Saturday, July 30, 2011

ကျမသည် စာရေးဆရာမတစ်ယောက် မဟုတ်ပါ...သို့သော်




“ရက်”မှ “လ”..သို့၊ “လ”မှ “နှစ်”..သို့ ကူးပြောင်းလာလိုက်တာ ဒီနေ့ဟာ
ကျမရဲ့ “အဖြူရောင်နတ်သမီး”ဘလော့ဂ်(၂)နှစ် တင်းတင်းပြည့်တဲ့နေ့ကို
ရောက်ခဲ့ပြန်ပါပြီ။ ဘယ်သောအခါကမှ မတွေးခဲ့ဖူးတာကတော့ တစ်နေ့နေ့
တစ်ချိန်ချိန်မှာ ကျမဟာ စာရေးသူတစ်ယောက် ဖြစ်လာလိမ့်မယ် ဆိုတာကိုပါပဲ။

တစ်ကယ်ပါ...
စာရေးသူတစ်ယောက် ဖြစ်ဖို့မပြောနဲ့၊ လုံးချင်းဝတ္ထု ၊
ဆောင်းပါးရှည်ရှည်တွေကိုတောင် ဖတ်ဖို့ ဝါသနာမပါတဲ့ကျမဟာ စားဝတ်နေရေးအတွက်
ဘဝကိုရုန်းကန်ရင်း စာပေ ဗဟုသုတ အားနည်းစွာနဲ့ အချိန်တွေကို
ဖြတ်ကျော်လာခဲ့တယ်။

“ဆိုက်ပရပ်စ်” (Cyprus)ဆိုတဲ့ ကျွန်းနိုင်ငံလေးတစ်ခုပေါ်က
တရုတ်စားသောက်ဆိုင်ကြီးတစ်ခုမှာ ဧည့်ကြိုဘဝနဲ့ အချိန်ကာလတွေကို
အထီးကျန်စွာ ဖြတ်ကျော်လာခဲ့ရင်း ရင်ထဲမှာ မွန်းကြပ်လာတဲ့အခါ
ခံစားချက်တွေကို စာလုံးလေးတွေအဖြစ်ပြောင်းလဲပြီး Blogspot
ပေါ်မှာရင်ဖွင့်ခဲ့ပါတယ်။

ကျမအရေးအများဆုံးကတော့ ခံစားချက် အချစ်ကဗျာများနဲ့ ဆိုက်ပရပ်စ်နိုင်ငံက
စိတ်ဝင်စားစရာ သမိုင်းကြောင်း၊ သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ ပွဲတော်များ၊
ကျမရဲ့ လုပ်ငန်းခွင်ထဲက အတွေ့အကြုံတွေ၊ ကျမဘဝရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေကို
ရေးခဲ့တဲ့နောက်ပိုင်းမှာတော့
ကျမရဲ့“အဖြူရောင်နတ်သမီး”ဘလော့ဂ်အိမ်လေးထဲကို ကျမရဲ့ ခံစားချက်တွေကို
မျှဝေခံစားပေးမယ့် စာဖတ်သူတွေ တစ်ဖြည်းဖြည်း ရောက်ရှိလာခဲ့တယ်။

Email တစ်ခုရှိယုံနဲ့ Blogspot လို website တစ်ခုကို
လွယ်ကူစွာလုပ်လို့ရနေတဲ့ ယနေ့ခေတ်မှာ ကျမအပါအဝင် ကိုယ်ပိုင်Blogspot
လိပ်စာတစ်ခုနဲ့ Blogger အမည်ခံထားသူတွေဟာ သူတို့ရဲ့ ရင်ထဲက
ခံစားချက်တွေကို အင်တာနက်ပေါ်မှာ ရင်ဖွင့်ခွင့်ရခဲ့ကြတယ်။

နာမည်ရှိပြီးသား စာရေးဆရာများ၊ ကာတွန်းဆရာများ၊ စာနယ်ဇင်းဆရာများ၊
ကဗျာဆရာများဟာလည်း သူတို့ရဲ့ ဝတ္ထု၊ ကဗျာ၊ ကာတွန်း၊ သတင်းဆောင်းပါးများကို
Blogspot ပေါ်မှ မျှဝေခဲ့ကြတယ်။

သူတို့ဟာ ကိုယ်ပိုင် Blogspot လိပ်စာမရှိခင်ကတည်းက နာမည်ရှိပြီးသား(သို့)
စာဖတ်သူများလက်ခံပြီးသား၊ အသိအမှတ်ပြုပြီးသား
စာရေးဆရာစစ်စစ်များဖြစ်ကြတယ်။ သူတို့ကို ဘလော့ဂ်ရှိသော စာရေးဆရာစစ်စစ်များဟု
ခေါ်နိုင်ပါတယ်။

ကျမကဲ့သို့ Blogspot ဖွင့်၍ အပျော်တန်း စာရေးသောသူများကိုတော့
သာမန်ဘလော့ဂ်ကာများဟု သတ်မှတ်ခေါ်ဆိုနိုင်ပြီး
မြန်မာပြည်တွင်ထုတ်လုပ်ဖြန့်ဝေသော မဂ္ဂဇင်း၊ ဂျာနယ်တို့တွင် ပင်တိုင်
ကလောင်ရှင်များအဖြစ်ရေးသားရန် ကမ်းလှမ်းခံရသူများစွာကိုလည်း
ကျေနပ်အားရစွာတွေ့မြင်နိုင်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ မိမိသိထားသော အကြောင်းအရာများကို
စာတစ်လုံး(သို့မဟုတ်) တစ်လုံးထက်ပိုသော စာများအဖြစ်သို့ ပြောင်းလဲပြီး
အခြားသူများအား မျှဝေသူများကို “စာရေးသူ” ဟု သတ်မှတ်နိုင်သည်။

မိမိရေးသောစာများကို စိတ်ဝင်စား၍ ဖတ်သူများပြားလာသည်နှင့်အမျှ စာရေးသူမှာ
မိမိရေးသောစာများအတွက် တိကျမှန်ကန်သော သတင်း အချက်အလက်များဖြစ်စေရန် ပို၍
တာဝန်ယူရသည်၊ တာဝန်ကြီးလာသည်။

ကျမအပါအဝင် ဘလော့ဂ်ကာ အမည်ခံထားသော စာရေးသူများသည် Profile နှင့်တကွ
မိမိကိုယ်ကို လူမြင်ကွင်းတွင် ထွက်ပြထားသည့်အတွက်
အနုပညာသမားများကဲ့သို့ပင် အပြောအဆို၊ အနေအထိုင်ကအစ ဂရုစိုက်ရသည်။

“စာရေးသူ” ဆိုသည်မှာ ၎င်းတို့၏ ခံစားချက်၊ အတွေး၊ အမြင်၊ အယူအဆ၊
စိတ်ကူးယဉ်မှုတို့ကို ရှုထောင့်အမျိုးမျိုးမှ တင်ပြကြရာတွင်
စာဖတ်သူတို့ဘက်မှ လက်ခံသူများရှိသလို၊ လက်မခံသူများလည်းရှိသည်။
တစ်ခါတစ်လေ စာဖတ်သူများ လက်မခံနိုင်သည့် အကြောင်းအရာများကို ရေးမိပါက
အပြောခံ၊ အဝေဖန်ခံရသည်များလည်းရှိသည်။

“စာရေးသူ”ဆိုသည်မှာ စာဖတ်သူတို့၏ အားပေးမှုကိုသာ လိုလားသူ၊
ရှုံ့ချမှုများကို မလိုလားသူများဖြစ်သော်ငြားလည်း “အနုပညာသမားမှန်လျှင်
အဝေဖန်ခံနိုင်ရမည်” ဆိုသည့် အသိကို စာရေးသူများဘက်မှ
လက်ခံပေးဖို့လိုပါသည်။

လွန်ခဲ့သော(၁)နှစ်ခွဲကျော်ခန့်က ဝေဖန်ရေးဘလော့ဂ်တစ်ခုမှ ဓာတ်ပုံတင်သော
ကိစ္စဖြင့် ကျမအားဝေဖန်ခဲ့ဖူးသည်။
အဲဒီအချိန်က ကျမ အလွန်စိတ်ဆိုးခဲ့သော်လည်း ယခုအချိန်တွင်တော့ ကျမဘက်မှ
မှားယွင်းခဲ့သည့်ဟု သတ်မှတ် လက်ခံခဲ့ပါပြီ။

၎င်းဘလော့ဂ်မှ ဝေဖန်ခဲ့သည်မှာ ကျမရေးခဲ့သော ကဗျာအပုဒ်တိုင်းတွင် ကျမ၏
ဓာတ်ပုံများကို ထည့်သွင်းထားခြင်းကိုပင်ဖြစ်သည်
မှန်သည်...
စာရေးသူ အမည်ခံထားသော ကျမ၏ ဘလော့ဂ်သည် ကျမရေးသော ကဗျာများကို ပြသခြင်းထက်
ကျမ၏ အလှဓာတ်ပုံများကို အသားပေးထားခြင်းမျိုး ဖြစ်နေခဲ့သည့်အတွက်
စာဖတ်သူများဖက်မှ ကျမ၏ အမှားကို ထောက်ပြခဲ့ခြင်းဟု ယခုအချိန်တွင်
ကျမကောင်းစွာလက်ခံခဲ့ပါပြီ။

စာရေးသူနှင့် စာဖတ်သူ နှစ်ဦးနှစ်ဖက်ကြားတွင် နားလည်မှုနှင့် အပေးအယူမျှဖို့လိုသည်။
“စာရေးသူ” တစ်ယောက်ဖြစ်ဖို့အတွက် စာဖတ်သူများရှိဖို့လိုသည်။
စာရေးသူဘက်မှလည်း မိမိ၏ စာများကို အားပေးသော စာဖတ်သူများအား
မစော်ကားမိဖို့လိုသည်။
ကျမ၏ “အဖြူရောင်နတ်သမီး”ဘလော့ဂ်(၂)နှစ်တိတိ ရပ်တည်နိုင်ခဲ့ခြင်းသည်
စာဖတ်သူများ၏ ပံ့ပိုးမှု၊ အားပေးမှုများကြောင့်သာဖြစ်သည်။

ကျမ ကြည်နူးသည်...၊ အားတက်သည်...၊ကျေးဇူးလည်းတင်ပါသည်။
ဒီနေ့မှာ အမှတ်တရဖြစ်စေဖို့ ကျမ၏ သူငယ်ချင်းများထံမှ ကဗျာလက်ဆောင်နှင့်
“အဖြူရောင်နတ်သမီးဘလော့ဂ်”အား ပက်ပက်စက်စက်ဝေဖန်ထားသော ဆောင်းပါးများကို

လက်ဆောင်အဖြစ် တောင်းထားခဲ့သဖြင့် ပေးပို့လာသော လက်ဆောင်များကို
တင်ပြရင်း...

ကျမသည် စာရေးဆရာမ စစ်စစ်တစ်ယောက်မဟုတ်ပါ။ ကျမသိသော အကြောင်းအရာများနှင့်
သတင်းဆောင်းပါးများကို မျှဝေသော သာမန်
အပျော်တန်းစာရေးသူတစ်ယောက်သာဖြစ်သည်။
ထို့ကြောင့် ကျမ၏ “အဖြူရောင်နတ်သမီး” ဘလော့ဂ်သို့ လာလည်ကြသူများ
(သို့မဟုတ်) ကျမ၏ ရင်ဖွင့်ခံစားချက်များကို မျှဝေခံစားပေးသူများကို
ရင်းနှီးစွာဖြင့် “စာဖတ်သူများ” ဟုသာ ကျမ သုံးနှုန်းထားပါသည်။
“ပရိတ်သတ်များ”ဟု သုံးနှုန်းရန်အထိ ကျမ၏ စာရေးခြင်းအတတ်ပညာ မပြည့်မီပါ။

“အဖြူရောင်နတ်သမီး” ဘလော့ဂ်သည် ကျမ၏ ရင်ထဲက ခံစားချက်တို့ပေါက်ကွဲရာ
နေရာဖြစ်သည့်အတွက် ကျမ၏ ကိုယ်ရေးကိုယ်တာနှင့် ပတ်သက်သော ၊
မိသားစုနှင့်ပတ်သက်သော ဆောင်းပါးများကိုလည်းတွေ့မြင်နိုင်သည်။
ခံစားချက်နှင့်ဆိုင်သော ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ မကျေနပ်ခြင်း၊
အစရှိသည့် ရင်တွင်းပေါက်ကွဲမှုများကို ကလောင်ဖြင့် အသက်သွင်းထားသော
ဆောင်းပါးတစ်ချို့ကြောင့် စာဖတ်သူများ၏ စိတ်ကို အနှောက်အယှက်ပေးမိပါလျှင်
ကျမဘက်မှ အနူးအညွတ်တောင်းပန်ပါသည်။

ကျမပြောချင်ပါသည်...
ကျမသည် စာရေးဆရာမတစ်ယောက်မဟုတ်ပါ...၊သို့သော်..
ခံစားတတ်သည်။

ကျမသည် စာရေးဆရာမတစ်ယောက်မဟုတ်ပါ...သို့သော်..
စာရေးပါသည်။

ကျမသည် စာရေးဆရာမတစ်ယောက်မဟုတ်ပါ...သို့သော်..
ဘလော့ဂ်ကာတစ်ယောက်ဖြစ်သည်။

ကျမသည် စာရေးဆရာမတစ်ယောက်မဟုတ်ပါ...သို့သော်..
စာဖတ်သူများ၏ အားပေးမှုကို ခံချင်သူဖြစ်သည်။

ကျမသည် စာရေးဆရာမတစ်ယောက်မဟုတ်ပါ...သို့သော်..
အနုပညာသမားတစ်ယောက်ဖြစ်ချင်သည်။

ကျမသည် စာရေးဆရာမတစ်ယောက်မဟုတ်ပါ...သို့သော်..
စာဖတ်သူတို့၏ ချစ်ခြင်းမေတ္တာကို ရယူချင်သူဖြစ်သည်။

ကျမသည် စာရေးဆရာမတစ်ယောက်မဟုတ်ပါ...သို့သော်..
စာဖတ်သူများထံမှ ဝေဖန်၊ သင်ပြ ၊ အမှားပြင်ပေးမှုများကို လက်ခံနားလည်နိုင်သူဖြစ်သည်။

ကျမသည် စာရေးဆရာမတစ်ယောက်မဟုတ်ပါ...သို့သော်..
ကျမ၏ ခံစားချက် စကားလုံးများနှင့် ဖန်တီးထားသော
“အဖြူရောင်နတ်သမီး”ဘလော့ဂ် (၂)နှစ်ပြည့်ခဲ့လေပြီ။

ကျမသည် စာရေးဆရာမတစ်ယောက်မဟုတ်ပါ...သို့သော်..
ကျမ၏ ရင်ထဲက ခံစားချက်များနှင့် ကိုယ်တွေ့ဖြစ်ရပ်များကို Blogspot
ပေါ်တွင် ဆက်လက်ရေးသားနေပါဦးမည်။

စာဖတ်သူများအား အစဉ် ဂါရဝပြုလျှက်...
နမ်းမဝ(အဖြူရောင်နတ်သမီး)
......................................................

ပထမဦးဆုံး တင်ပြချင်တာလေးကတော့ ကိုဂျစ်တူးရဲ့ ကဗျာလေးပါ၊ ဒီကဗျာလေးကို ကိုဂျစ်တူးက မရေးတတ် ရေးတတ်နဲ့ ရေးပြီး ကျမဆီကို အရင်ဦးဆုံးရောက်ရှိလာတဲ့ လက်ဆောင်ကဗျာလေးပါ။
ကျမလည်း သူငယ်ချင်းတွေ ပေးပို့လာတဲ့ ကဗျာများနဲ့ဆောင်းပါးများကို တင်ခဲ့ပေမယ့် ကိုဂျစ်တူးရဲ့ကဗျာလေးကို တင်ဖို့ ကျန်နေခဲ့ပါတယ်...။
အကြောင်းရင်းကတော့ ပေးပို့လာတဲ့ ကဗျာ၊ဆောင်းပါးများကို ကျမရဲ့ mail ထဲမှာ “ဘလော့ဂ်(၂)နှစ်ပြည့်” ဆိုပြီး File နဲ့သိမ်းခဲ့တာ။
ကိုဂျစ်တူးရဲ့ကဗျာကိုကျတော့ ဓာတ်ပုံလေးပါ ပြင်ပြီး ပို့လိုက်တဲ့အတွက် “My personal File ”ထဲမှာ သိမ်းထားမိခဲ့လို့ပါ။
ကိုဂျစ်တူးကြီးရေ... စိတ်မကောက်ပါနဲ့နော်.. လိမ္မာပါတယ်..၊ ခုတင်လိုက်ပြီနော်.. ခွင့်လွှတ်..း)

နောက်ကနေမင်းကြီးဝင်သွားတဲ့အချိန်
ဖြူ ရောင်တိမ်တွေမမြင်တွေ့ ရတော့ပေမဲ့ 
ရောင် ခြာခြာဖြစ်မနေပါဘူး
နတ်သမီးကလေးကို
တို့ သမီးဝတ်စုံကလေးနဲ့ 
မီး ရောင်စုံပန်းတွေနှင့်အတူ
ကျနော်ကဓါတ်ပုံကလေးတွေရိုက်ပေးချင်သူပါ။
ဂျစ်တူး(မုံရွာ)
...............................................................

မနမ်းရေ ...
ဒီနေ့ ၃၀ ရက်နေ့မှာ ကြရောက်တဲ့ မနမ်း ရဲ့ Blogs လေး( ၂ )နှစ်တောင်ပြည့်ခဲ့ပြီပဲ။
ကျွန်တော်ကဗျာတွေစာတွေတော့ သိပ်ပြီးမရေးတတ်လို့ မရေးပေးတော့ဘူးနော်..
ဒီလို အဖြူရောင်နတ်သမီးဆိုတဲ့ နာမည်နဲ့လိုက်အောင် စိတ်ထားကောင်းပြီး၊ ခင်မင်စရာကောင်းတဲ့ မနမ်းရဲ့ Blogs လေးကို( ၂ )နှစ်တိတိပြည့်အောင် ကြာရှည်အောင်ထိမ်းသိမ်းသွားနိုင်ပါစေ။
မနမ်းရဲ့ လိုအင်ဆန္ဒတွေပြည့်ဝပြီးတော့ Blogs လေးလည်း ဒီထပ်မက စာကောင်းပေကောင်းတွေ အများကြီးရေးနိုင်ပါစေခင်ဗျာ။
မနမ်းချစ်တဲ့ အွန်လိုင်းမှမောင်နှမ များစွာနဲ့တွေ့ပြီး တနေ့တာ ပင်ပန်းနွမ်းနယ် မှုတွေ ပပျောက်ပြီး ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ။
လေးစားစွာဖြင့် မောင်လေး ရွှေပု(အဖြူရောင်သံစဉ်)


ခင်မင်ရတဲ.အဖြူရောင် နတ်သမီးက အင်တာနက်သုံးတာ 2 နှစ်တောင် မပြည်.သေးတဲ. ကျွန်တော်.ကို သူ.ရဲ.ဘလော. 2 နှစ်ပြည်.အမှတ်တရစာလေးရေးပေးပါတဲ..။
( အဲလောက်ကို အထင်ကြီးခံရတာ ) စာရေးပျင်းတဲ. ကျွန်တော် ဘာရေးရမှာမှန်းမသိဘူး ။ သူကလဲ ပြောပါတယ် ဘာပဲဖြစ်ဖြစ်အမှတ်တရ အဖြစ်ပါတဲ.။ စာရေးပျင်းလို. ဆင်ခြေအမျိုးမျိုးပေးပြီးနေလာလိုက်တာ ဒီနေ. ( 30.7.2011 ) မှာတော. သူက သူငယ်ချင်းအားလုံးကို မေတ္တာပို.ထားတယ် ။ " အားလုံးသတ္တ၀ါဘေးရန်ကွာ ကျန်းမာကြပါစေ ။ အိမ်ရှေ.က ဦးတုတ်ကြီးမပါ " ဆိုသလို သူငယ်ချင်းများအားလုံးကို ကျေးဇူး....... အထူး... ကဗျာမပေးသူ ၊ စာမရေးပေးသူ ၊ လူရင်းသစ္စာဖောက်များမပါတဲ. ။ " တိန် ..... ကိုသက်ပိုင် ( မြစ်ကျိုးအင်း blog ) နဲ.ဘလော.ဂါ ကိုဇော်တို.ရဲ. ဘလော.ပို.စ် ဖြစ်တဲ. " ဘလော.ဂါများသို. စာလေးတစ်စောင် ... နုနုရည် ( အင်းဝ ) ဆိုတဲ. ပို.စ်ကိုကူးပြီး ကျွန်တော်ပြောချင်တာဒီထဲမှာပါတယ် လုပ်လိုက်ရမလားလို. စဉ်းစားမိတယ် ။ ဒါလဲ သစ္စာဖောက်က မလွတ်သေးဘူး ။ ဒီလို.နဲ. နတ်သမီးကို သစ္စာ ဖောက်တဲ.သူတော. အဖြစ်မခံနိုင်ဘူးဆိုပြီး ရောက်တတ်ရာရာ ပေါက်တတ်ကရ ရှောက်ရေးရတော.တာပဲ ။

အဖြူရောင်နတ်သမီးက တခြားသူတွေအတွက်တော.မသိဘူး ။ ကျွန်တော်.အတွက်တော. ကျေးဇူးကြီးတယ်ဗျ ။ ဘလော.ဂါရွာကြီးထဲကို လည်တတ် ပတ်တတ်အောင် သူပဲ ဆွဲခေါ်သွားတာ ။ ဆွဲခေါ်တယ်ဆိုလို.လက်ဆွဲခေါ်တယ် မထင်လိုက်နဲ. ။ စိတ်အာရုံကို စိတ်ဝင်စားမှုဖြစ်အောင် ဆွဲခေါ်သွားတာ ။ နတ်သမီးက အဲလောက်ကို ဖမ်းစားနိုင်တယ် ။ ဒီတစ်ခါလည်း စိတ်ကိုပြောတာနော် ။ ကျွန်တော်အင်တာနက် သုံးတတ်ခါစ အွန်လိုင်းပေါ်ရောက်တိုင်း အမြဲတမ်းလည်ဖြစ်တဲ.ဘလော.လေးက နတ်သမီးရဲ. ဘလော.လေးပါ ။ အွန်လိုင်းပေါ်ရောက်တိုင်း နတ်သမီးရဲ. ဘလော.မှာ ပို.စ် အသစ်တင်လား ၀င်ကြည်.မိတယ် ။ နတ်သမီးရဲ. မြန်မာဆန်ဆန်ပုံလေးတွေ ၀င်ကြည်.တာလည်း ပါတာပေါ.နော် ။ " အပြင်မှာတော.ဘယ်လိုဝတ်လဲ မသိဘူး ။ နတ်သမီးပြောတာတော. ဟောရှော.ပဲ တဲ. " ။ အဲလိုဝင်လည်ဖြစ်တာ နတ်သမီး ဘလော.ဆောက်ပြီးခါစ ကျွန်တော်ကလည်း အင်တာနက် သုံးတတ်ခါစဆိုတာ နောက်မှသိရတယ် ။ ဒီလိုနဲ. နတ်သမီးပျောက်သွားလိုက်တာ 1 လကျော်လောက်မှပြန်ပေါ်လာတယ် ။

ပြန်ပေါ်လာတော.မှပဲ နတ်သမီး တောကို အလည်ပြန်နေတာ သိရတော.တယ် ။ မြန်မာပြည်က ပြန်လာမှ တင်တဲ.ပို.စ်တွေ ဖတ်ကြည်.တော.မှပဲ နတ်သမီးရဲ. ၀ါသနာ အတိတ်ပုံရိပ်တွေ မြင်၇တော.တယ် ။ နတ်သမီးက တစ်ချိန်က မော်ဒယ် နမ်းမ၀ ဆိုပါလား ။ အဲဒါနဲ. လက်ခုပ်တီးပြီး အားပေးမယ် လုပ်တုန်း ပွဲသိမ်းခရာ မှုတ်လိုက်သလိုပဲ " နမ်းမယ်လုပ်တုန်း " အဲလေ အားပေးမယ်လုပ်တုန်း နတ်သမီးက အနုပညာ အလုပ်တွေ မလုပ်တော.ဘူးတဲ. ။ ဖတ်ရှင်ရှိုးပဲ လျှောက်မယ်ဆိုပဲ ။ အဲလေ မှားလို. ဖတ်ရှင် အလုပ်ပဲ လုပ်မယ်ဆိုပဲ ။ နတ်သမီး ဖတ်ရှင် Booking လုပ်ထားကြနော် ။

တစ်ရက် နတ်သမီးရဲ. G.talk အကောင်.လေး ကိုယ်ရောင်ကိုယ်ဝါပြလာလို.

ကျွန်တော်းး နတ်သမီးနေကောင်းလား

နတ်သမီးးး မကောင်းဘူး

ကျွန်တော်းး ပင်လယ်ရပ်ခြားမှာဆိုတော. ကျန်းမာရေး ဂရုစိုက်ပေါ. နော် နတ်သမီး

နတ်သမီးးး ဟုတ်ဘူး စိတ်မကောင်းဖြစ်နေတာ ကိုကြီးကျောက်ကို လွမ်းလို.

ကျွန်တော်းး ကိုကြီးကျောက်က အလုပ်ထဲကပြန်သွားလို.လား ။ ( အဲလောက်ကို မသိတာ )

နတ်သမီးးး ကိုကြီးကျောက် ( ရွှေရတု မှတ်တမ်း ) လေ ။ သူ မနေ.က ဆုံးသွားပြီ .......ဆိုပြီး ဘလောဂါကိုကြီးကျောက်ကို သူ လွမ်းနေလိုက်တာ ကျွန်တော်တောင် မျက်ရည် ၀ဲသွားတယ် ။ ကျွန်တော်က ဘလော.ဂါ တစ်ယောက်မဟုတ်လေတော. ကိုကြီးကျောက်ရဲ. ဘလော.ကို ရောက်မှ မရောက်ဘူးတာ ။ နတ်သမီးအတွက် မွေးနေ. အမှတ်တရ ပို.စ်လေး ကိုကြီးကျောက်ရေးပေးထားတာပဲ ဖတ်ဖူးတာ ။ အဲဒီနောက်မှာပဲ ကိုကြီးကျောက်ဆိုတာ ဘလော.ဂါတွေ သိပ်ချစ်ကြတဲ. ခင်တတ် မင်တတ် ပျော်ပျော်နေတတ်တဲ. အကိုကြီးတစ်ယောက်ဆိုတာ သိရတာ ။

အဲလိုပါပဲ နတ်သမီးတစ်ယောက် သူငယ်ချင်းတွေ အတွက် မွေးနေ.ပွဲလေး လုပ်ပေးလို. ၀င်နွှဲပြီး နတ်သမီးရဲ. ခင်မင်မှု အမှတ်တရလေးတွေ အတွက် ပျော်ရွင် ကြည်နူးခဲ.ရသလို သူရဲ. သူငယ်ချင်းတစ်ယောက် လောကကြီးနဲ. နှုတ်ဆက်သွားလို. ၀မ်းနည်းပူဆွေးနေတဲ. အခါလည်း တိတ်တိတ်လေး အတူတူ ၀မ်းနည်းပေးရလောက်အောင် ခင်မင်ဖို. ကောင်းပါတယ် ။

ကျွန်တော် ဘလော.ဂါ တစ်ယောက် မဟုတ်ပေမဲ. အဖြူရောင် နတ်သမီးနဲ. အတူ ဘလော.ဂါရွာကြီးထဲက ဘလော.ဂါ အားလုံးကို ခင်မင်လေးစားကျေးဇူးတင်လျက် ရသပေါင်းစုံ စာပေတွေ ပိုပိုပြီး ရေးသားနိုင်ကြပါစေလို. ဆန္ဒပြုရင်း


" နတ်သမီးရဲ. အိမ် "

ကျွန်တော် မသိလိုက်ဘူး
တစ်လှမ်းခြင်း စမ်းတ၀ါးဝါး
တောကနက်နက်လာတယ်
မြို.ပြတွေ စည်ကားနေတာတွေ.တယ်
စစ်ပွဲတွေကို ဖြစ်လျှောက်ရင်း
ငြိမ်းချမ်းခြင်း ရသတွေကိုလည်း တွေ.တယ်
ဒေသန္တရ တွေနှစ်သက်တဲ. ငါ
တောနက်နက်တစ်နေရာက ,
အဖြူရောင် နတ်သမီးရဲ.
အဖြူရောင်အိမ်လေးကို ရောက်ခဲ.တယ်
အဲဒီအဖြူရောင် အိမ်လေးမှာ
နတ်သမီးဖန်ဆင်းတဲ.
နတ်မင်းကြီးတွေ အတွက် မွေးနေ.ပွဲ
မဖိတ်ဘဲနဲ. ၀င်နွှဲခဲ. ဖူးတယ် ။ ။
လေးစားစွာဖြင့်..မောင်မောင်တင်
....................................................................























နတ်သမီး (သို့ ) အဖြူသက်သက် ရစ်သမ်

ရေလှိုင်းခတ်သံ ကြားတိုင်း
ဒဏ္ဍာရီဆန်တဲ့ ရက်စွဲအချို့ဟာ...
အတွေးထဲမှာ နေသားတကျ..
အဖြူရောင်လွင်ပြင်ကျယ်ကြီးထဲက...
ခရမ်းရင့်ရောင် နှင်းဆီတွေ..
ပြေပြစ်ကျော့ရှင်းခြင်းနဲ့အတူ...
သူမက...ရင့်ကျက်ခြင်းတွေကို ပိုင်ဆိုင်တယ်..
နတ်သမီးရေ........
သမိုင်းစာမျက်နှာအချို့ကတော့..
ဘာသာပြန်လွဲခဲ့ဖူးရဲ့...
ပျော်ဝင်နစ်မျောခြင်းဟာ..
သိုးတစ်ကောင်လို....ဖြူစင်နေဆဲ
ပီကာဆိုရဲ့ မပြီးဆုံးနိုင်တဲ့ ပန်းချီကားတစ်ချပ်လို
ကောင်းကြောင်းတစ်စုံနဲ့ စုတ်ချက်ရာတွေက
ဟိုး..........ဝေးဝေးက
ဖမ်းဆုပ်မရတဲ့....သက်တန့်ရောင်စဉ်တွေလို.
လိပ်ပြာတွေလည်းဝဲပျံကြ
နှင်းဆီတစ်ပွင့်ရဲ့ခမ်းနားခြင်းမှာ
ရိုးသားဖြူစင်ခြင်းတွေ စီးဝင်လို့...
နတ်သမီးရေ....
ရွှေရောင်ကောင်းကင်မှာနေပျော်လှဲ့
သက်တန့်ရောင်စဉ်တွေလည်း ဖန်ဆင်းလှဲ့
တခါတခါ...
အဖြူရင့်ရင့် ရစ်သမ်တွေနဲ့..
ဆံနွယ်တချို့ကို ၀ဲခါခဲ့....
အဲဒီအခါ...
ပန်းတို့ အကုန်မြေခတယ်...
ပန်းတို့ အကုန် ကြွေ ကျ မယ် . . .

သက်တန့်ချို
29 July 2011

...............................................................

မှော်ရုံတခု ဖန်ဆင်းခြင်း
ကဗျာစာပေနဲ့ အနုပညာကို ချစ်မြတ်နိုးတဲ့ နတ်သမီးလေးတပါး တည်ဆောက်ထားတဲ့ မှော်ရုံတောလေးတခု.. ကမ္ဘာမြေပေါ်ကို ခြွေချခဲ့တာ သက္ကရာဇ်နှစ်ခု ကမ္ဗည်းထိုးသွားခဲ့ပြီ။

အဖြူရောင်အလွမ်းသံစဉ်တွေကို သယ်ဆောင်လာပြီး ပျိုးနေခဲ့တဲ့ မှော်ရုံတောလေးက လူသားတွေရဲ့ နှလုံးသားကို ဖမ်းစားညှို့ယူနိုင်စွမ်းနဲ့အတူ ရောင်ပြန်မေတ္တာတွေ တနင့်တပိုးနဲ့။ ချိုမြိန်သာယာတဲ့ အပြုံးချိုချိုလေးတွေ.. ဆွတ်ပျံ့ဖွယ် တေးသံသာလေးတွေ.. အိပ်မက်တွေကိုပိုက်ထွေးထားတဲ့ ရင်ခွင်တစုံ..က မှော်ရုံတောလေးထဲမှာ ငွါးငွါးစွင့်စွင့် ဝင့်ကြွားလို့။ တွေ့ကြုံခဲ့သမျှ ခံစားရမှုတွေ. လျှောက်လှမ်းနေရတဲ့ ဘဝအမောတွေ.. ဝေးကွာခြင်းဒဏ်ရာတွေကို မေတ္တာအဖြစ် အသွင်ပြောင်းပြီး လောကလေးကို အလှဆင်နိုင်ခဲ့တယ်။

နတ်သမီးလေးကသူမ ပိုင်ဆိုင်တဲ့ မှော်ရုံတောလေးထဲကို လာရောက်လည်ပတ်ကြတဲ့ သူတွေကိုလည်း နွေးထွေးတဲ့ အပြုံးလေးနဲ့ ကြိုဆိုတတ်တယ်။ တောအုပ်ကြီးတခုလုံးရဲ့ မေတ္တာတွေနဲ့ လွှမ်းခြုံပေးတဲ့ အနွေးဓါတ်ကြောင့် နတ်သမီးလေးရဲ့ မှော်ရုံတောလေးလည်း လင်းရောင်ခြည် တောက်ပလို့ ဝေဆာနေခဲ့တယ်။

မှော်ရုံတောလေးထဲမှာ လျှောက်လှမ်းနေရင်း တခါတရံ ဝိညာဉ်တစ္ဆေတွေနဲ့ ရင်ဆိုင်တိုးခဲ့ရတဲ့ ခြောက်လှန့်ခံရမှုတွေကို မုဒိတာတရားလက်ကိုင်ထားလို့.. ဖြစ်တည်လာခဲ့တဲ့ အလွမ်းကို ကဗျာအဖြစ် ဖွဲ့သီလို့.. ဖြူစင်တဲ့ စိတ်တွေနဲ့ တည်ဆောက်ထားတဲ့ ရင်တွင်းခံစားချက်တွေကို ကလောင်တံနဲ့ အစက်ချလို့…. ယုံကြည်ချက် သစ္စာကို ထမ်းပိုးရင်း… မျက်ရည်စကို ငွေ့ရည်အသွင်ဖွဲ့လို့ မြင့်မြတ်တဲ့ စိတ်လေးနဲ့ တည်ဆောက်ထားပြီး လှပစွာဖန်ဆင်းပေးနေတဲ့ နတ်သမီးလေးလည်းဖြစ်ခဲ့တယ်။

မှော်ရုံတောလေးထဲမှာ နတ်သမီးလေးရဲ့ မှတ်တိုင်ထင်ရစ်မယ့် စာပန်းကုံးလေးတွေနဲ့ သေသေသပ်သပ် တန်ဆာဆင်ပေးတဲ့ မွှေးပျံ့နေမယ့် မှတ်တိုင်လေးတခုကတော့ မှတ်ကျောက်တခုအဖြစ် တည်တံ့နေမှာပါ။ တခါတရံ တိုးဝင်တိုက်ခတ်လာတဲ့ လေဆန်ခရီးကို သစ္စာတရားနဲ့ အံတုကျော်လွှားရင်း ခိုင်မာတဲ့ စိတ်ဓါတ်တစုံကို ထုဆစ်နေအုံးပေါ့။

မှော်ရုံတောလေးထဲမှာ ကလောင်သွားလေးကို ကိုင်ထားတဲ့ နတ်သမီးလေးရဲ့ စီးမျောနေတဲ့ နှလုံးခုံသံတိုင်းမှာ သန့်ရှင်းတဲ့.. အကျိုးပြုတဲ့.. အလွမ်းတွေကိုဖွင့်ချတဲ့.. သဘာဝတရားကြီးရဲ့ တရားတွေ.. ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေ.. သဘာဝတရားကြီးကြောင့် ရလာခဲ့တဲ့ ဘေးအန္တရာယ်တွေကို စာနာဖေးကူတဲ့၊ စိတ်ခွန်အား ဖြည့်ဆည်းပေးနိုင်တဲ့.. တရားသောမျှတမှုတွေကို ဖေးမလက်တွဲ ဖွင့်ဟပေးတဲ့.. တန်ဖိုးရှိနေမယ့် စာပေအဖြစ် ရေးဖွဲ့ခွင့် ရနိုင်သော ကလောင်လက်တစုံကို ပိုင်ဆိုင်တဲ့ နတ်သမီးလေးအဖြစ် ဂုဏ်ယူရဲရင့်စွာနဲ့ လှပသက်ဝင်နေပြီး လင်းရောင်ပေးစွမ်းနိုင်တဲ့ စာပေဥယျာဉ်ကြီးတခုကို ရှင်သန်ကြီးထွားအောင် ပျိုးထောင်ပေးမယ့် မှန်ကန်တဲ့အသိပညာ. တန်ခိုးသတ္တိတွေနဲ့ ပြည့်စုံတဲ့ လာခြင်းကောင်းသော နတ်သမီးလေးရဲ့ မှော်ရုံတောလေးတခု ဖြစ်စေသော်။

ချစ်တဲ့ သဒ္ဓါ

(အဖြူရောင်နတ်သမီး ဘလော့ နှစ်နှစ်ပြည့် အမှတ်တရ)
....................................................................................


" ညီမလေးဘလော့အားစတင် ဖတ်ရှုမိသည်မှာ ဘယ်အချိန်ကလဲ မမှတ်မိတော့...
ဒါပေမယ့် သူ၏ဓာတ်ပုံများနှင့်ပတ်သတ်ပြီး အလွန်စိတ်ညစ်နေချိန်ဖြစ်သည်....
မိန်းကလေးခြင်းကိုယ်ခြင်းစာမိပါ....သူ့အား အားပေးသည့်ကော်မန့်လေးရေးမိသည်မှ စ၍ သူ့ဘလော့ ပို့သစ်တင်တိုင် လာဖတ်ဖြစ်ပါသည်... ညီမလေးသည် စိတ်ဓာတ် သိမ်မွေ့ ဖြောတ်မတ်သူလေးမှန်း သိသာသူလေးဖြစ်ပါသည်.... သူ၏ မျက်နှာမှာ အထင်ရှားဆုံးက မျက်ခုံးဖြစ်ပါသည်....
ယဉ်ကျေးမှုခြင်းလုံးဝ ကွာခြားသောနေရာမှာ အဖော်မပါတကိုယ်တည်းနေပြီး....
ပတ်ဝန်းကျင်မှ လူအားလုံးနှင့် ချစ်ခင်နေတာတွေ့ရသဖြင့် ချီကျူးမိပါသည်....
ညီမလေးတကယ် တော်ပါသည်..... မြန်မာ အကျီင်္လေးများနှင်း အလွန်လိုက်ဖက်ပြီး ကိုယ်တိုင်ချုပ်တတ်သူလေးဆိုတာ သိရတော့ ထပ်ဆင့် ချီးကျူးမိပါသည်.... ဒီလောက် အလုပ်များတဲ့ကြားက တော်လိုက်တာဟုထင်မိပါသည်.... :D ညီမလေး ချုပ်သော မြန်မာ အကျီင်္လေးများကို ဝတ်ချင်မိပါသည်.... အဟဲ.... (ဂယ်ပြောတာ)

မမခြင်
..................................................

