Friday, August 20, 2010

မူပိုင်ရှင်....




ငယ်စဉ်ကပါလာတဲ့ “အကျင့်” (သို့မဟုတ်) “ဗီဇ” ဆိုတာ လူတိုင်းမှာရှိကြပါတယ်..။
ကျမနားလည်သလို ပြောရမည်ဆိုလျှင် “အကျင့်” ဆိုတာ လူတယောက်ရဲ့အမြဲတစေ လုပ်လေ့လုပ်ထရှိတဲ့ အပြုအမူ မျိုးကိုဆိုလိုပါတယ်။
“ဗီဇ” ဆိုတာကတော့ မွေးရာပါ စိတ်ဓာတ်နဲ့ အလေ့အကျင့် လို့ ကျမအနက်အဓိပ္ပါယ်ဖွင့်ဆိုပါရစေ။

လူမှန်းသိတတ်စ အရွယ်ကတည်းက စိတ်ကောက်တတ်တဲ့ ကျမရဲ့အကျင့်လေးဟာ အခုချိန်ထိ ဖျောက်ဖျက်လို့မရခဲ့ပါဘူး။
ကျမလိုပဲ ကျမရဲ့မေမေဟာလည်း စိတ်ကောက်လွယ်သူတယောက်ဖြစ်ပါတယ်။
အမေတူသမီးမို့ စိတ်ကောက်တတ်တဲ့အကျင့်ကလေးတခုဟာ ကျမအတွက် မျိုးရိုးလိုက်တဲ့ ဗီဇလို့ခေါ်မလားပဲ..။

ကျမမှတ်မိသလောက် ပြောရမယ်ဆိုရင် ကျမ မူလတန်းကျောင်းသူဘဝက စ လို့ အခုချိန်ထိ ပါလာခဲ့တဲ့ အကျင့်လေးတခုကိုပြောပြချင်ပါတယ်

မူလတန်းအချိန်က အကြောင်းတွေကို သေခြာ မမှတ်မိတော့ပေမယ့် အလယ်တန်းကျောင်းသူဘဝက အကျင့်လေးတွေကိုတော့ မှတ်မိနေပါသေးတယ်။
စာလုံးလေးတွေကို ဝိုင်းအောင်ရေးလေ့ရှိတဲ့ ကျမဟာ ခဲတံနဲ့ ဘောပင်လှလှလေးတွေကို ကျမရဲ့
ကွန်ပါဘူးထဲမှာ အမြဲဆောင်ထားလေ့ရှိပါတယ်။
စာရေးရာမှာလည်း အရောင်စိုသောမှင်၊ လက်ရေးလှစေရန် ပွိုင့် ဟုခေါ်သော ဘောပင်၏ ထိပ်မှ
ဘောစိ သည်လည်း အရေးပါတာမို့ ရေးလို့ကောင်းသော ဘောပင်လေးများကိုသာ ရွေးဝယ်လေ့ရှိပါတယ်။

ကျမမှာ အကျင့်တခုရှိတယ်။ ဘောပင်တချောင်း ရေးလို့ကောင်းပြီဆိုလျှင် အဲဒီဘောပင်ကို
မှင်ကုန်သည်အထိ စွဲပြီး ရေးလေ့ရှိတယ်။
အဲဒီဘောပင်ကို သူငယ်ချင်းတွေက ငှါးရေးရင်လည်း ကျမ မပေးဘူး။
အပိုဝယ်ထားတဲ့ ကွန်ပါဘူးထဲက ဘောပင် ၃/၄ ချောင်းကိုသာ သူငယ်ချင်းတွေကို ငှါးလေ့ရှိတယ်။

အဲဒီခေတ်က အတန်းထဲမှာ ဆရာမက ရှေ့ကနေ ခေါ်ပေးတဲ့စာကို ကျမတို့က လိုက်ရေးရတာလေ။ လက်ရေးလှဖို့ အသားပေးပြီးရေးတတ်တဲ့ ကျမဟာ စာရေးရာမှာ နှေးကွေးတဲ့အတွက် ဆရာမခေါ်ပေးတဲ့စာကို
မနည်းလိုက်ရေးခဲ့ရတာပေါ့ရှင်။
ဒီကြားထဲ အရေးကြီးတဲ့စာကြောင်းတွေကို မှင်နီတားရတဲ့နေရာ၊ စာလုံးအရေးမှားလို့ Correction Pan နဲ့ဖျက်ရမယ့် အခါမျိုးတွေမှာ ကျမဟာ တခြားကျောင်းသူတွေထက် ပိုပြီးကြာတတ်ပါတယ်။
အကြောင်းရင်းကတော့ ကျမရဲ့ မင်နီဘောပင်၊Correction Pan နဲ့ ပေတံ တွေဟာ ကျမအသုံးလိုတဲ့အချိန်မှာ
ကျမရဲ့ရှေ့မှာ အဆင်သင့်ရှိမနေပဲ သူငယ်ချင်းတွေရဲ့လက်ထဲကို ရောက်နေတတ်လို့ပါပဲ။

ကျမမှာ သူတို့နဲ့ မတူတဲ့အချက်ကတော့ ကျမရဲ့လွယ်အိတ်ထဲမှာ ကျောင်းသုံးစာရေးကရိယာ
အစုံအလင်ကို အမြဲဆောင်ထားတတ်ပါတယ်။
ကျမရဲ့ ဘေးတဖက်တချက်ဆီမှာ ထိုင်တဲ့ ကျမရဲ့သူငယ်ချင်းတွေကတော့ အဲဒီပစ္စည်းတွေကို ဝယ်ဖို့ စိတ်ကူးထဲတောင်ရှိပုံမရပါဘူး။
ကျမရဲ့ကွန်ပါဘူးထဲက ပစ္စည်းတွေဟာ သူတို့လိုသလို ယူငင်သုံးစွဲလို့ရနေတာကိုး။
သူတို့စာရေးတော့မယ်ဆိုလျှင် ကျမရဲ့ကွန်ပါဘူးကိုဖွင့်ပြီး သူတို့ကြိုက်တဲ့ဘောပင်ကို ယူရေးလေ့ရှိပါတယ်။


