ကျမရဲ့ကုမ္ပဏီက ရိုက်ကူးထုတ်လုပ်တဲ့ “နွေလေရူးနှင့်ပိတောက်ဖူး” VCD သင်္ကြန်ဇာတ်ကားအတွက် ကျမတို့ရုပ်ရှင်အဖွဲ့သားများဟာ (၁၁)ရက်ကြာရိုက်ကူးရင်း တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးကို အမှတ်တရတင်ပြလိုက်ပါတယ်။
ဒါရိုက်တာ။ ။ မောင်နီလွင်(သပြု)
ဇာတ်ညွှန်း။ ။ ဒီရေလှိုင်း
သရုပ်ဆောင်။ ။ ကင်းကောင်၊ဖိုးဖြူ၊ရဝေအောင်၊ဥက္ကာမင်းမောင်၊ပပဝင်းခင်တို့ပါဝင်တဲ့
“လေနွေရူးနှင့်ပိတောက်ဖူး”ဆိုတဲ့ ဇာတ်လမ်းလေးပါ။
ဥက္ကာမင်းမောင်(ရဲသီဟ) နှင့် ပပဝင်းခင်(ပိတောက်ဖူး)တို့ဟာ သင်္ကြန်မှာတွေ့ဆုံရင်း...
ပပဝင်းခင် မှ ဥက္ကာမင်းမောင်ကိုအဖြေပေးဖို့ တရက်အလိုမှာ ၊ မိမိမှာ သွေးကင်ဆာရောဂါရှိနေတာကို သိသွားတဲ့ ပပဝင်းခင်က ဥက္ကာမင်းမောင်ကို စိတ်နာအောင် အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သူ ရဝေအောင်(အောင်အောင် )နှင့်မိတ်ဆက်ပေးပြီး စိတ်နာအောင်ပြုလုပ်ခဲ့ပါတယ်။ (ရဝေအောင်၊ပပဝင်းခင်နှင့် ကျမတို့ဟာ သိပ်ချစ်ကြတဲ့သူငယ်ချင်းတွေပါ၊ကျမ(စင်သီယာ)က ရဝေအောင်(အောင်အောင်)ကိုချစ်နေရတဲ့သူပါ)။ ပိတောက်ဖူးကို စိတ်အနာကြီးနာသွားတဲ့ ရဲသီဟဟာ အရက်မူးလွန်ပြီးကားမှောက်ကွယ်လွန်ခဲ့ပါတယ်။ တနှစ်ခန့်ကြာသော် ရဲသီဟရဲ့အမွှာအကိုဖြစ်သူ (နန္ဒ)နိုင်ငံခြားမှပြန်ရောက်လာပြီး ညီဖြစ်သူရဲ့ဒိုင်ယာရီစာအုပ်ကိုဖတ်မိသွားရမှ ပိတောက်ဖူးကို ညီအတွက်ဂလဲ့စားခြေဖို့ဆုံးဖြတ်ရင်း ပိတောက်ဖူးနဲ့နီးဖို့သင်္ကြန်မှာကြိုးစားခဲ့ပါတယ်။ အချုပ်ဆိုရသော် ပထမရည်းစားကိုဆုံးရှုံးလိုက်ရတဲ့ ပိတောက်ဖူးဟာ ဒီတခါတော့ ဘယ်လိုပဲဖြစ်ဖြစ် နန္ဒကို ချစ်အဖြေပေးဖို့ဆုံးဖြတ်လိုက်ပြီး အဖြေပေးမဲ့နေ့မှာပဲ နန္ဒထံမှ မထင်မှတ်ထားတဲ့စကားဖြစ်တဲ့ “ညီအတွက်ကလဲ့စားခြေရုံသက်သက်ဇာတ်လမ်းထွင်ပြီး ပိတောက်ဖူးကို ချစ်ဟန်ဆောင်ခဲ့ကြောင်း၊ နန္ဒမှာ လက်ထပ်ရမည့်သူရှိကြောင်း”ကိုပြောပြီး ပိတောက်ဖူးရှေ့မှထွက်သွားခဲ့တယ်။ ပိတောက်ဖူးလည်း ယူကြုံးမရတာကတကြောင်း၊ အချိန်မှီသွေးသွင်းဖို့နောက်ကျတာကတကြောင်း၊ ရောဂါကြွမ်းလာတာကတကြောင်းကြောင့် အဲဒီနေရာမှာတင် လဲကျသေဆုံးခဲ့ပါတယ်။ ပိတောက်ဖူးကွယ်လွန်ပြီးမှ အဖြစ်အပျက်အမှန်ကို သိသွားတဲ့ နန္ဒဟာ နောင်တရယုံကလွဲလို့ဘာမှမတတ်နိုင်ခဲ့ပါဘူး။ နောက်ဆုံးဇာတ်သိမ်းခန်းကို သံလျှင်မြို့စွန်က သင်္ချိုင်းမှာ ရိုက်ကူးခဲ့ပါတယ်။ ရိုက်ကွင်း(၁)အနေနဲ့ ပန်းစည်းကိုယ်စီနဲ့ ယှဉ်တွဲနေတဲ့အုတ်ဂူဖြူဖြူလေးနှစ်လုံးကို စိတ်မကောင်းစွာရပ်ကြည့်နေတဲ့ နန္ဒ(ဥက္ကာမင်းမောင်)၊ ပိတောက်ဖူးကိုတောင်းပန်စကားတွေဆိုရင်း အုတ်ဂူဘေးနားမှထွက်ခွာသွားသည့်အခန်း။
ရိုက်ကွင်း(၂)အနေနဲ့ အုတ်ဂူလေးတွေပေါ်ကို ပန်းစည်းကိုယ်စီတင်ပြီး ကံဆိုးရှာတဲ့ ချစ်သူနှစ်ယောက်အတွက် နောင် ဒီလိုအဖြစ်ဆိုးတွေနဲ့ထပ်ပြီးမကြုံတွေ့ရအောင် ဆုတောင်းပေးနေသူ အောင်အောင်(ရဝေအောင်)နှင့် ကျမ(စင်သီယာ)တို့အုတ်ဂူဘေးမှထွက်ခွာရင်း ဇာတ်လမ်းကို အလွမ်းနဲ့အဆုံးသတ်ထားပါတယ်။ မျက်ရည်ကျဖို့ခက်ခဲ့နေတဲ့ကျမကြောင့် အချိန်တော်တော်ကြာခဲ့ရတဲ့အပြင် မင်းသားအခက်အခဲကြောင့် အဲဒီအခန်း(၂)ခန်းကို (၂)ရက်ခွဲပြီးရိုက်ကူးခဲ့ရပါတယ်။ ပြဿနာက အဲဒီက“စ”ခဲ့တာပါ၊ ကျမတို့ရိုက်မည့်အုတ်ဂူ(၂)လုံးကို ဆေးသုတ်ရပါတယ်၊ နှင်းဆီပန်းစည်းတွေဝယ်ရပါတယ်၊ပြီးတော့ရိုက်တယ်ပေါ့။ပထမရက်မှာရိုက်မည့်ဇာတ်ဝင်ခန်းနှင့် ဒုတိယရက်မှာရိုက်မည့်ဇာတ်ဝင်ခန်းများပြန်လည်ဆက်ရာမှာ တူညီစေရန် ပထမရက်ရိုက်ကွင်းအပြီးမှာ ရှုတင်မန်နေဂျာက အုတ်ဂူပေါ်မှနှင်းဆီပန်းစည်းများကိုပြန်သိမ်းပြီး အိမ်သို့တညအိပ် ယူဆောင်သွားခဲ့တဲ့ညမှာပဲ..အိမ်ရှေ့မှာတညလုံးခွေးတွေအူပါတယ်(အမှုမဲ့အမှတ်မဲ့ပါပဲ)။ ညသန်းခေါင်ယံအချိန်ရောက်တော့
အိမ်တံခါးခေါက်သံကြားလို့တံခါးဖွင့်လိုက်ပေမဲ့ ဘယ်သူမှမရှိပါဘူး၊ နားကြားလွဲတာပဲဆိုပြီးပြန်အိပ်ပါတယ်၊ နောက်တခါထပ်ခေါက်တော့ တံခါးကိုထပ်ပြီးဖွင့်ကြည့်တော့လည်း ဘယ်သူမှမရှိပါဘူး၊ အဲဒီတံခါးခေါက်သံဟာ (၁)နာရီခြားဖြစ်နေတာကြောင့် တအိမ်သားလုံးမအိပ်ရဲတော့ပါဘူး၊ ခွေးတွေကလည်း အိမ်ကိုပဲ ထိုးထိုးပြီးဟောင်နေတာကြောင့် ရှုတင်မန်နေဂျာကြီးဟာ တနေ့တာလုပ်ခဲ့တဲ့အထဲမှ အမှားကိုပြန်ရှာရင်း တွေ့ခဲ့တာကတော့..ညနေကရိုက်ကွင်းအပြီးမှာ
သင်္ချိုင်းကသူယူလာတဲ့ပန်းစည်းကြောင့်လို့ သိရှိသွားတဲ့အချိန်မှာပဲ စားပွဲပေါ်မှာတင်ထားတဲ့နှင်းဆီပန်းစည်းများကို အိမ်အပြင်ဘက်ခပ်လှမ်းလှမ်းမှာ သွားပြစ်ခဲ့ပါတယ်။ ပြီးတော့အိမ်အတွင်း၊အပြင်မှာ ပရိတ်ရည်(ရေမန်း)တွေနဲ့ပက်ဖြန်းလိုက်တော့မှ တဖြည်းဖြည်းခွေးအူရပ်သွားတယ်လို့ နောက်တနေ့ရိုက်ကွင်းမှာပြောပြခဲ့ပါတယ်။
ဗီဒီယိုရိုက်တယ်ဆိုပေမယ့် တကယ့်အုတ်ဂူပေါ်မှာ ပန်းစည်းကိုတင်ပြီးရိုက်ခဲ့တာဖြစ်တဲ့အတွက် အုတ်ဂူပိုင်ရှင်ဝိဥာဉ်က သူ့ရဲ့ပန်းစည်းကိုပြန်လာတောင်းတယ်လို့ယူဆပါတယ်။ ဒါမှမဟုတ် အုတ်ဂူပေါ်ကပစ္စည်းကိုယူလာခြင်းဟာ အဲဒီအုတ်ဂူပိုင်ရှင်ဖြစ်တဲ့ဝိဥာဉ်ကိုခေါ်လာတာနဲ့အတူတူပါပဲ။
--------------------------------------------------------------------------------------------------------
နောက်တခုကတော့ ကျမရဲ့တူဖြစ်သူ“သတ္တိ” (ခေါ်)“ဇေယျာသန်းတိုက်”ပါဝင်တဲ့ Model အဖွဲ့ မေမြို့မှာ VCD သွားရိုက်ပြီးအပြန်၊ရန်ကုန်-မန္တလေးကားလမ်းမကြီးပေါ်မှာဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တခုပါ။ Model Girl တယောက်ရဲ့အမေက မန္တလေးကအပြန်မှာ ဆတ်သားခြောက်တွေကောင်းတယ်ဆိုပြီး ဝယ်လာပါတယ်။ ညဖက်ရောက်လို့ “ပေါက်တော”(အပေါ့အပါးသွားဖို့) ကားရပ်ပေးတော့ Model Boy (အမည်မပြောလိုပါ)တယောက်က မူးမူးနဲ့သစ်ပင်ကြီးတပင်အောက်မှာ ရှုရှုးပေါက်ပြီး ကားပေါ်ပြန်အတက်မှာ ငူငူကြီးဖြစ်နေပြီး ဘယ်သူ့ကိုမှလည်းစကားမပြောတော့ဘူးတဲ့။ သူရှုရှုးပန်းလိုက်တဲ့အပင်ကြီးက “သရဲ”သူ့ကိုယ်မှာကပ်ပါလာခဲ့တယ်။ ကားပေါ်ကလူတွေက ကားပေါ်မှာပါလာတဲ့ ဆတ်သားခြောက်ထုတ်တွေကြောင့်လို့ယူဆပြီး ဆတ်သားခြောက်တထုတ်ကိုပစ်ချပေးခဲ့ပါတယ်။ အဲဒီမှာတင် ပြဿနာကပိုဆိုးလာပါတယ်၊ သရဲက ကားပေါ်မှာပါလာတဲ့Model Girl နောက်တယောက်ကို ထပ်ပူးပါလေရော။ “သတ္တိ”လည်း ချောင်းဝဆရာတော်ပေးထားတဲ့ ပရိတ်ကြိုးနဲ့ဝင်ပူးခံရတဲ့သူကိုစွပ်လိုက်တော့ အဲဒီလူကပုံမှန်ဖြစ်သွားပြီးနောက်တယောက်ကိုထပ်ပူးပါတယ်။ ကားသမားလည်းကားကိုဆက်မမောင်းရဲတော့တာနဲ့ နီးစပ်ရာရွာစွန်က ဘုန်းကြီးကျောင်းတကျောင်းမှာ အကူညီတောင်းပြီးအဖွဲ့သားတွေ ညအိပ်ခဲ့ပါတယ်။ ဖြစ်ချင်တော့ ရွာစွန်ကဘုန်းကြီးကျောင်းဖြစ်တဲ့အတွက်သူတို့ကားရပ်နားရာအနီးမှာ အသုဘစင်ကြီးကို တွေ့ရလို့ အရမ်းကိုကြောက်ခဲ့ကြပါတယ်။ အလောင်းကောင်က ခလေးမမွေးနိုင်လို့ သေဆုံးသွားတဲ့ အမျိုးသမီးအစိမ်းသေတယောက်ပါတဲ့။ ကားပေါ်က သရဲပူးခံနေရတဲ့သူတွေကိုလည်း ဘုန်းကြီးတွေ ကမဝါဝိုင်းဖတ်ပြီးချွတ်ပေးခဲ့ပါတယ်။ နောက်နေ့မနက်မှ အဖွဲ့သားအားလုံးရန်ကုန်ကို ချောချောမောမောပြန်လာခဲ့ကြပါတယ်။ ကျမပြောပြခဲ့တဲ့အဖြစ်အပျက်နှစ်ခုဟာ တကယ်ဖြစ်ခဲ့တာပါ။ အဲဒီအကြောင်းတွေကိုလည်း ဇာတ်လမ်းတပုဒ်အနေနဲ့ပြန်လည်ရိုက်ကူးခဲ့ပြီးပါပြီ။ ကြည့်ဖူးကြပါလိမ့်မယ်။ ဇာတ်လမ်းထဲမှာတော့ ဆင်ဆာလွတ်အောင် တကယ်မဟုတ်ကြောင်းဇာတ်လမ်းကို ပြန်ဖြေရပါတယ်။ ရိုက်ကွင်းနောက်ကွယ်က ထူးဆန်းတဲ့ အဖြစ်အပျက်တွေရှိပါသေးတယ်။ အခုတော့ဒီမှာပဲ..နားခွင့်ပြုပါရှင့်...။
၃၁.၁၀.၂၀၀၉(စနေနေ့)မှာကျရောက်မည့် HOLLOWEEN DAYမှာ စာဖတ်သူသူငယ်ချင်းအပေါင်း ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆန္ဒပြုရင်း.....
“HAPPY HOLLOWEEN DAY”
15 comments:
မမ နောက်အသစ်လေး ဖတ်ဘို့စောင့်နေတယ် အရမ်းစိတ်ဝင်စားဘို့ကောင်းလို့ နောက်လည်း မကြာမကြာလာလည်မယ်နော် ဗဟုသုတလေး ရသွားတယ် သူငယ်ချင်းတွေကိုပြန်ပြောပြလို့ရပြီ
အဖြူရောင်ညီမလေး
ဟီးးကြက်သီးတောင်ထတယ် အီးး
း)တရဲတွေ
ငယ်ငယ်တုန်းက နယ်မှာလူပျိုပေါက်အစ်ကိုကြီးတွေ
နဲ့ ကျွန်တော်တို့ဘုစုခရုတသိုက် သင်္ချိုင်းမှာအမြဲသွားကဲ
တတ်တယ် ကြောက်လန့်ရမှန်းမသိသေးဖူး
အရိုးခေါင်းဖြူဖြူကြီးကို ဝါးလုံးရှည်ထပ်ထိုးပြီး ရှေ့က
အစ်ကိုကြီးက ဝေးဝေး လို့အော်ရင် နောက်ကဘုစုခရု
တွေက တဟေးဟေးနဲ့ ညာသံပေးပြီး လယ်ကွင်းထဲ
ပတ်ပြေးကစားကြတာ ဟီး တိုက်ပွဲတွေဖြစ်လို့ကျ
သွားတဲ့စစ်သားတွေကိုလာမြုပ်တဲ့ သတင်းကြားရင်
သင်္ချိုင်းကိုအပြေးလွှားသွားကြတယ် သေနတ်ဖော်
တယ်လေ ကျန်ခဲ့တဲ့ကျည်ဆံခွံကို အလုယှက်ပြေး
ကောက်ရတာ ပါလာတဲ့ဦးထုပ်နဲ့ကိုင်ရတယ် ပူလို့
သတင်းကျွတ်ဆိုရင် အဲဒါကအသုံးဝင်တယ် ယမ်းတွေ
ထည့်ပြီး ပြန်ဖော်ကြတာကိုးး) သိလာတဲ့အချိန်မှ
ဟီး တရဲ ဆိုတာကိုနည်းနည်းကြောက်တတ်တယ်
း)
နတ်ပြည် က သရဲ ဇတ်ကား ကို မကြည့်ဖူးသေးဘူး..
နတ်သမီးလေး ရေးတာ စိတ်ဝင်စားစရာ ကောင်းတယ်..
တော်တော်လန့် သွားကြသလား...
ရိုက်ကွင်း အတွေ့အကြုံ လေးတွေ ကြုံသလို ရေးပြပါဦး...
အတော်လေး စိတ်ဝင်စားစရာကောင်းတဲ့ ဝိညာဉ် ဇာတ်လမ်းတွေပါလား ။
ဒါမျိုးတွေ က တကယ် ရှိတတ်ပါတယ် ။ကိုယ်တွေ့ မကြုံ ခဲ့ဖူးသေး ပေမဲ့  အမေကိုယ်တိုင် ကြုံ ခဲ့ ရတဲ့ အဖြစ်အပျက်တွေ အရ .. ဒီလို ဝိညာဉ်တွေ ရှိတယ်ဆိုတာ ယုံတယ် ။
ကြားဖူးတဲ့ ဇာတ်လမ်းလေးတွေ ဆက်ပြီး ရေးပါဦး နတ်သမီး လေးရေ ...
အားပေးလျှက် ပါ နော်
ခင်မင်စွာဖြင့်
ကိကီ..
(စကားမစပ် အောက်က word verification ကြီး ဖြုတ်ထား လိုက်ပါလား နော် .. အဲ့ဒါကြီးကို ရေးနေရတာ အချိန်ကုန်လို့  ပါ .. ဟိဟိဟိဟိ )
ထူးထူးဆန်းဆန်း ပေမဲ့  ဒါတွေက ပြစ်ပယ်လို့ မရ
တာတွေပါ . . . ဖတ်ရတာ စိတ်ဝင်စားစရာကောင်းပါတယ်
အဲဒါကိုဇာတ်လမ်းလုပ်ပြန်ရိုက်ထားတာ ကိုသားကြီးနဲ့ 
ကိုဖိုးကျော်လားတော့မသိဘူး မှားသွားရင်လည်း စိတ်မရှိပါနဲ့ ခင်ဗျ . . .
ဗဟုသုတ ရစေပါတယ် “မ” ရေ.... ကျေးဇူးတင်ပါတယ် .....
ကိုယ့်ဖာသာကိုယ်ရေးပြီး...ညက..
အခန်းအပြင်မထွက်ရဲလို့...
တညလုံး အောင့်ထားလိုက်ရတယ်...
အဲဒီရိုက်ကွင်းနေ့က အုတ်ဂူပေါ်က နှင်းဆီပန်းစည်းကို သွားသွားမြင်နေလို့..
ဟီး..ကိုယ့်ဒုက္ခနဲ့ကိုယ်ပဲလေ..နော်...
အမှတ်တရပါပဲ...
အဲလို ကိုယ်တွေ့ ဇာတ်လမ်းလေး တွေ ဖတ်ရတာ အရမ်းကြိုက်...
အသုဘ ချပြီး ဝိဉာဉ်ပြန်ခှေါတဲ့ ဓလေ့ကို သတိရမိတယ်။ သူလဲ အဲသလို လိုက်လာတာနေမှာပေါ့။ ရုပ်ရှင်မင်းသား/ မင်းသမီး သဘောကျတဲ့ ဝိဉာဉ်ဆိုရင် ပန်းနောက်မလိုက်ပဲ သူတို့နောက် လိုက်သွားမလားမသိ။ :)
အောင်မလေးဗျာ စောစောက "မချစ်ရ" အိမ်မှာ Invisible ဆိုတဲ့ သရဲကားအကြောင်းဖက်လာတယ်. ဒီအိမ်ကျတော့ တစ်ကယ့် အပြင်က သရဲအကြောင်းဖက်ရတယ်.။
ကျောတောင်ချမ်းလာပြီဗျ.။ ကြောက်စရာကြီးဗျာနော်။
ဒါပေမဲ့ စိတ်ဝင်စားဘို့ကောင်းတယ်ဗျ။
ခင်မင်လေးစားလျှက်
ညီညီ(အနာဂါတ်သံစဉ်)
စိတ်ဝင်စားစရာကောင်းတယ်...ဗျ...
နောက်လည်းရေးပါဦး...
ကျွန်တော်က သူရဲကားဆိုရင် တစ်ယောက်ထဲပဲကြည့်ချင်တာ...။
လူများရင် အာရုံနောက်လို့လေ......။
(အခုထိတော့ အချောက်မခံရသေးလို့...အဟဲ...)
နှင်းဆီပန်းဇာတ်လမ်းကို ကြည့်ဖူးတယ်... ဒွေးတို့ ဖိုးကျော်တို့နဲ့ ပြန်ရိုက်တာထင်တယ်... မဟုတ်ရင်တော့ ခွင့်လွှတ်... တကယ့်အဖြစ်လို့တော့ ထင်မထားမိဘူးလေ...
ရေးပြထားတာကောင်းပါတယ်...
စာပိုဒ်ကလေးတွေခွဲရေးရင် မျက်စိပိုရှင်းမလားလို့...
းဝ)
ညီမလေးရေ.... စိတ်ဝင်စားဘို့အရမ်းကောင်းတယ်..... ဆက်ရန်လေးတွေ ရှိသေး၇င်... လုပ်ပါဦး....
ကြက်သီးတောင်ထတယ်ဗျ...
တော်တော်ကြောက်ဖို့ကောင်းမှာပဲ...
စိတ်ဝင်စားဖို့တော်တော်ကောင်းတယ်...
နောက်လည်းလာအားပေးမယ်...
သရဲအကြောင်းဆို စိတ်ဝင်စားလို့...
ကျွန်တော်ကံပဲမြင့်နေလို့လားမသိဘူး..
တခါမှ အခြောက်မခံရဘူးဗျ...အဟဲ...
ကြောက်တာတော့ ကြောက်တက်တယ်ဗျ...
လေးစားလျက်
ညရဲ့ကောင်းကင်
ကြက်သီးတောင်ထတယ်ဗျ...
တော်တော်ကြောက်ဖို့ကောင်းမှာပဲ...
စိတ်ဝင်စားဖို့တော်တော်ကောင်းတယ်...
နောက်လည်းလာအားပေးမယ်...
သရဲအကြောင်းဆို စိတ်ဝင်စားလို့...
ကျွန်တော်ကံပဲမြင့်နေလို့လားမသိဘူး..
တခါမှ အခြောက်မခံရဘူးဗျ...အဟဲ...
ကြောက်တာတော့ ကြောက်တက်တယ်ဗျ...
လေးစားလျက်
ညရဲ့ကောင်းကင်
Post a Comment