ထိုင်းက ရွှေ့ပြောင်း အလုပ်သမားတွေ အတွက် လုပ်အားပေးနေတဲ့ မောင်လေးတစ်ယောက်ရဲ့ မွေးနေ့  ကို ဘလော့ပေါ်မှာ လုပ်ပေးနေတဲ့ စေတနာ ကောင်းတဲ့ သဘောထား ပြည့်တဲ့ အမျိုးသမီး တစ်ယောက် အဖြစ် ဘလော့ဂါ မိုးယံရဲ့ ဘလော့ကနေ တဆင့် အဖြူရောင် နတ်သမီး ဆိုတာကို စသိခဲ့ပါတယ်။ အဲ..... အရင်ဝေဖန်ရေး ၀က်ဘ်ဆိုဒ် တစ်ခုမှာ ဖတ်ခဲ့ဖူးတာလည်း ၀န်ခံပါတယ် (နတ်သမီးကိုယ်တိုင် ရေးချထားတာမို့ )။ ဒါပေမယ့် အဲ့ဒီတုန်းက ဆိုက်ပရပ်စ် နတ်သမီး ကို ရင်းနှီးချင်စိတ် မရှိခဲ့ပါဘူး (ဝေဖန်ထားလို့ မဟုတ်)။ မွေးနေ့ လေး လုပ်ပေးတာ ဖတ်လိုက်ရတဲ့နောက်မှာ စိတ်ထဲမှာ အပျော် တ၀က် ကြည်နူးတစ်ဝက် ခံစားမိလို့  ရင်းနှီးမိလိုက်တာလို့  ပြောနိုင်ပါတယ်။

တစ်ခါတစ်ခါ ကလေးဆိုးကြီးလိုပဲ။ တစ်ခါ တစ်ခါ ကျ မိန်းမ (အလွန်) ပီသနေပြန်ပါတယ်။ တစ်ခါ တစ်ခါ ကျ ယောင်္ကျား ဆန်နေသလို Imagine လုပ်ဖို့  ခက်တဲ့ အမျိုးသမီး တစ်ဦးဖြစ်ပါတယ်။ ထူးခြားမှုကတော့ မြန်မာ အမျိုးသမီးတွေထဲမှာ အတော်အတန် မြင့်မားနေတဲ့ အရပ်ဖြစ်ပါတယ်။ နောက်တစ်ခုက သူမ ရဲ့ အပြုံးပါ အနည်းငယ် ထူးခြားနေသလိုပါပဲ (သူမ ဟာ ကျနော့ အစ်မ အရင်းသဖွယ်ပါပဲ)။

သူမ စိတ်ဝင်စားတာလေးတွေကို ဖြစ်မြောက်အောင် လုပ်ဆောင်တတ်ပါတယ်။ သရုတ်ဆောင်ပညာမှာ ၀ါသနာ ပါတဲ့ အလျောက် ကိုယ်ပိုင် ဗီစီဒီ လေးတွေ Create လုပ်လုပ်ယူထားတာ သူမ ရဲ့ ကိုယ်ပိုင် အောင်မြင်မှု ဖြစ်ပါတယ်။ ဆိုက်ပရပ်စ် က အလုပ်ခွင်မှာ တာဝန်ကျေသူဖြစ်ပြီး ခေါင်းဆောင်ပိုင်း အချို့ကို နေရာယူထားသူ ဖြစ်ပါတယ်။ နိုင်ငံခြားသား တွေရဲ့ အားကျ အထင်ကြီးမှုကို ရရှိတဲ့ သူဖြစ်ပါတယ်။

လုပ်ငန်းခွင်ရဲ့ အရှုပ်ထုတ်ထဲက အားလပ်ချိန်တွေမှာ သူမ ၀ါသနာ ပါတဲ့ အချုပ်အလုပ် ဒီဇိုင်နာ အလုပ်ကို တတ်နိုင်သလောက် ပုံဖော်ကြည့်နေတာ သိခဲ့ရပါတယ်။ ဒါဟာ ကိုယ့်ဘ၀ ပန်းတိုင် ကို ကိုယ့်ဖာသာ အောင်မြင်အောင် တစ်စ တစ်စ ပုံဖော်နေခြင်းဖြစ်တဲ့ အတွက် စိတ်ဓါတ်ခိုင်မာ တဲ့ အမျိုးသမီး အဖြစ် ဂုဏ်ယူမိပါတယ်။ (ဟိုရက်က ဖျားတော့လည်း ကလေးကြီးကျနေတာပဲ ဟီဟိ)။

ဒါတွေဟာ ကျနော်သိတဲ့ နတ်သမီး မမ နမ်းမ၀ ပါပဲဗျာ။

ကဲ နတ်သမီးမမရေ......။ ဘလော့လေးရဲ့ မွေးနေ့ မှာ ဘလော့ရှင်လည်း ဆုတောင်းပဋဏာတွေ ရပါစေလို့ ဗျား။ ခံစားမှု ရသတွေ ဆက်လက် တင်ဆက်နိုင်ပါစေ။ ကိုယ့်ရဲ့ ရည်မှန်းရာ ပန်းတိုင်ကို အောင်မြင်အောင် ဆက်လက် လှမ်းနိုင်ပါစေ။ ဟဲဟဲ...... ၀ိတ်လည်း ထိန်းနိုင်ပါစေ ဗျာ.................. :D :D :D

ခင်မင် လေးစားလျက်။

ကိုကိုလတ် (အမှောင်ထုထဲက အလင်းစက်များ)
...............................................................................
မမအဖြူရောင် နတ်သမီးအတွက်
ဘလော့သက်တမ်း(၂)ပြည့်အမှတ်တရ

ကျော့မော့တဲ့ ကိုယ်ဟန်
နူးညံ့တဲ့ စိတ်ထားနဲ့
ဝံကြွားတဲ့ အလှ
ပေါင်းဆက်လို့ အသွင်ထူးနဲ့
လှတဲ့ မမ

ဖော်ရွှေတဲ့ ခင်မင်မှု
နှစ်လိုဖွယ် အပြုံး
ဖောဖောသီသီ သုံးပြိး
ဘလော့မောင်နှမတွေ
ချစ်တဲ့မမ

လှချင်သလို လှ
မာန်မကြွတဲ့
နတ်သမီးဆိုတဲ့ မမ

ကျန်းမာပျော်ရွှင်ဘဝ အောင်ပွဲတွေဆင်လို့
ထာဝရ ပျော်ရွှင်ဖို့
ဆန္ဒလှလှထုတ်ပိုး
ခပ်တိုးတိုးလေး ဆုတောင်း
ကြေငြာ မောင်းမခတ်ပဲ
ဘလော့သက်တမ်း (၂)နှစ်ပြည့်နဲ့အတူ
မေတ္တာဖြင့် ထုံမွမ်းသော ပန်းတို့နှင့်မခြား
လန်းပါစေကြောင်း ဆန္ဒပြု ဆုတောင်းရင်း
White Angel ရဲ့ သက်တမ်း နှစ်(၁၀၀)တိုင်စေသော်။

ခင်တဲ့ မမအတွက် ကဗျာလက်ဆောင်လေးပါ။
မမရေ အဆင်မပြေ မချောမွေ့ခဲ့ရင် ခွင့်လွတ်ပါလို့
ညီမလေး....:):)
Angelhlaing
.......................................................

လူ့ပြည်ကနတ်သမီး
သူလိုလူတွေလည်းရှိတယ်
လူ့ပြည်ကနတ်သမီး
ဘ၀အတွက်ကြိုးစားရုန်းကန်ရင်းနဲ့
သိထားတတ်ထားသမျှဗဟုသုတတွေကို
အချိန်ယူကာကြိုးစားဝေငှရင်း
လောကကောင်းကျိုးအတွက်
တတ်စွမ်းသမျှကိုကူညီအကျိုးဆောင်ရင်း
သာမန်လူတယောက်ရဲ့
ပညာအသိအမြင်တွေကိုကြိုးစားမျှဝေဖို့အတွက်
အရှေ့ဥရောပရဲ့ ဆိုက်ပရပ်စ်မှာ
အဖြူရောင်နတ်သမီးဘလော့ဂ်ပေါ်လာခဲ့တယ် --- ။
ဇာနည်မောင်
အဖြူရောင် နတ်သမီး ဘလော့ဂ် ၂ နှစ်ပြည့်နှစ်ပတ်လည်အတွက်အမှတ်တရ
--
လေးစားစွာဖြင့်
ဇာနည်မောင်

.....................................

အဖြူရောင်နတ်သမီး
နှစ်နှစ်ပြည့်ဘလော့ဂ်လေးအတွက် အမှတ်တရ ကဗျာဖြစ်ဖြစ် ဆောင်းပါးဖြစ်ဖြစ်ရေးပေးပါတဲ့….
ကျမက ကဗျာရေးဒီလောက်ညံ့တာ အဲဒါတော့မဖြစ်နိုင်…။
ဆိုတော့… အမှတ်တရ တစ်ခုခုတော့ရေးပေးမယ်ပေါ့….။
အဖြူရောင်နတ်သမီးကိုစသိတာ ကျမရဲ့ညီမငယ် အနှိုင်းမဲ့ဆီကပါ…..။
တကယ်တမ်း စာရေးရတာကို အရမ်းရူးသွပ်လွန်းလို့သာ ဘလော့ဂ်လောကထဲကို ရောက်လာခဲ့တာ…
ကျမမှာ အသိမိတ်ဆွေက ခပ်ရှားရှားရယ်….။
အနှိုင်းမဲ့က ကဗျာသမားဆိုတော့ သူ့ချိတ်ထားတဲ့ လင့်တွေကလည်း များသောအားဖြင့် ကဗျာဘလော့ဂ်တွေများတယ်….။
အဲ…အဖြူရောင်နတ်သမီးကိုတော့ သူ့ဆီကသွားလည်ရင်းနဲ့ သူငယ်ချင်းဖြစ်သွားကြတာ….။


သူ့ဘလော့ဂ်လေးက ကဏတော်တော်စုံပါတယ်….။
ဗဟုသုတရစရာ ကျမတို့မသိ မမြင်ဖူးတဲ့ နိုင်ငံရပ်ခြားက အထူးအဆန်းတွေကို အမြဲတင်လေ့ရှိတဲ့အပြင်…. နတ်သမီးလေးရေးတဲ့ ကဗျာတွေ ၀တ္ထုတွေဆိုလည်းအရမ်းကောင်းတယ်..။
ပြီးတော့ သူက အမြဲတမ်း သူငယ်ချင်းတွေရဲ့ မွေးနေ့ကို အစားသောက်လက်ဆောင်တွေနဲ့ စီစဉ်ပေးတတ်သူလေး အရမ်းကို ချစ်ဖို့ကောင်းသူပါ….။
ကျမက အပြင်မှာဆုံဖူးထားတော့ နတ်သမီးဘယ်လောက်လှတယ်ဆိုတာကိုသိထားပြီးသား ပြောမပြတော့ပါဘူး… အားလုံးသိကြပါတယ်….။ သူက ဓါတ်ပုံရိုက်ရာမှာ ရူးသွပ်သူဖြစ်သလို အိုက်တင်ကောင်းသူလည်းဖြစ်သေးတယ်….။
အဓိကကတော့ သူဟာ စိတ်ထားအင်မတန်ကောင်းသူ ဖြစ်တယ်…။
ဒီနေရာမှာ ကျမပြောချင်တာက လူတစ်ယောက်ကို အပေါ်ယံကြည့်ရုံနဲ့ သူ့စိတ်ထားကို ရမ်းသမ်းပြီးပြောလို့မရဘူး ခန့်မှန်းလို့မရဘူး….။
ဘာပဲဖြစ်ဖြစ် စာပေကိုချစ်မြတ်နိုးပြီဆိုကတည်းက အဲဒီလူရဲ့စိတ်ထားဟာ နူးညံ့ပြီးသား… အဲဒါကတော့ အော်တိုမက်တစ်ပဲ…။

အဲ…ဘာဆက်ရေးရမလဲ….။ အကုန်လုံးစုံနေပြီဆိုတော့… ဆုတောင်းစာလေးပဲရေးပေးတော့မယ်….။ နှစ်နှစ်တာကာလမှာ လေမုန်တိုင်းထန်တာလဲ ခံခဲ့ရဖူးမယ်…. လေပြေနုအေးတိုက်ခတ်တာလဲ ခံခဲ့ဖူးမယ်ထင်ပါတယ်….။ နှစ်နှစ်ဆိုတဲ့အချိန်က ခဏကလေးပါ…ဒါပေမယ့် ကိုယ့်ကိုချစ်တဲ့ ပိတ်သတ်ရဖို့… သူငယ်ချင်း မိတ်ဆွေအပေါင်းသင်းအများကြီးရဖို့ဆိုတာ သိပ်မလွယ်ပါဘူး….။ စာပေအပေါ် စာဖတ်ချစ်သူတွေအပေါ် ကိုယ့်ရဲ့ စိတ်စေတနာမှန်ကန်လို့သာ ဒီနေ့ အောင်မြင်နေတဲ့ အသိမှတ်ပြုခံနေရတဲ့ “အဖြူရောင်နတ်သမီး”ဆိုတဲ့ ဘလော့ဂ်တစ်ခု မားမားမတ်မတ် ကြံ့ကြံ့ခိုင်ခိုင်ဖြစ်လာရတယ်ဆိုတာ အာလုံးအထင်းသားမြင်နေကြတာပါ…။ ဒါကြောင့် ၀ါသနာနဲ့တစ်ထပ်တည်းကျတဲ့ စာရေးခြင်းအလုပ်ကို ချစ်တဲ့ ညီမ မနမ်း(အဖြူရောင်နတ်သမီး)တစ်ယောက် နောက်နှစ်ပေါင်းမြောက်များစွာအထိ အနုပညာအလုပ်များကို ဘလော့ဂ်ပေါ်မှာရော အနုပညာနယ်ပယ်မှာပါ….. တည်တံ့ခိုင်မြဲစေသော်……။

ချစ်တဲ့
မိုးငွေ...................................................
ပုံပြင်တွေထဲက မြို့ကလေး
ဆိုက်ပရပ်စ်က နတ်သမီးရဲ့
ခံစားချက်တွေ ပုံဖော်ရာ
ဘလော့ ကမ္ဘာကလေး
နှစ်နှစ်မှသည်
နောင် နှစ်ပေါင်းများစွာ
ကဗျာတွေ စာတွေနဲ့
ဝေဆာနိုင်ပါစေ...။

သိင်္ဂါကျော်
...................................






မြန်မာဆန်ဆန်အလှနဲ့ 
မြင်သူငေးရ
လှပကျော့ရှင်း လှယမင်းဟု
တင်စားခေါ်ဝေါ်၇လောက်အောင်
လှပပေတဲ့  မမ နတ်သမီး

ဖြူစင်တဲ့ စိတ်ထား
အေးမြတဲ့ အပြုံးနဲ့ 
မြင်ရသူစိတ်ကြည်နူးစေတဲ့ 
မမ နတ်သမီး

ခံစားမှုတွေကို ဖွင့်ဟ
စာတွေအဖြစ် ရေးချကာ
ဘလော့လေးထဲမှာ
ပျော်မွေ့ နေတဲ့ 
မမ နတ်သမီး

ချစ်သူ ခင်သူ
ပေါကာများလို့ 
မောင်လေး ညီမလေး
မှားတတ်ခဲ့ သူ မမ နတ်သမီး

ပွင့်လင်းဖော်ရွေ
ခင်မင်တတ်ပေးတဲ့ 
မမ နတ်သမီး

ကျမ်းမာကိုယ်စိတ်
ခညောင်းစေကြောင်း
ဆုမွန်တောင်းပြီး
ကလောင် အစွမ်း
စာပေလမ်းမှာ နေလိုလလို
ဝင်းပစေကြောင်း
ဆုမွန်တောင်းဧ။်
မမ နတ်သမီး (http://seaandangel.blogspot.com/ )
ဘလော့ ၂ နှစ် ပြည့် အမှတ်တရ
ဖြိုးမောင်မောင်
..................................................

အဖြူရောင်နတ်သမီးလေး မွေးဖွားတာ ၂ နှစ်ပြည့်ပြီတဲ့..
အဲ့တာ ကို လက်ဆောင်လိုချင်ပါသတဲ့ ၊သူတောင်းတဲ့လက်ဆောင်.. တန်ဘိုးက ဖြတ်မရ ၊ ရှားပါးပစ္စည်း
ဪ.. ဒုက္ခ .. မရှိတဲ့ ဟာ လာတောင်းနေပြန်သေးတယ် ။
ဘာများလည်း လို့တော့မထင်နဲ့ ၊..
ဒီလို ဒီလို ဇာတ်လမ်းက.. နတ်သမီးတန်မဲ့ လူတွေ လက်သရမ်းနေကြတဲ့ ဖဘ မှာ လာအော်သွားတာ...
“ မမကိရေ.. ဒီလကုန်(၃၀)ရက်နေ့မှာအဖြူရောင်
နတ်သမီးဘလော့ဂ်(၂)နှစ်ပြည့်ပါတယ်၊
အဲဒါ မမကိဆီက ကဗျာ(သို့) အဖြူရောင်နတ်သမီးဘလော့ဂ်ဝေဖန်ေ
ရးဆောင်းပါးလေး လက်ဆောင်လိုချင်လို့ပါ၊ ပေးမယ်မလားဟင်..၊ မမကိက အရမ်းချစ်ဖို့ကောင်းတယ်၊ ရီစရာလေး ရေးပေးနော်..၊ အာဘွား.. ဟိ ”

ကဲ..ကဲ.. အဲ့လို ဆိုတော့လည်း အာဘွား အပေးခံချင်နေကြသူတွေ က ရေးပေးကြရတာ ပေါ့ လေ.. နော်....

နူးနူးညံ့ညံ့ ဖွဲ့ ဖွဲ့ နွဲ့ နွဲ့ ကဗျာကတော့ မရေးတတ် ။ ဒီတော့ လေကန်ရေးကို အားသာ တဲ့ သူ ဆိုတော့ ဝေဖန်ရေးလေး ဘာလေးပဲ ရေးတော့မယ်ပေါ့လေ ။

နေပါအုံး။။ ဝေဖန်ရေး ဆိုတာ ဘယ်လိုလဲ ဘာလဲ ။ ဟုတ်တာရော မဟုတ်တာရော ထင်ရာမြင်ရာ လျှောက်ပြောတာ ကိုတော့ ဝေဖန်ရေးလို့ မဆို နိုင်ဘူး ထင်ပါတယ်..
ဒီတော့ အကြောင်း အရာ တခု ဒါမှ မဟုတ် သူများအကြောင်းကို ကောင်း၏ မကောင်း၏ သုံးသပ်တာ ကို ဝေဖန်ရေးလို့ ဆိုနိုင်မယ် လို့  ယူဆမိတယ်။
ပြီးတော့ ကိုယ်တိုင် ကလည်း သူများ ဝေဖန်တာကို ခံနိုင် မှ ကိုယ်ကလည်း သူများကို ဝေဖန် ဖို့ သင့်ပါတယ် ။

ထားလိုက်တော့ ဒီဝေဖန်ရေး အကြောင်းကြီးကို.. ခု နတ်သမီး နဲ့ဆိုင်တာတွေ ပဲ ပြောပါမယ် ။ သူ့  အသွင်ပေါ် ကိုယ့်အမြင် ပေါ့ ။

နတ်သမီး ဆိုတာ ကုသိုလ်အကျိုးပေးကောင်းလို့  တင့်တယ်လှပစွာဝတ်စားဆင်ယင်ပြီး ၊ နတ်ပြည် နတ်ဘုံ မှာ စံမြန်း နေကြသူများပေါ့ ။ အဲ့သည်လို ပဲ ..တို့ ရဲ့ အဖြူရောင် နတ်သမီးလေးက ဟာ ဆိုက်ပရပ်စ် ဆိုတဲ့ နတ်ကျွန်းလေးပေါ်မှာ ပြိုးပြိုးပျက်ပျက် လင်းလင်းလက်လက်တွေ ဝတ်ပြီး နတ်သုဒ္ဓါတွေ စားသုံးနေသူလေး တပါး ပါပဲ ။
ဒါပေမဲ့ ထုံးစံအရ နတ်သား တစ်ပါးထဲ ကို နတ်သမီး အပါး လေးငါးရာခြံရံတယ် ဆိုတော့ သိပ်တော့ မတရားဘူး ။ဒီတော့ ခုခေတ် တို့ ရဲ့ အဖြူရောင် နတ်သမီးကို တမူထူးခြားစွာဖြစ်ရလေအောင် နတ်သား အပါးလေးငါးရာ နဲ့ စံမြန်းစေရရင် ကောင်း မယ် ။ ဒါတောင် နည်းသေးတယ် ထင်တာပဲ။ ဘာ လို့ ဆိုတော့ အဲ့ဒီ နတ်သမီးလေး ဖန်ဆင်းထားတဲ့ အဖြူရောင် နတ်သမီး ဆိုတဲ့ ဘလော့ ရိပ်မြုံလေး မှာ၊ အခု ပြီးဖြတ် လျှောက်လှမ်းခဲ့ရတဲ့ (၂) နှစ်တာ ကာလတိုတိုလေး အတွင်းမှာတင်ပဲ နတ်သားတွေရော လူသားတွေရော ကာလသားတွေ ပါ .. မြောက်များစွာ လှည့်ပတ် ရစ်ဝဲ လို့ နေကြ ပြီ ပဲ မဟုတ်လားလေ....

နတ်သမီး လေး ကို ဦးဆုံး မြင်တွေ့ ခဲ့ရ တာကတော့ ထူးထူးဆန်းဆန်းပါပဲ ။ လူတကာကို အပုတ်ချ ဝေဖန် နေတဲ့ ဘလော့တခု( နာမယ် တောင် မေ့နေပါပြီ ၊ အဲဒီနောက်ပိုင်းမှာ နောက်ထပ် သွားမဖတ်ဖြစ်တော့လို့  ) မှာ ရစရာ မရှိအောင် ပြောထား တာ ကို အံ့သြခြင်းကြီးစွာ ၊ စပ်စုစွာ နဲ့ ဝင်ဖတ်ကြည့်မိရာ မှ .... အားပေးစကား ပြောရင်းနဲ့ ( ကော်မန့် မှာ ဝင်ပြီး အာချောင်ရင်းနဲ့ လို့ ပြောရင် ပို မှန်မယ်) ၊ နတ်သမီးရဲ့ အဖြူ ရောင် ကို သိခဲ့ရတယ်။ (သူ့ ရဲ့  ဖြူစင်တဲ့ စိတ်ကို သိခဲ့ရတယ် လို့ ဆို ရင် ပိုမှန်မယ် )။ သူ့ ရဲ့ အားလပ်နေတဲ့ အချိန်လေးတွေ ကို ဘလော့ ရေးရင်း၊ သူ့ ဘဝ အတွေ့ အကြုံ မှတ်တမ်းလေးတွေ ရေးရင်း၊ အထီးကျန် ခံစားချက်တွေ ရင်ဖွင့်ရင်း၊ ဝါသနာပါတဲ့ ဗီဒီယို MV လေးတွေ ရိုက်ရင်း ၊သူ့ရဲ့ အီစကလီ ပုံရိပ်ယောင်တွေကို သူ့  ပရိသတ်ကြီး ကို တင်ပြရင်း နဲ့ ခု ဆို (၂) နှစ်သမီးလေး ဖြစ်လာပြီလေ။

အတိုက်အခိုက်တွေ ကြား ထဲ မှ ကိုယ် မှန်တယ်ထင်ရင် ဖြစ်အောင်လုပ်တတ်တဲ့ အဖြူရောင်နတ်သမီးလေးတယောက် နောင် နှစ်ပေါင်းများစွာ ပျော်ရွှင်ခြင်း အောင်မြင်ခြင်းများစွာ နဲ့ ဆက်လက် ရှင်သန်နေနိုင်ပါစေ.....