ကျမဟာ တွန့်တိုတတ်သူ တယောက်မဟုတ်ပေမယ့် လိုအပ်လျှင် အဆင်သင့်ရှိနေစေဖို့
စာရေးကရိယာအစုံအလင်ကို ဝယ်ထားခဲ့တာလေ...။
အခုတော့ ကျမလိုအပ်တဲ့အချိန်မှာ စာရေးကရိယာပစ္စည်းတွေဟာ ကျမအတွက်မဟုတ်ပဲ
သူငယ်ချင်းတွေအတွက်ဖြစ်နေတတ်ပြီး ကျမဆီကို ပြန်ရောက်လာဖို့ နှောင့်နှေးရင်း
ကျမအတွက် စိတ်ရှုပ်စရာဖြစ်လာခဲ့ရတယ်။

အဲဒီနောက်ပိုင်းမှာတော့ ကျမဟာ စာရေးကရိယာများကို ကျမအတွက် တစုံနဲ့
သူငယ်ချင်းများသုံးရန် တစုံ သတ်မှတ်ပြီး ဝယ်တဲ့စနစ်ကိုကျင့်သုံးရပါတော့တယ်။
သူငယ်ချင်းများကိုလည်း သူတို့အတွက် ဝယ်ပေးထားသော ပစ္စည်းများကိုသာ သုံးရန်နှင့်
ကျမအတွက် (လိုအပ်ချိန်မှာ အဆင်သင့်ရှိစေရန်) သီးသန့်ဝယ်ထားသော စာရေးကရိယာများကို
မသုံးရန် မေတ္တာရပ်ခံထားသည့်အချိန်မှစ၍ ဆရာမခေါ်ဆိုသော စာများကို စိတ်အေးချမ်းစွာ
လိုက်၍ ရေးနိုင်ပါတော့တယ်။

အဲဒီကျမရဲ့ အကျင့်လေးဟာ အခုနိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့အချိန်ထိ ကပ်ပါလာခဲ့ပြန်တယ်။
ကျမရဲ့ ဧည့်ကြိုကောင်တာမှ ပစ္စည်းတချို့ကို လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများက လာလာယူတတ်ပါတယ်။
သူတို့တခုခု အလိုရှိပြီဆိုလျှင် ကျမဆီမှာ လာရှာတတ်ကြတယ်။ယူသွားပြီးလျှင်လည်း
ကျမဆီပြန်လာမပေးတော့ပဲ တွေ့တဲ့နေရာမှာထားခဲ့တတ်တဲ့ သူတို့ရဲ့အကျင့်ကို ကျမကလည်း
လုံးဝမကြိုက်သူဆိုတော့ ခနခနစကားများရတာပေါ့ရှင်။
အဲဒီ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ကုမ္ပဏီကငွေနှင့် ဝယ်ရတာမို့ ပစ္စည်းတိုင်းဟာ
လူတိုင်းဆီမှာ ရှိကြသော်လည်းပဲ တခုခုလိုလျှင် ကျမရဲ့ကောင်တာက ပစ္စည်းကိုသာ လာယူသုံးတတ်တဲ့
သူတို့ရဲ့အလွယ်လိုက်မှု အကျင့်ဆိုးလေးတွေကိုတော့ မဖျောက်ဖျက်နိုင်ကြပါဘူး။

တခါတလေ...
သူငယ်ချင်းတွေစုပြီး အပြင်မှာ ဓာတ်ပုံရိုက်တဲ့အခါမျိုး၊ ဆိုင်မှာ လာစားနေကျ ရင်းနှီးလွန်းတဲ့
ဧည့်သည်တွေရဲ့ ဖိတ်ကြားမှုနဲ့ သူတို့ရဲ့အိမ်တွေကို အုပ်စုလိုက် လိုက်လည်ရတဲ့အခါမျိုးတွေမှာ
စတိုင်ကျကျ ၊ ဖက်ရှင်ကျကျ မဝတ်တတ်တဲ့ တရုပ်မလေးတွေအတွက် ကျမကပဲ ဒီဇိုင်နာလုပ်ပေးရင်း
ကျမရဲ့ အဝတ်အစားတချို့ကို ဆင်ပေးရတဲ့အခါမျိုးတွေမှာ အဲဒီအဝတ်အထည်တွေကို
ပြန်မယူတော့ပဲ သူတို့ကို အပိုင်ပေးလေ့ရှိပါတယ်..
(အဲဒီလို ပေးရာမှာလည်း ကိုယ်မဝတ်ချင်တော့တဲ့ အဝတ်အထည်မျိုး၊ အပိုင်ပေးလိုက်နိုင်တဲ့
အဝတ်အထည်ကို ရွေးပြီးဝတ်စေပါတယ်)။
ဆိုလိုရင်းက အင်္ကျီတထည်ကို တယောက်တလှည့်ဝတ်တတ်တဲ့ အကျင့် ကျမမှာမရှိလို့ပါ။

