စီးပွားရေးသမားများအနေနှင့် ကိုယ်ရောင်းချချင်သော ကုန်ပစ္စည်းအား အမြန်ထွက်လိုလျှင် (သို့) ရောင်းကောင်းလိုလျှင် ကြော်ငြာရပါတယ်..။
ဥပမာ။ ။ ရောင်းကုန်ပစ္စည်းဖြစ်သော ဗီဒီယိုဖာတ်လမ်းများ (သို့) VCDကာလာအိုကေ အခွေများဆိုပါစို့..။
မိမိဖြန့်ဖြူးလိုသော ဤခွေအား “ပေါက် ” အောင် ၊ရောင်းကောင်းအောင် စိတ်ဝင်စားလာပြီး ကြည့်ချင်လာအောင် ၊လူအများသိလာအောင် ဤဇာတ်ကား “စ” ရိုက်သည့်နေ့ ၊ ကန်တော့ပွဲပေးသည့်နေ့မှ “စ”၍ ခွေဖြန့်ချီရက် ရောက်သည့်နေ့အထိ နည်းမျိုးစုံဖြင့်ကြော်ငြာရပါတယ်...။
ဤဇာတ်ကားမထွက်မီ စာနယ်ဇင်းဆရာများ ဖိတ်၍ အစမ်းပွဲပြသခြင်း၊ စာစောင် မဂ္ဂဇင်းများတွင် ပလူပျံအောင်ထည့်ခြင်း ဤဇာတ်ကားရိုက်ကူးစဉ်က ဖြစ်ပျက်ခဲ့သောအမှတ်တရများ ကိုပရိသတ်များစိတ်ဝင်စားလာအောင် ဓာတ်ပုံများနှင့်တကွ
စာစောင်၊ဂျာနယ်များတွင်ထည့်သွင်းရေးသားခြင်း၊ တခါတလေ ဤဇာတ်ကားနှင့်ပတ်သက်ပြီး ထုတ်လုပ်သူနှင့်ဒါရိုက်တာ၊ ထုတ်လုပ်သူနှင့်သရုပ်ဆောင်၊ ဒါရိုက်တာနှင့်သရုပ်ဆောင်များ၏ ရိုက်ကွင်းအတွင်း ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ပရိသတ်များစိတ်ဝင်စားလာအောင် ဂျာနယ်များတွင် “ဖွ” ရပါတယ်..။
အဲဒါတွေပြီးလို့ ဤဇာတ်ကားအတွက် ကြော်ငြာ ပိုစတာ ထုတ်ရာမှာ စိတ်ဝင်စားစရာကောင်းသော ဇာတ်ဝင်ခန်းများ ၏ ဓာတ်ပုံများကို ဆင်ဆာလွတ်အောင် စိစစ်ရွေးချယ်ပြီး ထည့်သွင်းရပါတယ် အထူးသဖြင့် မြို့ကြီးများနှင့်နယ်များယှဉ်ရောင်းရာတွင် နယ်ကိုယ်စားလှယ်များက ဝယ်အားသန်ပြီး ရောင်းဈေးကိုလဲ စိတ်ကြိုက်ညှိနှိုင်းလို့ရပါတယ်။
ထို့ကြောင့် နယ်အကြိုက် Fighting ခန်းဇာတ်ပုံအချို့ကို ပိုစတာတွင် မထည့်မဖြစ် ထည့်ပေးရပါတယ်။
မြို့ကြီးများကတော့ ပုံမှန်သတ်မှတ် (မင်းသား) ဈေးရှိပြီးသားမို့ သိပ်စိတ်ပူရန်မလိုပါ။
ဤ ဇာတ်ကား ဆင်ဆာကျ၍ ဖြန့်ချီရာတွင် ရန်ကုန်မြို့မှအပ အခြားမြို့များနှင့် နယ်များကို အရင်ဖြန့်ရပါတယ်..။
ရန်ကုန်မြို့အတွက်တော့ ၃ လ ခန့်နောက်ဆုတ်ပြီး နယ်များနှင့်အခြားမြို့များရောင်းပြီးခန့်တွင် ဖြန့်ရပါတယ်..။
ရန်ကုန်မြို့အတွက် ဗီဒီယိုဇာတ်ကားများဖြန့်ချီရာတွင် တနင်္ဂနွေနေ့ အပတ်စဉ်တိုင်းကို ကားသစ်ဖြန့်ချီရက်အဖြစ် ရုပ်ရှင်အစည်းရုံးမှသတ်မှတ်ပေးထားပါတယ်..။
ထိုသို့ဖြန့်ချီရက် ရယူရာမှာလည်း မိမိတို့ဖြန့်ချီမည့် ဇာတ်ကားမှ သရုပ်ဆောင်(ခေါင်းဆောင်)မင်းသားနှင့် အခြားကုမ္ပဏီများမှ ဖြန့်ချီမည့် ခေါင်းဆောင်မင်းသားများကို နှိုင်းယှဉ်ပြီး ဖြတ့်ချီရက်ကို (လိုင်းဝင်၍)ညှိရပြန်ပါတယ်။ အကယ်၍ မိမိဖြန့်ချီမည့် ဇာတ်ကားမှ ခေါင်းဆောင်မင်းသားသည် နာမည်ကြီးလူကြိုက်များသော မင်းသားဖြစ်ပါက ပူစရာမလိုသော်လည်း မိမိဖြန့်ချီမည့်ဇာတ်ကားမှမင်းသားမှာ ပရိတ်သတ် သိပ်မသိသေးသော၊ မင်းသားအသစ်မျိုး၊ မင်းသားငယ်မျိုးဖြစ်ပါက မင်းသားကြီးများနှင့် ယှဉ်၍ ဖြန့်ရန်မသင့်သည့်အတွက် ဖြန့်ချီရက်ကို (တရားဝင်မဟုတ်သော )နားလည်မှုဖြင့် ရွှေ့ရပါတယ်။
အဲဒီကတဆင့် ပရိသတ်လက်ထဲရောက်ပြီဆိုရင်တော့ တပါတ်စာထွက်သော video ကားများထဲမှ ကိုယ်ဖြန့်ချီသော ဇာတ်ကား “ပေါက်” “မပေါက်” ကို..ပရိသတ်မှတဆင့် ရင်ခုန်စွာ စောင့်စားရင်း “video ထုတ်လုပ်သူ တစ်ဦး၏ video ဇာတ်ကားဖြန့်ချီပုံ နှင့် “ဖွ” နည်း အတတ်ပညာ”ကို ဗဟုသုတအဖြစ် လက်ဆင့်ကမ်းလိုက်ရပါသည်..။
*အဖွကောင်း၍ အရမ်းပေါက်ပြီး ခိုးကူးခွေနှင့်မိလျှင်တော့ ရှုံးဖို့သာပြင်ပေါ့....
ဤ နည်းဖြင့် Video ထုတ်လုပ်သူ တစ်ဦး၏ Video ဇာတ်ကားဖြန့်ချီပုံ နှင့် “ဖွ” နည်း အတတ်ပညာကို တစေ့ တစောင်း ဖော်ပြလိုက်ရပါသည်...
0 comments:
Post a Comment