ကဲ.. ကဲ.. တော်လောက် ပြီ...နတ်သမီးရေ.. ပေး ပေ တော့ အာဘွား လေး... ဟေးဟေးဟေး..

ခင်တဲ့ မကိ
.................................................
မအဖြူရောင်နတ်သမီး က
အဖြူရောင်ကို ပိုကြိုက်ပုံရတယ်နော်
မွေးနေ့ ပွဲးလေးတွေ ကျင်းပရတာကိုလည်း ကြိုက်ပုံပဲ၊
ဟင်းတွေ ချက်ရတာနှင့် ဈေးဝယ်ထွက်ရတာကိုလည်း မိန်းခလေးပီပီ နှစ်သက်တယ် ထင်တယ်။
တစ်ယောက်ထည်း လျှောက်သွားပြီး၊ ဓါတ်ပုံရိုက်ရတာ မှတ်တမ်းယူရတာကိုလည်း အမကြိုက်တာပဲ မို့ လား။
တလောကတော့ ပန်းပင်ရောင်စုံလေးတွေကို စိုက်ရတာ နှစ်သက်တယ်လို့  ဆိုခဲ့ဘူးတယ်လေ။
အမ့ ဖေဖေနှင့် အတူ ပွဲးခင်းတွေကို လျှောက်လိုက်နေရတာကိုလည်း နှစ်သက်ခဲ့ဘူးတယ်တဲ့။
အမ့ မေမေကိုတော့ အမြဲ ခင်တွယ်ခဲ့ပုံပဲ၊ သွန်သင်ရကြိုးနပ်တဲ့ သမီးဖြစ်ပုံပဲ လို့  တွေးလို့ ရတယ်။
မြန်မာမိန်းခလေး ဖြစ်ရတာကိုလည်း အမ့ ကျေနပ်တယ်လို ခံစားရတယ်။
အမ အိမ်မက်တွေကိုလည်း ပုံဖော်တတ်တယ်နော်။
အမ ချစ်တဲ့ အရုပ်တွေကိုတော့ ကြိုက်၏၊ မကြိုက်၏ မပြောဘူးနော်။
အမ ရောက်နေတဲ့ နိုင်ငံက ရိုးရာဓလေ့၊ ယာဉ်ကျေးမူ့ နှင့် သမိုင်းကြောင်း တွေကိုလည်း စူးစမ်းတတ် ပြန်လည်မျှဝေ တတ်တယ်လေ။
အမအကြိုက်ဆုံးက ကဗျာလေးတွေ ဖြစ်သတဲ့။ (အရေးကြီးတာမှ ကျန်တော့မလို့  :D)
အမ ကြောင်လေး၊ ခွေးလေးတွေတော့ ချစ်ပုံမရဘူး။
အလုပ်အပေါ်မှာတော့ အတော်သံယောဇင် ရှိပုံရတယ်။
ဆိုင်ကိုယ်အမြဲလို လာတတ်တဲ့ စားသုံးသူတွေကိုလည်း ခင်မင်ပြီ စေတနာထားတယ်လေ။
တစ်ယောက်ထဲ နေမကောင်းဖြစ်နေရင် သူများတွေကို ဒုက္ခမပေးခြင်ပင်မဲ့၊ အားငယ်နေတတ်ပြီ ကူညီသူတွေ့ ရပြန်တော့ ဝမ်းသာ၊ ကျေးဇူးတင်ပြန်ရော။ (ခွဲးခွာနေရတဲ့ သူတိုင်းပါပဲ ခံစာရမြဲပါ)
ဝတ်စုံတွေ ချုတ်လုတ်တာ၊ ဒီဇိုင်ထွင်ရတာကိုလည်း စိတ်ဝင်စားပြန်တယ်တဲ့။

အမရေ အတူတူ မနေဘူးတော့ အမတင်ထားတဲ့ ပိုစ်လေးတွေဖတ်ပြီး သတိရတာလေးတွေ အမှတ်တရ ရေးပေးလိုက်ပါတယ်။ နှစ်-နှစ်ပြည့် အမှတ်တရ ဖြစ်မယ်လို့  မျှော်လင့်ပါတယ်။

ကိုယ်၊ စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ ပါစေ။

စော(အဝါရောင်မြေ)

......................................

ပင့်သက်လျှံ အပြုံးရယ်သီ
နှလုံးသား အလှညီလှသည့်
နှုတ်ထွက်စကား ချိုအသာနဲ့
အဖြူရောင်စတား ဂုဏ်ဆောင်ထားသော
နတ်သမီတစ်ပါး ရွှင်လန်းပါစေသ ။

မမှိတ်မသုန်ရွယ်ရည်
စကားအတည်တွေနှင့်
ကျန်းမာစေကြောင်း
ဆုမွန်ကောင်း ပါးပါရစေ ။

အသင် နတ်သမီး ...

မေတ္တာ တနံတလျားနဲ့
သစ္စာစကား တည်တည်
လောကကို ဒေါင်လိုက်ဖြတ်
ခရီးစဉ် အစအဆုံး
မမောမပန်းပါစေနဲ့။

ကလောင်ဧ။်အစွမ်း
စာပေလမ်းဖြင့်
သဘာဝကို အလှပေး
ပေးကမ်းရက်ရောခြင်းလည်း မကင်းပါစေနဲ့။

တည်ငြိမ်ခြင်းကိုတည်
ဥာဏ်ပညာနဲ့စား
အလှအကြွင်းတရားနဲ့
သယ်ဆောင်ရာလေညှင်း
သတင်းမွှေးခြင်းနှင့်အတူ ...

ဘလော့ဂ် (၂) နှစ်ပြည့်တိုင်
ဖြစ်တည်ရာ အကြောင်းတိုင်း
ကောင်းခြင်းအကျိုးတရားနှင့်
လောကကို အလှဆင်
ဤဇမ္ဗူတစ်ခွင်မှာ
မထွန်းပဲလင်း
စိတ်အေးငြိမ်းစေသတည်း ...။
--
ညလင်းအိမ် (ညလင်းအိမ်)

...........................................



နတ်သမီး
ဒီကျွန်းမှာ ငါကသူစိမ်း
ဒါပေမယ့်....
မင်းဆံပင်ယိမ်းပုံကိုတော့ အလွတ်ရတယ်
ကောလဟာလ တွေ သိပ်မှန်နေတယ်

ဒီအင်ပါယာကို မင်းရဲ့ အကြင်နာနဲ့
ညှင်ညှင်သာသာလေး သိမ်းခဲ့တာတဲ့

မင်းရဲ့ ပန်းသီလက်
မင်းရဲ့ ခပ်ဖွဖွ တောင်ပန်ခတ်သံ
ဆည်းလဲ သံ
ချောင်းရေစီးသံ
သစ်ရွက်ကြွေသံ
အဲဒါတွေကို မင်းဖန်ဆင်းထားတာတဲ့

ငါလည်း စစ်သားအိုပါဘဲ
ဒါပေမယ့်....
တမ်းတစရာ ငယ်ချစ်ဦး နဲ့ ဓားအို တော့ ငါ့မှာမရှိဘူး
မင်းဝှက်ခဲ့တဲ့ စကားထာ ဘဲရှိတယ်..
``ရေ... လယ်... ခေါင် ... သောင် ... ထွန်း .. နတ် .. သ ..မီး .. နေ.. တဲ့ .. .ကျွန်း..`
Royal Rio
........................................
နိုင်ငံရပ်ခြားကို ရောက်နေပေမယ့် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာတို့ရဲ့ အ၀တ်အစားကို မြတ်မြတ်နိုးနိုးနဲ့ ဆင်ယင်ပြီး ၀တ်ဆင်တတ်တဲ့ အစ်မ၊ ဘယ်လိုနိုင်ငံကိုရောက်နေပါစေ ဘာသာတရားနဲ့ မိဘနှစ်ပါးကို ချစ်မြတ်နိုးတတ်တဲ့ အစ်မ၊ ရေးလိုက်တဲ့စာတိုင်းမှာ ဗဟုသုတ၊ ရသ တစ်ခုခုကျန်အောင်ကို ရေးနိုင်စွမ်းရှိတဲ့ ကလောင်ပိုင်ရှင် အစ်မ၊ ဒီနှစ်နှစ်ပြည့် ဘလော့ခ်လေးကို နှစ်ပေါင်းများစွားအထိ သယ်ဆောင်သွားပါ။ ဗဟုသုတတွေကို ဖြန့်ဝေပေးပါ။ စိတ်ခံစားချက်တွေကို ဖွင့်အံလှည့်ပါလို့... ကျွန်တော် နေ၀သန်က ဆုတောင်းပေးပါတယ်ဗျာ...

နေဝသန်
................................




“ နတ်သမီးပုံပြင် ”

ရှေးရှေးတုန်းက ကမ္ဘာကြီးတစ်ခုလုံးဟာ ရေတွေအပြည့် ဖုံးနေရှာသတဲ့ ကလေးတို့ရယ်။ အဲဒီတော့ သက်ရှိဆိုလို့လည်း ခွေးတစ်ကောင်၊ ကြောင်တစ်မြီးတောင် မရှိရှာတော့ဘူးပေါ့။ အဲဒီလို ရေအတိဖုံးနေရှာတဲ့ ဦးဦးတို့ရဲ့ ကမ္ဘာကြီးကို ကြည့်ရင်း စိတ်မကောင်းခြင်းကြီးစွာ ဖြစ်နေကြသူတွေကတော့ ရေထဲမှာနေစရာမလိုဘဲ ကောင်းကင်မှာ ဝေဟင်ခရီးလေယာဉ်စီးပြီး နေကြတဲ့ နတ်သား၊ နတ်သမီးတွေတဲ့ကွဲ့။

အဲဒီနတ်သား၊ နတ်သမီးတွေထဲမှာ အကဲဆုံး ( အို…ဟုတ်ပေါင်…မှားကုန်ပြီ ) အသနားတတ်ဆုံးကတော့ အဖြူရောင်နတ်သမီးဆိုပဲ။( ဦးဦးလည်း ဂဃနဏတော့ မသိပေါင်၊ ကြားဖူးတာ ပြန်ပြောတာပေါ့နော ) အဲဒီ အဖြူရောင် နတ်သမီးခမျာ လူ့တိုင်းပြည်ကို ကြည့်ရင်း စိတ်မကောင်းဖြစ်ရှာလွန်းလို့ အခုလို ကဗျာတစ်ပုဒ်ကို စပ်ဆိုလိုက်ပါရောတဲ့ ကလေးတို့ရယ်…
( ဘာရမလဲ…ကဗျာစပ်ခွင့်ရပြီပေါ့ )

“ အလို…
လူ့ပြည်ကြီးဝယ်
ရေလှိုင်းကြီးစွာ၊ ဖုံးလွှမ်းပါ၍
ဘယ်မှာကြည့်ကြည့်၊ ရေအပြည့်နှင့်
မချိတင်ကဲ၊ စိတ်ထဲမရွှင်
ငိုကြွေးချင်မိ၊ ၀မ်းနည်းမိသည်
နတ်၏အသည်း၊ အချစ်ဝဲတွင်
ကြည်လင်ချမ်းမြ၊ ချစ်ချင်လှလည်း
နတ်မဲနတ်ပြာ၊ ဗလချာတို့
သေချာမကြည့်၊ လှသည့်ကိုယ့်ကို
မမြင်လိုသော၊ ထိုသဘောကြောင့်
စိတ်မဖြောင့်နိုင်၊ ငေးမှိုင်ပူမီး
အပျိုကြီးဖြစ်၊ စိတ်ညစ်လှစွာ
နတ်တို့ရွာတွင်၊ မနေချင်ပါ
လူတို့ရွာတွင်၊ ပျော်ရွှင်ချမ်းမြ
နေလိုလှ၏။ အဖဘုရား ကယ်မပါ ”
အနှီ အဖြူရောင် နတ်သမီးက အနှာလို ကဗျာစပ်လိုက်ပြီး နေ့ရှိသ၍ အသံကုန်ဟစ်ပြီး သီချင်းလိုလုပ်ဆိုနေတဲ့အခါ ( အသံတွေဝင်ကုန်လို့တောင် ဖေ့စ်ဘွတ်ဆိုတဲ့ နတ်စာပေလွှာမှာ ကြော်ငြာယူရတယ်ဆိုပဲ ) နားငြီးတော်မူလာတဲ့ နတ်ရွာဖခင်၊ နတ်ဘုရင်ကြီးက အခုလို ကဗျာတစ်ပုဒ်ကို ဟစ်ပ်ဟော့သမားတွေလို “ ယို့…ယို့” ဆိုတဲ့ ၀က်ခေါ်တဲ့အသံနဲ့ နိဒါန်းချီရင်း ဘောင်းဘီပွပွ၊ ခပ်လှလှကိုဝတ်ပြီး နတ်မမကို ပြောလိုက်ပါလေရောတဲ့ကွယ် . . .

“ အလို…
ဟိုနတ်သမီး၊ အပူမီးကြွ
မရွှင်ပြနိုင်၊ ခွေယိုင်နွမ်းခွေ
ညှိုးငယ်နေရဲ့၊ နတ်ပြည်မှာဆို
သူတစ်ကိုယ်တည်း၊ အပျိုကြီးဘဝ
သောကပူလောင်၊ ငေါင်တောင်တောင်နဲ့
ယမ်းယောင်ဟစ်အော်၊ နတ်ပြည်တော်လုံး
အပူးလုံးကြွ၊ စိုးရိမ်ရရင်
နတ်ဘုရင်ငါ၊ ဈာန်လျှောရှာလိမ့်
ကြံရာမရ၊ နတ်မမကို
လူမသဖွယ်၊ တင့်တယ်ဖူးကြွ
ဆင်သပြီးလျှင်၊ အရင်ပေါ်လာ
လူတို့ရွာသို့၊ ငါလျှင်ပို့မည်
နတ်တို့ဘုရင် ငါ့အမိန့် ”

အဲဒီလို အမိန့်သံကို ကြားလိုက်တယ်ဆိုရင်လဲ အဖြူရောင်ကိုပဲ ၀တ်တတ်တဲ့ နတ်သမီးဟာ ၀မ်းသာအားရဖြစ်ပြီး စိတ်တိုင်းကျ ကြွေးကြော်သီဆိုလိုက်တာ အနဂ္ဃ၊ ဘာဘူ၊ သားစ်ုး၊ စ်ုင်းစ်ုင်းခမ်းလှိုင်ဆိုတဲ့ လူ့ပြည်က အထင်ကရ ရက်(ပ်)ပါတွေရဲ့ သီချင်းတွေကုန်တဲ့အပြင် Snoop dog, Lil Kim, P Diddy ဆိုတဲ့ အနောက်တစ်ခွင်က ရက်(ပ်)ဘုရင်တို့ရဲ့ သီချင်းတွေပါ ကုန်ပါလေရောတဲ့ သားတို့သမီးတို့ရယ်။ ဒါပေမယ့် ရက်(ပ်)ပါ အန်တီကြီး Missy Elliot ရဲ့ သီချင်းတွေကိုတော့ အဲဒီနတ်မမက ဘေးမဲ့ပေးထားခဲ့ပါသတဲ့။ ဘာကြောင့်လဲဆိုရင် အဲဒီရက်(ပ်)ပါ မမကြီးက ရုပ်ဆိုးလို့ ဆိုပဲ။ အဲသလို သီချင်းပေါင်းစုံနဲ့ နတ်ဘုံကို ဖျော်ဖြေရင်း ညညအိပ်မရအောင် နှိပ်စက်လွန်းတဲ့ အဖြူုရောင်နတ်မမအတွက် လူ့ရွာလူ့ပြည် တစ်ခု အမြန်ပေါ်ထွန်းပါစေကြောင်း ကျန်တဲ့နတ်တွေ ဆုတောင်းရှာကြတာလည်း အာကာတစ်ခွင် ပြဲပြဲစင်လို့ဆိုပဲ သားသား၊ မီးမီးတို့ရဲ့…


အနှီနတ်အပေါင်းတို့ရဲ့ ဆုတောင်းချက်က ပြည့်ချင်ပြန်တော့ တစ်နေ့သားမှာ ရေအပြည့်လွှမ်းနေတဲ့ လူ့တိုင်းပြည်က ရေကမ္ဗလာမှာ မြေလွှာတစ်ခုပေါ်လာပါလေရောတဲ့ကွယ်




။ အဲဒီမြေလွှာကြီးစပေါ်တဲ့အခါမှာ နတ်တွေကလည်း ၀မ်းသာအားရနဲ့ ဆိုက်ချင်တဲ့နေရာကိုဆိုက်ဆိုပြီး အင်တိုက်အားတိုက် အားပေးနေရင်းကနေ ကြုံတဲ့နေရာမှာ ထိုးရပ်သွားလိုက်တာ “ ပလပ် ” ဆိုတဲ့ ရေသံလေးတောင် ထွက်သွားတယ်ဆိုပဲ။ ဆိုက်ချင်ရာမှာ ဆိုက်ပြီး ပလပ်ဆိုတဲ့ ရေသံထွက်ခဲ့တဲ့ အနှီကုန်းမြေကို နတ်တွေက မပီကလာ ပီကလာ စကားနဲ့ အသံထွက်ပြန်တော့ “ ဆိုက်ပရပ်စ် ” လို့ ဖြစ်လာဆိုပဲ သားတို့၊ မီးတို့ရေ။

အဲဒီမှာပဲ နတ်တို့သနင်း ဘိုးနတ်မင်းက ချက်ချင်းဆိုသလို နတ်သဘင်အစည်းအဝေးခေါ်တဲ့ပြီး နတ်ပြည်ငြီးလို့ လူ့ထီးစံမယ့် နတ်သမီးကို ဘာပညာများ တတ်ပါသလဲလို့ မေးပါလေရောတဲ့ကွယ်…
အနှီလိုမေးတဲ့အခါမှာ အဖြူရောင်နတ်သမီးက

“ ကျွန်တော်မျိုးသည်
ပီပြင်ဖြူလွ၊ ဂွမ်းစကိုပင်
ရသာရွှင်သည့်၊ ဟင်းဖြစ်ဘိအောင်
စွမ်းဆောင်နိုင်သော၊ ဓာတ်သဘောကို
စောကြောသေချာ၊ တတ်မြောက်ပါကြောင်း ”

လျှောက်တင်ဆိုပဲ သားတို့မီးတို့ရေ။

အနှီမှာတင် နတ်မင်းကြီးက -

“ ချစ်နှမသည်
အလှဝေဖြာ၊ မြေကမ္ဘာကို
အာဟာရဖြင့်၊ ဂုဏ်တင့်စေရန်
အကြံကောင်းလှ၊ ဖြူစင်လှ၍
တရုတ်မသွင်၊ မြဲဝတ်ဆင်ပြီး
ကြီးကြယ်လွန်းစွ၊ ဆိုင်လှလှတွင်
တွင်တွင်အလုပ်လုပ်စေသော် ”

ဆိုတဲ့ အမိန့်တော်ချမှတ်ပြီး အနှီပေါ်ဦးပေါ်ဖျား “ ဆိုက်ပရပ်စ် ” ဆိုတဲ့ တိုင်းပြည်ကို လူ့အသွင်နဲ့ ပို့လိုက်ပါလေရောတဲ့ကွယ်။ အဲဒီ “ အဖြူရောင်နတ်သမီး ” လူ့ပြည်ကို ပထမဆုံး ရောက်လာတဲ့နေ့က ဦးဦးတို့ ဘိုပြက္ခဒိန်အတိုင်းဆိုရင် ဇူလိုင်လ ၃၀ ရက်နေ့ဆိုပဲ။ အဲဒီနေ့ရောက်တိုင်း နတ်ပြည်က အကျင့်တွေမပျောက်တတ်သေးတဲ့ အပျိုကြီး နတ်သမီးက သူလူ့ပြည်ကို ရောက်လာရတဲ့အကြောင်းကု ဦးဦးတို့လို ဘလော့ဂါ အကောင်းစားကြီးတွေကို စိတ်တိုင်းကျ ပြုစုပြီး ( ဟင့်…ဘာမှလဲ မစားရပါဘူးဗျာ ) စာတစ်တန် ပေတစ်ထုပ်ဖြစ်အောင် ရေးခိုင်းလေ့ရှိတာမို့ ဦးဦးလည်း နတ်သမီးမျက်စောင်းအ ကြောင်းသုံးပါးမရွေးတာကို အင်မတန်ကြောက်ရတာကြောင့် အကောင်းဆုံးအားမွေးပြီး အခုလိုပုံပြင်လေးကို ကလေးတို့ကို ပြောပြလိုက်လေသတဲ့ကွယ်။
သားတို့သမီးတို့ရေ…
မယုံရင်လည်း ပုံပြင်သာမှတ်ပေတော့ကွယ်။ အဲဒီနတ်သမီးက ဦးဦးဟန်ကြည်ကို သူ့စားသောက်ဆိုင်မှာ တစ်လလုံးလုံး စားချင်ရာစားဖို့ ခွင့်ပြုလိုက်တယ်ဆိုပဲ။ ဒါပေမယ့် ဦးဦးဟန်ကြည်ခမျာ လေယာဉ်ခမရှိလို့ မသွားရပါဘူးတဲ့ကွယ်။ ။

ပုံပြင်လေးကတော့ ဒါပါပဲ နတ်သမီးရယ် . . .
...ဘီယာတစ်ဂါလံနဲ့ ၀က်ကောင်လုံးကင်တစ်ပွဲတော့ တန်ပါပြီဗျာ..