အဲဒီလိုပါပဲ...
သက်ရှိဖြစ်တဲ့ ကျမရဲ့ချစ်သူ(သို့မဟုတ်) ကျမချစ်ရတဲ့သူ ဆိုလျှင်လည်း ကျမရဲ့မူပိုင်ပဲဖြစ်စေချင်ပါတယ်
လူဆိုတာကလည်း မိတ်ဆွေအသိုင်းအဝိုင်း၊ သူငယ်ချင်းအသိုင်းအဝိုင်း ဆိုတာတွေက ရှိသေးပြန်တော့
သဘောကောင်းပြီး လူချစ်လူခင်များတဲ့ ကျမရဲ့ချစ်သူ၊ သူတပါးကို ကူညီလေ့ရှိတဲ့ ကျမရဲ့ချစ်သူနဲ့
သူ့ရဲ့အမျိုးသမီး မိတ်ဆွေတွေ စကားပြောဆို ဆက်ဆံရာမှာလည်း သူတို့ပြောဆိုသော
စကားလုံးတိုင်းကို အဓိပ္ပါယ်ကောက်ပြီး မကြာခန ချစ်သူနဲ့ စကားများတတ်တဲ့ ကျမရဲ့အကျင့်လေးကြောင့်
ချစ်သူခမျာ အနေအထိုင်၊ စကားပြော အရမ်းဂရုစိုက်ရတာပေါ့ရှင်။
အဲဒီလိုချစ်သူနောက်က အရိပ်ကလေးလို တကောက်ကောက်လိုက်တတ်နေတာကိုက အရသာဆိုတာ
ချစ်သူရှိကြသူတိုင်းသိကြမှာပါ။
တချို့ဆိုရင် Facebook လို နေရာတွေ၊ လူငယ်စကားဝိုင်း လိုနေရာတွေ၊ ရေခဲနန်းတော်လိုနေရာတွေက
chatting တွေမှာ ချစ်သူရှိမှန်းသိသိကြီးနဲ့ ကြောင်တောင်ဝင်နှိုက်တတ်တဲ့ သူတွေကလည်း ရှိနေကြပြန်တော့...
ကိုယ့်လူ ကိုယ်ထိန်းနိုင်မှတော်ရုံကျမှာမို့........

ကျမရဲ့ငယ်ငယ်က အကျင့်လေးဟာ ကျမအတွက်သော်၎င်း....
ကျမ၏ ချစ်သူအတွက်သော်၎င်း...
အများအတွက်သော်၎င်း...
ကောင်းခြင်း၊ ဆိုးခြင်းတွေ ရှိနေပေမယ့်လည်း...
ကျမရဲ့မူပိုင်ရှင်....မောင်ဖြစ်သလို...
မောင့်ရဲ့မူပိုင်ရှင်....ကျမသာ ဖြစ်ပါရစေ....။

“နမ်းမဝ”..ဆိုတာ
သက်ရှိကို မဆိုထားနဲ့...
သက်မဲ့ပစ္စည်းလေးတခုကိုတောင် မျှဝေသုံးတတ်သူမဟုတ်သူ..ဆိုတာ..
သိမြင်တတ်ရင်ဖြင့်...။

Tuesday, August 17, 2010

ကျမ အခန်းထဲက မိန်းမဝိဥာဉ်



“Nan!...Nan!...”
အလုပ်မှပြန်လာပြီး ရေချိုးခန်းထဲတွင် ကိုယ်လက်သန့်စင်နေသော ကျမ၏ အမည်ကို ကျမ၏ ဘေးခန်းတွင်နေသူ
တရုတ်မလေး Ivy မှ လှမ်းခေါ်နေခြင်းဖြစ်သည်။
“ I am hear ”
ရေချိုးခန်းထဲတွင် ကျမရှိနေကြောင်း အသံပေးရင်း ရေချိုးခန်းထဲမှ ကျမ ထွက်လာခဲ့သည်။
“What's matter? ”
ကျမပြန်မေးလိုက်သည်။
“ Nothing....” ဟု သူမပြန်ဖြေပြီး ကျမကိုတလှည့် ကျမ၏ အခန်းထဲကိုတလှည့်ကြည့်ရင်း ...
“Good night...Nan ! Take care...”
ဟုဆိုကာ သူမလှည့်ထွက်သွားပြီး သူမအခန်းထဲသို့ ဝင်သွားတော့သည်။
သူမဘာကိုပြောချင်တာလဲ....အတွေး
စလေးကိုဖျောက်ပြီး ကျမလည်း အိပ်ယာဝင်ခဲ့လိုက်တော့သည်။
..................................................
“Good Morning..Nan!”
ကျမ အိပ်ယာနိုး၍ မျက်နှာသစ်ရန်အခန်းပြင်သို့ ထွက်လိုက်စဉ် ဘေးခန်းမှ Ivy က လှမ်းနှုတ်ဆက်သဖြင့်
ကျမပြန်နှုတ်ဆက်လိုက်သည်။
“Good Morning...Ivy!”

“Nan...Are you O.K?”
ဟော...လုပ်ပြန်ပြီ၊ ညကလည်း “Good Night...Nan, Take care”...တဲ့
အခုလည်း “Are you O.K?”..တဲ့
သူ့စကားက ဟုတ်ကိုမဟုတ်တော့တာ...
“What wrong with you..Ivy?”
သူ..ကျမကို လက်ကာပြပြီး မျက်နှာသစ်ရန်ပြောသည်။


ကျမ မျက်နှာသစ်ပြီးချိန်မှာတော့... ကျမတို့နေသော မိန်းခလေးအဆောင်၏ ဧည့်ခန်းထဲတွင်
ကောင်ဖီ(၂)ခွက်နှင့် Ivy ကိုတွေ့ရ၍ သူမ၏ရှေ့တွင် ဝင်ထိုင်ရင်း “ကဲ..ပြောပါအုံး”..
ဟူသည့် အကြည့်မျိုးဖြင့် သူ့ကိုကြည့်လိုက်တော့ သူဖျော်ထားသည့် ကော်ဖီတခွက်ကို
ကျမရှေ့သို့ တွန်းပို့ရင်း...........
“ နမ်း...ညက အိပ်လို့ပျော်ရဲ့လား..”
“ပျော်ပါတယ်..ဘာဖြစ်လို့လဲ Ivy ရဲ့”..
“ညက နမ်းရဲ့အခန်းထဲမှာ သူငယ်ချင်း တယောက်ယောက်များ ရောက်နေသလားလို့”..
“ရှင်...နမ်းရဲ့အခန်းထဲကို ဘယ်သူမှ မလာပါဘူး..ဘာဖြစ်လို့လဲ”...
“နမ်းရဲ့အခန်းထဲကို ညက ဘယ်ဧည့်သည်မှ မလာတာသေခြာရဲ့လား”
“သေခြာပါတယ်..”
“ညက ကိုယ်တို့ အလုပ်က ပြန်လာတော့ နမ်းရဲ့အခန်းထဲကို ကိုယ်ကြည့်မိလိုက်တယ်..
အခန်းထဲမှာ အမျိုးသမီးတယောက် အင်္ကျီအဖြူရောင်နဲ့.မတ်တပ်ရပ်နေတာ တွေ့လိုက်ရပြီး
နောက်တခါ ပြန်ကြည့်လိုက်တော့ မရှိတော့ဘူး..၊ နမ်းကို ခေါ်ကြည့်တော့ နမ်းက ရေချိုးခန်းထဲက ထွက်လာတယ်လေ..
ညကတည်းက ကိုယ်ပြောမလို့ပဲ..နမ်း ကြောက်မှာဆိုးလို့ မပြောတာ..”


ကျမတကိုယ်လုံး ကြက်သီးမွှေးများထောင်လာခဲ့သည်။ “အာ...Ivy နော်...ကျမကို အဲဒီလိုတော့ မစနဲ့ကွာ..”
“မစဘူး..နမ်း..၊ ကိုယ်လည်း ညက အိပ်မပျော်ခဲ့ဘူး”
ကျမ၏ ကြောက်စိတ်များ ငယ်ထိပ်သို့ရောက်သွားခဲ့လေပြီ။

Ivy ၏ ပြောပြချက်အရ ညက ကျမ၏ အခန်းထဲတွင် ဝတ်ဖြူစင်ကျယ်နှင့် အမျိုးသမီးတယောက်ကို
တွေ့လိုက်ရကြောင်း၊ Ivy ၏ စိတ်ထဲတွင် ကျမ၏ သူငယ်ချင်း တယောက် ကျမထံသို့ လာလည်သည်ဟု ထင်မိကြောင်း၊
ကျမ၏ အခန်းထဲသို့ ထပ်ကြည့်လိုက်ချိန်တွင် ထိုအမျိုးသမီးမှာ မရှိတော့၍ နာနာဘာဝ
အမျိုးသမီးတဦး၏ ဝိဥာဉ်သာဖြစ်မည်ဟု ယူဆ၍ ကျမကိုစိတ်ပူပြီး သူမပါ အိပ်မရခဲ့ကြောင်း ပြောပြခဲ့သည်။
စားသောက်ဆိုင်မှာ အလုပ်လုပ်ရသည့် ကျမ၏ အိမ်ပြန်ချိန်မှာ အလွန်နောက်ကျသည့်အတွက် မကျွတ်၊
မလွတ်သော ဝိဥာဉ်တခု ကျမနောက်သို့ ကပ်ပါလာပြီး ၊အခန်းထဲသို့ ရောက်တွင် ကိုးကွယ်ထားသော
ဘုရားဆင်းတုတော်ရှိနေသည့်အတွက် ကြာကြာနေ၍ မရခြင်းကြောင့် ပြန်ထွက်သွားသည်လည်း ဖြစ်နိုင်သည်ဟု
သူငယ်ချင်းများက ဝေဖန်ကြသည်။

အဲဒီညက “စ”၍ ကျမလည်း အခန်းထဲတွင်မအိပ်ရဲတော့သဖြင့် သူငယ်ချင်းတယောက်၏ အိမ်သို့ သွားအိပ်ခဲ့ရသည်။
နောက်နေ့များတွင်တော့ နေ့စဉ်ရက်စက် သူများ၏ အိမ်တွင် အိပ်၍ အဆင်မပြေနိုင်သောကြောင့် ကြောက်စိတ်ကို
ဖြောက်ပြီး အခန်းမီးထွန်းကာ မျက်စိကို စွတ်မှိတ် အိပ်ရင်း တပတ်အကြာတွင် ကျမ၏ ကြောက်စိတ်များ သူ့အလိုလို
ပျောက်သွားပါတော့သည်။

အမှန်မှာတော့ Ivy တွေ့ကြုံခဲ့သည့် အဖြစ်အပျက်အတိုင်း ကျမကိုယ်တိုင် တွေ့ကြုံခဲ့ရပြီးသည့်နောက်တွင်တော့
ကျမ၏ ကြောက်စိတ်များမှာ သူ့အလိုလို ပျောက်ပျက်သွားခဲ့ရသည်။
အကြောင်းမှာမူ...
၁၀ပေပတ်လည်သာရှိသော ကျမ၏ အခန်းထဲတွင် ထားရှိသော မှန်တင်ခုံမှာ အခန်းထဲသို့ဝင်သော ဝင်ပေါက်နှင့်
မျက်နှာချင်းဆိုင် အနေအထားတွင်ရှိနေခြင်းကြောင့် အခန်းအပြင်မှ ဖြတ်ခနဲ ကြည့်လိုက်စဉ်တွင် မှန်မှထင်ဟပ်သော မိမိ၏ အရိပ်ကို တစုံတယောက်၏ အရိပ်ဟု မျက်စိမှား ထင်မှတ်မိခြင်းပင်ဖြစ်ပါကြောင်း...................။
(ထိုနေ့က Ivy မှာ ညအိပ်အင်္ကျီ အဖြူရောင် ဂါဝန်ရှည်ကြီးကို ဝတ်ဆင်ထားခဲ့ခြင်းကို သူမ မေ့လျှော့နေခဲ့ခြင်းပင်ဖြစ်သည်)

Monday, August 16, 2010

“ M ” Name Day


August, 15 ရက်နေ့သည် ဆိုက်ပရပ်စ်နိုင်ငံ၏ Holiday နေ့များထဲတွင် တရက်အပါအဝင်ဖြစ်သည့်
ဘုရားရှင်၏ မိခင်“ မာသာ မေရီ” နေ့ဖြစ်သည်။
ဤနေ့တွင် ဆိုက်ပရပ်စ်နိုင်ငံသားများသည် ဆွေမျိုးများ၏ အိမ်သို့သွားရောက်လည်ပတ်၍
အသားကင်များလုပ်စားခြင်း၊ ပန်းခြံများတွင် မိသားစုလိုက် ပျော်ပွဲစားထွက်ခြင်း၊ မိမိတို့၏
ရင်းနှီးသောမိတ်ဆွေများကို ဖိတ်၍ အိမ်တွင်သော်၎င်း၊ စားသောက်ဆိုင်များတွင်သော်၎င်း၊
နေ့လည်စာ(သို့)ညစာစားသော အလေ့အကျင့်များကို ပြုလုပ်လေ့ရှိကြသည်။
ယနေ့ ကျမအလုပ်လုပ်သော စားသောက်ဆိုင်တွင် လာရောက်စားသုံးကြသော
ဒေသခံလူများထဲတွင် “M ”နှင့်“စ”သော အမည်ပိုင်ရှင် အများအပြားကိုတွေ့ရှိရသည်။
ထိုနေ့ကို “M ” Name Day ဟု လည်း ခေါ်ဆိုကြောင်းသိရှိရပါသည်။

Monday, August 9, 2010

လူတယောက်...အကြောင်း


လူတယောက်မှာ “မျှော်လင့်ခြင်း” ဆိုတာ ပျောက်ဆုံးသွားတဲ့အခါ (သို့မဟုတ်)
ပစ္စုပ္ပန်တွေ ပျောက်ဆုံးသွားတဲ့အခါ (သို့မဟုတ်)
သူ မြတ်နိုးစွဲလန်းရတဲ့ သက်ရှိ / သက်မဲ့ တခုခုကို ဆုံးရှုံးလိုက်ရတဲ့အခါမျိုးမှာ
အနာဂတ်မဲ့သွားတတ်ကြပါတယ်..။

တချို့က စီးပွားရှုံးတယ်...
တချို့က ပညာရှုံးတယ်...
တချို့က အချစ်ရေးရှုံးကြရင်း...
စိတ်ဓာတ် ကျပြီး ဘဝပါ ဆုံးကြရပြန်ရော..။

“လူ” ရယ်လို့ ဖြစ်လာကတည်းက ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ ဝမ်းနည်းခြင်း၊ ဆုံးရှုံးခြင်း..ဆိုတဲ့
ဒုက္ခ ၊ သုခ တွေရဲ့ကြားမှာ ကျင်လည်နေကြရတဲ့ လူသားတွေထဲက ကျမတွေ့ခဲ့ဖူးတဲ့
“လူ”တယောက်ကတော့...
“ DAVE ”အမည်ရှိ အသက်(၅၈)နှစ်အရွယ် အင်္ဂလိပ်လူမျိုးတယောက်ပဲဖြစ်ပါတယ်။

သူ့နာမည်က “ DAVE ”
အရမ်းချမ်းသာပြီး ဆိုက်ပရပ်နိုင်ငံနဲ့ အင်္ဂလန်နိုင်ငံမှာ အိမ်တလုံးစီဝယ်ထားပြီး
တလှည့်စီနေထိုင်ကာ အငြိမ်းစားနေသူ။
ငွေတွေကို ထားစရာမရှိအောင် ချမ်းသာတဲ့ DAVE ဟာ မေတ္တာ နဲ့ပတ်သက်လာရင် ကံဆိုးသူတယောက်ဖြစ်ခဲ့ရတယ်။
DAVE ငယ်စဉ်ကတည်းက သူ့ရဲ့မိဘနှစ်ပါးလုံး ဆုံးပါးခဲ့ပြီး မိဘများ ကျန်ရှိခဲ့တဲ့ ပစ္စည်း၊ဥစ္စာများကို ဥာဏ်ရှိသလို အသုံးချရင်း အလွန်ချမ်းသာကြွယ်ဝသော သူဌေးကြီးဘဝကို ပိုင်ဆိုင်ခဲ့သူဖြစ်တယ်။
အသက်(၃၃)နှစ်အရွယ်မှာ အိမ်ထောင်ကျပြီး သားတယောက်ထွန်းကားပြီး (၅)နှစ်ခန့်အကြာမှာ
DAVE ရဲ့ဇနီးသည်ဟာ နှလုံးရောဂါနဲ့ဆုံးပါးသွားခဲ့ရတယ်..။
အသက်ငယ်သေးတဲ့ DAVE ဟာ “ဂျုံး”ဆိုသူနှင့် ဒုတိယအိမ်ထောင်ပြုခဲ့ပြီး မိသားစု(၃)ယောက် ပျော်ရွှင်နေဆဲမှာပဲ ပထမ အိမ်ထောင်နဲ့ ရတဲ့ သားဖြစ်သူဟာ အသက်(၁၉)နှစ်အရွယ်မှာ
ကားမှောက်ပြီး ဆုံးပါးသွားခဲ့ပြန်တယ်..။

“လူ့ဘဝ” ဆိုတာကလည်း တော်တော်ကို ဆန်းကျယ်တာပဲနော်..
အဘက်ဘက်က ငွေကြေးပြည့်စုံပြီး မေတ္တာနဲ့ မိသားစုဘဝကိုသာ မက်မောခဲ့တဲ့ DAVE ကို
ကံကြမ္မာက မျက်နှာသာမပေးခဲ့ဘူး။
အဲဒီလိုနဲ့ပဲ သားသမီးမရှိတော့တဲ့ DAVE တို့ ဇနီးမောင်နှံဟာ ကျမအလုပ် လုပ်တဲ့ စားသောက်ဆိုင်ကို
မကြာခနလာရောက်ပြီး ညစာစားလေ့ရှိတယ်။
ကျမတို့ဆိုင်က ဝန်ထမ်းများနှင့်လည်း အလွန်ရင်းနှီးနေပြီဖြစ်တဲ့ DAVE တို့ ဇနီးမောင်နှံဟာ
ကျမတို့ဆိုင်ရဲ့ မိသားစုဝင်လိုဖြစ်နေပါပြီ။
DAVE ရဲ့ပြောပြချက်အရ “မင်းတို့ဆိုင်မှာ ငါတို့လင်မယား ညစာလာစားရခြင်းဟာ အစားအသောက်ထက်
မင်းတို့ဆီက နွေးထွေးတဲ့ အကြင်နာ မေတ္တာတွေကို လိုချင်လို့”ဆိုတဲ့ စကားကြောင့် သားသမီးငတ်နေရှာတဲ့
DAVE တို့ဇနီးမောင်နှံကို ကျမတို့ဝန်ထမ်းများက ပိုပြီး ဂရုနာ သက်မိပါတယ်။

စနေနေ့က DAVE တယောက်ထဲ ကျမတို့ဆိုင်ကိုရောက်လာခဲ့တယ် ။
Augustလ ရဲ့ သောကြာနှင့် စနေနေ့တွေဟာ ကျမတို့ဆိုင်မှာ လူအကျဆုံးလနဲ့ အလုပ်အရှုပ်ဆုံးနေ့များဖြစ်တဲ့အတွက် DAVE ကို ကျမ အရင်ကလို ကောင်းကောင်းဧည့်ခံဖို့ အချိန်မရခဲ့ပါဘူး။
အထူးသဖြင့် စနေနေ့လို နေ့မျိုးမှာ လူ(၃၀၀)ခန့်ကို နေရာချပေးနေရတဲ့ ကျမနဲ့ စားပွဲထိုးနေရတဲ့
ဝန်ထမ်းများဟာ အလုပ်ရှုပ်နေကြတဲ့အတွက် DAVE ကို ပစ်ထားသလိုဖြစ်ခဲ့ရတယ်။
ပိုဆိုးတာက အဲဒီနေ့က DAVE ရဲ့ဇနီးမပါပဲ..DAVE တယောက်ထဲ ကိုသာ တွေ့ရတာကြောင့်
ဇနီးသည် “ဂျုံး”တယောက် အင်္ဂလန်ကို ခနပြန်သွားသည်ဟု ကျမတို့နားလည်သဘောပေါက်ခဲ့ကြပါတယ်။
(မကြာခန ဆိုသလို အဲဒီလိုပဲ သွားနေကျပါ)။

ည(၁၀)နာရီခွဲခန့်တွင်တော့ ကျမလည်း အလုပ်ပါးပြီမို့ DAVE ရှိရာစားပွဲသို့သွားပြီး နှုတ်ဆက်လိုက်ပါတယ်...။
(မိဘမရှိတော့တဲ့ ကျမက သားသမီးမရှိတော့တဲ့ သူတို့လင်မယားကို ကျမက “ဒယ်ဒီနဲ့မာမီ”လို့ ခေါ်နေကျမို့...)
“ Sorry ပါ..ဒယ်ဒီ.၊ သမီးအလုပ်များသွားလို့ ဒယ်ဒီ့ကို ဧည့်ဝတ်မကျေသလိုဖြစ်သွားတယ်..၊ ဒါနဲ့ မာမီ မပါဘူးလား”..
ကြေကွဲနေသော မျက်နှာနှင့် ကျမကို သူမော့ကြည့်ရင်း
“မင်းရဲ့ မာမီ ဆုံးသွားပြီ”...
“ရှင်...”
အံ့သြခြင်းများစွာဖြင့် ဘာဆက်ပြောရမှန်းမသိလောက်အောင် ကျမ ဆွံ့အသွားခဲ့ရတယ်..။
“သမီးစိတ်မကောင်းလိုက်တာ ဒယ်ဒီရယ်..၊ ဒါဆို သမီးမြန်မာပြည်ကို အလည်ပြန်တဲ့အချိန်မှာ ဆုံးတာပေါ့နော်..”..
DAVE မှ ခေါင်းညှိတ်ပြရင်း..“ဒီနေ့ဟာ မင်းရဲ့ မာမီဆုံးတာ (၂)လပြည့်တဲ့နေ့ပဲ”
“ပြီးတော့ မင်းရဲ့မာမီ ဆုံးပြီးကတည်းက ငါလည်း အိမ်အပြင်မထွက်ဖြစ်တာ..ဒီနေ့တော့ ငါ ဘယ်လိုမှ တယောက်ထဲ မနေချင်တော့တာနဲ့ မင်းတို့ဝန်ထမ်းတွေရှိရာကို လာခဲ့တာ”....
ကျမ အရမ်းကို စိတ်မကောင်းဖြစ်မိသွားတယ်..။
ဒီလိုနေ့မျိုးကျမှ ကျမတို့ဝန်ထမ်းတွေကလည်း အရမ်းကိုအလုပ်များနေကြတာမို့ DAVE ကို ဘယ်သူကမှ
စကားကြာကြာပြောပြီး အဖော်မလုပ်ပေးနိုင်ခဲ့ကြတဲ့အတွက် DAVE အတွက် ပိုပြီးအထီးကျန်ခဲ့ရတယ်။
“သမီးတို့ တောင်းပန်ပါတယ်..ဒယ်ဒီ့ကိုပစ်ထားသလိုဖြစ်ခဲ့ရတယ်”..

DAVE မှ လက်ကာပြပြီး..“ ငါ နားလည်တယ်..သမီး၊ မင်းတို့အလုပ် မင်းတို့လုပ်နေတာပါ..”
“မင်းတို့မှာ ဘာအပြစ်မှ မရှိပါဘူး...ငါ့ ခံစားချက်နဲ့ ငါပါ..”..
“မေးခွင့်ရှိမယ်ဆိုရင်...မာမီ ဘယ်လိုဆုံးခဲ့တာလဲ..ဟင်”
“မင်းရဲ့ မာမီ နေမကောင်းဖြစ်နေတာ ကြာပြီ..၊ အဲဒါကြောင့် အင်္ဂလန်ကအိမ်မှာ ခန သွားနားတယ်..
တနေ့ ငါ့ဆီကို ဖုန်းဆက်လာတယ်၊ သူသေတော့မယ်တဲ့..၊သူ့ကိုအမြန်လာတွေ့ပါတဲ့”...
ကျမငြိမ်ပြီးနားထောင်နေလိုက်သည်
“ ငါ အင်္ဂလန်ကို ချက်ချင်းလိုက်သွားခဲ့တယ်..၊ အဲဒီညမှာပဲ ငါ့လက်ပေါ်မှာ သူဆုံးသွားခဲ့တယ်”...
“ဒီနေ့ဟာ သူဆုံးတာ (၂)လပြည့်တဲ့နေ့ပဲ...ပိုဆိုးတာက ငါ့ရဲ့ ဇနီး(၂)ယောက်လုံးဟာ
တိုက်တိုက်ဆိုင်ဆိုင်ပဲ JUN လ (၇)ရက်နေ့မှာ ဆုံးပါးသွားခဲ့ကြတာ”..
ကျမ စိတ်မကောင်းကြီးစွာဖြင့် DAVE ရဲ့လက်ကို ဆုပ်ကိုင်ရင်း အားပေးမိသည်။
“သမီး စိတ်မကောင်းပါဘူး ဒယ်ဒီ၊ မိဘမရှိတော့တဲ့ သမီးအဖို့တော့ ဒယ်ဒီဟာ သမီးရဲ့အဖေပါပဲ..”
“သမီးတင် မကပါဘူး...ဒီဆိုင်မှာ ရှိတဲ့ ဝန်ထမ်းတွေအားလုံးဟာ ဒယ်ဒီ့ရဲ့သားသမီးတွေပဲပေါ့”..
“ဒယ်ဒီ့ဘဝ အထီးမကျန်ပါဘူး”...
DAVE ကို ကျမ နှစ်သိပ်ပေးနေမိသည်။
အားတက်သွားသော အရိပ်တခု ကို DAVE ၏ မျက်နှာတွင်တွေ့လိုက်သည်။
“ဟုတ်တယ်...မင်းတို့ဟာ ငါ့ရဲ့သားသမီးတွေပဲ..မေတ္တာငတ်နေတဲ့ ငါ့အတွက် မင်းတို့ဆီက
မေတ္တာတွေကို ငါ ရနိုင်သေးတာပဲ”...“ဒီနေ့က စပြီး မင်းကို ငါ့ရဲ့သမီးအဖြစ် သတ်မှတ်လိုက်ပြီ”..
“မင်းတို့လည်း ဆိုင်သိမ်းတော့မယ်..ငါ ပြန်လိုက်အုံးမယ်”...

နှုတ်ဆက်ပြီး ထွက်သွားသော DAVEကို ကြည့်ရင်း ကျမတွေးနေမိသည်။
ပြီးပြည့်စုံတဲ့ လူဆိုတာ လောကမှာ မရှိခဲ့ပါဘူး...
တချို့က ဆင်းရဲတယ်..ဒါပေမယ့်် သူတို့ဘဝလေးနဲ့သူတို့မိသားစု ပျော်ရွှင်နေကြတယ်...
တချို့က ချမ်းသာတယ်...ဒါပေမယ့် မေတ္တာငတ်ကြတယ်..၊ ကျန်းမာရေးချို့တဲ့ကြတယ်...
ငွေရှိပေမယ့် မေတ္တာကို ဝယ်ယူလို့မရကြရှာဘူး...၊ ကျန်းမာရေးကို ငွေနဲ့ လဲလှည်လို့ မရကြရှာဘူး...။
“ငွေရှိရင် ဘာမဆိုဖြစ်တယ်”..တဲ့
ငွေနဲ့ ဝယ်ယူလို့ ရတဲ့ အရာတွေရှိသလို...ငွေနဲ့ဝယ်ယူလို့မရတဲ့ အရာတွေလည်း လောကမှာ အများကြီးပါပဲ..။

ကျမတွေ့ခဲ့ရတဲ့ DAVE ဆိုသူကတော့...
ငွေပုံပေါ်မှာ ကြီးပျင်းလာခဲ့ရပေမယ့် သူ့ဘဝ အထီးကျန်ဆန်တယ်...
သူ့ဘေးနားကလူတွေ တယောက်ပြီးတယောက် သူ့ကိုခွဲခွာသွားခဲ့ကြတယ်...
သူ့ဘေးနားမှာ ကျမတို့ဝန်ထမ်းတွေ ရှိနေသေးတယ်လို့ သူစိတ်သက်သာရာရအောင်
ကျမနှစ်သိမ့်ပေးလိုက်ရတာ...

အမှန်တကယ်မှာတော့...
နောက်နှစ်ဆိုရင် ကျမလည်း မြန်မာပြည်ကို အပြီးပြန်ပြီး ကျမလိုချင်တောင်းတတဲ့ “မိသာစုမေတ္တာ” ဆိုတဲ့
အိမ်ထောင်သည် ဘဝကို တည်ဆောက်တော့မှာမို့ ....
“ကျမကိုလည်း ခွင့်လွှတ်ပေးပါ..DAVE ရယ်”....

Friday, August 6, 2010

ခရေရှိုက်သံ

တဖျောက်ဖျောက် ကြွေကျလာတဲ့
သူ့ရဲ့အကြင်နာ ခရေပန်းတွေ
မေ့နှလုံးသားပေါ်မှာဖွေးလို့...။

တပွင့်ချင်း ကောက်ယူသီကုံး
မကုန်ဆုံးနိုင်တဲ့ မေတ္တာပွင့်လွှာတွေက အစုအရုံး...။

မေ့လက်နှစ်ဆက်နဲ့ သိမ်းကြုံးပွေ့ဖက်
လှိုက်ဖိုသဲညှာ မခွဲခွာနိုင်တဲ့ တင်္ဒဂ
ငုံ့ယူနမ်းရှိုက်
အလွမ်းရှိုက်သံ ခပ်သဲ့သဲ့ကြားက
မြတ်နိုးတွယ်တာ မခွဲခွာနိုင်ခဲ့တာ
ချစ်ပန်းခရေ သိမြင်ပါစေ...။

(ခရေပန်းပုံကို Google Image မှ ကူးယူဖော်ပြပါသည်)

Tuesday, August 3, 2010

မျက်တော်ဖြေ ...ခရေ


ခပ်ယဲ့ယဲ့ ခရေ ကိုမှ
ခြွေရက်တဲ့..မေ
ခရေ လွမ်းလို့ နွမ်းရပြီကော....

ခရေ အိပ်ပျက် နွေအိပ်မက်မှာ
အထီးကျန်စွာ ခရေ ဆွေးတော့...
မေ အနေခက်ပြီပေါ့...

မေ့အလွမ်းနဲ့
ခရေ့ ကိုနမ်းတော့
မေ့ အချော့မှာ ခရေ ပျော့ရပြန်ရော...

မခြွေခင်က ကြွေပြရတဲ့ ခရေ့ဘဝ
နွေမက ပူနေရင်တောင်
မေ့အတွက်ဆို
အေးမြအပြုံး ခရေသုံးလို့
ရင်ကို အေးမြစေခဲ့သူ....

ခရေ တန်ဖိုး
မေ သိပြန်တော့
တသိမ့်သိမ့်ခံစား
ခရေ ကိုသနား
မြတ်နိုးတွယ်တာ
တသက်မှာ တဘဝ
ခရေ ကို ထာဝရ
မေချစ်ဖို့ရည်ရွယ်.
ခရေ သိပါစေကွယ်...။

Monday, August 2, 2010

ထူးခြားသောမွေးနေ့မှာ ဟောတဲ့ဗေဒင်




August လရဲ့ ဒုတိယမြောက်နေ့ဖြစ်တဲ့ ဒီနေ့ဟာ လူတယောက်ရဲ့ (၂၈)နှစ်ပြည့်တဲ့ မွေးနေ့လေးတခုဖြစ်ခဲ့ပါတယ်။
(၂)ရက်၊(၈)လ၊(၈၂)ခုနှစ်မှာမွေးခဲ့တဲ့..“သူ”..
(၂)ရက်၊(၈)လ...ဖြစ်တဲ့ ဒီနေ့မှာ သူ့အသက် (၂၈)နှစ်ပြည့်ခဲ့တယ်တဲ့..။(၂)နဲ့(၈)ပေါင်းတော့ (၁၀)....{ ၂+၈=၁၀}
(၁၀) ဆိုတဲ့ (၁)ဂဏန်း ... { ၁+၀=၁ }
ဖြစ်လို့နေတာကြောင့် (၁)ဂဏန်းကိုပိုင်ဆိုင်ခွင့်ရတဲ့ “သူ”ဟာ ယနေ့မှ“စ”လို့
ဘဝရဲ့ထိပ်ဆုံးကို မလွဲမသွေ ရောက်လိမ့်မယ်လို့ အတိတ်နမိတ်ကောက်ပေးရင်း
မွေးနေ့ရှင်အတွက် (၁)ဂဏန်းပိုင်ရှင်ဖြစ်တဲ့ ကျမ တနင်္ဂနွေသမီးက ကျင်းပပေးတဲ့
မွေးနေ့ပွဲလေးမှာ လာရောက်သူ သူငယ်ချင်းများအတွက် (၁)ဂဏန်းနှင့်သက်ဆိုင်သော
စားသောက်ဖွယ်ရာများကို စီစဉ်ထားပါတယ်ရှင်...။


“အ” နဲ့“စ”တဲ့ အကင်များ....


“ဥ”နဲ့လုပ်ထားတဲ့ ကိတ်မုန့်များ

“အ” အေးများ...


“အ” ရက်များ..


မွေးနေ့ရှင်အတွက် စပယ်ရှယ် ရေခဲမုန့်

ညမှာ လင်းလက်တတ်တဲ့ ကြယ်တာရာ ကိတ်
မွေးနေ့ကဒ်လေးနဲ့အတူ....

ံ့ Happy Birthday..... ပါ ကိုတူးရေ...
ညရဲ့အမှောင်ထုကို အလင်းပေးတဲ့ အလင်းအိမ်လေး..
ညမှာလင်းတဲ့ ညလင်းအိမ်လေး...
သို့မဟုတ်..
“ကြယ်တာရာ ကိုတူးလေး”တယောက် ယနေ့မှစလို့ ကံကောင်းခြင်းတွေပြည့်နှက်နေတဲ့ ဘဝလေးကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်...။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger