၃.၁၀.၂၀၀၉ (စနေနေ့)ဟာ သီတင်းကျွတ်လပြည့်နေ့ပါ။ သီတင်းကျွတ်လပြည့်နေ့ အကြောင်းကိုတော့ မြန်မာလူမျိုးတိုင်း သိပြီးသားဖြစ်တဲ့အတွက် ထွေထွေထူးထူး မရေးလိုတော့ပါ..။ တရုတ်စားသောက်ဆိုင်ကြီးမှာ အလုပ်လုပ်နေရတဲ့ ကျွန်မအတွက် တရုတ်ရိုးရာ “Full Moon Day ” ဟာ ကျွန်မတို့ရဲ့ “သီတင်းကျွတ် လပြည့်နေ့” နဲ့ ထူးထူးခြားခြားတိုက်ဆိုင်နေပါတယ်။ ဒီနေ့ ကျွန်မတို့ ဝန်ထမ်းတွေ စုပြီး ပျော်ပွဲရွှင်ပွဲပြုလုပ်ပြီး ပါတီပွဲလေးတစ်ခုကျင်းပဖြစ်ကြတယ်။ အဲဒီမှာ ကျွန်မစိတ်ဝင်တစားနားထောင်ခဲ့ရတဲ့ အကြောင်းကတော့....“Full Moon Cake ”လို့ခေါ်တဲ့ “လ”မုန့်ရဲ့ ပါးစပ်ရာဇဝင် ပုံပြင်လေးတစ်ပုဒ်ရဲ့အကြောင်းပါပဲ..။ဟိုး...ရှေးရှေးတုန်းက တရုတ်ပြည်က ရွာတစ်ရွာမှာ..မြားပစ်အလွန်ကျွမ်းကျင်တဲ့ “ဟုန်ရီ”(Hou Yi) ဆိုတဲ့ လူတစ်ယောက်ရှိတယ်..။သူ့မှာ “ချောင်အာ”(Chang Er)ဆိုတဲ့ သိပ်ချော သိပ်လှတဲ့ ဇနီးလေးလည်းရှိတယ်..တဲ့။
တစ်နေ့...ကောင်းကင်ပေါ်မှာ နေ(၁၀)စင်း တစ်ပြိုင်နက်တည်း ထွန်းလင်းတဲ့အတွက် ကမ္ဘာကြီးဟာ မီးလောင်လုမတတ် ပူပြင်းလာပြီး ပင်လယ်ရေတွေဟာလည်း ခန်းခြောက်စပြုလာခဲ့တယ်။ အဲဒီအကြောင်းကို “ဟုန်ရီ” သိသိခြင်းပဲ..သူ့မှာရှိတဲ့ လေးနဲ့ မြားတွေကိုယူပြီး အမြင့်ဆုံးတောင်ဖြစ်တဲ့“ကူလွင်”(Kun Lun) တောင်ပေါ်ကို ခဲရာခဲဆစ် ကြိုးစားပြီးရောက်အောင်တက်ခဲ့တယ်...။ အဲဒီတောင်ပေါ်ကနေ နေတစ်စင်းကိုချန်ပြီး ကျန်တဲ့ နေ(၉) စင်းကို သူ့ရဲ့မြားတွေနဲ့ ခြေဖျက်နိုင်ခဲ့တယ်..။အဲဒီအချိန်က“စ”ပြီး မြားပစ်သမားလေး “ဟုန်ရီ”ဟာ ကမ္ဘာမြေနဲ့ လူသားတွေကို ကယ်တင်ခဲ့တဲ့ လူစွမ်းကောင်းတစ်ယောက်ဖြစ်လာခဲ့တယ်..။ အဲဒီအဖြစ်အပျက်တွေကို အစ အဆုံးမြင်တွေ့ခဲ့ရတဲ့ နတ်ပြည်က နတ်မင်းကြီးရဲ့ မိဖုရားဟာ လူစွမ်းကောင်း “ဟုန်ရီ”ကို နတ်ဆေးလုံးတစ်လုံးချီးမြှင့်ခဲ့တယ်။ အဲဒီနတ်ဆေးလုံးရဲ့အစွမ်းသတ္တိကတော့...ရုပ်ပျိုကိုယ်နုပြီး နတ်စည်းစိမ်နဲ့တကွ နတ်ပြည်မှာ စံစားရင်း ထာဝရ အသက်ရှင်သန်နေစေနိုင်တယ်..တဲ့။ ဇနီးသည်ကိုချစ်တဲ့ “ဟုန်ရီ”ဟာ အဲဒီနတ်ဆေးလုံးကို သောက်ပြီး နတ်ပြည်မှာ ထာဝရ ပျော်ရွှင်စွာနေနိုင်တဲ့ အခွင့်အရေးကို ရပေမဲ့ သူချစ်ရတဲ့ ဇနီးကို မခွဲနိုင်တာကြောင့် နတ်ဆေးလုံးကို မသောက်ပဲ ဇနီးသည်ကို အကြောင်းစုံပြောပြကာ...သိမ်းထားစေခဲ့တယ်..။ စိတ်ဆိုတာကလည်း အခက်သားလား....“ဟုန်ရီ”ရဲ့ဇနီး..“ချောင်အာ”လေးဟာ “ဟုန်ရီ”မရှိတုန်း နတ်ဆေးလုံးကိုစမ်းသပ်ချင်တဲ့စိတ်နဲ့ သောက်လိုက်တယ်ဆိုရင်ပဲ...မိန်းမချောလေး “ချောင်အာ”ရဲ့ခန္ဓာကိုယ်ဟာ လေပေါ်ကိုမြောက်တက်သွားပြီး “လ”ရှိရာကို ပျံတက်သွားခဲ့တယ်..။ နတ်ဆေးလုံးရဲ့အစွမ်းအရ မိန်းမချောလေး “ချောင်အာ”ဟာ ဘယ်တော့အခါမှ လူ့ပြည်ကို ပြန်မလာနိုင်တော့ပဲ “လ”ပေါ်မှာပဲ မင်းသမီးလေးတစ်ပါးအဖြစ် ရာသက်ပန်နေသွားရင်း ပြင်လို့မရတော့တဲ့ သူမရဲ့အမှားကို နောင်တရနေတော့တာပေါ့..။ မြားပစ်သမားလေး “ဟုန်ရီ” ကလည်း သူ့ရဲ့ဇနီးချောလေးကို လွမ်းယုံကလွဲလို့ဘာမှမတတ်နိုင်ရှာပဲ ဇနီးသည်ကိုလွမ်းတိုင်း “လ”ကိုပဲ မော့ကြည့်နေတော့တာပေါ့..။
အဲဒီ တရုတ်ရိုးရာ ပုံပြင်ကို အစွဲပြုပြီး တရုတ်လူမျိုးတွေဟာ အဲဒီနေ့ကိုရောက်တိုင်း ဘယ်လိုအကြောင်းကြောင့်နဲ့မှ အဝေးတစ်နယ်ဆီကို ရောက်နေတဲ့ သူဖြစ်နေပါစေ...မိသားစုတွေ ပြန်ဆုံကြပြီး “Moon Cake”လို့ခေါ်တဲ့ “လ”မုန့်ကို စားသောက်ကြတယ်။ အဲဒီနေ့မှာ သူတို့အဓိက စားကြတဲ့ အရာတွေကတော့...(၁) Moon Cake (လမုန့်) ။ ။ မိသားစုတွေ “လ”ကဲ့သို့ လုံးဝိုင်းတဲ့ အရာထဲမှာ အတူတကွ ရှိစေရန်။
(၂)Grape (စပျစ်သီး) ။ ။တစ်ခိုင်တည်းမှာ မိသားစုတွေ တစ်စုတစ်စည်းတည်း ရှိနေစေရန်။
(၃)Pear (သစ်တော်သီး) ။ ။သစ်တော်သီးကို တရုတ်လို “Li” လို့ခေါ်ပါတယ်...
....................................လမ်းခွဲခြင်းကို တရုတ်လို “Fen Li” လို့ခေါ်ပါတယ်...
အဲဒီတော့ သစ်တော်သီး “ Li” ကိုစားခြင်းဖြင့် လမ်းခွဲခြင်း “Fen Li ”မှကင်းဝေးနိုင်စေရန် ရည်ညွှန်းပြီး အယူတစ်ခုအဖြစ်သတ်မှတ် ခဲ့ကြခြင်းဖြစ်ပါတယ်။


မြန်မာပြည်က...သီတင်းကျွတ်ကိုလွမ်းရင်း...ကွယ်လွန်သွားပြီဖြစ်တဲ့ မိဘနှစ်ပါးကို ရင်ထဲကနေ ရှိခိုးကန်တော့လိုက်ရပါသည်.။
10 comments:
မင်္ဂလာပါ မမရေ။ လမုန့် လေးအကြောင်း ဗဟုသုတ ဖတ်ရပါတယ်။ စားသာ စားမိတယ်။ မသိခဲ့မိဘူး။ ကျေးဇူးတင်ပါတယ်။ သတင်းကျွတ်ကို မမလဲ ချစ်ခင်သူများနဲ့ ပျော်ရွှင်စွာဖြတ်သန်းရင်း စာတွေအများကြီး ရေးနိုင်ပါစေ။
မင်္ဂလာပါ မမရေ။ လမုန့် လေးအကြောင်း ဗဟုသုတ ဖတ်ရပါတယ်။ မမလဲ သီတင်းကျွတ်မှာ ပျော်ရွှင်ပါစေ။
ဗဟုသုတ ရပါတယ်။ တရုတ်ရိုးရာ လမုန့် ကိုတော့ မကြိုက်လို့ စားမသွားတော့ဘူးနော်။ သီတင်းကျွတ်မှာ ဂျီးတော် ကျွတ်ပါစေ။ ကျွတ်ချင်တာ ကျွတ်ပါစေ။
လမုန့်စားချင်နေတာ..နော်
သရေကျလာပြီ..
အထဲကဆားဘဲဥနဲ့လမုန့်စားချင်တယ်
မင်္ဂလာပါ
အမြင့်ဆုံးတောင် ကူလွင်ကို ယုတ္တိကျကျ စဉ်းစားရရင် ဧ၀ရက်တောင် ဖြစ်နိုင်တယ်.. ဟဟ
စကားစပ် .. အတော်ပဲ ၅၀၀၀ တန် ထုတ်တာနဲ့ ..
ရွှင်လန်းချမ်းမြေ့ပါစေ...
မမအဖြူရောင်လေးရေ....
လ မုန့်ချင်း လာလဲစားသွားပြီနော် ....
ခုမှပဲ လမုန့် ရာဇ၀င်ကို သိရတော့တယ်း)
မိဘနှစ်ပါးလုံး မမအနားမှာ မရှိကြတော့ဘူးဆိုတာ သိရလို့ စိတ်မကောင်းဖြစ်မိတယ် .....။
ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းရင်း
ချစ်ခင်စွာ ဖြင့်
နှင်း
လမုန့်လေးရဲ့ရာဇဝင်
စာတင်ကာအဖြူကပြော
ကျနော်....
သဘောကျမိပါရဲ့
ဖတ်ဖူးတဲ့စာ
ကြားနာဖူးတဲ့စကား
ရိုးသွားနိုင်ပေမဲ့
မရိုးနိုင်တာက
အဖေနဲ့အမေ
သူတို့မေတ္တာကလေ
ဘယ်သောအခါမှ
ရိုးသွားလိမ့်မယ်မထင်ဘူး...။ ။
မစာနာတာမဟုတ်ဘူးနော်
ကျနော်လဲမိဘနဲ့ဝေးပြီးအထင်မှားမှုတွေနဲ့
မိဘရင်ခွင်ခိုဝင်လို့မရတော့တဲ့သူပါဗျာ
အမရဲ့ခံစားရမှုကိုကျနော်ထပ်တူပြုလို့
တော့မမှီနိုင်ပါဘူး ဒါပေမဲ့ ကျနော်လဲ
အမလိုခံစားရပါတယ်ဗျာ
လမုန့်လာပို့ပေးတဲ့အတွက်ကျေးဇူးပဲ နတ်သမီးလေးရေ....
ဟူးးးးးး..လူဆိုတာကလည်း မလုပ်နဲ့ဆိုမှ လုပ်ချင်ကြတယ်..မကြည့်နဲ့ဆို ကြည့်ချင်ကြတယ်
အခုတော့ ရှင်လျက်နဲ့ကွဲသွားကြတာပေါ့ဗျာ
တော်ပြီ အဲဒီလိုမဖြစ်ရအောင် မေမေ့ကိုဘဲ ပူဆာတော့မယ် :P
“လမုန့်” ထဲက...ဒဏ္ဍာရီတစ်ပုဒ်အကြောင်းလေး ပြည့်ပြည့်စုံစုံသိလိုက်ရတယ် မရေ..
ကျေးဇူးတင်လိုက်တာ
Post a Comment