ကိုဟန်ကြည်
......................

ဘ၀ဆိုတာ ဘယ်နှစ်ဆစ်ချိုး ကျိုးလဲဆိုတာ ကျနော်
မသိပါဘူး.....။သိဖို့ ကြိုးစား၇င်းနဲ့  အချိန်တွေကုန်
ဆုံးတာကိုတော့  ကျနော်သတိပြုမိခဲ့ပါတယ်..။
Age is a very high price to pay for maturity. (Tom Stoppard)
အသက်အ၇ွယ်ဆိုတာ ၇င့် ကျက်မှု့ အတွက်ပေးဆပ်
လိုက်၇တဲ့  တန်ဖိုး၇ှိတဲ့  အ၇ာတွေ ဆိုတာ က
တကယ်မှန်၇ိုးဖြစ်ခဲ့ ၇င် အဖြူေ၇ာင်နတ်သမီး ၇ဲ့ 
နှလုံးသားနဲ့ေ၇းတဲ့  ၇င်ဘတ်ထဲက ဒီပြတိုက်လေးမှာ
၇င့် ကျက်မှု့ တွေ့ ပြည့် နေမှာပါ ......။

အိုအေစစ်
...................................

ကျမရဲ့နတ်သမီးလေးကတော့ တခြားသူမဟုတ်ပါဘူး။
အားလုံးကအဖြူရောင်နတ်သမီးလို့ သိကြတဲ့ အမနမ်းမဝပါဘဲ..
ကျမနဲ့ နတ်သမီးလေးနဲ့ဘယ်လိုစသိခဲ့လဲလို့ သေချာမမှတ်မိတော့ပါဘူး...
အမှန်ကန်ဆုံးပြောပြတာပါ..
ကျမနတ်သမီးလေးရဲ့ Blog ကိုစရောက်သွားချင်း..
သတိထားမိတာက မြန်မာဝတ်စုံလေးနဲ့ အ၇မ်းလှတဲ့ နတ်သမီးလေးပါလား ဆိုတာပါဘဲ ။ ကျမအဲဒီပုံလေးတွေအကြာကြီး ကြည့်နေခဲ့ပါတယ် ။ နောက်ပြီးတော့ မြန်မာဝတ်စုံလေးနဲ့ အရမ်းလှတယ်ဆိုတဲ့အကြောင်း ကောမက်လေးရေးပေးခဲ့ပါတယ်။နောက်ပိုင်းတော့ နတ်သမီးလေးစီကိုမကြာမကြာသွားဖြစ်ခဲ့ပါတယ် ။
ကျမစီကို နတ်သမီးလေးကလည်း ပြန်လာလည်ခဲ့ပါတယ် ။ ကျမကသူများတွေလို စာရေးမကောင်းပါဘူး။ နောက်ပြီး ကျမခံစားမိတာလေးတွေကိုဘဲ ရေးတဲ့သူမို့ ကျမရေးတဲ့စာတွေကို စိတ်ရှည်စွာနဲ့ လာဖတ်ပေးတဲ့ သူတွေထဲမှာကျမရဲ့နတ်သမီးလေးလည်း ပါဝင်ခဲ့ပါတယ် ။နတ်သမီးလေးက သူငယ်ချင်းတွေရဲ့ မွေးနေ့ပွဲတွေကိုလည်း အမြဲတမ်းတာဝန်ယူကျင်းပပေးတဲ့ သူပါ ။ကျမရဲ့မွေးနေ့လေး ကိုလည်းလုပ်ပေးရမယ်နော်လို့...ကျမနတ်သမီးလေးကိုပြောဖူးပါတယ် ။ နတ်သမီးလေးကချက်ချင်းဘဲ မွေးရက်နဲ့မွေးလ လေးသာပြောထား ။မွေးနေ့ရောက်ရင် မွေးနေ့ပွဲလေး ကိုလုပ်ပေးမယ်လို့ အကြောင်းပြန်လာပါတယ်။ကျမရဲ့နတ်သမီးလေးက အဲလိုမျိုးသူငယ်ချင်းတွေအပေါ်ကို တာဝန်ကျေပြီး
ချစ်တတ်တဲ့ နတ်သမီးလေးပါ....ကျမနဲ့နတ်သမီးလေးတခါမှ gtalk မှာစကားမပြောဖူးပါဘူး။ဒါပေမဲ့ ကျမစိတ်ထဲမှာခံစားပြီး ကြားယောင်လို့ရပါတယ်....နတ်သမီးလေးရဲ့ အသံချိုချိုလေးတွေကိုပေါ့....။။
ကျမနတ်သမီးလေးနဲ့ ခင်မင်မိတာမကြာသေးပါဘူး။ဒါပေမဲ့စိတ်ထဲမှာ ခန့်မှန်းလို့ရနေပါတယ် ။
နတ်သမီးလေးရဲ့ ဖြူစင်တဲ့စိတ်ဓါတ်လေးကိုပါ ။။အဖြူရောင်နတ်သမီး ဆိုတဲ့ နာမည်လေးနဲ့
လိုက်ဖက်လှပါတယ်။ တကယ်ကို အဖြူရောင်နတ်သမီးလေးပါဘဲ.....

ဖြူစင်မှုတွေလွမ်းခြုံ
အေးမြတဲ့အပြုံးလေးပိုင်ရှင်
ကျမရဲ့ နတ်သမီးလေးရေ... ကျမတို့နှစ်ယောက်တယောက်နဲ့တယောက်မျက်နှာချင်းဆိုင်
မတွေ့ဖူးကြသေးပေမဲ့ ကျမရဲ့ အဖြူရောင်နတ်သမီးလေးကို ကျမအမြဲတမ်းချစ်နေမယ်နော်..
အမှတ်မထင် ခင်မင်သိကျွမ်းခဲ့ရပေမဲ့ နတ်သမီးလေးက ကျမရဲ့ အမှတ်တရ ပုံရိပ်လေးတခုပါဘဲနော်...။


နတ်သမီးလေးကို ချစ်တဲ့ .... blackroze
.....................................................................

ဆိုက်ပရပ်စ်က လင်းလက်ကြယ်(သို့)အဖြူရောင်နတ်သမီး
တဖျက်ဖျက်နဲ့ ပြက္ခဒိန်စာရွက်တွေ
ကြယ်တွေလိုကြွေကြွေသွားတဲ့နောက်....
ရောက်လာပြီပေါ့ နတ်နတ်ရေ.....
ကြယ်အကြွေတွေကို ကောက်သင်းကောက်ကြည့်တော့.....
ကဗျာ...ဓာတ်ပုံ...ခံစားချက်....တစ်ချက်တစ်ချက်မှာတော့ ဆိုက်ပရပ်ကအလှတရား....
လောကဓံကြားမှာ အဲဒီကြယ်လေးတွေ လှနေပုံများ.......
ပျိုးပျိုးပြက်ပြက် အက်ဖရိုဒိုက်လို တစ်လက်လက်နဲ့ပေါ့......
နူးညံ့စွာ ထက်မြက်တဲ့......ပျော့ပြောင်းစွာ စူးရှတဲ့....
စကားလုံးစာသားတွေကြားမှာ အမှန်တရားနဲ့ အလှတရား...
ရှာတတ်သူများတွေ့မိပါရဲ့.....။
ခင်တတ်တဲ့စိတ်.....၊သိစေချင်တဲ့စေတနာ.....
ဒါတွေကိုလည်းအထင်းသား....ကြယ်ပွင့်တွေလို အထွေထွေအပြားပြားပေါ့.....။
တစ်ခါတစ်ခါ...စာမျက်နှာတွေထက်ပေါက်ကွဲ.....
ခံစားချက်တွေက ရဲရဲတောက်လို့.......။
နှစ် နှစ်တာကာလ.....နတ်သမီးရေးသမျှ....ငါ...သဘောကျမိရဲ့.....
နှစ် နှစ်တာသမယ.....ဇူလိုင်၃၀ မှသည်....
နှစ် နှစ်ရာမက.....ထာဝရတည်ပါစေကြောင်း......
နှစ် နှစ်ရာမက.....စာ၊ကဗျာတွေ ရေးဖြစ်စေကြောင်း.....
နှစ် နှစ်ရာမက....ပျော်ရွင်စွာ ဘလောဂင်းနိုင်ပါစေကြောင်း.......။
ညိမ်းနိုင်(ကိုမောင်လေး)
..........................................



















လွန်ခဲ့သော ( ၂ ) နှစ်ကျော်ခန့်....

တာဝတိသာ နတ်ပြည်၏ နတ်သဘင်အစည်း အဝေး ခန်းမတနေရာတွင်...

သကြားမင်း .... " ကဲကဲ....နတ်သားများ စုံလင်ပြီဆိုရင် နတ်သဘင် အစည်းအဝေး စလိုက်ကြရအောင်"

နတ်သားများ..... " မှန်လှပါ ဘုရား "

သိကြားမင်း .... "နောက်တနေ့ နံနက် အာရုဏ်တက်တာ နဲ့ ငါ ကိုယ်တော်မြတ် လူ့ပြည်လူ့ရွာ မှာ နှစ်ဟောင်း ကနေ နှစ်သစ်ကို ကူးပြောင်းမယ့် သင်္ကြန် အချိန်ကာလ ကို ရောက်ရှိတော့မှာ မို့ လူ့ပြည်ကို ဆင်းသက် ကြည့်ရှုရမယ် ဆိုတော့ အားလုံး ပြင်ဆင် စရာ ရှိတာတွေ ပြင်ဆင်ထားပြီးကြပြီလား..."

နတ်သားများ.... " မှန်လှပါ ပြင်ဆင် ပြီးကြောင်း ပါဘုရား...."

နတ်သား တပါး....."အရှင်သကြားမင်း ထုံးစံအတိုင်း မြန်မာနိုင်ငံလို့ ခေါ်တဲ့ နိုင်ငံက အရှင်သိကြားမင်း ဆင်းမယ့် အချိန်နာရီ နေ့ရက် စီးတော်ယာဉ် နှင့် တကွ ဘာကိုင်လာမည် ဆိုတာကို ပြည်သူလူထုကို ကြော်ငြာထားပြီးပါပြီ ဘုရား..... "





သိကြားမင်း ...." အိမ်း....ကောင်းလေစွ....ကောင်းလေစွ...ဒါနဲ့ ခရီးစဉ်တလျှောက် မှတ်တမ်း တင်ဖို့ Notebook ရောစီစဉ်ပြီးပြီလား..."


သုဇီတာ.... "မောင်တော်သုံးနေတဲ့ Ipad 2 ထည့်ထားပြီးပါပြီဘုရား...."


သိကြားမင်း .... "ကဲဒါဆို မနက်ဖြန် မနက် အာရုဏ်တက်တာနဲ့ ငါကိုယ်တော်မြတ် လူ့ပြည်ကို ကြွချီတော်မူမယ်..."


နတ်သားတပါး .... "ကျွန်တော်မျိုး လျှောက်တင်စရာ ရှိပါတယ် ဘုရား...."

သိကြားမင်း .... "လျှောက်တင်စေ....မောင်မင်း က အဘယ်အရပ်က နတ်သားတုန်း...."

နတ်သားတပါး .... "ကျွန်တော်မျိုး က အရှင်သိကြားမင်း ရဲ့ စီးတော်ယာဉ် အဲ စီးတော် တိရိစ္ဆာန်များကို ထိန်းသိမ်း ကြည့်ရှုနေရတဲ့ နတ်သားပါ ဘုရား..."


သိကြားမင်း .... " အိမ်း ..ကောင်းပြီ လိုရင်းကို အမြန်ဆုံး လျှောက်တင်စမ်း ဘာမှပြောလို့မရဘဲ ငုတ်တုတ်ထိုင် ငိုက်နေတဲ့ နတ်သားတွေ ကို အားနာစရာ.. ညီလာခံ ကို မြန်မြန် သိမ်းရအောင်...."


နတ်သား .... "အရှင် သိကြားမင်း အခုတခေါက်စီးမယ့် လား ပျောက်ဆုံးနေကြောင်းပါဘုရား...."

သိကြားမင်း ... "ဘာ....ဘာပြောလိုက်တယ်...ငါက လားမစီးရတော့ ဘာကိုစီးရမလဲ... မြန်မာနိုင်ငံက လူတွေက ငါ ကိုယ်တော်မြတ် လားစီး လာမယ့်လို့ အားလုံး သိထားပြီးသွားပြီ...."


နတ်သားတပါး ... "ဘာမှ မပူပါနဲ့ အရှင်သိကြားမင်း သူတို့ ဘာမှမသိဘဲ ရမ်းတုတ်ထားတာပါ ဘုရား...."

သိကြားမင်း .... "ဟေ....ဘာမှမသိဘူး ဟုတ်လား....ငါကတော့ သိတယ်ထင်လို့ သူတို့ ပြောတဲ့ အကောင်ကိုစီး သူတို့ ကိုင်ခိုင်းတာ ကို ကိုင်ပြီးနှစ်တိုင်းသွားနေရတာ...."


တိမ်နတ်သား .... "ဘာမှ မပူပါနဲ့ အရှင်သိကြားမင်း ကျွန်တော်မျိုး ပိုင်ဆိုင်တဲ့ တိမ်များဖြင့် အရှင့် လိုရာခရီး ကို ပို့ဆောင်ပေးတော်မူပါမည် ဘုရား..... "


သိကြားမင်း .... "အိမ်း .... ကောင်းလေစွ...ကောင်းလေစွ....လျှောက်တင်စရာများ မရှိတော့ရင် ညီလာခံ ကိုရုတ်သိမ်းတော် မူမယ်..."

ထိုစဉ် တံခါးစောင့် နတ်သား သည် အရေးတကြီး ပုံစံဖြင့် ညီလာခံအတွင်း သို့ ၀င်ရောက်လာခဲ့ပါသည်....။

တံခါးစောင့် နတ်သား .... " အရှင် သိကြားမင်း ... ညီလာခံဆောင်၏ တံခါးဝ အရှေ့တွင် နတ်သမီး တပါး က အရှင် သိကြားမင်းအား အရေးပေါ်တွေ့ဆုံခွင့်တောင်းနေပါတယ်ဘုရား... "

သိကြားမင်း .... "အင်း...၀င်ရောက်လျှောက်တင်စေဗျာ..."

နတ်သမီး .... "မနက်ဖြန် နံနက် လူ့ပြည်ကို ဆင်းတဲ့ အခါ တပါတည်း လိုက်ပါ လည်ပတ်ခွင့်ပြုပါဘုရား...."

သိကြားမင်း .... "လူ့ပြည် လူ့ရွာ ဆိုတာ ဆင်းချင်တိုင်း ဆင်းလို့မရဘူး ကွယ့် ဒါပေမယ့် နတ်သမီး ရဲ့ ရဲရင့်တဲ့ စိတ်ဓါတ်နဲ့ နတ်သဘင် အစည်းအဝေး ထိ လာရောက်တောင်းဆိုတာ ဆိုတော့ ငါ ကိုယ်တော်မြတ် ခွင့်ပြုတော် မူမယ်....လူ့ပြည် ဆိုတာ ငါတို့လို နတ် သိကြားတွေ နဲ့ အပ်စပ်တဲ့ နေရာ မဟုတ်တော့ ငါ ကိုယ်တော်မြတ် နဲ့ တပါတည်း နတ်ပြည် ကို ပြန်လည် လိုက်ပါ့ မယ် ဆိုတဲ့ ဂတိကို ပေးရမယ်ကွယ့်..."

နတ်သမီး .... " ဂတိပေးပါတယ် ဘုရား ...."


( ၂ )


လေ၏ သယ်ဆောင်ရာ အတိုင်း လွင့်မျော လာသော တိမ်တိုက်ကြီး တခုသည် တဖြည်းဖြည်း ချင်း ကမ္ဘာမြေပြင် ဆီသို့ လွင့်မျော လာခဲ့ပါသည် ။ ထိုစဉ် ကောင်းကင်တခု လုံး မဲမှောင်လာပြီး လေ၏ အရှိန်သည်လည်း ပြင်း သတက်ပြင်း လာပါသည် ။


သိကြားမင်း.... "အလိုလေ ကောင်းကင် တခုလုံး ဘယ်လိုဖြစ်တာပါလိမ့်...."

တိမ်နတ်သား .... "တိမ်တိုက်များ ငွေ့ရည်ဖွဲ့ပြီး မိုးအဖြစ် ရွာချရတော့မယ် ဘုရား..."

သိကြားမင်း .... "ဘာကြောင့် ဒီလိုဖြစ်ရတာလဲ အဖြစ်အပျက် ကို အမြန်ဆုံး စုံစမ်းစေ..."

တိမ်နတ်သား .... " မှန်လှပါ မြန်မာ နိုင်ငံအတွင်းတွင် ကလေးများ အုပ်စုဖွဲ့ လွန်ဆွဲနေသောကြောင့် မိုးခေါင်ကျော်စွာ မှာမနေသာတော့ဘဲ တိမ်တိုက်များ အား မိုးအဖြစ်ရွာချရန်စေခိုင်းခြင်း ဖြစ်ပါတယ်ဘုရား..."

သိကြားမင်း ... " တောက်... ရိုင်းလိုက်လေ ငါကိုယ်တော်မြတ် တိမ်စီးလာတာ မသိဘူးလား မိုးခေါင်ကျော်စွာ ကို အမြန်ဆုံး ဆင့်ခေါ်စမ်း...."

မိုးခေါင်ကျော်စွာ ... "မှန်လှပါ အခစားရောက်ရှိကြောင်းပါဘုရား...အရှင်သိကြားမင်း တိမ်စီးလာတာကို သိပေမယ့် ဟိုးအရင် ကတည်းက မြန်မာ ဘုရင်မင်းမြတ် ဆီတွင် ပေးထားသော ဂတိကို ဖောက်ဖျက်ပြီး မိုးရွာခြင်းအား ရပ်တန့်ရန် မဖြစ်နိုင်ပါ ဘုရား...."


တိမ်နတ်သား .... "ရွှေစိတ်တော် မညိုပါနှင့် အရှင်သိကြားမင်း လူ့ပြည်သို့ ဆင်းသက်ရန် နီးကပ်လာပြီ ဖြစ်သောကြောင့် လိုအပ်ပါက ပါဝါ ထုတ်သုံး ၍ ဆင်းသက်နိုင်အောင် ပြင်ဆင်ထားတော်မူပါဘုရား ... "

သိကြားမင်း .... "အိမ်း... ကောင်းပြီနတ်သား အခု ဘယ်နေရာကို ရောက်နေပြီတုန်း .... "

တိမ်နတ်သား .... "မလေးရှားလို့ အမည်နာမ ခေါ်တွင်တဲ့ နိုင်ငံပေါ်မှာ ပျံသန်းနေကြောင်းပါ ... မကြာခင် အချိန် အတွင်းမှာ မြေပြင်ကို ဆင်းသက်ပါတော့မယ် ဘုရား "

သိကြားမင်း .... "နတ်သမီးလည်း အသင့်ပြင်ထား တိမ်ပြိုကြရင် အောက်ကို ခွေးကျမကျရလေအောင် သတိထားကွဲ့ ... ဟင် .... နတ်သမီးက ဘယ်ရောက်သွားတာတုန်း မရှိတော့ပါလား...."

တိမ်နတ်သား .... "တိမ်တွေပါးလာလို့ ကျွံကျသွားတယ်ထင်တယ် ... စိတ်မပူပါနဲ့ အရှင်သိကြားမင်း အောက်ရောက်တော့မှ ဖုန်းနဲ့ အဆက်အသွယ် လုပ်ကြတာပေါ့ .... မတွေ့တော့လည်း အွန်လိုင်းတက်တဲ့အခါ အဆက်အသွယ်ရမှာပါ ...."


( ၃ )


" ၀ုန်း " ဆိုတဲ့ အသံကြားကိုလိုက်ရတော့ သီဟဇော် တယောက် အိပ်ယာပေါ်မှ လန့်ဖြန့် ပြီး ငုတ်တုတ်ထ ထိုင်လိုက်ပါတယ် ....။ ညက ဂိမ်းဆော့ရင်း အချိန်မကြည့် မိလို့ နောက်ကျမှ အိပ်ယာဝင်ပြီး အိပ်လို့ ကောင်းနေတုန်း စောစောစီးစီး ကြားလိုက်ရတဲ့ အသံကြောင့် စိတ်ညစ်သွားပါတယ် ...။ ရုတ်တရက်တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် .....


သီဟဇော် ..... "ဟင် .... သရဲ သရဲ .... ခင်ဗျား ခင်ဗျား ဘယ်သူလဲ"

နတ်သမီး ..... " ကျမက နတ်သမီးပါ ...."

သီဟဇော် .... " နတ်သမီးက ကျုပ် အခန်းထဲ ဘာလာလုပ်တာလဲ... "

နတ်သမီး .... "ကျမ လူပြည်ကို ဆင်းလာရင်း တိမ်ပေါ်ကပြုတ်ကျလာတာ .... "

သီဟဇော် .... "တိမ်ပေါ်က ပြုတ်ကျတာနဲ့ ငါ့အခန်းထဲဘယ်လိုလုပ်ရောက်လာတာလဲ...."

နတ်သမီး .... " ရှင့်အခန်းပေါ်တည့်တည့် ပြုတ်ကျတာကို ဘယ်တက်နိုင်မလဲ ...."

သီဟဇော် .... "မင်းက နတ်သမီးလည်း ပြောသေးတယ် ဒီအတိုင်း ပြုတ်ကျရသလား ...."

နတ်သမီး .... "အိုး... ဒါကတော့ ရုတ်တရက်မို့ပါ .... ကျမလည်းပြုတ်ကျမယ်မထင်ဘူးလေ...."

သီဟဇော် .... "ဒါဆိုလည်း ပြန်တော့ ... အိပ်ရေးပျက်တယ်...."

နတ်သမီး .... လောလောဆယ်ပြန်လို့မဖြစ်သေးဘူး .... နတ်ပြည်နဲ့ အဆက်အသွယ်ပြန်လုပ်ရမယ် ... ပြီးမှပြန်လို့ရမှာ ....

သီဟဇော် .... "ဒါဆိုလည်း မြန်မြန်လုပ် မြန်မြန်ပြန် ...."

နတ်သမီး .... "ဒါပေမယ့် တရက် နှစ်ရက်လောက်နေရမယ် ထင်တယ်... ရှင့်မှာ ကွန်ပျူတာ ရှိတာဘဲ နတ်ပြည်ကို အီးမေလ်ပို့ထားလိုက်မယ် ...."

သီဟဇော် .... "ဘာပြောတယ် နတ်ပြည်ကို အီးမေလ်း ပို့ထားမယ် ဟုတ်လား ... နတ်ပြည်မှာ အင်တာနက်ရှိလို့လား ...."

နတ်သမီး .... "ရှင်ကအထင်သေးလိုက်တာ ... ကျမတို့ လူ့ပြည်က နတ်တွေကို အင်တာနက်နဲ့အဆက်အသွယ်လုပ်တာရှင့် .... "

သီဟဇော် .... "ဟုတ်ပါပြီ .... ဟုတ်ပါပြီ .... ညကြလို့ ငါအလုပ်ကပြန်လာမှ ဆက်သွယ်တော့ အခုလောလောဆယ် ဘေးအခန်းက ကောင်မလေးတွေဆီ လိုက်ပို့ပေးမယ် ....အဲ့ဒိမှာသွားနေ..."


သီဟဇော်တယောက် ညအလုပ်ကပြန်ရောက်တော့ ဘေးက ကောင်မလေးတွေ အခန်းကိုသွားကြည့်တော့ နတ်သမီးကို မတွေ့ရပါဘူး .... နတ်သမီး သည်သူငယ်ချင်းကောင်မလေးနဲ့ အတူ အပြင်ထွက်ကာ လမ်းသလားနေသောကြောင့် မိမိအခန်းကိုပြန်ကာ ရေမိုးချိုးပြီး ကွန်ပျူတာကို ဖွင့်ပြီး ဘလော့များကို လှည့်ပတ်ကြည့်ရှုနေချိန်တွင် .....


နတ်သမီး .... "ဟိတ်... ဘာတွေကြည့်နေတာလဲ...."

သီဟဇော် .... "နင့်ကိုစောင့်နေရင်း ဘလော့တွေလိုက်ကြည့်နေတာ...."

နတ်သမီး ...." ဘလော့ဆိုတာဘာလဲ..."

သီဟဇော် .... " နတ်သမီးက ဒါကြတော့ မသိဘူးလား ...ဘယ်လိုရှင်းပြရမလဲ မသိဘူး ... ဒီမှာလာကြည့် ပြီး ကိုယ့်ဟာကို ဆုံးဖြတ်ပေတော့...လာဖတ်ကြည့် ... ဖတ်ရောဖတ်တက်ရဲ့လား..... "

နတ်သမီး .... " ကျမက နတ်သမီးဆိုတာကို မေ့နေပြီလား ... ကျမတို့ ဘယ်လို ဘာသာနဲ့ရေးထားတာဘဲဖြစ်ဖြစ် နတ်တို့ရဲ့ တန်ခိုးနဲ့ ကြည့်လိုက်ရင် အားလုံးသိတယ်.... ဘာစကားဘဲပြောပြောအားလုံးနားလည်တယ် မှတ်ထား....( ထက်ထက်မိုးဦး ပါးရိုက်သောကြောင့် ဒွေးသေဆုံး သွားသည် ).... အဲ့ဒါဘာတုန်း ..."

သီဟဇော် .... "အဲ့ဒါမျိုးက သတင်းတွေ အချိန်နဲ့အမျှ တင်ပေးနေတဲ့ ဘလော့ ... ပိုက်ဆံမရဘဲ ပြည်သူလူထုကို ဖတ်ရအောင် သတင်းတွေကိုစေတနာနဲ့ ဖော်ပြပေးနေတာ...ဒီမှာ ဆက်ကြည့် ...."

နတ်သမီး ... "( ပျင်းတယ် ဘလော့ဖွင့် ဟိုကြည့်ဒီကြည့် အိပ်တော့မယ် ....) အဲ့ဒါက ဘာတွေလည်း ဘာမှလည်း မပါဘူး .... အောက်မှာလည်း ဘာတွေရေးထား ကြတာလည်း Comment တဲ့.... "

သီဟဇော် .... "Comment ဆိုတာက သူရေးထားတာ ဘယ်လိုစိတ်ဝင်စားဖို့ကောင်းတာ ဘယ်လို ဗဟုသုတရတာ အဲ့ဒိလိုမျိုး သူ့ရဲ့စာဖတ်တဲ့လူတွေက ရေးကြတာ....သူက နာမည်ကြီး ဘလော့ဂါလေ အဲ့ဒါကြောင့် သူဘာရေးရေး အားပေးကြတယ်...."

နတ်သမီး .... "ကျမလည်း စိတ်ဝင်စားလာပြီ ... ကျမကို တခုလုပ်ပေးပါလား ...."

သီဟဇော် ...." www.blogger.com မှာ gmail အကောင့်တခု နဲ့ အလကား လုပ်လို့ရတယ် .... Blog တခုရရင် ကိုယ်ကြိုက်တဲ့ Template လေးကိုရွေးယူလိုက် ဒါဆို ဘလော့ လုပ်တာပြီးပြီ ..."

နတ်သမီး .... "အခု လုပ်လိုက်မယ်လေ ... ကျမက ကဗျာလေးတွေ ရေးရတာ အရမ်းဝါသနာပါတာ ... ဘလော့မှာ ကဗျာလေးတွေ ရေးပြီးတင်ရမယ် ...."

သီဟဇော် .... "ကောင်းတယ်... ၀ါသနာတူတွေဆိုတော့ ကူညီရမှာပေါ့ ... ခဏစောင့်.... "

နတ်သမီး ... "မြန်မြန်လုပ်.... ကျမ ရေးဖို့ ကဗျာက အဆင်သင့်ဖြစ်နေပြီ ...."

သီဟဇော် ... "ရပြီ ရပြီ ... New Post ကိုနှိပ် Title မှာ ပိုစ့် နာမည်ရေး Body မှာ ရေးချင်တာကို ချရေးလိုက်... "

နတ်သမီး ... "ကျေးဇူးနော် ... ကျမရေးတော့မယ် ...."

အချစ်အကြောင်းလေး

အချစ်အကြောင်းလေး
စဉ်းစားလိုက်တိုင်း...
ရင်ထဲမှာ
မင်းရောက်ရောက်လာတာ...
အချစ်သီချင်းလေးတွေနားထောင်လိုက်တိုင်း...
မင်းအသံလေးတွေ
ကြားကြားနေတာ...
အချစ်ကဗျာလေးတွေ
ရေးမိလိုက်တိုင်း....
မင်းနာမည်လေးတွေရေးမိနေတာ....
အချစ်ကွန်ယက်ထဲက ရုန်းထွက်မရတာ
တကယ်တော့....
မင်းနှလုံးသားမှာ ကပ်ငြိနေတဲ့
အချစ် လိပ်ပြာလေး တကောင်ပါ ....။

ရေးသူ... အဖြူရောင်နတ်သမီး
နောက် ၃ ရက် အကြာမှာတော့ ဘလော့ဂါ နတ်သမီးဟာ နတ်ပြည်နဲ့ အဆက်အသွယ်ရပြီး ပြန်သွားချိန်မှ အစပြု၍ ပိုစ့်များကို ရေးသားလာခဲ့ရာ 30.07.2011 နေ့တွင် ဘလော့ဂါ သက်တမ်း ၂ နှစ်ပြည့်မြောက်သွားပြီး ဖြစ်ပါတယ်....။



ဒီပိုစ့်ဟာ အဖြူရောင်နတ်သမီး
ဘလော့သက်တမ်း ( ၂ ) နှစ်ပြည့်အတွက်အမှတ်တရရေးထားခြင်းသာဖြစ်ပါသည် ...။
တလကြိုတင်ပြောကာအချိန်ပေးထားသော်လည်းစာရေးခြင်းအတက်ပညာကို ကောင်းစွာမတက်မြောက်သောကြောင့်
ကောင်းကောင်းလေးရေးမပေးနိုင်ခြင်းအတွက် စိတ်မကောင်းဖြစ်ရပါသည် ...။
..................................................................................

နတ်သမီးဆိုတဲ့ အမည်နာမတစ်ခုကို နှိုင်းသိပ်ကြိုက်ပါတယ်....
သူ့ကို စသိတာ..မမိုး (မိုးငွေ့နှင့်အတူ)ပြောပြတာ။

ကိုယ်က ကဗျာသာရေးတာ...ဘလော့ဂ်သူငယ်ချင်းရယ်ဆိုလို့ များများစားစားသိတာမဟုတ်တော့ မမိုးကပြောပြတယ်။
အဖြူရောင်နတ်သမီးဆိုတဲ့ ဘလော့ဂ်ဆိုဒ်တစ်ခုမှာပေါ့ အဲဒီတစ်ယောက်က သူ့ပုံတွေကိုအများကြီးတင်ထားတာ
ဘာအကြောင်းအရာကိုပဲရေးရေးသူ့ဓာတ်ပုံတွေနဲ့အတူတူတွဲတင်တတ်တယ်တဲ့..အဲဒီကစပြီး သူ့ဆိုဒ်ကိုဝင်ကြည့်တာ..
တကယ်ကိုပဲ များလိုက်တဲ့ဓာတ်ပုံတွေပါ...နှိုင်းကတော့ တွေးလိုက်ပါတယ်..
သြော် ဒီအမျိုးသမီးတော်တော်ကိုဝါသနာကြီးပါလားပေါ့
နောက်ပြီး သွားလည်လိုက်တဲ့ ဘလော့ဂ်ဂါအိမ်တွေတိုင်းမှာ အဖြူရောင်နတ်သမီးကိုတွေ့နေရတော့ ဒီအမကြီး (အခုတော့ ဒီအဒေါ်ဂျီးပေါ့ :P )
လည်ပဲလည်နိုင်လွန်းတယ်...အလုပ်မလုပ်ပဲနဲ့များ ကွန်ပြူတာရှေ့ထိုင်ပြီး တစ်အိမ်ဝင်တစ်အိမ်ထွက်လုပ်နေသလားမသိဘူးပေါ့..နောက်ပိုင်းနှိုင်းနဲ့သူ
ပိုရင်းနှီးသွားတာက ဒီ hnine.co.cc ကိုမလုပ်ခင် TWall ဆိုတဲ့ ning ဆိုဒ်တစ်ခုမှာ နှိုင်းက ကဗျာတွေရေးတယ်..
နှိုင်းမွေးနေ့မှာ သူငယ်ချင်းတွေဆီက ကဗျာတွေတောင်းပြီး (သူ့လိုပေါ့ဗျာ) TWall မှာ တင်တယ်...ဖြစ်ချင်တော့ မွေးနေ့ညမှာပဲ အားလုံးပေးတဲ့ကဗျာတွေကို တင်မလို့လုပ်ကာမှ ကော်နက်ရှင်ကကျနေတယ်....
ရသလောက်တော့ခွဲပြီးတင်ရမယ်ဆိုပြီး တင်လိုက်ပါတယ်...ဘယ်သူ/ဘယ်ဝါပေးတဲ့ကဗျာကိုတော့
အရင်တင်ပါမယ်ဆိုတဲ့စိတ်ကူးမျိုးမရှိခဲ့ပါဘူး... ဘယ်လိုဖြစ်ပြီး ပထမအသုတ်တင်လိုက်တဲ့အထဲမှာ ပထမဆုံးပို့ထားတဲ့ သူ့ကဗျာက ဘယ်လိုဘယ်လိုကျန်ခဲ့လဲမသိပါဘူး. (ရှော့အကြီးကြီးပေါ့နော်)..
နောက်နေ့ စိတ်မကောင်းကြောင်းစာလေးတစ်စောင်ပို့လာပါတယ်..။
နှိုင်းလဲတော်တော်စိတ်မကောင်းဖြစ်သွားပါတယ်။ ကော်နက်ရှင်မကောင်းတာကြောင့် ဒုတိယအသုတ်ထဲမှာပါပါတယ်လို့သူ့ကိုလဲတောင်းပန်...
TWall မှာလဲ လူသိရှင်ကြား သူ့ကိုတောင်းပန်ရပေါ့...ဖြစ်ချင်တော့ သူက အဲဒီတုန်းက Gtalk မှာ တင်ထားတဲ့ပုံက သူ့ဘာသူမှန်ကြည့်ပြီး ငိုတဲ့ပုံဖြစ်နေတယ်..(၀ါသနာကြီးချက်နော်)အဲဒီပုံကိုတင်ထားတော့ ..`` ဟိုက် ငါတော့ သွားပြီပေါ့..သူ့ခမျာတော်တော်စိတ်မကောင်းဖြစ်သွားရတာပဲ´´ ဆိုပြီး...
ကိုယ်ကလဲ စိတ်မကောင်းတွေဖြစ်ပေါ့.. အမှန်တော့ အဲဒီငိုတဲ့ပုံကို နောက်ပိုင်းမှတွေးမိတယ်..
သူ့ရည်းစားနဲ့စိတ်ကောက်ပြီး အာဗြဲအောင်ငိုထားလို့ တင်ထားတဲ့ပုံဖြစ်ရင်ဖြစ်နေမှာ....
နောက်တော့ သူလဲ ဘာမှမဖြစ်တော့ပါဘူး...စိတ်မကောင်းမဖြစ်နဲ့ပေါ့..ဘာပေါ့..ညာပေါ့ဆိုပြီး သူကနှိုင်းကိုပြန်ပြီး နှစ်သိမ့်နဲ့.ပိုခင်သွားကြတယ်ပေါ့။ နောက်တော့ သူမြန်မာပြည်ကိုပြန်လာမယ်...
သူငယ်ချင်းတွေအားလုံးတွေ့ကြမယ်ဆိုပြီးချိန်းကြပေါ့...
ပထမဆုံး သူ့ကို BAK အပေါ်ထပ်က ကော်ဖီဆိုင်မှာတွေ့တာ။ မြင်မြင်ချင်းရှိန်ကြောက်ကြီးဖြစ်သွားတယ်...
(ရုပ် ဆိုး လို့ ......မဟုတ်ပါဘူး :P ) သူ့ရဲ့ အရပ်အမောင်း၊ ခန္ဓာကိုယ်အချိုးအစား..သူ့ဖက်ရှင် ..မိုက်တယ်ပေါ့ သူ့မှာချစ်ဖို့ကောင်းတဲ့အချက်တစ်ချက်ရှိတယ် (ရှားရှားပါးပါးပေါ့နော်.. :P ) စကားပြောဆိုတာ ရိုးသားပြီးပွင့်လင်းတယ်...အဲဒါ သူ့ရဲ့ဆွဲဆောင်မှုတစ်ခုလို့ထင်တယ်။ တစ်ခြားသူတွေကတော့ ဘယ်လိုမှတ်ချက်ပေးမလဲတော့မသိဘူး.
နှိုင်းအတွက်ကတော့ သူ့ရဲ့ဆွဲဆောင်မှုကရိုးသားပြီးပွင့်လင်းတာ..။

အဲဒီပြန်လာတဲ့တစ်ခေါက်မှာပဲ..နှိုင်းတို့နှစ်ယောက်က တကယ့်အရင်းနှီးဆုံးညီမအတွေလိုပါပဲ....
အခု သူ့ရဲ့ ဘလော့ဂ်(၂)နှစ်ပြည့်အတွက် တစ်ခုခုရေးပေးဖို့တောင်းဆိုလာတော့ဘာရေးပေးရမှန်းမသိဘူး... ကဗျာကလဲမရေးတာတော်တော်ကို ကြာနေပြီဆိုတော့ မတက်တခေါက်စာလေးတစ်စောင်အနေနဲ့ပဲ နတ်သမီးရဲ့ ဘလော့ဂ်(၂)နှစ်ပြည့်အတွက် ၀မ်းသာစွာနဲ့ ဂုဏ်ပြုလိုက်ပါတယ်..။
(အနှိုင်းမဲ့)
.................................................


ကျမရဲ့ “အဖြူရောင်နတ်သမီးဘလော့ဂ်(၂)နှစ်ပြည့်” အမှတ်တရအတွက် ကဗျာများ၊ ဆောင်းပါးများကို လက်ဆောင်ပေးပြီး အားဖြည့်ပေးခဲ့ကြသော သူငယ်ချင်းများ အားလုံးကို အရမ်းကျေးဇူးတင်ပါတယ်..။
အဖြူရောင်ဝတ်စုံနဲ့ ဓာတ်ပုံလေးကို လှပသေသပ်အောင်ပြန်လည်မွန်းမံပေးခဲ့သော ကိုဂျစ်တူး၊ နတ်သမီးပုံတူ ပန်းချီလေးကို ရေးဆွဲပေးခဲ့သော ညီမငယ်Sky blue၊ မိမိတို့၏ ဘလော့ဂ်တွင် ပို့စ်အဖြစ်သီးသန့်တင်၍ အားဖြည့်ပေးကြသော မောင်လေးသက်သန့်ချိုနှင့် မောင်လေးရဲထွန်းဇော်၊ မောင်လေးဖြိုးမောင်မောင်၊ ညီမလေးBlackroze၊ မင်းဧရာတို့အားလုံးကို ကျမ၏ ရင်ထဲက လှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိပါကြောင်း....။

Wednesday, July 27, 2011

ကျမကြိုက်၏..မကြိုက်၏ (တဂ်ပို့စ်)



အရေးပေါ်ပို့စ်”ဆိုတဲ့ခေါင်းစဉ်နဲ့ မောင်အရင်းတစ်ယောက်လိုခင်ရတဲ့ ကိုရဲ(ရဲထွန်းဇော်)မှ မှတ်မှတ်ရရ တဂ်လာတဲ့ ပို့စ်လေးကို နေမကောင်းတဲ့ကြားက ကျမ ဝမ်းသာအားရနဲ့ရေးဖြစ်ခဲ့ပါတယ်။

တဂ်ပို့စ်တွေရေးရတာကို ကျမ အရမ်းပျော်ပါတယ်၊ အထူးသဖြင့် တစ်ဖက်လူက အရေးတယူလုပ်ပြီး Request လုပ်လာခဲ့ရင် ကျမဘက်က စိတ်လိုလက်ရ အမြဲရေးပေးတတ်ပါတယ်။

အပြင်မှာ တစ်ခါမှ မတွေ့ဖူးကြပေမယ့် စာရေးသူအချင်းချင်း ဝါသနာတူချင်းမို့ ကျမတို့စာရေးသူမောင်နှမတွေဟာ အပြင်မှာရင်းနှီးတာထက်ကို ပိုပြီးရင်းနှီကြပါတယ်။

အထူးသဖြင့် ကျမက “စ”တာနောက်တာ သိပ်ဝါသနာပါတဲ့အတွက် FB က “ကြောင်”အဖွဲ့နဲ့ပေါင်းမိနေပါတယ်..။

“ကြောင်” အဖွဲ့ဆိုလို့ တစ်မျိုးမထင်ပါနဲ့..၊ သူတို့အဖွဲ့ဟာ ကြောင်လေးတွေကို သိပ်ချစ်ပါတယ်၊ သူတို့ရဲ့Profile မှာတောင် ကြောင်ပုံလေးတွေကိုပဲ တင်ထားတာမို့ ရင်းနှီးတဲ့သူတွေက သူတို့အဖွဲ့ကို ကြောင်အဖွဲ့လို့ နာမည်ပေးထားတာပါ..။

နောက်ဆိုရင်တော့ နာမည်တွေပါ ပြောင်းတော့မယ်လို့ သတင်းသဲ့သဲ့ကြားပါတယ်..၊ ကြောင်ကိုလတ်၊ ကြောင်မျိုး၊ ကြောင်ရဲ..ဆိုလား..(သာမီးပြောတာ မဟုတ်ပါ..)။

ပထမ အပိုဒ်နဲ့တင် သူတို့ရဲ့ကြောင်မျက်စောင်းတွေ ကျမဘက်ကို ချိန်နေကြပါပြီ၊

“ကျမကြိုက်၏..မကြိုက်၏” ဘက်ကိုပဲ လှည့်ပါတော့မယ်..



ကိုယ်ခန္ဓာ။ ။

“ဆံပင်ရှည်ရှည် အရပ်မြင့်မြင့်”နဲ့မို့ မြန်မာပြည်က လူကြားထဲမှာ ထိုးထိုးထောင်ထောင်ဖြစ်နေတတ်တဲ့ ကျမရဲ့ပုံစံဟာ ရုပ်ချောတဲ့မိန်းခလေးစာရင်းထဲမှာ မပါပေမယ့် တစ်ခါမြင်ဖူးယုံနဲ့ မှတ်မိလွယ်တဲ့ စာရင်းထဲမှာပါ ပါတယ်။

အရပ်၅ပေ၈လက်မရှိတဲ့ကျမအရပ်နဲ့ ညီမျှတဲ့ ကိုယ်အလေးချိန်ကတော့ ၁၃၀ပေါင်ပါ။

ကျမဟာ အလွန်အလှကြိုက်သူဖြစ်တဲ့အတွက်
မိမိရဲ့ အရပ်နဲ့ညီမျှတဲ့ ကိုယ်လုံးကိုယ်ထည်ဖြစ်အောင် အမြဲဂရုစိုက်ပါတယ်။

မေမေက “ဝ”တဲ့အတွက် ကျမအနေနဲ့ အခုကတည်းက ကိုယ့်ကိုယ်ကို ထိန်းဖို့လိုပါတယ်၊

နည်းနည်း ဝိတ်တက်လာတာနဲ့ အစားလျှော့ပါတယ်။

ပိုဆိုးတာက ကျမမှာ အစာအိမ်နာ ရောဂါရှိနေတဲ့အတွက် ဗိုက်ပူလာရင် အိပ်-ထ မ-တင် ဗိုက်လေ့ကျင့်ခန်းမျိုးလုပ်လို့မရတဲ့အတွက် အစားကိုပဲ လျှော့စားရပါတယ်။

အထူးသဖြင့် မိန်းခလေးအတော်များများဟာ လူလတ်ပိုင်းအရွယ်ကို ရောက်လာတဲ့အခါ ဗိုက်က“စ”ပြီး“ဝ”လာကြပါတယ်။ ကြည့်ရတာ အလွန်ရုပ်ဆိုးပါတယ်။

ထိန်းနိုင်သလောက် ထိန်းကြဖို့ ကျမတိုက်တွန်းပါရစေ။

နောက်တစ်ခုက မိမိကိုယ်ကိုယ် လှဖို့သာ မဟုတ်ပဲ မိမိရဲ့ ချစ်သူ(သို့) ခင်ပွန်းသည်ရဲ့အကြည့်များ တစ်ခြားမိန်းမလှလေးတွေဆီကို ရောက်မသွားရလေအောင် မိမိကိုယ်ကို ထိန်းဖို့လိုပါတယ်။

ယောက်ျားလေးများပြောတတ်တဲ့စကား“ ချစ်ရယ်..ဝပါစေကွယ်..စားသာစားပါ၊

ချစ် ဘယ်လောက်ဝဝ.. ကိုယ်က ချစ်နေမှာပါ” ဆိုတဲ့စကား ကျမကတော့ အယုံအကြည်လုံးးးဝမရှိပါ၊ ယောက်ျားလေးများဟာ မိမိတို့ရဲ့ ချစ်သူကို ချစ်ကောင်းချစ်နေပါလိမ့်မယ်၊

သံယောဇဉ်နဲ့ တစ်သက်လုံး လက်တွဲသွားချင် သွားပါလိမ့်မယ်၊ ဒါပေမယ့် ဘယ်ယောက်ျားသားကမှ အလှမကြိုက်တဲ့သူ မရှိဘူးဆိုတာ မိန်းခလေးတိုင်းမမေ့သင့်ပါ။

တစ်ခါတစ်လေ ယောက်ျားလေးအများစုဟာ တစ်ကိုယ်ကောင်းဆန်တတ်ကြပါတယ် ။

အဲဒါကတော့ သူတို့ရဲ့ချစ်သူကို ဘယ်ယောက်ျားသားကမှ စေ့စေ့ကြည့်တာ မခံချင်ကြဘူး၊ အဲဒီအတွက် ချစ်သူကို အလှမပြင်ခိုင်းတာမျိုး၊ လှပလွန်းတဲ့ အဝတ်အစားမျိုးကို မဝတ်ခိုင်းတာမျိုးတွေ ၊

သူတို့ရဲ့ ချစ်သူ“ဝ”လေ ..သူတို့အတွက် စိတ်ချရလေပဲမဟုတ်လား။

အဲဒီတော့ ညီမလေးတို့.. မမတို့ရေ...၊

ကိုယ့်ကိုယ်ကို ယုံကြည့်မှုအပြည့်ရှိအောင် နည်းနည်းတော့ အပင်ပမ်းခံဖို့ တိုက်တွန်းလိုက်ပါရစေနော်။

ဒီလိုပြောလို့ ကျမရဲ့ ခန္ဓာ သိပ်လှတယ်လို့ မထင်ကြပါနဲ့..၊

မေမေပေးသလောက်နဲ့ လှအောင်ကျိုးစားနေတဲ့ သာမန် မိန်းခလေးတစ်ယောက်ပါ။





အပြုအမူ။ ။

မခင်သေးတဲ့သူဆိုရင် ခပ်တည်တည်နဲ့ ဆက်ဆံတတ်ပါတယ် ၊ ခင်သွားပြီဆိုရင်တော့ မောင်နှမအရင်းလို “စ” “နောက်”ပြောဆိုဆက်ဆံတတ်ပါတယ်။ စိတ်အရမ်းကောက်တတ်ပါတယ်။

အလုပ်ထဲမှာ စိတ်ရှည်ရှည်ထားရတဲ့အတွက် ကိုပိုင်အချိန်များမှာ စိတ်မရှည်တတ်တော့ပါဘူး။

လူတစ်ယောက်ကို စိတ်ကောက် စိတ်ဆိုးပြီဆိုရင် မျက်လုံးပြူးပြူးကြီးနဲ့ အဲဒီလူကို စူးစိုက်ကြည့်တတ်ပါတယ်။

လမ်းလျှောက်လျှင် ခြေသံမမြည်အောင်လျှောက်တတ်တဲ့အကျင့်ရှိပါတယ်။

အထူးသဖြင့် လှေခါးအတက် အဆင်းကြမ်းသူ၊ အသံကျယ်ကျယ်ပြောတတ်သူ၊ လူကြားထဲ ဒူးပေါ် ပေါင်ပေါ်နှင့် အနေအထိုင်မတတ်သူ၊ အနေအထိုင်ကြမ်းတမ်းသူများကို အရမ်းမုန်းပါတယ်၊

“နှုတ်ကြမ်းတော့ အမိ... ကိုယ်ကြမ်းတော့ အဖ” ဆိုတဲ့စကားအတိုင်း မိမိအပြောမခံရအောင် မိန်းခလေးတစ်ယောက်မှာရှိသင့်တဲ့ ယဉ်ကျေးသိမ်မွေ့ခြင်းများကို ထိန်းသိမ်းပါတယ်။

သူငယ်ချင်း အပေါင်းသင်းများပေမယ့် တစ်ကိုယ်တည်း နေရတာကိုကြိုက်ပါတယ်။

အားလပ်တဲ့အချိန်တွေမှာ ခပ်အေးအေးသီချင်းများကို နားထောင်နေတတ်ပါတယ်။

Feel သမားလို့ပြောလို့ရပါတယ်၊ စိတ်ကူးအလွန်ယဉ်တတ်သူပါ။





အစားအသောက်။ ။


မုန့်ဟင်းခါးကတော့ ကျမရဲ့အသဲစွဲ အစားအစာပါပဲ။

နာနတ်သီး၊ သြဇာသီး၊ သင်္ဘောသီး၊ လိမ္မော်သီးတွေကိုကြိုက်တယ်။
ဒိန်ချဉ်၊ ထောပတ်သီး၊ စတော်ဗယ်ရီ၊ ဒူးရင်းသီးဖျော်ရည်တွေကိုကြိုက်တယ်။
ခြေ(၄)ချောင်းသားဖြစ်တဲ့ ဝက်၊ အမဲ၊ ဆိတ် ..သားများကိုရှောင်ပါတယ်။

သားကြီးငါးကြီးများမစားပါ။

စားဖြစ်တာကတော့ ကြက်၊ ပုဇွန်၊ ငါးခြောက်၊ ကြက်ဥ၊ဘဲဥ၊ဟင်းသီးဟင်းရွက်ကြော်၊ ငပိရည် တို့စရာ၊ ချဉ်ရည်ဟင်းများ၊ ဘိုစာ၊ တရုတ်စာ၊ ကုလားစာ၊ အားလုံးကြိုက်ပါတယ်။ ငါး စားပေမယ့် အရိုးမပါအောင် ချက်ပြီးမှစားပါတယ်။



အဝတ်အစား။ ။

သိပ်ရွေးပါတယ်။

အပြင်တစ်ခါသွားဖို့အရေး အလှပြင်တာ ၁နာရီ၊ အဝတ်အစားရွေးတာ ၁နာရီကြာပါတယ်။

သွားမည့်နေရာဒေသ၊ ရာသီဥတု၊ သွားရသည့်ရည်ရွယ်ချက်(မွေးနေ့၊ လူမမာမေး၊ Shopping ၊ သာရေး၊ နာရေး) တို့ပေါ်မူတည်ပြီး အဝတ်အစားနှင့် အရောင်ကိုရွေးပါတယ်။

ကျမမှာ ရှိတဲ့ အဝတ်အစားများကတော့ အလယ်အလတ် တန်ဖိုးရှိ အဝတ်အထည်များပါတယ်။

မိမိကိုယ်ပေါ်မှာ ဆင်မြန်ထားတဲ့ အဝတ်အစားဟာ တန်ဖိုးကြီးဖို့ထက် မိမိနဲ့ အံဝင်ခွင်ကျ ဖြစ်နေဖို့၊ လိုက်ဖက်နေဖို့၊ Style ကျနေဖို့ပဲ လိုပါတယ်။

အထူးသဖြင့် အဖြူရောင်၊ ပန်းဆီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ ဆင်စွယ်ရောင်များ ကို ပိုဝယ်ဖြစ်ပါတယ်။ ချည်ထည် (စွတ်ကျယ်သား)ကိုယ်ကြပ်ဒီဇိုင်းများနဲ့ ချည်ထည်ဂါဝန်ဖားဖားကြီးများကို ဝတ်လေ့ရှိပါတယ်။

အလုပ်ထဲမှာလည်း မြန်မာပြည်က ချည်ထည်များကို မြန်မာလိုချုပ်ပြီးဝတ်ပါတယ်။

ကိုယ့်ကိုယ်ကိုလည်း လှအောင်ဝတ်သလို တခြားသူများ လှလှလေးတွေဝတ်ရင်လည်း ငေးကြည့်တတ်ပါတယ်၊ သူတို့ဝတ်တဲ့ style လေးတွေကို အတုယူပါတယ်။

မြန်မာပြည်မှာ ကတည်းက ဒီဇိုင်နာ အလုပ်ကို လုပ်ခဲ့သူမို့ အင်္ကျီဒီဇိုင်း၊ဖက်ရှင်နဲ့ပတ်သက်လာရင် သိပ်စိတ်ဝင်စားပါတယ်။

နေရာဒေသအလိုက် အဝတ်အစားကို ခေတ်နဲ့လျှော်ညီအောင် ကျမ ဝတ်နေရပေမယ့် မြန်မာရင်ဖုံးနဲ့ ချိတ်ထမီကို အလွန်နှစ်သက်ပါတယ်၊ ရှပ်အင်္ကျီဖြူ ကော်လာလည်ကတုံး၊ ကချင်ပုဆိုးဝတ်ထားတဲ့ အမျိုးသားများကိုတွေ့ရင်လည်း လိုက်ကြည့်တတ်ပါတယ်(တစ်မျိုးမထင်ပါနဲ့... မျက်လုံးအေးလို့ပါ)။

အကိုတွေ မောင်တွေ ပြောကြပါတော့မယ်..သူတို့ကြည့်ရင်ကောင်းတယ်၊ သူများကြည့်ရင် အပြစ်ပြောပါတော့မယ်။..း(



ကြိုက်တတ်တာလေးတွေ။ ။


ပန်းနံ့သင်းတဲ့ရေမွှေး၊ ပုဇွန်ဆီရောင်ဖျော့ဖျော့၊ အညိုနု နဲ့ပန်းနုရောင်နှုတ်ခမ်းနီတွေကိုဆိုးလေ့ရှိတယ်။

ကျမရဲ့လက်ချောင်းလေးတွေဟာ မလှပတဲ့အတွက် လက်သဲကို အရှည်ထားပြီး လက်သဲနီရောက်စုံလေးတွေနဲ့

လက်ချောင်းသွယ်သွယ်လေးတွေဖြစ်အောင် ဖန်တီးယူထားရပါတယ်။

ဖန်စီနားကပ်တွဲလဲလေးတွေကို ကြိုက်နှစ်သက်တယ်။ ဖိနပ်လှလှလေးတွေကြိုက်တယ်..၊

ပန်းကြိုက်တယ်..(ပန်တော့မပန်ဘူး)

အိပ်ယာလေး တင်းရင်းနေတာကိုကြိုက်တယ်..

ထမင်းဝိုင်းမှာ ထမင်း၊ဟင်းတွေ ပူနွေးနေတာကိုကြိုက်တယ်..

ညဖက်မှာ ကော်ဖီတစ်ခွက်ရှေ့ချပြီး သရဲကားထိုင်ကြည့်ရတာကိုကြိုက်တယ်...

လက်စွတ်ကို လက်ခလယ်မှာဝတ်တာကြိုက်တယ်..

(လက်သားကြွယ်မှာဝတ်ရတာ စောင်းစောင်းကြီးဖြစ်နေလို့။



နတ်သမီးလေးလို့ ခေါ်တာကြိုက်တယ်(နတ်သမီးမဟုတ်မှန်းသိပါသည်...သို့သော်...)

တဂ်ပို့စ်ရေးခိုင်းတာကြိုက်တယ်...

ကဗျာကြိုက်တယ်...

ကဲ... ကိုရဲရေ...

ရေးပြီးပြီနော်...ကျေနပ်တယ်ဟုတ်...း)



ကျမကသာ သူများတဂ်တာကို ခံနေရတာ၊ ဒီတစ်ခါတော့ ကျမလည်း သူငယ်ချင်းတွေကို ပြန်တဂ်ပါရစေ..

၁။ မချော(အစိမ်းရောင်လွင်ပြင်)

၂။ကော်ဖီခါးခါးကြိုက်တဲ့မမိုးငွေ့

၃။ မကိ

၎။မမခြင်

၅။ မကြီးသိင်္ဂါကျော်

၆။အသဲကွဲနေတဲ့ အနှိုင်းမဲ့

၇။သဒ္ဓါလှိုင်း

၈။Blackrozz(ခံစားမှုသံစဉ်)

၉။ Rose of sharon

၁၀။မန္တလေးက မကြီးရွှေစင်

၁၁။ ညီမလေး အိန်ဂျယ်လှိုင်

တို့ကို ဆက်တဂ်ပါတယ်...။

အားရင် ရေးပေးကြပါ..၊ မအားလည်း စိတ်မဆိုးပါ...။









ကြားဖြတ်သတင်း။ ။

အခုလာမယ့် (၃၀)ရက်နေ့မှာ ကျမရဲ့ “အဖြူရောင်နတ်သမီးဘလော့ဂ်(၂)နှစ်ပြည့်ပါတယ်။

အဲဒီနေ့လေးမှာ သူငယ်ချင်းဘလော့ဂ်ကာများနှင့် စာဖတ်သူများထံမှ ကဗျာလက်ဆောင်(သို့) အဖြူရောင်နတ်သမီးဘလော့ဂ် ဝေဖန်ရေးဆောင်းပါးတိုလေးတစ်ခုလောက် လက်ဆောင်လိုချင်လို့ပါ..။

လက်ဆောင်ကဗျာများကို ဒီကောမန့်ထဲမှာ ချန်ထားခဲ့ပေးပါရှင်။ (ကျေးဇူးအထူး)

Wednesday, July 20, 2011

ကျမရဲ့ပါးစပ် တစ်ကယ်ပဲ စီးခဲ့ပါသလား



“Nan..”...“ Nan... Nan”..
ညနေ ၄နာရီခန့်ဖြစ်သည်..။
ရေချိုးရန်ပြင်နေသော ကျမ.. အပြင်ဖက်မှ မိန်းခလေးတစ်ယောက် ကျမ၏ အမည်အား အော်ခေါ်နေသလိုလို..
“Nan.. Nan.. Nan...”
အသံက ကျမ၏ အခန်းပေါက်သို့ရောက်လာပေပြီ။
ကျမ အခန်းတံခါးအားဖွင့်လိုက်စဉ်.. “Nan.. စားသောက်ဆိုင်မှာ မီးလောင်နေတယ်..”
“ဟင်”.. ကျမ၏ မျက်လုံးများ ပြူးကျယ်သွားရလေပြီ
ကျမ အလုပ်လုပ်သော စားသောက်ဆိုင်တွင် မီးလောင်နေပြီ၊
ကျမ ဘာလုပ်ရမည်နည်း..၊ ဆိုင်တွင် လုပ်သက်အရင့်ဆုံး ဝန်ထမ်းမှာ ကျမဖြစ်သည်။
မီးလောင်မှုဖြစ်ပွားသော အချိန်သည် ဆိုက်ပရပ်စ်နိုင်ငံ၏ ထုံးစံအရ အလုပ်သမားများ၊ ဆိုင်ပိုင်
ရှင်များ၏ Brake Time ဟုခေါ်သော ခနတာ နားနေသောအချိန်ဖြစ်သည်။
ဆိုင်ပိုင်ရှင် သူဋ္ဌေး၊ မန်နေဂျာ၊ General Manager တို့မှာ ဆိုင်တွင်မရှိကြ ၊ ၎င်းတို့၏
နေအိမ်အသီးသီးတွင်နားနေသော အချိန်ဖြစ်သည်။ တချို့က မိမိတို့၏ ဟန်းဖုန်းများကို ပိတ်၍ ခနတာ အိပ်ဆက်အနားယူကြသည်။ ထိုသည်ကား ဆိုက်ပရပ်စ်နိုင်ငံသားများ၏ အကျင့်ဖြစ်သည်။

စားသောက်ဆိုင်တွင် တာဝန်ကျ စားပွဲထိုးဝန်ထမ်း(၂)ယောက်ရှိသည်။
မီးဖိုထဲတွင် စားဖိုမှူး(၄)ယောက်နှင့် သန့်ရှင်းရေးဝန်ထမ်း(၁)ယောက်ရှိသည်။
၎င်းတို့မှာ မိမိတို့၏ လုပ်ငန်းတာဝန်များကို အသီးသီး လုပ်ဆောင်နေသောအချိန်ဖြစ်သည်။
ကျမအပါအဝင် အခြားသောဝန်ထမ်းများကတော့ အလုပ်ချိန်မရောက်သေး၍ မိမိတို့၏ အခန်းတွင်းတွင်
အနားယူသူကယူ၊ အလုပ်သွားရန်ပြင်ဆင်သူက ပြင်ဆင်နေကြသော အချိန်ဖြစ်သည်။
ဝန်ထမ်းများနေသော အဆောင်နှင့် စားသောက်ဆိုင်မှာ မျက်စောင်းထိုးအနေအထားတွင်ရှိသဖြင့် အဆောင်မှ ဆိုင်သို့ရောက်ရန် ၅မိနစ်ထက်မပို။

ကျမ အခန်းတွင်းမှတဆင့် စားသောက်ဆိုင်ရှိရာသို့ လှမ်းကြည့်လိုက်သည်။
“ဟာ...... ”
စားသောက်ဆိုင်၏ မီးဖိုချောင်ခေါင်မိုးမှ မီးခိုးလုံးမဲမဲကြီးများ အလိပ်လိုက် ထွက်နေလေပြီ
ကျမ ဘာလုပ်ရမည်နည်း..၊ ဆိုင်မှ တာဝန်ကျ ဝန်ထမ်းများလည်း မီးသတ်ဘူးများနှင့် မီးညွန့်များကို
ကြိုးစားပြီးငြှိမ်းသတ်နေကြသည်။

ရေချိုးရန်ပြင်ဆင်နေသော ကျမမှာ ဆိုင်သို့ ချက်ချင်းပြေးဆင်းရန် အဆင်သင့် အနေအထားမျိုးတွင်မရှိ၊
လျှပ်တပျက်ဖြစ်ပျက်လာသော အချိန်အတောအတွင်းတွင် ကျမ၏ ခေါင်းမှာ အလွန်ပူထူနေလေပြီ။

အဆောင်တွင်းမှ ဝန်ထမ်းများကို ဆိုင်တွင်မီးလောင်နေပြီဖြစ်ကြောင်း၊ ဆိုင်သို့အမြန်ဆုံးသွား၍ ကူညီကြဖို့အော်ပြောရသည်။
သူဋ္ဌေးအား ဖုန်းခေါ်သည်၊ မရ..။
မန်နေဂျာအား ဖုန်းခေါ်သည်၊ မရ။
မီးသတ်ဌါနသို့ဖုန်းခေါ်သည်၊ စိတ်ကိုငြိမ်အောင်ထိန်းထားသည့်ကြားမှ ကျမ၏ လက်များ တုန်ရီနေသည်။
မိမိကိုယ်ကိုယ် ရင့်ကျက်လှပြီဟု ထင်ထားခဲ့သောကျမ အန္တရာယ်နှင့် နှဖူးတွေ့ ဒူးတွေ့ ကြုံရသည့်အခါ
ခြေမကိုင်မိ လက်မကိုင်မိ။
မီးသတ်ဌါနသို့ အကြောင်းကြားပြီး၍ အဝတ်များအမြန်ဝတ်ပြီး ဆိုင်ရှိရာသို့ပြေးဆင်းခဲ့သည်။
မီးဖိုဆောင်မှ ဖွင့်ထားသော အရေးပေါ်တံခါးပေါက်များကြားမှ မီးလောင်ရာနေရာသို့ လှမ်းကြည့်လိုက်သ
ည်။
မီးခိုးလုံးများကြားမှ မီးတောက်ရဲရဲများ၊ မီးဖိုဆောင်တစ်ခုလုံးမှာလည်း ပြာမှုန့်များ မီးခိုးလုံးများနှင့်ပြည့်နှက်နေပြီ။
ဆိုင်တွင်ရှိသော အရေးပေါ်မီးသတ်ဘူးများကုန်သွားသော်လည်း မီးကမငြိမ်း၊ ဘေးအနီးအနား ဆိုင်များမှ မီးသတ်ဘူးများကိုလည်း အသုံးပြုပြီးပြီ။
လုပ်သင့် လုပ်ထိုက်သော အလုပ်များဖြစ်သည့် မီးဖိုအသီးသီးသို့ ထုတ်လွှတ်သော ပင်မ Gas အိုးများကို ပိတ်ခြင်း၊ လျှပ်စစ်မီးလိုင်းများကိုဖြတ်တောက်ထားခြင်း စသည်တို့ကို ဝန်ထမ်းများမှ ပြုလုပ်ထားပြီးပြီ။

မီးသတ်ကားခေါ်ထားပြီး၍ ရပ်ကြည့်နေယုံမှအပ ဘာမှဆက်လုပ်လို့မရ။

သူဋ္ဌေးကို ဖုန်းထပ်ခေါ်သည်၊ မရ။ သူဋ္ဌေး၏ ညီအား ဖုန်းခေါ်သည်၊ မီးပြင်ဆရာကိုဖုန်းခေါ်သည်၊ General Manager ကို ဖုန်းခေါ်သည်။
လူများမှာ တဖြည်းဖြည်းဝိုင်းအုံလာသဖြင့် ဝန်ထမ်းများအား အချက်ပြပြီး မိမိတို့၏ ဆိုင်လုံခြုံရေးအတွက် အရေးပေါ်ထွက်ပေါက်နေရာများ အသီးသီးတွင် အသင့်ရှိနေရန် မှာကြားပြီး မကြာမီတွင် မီးသတ်ကား(၂)စီးရောက်လာခဲ့ပါသည်။
ကျမဖုန်းခေါ်ထားသော အထက်လူကြီးများလည်း အသီးသီးရောက်ရှိလာကြလေပြီ။
မီးစများမှာလည်း ပျောက်ကွယ်သွားခဲ့လေပြီ။
ဆိုင်ကို ဝိုင်းအုံကြည့်နေကြသော လူအုပ်ကြီးမှာလည်း စဲသွားလေပြီ။

ဖြစ်ပုံမှာ မီးဖိုထဲရှိ ဆီကန်မှ အပူချိန်လွန်ကဲပြီး မီးထလောင်ခြင်းဖြစ်သည်။
ထိုဆီကန်တွင်ပါသော အပူချိန်ပြစက်ကရိယာမှာ ချို့ယွင်းနေပြီဖြစ်သဖြင့် စားဖိုမှူးများမှ အသစ်လဲပေးရန် အုပ်ချုပ်သူများအား လွန်ခဲ့သည့် တစ်ပတ်အလွန်ကတည်းက အကြောင်းကြားထားပြီးသားဖြစ်သဖြင့်
စက်အသစ်လဲရန် စီစဉ်နေစဉ် ရက်ပိုင်းအတွင်း ရာသီဥတုအပူချိန်၊ မီးဖိုဆောင်၏ အပူချိန်၊ အချိန်အဆ မရှိသော(ချို့ယွင်းနေသော) ဆီကန်မှာ အပူလွန်ကဲပြီး မီးထတောက်ခြင်းပင်ဖြစ်သည်။

မီးလောင်မှုဖြစ်ပွားချိန်တွင် စားသောက်ဆိုင်တွင်းရှိ တာဝန်ကျ ဝန်ထမ်းများမှ ကျမအား အသိပေးမြန်ဆန်ခြင်း၊ မီးလောင်မှုဖြစ်ပွားပါက အရေးကြီးလုပ်ဆောင်ရမည့် လျှပ်စစ်မီးများဖြတ်တောက်ခြင်း၊ ပင်မ Gas အိုးသို့ မီးကူးဆက်မှုမရှိအောင် Gas လာရာလမ်းကြောင်းအား ပိတ်ဆို့ခြင်း၊ နီးစပ်ရာ တာဝန်ရှိအကြီးအကဲများ
အား အသီးသီး (အဆက်မပြတ်) ဖုန်းဆက်ခေါ်ခြင်း၊ မီးသတ်ဘူးများနှင့် မီးငြိမ်းသတ်ခြင်း၊ အစရှိသည်တို့ကို တာဝန်သိစွာ၊ သတိရှိစွာ လုပ်ဆောင်မှုတို့ကြောင့် မီးဖိုဆောင်အတွင်း ပျက်ဆီးဆုံးရှုံးမှုနည်းခဲ့ပါသည်။

့ ပြာမှုန်များ ဖုံးလွှမ်းနေသော စားပွဲပေါ်မှ အသုံးအဆောင်ပစ္စည်းများ၊ တစ်ဆိုင်လုံးရှိ ပစ္စည်းများ၊ ဖန်ခွက်များ အားလုံးကို ဝန်ထမ်းများအားလုံးက ဝိုင်းဝန်းဆေးကြောသန့်စင်ပြီး ညနေ (၇)နာရီခွဲတွင် ဆိုင်ကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ဤသည်ကား စည်းလုံးခြင်း၏ ရလဒ်ပင်ဖြစ်သည်။







မီးလောင်ခဲ့သော နေရာ




မီးဖိုချောင် အနေအထား



သုံးစွဲပြီး မီးသတ်ဘူးများ




လူများဝိုင်အုံကြည့်နေကြသော မီးဖိုဆောင် အနေအထား


ပြတင်းပေါက်သေးမှတဆင့် မီးညွန့်များထွက်၍ Gas အိုးသို့ မကူးစေရန် မီးသတ်ဘူးသေးများသုံး၍..





ကျမ စဉ်းစားမိသည်မှာ မီးလောင်မှုဖြစ်ပွားသော ရက်မတိုင်ခင်ညက ဆိုင်တွင် အစည်းဝေးတစ်ခုလုပ်ခဲ့ကြသည်။
ဆိုက်ပရပ်စ်နိုင်ငံ၏ ပွင့်လင်းရာသီဖြစ်သော ဇူလိုင်လနှင့် သြဂုတ်လများသည် ဧည့်သည်အများဆုံးလများဖြစ်သောကြောင့် ဝန်ထမ်းများအား တာဝန်များကို ခွဲဝေပေးခြင်း၊ မှားယွင်းသော လုပ်ဆောင်မှုများကို တည့်မတ်ပေးခြင်း၊ညှိနှိုင်းမှုတချို့ကို ပြုလုပ်ခဲ့သည်။
ထိုအစည်းဝေးတွင် ကျမပြောခဲ့သော စကားတစ်ခွန်းရှိပါသည်။
ထိုစကားမှာ...
ဆိုင်တွင် လုပ်သက်အရင့်ဆုံးဖြစ်သည်က တစ်ကြောင်း၊ ကျမ၏ အခန်းမှာ ဆိုင်နှင့်နီးသောကြောင့် ညရေးညတာ မီးရေးထင်းရေး အရေးပေါ်ကိစ္စများအတွက် အသုံးပြုရန် ဆိုင်သော့တစ်ချောင်းအား တာဝန်ရှိသူများက ကျမထံတွင် အပ်နှံထားသည်ကို ဝန်ထမ်းများက သိသည်။
ဆိုင်ပိတ်ချိန်တွင် အကြိမ်ကြိမ် အခါခါဖြစ်လေ့ရှိသော ဆိုင်ထဲတွင် မေ့ကျန်ခဲ့သော ဖုန်းများ၊ အနွေးထည်၊ အခန်းသော့၊ စသည်တို့ကို ယူရန်၊ တစ်ခါတစ်လေ ဆိုင်ထဲမှ မီးတစ်ချို့  ပိတ်ရန်ကျန်ခဲ့သောကြောင့် ဝန်ထမ်းများမှ ကျမထံတွင် သော့တောင်းလေ့ရှိသည်။

အခန်းတွင်းရောက်ပြီးမှ ဆိုင်တွင် တစ်ခုခုမေ့ကျန်ခဲ့သောဝန်ထမ်းအား အကြိမ်ကြိမ်သော့လိုက်ဖွင့်ပေးနေရသော အချိန်ပိုအလုပ်ကို ကျမစိတ်ပျက်မိသည့်အတွက် ဝန်ထမ်းများအား ကိုယ်ရေးကိုယ်တာ မေ့ကျန်ခဲ့မှုများအတွက် ကျမထံမှ သော့ကို တောင်းပိုင်ခွင့်မရှိစေရဟူသော ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ရင်း“ မီးရေး
ထင်းရေးကလွဲလို့ ကျမ ဆီက သော့ကို ဝန်ထမ်းများ၏ ကိုယ်ရေးကိုယ်တာ မေ့ကျန်မှုများအတွက် မပေးနိုင်ပါ” ဆိုသည့်စကားကို ပြောမိခဲ့သည်။ အဲဒီလိုမှ မပြောလျှင် ဝန်ထမ်းများမှာ တာဝန်၊ သတိ ပေါ့လျော့သည့်အတွက် အထိန်းအကွတ်အနေဖြင့် ပြောခဲ့ခြင်းဖြစ်ပါသည်။

ထိုသို့ပြောပြီး နောက်တစ်ရက်တွင်မီးလောင်မှုတစ်ကယ်ဖြစ်ပွားခဲ့သည့်အတွက် ကျမ၏ ပါးစပ် တစ်ကယ်ပင်စီးခဲ့ပါသလား ဆိုသည့် အတွေးလေးဖြင့် သွေးပျက်ခဲ့သော နေ့တစ်နေ့ကို ဖြစ်ကျော်ခဲ့ပါသည်။

မှတ်ချက်။ ။

ဝန်ထမ်းတစ်ချို့မှာ မီးလောင်နေချိန်တွင် မီးသတ်ကားရှိရာသို့ တိုက်ရိုက် ဖုန်းမခေါ်ပဲ အခြားနေရာများသို့ ဖုန်းခေါ်ခြင်းများကို မှားယွင်းစွာပြုလုပ်ခဲ့ကြပါသည်။

ဆိုက်ပရပ်စ်နိုင်ငံမှ မြန်မာများ သိထားသင့်သော
ဖုန်းနံပါတ်များမှာ အရေးပေါ်(၁၁၂)၊ မီးသတ်(၁၄၀၇)၊ ဆေးရုံကား(၂၆၈၀၃၁၀၀)တို့ပင်ဖြစ်ပါကြောင်း အသိပေးရင်း.. ကျမရဲ့ ပါးစပ် တစ်ကယ်ပဲစီးခဲ့တယ်ဆိုပါလျှင် ဤဆောင်းပါးအားဖတ်ရှုနေသော စာဖတ်သူများအားလုံး ယနေ့မှစလို့ သန်းကြွယ်သူဋ္ဌေးများဖြစ်ကြပါစေရှင်....။

Tuesday, July 12, 2011

ဆိုက်ပရပ်စ်နိုင်ငံမှ အကြီးမားဆုံးဗုံးပေါက်ကွဲမှု





ဇူလိုင်လ(၁၁)ရက် (တနင်္လာနေ့) နံက်(၆)နာရီခန့်က ဆိုက်ပရပ်စ်နိုင်ငံ၊ နီကိုဆီးယားမြို့တော်နှင့် လီမားဆိုးလ်မြို့အကြားရှိ စစ်တပ်တွင်းတွင် အကြီးမားဆုံး ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့သည်။
ဖြစ်ပွားပုံမှာ လွန်ခဲ့သော(၂)နှစ်ခန့်က လက်နှက်ခဲယမ်းများသယ်ဆောင်လာသော ဆီရီးယားသင်္ဘောကို အမေရိကန်စစ်တပ်မှ ဖမ်းဆီးပြီး ၎င်းလက်နှက်ခဲယမ်းများပါရှိသော ကွန်တိန်နာ(၉၈)လုံးကို ဆိုက်ပရပ်စ်နိုင်ငံတွင်းရှိ စစ်တပ်အတွင်း သိမ်းဆည်းထားခဲ့ပြီး၊ လက်နှက်ခဲယမ်းများထည့်ထားသည့် ကွန်တိန်နာ ၉၈လုံးမှာ သတ်မှတ်ထားသော ခံနိုင်ရည်အပူချိန်ထက် ကျော်လွန်သွားခြင်းကြောင့် ယမ်းမှုန့်များမှတဆင့် ပေါက်ကွဲမှု စခဲ့တယ်လို့ သိရှိရပါတယ်။

၎င်းစစ်တပ်နှင့် ကပ်နေသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာလည်း ဗုံးပေါက်ကွဲမှုကြောင့် မီးပေးမှုများပြတ်တောက်သွားခဲ့ရပြီး ဆိုက်ပရပ်စ်တနိုင်ငံလုံးတွင် ယခုအချိန်ထိ ၆၀% ခန့် လျှပ်စစ်များပြတ်တောက်ခဲ့ရပြီး ပေါက်ကွဲမှုအရှိန်ကြောင့် ရပ်ကွက်လူနေအိမ်များမှ ပြတင်းပေါက်များမှ မှန်များအားလုံး ကွဲစင်လွင့်ထွက်ခဲ့သည်။ အိမ်များမှာလည်း ပျက်စီးခဲ့ကြောင်း။

လူအသေအပျောက်စစ်တမ်းကောက်ချက်အရ အနည်းဆုံး လူ (၈)ယောက် သေဆုံးပြီး အယောက်(၆၀)ကျော် ဆေးရုံတွင်အတွင်းလူနာအဖြစ် ဆေးကုသလျှက်ရှိကြောင်း နှင့် အဆိုပါ ပေါက်ကွဲမှုမှာ ဆိုက်ပရပ်စ်နိုင်ငံ သမိုင်းတွင် အကြီးမားဆုံးပေါက်ကွဲမှုတခုအဖြစ် မှတ်တမ်းတင်ခဲ့ကြောင်း သတင်းရရှိပါသည်။


Saturday, July 9, 2011

အငှါးဥယျာဉ်


ဧည့်ကြိုအလုပ်အပြင် ဆိုင်(၃)ဆိုင်က ဝန်ထမ်းတွေရဲ့ ဝတ်စုံတွေကိုချုပ်ရ၊ လက်သုတ်ပုဝါ၊ စားပွဲခင်း၊ ထိုင်ခုံစွတ်၊ တွေကိုပါ တာဝန်ယူ ချုပ်လုပ်ပေးနေရတဲ့အထဲ အပိုအလုပ်တခုပါ ထပ်လုပ်နေရပါတယ်။
အဲဒါကတော့ ဆိုင်က ပန်းပင်လေးတွေကို ပြုစုပျိုးထောင်ပေးရတဲ့အလုပ်ဟာ ကိုယ့်ဝါသနာနဲ့ ဆက်နွယ်နေတဲ့အလုပ်မို့ ကျမပျော်ပါတယ်။
ကျမနေရတဲ့အခန်းမှာ ၄ပေပတ်လည်ပြတင်းပေါက်တစ်ခုပဲရှိတဲ့အတွက် ပန်းပင်လေးတွေစိုက်ချင်ပေမယ့်လည်း အခွင့်ရေးမရခဲ့ပါဘူး။
ခုတော့ ဆိုင်က ပန်းပင်လေးတွေကို ပြုစုစောင့်ရှောက်ရတဲ့တာဝန်ကို ကျမရရှိခဲ့တဲ့အတွက် ကိုယ်ပိုင်ပန်းဥယျာဉ်မဟုတ်ပေမယ့်လည်း “အငှါးဥယျာဉ်”အဖြစ် ပန်းပင်လေးတွေကြားမှာ ကျမအလုပ်များနေခဲ့ပါတယ်။
ကျမရဲ့ အလုပ်ထဲမှာ လူပင်ပမ်း၊ စိတ်ပင်ပမ်းသမျှတွေကို ပန်းပင်လေးတွေထဲမှာ နှစ်မြှုတ်ရင်း ၂လလောက်တော့ အလုပ်တွေအရမ်းများနေရပါအုံးမယ်။
ရေးစရာတွေလည်း စိတ်ကူးထဲမှာ အများကြီးရှိပေမယ့် ရေးဖို့အချိန်မရတာကြောင့် ကျမရဲ့ဘလော့ဂ်လေးကို လာလည်ကြတဲ့ သူငယ်ချင်းတို့အတွက် အဆာပြေပို့စ်လေးအဖြစ် up to date လုပ်ပေးလိုက်ပါတယ်နော်...။
အပေါ်ဆုံးကပုံလေးကတော့“အဖြူရောင်နတ်သမီး” လို့အမည်ပေးထားတဲ့ ဇီဇဝါ ပန်းလေးများပွင့်နေတဲ့ ဆိုင်အဝင်ဝက ပန်းအိုးလေးပါ။(ပန်းတွေထဲမှာ ကျမအကြိုက်ဆုံးပန်းလေးလည်းဖြစ်ပါတယ်)။




အုတ်နံရံမှာ ကပ်ပေါက်နေတဲ့“Lucky Plant” နွယ်ပင်လေးများနဲ့ “ရွှေလာငွေလာ” ပန်းအိုးလေးရှိတဲ့ Private Room ထဲက ရေတံခွန်လေးပါ။
အဲဒီရေတံခွန်လေးကို ဓာတ်ပုံရိုက်တဲ့ မျက်နှာချင်းဆိုင်အနေအထား နေရာပါ။
ဆိုင်အပြင်ဘက်က စက္ကူပန်းပင်လေး၊ အခုမှ“စ”ပျိုးထားတုန်း



ဒီပန်းပင်လေးကို မှတ်မိကြအုံးမလားပဲ..၊ လွန်ခဲ့တဲ့ ဒီဇင်ဘာလတုန်းက ကျမခါးနာတဲ့အချိန်မှာ ဧည့်သည် Mr.David တို့လင်မယားက ကျမကို လက်ဆောင်ပေးခဲ့တဲ့ ပန်းပင်လေးကို ပန်းအိုးကြီးထဲ ပြောင်းစိုက်ထားတာ..၊ အပင်လေးတွေက (၃)ဆလောက်ပိုပွားလာတယ်..။



(၁၂)လရာသီလုံး ပန်းပွင့်တဲ့ Petounia “ပက်တိုနီးယား”လို့ခေါ်တဲ့ ပန်းလေးတွေပါ..၊
ပန်းနုရောင်၊ ပန်းရင့်ရောင်၊ အဖြူရောင်၊ ခရမ်းရောင်၊ အဝါရောင်နဲ့ အရောင်စပ်ကြားတွေရှိပါတယ်။
အနံ့လေးက သင်းသင်းလေးပါ။





ကျမက လူတမျိုး...
“ပန်း” ဆိုရင် ပွင့်မှကြိုက်တယ်၊ တခါပွင့်ပြီး အကြာကြီးနေမှ နောက်တခါထပ်ပွင့်တဲ့ ပန်းပင်မျိုးကို မစိုက်ချင်ဘူး၊
ဒီပန်းလေးတွေကတော့ နေ့တိုင်းကိုပွင့်တာ.. အမုန်းပါပဲ..(ရွဲ့ပြီးတော့ကို ပွင့်ပေးနေသလားပဲ)



ကျမရဲ့ အငှါးပန်းဥယျာဉ်လေးကို Video File လေးနဲ့ အကျယ်ကြည့်နိုင်ဖို့ တင်ပေးလိုက်ပါတယ်နော်..။





Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger