ငံခြားသို့သွားရောက်အလုပ်လုပ်ကိုင်မည့်ဖြူဖြူဆိုသော  မိန်းခလေးတွင် "Cပိုး"ရှိသည်ဆိုပါစို့။ ဆေးခန်း တွင် ဆေးစစ်သည့်အခါ သူမအစား  "Cပိုး"မရှိသူတစ်ယောက်အား သူမ၏အမည်ဖြင့် အစားထိုး ဝင်ရောက်ဆေးစစ်စေပြီး ဆေးအောင်မှု passကို ရယူနေကြသည်။
ဤနည်းဖြင့် သက်ဆိုင်ရာဆေးခန်းမှ ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူပြုလုပ်ပြီး  ကျန်းမာရေးဆိုင်ရာ securityကို ချိုးဖောက်နေကြပါသည်။ သက်ဆိုင်ရာဆေးခန်းများမှ ဤအချက်ကို အထူးကြပ်မတ်ပေး ပါရန် မေတ္တာရပ်ခံချင်ပါသည်။
  ------------
(၃) 
လွန်ခဲ့သော တစ်ပတ်ခန့်က ကြည့်မြင်တိုင်ညဈေးမှ တိုက်အိုတစ်လုံး ဝရံတာပဲ့ကျ၍ လူသေမှုဖြစ်ပွားခဲ့ သည်။ ဤကဲ့သို့ တိုက်အို တိုက်ဆွေးများ မကြာခဏပြိုကျမှုများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများမှ  တိုက်၏ခိုင်ခံ့မှု securityကို ကြီးကြပ်စစ်ဆေး ထိန်းသိမ်းပေးသင့်သည်။ 
နောက်ဆုံးတင်ပြလိုသည်မှာ လက်ရှိခေတ်စားနေသော Ebola virus အကြောင်းကို လူတိုင်းသိပြီးကြပြီ။ Ebola virusကူးစက်ခံရပါက ဖြေဆေးမတွေ့သေး။ ထိုEbola virus မှာ အာဖရိကနိုင်ငံဖက်မှ စတင်ဖြစ်ပွားခဲ့ရာမှ ယခုအခါ အချို့နိုင်ငံများဆီသို့ တဖြည်းဖြည်းပြန့်နှံ့လာလေပြီ။  ကျမတို့မြန်မာနိုင်ငံ တွင်းသို့ အချိန်မရွေးရောက်လာနိုင်သည်။  

Ebola virusရောဂါကူးစက်ခံရသူဟု သံသယရှိသူ  အသက်(၂၂)နှစ် အရွယ် မြန်မာလူငယ်လေး တစ်ယောက် ပြည်ပမှ မြန်မာပြည်သို့ ပြန်လာပြီး ဝေဘာဂီကူးစက်ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိသည် ဆိုသော သတင်းတစ်ခု   အင်တာနက်တွင်ပြန့်နှံ့လျက်ရှိသည်။

ရောဂါအခြေအနေမှာ သက်သာလာပြီဟုလည်း ကြားသိရပါသည်။ ဤသည်ကား ဝမ်းသာစရာပင်။ ဤကဲ့သို့ ဆေးမတွေ့သေးသော ကပ်ရောဂါဆိုးကြီး မြန်မာပြည်အတွင်းသို့ မဝင်ရောက်နိုင်စေ ရန် မြန်မာပြည်တွင်းသို့ ဝင်ရောက်နိုင်သော လေကြောင်း ရေကြောင်း ကုန်းကြောင်းတို့မှ တာဝန်ထမ်းဆောင်နေသော လူဝင်မှုကြီးကြပ်ရေးနှင့်တကွ သက်ဆိုင်ရာကျန်းမာရေးဌါနမှ တာဝန်ရှိ သူများက securityအပြည့်ဖြင့် စိစစ်ပေးရန်လိုသည်။

ထိုသို့မဟုတ်ပါက Ebola virusရှိသူ တစ်ဦးတစ်ယောက်မှအစပြု၍ ဆင့်ပွားကူးစက်ကာ ကပ်ဘေးဆိုးကြီးကို ရင်ဆိုင်ကြရမည်ကို တွေးရင်း "security"အလွန် အားနည်းသော မြန်မာပြည်မှ ပြည်သူတစ်ယောက်အနေဖြင့် လွန်စွာစိုးထိတ်မိပါကြောင်း တင်ပြရင်းးး ဤဆောင်းပါးလေးကို Blog Day အမှတ်တရအဖြစ် ရေးသားလိုက်ပါသည်။
(မီးဆိုတာ မလောင်ခင်က တားရပါတယ် လောင်ပြီးမှဆိုရင်တော့… )

စာဖတ်သူများနှင့်တကွ စာရေးသူသူငယ်ချင်းချင်းများအားလုံး Happy Blog Day ပါနော်။



Monday, February 17, 2014

ကျမရဲ့လက်ကိုင်တုတ်ကလေး


မကြာမီ မိဘနေရာကို ရောက်ရှိလာတော့မည့် ကျမအဖို့ ကိုယ်ချင်းစာစိတ်လေးနဲ့အတူ ဒီဆောင်းပါးလေးကို ရေးဖြစ်ခဲ့သည်။

 ငယ်စဉ်ကလေးဘဝကတည်းက ကျန်းမာရေးချူချာသည့်ကျမ ယခုအိမ်ထောင်ကျပြီးသည့်တိုင်အောင် ကျန်းမာရေးက ညံ့နေဆဲပင်။

ပိုဆိုးသည်က အိမ်ထောင်ကျပြီး ကိုယ်ဝန်(၁)လခွဲအချိန်တွင် သန္ဓေသားအချင်းကွာသဖြင့် အိပ်ယာပေါ်တွင် လပေါင်းများစွာ အနားယူရင်း ဗိုက်ထဲမှရင်သွေးလေး၏အသက်ကို ကယ်ယူခဲ့ရသည်။

အဲဒီလိုနှင့် ကိုယ်ဝန်(၆)လအချိန်တွင် သန္ဓေသားအရိုးဖွဲ့စည်းမှုအတွက် လိုအပ်သည့် အရိုးဓာတ်များကို မိခင်ထံမှ မျှယူစဉ်အချိန်တွင် မိခင်မှာ ကယ်လ်စီယမ်အရိုးဓာတ်ချို့တည့်ပြီး တင်အရိုးကွင်းဟ ဝေဒနာကို ခံစားခဲ့ရသည်။ အရိုးဟသွားသည့်အတွက် ခြေတစ်လှမ်း လှမ်းတိုင်း နာကျင်လွန်းသော ဝေဒနာကို ခံစားရပြန်သည်။

 ဆရာဝန်ညွှန်ကြားချက်အတိုင်း အရိုးကွင်း ပြန်ဆက်ရန် တင်ကို ပတ်တီးစည်းပြီး မွှေ့ယာမပါ ကုတင်အမာပေါ်တွင် တစ်လခန့် ငြိမ်သက်စွာအနားယူရပြန်ပါသည်။

ကိုယ်ဝန်ရှိစဉ်အချိန်မှစ၍    ယခုကိုယ်ဝန်(၆)လအချိန်ထိ ကျန်းမာရေးညံ့လျက်ရှိသော ကျမကို ကျမ၏အစ်မဝမ်းကွဲဖြစ်သူက ကျမနှင့်အတူနေပြီး ပြုစုပေးလျက်ရှိရာ အသက်(၅၂)နှစ်ရှိဖြစ်သော သူမမှာလည်း အဝတ်လျှော်ရ မီးပူတိုက်ရ ဟင်းချက်ရ အလုပ်များကို တစ်ယောက်ထဲလုပ်ရသဖြင့် ညည်းလေပြီ။

ကျမမှာလည်း ကိုယ့်ဝေဒနာနှင့်ကိုယ်မို့ သူမအား ကူညီဖို့ရာ မဖြစ်နိုင်သဖြင့် အိမ်အကူ အမျိုးသမီးတစ်ယောက်ကို ငှါးခဲ့ရပါသည်။

ကျမဘဝတွင် အိမ်အကူအလုပ်သမားများကို ငှါးလေ့ငှါးထမရှိ။
ကိုယ်တိုင်လုပ်မှ စိတ်တိုင်းကျသည်မှာ ကျမ၏အကျင့်။
ဟင်းချက်ခြင်း မီးပူတိုက်ခြင်း အဝတ်လျှော်ခြင်း အိမ်သန့်ရှင်းခြင်း အစရှိသည့် အလုပ်များကို ကိုယ်တိုင်လုပ်ရမှ ကျေနပ်ခဲ့သည့်ကျမ ယခုလိုအခြေအနေမျိုးတွင် အိမ်အကူအလုပ်သမား မငှါးမဖြစ်မို့ ငှါးခဲ့ရသည်။

ကျမ၏အစ်မကတော့ သူ့ဘဝတစ်လျှောက်လုံးတွင် အိမ်အကူများစွာဖြင့် နေခဲ့ဖူးသည်။

အိမ်ကိုရောက်လောသော အိမ်အကူအမျိုးသမီးမှာ မမြင့်ဆိုသော
အသက်( ၄၀)ဝန်းကျင်အရွယ် အမျိုးသမီးဖြစ်သည်။
သူက ကျောက်ပြင်နှင့်သွေးလိမ်းရသော သနပ်ခါးကို နှစ်သက်သဖြင့် ဝယ်ပေးခဲ့သောကျမကို ကျမ၏အစ်မက သိပ်အလိုမကျချင်။

"အိမ်ဖော်တွေကို သိပ်အလို မလိုက်နဲ့ ရွှေပြည်နန်းသနပ်ခါးဘူးတစ်ဘူး ဝယ်ပေးလိုက်ရင် ရတာပဲ"ဆိုပြီး ပြောခဲ့ဖူးသည်။

မမြင့်အတွက် သွားပွတ်တံတစ်ချောင်းဝယ်ပေးရန် အစ်မအားပြောသောအခါ အိမ်မှာရှိသော ဧည့်သည်လာတုန်းက သုံးထားသည့် သွားတိုက်သွားပွတ်တံကို ထုတ်ပေးခဲ့ပြန်သည်။
အိပ်ယာပေါ်မှကျမ သက်ပျင်းကိုသာ ခိုး၍ချမိပါတော့သည်။ တစ်ကယ်ဆိုလျှင် သွားတိုက်တံတစ်ချောင်း၏တန်ဖိုးမှာ ၄၀၀/၅၀၀ကျပ်မျှပင်ရှိပါသည်။

ထမင်းစားရာတွင်လည်း တခြားအိမ်များလို အိမ်ရှင်နှင့်အိမ်အလုပ်သမားဟူ၍ အိုးခွဲမစား။
ကျမတို့နှင့်တန်းတူ  ကျမတို့စားသလို မမြင့်ကို စားစေခဲ့သည်။

မမြင့်ကလည်း အလိုက်သိသည်။ အိမ်ရှင်မစားခင် ထမင်း ဟင်းများကို ဦးဦးဖျားဖျား စားသည်မျိုး မရှိ။ အလိုက်သိသည် နေတတ်သည်။
သူ့နေရာ သူသိသည်။

အိပ်ယာထဲတွင် အနားယူနေရသည့်ကျမအတွက်  အကူ လူတစ်ယောက်လိုသည်မှာအမှန်။
ယခင်က ကျမ၏အစ်မလုပ်ခဲ့သော အိမ်မှုကိစ္စ အားလုံးကို မမြင့်အားလွှဲပြောင်း လုပ်ကိုင်စေခဲ့သည်။

တစ်နေ့ ကျမ၏အစ်မမှ " shopping center သွားမလို့ မမြင့်လိုက်ခဲ့ပါလား"
ဟု ဆိုလာသဖြင့် ကျမမှ
 "မမြင့်ရဲ့သား အဲဒီshopping center မှာ အလုပ်လုပ်တယ်ဆို သားကိုတွေ့လို့ရတာပေါ့"
"မတွေ့ချင်ပါဘူး သားစိတ်မကောင်းဖြစ်သွားလိမ့်မယ်"
"ဟင် ဘာကိုစိတ်မကောင်းဖြစ်မှာလဲ"
"ကျမ သူများအိမ်မှာ အိမ်ဖော်လုပ်နေတာ သူသိသွားရင် အားငယ်သွားလိမ့်မယ်"

မမြင့်ရဲ့ရင်ထဲက မိခင်တစ်ယောက်ရဲ့ သားသမီးအပေါ်ထားရှိတဲ့မေတ္တာကို ကျမမြင်ခဲ့ရသည်။

အမြဲတန်း ပြုံးရယ်နေတတ်သည့် မမြင့်၏ရင်ထဲတွင် မျက်ရည်များရှိနေသည်။
အားငယ်ခြင်း သိမ်ငယ်ခြင်းများရှိနေသည်။
အဘယ်ကြောင့်နည်း??
ကျမ သိပါသည်။

အိမ်တွင် မမြင့်ရှိသည်ဖြစ်စေ
မမြင့် မရှိသည်ဖြစ်စေ
ကျမ၏အစ်မပြောသော
 "အိမ်ဖော်" ဆိုသည့် အသုံးအနှုံးကြောင့်ပင်ဖြစ်သည်။

မကျန်းမာသည့်ကျမကို ဆွေမျိုးများက မကြာခဏ လာကြည့်တတ်သည့်အခါမျိုး  ကျမအစ်မ၏သူငယ်ချင်းများ အိမ်လာလည်သည့်အခါမျိုးတွင်  အမြဲတန်းပြုံးရွှင်နေတတ်သော မမြင့်ကို တွေ့သွားကြသည့်အခါ မမြင့်လိုလူမျိုးကို သဘောကျသည် လိုချင်ကြသည်။

သူတို့အိမ်မှ အိမ်အကူများနှင့်နှိုင်းယှဉ်၍ ပြောကြသည်။
အဲဒီအခါမျိုးတွင်
"ငါတို့အိမ်က အိမ်ဖော်ကတော့… "
 "အိမ်ဖော်တွေက…"
စသည့်စကားအသုံးအနှုံးကို မမြင့်ရှေ့မှာသော်လည်းကောင်း မမြင့်ကွယ်ရာမှာသော်လည်းကောင်း  လွတ်လပ်စွာပြောဆိုလေ့ရှိသည်။

ထိုသို့ပြောဆိုကြရာတွင်လည်း မမြင့်အား နစ်နာစေလိုသောစိတ်ဖြင့် ပြောခြင်းမဟုတ်သည်ကို ကျမ နားလည်သဘောပေါက်ပါသည်။

သို့သော် ကြားရသည့် မမြင့်အဖို့မှာမူ သိမ်ငယ်ပေလိမ့်မည် အားငယ်ပေလိမ့်မည်
နာကျင်ပေလိမ့်မည်။

ဖြစ်သင့်သည်က
 "အိမ်ဖော်" ဆိုသည့် အသုံးအနှုံးအစား
"အိမ်အကူ/ အိမ်အလုပ်သမား" ဆိုသည့်အသုံးအနှုံးက ပို၍ နားထောင်ကောင်းမည်ဟု ကျမထင်ပါသည်။

မိမိဖက်က နာကျင်စေလိုသောဆန္ဒ မပါသော်လည်း တဖက်လူမှာ နှလုံးသားကို ဓားနဲ့ထိုးခံရသလို နာကျင်သွားပါလိမ့်မည်။
သူတစ်ပါး၏အားနည်းချက်ကို သူတို့၏ရှေ့တွင် မပြောမိဖို့ သတိရှိစေချင်ပါသည်။

လူနေမှုအသိုင်းအဝိုင်းတွင်
"စကား"သည် အလွန်အရေးပါသည်။
"စကားအပြောမတတ်ရင် ဆဲသလိုပဲ"
ဟူသည့်အဓိပ္ပါယ်ကို ကောင်းစွာနားလည်ခဲ့ပြီ။

လူသားခြင်း စာနာထောက်ထားမှု
လူသားခြင်း ဖေးမကူညီမှု
ဆိုသည့် အတွေးများ အသိစိတ်များ လူတိုင်းတွင်ရှိစေချင်ပါသည်။

ကျမကတော့    လမ်းမလျှောက်နိုင်သည့်ကျမကို တွဲခေါ်ပေးလေ့ရှိသော မမြင့်အား  သူမ၏ ရှေ့တွင်သော်လည်းကောင်း ကွယ်ရာတွင်သော်လည်းကောင်း
 "ကျမရဲ့လက်ကိုင်တုတ်ကလေး"
ဟုသာ ခေါ်ဆိုဖြစ်ပါလိမ့်မည်။

Monday, July 15, 2013

ပွင့်သောပန်းတိုင်းမွှေးပါစေ



“““တွေးကြည့်ရအောင်(မိမိတို့စိတ်ထဲမှာရှိတဲ့အတိုင်း ရေးပေးကြပါ)
.......................
“သားသမီးကို ပြန်ကြောက်နေရတဲ့ မိဘ”..တဲ့
ကြားရတာ နားထဲမှာ အဆင်မပြေဘူး..
ကိုယ့်ဝမ်းနဲ့လွယ်ပြီး မွေးထားရတဲ့ သားသမီးကို ပြန်ကြောက်နေရတဲ့မိခင်တစ်ယောက်မှာ ဘယ်လိုအကြောင်းတွေ ရှိတယ်လို့ ထင်ပါသလဲ????

သားသမီးဖက်ကို အပြစ်ပြောမလား???
မိဘဖက်ကို အပြစ်ပြောမလား? ???
ဝေဖန်ကြည့်ပေးပါ..
ကျမနားထောင်ချင်လို့ပါ..””””

ဆိုတဲ့အမေးအဖြေလေးတစ်ခု လုပ်ခဲ့ပါတယ်၊
စာဖတ်သူ သူငယ်ချင်းများကလည်း များကလည်း ဝိုင်းဝန်းပြီး ဝေဖန်ဆွေးနွေးခဲ့ကြပါ။


ဝိုင်းပြီး ဝေဖန်ပေးကြတဲ့ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်၊
ကျမရဲ့အဓိက ရည်ရွယ်ချက်က ဒီဝေဖန်စာလေးတွေကို ကျမရည်ရွယ်တဲ့ မိဘနဲ့သားသမီးတို့ ဖတ်မိပြီး ဆင်ချင်နိုင်အောင်လို့ပါ၊

ကျမဖက်က ဆွေးနွေးကြည့်မယ်နော်။။
မိဘ။ ။ မိဘဆိုတာ မိဘလိုနေရတယ်၊ မိဘပီသရတယ်၊ သားသမီးတွေရဲ့အရိုအသေခံချင်ရင် အရိုအသေတန်အောင် နေပြရတယ်၊
အရိုအသေမဲ့စေမယ့် အပြုအမူမျိုး သားသမီးတွေရှေ့မှာ
မလုပ်မိဖို့ ဆင်ချင်ရတယ်၊ ထိန်းသိမ်းရတယ်၊
ကိုယ်က မှန်အောင်နေမှ သားသမီးတွေက ရိုသေမယ်၊ လိုက်နာမယ်၊ လေးစားမယ်၊ မိဘနေရာမှာထားမယ်၊
အထူးသဖြင့် အခုခေတ်သားသမီးတွေဟာ အရင်ခေတ်ကနဲ့မတူတော့ဘူး၊ အရင်ခေတ်က ဆိုရင်
မိဘဖက်က ဘယ်လောက်ပဲ မှားနေပါစေ၊ ပြန်မပြောရဲကြဘူး၊ “မိဘ”ဆိုတဲ့ ရိုသေခြင်း Respect ဆိုတာရှိတယ်၊

အခုခေတ်သားသမီးတွေကတော့
တွေးခေါ်မှုတွေမြင့်မားလာကြတာနဲ့အမျှ မှားတာတွေ့ရင် ပါးစပ်ပိတ်မနေကြတော့ဘူး၊ အမှားကို ထောက်ပြတတ်ကြတယ်။
မိဘဆိုတာကလည်း “မာန်”ရှိတယ်၊ ကိုယ့်အမှားကိုယ်မသိတဲ့အခါပဲဖြစ်ဖြစ် သိလျှက်နဲ့
“ငါက နင်တို့ရဲ့မိဘ.. ဘာမှပြန်ပြောစရာမလိုဘူး၊ ငါကျွေးတာစား၊ ငါပြောတာလုပ်”ဆိုတဲ့ ဟာလေးတွေရှိတယ်။

ကျမပြောချင်တာက အရင်ခေတ်မှာ အဲဒီလိုတွေရပေမယ့် ခုခေတ်မှာမရနိုင်တော့ဘူးဆိုတာ မိဘတွေသိစေချင်တယ်၊
မိဘဆိုတာ အိမ်ထောင်တစ်ခုရဲ့ ခရာပါ..
မိသားစုတစ်ခု နွေးထွေးမှု ပျော်ရွှင်မှုတွေကို ပေးနိုင်ဖို့က မိဘတွေဖက်မှာ တာဝန်ရှိပါတယ်။
မိသားစုဆိုတာ ထင်းစည်းနဲ့တူပါတယ်၊
ထင်းစည်းပြေနေတဲ့ မိသားစုဟာ မသာယာနိုင်ပါဘူး။
အဲဒီထင်းစည်း မပြေဖို့ကလည်း မိဘတွေမှာ တာဝန်အရှိဆုံးလို့ထင်ပါတယ်။

...............

သားသမီး။ ။ သားသမီးဆိုတာက မွေးလာကတည်းက မိခင်ရဲ့မျက်နှာကိုကြည့်ပြီး နို့ဆို့လာခဲ့ကြတာပါ၊
မိခင်ရဲ့ ဟန်ပန်အမူအရာတွေကို တကြည့်ကြည့်နဲ့ကြီးပျင်းလာခဲ့ကြသူတွေပါ၊
ခလေးတွေရဲ့ဦးနှောက်လေးတွေက မှတ်ဥာဏ်သိပ်ကောင်းတယ်၊ အထူးသဖြင့် ၅/ ၆ နှစ်အရွယ်တွေမှာပေါ့။
အဲဒီအရွယ်တွေရဲ့ရှေ့မှာ မိဘတွေ ရန်ဖြစ်တာ၊ ရိုက်ပုတ်တာမျိုးတွေကို မပြုလုပ်ကြရဘူး၊ “ဆောင်းအိပ်မက်”“မိုးညအိပ်မက်မြူ”လိုမျိုးရုပ်ရှင်တွေမှာ မိဘတွေရဲ့ပဠိပက္ခကြောင့် စိတ္တဇဆန်တဲ့ အပြုအမူမျိုးတွေကို လုပ်လာကြတယ်၊ အထီးကျန်လာကြတယ်၊ အားငယ်တတ်လာကြတယ်၊ တချို့ကျတော့ ရိုင်းစိုင်းလာတတ်ကြတယ်။ သူတို့ရဲ့ရင်တွင်းခံစားချက်တွေကို သိုဝှက်ရင်း အရွဲ့တိုက်လာတတ်ကြတယ်၊ တစ်ခါတစ်လေ ပေါက်ကွဲထွက်တတ်ကြပါတယ်။
သူတို့မျှော်လင့်တောင်းတခဲ့တဲ့ မိဘဆီက မရတဲ့အရာတွေကို
တခြား သက်မဲ့ အရာဝတ္ထုတွေဆီကသော်လည်းကောင်း
(ဥပမာ။ ။ မူးယစ်ဆေးဝါးသုံစွဲခြင်း)၊ သက်ရှိဖြစ်တဲ့ ရည်းစားထားခြင်း၊ စိတ်ခံစားမှု စိတ်ထွက်ပေါက်ဖြစ်တဲ့ Night Club တက်ခြင်း အစရှိတာတွေကို လုပ်တတ်လာကြပါတယ်။
အထူးသဖြင့် သားသမီးတွေဟာ “သမီးမိန်းခလေး”ဆိုရင် ပိုဆိုးပါတယ်၊ ဆေးပညာအရ Same Sex ဖြစ်တဲ့အတွက် မိခင်နဲ့စိတ်တူတယ်၊ Jealous ဆိုတဲ့ မနာလိုစိတ် ခြေရာတိုင်းစိတ်တွေဟာ သူတို့ရဲ့မသိစိတ်ထဲမှာ ကိန်းအောင်းနေတတ်တာကို မိဘတွေက အထူးသတိထားသင့်ပါတယ်။


မိဘက ကိုယ့်သားသမီးရဲ့စိတ်ကို သိထားသင့်တယ်၊ အဲဒါမှလည်း လိုသလို ပဲ့ကိုင်လို့ရမှာပေါ့။ ကိုယ့်သားသမီးက ဘာကိုလိုချင်တာလဲ၊ ကိုယ်မွေးထားတဲ့သားသမီးပဲ ဆိုပြီး ပြစ်ထားမယ် လစ်လျှူရှုထားပြီး ကိုယ်လုပ်ချင်တာ လုပ်နေမယ်ဆိုရင်တော့ သားသမီးတွေဟာ အရွဲ့တိုက်ချင်စိတ်နဲ့ ဆိုးချင်တိုင်းဆိုးလာတော့မှာပါပဲ၊
အဲဒီအချိန်ကျမှ မိဘက “အဲဒီလို ဆိုးရမလား”ဆိုပြီး အကြမ်းနည်းသုံးလို့မရတော့ပါဘူး၊
ကိုယ့်ဖက်ကမှားနေသ၍ကတော့ တဖက်လူကို ဘယ်လိုမှပြုပြင်လို့မရနိုင်ပါဘူး။

နောက်ဆုံး ကျမပြောချင်တာကတော့..
အခု ကျမရေးပြထားတဲ့အကြောင်းအရာတွေကို သက်ဆိုင်သူများ ဖတ်မိပြီး ဆင်ချင်နိုင်ကြဖို့ပါပဲ၊
မိဘဖက်ကလည်း သားသမီး အရိုသေခံဖြစ်အောင်နေပြရပါမယ်၊
သားသမီးဖက်ကလည်း မိဘဆိုတာ မိဘနေရာမှာပဲ ထားရပါမယ်၊
မိဘဖက်က မှားသည်ပဲထားအုံး၊ ကိုယ်ထိလက်ရောက် မစော်ကားမိပါစေနဲ့၊ သားသမီးဖက်က အဆိုးများကိုတော့ သူတို့ရဲ့personal အတွက် ကျမ ထည့်မရေးတော့ပါဘူး၊
အမှားအမှန်ပြဿနာရဲ့အဖြေကတော့ ၅၀/ ၅၀ ပါပဲ၊
သားသမီးဖက်က ကိုယ်ထိလက်ရောက် စော်ကားမိတယ်ဆိုရင်တော့ ခံရသူက“ မိဘ”ဖြစ်နေတဲ့အတွက် +၁၀ထပ်ပေါင်းပေးပြီး သားသမီး -၁၀ ပေါ့။
နောက်ဆုံးအဖြေကတော့ မိဘ=၆၀ ၊ သားသမီး=၄၀ ဖြစ်ပါတယ်။


သားသမီးနဲ့မိဘကြား မပြေလည်မှုများကို နှစ်ကိုယ်ကြားညှိနှိုင်းကြပါ။
သားသမီးကလည်း မိဘကို ရိုသေပါ၊
မိဘကလည်း သားသမီး အရိုသေခံ ဖြစ်အောင်နေပါ၊
အတိတ်က အကြောင်းအရာတွေကို သားသမီးတွေက နားလည်ပေးနိုင်ပေမယ့်
လက်ရှိ ပစ္စုပ္ပန်နဲ့အနာဂတ်မှာတော့ ငြိမ်းချမ်းသာယာတဲ့မိသားစုလေးဖြစ်ဖို့..
နွေးထွေးတဲ့ မိသားစုလေးတစ်ခု ဖြစ်ဖို့...
ထင်းစည်းလေး ပြေလျော့မသွားဖို့ ..
မိဘတွေမှာ တာဝန်ရှိပါကြောင်း... အကြံပေးရင်း..

ပွင့်သော ပန်းတိုင်း မွှေးကြပါစေ...

Photo: “““တွေးကြည့်ရအောင်(မိမိတို့စိတ်ထဲမှာရှိတဲ့အတိုင်း ရေးပေးကြပါ) ....................... “သားသမီးကို ပြန်ကြောက်နေရတဲ့ မိဘ”..တဲ့ ကြားရတာ နားထဲမှာ အဆင်မပြေဘူး.. ကိုယ့်ဝမ်းနဲ့လွယ်ပြီး မွေးထားရတဲ့ သားသမီးကို ပြန်ကြောက်နေရတဲ့မိခင်တစ်ယောက်မှာ ဘယ်လိုအကြောင်းတွေ ရှိတယ်လို့ ထင်ပါသလဲ????  သားသမီးဖက်ကို အပြစ်ပြောမလား??? မိဘဖက်ကို အပြစ်ပြောမလား? ??? ဝေဖန်ကြည့်ပေးပါ.. ကျမနားထောင်ချင်လို့ပါ..””””  ဆိုတဲ့အမေးအဖြေလေးတစ်ခု လုပ်ခဲ့ပါတယ်၊ စာဖတ်သူ သူငယ်ချင်းများကလည်း များကလည်း ဝိုင်းဝန်းပြီး ဝေဖန်ဆွေးနွေးခဲ့ကြပါ။   ဝိုင်းပြီး ဝေဖန်ပေးကြတဲ့ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်၊ ကျမရဲ့အဓိက ရည်ရွယ်ချက်က ဒီဝေဖန်စာလေးတွေကို ကျမရည်ရွယ်တဲ့ မိဘနဲ့သားသမီးတို့ ဖတ်မိပြီး ဆင်ချင်နိုင်အောင်လို့ပါ၊  ကျမဖက်က ဆွေးနွေးကြည့်မယ်နော်။။ မိဘ။  ။ မိဘဆိုတာ မိဘလိုနေရတယ်၊ မိဘပီသရတယ်၊ သားသမီးတွေရဲ့အရိုအသေခံချင်ရင် အရိုအသေတန်အောင် နေပြရတယ်၊  အရိုအသေမဲ့စေမယ့် အပြုအမူမျိုး သားသမီးတွေရှေ့မှာ  မလုပ်မိဖို့ ဆင်ချင်ရတယ်၊ ထိန်းသိမ်းရတယ်၊  ကိုယ်က မှန်အောင်နေမှ သားသမီးတွေက ရိုသေမယ်၊ လိုက်နာမယ်၊ လေးစားမယ်၊ မိဘနေရာမှာထားမယ်၊  အထူးသဖြင့် အခုခေတ်သားသမီးတွေဟာ အရင်ခေတ်ကနဲ့မတူတော့ဘူး၊ အရင်ခေတ်က ဆိုရင်  မိဘဖက်က ဘယ်လောက်ပဲ မှားနေပါစေ၊ ပြန်မပြောရဲကြဘူး၊ “မိဘ”ဆိုတဲ့ ရိုသေခြင်း Respect ဆိုတာရှိတယ်၊  အခုခေတ်သားသမီးတွေကတော့  တွေးခေါ်မှုတွေမြင့်မားလာကြတာနဲ့အမျှ မှားတာတွေ့ရင် ပါးစပ်ပိတ်မနေကြတော့ဘူး၊ အမှားကို ထောက်ပြတတ်ကြတယ်။ မိဘဆိုတာကလည်း “မာန်”ရှိတယ်၊ ကိုယ့်အမှားကိုယ်မသိတဲ့အခါပဲဖြစ်ဖြစ် သိလျှက်နဲ့ “ငါက နင်တို့ရဲ့မိဘ.. ဘာမှပြန်ပြောစရာမလိုဘူး၊ ငါကျွေးတာစား၊ ငါပြောတာလုပ်”ဆိုတဲ့ ဟာလေးတွေရှိတယ်။  ကျမပြောချင်တာက အရင်ခေတ်မှာ အဲဒီလိုတွေရပေမယ့် ခုခေတ်မှာမရနိုင်တော့ဘူးဆိုတာ မိဘတွေသိစေချင်တယ်၊ မိဘဆိုတာ အိမ်ထောင်တစ်ခုရဲ့ ခရာပါ.. မိသားစုတစ်ခု နွေးထွေးမှု ပျော်ရွှင်မှုတွေကို ပေးနိုင်ဖို့က မိဘတွေဖက်မှာ တာဝန်ရှိပါတယ်။ မိသားစုဆိုတာ ထင်းစည်းနဲ့တူပါတယ်၊  ထင်းစည်းပြေနေတဲ့ မိသားစုဟာ မသာယာနိုင်ပါဘူး။ အဲဒီထင်းစည်း မပြေဖို့ကလည်း မိဘတွေမှာ တာဝန်အရှိဆုံးလို့ထင်ပါတယ်။  ...............  သားသမီး။  ။ သားသမီးဆိုတာက မွေးလာကတည်းက မိခင်ရဲ့မျက်နှာကိုကြည့်ပြီး နို့ဆို့လာခဲ့ကြတာပါ၊ မိခင်ရဲ့ ဟန်ပန်အမူအရာတွေကို တကြည့်ကြည့်နဲ့ကြီးပျင်းလာခဲ့ကြသူတွေပါ၊  ခလေးတွေရဲ့ဦးနှောက်လေးတွေက မှတ်ဥာဏ်သိပ်ကောင်းတယ်၊ အထူးသဖြင့် ၅/ ၆ နှစ်အရွယ်တွေမှာပေါ့။  အဲဒီအရွယ်တွေရဲ့ရှေ့မှာ မိဘတွေ ရန်ဖြစ်တာ၊ ရိုက်ပုတ်တာမျိုးတွေကို မပြုလုပ်ကြရဘူး၊ “ဆောင်းအိပ်မက်”“မိုးညအိပ်မက်မြူ”လိုမျိုးရုပ်ရှင်တွေမှာ မိဘတွေရဲ့ပဠိပက္ခကြောင့် စိတ္တဇဆန်တဲ့ အပြုအမူမျိုးတွေကို လုပ်လာကြတယ်၊ အထီးကျန်လာကြတယ်၊ အားငယ်တတ်လာကြတယ်၊ တချို့ကျတော့ ရိုင်းစိုင်းလာတတ်ကြတယ်။ သူတို့ရဲ့ရင်တွင်းခံစားချက်တွေကို သိုဝှက်ရင်း အရွဲ့တိုက်လာတတ်ကြတယ်၊ တစ်ခါတစ်လေ ပေါက်ကွဲထွက်တတ်ကြပါတယ်။ သူတို့မျှော်လင့်တောင်းတခဲ့တဲ့ မိဘဆီက မရတဲ့အရာတွေကို  တခြား သက်မဲ့ အရာဝတ္ထုတွေဆီကသော်လည်းကောင်း (ဥပမာ။  ။ မူးယစ်ဆေးဝါးသုံစွဲခြင်း)၊ သက်ရှိဖြစ်တဲ့ ရည်းစားထားခြင်း၊ စိတ်ခံစားမှု စိတ်ထွက်ပေါက်ဖြစ်တဲ့ Night Club တက်ခြင်း အစရှိတာတွေကို လုပ်တတ်လာကြပါတယ်။  အထူးသဖြင့် သားသမီးတွေဟာ “သမီးမိန်းခလေး”ဆိုရင် ပိုဆိုးပါတယ်၊  ဆေးပညာအရ Same Sex ဖြစ်တဲ့အတွက် မိခင်နဲ့စိတ်တူတယ်၊ Jealous ဆိုတဲ့ မနာလိုစိတ် ခြေရာတိုင်းစိတ်တွေဟာ သူတို့ရဲ့မသိစိတ်ထဲမှာ ကိန်းအောင်းနေတတ်တာကို မိဘတွေက အထူးသတိထားသင့်ပါတယ်။   မိဘက ကိုယ့်သားသမီးရဲ့စိတ်ကို သိထားသင့်တယ်၊ အဲဒါမှလည်း လိုသလို ပဲ့ကိုင်လို့ရမှာပေါ့။ ကိုယ့်သားသမီးက ဘာကိုလိုချင်တာလဲ၊ ကိုယ်မွေးထားတဲ့သားသမီးပဲ ဆိုပြီး ပြစ်ထားမယ် လစ်လျှူရှုထားပြီး ကိုယ်လုပ်ချင်တာ လုပ်နေမယ်ဆိုရင်တော့ သားသမီးတွေဟာ အရွဲ့တိုက်ချင်စိတ်နဲ့ ဆိုးချင်တိုင်းဆိုးလာတော့မှာပါပဲ၊  အဲဒီအချိန်ကျမှ မိဘက “အဲဒီလို ဆိုးရမလား”ဆိုပြီး အကြမ်းနည်းသုံးလို့မရတော့ပါဘူး၊  ကိုယ့်ဖက်ကမှားနေသ၍ကတော့ တဖက်လူကို ဘယ်လိုမှပြုပြင်လို့မရနိုင်ပါဘူး။  နောက်ဆုံး ကျမပြောချင်တာကတော့.. အခု ကျမရေးပြထားတဲ့အကြောင်းအရာတွေကို သက်ဆိုင်သူများ ဖတ်မိပြီး ဆင်ချင်နိုင်ကြဖို့ပါပဲ၊ မိဘဖက်ကလည်း သားသမီး အရိုသေခံဖြစ်အောင်နေပြရပါမယ်၊ သားသမီးဖက်ကလည်း မိဘဆိုတာ မိဘနေရာမှာပဲ ထားရပါမယ်၊ မိဘဖက်က မှားသည်ပဲထားအုံး၊ ကိုယ်ထိလက်ရောက် မစော်ကားမိပါစေနဲ့၊ သားသမီးဖက်က အဆိုးများကိုတော့ သူတို့ရဲ့personal အတွက် ကျမ ထည့်မရေးတော့ပါဘူး၊  အမှားအမှန်ပြဿနာရဲ့အဖြေကတော့ ၅၀/ ၅၀ ပါပဲ၊ သားသမီးဖက်က ကိုယ်ထိလက်ရောက် စော်ကားမိတယ်ဆိုရင်တော့ ခံရသူက“ မိဘ”ဖြစ်နေတဲ့အတွက် +၁၀ထပ်ပေါင်းပေးပြီး သားသမီး -၁၀ ပေါ့။  နောက်ဆုံးအဖြေကတော့ မိဘ=၆၀ ၊ သားသမီး=၄၀ ဖြစ်ပါတယ်။    သားသမီးနဲ့မိဘကြား မပြေလည်မှုများကို နှစ်ကိုယ်ကြားညှိနှိုင်းကြပါ။ သားသမီးကလည်း မိဘကို ရိုသေပါ၊ မိဘကလည်း သားသမီး အရိုသေခံ ဖြစ်အောင်နေပါ၊ အတိတ်က အကြောင်းအရာတွေကို သားသမီးတွေက နားလည်ပေးနိုင်ပေမယ့် လက်ရှိ ပစ္စုပ္ပန်နဲ့အနာဂတ်မှာတော့ ငြိမ်းချမ်းသာယာတဲ့မိသားစုလေးဖြစ်ဖို့.. နွေးထွေးတံ မိသားစုလေးတစ်ခု ဖြစ်ဖို့... ထင်းစည်းလေး ပြေလျော့မသွားဖို့ .. မိဘတွေမှာ တာဝန်ရှိပါကြောင်း... အကြံပေးရင်း..  ပွင့်သော ပန်းတိုင်း မွှေးကြပါစေ...

Thursday, May 30, 2013

““လုပ်လိုက်ရင် တလွဲ””””




“ဆိုက်ပရပ်စ်”ဆိုတဲ့ကျွန်းနိုင်ငံလေးတစ်ခုမှာ (၉)နှစ်ကြာအလုပ်သွားလုပ်ပြီး အမိမြန်မာပြည်ကို ပြန်လာခဲ့တဲ့ကျမ တိုးတက်ပြောင်းလဲသွားတဲ့အခြေအနေတွေကို မြင်တွေ့ပြီး အရမ်းကို အားရဝမ်းသာခဲ့ပါတယ်။

စူပါမားကက်ကြီးတွေဆိုလည်း အကြီးကြီး..၊
ကားတွေဆိုလည်း အရင်ကထက်ပိုများလာတယ်..၊
Auto Gear တွေနဲ့ဆိုတော့ ကားတွေကြားထဲ ပြိုင်ကားမောင်းသလို ရွှတ်ကနဲ ရွှတ်ကနဲပဲ..။Gameကစားနေသလား အောင့်မေ့ရတယ်။

ကျောင်းတွေဆိုလည်း Private Schoolတွေမှ အများကြီးပဲ၊ အစိုးရကျောင်းနဲ့ Privateကျောင်း ဘာကွာသလဲလို့မေးကြည့်တော့ Privateကျောင်းတွေက နိုင်ငံခြားသားဆရာတွေပါတယ်တဲ့၊
အင်း.. ထားပါတော့.. မိဘဆိုတော့လည်း ကိုယ့်သား/သမီးတွေကို ပညာရေးမြင့်မားစေချင်မှာပေါ့..။
အ.မ.က/ အ.ထ.က ကျောင်းတွေကထွက်တဲ့ ပညာတတ်တွေလည်း အများကြီးရှိခဲ့ပါတယ်။

ကျမရောက်တဲ့အချိန်နဲ့ တပ်မတော်ပြခန်းမှာ ပြသတဲ့ ITပြပွဲနဲ့တိုးပါတယ်။
ကွန်ပျူတာနည်းပညာတွေများ တိုးတက်လာလိုက်ကြတာ..၊ အံ့မခန်းပါပဲ၊ ကျမ ကွန်ပျူတာနဲ့ပတ်သက်ရင် အရမ်းတုံးပါတယ်။
အဲဒီပြပွဲထဲက နည်းပညာတွေကိုကြည့်ပြီး ကျမ မူးသွားတယ်။ လေးစားပါတယ် ITပညာရှင်များရှင်..။

စားသောက်ဆိုင်တွေဆိုလည်း အများကြီးပဲ၊ သူ့ဈေးနဲ့သူပေါ့၊ အနောက်တိုင်းအစားအစာ၊ အရှေ့တိုင်းအစားအစာ၊ အစုံရတယ်၊
ဈေးနှုန်းလေးတွေကလည်း မဆိုးရှာပါဘူး။

Private ဆေးရုံတွေဆိုလည်း အများကြီးပဲ၊ ကျမက ချူချာတော့ ဆေးခန်းနဲ့အိမ် အိမ်ဦးနဲ့ကြမ်းပြင်လိုပါပဲ၊ အဲဒါကြောင့် ဘယ်နေရာရောက်ရောက် ဆေးခန်းရှိတဲ့နေရာကို အမြဲရှာထားရတယ်။

အဲဒီလိုနဲ့ ကျမ Shopping Mall တစ်ခုကို ရောက်ခဲ့ပါတယ်၊
ဝယ်စရာရှိတာတွေ ဝယ်ပါတယ်၊ တစ်ချို့ဆိုင်သေးလေးတွေက ဝယ်ပြီးတာနဲ့ ပိုက်ဆံရှင်းရပါတယ်၊ အဲဒီမှာ “စ”တာ..း(
လက်သည်းဖျက်ဆေးနဲ့ဂွမ်းဝယ်တော့ ကျမမှာရှိတဲ့ပိုက်ဆံ(အရွက်သေး)တွေကို ရေတွက်ရာမှာ ပေးခြေရမယ့်ငွေပမာနထဲမှ ၃၀၀လိုနေပါတယ်၊ ၅၀၀၀တန်ပေးတော့ အရောင်းစာရေးမလေးက မယူပါဘူး။
ကျမမှာရှိတဲ့အရွက်သေးတွေကိုပဲ ၃၀၀လျှော့ပြီးယူလိုက်ပါတယ်။
ကျမကို ၃၀၀လျှော့ပေးလိုက်တာပါ။

အဲဒီလိုနဲ့ နောက်တစ်ဆိုင်မှာ ပစ္စည်းတစ်ခုဝယ်တော့ ၁၅၂၅၀ကျပ်ကျပါတယ်၊
အရှက်က အဲဒီမှာကွဲတာ..း(

လွန်ခဲ့တဲ့ ၉နှစ်က ဆိုက်ပရပ်စ်ကိုမသွားခင် ကျမရဲ့အဝတ်အစားတချို့နဲ့မြန်မာပိုက်ဆံတစ်ချို့ကို အိမ်ကဘီဒိုထဲမှာ ထားခဲ့ပါတယ်။
အခု ဆိုက်ပရပ်စ်က ပြန်လာတော့ အဲဒီပိုက်ဆံလေးတွေကို သုံးဖို့ ယူလာခဲ့ပါတယ်။
၅ကျပ်တန်၊ ၄၅ကျပ်တန်၊ ၅၀ကျပ်တန်၊ ၁၀၀ကျပ်၊ ၂၀၀ကျပ်၊ ၅၀၀ကျပ်၊ အဲဒီပိုက်ဆံလေးတွေထဲက ကျမပေးရမယ့်ငွေ ၁၅၂၅၀ကျပ်အတွက် =၅၀၀၀ကျပ်(၃ရွက်)+၂၀၀ကျပ်+၄၅ကျပ်+၅ကျပ်ကို ပေးလိုက်တော့ အရောင်းဝန်ထမ်းမိန်းခလေးနှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ကျမကို အံ့သြစွာပြန်ကြည့်ပါတယ်။
ကျမလည်း စိုးရိမ်သွားတာပေါ့နော်၊ ပိုက်ဆံများလိုလို့လားပေါ့..။
ပထမတစ်ခါတုန်းက သူတို့အမ်းစရာမရှိလို့ ဒီတစ်ခါတော့ အတိအကျပေးလိုက်တာ။

““ညီမလေး.. ပိုက်ဆံလိုလို့လားဟင်”””လို့မေးလိုက်တော့
“““အစ်မ.. ၄၅ကျပ်တန်က သုံးလို့မရတော့ဘူး၊ ၅ကျပ်တန်က ရှိတောင်မရှိတော့ဘူး”””တဲ့..
အဲဒီမှာတင်..
ဈေးလာဝယ်ကြတဲ့သူတွေက ကျမကို ကျောက်ခေတ်က လူတစ်ယောက်လို ဝိုင်းပြီးကြည့်ကြပါတော့တယ်...


ကျမကလည်းကျမပါပဲလေ...
လုပ်လိုက်ရင် တလွဲ....
ကဲ...


ရွှင်လန်းချမ်းမြေ့ကြပါစေရှင်...း)

Monday, May 27, 2013

ပြည်တော်ပြန်ရှင်းတမ်း


သူငယ်ချင်းများအားလုံး မင်္ဂလာပါရှင်..
ဆိုက်ပရပ်စ်နိုင်ငံမှာ (၉)နှစ်ကြာနေထိုင်လာခဲ့ပြီး အမိမြန်မာပြည်သို့ အပြီးပြန်လာခဲ့တဲ့ ကျမရဲ့ လမ်းခရီးအတွေ့အကြုံလေးကို ပြောပြမယ်နော်..

ကျမရဲ့ လေကြောင်းခရီးစဉ်ဟာ ဆိုက်ပရပ်စ်(Cyprus)မှ Amman ၊ Amman မှ Thailand ၊
Thailand မှ Myanmar ဆိုပြီး လေယာဉ် သုံးဆင့်စီးရပါတယ်၊
ခရီးအစမှ အဆုံးအထိ လမ်းခရီးမှာ ကြာချိန် တစ်ရက်ခွဲ/နှစ်ရက်နီးပါ ကြာပါတယ်။

Air Lineကို Jordan Air Line ဖြစ်ပါတယ်၊
ဈေးလည်းပေါတယ်၊ ပြီးတော့ ၉နှစ်တာအတွင်း မြန်မာပြည်ကို နှစ်ခါအလည်ပြန်ခဲ့တုန်းကလည်း ဒီလေကြောင်းလိုင်းကိုပဲ အသုံးပြုခဲ့တဲ့အတွက် ကျမအတွက် လမ်းကြော အထာလေးတွေလည်းနပ်နေပြီမို့ ဒီလိုင်းကိုပဲ ရွေးဖြစ်ခဲ့ပါတယ်။

ပြဿနာက ခရီးအစကတည်းက ကျမကို ကြိုဆိုနေခဲ့ပါတယ်၊
LANACAလေဆိပ်မှာ ကျမရဲ့ပစ္စည်းတွေကို Weightချိန်တော့ ကီလို၃၂ ရပါတယ်၊ သူတို့ကလည်းခွင့်ပြုပါတယ်။
ပြဿနာက Hand Carry ပါ။
ကျမရဲ့ Hand Carryရယ်+ကွန်ပျူတာထည့်ထားတဲ့လွယ်အိတ်ရယ်+ အရေးကြီးစာရွက်စာတန်းတစ်ချို့နဲ့ပိုက်ဆံအိတ် ၊ အလှပြင်ပစ္စည်းတစ်ချို့ထည့်ထားတဲ့ လွယ်အိတ်ရယ် အားလုံးရဲ့အလေးချိန်ဟာ ၁၂ကီလိုကျော်နေတဲ့အတွက် ခွင့်မပြုပါဘူးတဲ့။
အဲဒီအတွက် Hand Carryကို ယူရို၁၀၀ အပိုပေးပြီး သယ်ခဲ့ရပါတယ်။

အဲဒါတွေပြီးပြန်တော့ ကျမရဲ့ သေတ္တာ(၃)လုံးရဲ့ဝန်ဆောင်မှုဟာ Thailand အထိပဲလို့ ပြောလာပြန်ပါတယ်။
အရင်နှစ်ခေါက် မြန်မာပြည်ကို ပြန်တုန်းက ခရီးအစမှ အဆုံးအထိ လေကြောင်းလိုင်းက တာဝန်ယူဆောင်ရွက်ပေးတဲ့အတွက် ကျမဖက်က ဘာမှလိုက်လုပ်စရာမလိုခဲ့ပါဘူး။

အခုတစ်ခါမှာတော့ ကျမရဲ့သေတ္တာသုံးလုံးကို Thailand မှာ ပြန်ထုတ်ပြီး မြန်မာပြည်ကိုသွားမယ့်လေယာဉ်ကို
ပြန်တင်ပေးရမယ်ဆိုတော့ ကျမအတွက် တော်တော်လေးကို စိတ်ရှုပ်ခဲ့ရပါတယ်။
လေယာဉ်လိုင်းက တာဝန်ရှိသူတွေနဲ့ အခြေအတင်ပြောခဲ့ပေမယ့် နောက်ဆုံးမရတဲ့အဆုံး လာမယ့်ဘေး ပြေးတွေ့လိုက်မယ်ဆိုပြီး လက်ခံခဲ့ရပါတယ်။
အဲဒါက ကျမဆိုက်ပရပ်စ်နိုင်ငံကနေ စထွက်တဲ့ အခက်အခဲ(၁)ပါ။

ဆိုက်ပရပ်စ်ကနေထွက်လာပြီး Amman ကိုရောက်ပါတယ်၊
LANACA>AMMAN>THAILAND>MYANMAR ဆိုတဲ့ လမ်းကြောင်းကိုရွေးရင် AMMAN မှာ တစ်ည အိပ်ကိုအိပ်ရပါတယ်၊ အဲဒီအတွက် လေကြောင်းလိုင်းက လေယာဉ်လက်မှတ်ဖြတ်ကတည်းက Include Hotel ပါပြီးသားပါ။
AMMAN HOTEL မှာ တစ်ညအိပ်ပြီး နောက်တစ်ရက်မှာ THAILAND ကိုသွားဖို့ လေယာဉ်နောက်ကျပါတယ်၊ ၁နာရီနောက်ကျပါတယ်။
ကျမ စိတ်တွေအတော်ညစ်ခဲ့ရပါတယ်၊ ကျမရဲ့ခရီးစဉ်ဟာ THAILAND မှာ ဂိတ်ဆုံးခဲ့မယ်ဆိုရင် ကျမအတွက် ပြဿနာမရှိပါဘူး။
အခုဟာက THAILAND ကနေ MYANMAR ကို ဆက်သွားရမှာမို့ လေယာဉ်တစ်စီးနောက်ကျရင် နောက်တစ်စီးကို မမှီမှာစိုးလို့ပါ။

THAILANDကိုရောက်ပြီး MYANMARကိုသွားမယ့်လေယာဉ်ထွက်ချိန်ကို ၄နာရီခြားထားပေးပါတယ်၊ သာမန်ဆိုရင်တော့ ကျမအတွက် Shopping ထွက်ဖို့အချိန်တောင် ပိုပါသေးတယ်။
အခု အခြေအနေက Thailandမှာ ကျမရဲ့သေတ္တာသုံးလုံးကို ပြန်ရွေးပြီး MYANMAR ကိုသွားမယ့်လေယာဉ်ပေါ်ကို ပြန်တင်ပေးရမယ်ဆိုတော့ ကျမအတွက် အတော်လေးကို ကသီမယ့်ကိစ္စမို့ပါ။

ပိုဆိုးတာက THAILANDလေဆိပ်ဟာ အကြီးကြီးပါ၊ လေကြောင်းလိုင်းတွေကလည်း အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ဆိုတော့ ကျမအနေနဲ့ သေတ္တာသုံးလုံးနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
အဲဒီမှာတင် ကျမ အတော်လေးကို စိတ်ပျက်နေပါပြီ။

AMMANက ထွက်လာတဲ့ လေယာဉ်ပေါ်မှာ ကျမစိတ်ပျက်စွာနဲ့ လိုက်ပါလာရင်း တွေးနေမိတဲ့ အတွေးလေးပေါ့။
အဲဒီလိုနဲ့ THAILANDကိုရောက်တော့ လေယာဉ်အပေါက်ဝမှာရပ်နေကြတဲ့ “ဆဝါဒီခပ်”မ ချောချောလေးတွေနဲ့ စတွေ့ပါတယ်၊
သူလည်း“ဆဝါဒီခပ်” ..၊ ကိုယ်လည်း အချိုဆုံးအပြုံးနဲ့“ဆဝါဒီခပ်”လိုက်ပါတယ်..။

“ကျမကို တစ်ခုလောက်ကူညီပါလား”ဆိုတော့..
သူတို့က အပြုံးလေးတွေနဲ့ ကူညီဖို့ စမေးလာပါတယ်..
ကျမကလည်း ကျမမှာ သေတ္တာသုံးလုံး လေယာဉ်ဝမ်းဗိုက်ထဲမှာ ပါလာတဲ့အကြောင်း၊ JORDAN AIR LINE က ဝန်ဆောင်မှုကို THAILAND အထိပဲ ပေးကြောင်း၊ THAILANDကနေ MYANMAR ကို သွားမယ့်လေကြောင်းလိုင်းကို ချိတ်ဖို့ ကူညီပေးစေလိုကြောင်း ပြောပြတော့ သူတို့က ကျမဆီက စာရွက်စာတန်းတွေကို တောင်းကြည့်ပြီး သူတို့လက်ထဲမှာ ကိုင်ထားတဲ့ ဆက်သွယ်ရေးဖုန်းတွေနဲ့ “ခပ်”ကြပါတယ်..

၁၀မိနစ်လောက်ကြာတော့ ကျမရဲ့သေတ္တာသုံးလုံးကို သူတို့အစီအစဉ်နဲ့ MYANMAR ကိုသွားမယ့် လေယာဉ်ပေါ်ကို ပို့ပေးမယ်လို့ပြောပါတယ်၊
ကျမလေ.. ဘယ်လိုပျော်သွားမှန်းကို မသိပါဘူး။
သူတို့ကို နှုတ်ဆက်ပြီး THAI AIRWAY ကောင်တာရှိရာနေရာကို ရောက်ဖို့ အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ THAILAND AIRPORTအကြီးကြီးထဲမှာ ၁၀မိနစ်လောက် လမ်းလျှောက်ရင်း သွားခဲ့ရပါတယ်၊ ကောင်တာကိုရောက်တဲ့အချိန်မှာ ထုံးစံအတိုင်း ကျမရဲ့ပြဿနာကို အစမှ အဆုံး ပြန်ပြောပြရင်း ပြန်ချိတ်ရပါတယ်။
သူတို့အချင်းချင်း ချိတ်ဆက်ပြီးသားဆိုတော့ သိပြီးသားကိစ္စမို့ ကျမရဲ့သေတ္တာသုံးလုံး THai air way လေယာဉ်ပေါ်ကိုရောက်ဖို့ ၄၅မိနစ် စောင့်ခိုင်းပါတယ်။

အဲဒီမှာ ထပ်ငြိတာက ကီလိုပို ကိစ္စပါ..။
သူတို့က သေတ္တာနှစ်လုံးစာ ၃၂ကီလို အတွက် ခွင့်ပြုပေမယ့် ဆိုက်ပရပ်စ်မှာ အပိုငွေ ယူရို ၁၀၀ပေးဆောင်ခဲ့ရတဲ့ သေတ္တာအတွက် ယူရို၁၂၀ထပ်ပေးဖို့ပြောလာပါတယ်။
မပေးလို့မှမရပဲလေ.. ပေးရတာပေါ့။
အဲဒီသေတ္တာအတွက် စုစုပေါင်းကုန်ကျငွေ ယူရို ၂၂၀ဖြစ်သွားပါတယ်။





နောက်ဆုံးအဆင်ပြေသွားပြီဆိုတော့ THAI AIR WAYရှိရာ ဂိတ်ကို ခပ်သုတ်သုတ်လေးသွားခဲ့ရပါတယ်၊
ဂိတ်ကို ရောက်ဖို့ မိနစ်၂၀ကျော်လောက်ကြာမယ်ထင်ပါတယ်။
အဲဒီဂိတ်ကို သွားရာလမ်းတစ်လျှောက်မှာ
တခြားလေကြောင်းလိုင်းတွေဆီက လေယာဉ်ထွက်တော့မှာမို့ သက်ဆိုင်ရာဧည့်သည်များ ဂိတ်ရှိရာကို အမြန်လာဖို့မိုက်နဲ့ခေါ်နေတဲ့ အသံတွေကလည်း ခဏခဏပါပဲ၊
အဲဒီလို ခေါ်နေတဲ့ထဲမှာ ကျမနားဆွင့်မိတာက“ To MYANMAR ”ဆိုတာ ပါလာတယ်၊ “Final call” ဆိုတာ ပါလာတယ်..။
ကျမကလည်း MYANMARကိုသွားမှာဆိုတော့ အရမ်းကို စိုးရိမ်သွားတယ်။
တစ်ခုသတိထားမိတာက ဂိတ်နံပါတ်မတူဘူးဆိုတာ သတိထားမိနေပေမယ့်လည်း စိုးရိမ်စိတ်တွေလွန်ကဲပြီး လူကထူပူနေပြီလေ။
ကျမရဲ့လေယာဉ်အချိန်ကလည်းနီးနေပြီ၊ ပိုဆိုးတာက THAI AIR WAYကောင်တာက “ခပ်ပွန်ခပ်”လေးက ကောင်တာဖွင့်နေပြီ၊ အမြန်သွားလို့ပြောလိုက်တာကိုး..။

အဲဒီလိုနဲ့ ကျမစီးရမယ့် လေယာဉ်ဂိတ်လည်းရောက်ရော၊ ဂိတ်မှာ (ကောင်တာမှာ) လေယာဉ်မယ်တစ်ယောက်ပဲရှိတော့တယ်၊ ခရီးသည်တွေလည်းမရှိဘူး၊
ကောင်တာက အောက်ထပ်မှာ၊ ကျမရပ်နေတဲ့နေရာကနေ ကောင်တာကို ရောက်ဖို့ လေခါးနဲ့ဆင်းရတယ်၊
ကျမလည်း ခပ်သုတ်သုတ်လေးဆင်းသွားလိုက်တော့ လေယာဉ်မယ်က “Go back.. go back.. stay there” လို့ပြောပါတယ်။
ကျမရဲ့စိတ်ထဲမှာ “သွားပြီ.. လေယာဉ်ထွက်တော့မှာမို့ ကောင်တာပိတ်သွားပြီ၊ လေယာဉ်မမှီတော့ဘူး”ဆိုပြီး အရမ်းစိတ်ပူသွားတာပေါ့။

အဲဒါနဲ့ပဲ ဘေးဖက်တခြားကောင်တာက လေယာဉ်မယ်တွေကို မေးတော့မှ ဂိတ်မဖွင့်သေးတဲ့အကြောင်း၊ နောက်၅မိနစ်နေရင်ဖွင့်တော့မယ်ဆိုတဲ့အကြောင်းသိရပါတယ်။
အဲဒီတော့မှပဲ စောနေတဲ့စိတ်တွေ၊ ပူနေတဲ့စိတ်တွေ၊ လျှော့ချလိုက်တာ ချွေးတွေက တစ်ကိုယ်လုံးကိုရွှဲရွှဲနစ်သွားခဲ့ရပါတယ်။


အဲဒါတွေပြီးပြန်တော့ လေယာဉ်ပေါ်ရောက်ပြီး လေယာဉ်ထွက်ဖို့ မိနစ်၃၀ ထပ်နောက်ကျပြန်ပါတယ်၊ ဒါပေမယ့် ကိစ္စမရှိတော့ပါဘူး၊ ဂိတ်ဆုံးမြန်မာပြည်ကို သွားတဲ့လေယာဉ်မို့ စိတ်ပူစရာမရှိတော့ပါဘူး၊ အဲဒီလိုနဲ့ပဲ ကျမလေ..
မြန်မာပြည်ကို လုံးလည်ပတ်ခြာလိုက်ပြီး ပြန်ရောက်ခဲ့ရပါတယ်ရှင်..


...............
မြန်မာပြည်လေဆိပ်ရောက်တော့ ၉နှစ်တာ ကာလအတွင်း ပြောင်းလဲသွားလိုက်တဲ့ ဝန်ဆောင်မှုတွေ..
လူဝင်မှုကြီးကြပ်ရေးကလည်း ဘာမှမရစ်..
ဘာမှမတောင်း..
အကောက်ခွန်လား..
မျက်နှာလေးတွေက ပြုံးလို့ရွှင်လို့..
စကားပြောလည်း ချိုသာကြတယ်..
အရင်လို ရစ်တာတွေ ညှစ်တာတွေ လုံးဝမရှိတော့ပါဘူး..
အားလုံး သူ့အလုပ်သူလုပ်နေကြတာ.. လေးစားစရာပါ..
မြန်မပြည်လေဆိပ်က ဝန်ထမ်းများအားလုံးကို လေးစားကြောင်းနဲ့ ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောပြပါရစေ..
.....................
ကျမ မကျေနပ်တာက မြန်မာတွေရဲ့ မပြောင်းလဲသေးတဲ့စိတ်ဓာတ်တစ်ခုကိုပါ..

THAILAND လေဆိပ်မှာ ကျမ လေယာဉ်နောက်ကျပြီဆိုပြီး ဗျာများနေတဲ့အချိန်၊ ကောင်တာ ပိတ်ပြီ လေယာဉ်မမှီတော့ဘူးဆိုပြီး ပြာယာခတ်နေတဲ့အချိန်မှာ ကျမနဲ့လေယာဉ်တစ်စီးထဲလိုက်ပါမယ့်မြန်မာတွေဟာ အဲဒီဂိတ်မှာ ရှိနေကြပါတယ်၊ အဖွဲ့အစည်းတစ်ခုက  လူတွေလည်းပါပါတယ်(ဝတ်စုံတူတွေနဲ့ပါ)၊
ကျမရဲ့လက်ထဲမှာ မြန်မာပါ့စ်ပို့အနီရောင်ကို ကိုင်ထားပါလျှက် ..
လေယာဉ်တစ်စီးထဲ ခရီးအတူသွားမယ်ဆိုတာ သိပါလျှက်..
ပြာယာခတ်နေတဲ့ မိန်းခလေးတစ်ယောက်ကို မျောက်ပွဲကြည့်သလို ကြည့်နေကြတဲ့ မြင်ကွင်းကတော့ သိပ်ကို ရုပ်ဆိုးအကြည်းတန်လှပါတယ်..
တစ်ကယ်ဆိုရင်..
ပြာယာခတ်နေတဲ့ကျမဟာ မြန်မာပဲဖြစ်ဖြစ်၊ နိုင်ငံခြားသားပဲဖြစ်ဖြစ် ဂိတ်ချင်းတူနေတာကိုကြည့်ခြင်းအားဖြင့် တစ်ခရီးထဲသွားမယ့်သူဆိုတာ ပေါ်လွင်လှပါတယ်..
အနည်းဆုံး “ဂိတ်မဖွင့်သေးဘူး”ဆိုတဲ့အကြောင်းလောက်လောက်တော့ ပြောပြသင့်တာပေါ့ရှင်..

အဲဒီအပြုအမူလေးကိုတော့ ကျမ ရှုတ်ချပါတယ်..
“မြန်မာဆိုတာ ယဉ်ကျေးသိမ်မွေ့ပြီး ရိုင်းပင်းကူညီတတ်တဲ့သူ”လို့ ဆိုရိုးစကားရှိပါတယ်..
အခုအဖြစ်အပျက်မှာ စာဖတ်သူတွေအနေနဲ့ ဘယ်လိုကောက်ချက်ချကြမယ်ဆိုတာ ကျမသိချင်ပါတယ်..။

တော်တော်ရုပ်ဆိုးပါတယ်..း(
မြန်မာအချင်းချင်း ရိုင်းပင်းကူညီမှု လုံးဝမရှိဘူး..
ကြည့်ရတာ သင်္ဘောသားအုပ်စုလည်း ဖြစ်နိုင်ပါတယ်၊ (သင်္ဘောသားအုပ်စုဆိုတာ သင်္ဘောလိုက်ပြီး ပြန်လာတဲ့အုပ်စုမျိုးကို ပြောတာမဟုတ်ပါဘူး၊
မြန်မာပြည်ကနေ လေ့လာရေးအဖွဲ့လိုက်ထွက်တဲ့အုပ်စုကို ဆိုလိုတာပါ)

ကုမ္ပဏီအုပ်စုလည်း ဖြစ်နိုင်ပါတယ်..
ဝတ်စုံတူညီတွေနဲ့..။

လေယာဉ်ပေါ်ရောက်တော့ စောင်းပြီး ပြောနေကြသေးတယ်..
ခုံနေရာက အရှေ့နောက် ထိုင်ကြတာကိုး..
“သူက VIPလားမသိဘူး၊ မုန့်အရင်ရတယ်..”တို့..
“သူက ခုံနှစ်ခုံဝယ်ထားတာလားမသိဘူး.. ဘေးခုံးမှာ ဘယ်သူမှမရှိဘူး..”တို့..
အဲဒီလိုတွေ မကြားတကြားပြောနေကြတယ်..
အဲဒီစိတ်ဓာတ်တွေ ဘာလို့ မပြောင်းကြသေးတာလည်းမသိဘူး..

လူတွေကြည့်တော့ ပညာတတ် နိုင်ငံခြားတွေတောင် ရောက်နေကြပြီ..
စိတ်ဓာတ်က မိန်းခလေးမြင်ရင် ရိချင်နေသေးတယ်.. ခက်တယ်..





မည်သို့ပင်ဆိုစေကာမူ...
ကျမ ..
အမိမြန်မာပြည်သို့ ပြည်လည်ရောကိရှိခဲ့ပါပြီ..

စာဖတ်သူများအားလုံးကို အစဉ်လေးစားလျှက်..
နမ်းမဝ(အဖြူရောင်နတ်သမီး)


Monday, April 1, 2013

အနောက်တိုင်းနိုင်ငံတွေမှာကျင်းပတဲ့ ကြက်မ ပါတီ (18+ only)







“““ကျမ ပြင်ဆင်ပေးရတဲ့ စားပွဲပါ””””
လူပျိုညကို bachelor night လို့ခေါ်ပြီး
အပျိုညကို hen night လို့ခေါ်ပါတယ်။
လူပျိုညမှာ သတို့သားလောင်းနဲ့ယောက်ျားလေးများဟာ သတို့သားလောင်းအတွက် နောက်ဆုံးလူပျိုဘဝကို နှုတ်ဆက်တဲ့အနေနဲ့ ယောက်ျားလေးသီးသန့်စားသောက်ပွဲကိုကျင်းပကြတယ်။


အဲဒီလိုပဲ အပျိုညမှာ သတို့သမီးလောင်းနဲ့ မိန်းခလေးများစုပြီး စားသောက်ပွဲကို ကျင်းပကြတယ်။
 အပျိုည ပါတီမှာ stripper လို့ခေါ်တဲ့ ကြေးစား ကချေသည် အမျိုးသားက သတို့သမီးလောင်းကို အဝတ်အစားများ မပေါ်တပေါ်လှစ်ဟပြပြီး ကလူကျီစယ် ကပြတဲ့အလေ့အကျင့်ကို အနောက်တိုင်းနိုင်ငံတွေမှာ ရိုးရာတစ်ခုအနေနဲ့ ကျင်းပလေ့ရှိပါတယ်။


စားသောက်ဆိုင်မှာ ဧည့်ကြိုတာဝန်နဲ့ အခန်းအနားပြင်ဆင်ရေးတာဝန် ထမ်းဆောင်နေရတဲ့ ကျမက ဒီလိုပွဲမျိုးတွေကို တာဝန်ယူလက်ခံပြီး အခန်းအနားကို ပြင်ဆင်ပေးရပါတယ်၊
အမျိုးသမီး သီးသန့်ပါတီပွဲဖြစ်တဲ့အတွက် Private Room ထဲမှာ ကျင်းပရပါတယ်၊
အခန်းတွင်းမှာလည်း အမျိုးသားတန်ဆာပုံများနဲ့ အလှဆင်ရပါတယ်၊

ကျမတို့မြန်မာအမြင်နဲ့ကတော့ ဘယ်လိုမှ ကြည့်လို့ မသင့်တော်ပါဘူး၊
စာဖတ်သူတွေအတွက် ဗဟုသုတအနေနဲ့ ဒီဆောင်းပါးလေးကို တင်ပေးခြင်းသာဖြစ်ပါတယ်၊
အမြင်ရိုင်းသွားရင် စာဖတ်သူများအားလုံးကို အနူးအညွတ်တောင်းပန်ပါရစေ၊

stripper လို့ခေါ်တဲ့ ကြေးစား ကချေသည် အမျိုးသားကို ပါတီပွဲကျင်းပတဲ့ သတို့သမီးက ငှါးရမ်းခ ယူရို ၂၀၀မှ ၅၀၀ အထိ အစားစားရှိတဲ့အတွက် ကျသင့်သလောက် ပေးဆောင်ရပါတယ်။

က ပြဖျော်ဖြေတဲ့ကြာချိန်ကတော့ ၄၅မိနစ်မှ ၁နာရီအတွင်းရှိပါတယ်။
ဒီလင့်လေးမှတဆင့် လေ့လာနိုင်ပါတယ်
မိုးပျံဘော်လုံးအကြီးထဲမှာ ဒီလိုဘော်လုံးသေးလေးတွေကိုထည့်ထားပြီး ပွဲပြီးခါနီးမှာ အဲဒီမိုးပျံဗူဖောင်းကြီးကို ဖောက်ချလိုက်တဲ့အခါ ဘော်လုံးအသေးလေးတွေက လူတွေပေါ်ကို မိုးရွာချသလို ကျလာပါတယ်

http://www.youtube.com/watch?v=yTCDMY7q2r8
ဒီပွဲကို မိန်းခလေးတွေ ဘရုတ်ကျတဲ့ပွဲလို့ ပြောလို့ရပါတယ်
မြန်မာပြည်ယဉ်ကျေးမှုနဲ့ကတော့ ဘယ်လိုမှ မအပ်ဆပ်ပါဘူး
မြန်မာပြည်မှာသာဆိုရင် သတို့သားလောင်းနဲ့ stripperတို့ သတ်ပွဲတွေ ဖြစ်ကုန်မှာ အသေအခြာပါပဲ..း)
“L”ဆိုတဲ့သင်္ကေတကတော့ learn (သင်ယူခြင်း)လို့အဓိပ္ပါယ်ရပါတယ်၊ မနက်ဖြန်မှာကျရောက်တော့မယ့် အိမ်ထောင်သည်ဘဝကို ဒီညမှာသင်ယူပါဆိုတဲ့အဓိပ္ပါယ်ပါ


“““စားပွဲပေါ်မှာ အလှဖြူးပေးရတဲ့ အလှဆင် ပစ္စည်းလေးတွေပါ””
ကိတ်မုန့်

အအေးသောက်တဲ့ပိုက်
စားဖိုမှူးရဲ့လက်ဆောင်

Thursday, March 7, 2013

နှင်းဆီဆူးနှင့်တူသော မိန်းခလေးများ


Valentine Dayတုန်းက ဆိုင်ကိုလာတဲ့ အမျိုးသမီးဧည့်သည်တွေအတွက် နှင်းဆီပန်းတစ်ပွင့်စီ ကမ်းပေးဖို့ သူဌေးက ကျမကိုတာဝန်ပေးခဲ့ပါတယ်။
နှင်းဆီပွင့်တွေကိုကြည့်လိုက်တော့ အရွက်တွေနဲ့အဆူးတွေများနေတာကြောင့် လှပသေသပ်တဲ့ နှင်းဆီတွေဖြစ်သွားအောင် နှင်းဆီပွင့်နားမှာကပ်နေတဲ့အရွက်အနည်းငယ်ကိုချန်ပြီး ကျန်အရွက်တွေကို ဖယ်ထုတ်ပြစ်ခဲ့ပါတယ်။
ဒါမှလည်း ဧည့်သည်အမျိုသမီးတွေကို ပန်းကမ်းရာမှာ နှင်းဆီဆူး မစူးမိမှာလေ၊
တော်တော်ကြာ ပေးလည်းပေရသေးတယ် ဆူးစူးသွားလို့ အပြစ်ဖြစ်နေအုံးမှာ..။

အဲဒီလိုနဲ့ နှင်းဆီအရွက်တွေနဲ့ အဆူးတွေကို ခြွေရင်း စိတ်ထဲကို အတွေးလေးတစ်ခုဝင်လာမိလို့ ဒီပို့စ်လေးဖြစ်လာခဲ့တယ်ဆိုပါတော့..

နှင်းဆီဆူးတွေဟာ နှင်းဆီချင်းတူပေမယ့် နှင်းဆီရိုးတံမှာပါတဲ့ ဆူး အနည်း အများ မတူကြဘူး။
တချို့က ဆူးမရှိသလောက်နည်းပါးကြတယ်(ရေမွှေးနှင်းဆီလိုမျိုးပေါ့)၊ တနည်းအားဖြင့် ဆူးမပါတဲ့နှင်းဆီလို့တောင် ပြောလို့ရပါတယ်။
တချို့က ဆူအတင့်အသင့်ရှိကြတယ်၊
တချို့ကျပြန်တော့ နှင်းဆီပွင့်က အရမ်းလှပြီး နှင်းဆီရိုးတံမှာရှိတဲ့ ဆူးတွေက နေရာအလစ်အလပ်မရှိလောက်အောင် ပြည့်နှက်နေတတ်ပါတယ်။

နူးညံ့ပျော့ပြောင်းတဲ့အသွင်သဏ္ဍန်ရှိတဲ့မိန်းခလေးတွေကို ကျမတို့က “ပန်း”နဲ့တင်စားကြတယ်။
မိန်းခလေးတစ်ယောက်ရဲ့အသွင်သဏ္ဍန်ကိုလိုက်ပြီး တင်စားတဲ့ပန်းပုံချင်းကွာခြားသွားကြတယ်။
ဥပမာ။  ။ ဖြူစင်ပြီး အပြစ်ကင်းတဲ့မိန်းခလေးတွေကို “စပ္ပါယ်ပန်း”
အဆင့်အတန်းမြင့်မားပြီး ဂုဏ်ဒြပ်တွေနဲ့ပြည့်နေတဲ့ မိန်းခလေးတွေကို “ပင်မြင့်ထက်က သဇင်ပန်း”
ရိုးရိုးအေးအေးလေးနေတတ်တဲ့မိန်းခလေးတွေကို “ခွာညိုပန်း”
အဆင့်အတန်းရှိရှိနေတတ်တဲ့မိန်းခလေးတွေကို“သစ်ခွပန်း”
အားနည်းချက်တစ်ခုခုကြောင့် အမြဲတန်းညှိုးငယ်နေတတ်တဲ့ မိန်းခလေးတွေကို“ခရေပန်း”
မာန်ရှိတဲ့မိန်းခလေးတွေကို “နှင်းဆီပန်း” ... အစရှိသည်ဖြင့် တင်စားကြတယ်။

ကျမကတော့ မိန်းခလေးတွေကို “ဆူး”ရှိတဲ့ “နှင်းဆီပန်း”နဲ့တင်စားကြည့်ချင်တယ်။
“ပန်း”ဆိုတာ နူးညံ့သိမ်မွေ့ခြင်း၊ အဆင်း အနံ့တို့ဖြင့်လှပတင့်တယ်ပြီး
မြင်သူတစ်ကာတို့၏ရင်ကို အေးမြစေသည့်အစွမ်းရှိသည့်အရာ။

နူညံ့ပျော့ပြောင်းတဲ့မိန်းခလေးတွေကို ကျမကတော့ မာန်ရှိတဲ့၊ အဟန့်အတားရှိတဲ့၊ ရင့်ကျက်တဲ့၊ မိမိကိုယ်ကို ကာကွယ်နိုင်တဲ့၊အိနြေ္ဒရှိတဲ့၊ ရဲရင့်လှပတဲ့“နှင်းဆီ”နဲ့တင်စားလိုက်ပါတယ်။

မိန်းခလေးမှန်ရင် ကိုယ်၊ နှုတ်၊မူရာ ယဉ်ကျေးသိမ်မွေ့ရပါတယ်၊
မိန်းမ=နှင်းဆီပန်း
ဆူး=အိနြေ္ဒ၊ သိက္ခာ၊ မာန်၊

“နှင်းဆီ”လို့ဆိုလိုက်တာနဲ့ နှင်းဆီပန်းနဲ့သူ့ရဲ့ရိုးတံက ဆူးတွေကိုတွဲပြီးမြင်ကြမှာပါ။
မိန်းခလေးတိုင်းမှာ အဆင်းသဏ္ဍန်ကိုယ်စီရှိကြတယ်၊ အလှကိုယ်စီရှိကြတယ်။
အဲဒီအလှတွေကပဲ သူတို့အတွက် အန္တရာယ်ကို လက်ယပ်ခေါ်သလိုဖြစ်စေပါတယ်။

ဆူးမရှိတဲ့နှင်းဆီဟာ အဟန့်အတားမရှိဘူး၊ လူတစ်ကာ ခူးချင်တိုင်းခူး၊ ချိုးချင်တိုင်း ချိုးဖဲ့ဖို့ အခွင့်အရေးအများကြီးရှိတယ်။တန်ပြန်တုန့်ပြန်မှုမရှိတဲ့နှင်းဆီပေါ့။
အဲဒီလိုပဲ မာန်မရှိတဲ့မိန်းခလေး၊ အိနြေ္ဒသိက္ခာမရှိတဲ့မိန်းခလေးဟာလည်း လူတစ်ကာရဲ့ကိုယ် နှုတ် အမူအရာတို့နဲ့ စော်ကားချင်တိုင်း စော်ကားလို့ရတယ်။

တချို့နှင်းဆီတွေကျပြန်တော့ များလိုက်တဲ့ဆူး၊ အရိုင်းနှင်းဆီလို့ခေါ်မလားပဲ၊ နှင်းဆီရိုးတံတစ်ခုလုံးမှာ ဆူးတွေနဲ့ပြည့်နှက်နေတတ်တယ်၊ နှင်းဆီပွင့်လေးကတော့ လှပါလျက် ရိုးတံကဆူးကြီးတွေကြောင့် မခူးဆွတ်ရဲကြဘူး၊ ဆူးစူးမှာ ကြောက်ရွံ့ကြတယ်။
အဲဒီလိုပဲ ချောမောလှပတဲ့မိန်းခလေးတစ်ယောက်ဟာ ကိုယ် နှုတ် အမူအရာ ရိုင်းစိုင်းနေမယ်ဆိုရင် လူတစ်ကာရဲ့ ကဲ့ယဲ့ပြောဆိုမှု မိတ်ဆွေအပေါင်းအသင်းအဖြစ် လူရာမသွင်းမှုတွေနဲ့ကြုံတွေ့ရတတ်ပါတယ်။
ရိုင်းစိုင်းတဲ့မိန်းခလေးတွေကို ယောက်ျားလေးတွေ မကြိုက်ကြဘူး၊ “ရုပ်ချောသလောက် ရိုင်းစိုင်းတဲ့မိန်းမ”လို့ ကဲ့ယဲ့ပြောဆို ပြစ်တင်လေ့ရှိတယ်။

နောက်တစ်မျိုးကတော့ “ဆူးချိုး/ဆူးကျိုးနှင်းဆီ”ပါ
အကြောင်းအမျိုးမျိုးနဲ့ အဖျက်ဆီးခံလိုက်ရတဲ့နှင်းဆီပေါ့၊
သဘာဝအရ ဆူးမရှိရင်တောင် အဟန့်အတားမဲ့စွာ ခူးယူကြသေးတာ၊ ဆူးအချိုးခံထာရတဲ့နှင်းဆီဆိုရင်တော့ ပိုဆိုးပြီပေါ့။
အဲဒီလိုနှင်းဆီနဲ့တူတဲ့သူတွေကတော့ ဘဝပျက်နေသောမိန်းခလေး၊ အမှားအမှန်ခွဲခြားသိမြင်မှုမရှိပဲ စိတ်ဓာတ်ပျက်ပြားနေတဲ့မိန်းခလေး၊ အရွယ်မရောက်သေးပဲ အညွန့်ချိုးခံရသောမိန်းခလေးများနဲ့သဏ္ဍန်တူပါတယ်။

ကျမရဲ့ဆန္ဒကတော့ မိန်းခလေးအားလုံးကို ကိုယ် နှုတ် အမူအရာ ရိုင်းစိုင်းတဲ့ ဆူးများတဲ့ အရိုင်းနှင်းဆီလို မဖြစ်စေချင်ပါဘူး၊
လူတစ်ကာ ချိုးဖဲ့လွယ်ကူတဲ့ အဟန့်အတားမရှိတဲ့ အကာအကွယ်မရှိတဲ့ ဆူးမဲ့နှင်းဆီမျိုးလည်း မဖြစ်စေချင်ပါဘူး၊
အသက်ရှင်လျှက်နဲ့ ဘဝသေနေရတဲ့၊ စိတ်ဓာတ်ပျက်စီးနေတဲ့ ၊ သူများအစော်ကားခံထားရတဲ့ ဆူးကျိုး/ဆူးချိုးနှင်းဆီမျိုးလည်း အဖြစ်မခံနိုင်ပါဘူး။

ကိုယ့်အန္တရာယ်ကို ကိုယ်ကာကွယ်နိုင်တဲ့၊ မာန်ရှိတဲ့၊ အိနြေ္ဒ သိက္ခာရှိတဲ့ ၊ ရင့်ကျက်တည်ငြိမ်တဲ့ ကိုယ်နှုတ် အမူအရာ ယဉ်ကျေးသိမ်မွေ့တဲ့ ၊ လူတစ်ကာ အရိုသေခံ “ဆူးအတင့်အသင့်သာရှိတဲ့ တော်ဝင်နှင်းဆီ”မျိုးပဲ ဖြစ်စေချင်ပါတော့တယ်....






Sunday, February 10, 2013

တရုတ်လူမျိုးတို့ရဲ့ The Snake Year(2013)


ဒီနေ့(၁၀.၀၂.၂၀၁၃)နေ့ဟာ တရုတ်နှစ်သစ်ကူးနေ့တဲ့..
Chinese Horoscope အရ The Rat, The Ox , The Tiger , The Rabbit , The Dragon , The Snake , The Horse , The Sheep , The Monkey , The Rooster , The Dog , the Pig ဆိုပြီး တရိစ္ဆာ(၁၂)ကောင်နဲ့ဖွဲ့စည်းထားတဲ့အထဲက ဒီနှစ်ကျရောက်တဲ့ အကောင်ကတော့ The Snake ဖြစ်ပါတယ်။
ကဲ.. မြွေနှစ်ဖွားသူများရဲ့အကြောင်းကို လေ့လာကြည့်ကြရအောင်..

1941 နှင့် 2001 မွေးဖွားသူများကို The Metal Snake
1953 နှင့် 2013 မွေးဖွားသူများကို The Water Snake
1905 နှင့် 1965 မွေးဖွားသူများကို The Wood Snake
1917 နှင့် 1977 မွေးဖွားသူများကို  The Fire Snake
1929 နှင့် 1989 မွေးဖွားသူများကို The Earth Snake ဟူ၍ သတ်မှတ်ထားသည်။

မြွေနှစ်ဖွားများသည် အေးဆေးတည်ငြိမ်ပြီး ကြင်နာတတ်သူများဖြစ်သည်။
အလုပ်လုပ်ရာတွင် တခြားနှစ်မွေးဖွားသူများနှင့်မတူပဲ Slow and study ဟုခေါ်သော ဖြည်းဖြည်းနှင့်မှန်မှန် လုပ်တတ်သူများဖြစ်သည်။
သို့သော် မှန်ကန်စွာ ဆုံးဖြတ်တွေးခေါ်တတ်သူများဖြစ်သည်။

မြွေနှစ်ဖွားများသည် ခေါင်းမာ၏။
တစ်စုံတစ်ခုကို ဆုံးဖြတ်ချက် ချပြီးလျှင် မပြင်တတ်၊ခေါင်းမာစွာ  ရှေ့ကိုသာ ဆက်တိုးလေ့ရှိသည်။
 မိသားစုတွင်းတွင်သော်လည်းကောင်း၊ လုပ်ငန်းခွင်တွင်းတွင်သော်လည်းကောင်း
မြွေနှစ်ဖွားတစ်ဦးပါရှိပါက ထိုသူသည် ယုံကြည်အားထားရသူဖြစ်လိမ့်မည်။

မြွေနှစ်ဖွားများအတွက် ကျောင်းဆရာ၊ ဗေဒင်ဆရာ၊ စိတ်ပညာရှင်၊ စိတ်ရောဂါကုဆရာဝန်၊ ဘာသာစကားမျိုးစုံတတ်ကြွမ်းသူ/ ဘာသာပြန်၊ အကြားအမြင်ဆရာ၊ ကိုယ်ရေးအတိုင်ပင်ခံ အရာရှိ၊ အစရှိသည့် အလုပ်များနှင့်လိုက်ဖက်သည်၊ အကျိုးပေးသည်။

ကံကောင်းသောအရောင်မှာ အဝါ၊ အနီ။
ကံကောင်းသောအရပ်မှာ အနောက်မြောက်၊ အရှေ့တောင်အရပ်။
ကံကောင်းသောဂဏန်းမှာ ၂၊ ၄၊ ၇၊ ၉။
ကံကောင်းသောပန်းမှာ သစ်ခွ၊ စောင်းချမ်းပင်(ကန္တာရပင်)။
ကံကောင်းသောနေ့မှာ တနင်္လာနေ့ ဖြစ်သည်။

မြွေနှစ်ဖွားသူများသည် The Ox ဖွားနှင့် The Rooster ဖွားများနှင့် မိတ်ဖက်ဖြစ်ပြီး
The Tiger ဖွားနှင့် The Pig ဖွားများနှင့် ရန်ဖက်ဖြစ်သည်။

တရုတ်လူမျိုးများက  ကောင်းကင်ထက်မှ နဂါးသည် မြေပြင်သို့ ပြုတ်ကျပြီး မြွေအဖြစ်သို့ အသွင်ပြောင်းသွားခဲ့သည်ဟု အယူရှိပြီး မြွေများကို နဂါးအသေးစားများဟု တင်စားခေါ်ဆိုကြသည်။

မြွေပုံပန်းချီကားများကို ပျော်ရွှင်ခြင်း၊ လဒ်ရွှင်ခြင်း၊ မင်္ဂလာရှိခြင်း၊ ချမ်းသာကြွယ်ဝခြင်းဟု သတ်မှတ်ကြသည်။
မြွေနှစ်ဖွားအမျိုးသားဖြစ်ပါက ထက်မြက်သောသူ၊ ဦးဆောင်သူဟု သတ်မှတ်ယုံကြည်ကြပြီး မြွေနှစ်ဖွား အမျိုးသမီးများကို တစ်ခြားနှစ်ဖွားသူများနှင့်မတူပဲ ထူးခြားလှပသော အဆင်းသဏ္ဍာန်ရှိသူများဟု ယုံကြည်ကြသည်။ တရုတ်အယူအရ မိမိ၏မိသားစုတွင်းတွင် မြွေနှစ်ဖွားရှိပါက တစ်မိသားစုလုံး ထမင်းမငတ်ဟု ဆိုကြသည်။

မြွေကို အိပ်ယာပေါ်တွင် တွေ့ရှိပါက လဒ်ရွှင်ကံကောင်းပြီး တံစက်မြိတ်အောက်တွင် တွေ့ရှိပါက မကောင်းသော အတိတ်နမိတ်ဟု အယူရှိကြသည်။
အိမ်ထဲသို့ မြွေဝင်လျှင် ထိုအိမ်ရှိမိသားစုဝင်များအားလုံး ငြိမ်းချမ်းသာယာသောဘဝ ၊
မတောင်းမတ မကြောင်းမကျသော ဘဝကို မကြာမီ ရရှိတော့မည့်နမိတ်ဖြစ်သည်။

ဂျပန်နိုင်ငံတွင် မြွေအရေခွံကို ပိုက်ဆံအိတ်အတွင်း အဆောင်အဖြစ် ထားရှိပါက စီးပွားလဒ်ရွှင်ပြီး ငွေမပြတ်ဟု အယူရှိကြသည်။
တရုတ်၊ ဂျပန်၊ အိန္ဒိယနှင့် မြန်မာလူမျိုး(ဗုဒ္ဓဘာသာဝင်)တို့သည် မြွေကို မသတ်သင့်သော သတ္တဝါအဖြစ် သတ်မှတ်ထားကြကြောင်း ဗဟုသုတအနေဖြင့် မျှဝေပေးလိုက်ပါတယ်..။

စာဖတ်သူများအားလုံး မြွေနှစ်မှာ စီးပွားလဒ်ရွှင်ကြပါစေကြောင်း.. ဆုတောင်းပေးရင်း
HAPPY CHINESE NEW YEAR(2013) TO ALL...

““““GONG XI FA CAI”””

Friday, February 8, 2013

“KEY နဲ့ LOCK”



မနေ့က ဆိုင်က သူငယ်ချင်းတစ်ယောက်က On Line မှာ သူဖတ်ခဲ့တဲ့စာသားလေးတစ်ခုကိုပြောပြခဲ့တယ်။
တွေးစရာလေးမို့ ပြန်ပြီး Share ပေးလိုက်ပါတယ်။

............................


ယောက်ျားတွေဟာ “သော့”(KEY)ဖြစ်ပြီး၊
မိန်းမတွေဟာ“သော့ဂလောက်”(LOCK)ဖြစ်တယ်။

Key can open many lock.
So this key is Good key.

But , every keys can open the same lock, this lock is SHIT.... တဲ့
....................................

သူပြောတာလည်း ဟုတ်တာပဲနော်..
တစ်ကယ်လို့ ကျမတို့ မိန်းမသားတွေဟာ သူပြောသလို LOCK (သော့ဂလောက်)သာဖြစ်ခဲ့မယ်ဆိုရင် “this lock is shit”လို့ အပြောမခံရအောင် မိန်းခလေးတိုင်း ထိန်းသိမ်းနိုင်ကြပါစေ...

Monday, December 24, 2012

ပန်းသီးလက်ဆောင်


ဒီနေ့ဟာ Christmas Eve (၂၄)ရက် ဒီဇင်ဘာနေ့ဖြစ်သည်။
အလုပ်ထဲကို ကျမရောက်တော့ သူငယ်ချင်းဖြစ်သူ တရုတ်မလေးတစ်ယောက်က ကျမအတွက် ကျောက်စိမ်း အကာနှင့်လုပ်ထားသော ပန်းသီးလေးတလုံးကို လက်ဆောင်ပေးရင်း “(၂၄)ရက်နေ့၊ဒီဇင်ဘာလတွင် လက်ဆောင်းပေးရသော ပန်းသီး” အကြောင်းကိုရှင်းပြခဲ့ပါတယ်။
(၂၄)ရက်နေ့၊ ဒီဇင်ဘာလ၊ “ည”အခါတွင် တရုတ်လူမျိုးများသည် ပန်းသီးလက်ဆောင်ပေးသည့် ရိုးရာဓလေကို ယခုအချိန်ထိ ကျင်းပမြဲဖြစ်သည်။

Safe(အသက်ရှည်ခြင်း/ကျန်းမာခြင်း)ကို တရုတ်ဘာသာစကားဖြင့် =Ping An(ဖျင်န်အန်)
Apple(ပန်းသီးပေးခြင်း ) ကို တရုတ်ဘာသာစကားဖြင့် =Ping Guo(ဖျင်န်ကွာန်)
Safe(အသက်ရှည်ခြင်း/ကျန်းမာခြင်း) =Apple(ပန်းသီးပေးခြင်း)ဟု အဓိပ္ပါယ်သက်ရောက်သည်။

ထို့အတွက် “ပန်းသီးလက်ဆောင်ရသောသူသည် ထိုနေ့မှစ၍ ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်စေရန်” ကံကောင်းခြင်းလက်ဆောင်အဖြစ်သတ်မှတ်ပြီး အချင်းချင်းအပြန်အလှန် ပန်းသီးလက်ဆောင် ပေးကြခြင်းဖြစ်သည်။

ဤပန်းသီးလက်ဆောင်ကို (၂၄)ရက်၊ ဒီဇင်ဘာ ညအချိန်ခါတွင်သာ သတ်မှတ်ပြီးပေးခြင်းကြောင့် ထိုညကို
Safe Night = Ping An Ye(ဖျင်န်အန်ယဲ့)ဟု ခေါ်ဆိုပြီး “ကျန်းမာပျော်ရွှင်မှုများနှင့် ပြည့်ျနှက်နေသော ကံကောင်းခြင်း လက်ဆောင် ပန်းသီးပေးသောည ”ဟု တင်စားခေါ်ဆိုကြကြောင်း ဗဟုသုတအနေဖြင့် တင်ပြရင်း (၂၄)ရက်၊ဒီဇင်ဘာ ညမှာ ကိုယ့်သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်သူတို့ကို ပန်းသီးလက်ဆောင်ပေးကြရအောင်လား......။

ကဲ............ရော့
သူငယ်ချင်းတို့အတွက် ကံကောင်းခြင်းနဲ့ ကျန်းမာပျော်ရွှင်ခြင်းတွေ အပြည့်ထည့်ထားတဲ့
“ပန်းသီး လက်ဆောင်”....

Wednesday, November 21, 2012

“မွေးနေ”့နှင့် “သေနေ့”


လူရယ်လို့ဖြစ်လာရင် “မွေးနေ့”နဲ့“သေနေ့”ဆိုပြီး နေ့(၂)နေ့ရှိကြပါတယ်..။

အဲဒီထဲကမှ လူတွေဟာ သူတို့ရဲ့မွေးနေ့ကို နှစ်စဉ်နှစ်တိုင်း အထိမ်းအမှတ်တစ်ခုအနေနဲ့ ကျင်းပလေ့ရှိကြပြီး သေနေ့ကိုတော့ မေ့နေတတ်ကြပါတယ်။

ဟုတ်တော့လည်း ဟုတ်ပါတယ်လေ..
လူတစ်ယောက်(သို့)သက်ရှိသတ္တဝါတစ်ကောင် မွေးဖွားလာတဲ့အခါ
ပျော်ရွှင်ခြင်းတွေနဲ့ ကြိုဆိုတတ်ကြပြီး သေဆုံးခြင်းနေ့ကိုရောက်တဲ့အခါ ပူဆွေး ဝမ်းနည်း ငိုကြွေးခြင်းတွေနဲ့ နှုတ်ဆက်လေ့ရှိတယ်..။

ကျမတို့တွေဟာ..
“မွေးဖွားခြင်းနှင့် သေဆုံးခြင်း”
“ပျော်ရွှင်ခြင်းနှင့်ဝမ်းနည်းခြင်း”
“ကြိုဆိုခြင်းနှင့်နှုတ်ဆက်ခြင်း”ဆိုတဲ့ ဆန့်ကျင်ဖက် ခံစားမှုတွေနဲ့ တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်တစ်ခု..(သို့)စိတ်ဝိဥာဉ်တစ်ခုကို ပိုင်ဆိုင်ထားကြသူတွေပဲဖြစ်ပါတယ်။

ရှင်သန်နေတဲ့အသက်ဝိဥာဉ်တစ်ခုဟာ “ကြိုးလေးတစ်ချောင်း”လို့ ဆိုကြပါစို့..
အဲဒီကြိုးလေးရဲ့အစတစ်ဖက်မှ အစပြုလို့ ကျမတို့ဟာ “ဘဝ”ရဲ့ခရီးလမ်းကို အခက်အခဲမျိုးစုံတွေ့ကြုံဖြတ်သန်းပြီးလျှောက်လာခဲ့ကြရင်း
နောက်ဆုံးမှာ ကျန်ရှိနေတဲ့ ကြိုးလေးရဲ့အဆုံးတစ်ဖက်ကို ရောက်ရှိခဲ့ကြတယ်။
အဲဒီနောက်မှာတော့ “သေဆုံးခြင်း”နဲ့ နိဂုံးနဲ့အဆုံးသတ်ကြရပါတယ်။

တစ်ကယ်တော့ ကျမတို့တွေဟာ..
“မွေးဖွားခြင်း”နဲ့“သေဆုံးခြင်း”ဆိုတဲ့ ကြိုးအစနဲ့အဆုံးနှစ်ခုကြားမှာ လမ်းလျှောက်နေကြသူများပဲဖြစ်ပါတယ်..။
Photo: လူရယ်လို့ဖြစ်လာရင် “မွေးနေ့”နဲ့“သေနေ့”ဆိုပြီး နေ့(၂)နေ့ရှိကြပါတယ်..။   အဲဒီထဲကမှ လူတွေဟာ သူတို့ရဲ့မွေးနေ့ကို နှစ်စဉ်နှစ်တိုင်း အထိမ်းအမှတ်တစ်ခုအနေနဲ့ ကျင်းပလေ့ရှိကြပြီး သေနေ့ကိုတော့ မေ့နေတတ်ကြပါတယ်။  ဟုတ်တော့လည်း ဟုတ်ပါတယ်လေ.. လူတစ်ယောက်(သို့)သက်ရှိသတ္တဝါတစ်ကောင် မွေးဖွားလာတဲ့အခါ  ပျော်ရွှင်ခြင်းတွေနဲ့ ကြိုဆိုတတ်ကြပြီး သေဆုံးခြင်းနေ့ကိုရောက်တဲ့အခါ ပူဆွေး ဝမ်းနည်း ငိုကြွေးခြင်းတွေနဲ့ နှုတ်ဆက်လေ့ရှိတယ်..။  ကျမတို့တွေဟာ.. “မွေးဖွားခြင်းနှင့် သေဆုံးခြင်း” “ပျော်ရွှင်ခြင်းနှင့်ဝမ်းနည်းခြင်း” “ကြိုဆိုခြင်းနှင့်နှုတ်ဆက်ခြင်း”ဆိုတဲ့ ဆန့်ကျင်ဖက် ခံစားမှုတွေနဲ့ တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်တစ်ခု..(သို့)စိတ်ဝိဥာဉ်တစ်ခုကို ပိုင်ဆိုင်ထားကြသူတွေပဲဖြစ်ပါတယ်။  ရှင်သန်နေတဲ့အသက်ဝိဥာဉ်တစ်ခုဟာ “ကြိုးလေးတစ်ချောင်း”လို့ ဆိုကြပါစို့.. အဲဒီကြိုးလေးရဲ့အစတစ်ဖက်မှ အစပြုလို့ ကျမတို့ဟာ “ဘဝ”ရဲ့ခရီးလမ်းကို အခက်အခဲမျိုးစုံတွေ့ကြုံဖြတ်သန်းပြီးလျှောက်လာခဲ့ကြရင်း  နောက်ဆုံးမှာ ကျန်ရှိနေတဲ့ ကြိုးလေးရဲ့အဆုံးတစ်ဖက်ကို ရောက်ရှိခဲ့ကြတယ်။ အဲဒီနောက်မှာတော့ “သေဆုံးခြင်း”နဲ့ နိဂုံးနဲ့အဆုံးသတ်ကြရပါတယ်။  တစ်ကယ်တော့ ကျမတို့တွေဟာ.. “မွေးဖွားခြင်း”နဲ့“သေဆုံးခြင်း”ဆိုတဲ့ ကြိုးအစနဲ့အဆုံးနှစ်ခုကြားမှာ လမ်းလျှောက်နေကြသူများပဲဖြစ်ပါတယ်..။

Tuesday, October 30, 2012

သီတင်းကျွတ်အလွမ်း

ဆီမီးငယ်တဲ့ ထိန်ထိန်။

အိုင်မင်း ရေကြည်က

ကြာငါးမည် ငုံအာစွင့်တယ်

ဖူးပွင့်ခါချိန်။

အသဝါနီ ယှဉ်ကာချဉ်းပါလို့

လင်းလာတဲ့ ငွေတာရိန်ရယ်

ပြာမှိန်လျက် မြူခြေဆိုင်း။

ဂါရဝေ

သက္ကစ္စံ ပဏာမေဖြင့်

သဒ္ဓါခြွေ ကန်တော့ပွဲကိုလ

မစဲပေါင် ကုသိုလ်ကိုနှိုးကြတယ်

မျိုးမြန်မာ့တိုင်း။

ဝါဆိုလပြည့်နေ့၌ ရဟန်းသံဃာသည် မိမိတို့၏ ဆိုင်ရာဆိုင်ရာ ကျောင်းသင်ခန်း၌ ကပ်ရောက်၍ သီတင်းသုံးပြီးသော် သီတင်းကျွတ်လပြည့်နေ့၌ ဝါမှထ၍ ဝါမဝင်မီ ရှေးက အရပ်တပါးဆီသို့ ဒေသစာရီကြွချီမြဲ အတိုင်း ကြွချီတော်မူ၏။

ဤကဲ့သို့ ဝါဆိုလပြည့်မှ သီတင်းကျွတ်လပြည့်အထိ ရက်ပေါင်း၉၀ သီတင်းပြည့်၍ ကျွတ်လွတ်သောကြောင့်ဝါကျွတ်သည်ဟု ခေါ်ဆိုကြ၏။ ထိုသို့သီတင်းဝါကျွတ်သောအခါ သက်ငယ်တို့သည် သက်ကြီးရွယ်အို လူကြီး မိဘ ဆရာသမားတို့ထံ အိမ်တိုင်ရာရောက် သွားရောက်၍ ကန်တော့ကြ၏။ ထိုသို့ ငယ်သူက ကြီးသူကိုလည်းကောင်း၊ လူအပေါင်းတို့က မိဘ ဆရာသမား ရဟန်းတော်များကိုလည်းကောင်း၊ မိမိတို့၌ အပြစ်ရှိခဲ့သော် ထိုအပြစ်တို့မှ ပပျောက်ရန် ကန်တော့ပါ၏ ဟုဆို၍ ကာယကံမြောက်ကန်တော့ကြသော ပွဲတော်ကြီးပေါ်ပေါက်သည်ဟု ဆိုကြသည်။ အဘိဓမ္မာတရားကို ဟောကြားတော်မူသောမြတ်စွာဘုရားသခင် ကိုလည်း ရည်စူး၍ ဆီမီးထွန်းညှိပူဇော်ကြသည် ဟူ၍လည်း ဆိုကြသည်။

ကျမ မှတ်မိနေပါသေးတယ်..။ ငယ်စဉ် ကလေးဘဝက သီတင်းကျွတ်ပြီဆိုလျှင် ဖေဖေနဲ့ မေမေတို့ရဲ့ရှေ့မှာ ထိုင်ပြီး“ဖေဖေနဲ့ မေမေတို့ကို သမီးပြောမှား ဆိုမှား ရှိခဲ့ရင် ခွင့်လွှတ်ပါ”ဆိုပြီး ကန်တော့လိုက်တိုင်း“ဖေဖေနဲ့ မေမေတို့က သမီးလေးကို အမြဲခွင့်လွှတ်ပြီးသားပါ” ဆိုတဲ့အဖြေလေးနဲ့အတူ“သမီးလေးအတွက်” ဆိုပြီး မုန့်ဖိုးပေးပြီး အိမ်တွင်း သီတင်းကျွတ်မီးထွန်းပွဲတော်ကိုကျမတို့ မိသားစု ၃ယောက်ပျော်ရွှင်စွာဆင်နွှဲကြမြဲ။ သိမ်ကြီးဈေးက ဖေဖေဝယ်လာတဲ့စက္ကူမီးပုန်းလေးတွေကို အိမ်ရှေ့ဝရန်တာမှာ အလှဆင်ရင်း မေမေရဲ့လက်ရာ လ္ဘက်သုတ်နဲ့ရေနွေးပူပူလေးကို မိသားစု၃ယောက် ထိုင်းပြီး စားခဲ့ဖူးတယ်။ကလေးပီပီ မီးဆော့ချင်တဲ့ကျမဟာ မီးဖိုစောင့်နတ်၊ ရေချိုးခန်းစောင့်နတ်၊ မြေစောင့်နတ်၊ ကျောက်ပြင်စောင့်နတ်၊ လှေခါးစောင့်နတ် အစရှိတဲ့ နတ်များကို ပူဇော်ဖို့ ဖုယောင်းတိုင်ထွန်းတဲ့တာဝန်ကိုယူရင်း လေတိုက်လို့ မီးငြိမ်းသွားတဲ့အခါ အပြေးလေး မီးညှိရင်း မီးဆော့ခဲ့ဖူးတယ်။

သီတင်းကျွတ်မီးထွန်းပွဲတော် ညဈေးတန်းကို ဖေဖေ ၊မေမေတို့နဲ့လမ်းလျှောက်ထွက်တိုင်းလည်း တွေ့သမျှ မုန့်ပဲသားရည်စာများကို စားပြီး ဗိုက်ပြည့်တဲ့အခါ ဖေဖေ့ပခုံးထက်မှာ အိပ်ပျော်ရင်း မိသားစု၃ယောက် အိမ်ပြန်လာခဲ့ကြတဲ့ဘဝလေးကို ကျမ ပြန်စဉ်းစားရင်း ကျမ မျက်ရည်လည်လာမိတယ်။

အသက်ကြီးမှ အိမ်ထောင်ကျခဲ့ကြတဲ့ဖေဖေနဲ့ မေမေတို့ဟာ တဦးတည်းသော သမီးဖြစ်တဲ့ ကျမကို အရမ်းချစ်ကြပါတယ်။ မေမေကတော့ မိန်းမပီပီ သမီးမိန်းခလေးဖြစ်တဲ့ကျမကို မိန်းမတို့တတ်ထားသင့်သည့်အိမ်တွင်းမှုကိစ္စအဝဝနဲ့ အိမ်ရှင်မပီသအောင် သင်ပေးရင်း ကျမကို မျက်နှာသာပေးလေ့မရှိပါဘူး။ဖေဖေကတော့ ကျမဘာလုပ်လုပ် ခေါင်းလေးတညိတ်ညိတ်နဲ့ပြုံးပြီး ကြည့်နေတတ်တဲ့သူပါ။

ဖေဖေ့ရဲ့ အားပေးမှုကြောင့် ကျမဟာ မူလတန်းအရွယ်က စလို့ နေရာတကာမှာ ပါလေရာဖြစ်ခဲ့ရတယ်။ကျောင်း ကာယ အားကစားအသင်း၊ ဘင်ခရာအသင်း၊ ပန်းချီပြိုင်ပွဲ၊ ပညာရည်ထူးခွန်ဆုတွေနဲ့ကျမဟာ ဖေဖေရဲ့ ပစားပေးမှုကြောင့် “မစွာတေး”လေးဖြစ်ခဲ့ရသတဲ့...း)

ကျမကို ဖေဖေက ပစားပေးပြီး မေမေကနှိပ်ကွတ်... ကျမက စွာတူးလန်နေအောင် ပြန်ပြောပြီးလို့ ... သီတင်းကျွတ်ရောက်တိုင်း မိဘတွေကို လက်အုပ်ချီပြီး ပြန်တောင်းပန်...

ဒီလိုနဲ့ပဲ..မုန့်လုံးစက္ကူကပ်ခဲ့ရတဲ့သီတင်းကျွတ်ရောက်တိုင်း ဖေဖေနဲ့ မေမေတို့ရဲ့ရှေ့မှာလက်အုပ်ချီပြီး တောင်းပန်ကန်တော့ရင်းမုန့်ဖိုးတွေ တပွေ့တပိုက်ကြီး ရခဲ့တဲ့ကျမတို့ရဲ့ ပျော်ရွှင်စရာမိသားစုလေးရဲ့ ဘဝဟာအခုတော့ ဟိုးးးးး အတိတ်ဆီမှာ ကျန်လို့နေခဲ့ပါပြီ..။

အခုတော့လည်း သီတင်းကျွတ်ပေါင်းများစွာကို ဖြတ်ကျော်ရင်း........ ကွယ်လွန်သွားကြပြီဖြစ်သော ဖေဖေနဲ့ မေမေ့ကိုတမ်းတမှန်းဆ ကန်တော့ရင်း........

မိဘအရွယ် လူကြီးသူမများကို မိဘအမှတ်နဲ့ ကန်တော့ရင်း....

မီးပုန်းလေးတွေကိုမြင်တိုင်း...

ညပွဲဈေးတန်းမှာ လျှောက်လည်နေကြတဲ့ မိသားစုတွေကိုမြင်တိုင်း...

ဖခင်ရဲ့ပခုံးထက်မှာ နှစ်ချိုက်စွာ အိပ်ပျော်နေတဲ့ကလေးငယ်တွေကိုမြင်တိုင်း...

ကျမလေ....ဟိုးးးးးး အဝေးဆီက မိသားစုလေးကို လွမ်းတယ်...

သြော်....ရောက်ခဲ့ပြန်ပြီ...သီတင်းကျွတ်ဆီ......


ဝန်ခံချက်။ ။ ကဗျာနှင့် အပေါ်ဆုံးအပိုဒ်ကို ဆရာမောင်ထင်ရေးသည့် ၁၂လရာသီမှ ကူးယူဖော်ပြပါသည်။

Monday, October 22, 2012

“Stone Grill” (သို့မဟုတ်)ကျောက်တုံးပေါ်မှာကင်တဲ့အသား




“ ကျောက်တုံးနဲ့ကင်တဲ့ အသား”ဆိုလို့ ထူးဆန်းတဲ့  အသားဖြစ်မယ်လို့တော့မထင်လိုက်ပါနဲ့.. ကျမတို့ နေ့စဉ်ချက်ပြုတ်စားသောက်နေကြတဲ့ သာမန်အသားများကို အပူပေးထားတဲ့(သို့မဟုတ်) မီးကင်ထားတဲ့ “Stone Grill ”လို့ ခေါ်တဲ့ အထူးစီမံပြုလုပ်ထားသော ကျောက်တုံးပေါ်မှာတင်ပြီး အသားရဲ့ အကျက်နှုန်းကို မိမိတို့အလိုရှိသလောက် ကင်ပြီး စားသောက်ရတဲ့ နည်းတစ်မျိုးကို ဆိုလိုပါတယ်။

ကျမ အလုပ် လုပ်ရာ ကုမ္ပဏီလက်အောက်ခံဖြစ်သော စားသောက်ဆိုင်(၅)ဆိုင်ထဲမှ အီတလီစာများနှင့် အနောက်နိုင်ငံအစားများရောင်းချသော စားသောက်ဆိုင်တဆိုင်တွင် “Stone Grill” ဟုခေါ်သော အလျှား၁ပေခွဲx အနံ ၁ပေx အနံ ၂လက်မ ခန့် ရှိသည့် အပူချိန်လုံလောက်စွာ ရရှိထားသော ဟင်းချက်ကျောက်တုံးပေါ်တွင် အသားစိမ်း ငါးစိမ်းများကို မိမိတို့ အလိုရှိသလောက်သာ ကျက်စေပြီး ကိုယ်တိုင်ကင်၍စားရသည်။
ကျောက်တုံးမှာ အပူချိန်ပျင်းလွန်းသည့်အတွက် စားပွဲထိုးများအတွက် လက်ကိုင်အဖြစ် ၁လက်မခွဲခန့်ရှိသော သစ်သားပြားကို အောက်ခံအဖြစ်ထားရှိပေးထားသည်။
Stonegrill ဟုခေါ်သော ကျောက်တုံးကို Australia နိုင်ငံမှထုတ်လုပ်ပြီး မီးတောင်မှရရှိသော ချော်ရည်ကျောက်ဖြင့် ပြုလုပ်ထားသဖြင့် အပူအခံနိုင်ဆုံး ကျောက်သားအဖြစ် စံချိန်တင်ခဲ့သည်။

လည်းကောင်းကျောက်တုံးကို အပူပေးအခန်းထဲတွင် အပူချိန်400ံC ဖြင့် ၂၄နာရီကြာထားရှိပြီး အသုံးပြုရာတွင် အသားများကို ကျောက်တုံးပေါ်တွင် ကင်ချိန် မိနစ်၃၀ နှင့် အသားများကင်ပြီးသော် ထိုအသားများ၏ အနွေးဓာတ်ကို ထိန်းထားရန် ၁နာရီခန့် ကျောက်တုံးမှ အပူချိန်ကို ထိန်းထားနိုင်သည်။

ကျမတို့ဆိုင်တွင်တော့ အပူချိန်ကို 240ံC ဖြင့် ၇ နာရီကြာ ထားရှိပြီး အသုံးပြုရာတွင် အသားကင်ချိန် မိနစ်၂၀နှင့် အနွေးဓာတ်အတွက်မိနစ်၂၀ခန့် ထိန်းထားပေးသည်။

ဧည့်သည်မှ မိမိတို့အလိုရှိရာ အသားကို မှာယူပြီးချိန်တွင် စားပွဲထိုးများမှ အသားစိမ်းကို မီးကင်ထားသော ကျောက်တုံးပေါ်တွင် တင်ပြီး ဧည့်သည်ရှေ့သို့ချပေးရသည်။

အနောက်နိုင်ငံသားများသည် အသားစားရာတွင် အသားများကို မကျက်တကျက်၊ အကျက်၊ အကျက်လွန် စသည်ဖြင့် အသား၏ အကျက်နှုန်းအမျိုးမျိုးဖြင့် စားသောက်လေ့ရှိရာ မိမိတို့အလိုရှိသလောက် အကျက်နှုန်းကို မိမိတို့ဘာသာ ကင်၍စားသောက်ကြသော အလေ့ကို သဘောကျကြသည်။


တချို့ကမူ မိမိတို့ကိုယ်တိုင် မချက်ပြုတ်ချင်သည့်အခါ ၎င်းတို့အလိုရှိရာ အသားကျက်နှုန်းကို မှာယူပြီး စားဖိုမှူးများမှ မီးဖိုထဲတွင် အသားများကို ကင်ပေးပြီး အသင့်စားသုံးနိုင်သည့်အနေအထားတွင် ကျောက်တုံးပေါ်သို့(အလှ)တင်ပေးရသည်လည်းရှိသည်။
တချို့ကမူ မီးကင်ထားသော အသား ငါးများကို ပန်းကန်နှင့်သာ စားကြသည်။

ဆီပရိယိုလူမျိုးများသည် ချက်ပြုတ်စားသော အသား ငါးများထက် ကင်၍စားသော
အသား ငါးများက ပို၍ အားဖြစ်စေသည်ဟု ဆိုကာ... အသား ၊ငါးများပါ မက
ဟင်းသီးဟင်းရွက်များကိုပါ ကင်၍ စားလေ့ရှိကြသည်။



Stone Grill အကင်လေးများကို မြည်းစမ်းကြည့်ရင်း....

Sunday, September 30, 2012

ယနေ့မှာကျရောက်တဲ့ တရုတ်ပြည်မှ လမုန့်ပွဲတော်နှင့် ပါးစပ်ရာဇဝင်လေးတစ်ပုဒ်



ဒီနေ့ဟာ တရုတ်ရိုးရာ “Full Moon Day ” ဖြစ်တဲ့အတွက် သူငယ်ချင်းတို့ကို “Full Moon Cake ”လို့ခေါ်တဲ့ “လ”မုန့်ရဲ့ ပါးစပ်ရာဇဝင် ပုံပြင်လေးတစ်ပုဒ်ကို ပြောပြပါရစေ.......

ဟိုး......
ရှေးရှေးတုန်းက တရုတ်ပြည်က ရွာတစ်ရွာမှာ..မြှားပစ်အလွန်ကျွမ်းကျင်တဲ့ “ဟုန်ရီ”(Hou Yi) ဆိုတဲ့ လူတစ်ယောက်ရှိတယ်..။
သူ့မှာ “ချောင်အာ”(Chang Er)ဆိုတဲ့ သိပ်ချော သိပ်လှတဲ့ ဇနီးလေးလည်းရှိတယ်..တဲ့။
တစ်နေ့ ကောင်းကင်ပေါ်မှာ နေ(၁၀)စင်း တစ်ပြိုင်နက်တည်း ထွန်းလင်းတဲ့အတွက် ကမ္ဘာကြီးဟာ မီးလောင်လုမတတ် ပူပြင်းလာပြီး ပင်လယ်ရေတွေဟာလည်း ခန်းခြောက်စပြုလာခဲ့တယ်။ အဲဒီအကြောင်းကို “ဟုန်ရီ” သိသိခြင်းပဲ..သူ့မှာရှိတဲ့ လေးနဲ့ မြှားတွေကိုယူပြီး အမြင့်ဆုံးတောင်ဖြစ်တဲ့ “ကူလွင်”(Kun Lun) တောင်ပေါ်ကို ခဲရာခဲဆစ် ကျိုးစားပြီးရောက်အောင်တက်ခဲ့တယ်...။

အဲဒီတောင်ပေါ်ကနေ နေ(၁)စင်းကိုချန်ပြီး ကျန်တဲ့ နေ(၉) စင်းကို သူ့ရဲ့မြှားတွေနဲ့ခြေဖျက်နိုင်ခဲ့တယ်..။
အဲဒီအချိန်က“စ”ပြီး မြှားပစ်သမားလေး “ဟုန်ရီ”ဟာ ကမ္ဘာမြေနဲ့ လူသားတွေကို ကယ်တင်ခဲ့တဲ့ လူစွမ်းကောင်းတစ်ယောက်ဖြစ်လာခဲ့တာပေါ့.။
အဲဒီအဖြစ်အပျက်တွေကို အစ အဆုံးမြင်တွေ့ခဲ့ရတဲ့ နတ်ပြည်က နတ်မင်းကြီးရဲ့ မိဖုရားဟာ လူစွမ်းကောင်း “ဟုန်ရီ”ကို နတ်ဆေးလုံးတစ်လုံးချီးမြှင့်ခဲ့တယ်။

အဲဒီနတ်ဆေးလုံးရဲ့အစွမ်းသတ္တိကတော့... ရုပ်ပျိုကိုယ်နုပြီး နတ်စည်းစိမ်နဲ့တကွ နတ်ပြည်မှာ စံစားရင်း ထာဝရ အသက်ရှင်သန်နေစေနိုင်တယ်..တဲ့။

ဇနီးသည်ကိုချစ်တဲ့ “ဟုန်ရီ”ဟာ အဲဒီနတ်ဆေးလုံးကို သောက်ပြီး နတ်ပြည်မှာ ထာဝရ ပျော်ရွှင်စွာနေနိုင်တဲ့ အခွင့်အရေးကို ရပေမဲ့ သူချစ်ရတဲ့ ဇနီးကို မခွဲနိုင်တာကြောင့် နတ်ဆေးလုံးကို မသောက်ပဲ ဇနီးသည်ကို အကြောင်းစုံပြောပြကာ... သိမ်းထားစေခဲ့တယ်..။
စိတ်ဆိုတာကလည်း အခက်သားလား.... “ဟုန်ရီ”ရဲ့ဇနီး..“ချောင်အာ”လေးဟာ “ဟုန်ရီ”မရှိတုန်း နတ်ဆေးလုံးကို စမ်းသပ်ချင်တဲ့စိတ်နဲ့ သောက်လိုက်တယ်ဆိုရင်ပဲ...မိန်းမချောလေး “ချောင်အာ”ရဲ့ခန္ဓာကိုယ်ဟာ လေပေါ်ကိုမြောက်တက်သွားပြီး “လ”ရှိရာကို ပျံတက်သွားခဲ့တယ်..။ နတ်ဆေးလုံးရဲ့အစွမ်းအရ မိန်းမချောလေး “ချောင်အာ”ဟာ ဘယ်တော့အခါမှ လူ့ပြည်ကို ပြန်မလာနိုင်တော့ပဲ (အရှင်ထွက် သဘောမျိုးနဲ့)“လ”ပေါ်မှာပဲ မင်းသမီးလေးတစ်ပါးအဖြစ်နဲ့ ရာသက်ပန်နေသွားရင်း ပြင်လို့မရတော့တဲ့ သူမရဲ့အမှားကို နောင်တရနေတော့တာပေါ့..။
မြှားပစ်သမားလေး “ဟုန်ရီ” ကလည်း သူ့ရဲ့ဇနီးချောလေးကို လူ့ပြည်ကနေ လွမ်းယုံကလွဲလို့ဘာမှမတတ်နိုင်ရှာပဲ ဇနီးသည်ကိုလွမ်းတိုင်း “လ”ကိုပဲ မော့ကြည့်နေတော့တာပေါ့..။
အဲဒီ တရုတ်ရိုးရာ ပုံပြင်ကို အစွဲပြုပြီး တရုတ်လူမျိုးတွေဟာ အဲဒီနေ့ကိုရောက်တိုင်း မိသားစုတွေ ဘယ်လိုအကြောင်းကြောင့်နဲ့မှ အဝေးတစ်နယ်ဆီကို ရောက်နေတဲ့ သူဖြစ်နေပါစေ... မိသားစုတွေ ပြန်ဆုံကပြီး “Moon Cake”လို့ခေါ်တဲ့ “လ”မုန့်ကို စားသောက်ကြတယ်။
အဲဒီနေ့မှာ သူတို့အဓိက စားကြတဲ့ အရာတွေကတော့...

(၁) Moon Cake (လမုန့်) ။ ။ မိသားစုတွေ “လ”ကဲ့သို့ လုံးဝိုင်းတဲ့ အရာထဲမှာ အတူတကွ ရှိစေရန်။


(၂)Grape (စပျစ်သီး) ။ ။တစ်ခိုင်တည်းမှာ မိသားစုတွေ တစ်စုတစ်စည်းတည်း ရှိနေစေရန်။

(၃)Pear (သစ်တော်သီး) ။ ။သစ်တော်သီးကို တရုတ်လို “Li” လို့ခေါ်ပါတယ်...
လမ်းခွဲခြင်းကို တရုတ်လို “Fen Li” လို့ခေါ်ပါတယ်...
အဲဒီတော့ သစ်တော်သီး “ Li” ကိုစားခြင်းဖြင့် လမ်းခွဲခြင်း “Fen Li ”မှကင်းဝေးနိုင်စေရန် ရည်ညွှန်းပြီး အယူတစ်ခုအဖြစ်သတ်မှတ် ခဲ့ကြခြင်းဖြစ်ပါတယ်။
တရုတ်ရိုးရာ လပြည့်နေ့ရဲ့ အချိန်အခါလေးမှာ ကျွန်မကတော့ “လမုန့်”ကိုစားရင်း ရှင်ကွဲ ကွဲခဲ့ရတဲ့ “ဟုန်ရီ” နဲ့ “ချောင်အာ” တို့အတွက် နောင်ဘဝဆက်တိုင်းမှာ ဒီလို အဖြစ်ဆိုးတွေနဲ့ မကြုံမိစေရန် ဆုတောင်းရင်း....ပုံပြင်လေးကို အဆုံးသတ်လိုက်ပါရစေနော်...။

မိဘ၊ဆွေမျိုး များနဲ့ခွဲခွာပြီး နိုင်ငံရပ်ခြားမှာ ရောက်ရှိနေကြသော သူငယ်ချင်းများကိုလည်း မိမိတို့ရဲ့ မိဘ၊ ဆွေမျိုးများနဲ့ အမြန်ဆုံးတွေ့ဆုံရန်နှင့် ချစ်သူများ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာခြင်း ဒုက္ခမှ ကင်းဝေးကြပါစေရှင်...။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger