ချစ်သူခနခနပြောပြဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ
လပေါ်ကနတ်သမီးလေးတစ်ပါးနဲ့ကမ္ဘာမြေပြင်ပေါ်ကဝံပုလွေမင်းသားလေးတို့ရဲ့ချစ်ပုံပြင်လေးပေါ့.. လပေါ်က လနန်းတော်ကြီးထဲမှာ သိပ်ချော သိပ်လှတဲ့ “လမင်းသမီးလေး”တစ်ပါးရှိတယ်...တဲ့..၊ “လ”ဘုရင်ကြီးဟာ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ သူ့ရဲ့တစ်ဦးတည်းသောသမီးလေးကို သူ့ရဲ့ဘုရင်မျိုးနွယ်အရိုက်အရာဆက်ခံဖို့ အတွက် ဒီသမီးလေးတစ်ပါးပဲရှိတာကြောင့် မျက်စိအောက်ကအပျောက်မခံပဲ အရိပ်တကြည့်ကြည့်နဲ့ နန်းတော်ထဲကနေ ဘယ်ကိုမှပေးမသွားပဲ အဆောင်အယောင် အခြွေအရံအပြည့်နဲ့ နန်းတော်ထဲမှာပဲ လိုလေသေးမရှိအောင် ထားခဲ့ပေမဲ့ “လ”မင်းသမီးလေးဟာ ကြာလာတော့လည်း နန်းတော်ရဲ့အပြင်ဘက်က လောကကြီးအကြောင်းကို သိမြင်ချင်လာတယ်...။
တစ်နေ့မှာ ဖခင်ဖြစ်သူ “လ”ဘုရင်ကြီးကို ခွင့်ပန်ပြီး ကမ္ဘာမြေပြင်ပေါ်ကို သွားလည်ခွင့်တောင်းတယ်..၊ ဖခင်“လ”ဘုရင်ကြီးဟာ အကြိမ်ကြိမ်ငြင်းဆိုခဲ့ပေမဲ့ နောက်ဆုံးမှာတော့ “လ”မင်းသမီးလေးရဲ့တောင်းဆိုမှုကို လိုက်လျှောရင်း အချိန်တန်ရင် “လ”ပေါ်ကိုပြန်လာပြီး “လ”တိုင်းပြည်ကို အုပ်ချုပ်ဖို့ သမီးထံမှကတိတောင်းခဲ့တယ်...။
“လ”မင်းသမီးလေးကလည်း ဖခင်တောင်းဆိုသော ကတိကို ပေးပြီး ကမ္ဘာမြေပြင်ပေါ်ကို ပျော်ရွှင်စွာ ဆင်းသက်လာခဲ့တာပေါ့..။
ကမ္ဘာမြေပြင်ပေါ်က စိမ့်စမ်း ရေတံခွန်တွေနဲ့ပြည့်နှက်နေတဲ့ သစ်တောနက်ကြီးတစ်ခု တွင်းမှာ ပျော်ရွှင်စွာတစ်ယောက်တည်း လျှောက်သွားရင်း သစ်တောနက်ရဲ့ဘုရင်
“ဝံပုလွေမင်းသားလေး”ကိုတွေသွားပြီး မတူညီတဲ့ဘဝနှစ်ခုကိုမေ့ကာ ချစ်သူတွေဖြစ်သွားကြတယ်။
တစ်ခါမှမရခဲ့ဖူးတဲ့ အထိ အတွေ့ အကြင်နာ အယုအယတွေနဲ့အတူ ချစ်သူနှစ်ဦးဟာ မခွဲနိုင်မခွာရက် ပဲ အဲဒီသစ်တောနက်ကြီးအတွင်းမှာ လပေါင်းအတော်ကြာနေလာခဲ့ကြရင်း တစ်နေ့မှာ သူတို့ရှိရာကို “လ”ဘုရင်ကြီးနဲ့အခြွေအရံတွေ ရောက်ရှိလာပြီး “လ”မင်းသမီးလေးကို ပြန်လာခေါ်ကြတယ်။
“လ”မင်းသမီးလေးဟာ ချစ်သူဝံပုလွေမင်းသားလေးကို သူနဲ့အတူ “လ”တိုင်းပြည်ကို လိုက်ခဲ့ဖို့ခေါ်ပေမဲ့ သစ်တောနက်ကို အုပ်ချုပ်တဲ့ မင်းဖြစ်နေတာကတစ်ကြောင်း...သူ့အမျိုးအနွယ်နဲ့ ဒေသကိုပြစ်ခဲ့လို့မရတာက တစ်ကြောင်းမို့ “လ”တိုင်းပြည်ကို မလိုက်နိုင်ကြောင်း...၊“လ”မင်းသမီးလေးကို ကမ္ဘာမြေပြင်ပေါ်က သစ်တောနက်ကြီးထဲမှာပဲ သူနဲ့အတူနေရန်တောင်းဆိုခဲ့တယ်..။
“လ”မင်းသမီးလေးဘက်ကကြည့်ပြန်တော့လည်း တိုင်းပြည်ကို အုပ်ချုပ်ဖို့ နောက်ဆုံးမျိုးဆက်ဖြစ်နေတာရယ်..ဖခင်“လ”ဘုရင်ကြီးကို ကတိပေးခဲ့ရတဲ့ “လ”တိုင်းပြည်နဲ့ မျိုးဆက်အတွက် “လ”တိုင်းပြည်ကို ဖခင်နဲ့အတူ ရင်နာနာနဲ့ပဲပြန်လိုက်သွားခဲ့ရတယ်...။
မင်းသမီးလေးဟာ ...မင်းသားလေးနားကနေ မထွက်ခွာခင်မှာ... သူမ ပြောသွားခဲ့တဲ့စကားတစ်ခွန်းကတော့ ...သူမဟာ ကမ္ဘာမြေပြင်ပေါ်ကို ဘယ်တော့မှပြန်မလာနိုင်တော့ပေမဲ့ “လ”ပေါ်ကနေ ဝံပုလွေမင်းသားလေးကို လှမ်းကြည့်ရင်း “လ”မင်းသမီးလေးရဲ့ကိုယ်ရှိန်ကိုယ်ဝါအလင်းရောင်နဲ့ ကမ္ဘာမြေပြင်ကိုလွှမ်းခြုံရင်း ချစ်သူမင်းသားလေးကို လွမ်းနေမယ်လို့ မှာတမ်းချွေခဲ့တယ်။
အဲဒီနေ့က“စ”ပြီး..“လ”မင်းသမီးလေးဟာ ဝံပုလွေမင်းသားလေးအနားကနေထွက်သွားလိုက်တာ အခုအချိန်ထိပါပဲ...။ ချစ်သူဝံပုလွေမင်းသားလေးကတော့ လပြည့်နေ့ရောက်တိုင်း (“လ”ကိုမြင်တိုင်း) လမင်းကြီးကိုမျှော်ကြည့်ရင်း “လ”မင်းသမီးလေးကို..တစ်ဆာဆာအော်ခေါ်နေတော့တာပေါ့...။
အဲဒီပုံပြင်လေးပြီးဆုံးသွားတိုင်း ကျွန်မရဲ့ပါးပြင်ပေါ်က မျက်ရည်စလေးတွေကို ညင်သာစွာသုတ်ပေးရင်း ချစ်သူပြောတတ်တဲ့စကားလေးတစ်ခွန်းကတော့...
“ 'မ' က.........'လ'မင်းသမီးလေး မဟုတ်သလို..
' မောင်'ကလည်း .........ဝံပုလွေမင်းသားလေး မဟုတ်လို့
တို့နှစ်ယောက်ဘယ်တော့မှ ဝေးမသွားနိုင်ပါဘူး.”...တဲ့လေ...။
တယ်လီဖုန်း.....
1 hour ago
2 comments:
တကယ်လား............အဲလိုဆို လွမ်းစရာကြီး။
သိတယ်နော် ....လမင်းတမီးမှမဟုတ်တာကို အဖြူရောင်နတ်တမီးကိုး...။
စိတ်မဆိုးနဲ့ စတာ..........။
ခင်မင်မှုဖြင့်
အားလုံးကို ပျော်စေချင်တဲ့
ဇတ်လမ်းလေးကကောင်းပါတယ်နတ်သမီးလေးရေ...ကျန်း
မာရေးဂရုစိုက်ပါနော်.....ခင်မင်စွာဖြင့်....
Post a Comment