Thursday, November 26, 2009

အမှတ်ရနေဆဲပါ...အပိုင်း(၂)



အမှတ်ရနေဆဲပါ...အပိုင်း(၂)

တနေ့ "လောကနတ်"ပန်းချီပြခန်းအတွက် ပန်းချီအဆွဲခံဖို့ ကျမကို Model ထိုင်ပေးရန် အကူအညီတောင်းလာတာကြောင့် အနုပညာနဲ့ ပတ်သက်လာရင် ဘယ်လိုအလုပ်မျိုးကိုမဆို ကျမကူညီဖို့ လက်ခံခဲ့တယ်။ (-.၇.၂၀၀၂)စနေနေ့၊ နံနက်(၉)နာရီ၊ လောကနတ်ပန်းချီပြခန်းထဲမှာ ပန်းချီဆရာ/ ဆရာမ(၁၀)ယောက်ခန့်ရဲ့ အရှေ့မှာ Model ထိုင်ပေးရမှာတဲ့။ ဝတ်ရမည့် အဝတ်အစားကလည်း မြန်မာဝတ်စုံတဲ့။ Model ထိုင်ရမည့် အခန်းကိုရောက်တော့ မိတ်ဆွေပန်းချီဆရာတယောက်က ကျမကိုမြင်တော့ သူတို့"စ""နောက်"နေကျအတိုင်း .."မင်းသမီးလာပြီဟေ့"....လို့ အသံပြုလိုက်တယ်ဆိုရင်ပဲ စကားလက်စုံကျနေကြသော ပန်းချီဆရာ/ဆရာမတို့ရဲ့အကြည့်တွေ ကျမဆီကို စုပြုံပြီးရောက်လာခဲ့သည်။ သူတို့နှင့် ကျမအပြန်အလှန် နှုတ်ဆက်ရင်း သူတို့သတ်မှတ်ပေးထားသော နေရာမှာထိုင်ပြီး သူတို့လိုချင်တဲ့ အနေအထားမျိုးနဲ့ မလှုပ်မယှက် ပန်းချီ"စ"ပြီး အဆွဲခံရင်း ကျမရဲ့မျက်လုံးတွေကို ပန်းချီဆွဲနေသူတွေဆီသို့ ပို့ပြစ်လိုက်သည်။ ပန်းချီဆရာမ(၃)ဦးနှင့် ဆရာ(၆)ဦးခန့်ရှိမည်။ အမှတ်မထင် ကျမရဲ့အကြည့်များ တနေရာတွင် ရပ်တန့်သွားခဲ့ရသည်။ အံ့သြခြင်းများစွာဖြင့် ရင်ထဲမှာ လှိုင်းတခု လှုပ်ခတ်သွားရင်း...."သူ"....။ "သူ"မှ"သူ"အစစ်ပါ။ လွန်ခဲ့သော (၈)လခန့်က ရွှေဘုန်းပွင့် ဘုရားပေါ်မှာ ဆုံတွေ့ခဲ့ဖူးတဲ့.."သူ"......။ အလှူခံဌါနတွင် ကျမ၏ နာမည်နှင့် ယှဉ်တွဲဖော်ပြခံခဲ့ရသော..."သူ"...။ ရှပ်အင်္ကျီ ကော်လာလည်ကတုံး အဖြူရောင်နှင့် ကချင်ပုဆိုးလေးကို ဝတ်ဆင်ထားဆဲ..."သူ"....။ ကျမ သူ့ကို အံ့သြခြင်းများစွာဖြင့် မထင်မှတ်ထားသောနေရာတွင် ဒုတိယအကြိမ်မြောက် ထပ်တွေ့ခဲ့ရပြန်ပြီ။ "သူ့"မျက်ဝန်းမှ မှတ်မိခြင်းအရိပ်အရောင် တစွန်းတစမျှ မတွေ့ရသည်မှာပင် ကျမအတွက်ပို၍ အံ့သြခဲ့ရသည်။ မယုံနိုင်စရာ "သူ့"မျက်နှာပေါ်က အေးစက်သော အကြည့်များ...၊ "သူ"တကယ်ပဲ ကျမကို မမှတ်မိတော့တာလား၊ ဒါမှမဟုတ် မမှတ်မိချင်ယောင် ဆောင်နေတာလား...။ ရွှေဘုန်းပွင့်ဘုရား ပေါ်က (၁၀)မိနစ်စာ အဖြစ်အပျက်လေး တခုဟာ သူ့အတွက် ဘာမှမဟုတ်ပေမယ့် ကျမ အတွက်တော့ (၈)လကြာသည့်တိုင် မေ့လို့မရတဲ့ အမှတ်တရလေးတခု ဖြစ်ခဲ့တယ်ဆိုတာ "သူ့"ကို သိစေချင်လိုက်တာ..။ "မနမ်း ရေ...ခန နားကြရအောင်"....ဆိုတဲ့ ပန်းချီဆရာကြီးတယောက်ရဲ့အသံကြောင့် ကျမရဲ့အတွေးစတွေ လွင့်ပျယ်သွားရင်း ဟန်ပြရာနေရာမှ "ထ"ကာ ဝရံတာရှိရာသို့ အညောင်းဖြေရန် လှမ်းထွက်လာလိုက်သည်။ တခါမှ Model မထိုင်ဖူးတဲ့ ကျမအတွက် (၄၅)မိနစ်ဆိုတဲ့ အချိန်ကာလအတွင်းမှာ ရခဲ့တဲ့ ညောင်းညာကိုက်ခဲ့တဲ့ ဝေဒနာကို လက်ချောင်းလေးများဖြင့် နှိပ်နယ်ရင်း အပန်းဖြေနေစဉ် "မနမ်း..အအေးသောက်ပါအုံး"...ဆိုတဲ့ အသံလာရာသို့ လှည့်ကြည့်လိုက်စဉ် အအေးခွက်လေးကို ကျမဆီသို့ ကမ်းပေးနေတဲ့ "သူ့"ကို ကျမတွေ့လိုက်ရသည်။ ကျမက "ဟင့်အင်း...နမ်း အအေးသောက်လို့မရလို့ပါ..ကျေးဇူးတင်ပါတယ်"...လို့ငြင်းတော့ "သူက ဘာဖြစ်လို့လဲ"..တဲ့။ ရေခဲပါတဲ့ အအေးတွေနဲ့ ကျမ လုံးဝမတည့်တဲ့ အကြောင်း သူ့ကို ပြောပြီး ကျမအမြဲသောက်နေကျ နွားနို့ပူပူလေးတခွက်ကို တောင်းဆိုမိတော့ "သူ"ခေါင်းညှိတ်ပြီး ကျမရှေ့က လှည့်ထွက်သွားခဲ့သည်။ ခနကြာတော့ "သူ့"လက်ထဲမှာ နွားနို့ခွက်လေးနှင့်အတူ ကျမရှေ့ကို ပြန်ရောက်လာခဲ့တယ်။ (ပန်းဆိုးတန်းက လောကနတ် ပန်းချီပြခန်းရဲ့အောက်မှာ လ္ဘက်ရည်ဆိုင်ရှိနေခြင်းကြောင့် ကျမအတွက် အဆင်ပြေသွားခဲ့ရခြင်းပါ)။ သူပေးတဲ့ နွားနို့ခွက်လေးကို လှမ်းယူရင်း.."ကျေးဇူးပါ..ကို..."ဆိုပြီး နာမည်ကို ပြောမည်လုပ်တုန်း "သူ"က.."ကျွန်တော့် နာမည် "သူရ"ပါတဲ့။ ပြီးတော့ သူ့အိပ်ကဒ်ထဲက လိပ်စာကဒ်လေးတခုကိုထုတ်ပေးရင်း "ဗိုလ်ချုပ်ဈေးထဲရောက်ရင် အလည်လာဖို့ ဖိတ်ခေါ်ပါတယ်"...ဟုပြောရင်း ကျမရှေ့က လှည့်ထွက်သွားခဲ့တယ်...။(ခနကြာတော့ ကျမတို့ ပန်းချီဆက်ဆွဲခဲ့ကြသည်)။ အပြင်မှာ မိုးတွေရွာနေပေမယ့် "သူ"ပေးခဲ့တဲ့ ကျမလက်ထဲက နွားနို့ပူပူလေးတခွက် နဲ့ ကျမရင်ကို နွေးထွေးစေခဲ့တဲ့ အဲဒီနေ့လေးကို ကျမလေ....အခုထိ အမှတ်ရ လွမ်းနေဆဲပါ....။




15 comments:

Vista said...

အယ် ..စလာပြီ..ဟိ

မိုးခါး said...

မမှတ်မိဘူးဆို ကောက် ထုထည့်လိုက် .. :D

မိုးငွေ့ said...

ဗိုလ်ချုပ်ဈေးဘယ်နားမှာဆိုင်ဖွင့်ထားတာလဲ ဒီပိတ်ရက်ရောက်ရင်သွားကြည့်မလို့
တို့နတ်သမီးနဲ့လိုက်ဖက်ရဲ့လားလို့....

ညရဲ့ကောင်းကင် said...

တဖြည်းဖြည်းနဲ့ ပေါ်ပေါ်လာပြီနော်...
သူ ... သူ ... သူ ... တဲ့ အဟီးး)
အပိုင်း (၃) ကိုတောင် စိတ်ဝင်စားလာပြီ ...
ဇာတ်ရှိန်သိပ်မဖြတ်ပါနဲ့နော်... နတ်သမီး ...

ဒဏ္ဍာရီ said...

အင်း ... သူငယ်ချင်းရေ ... ဇတ်လမ်းလေး စလာပြီနာ်။ ဗိုလ်ချုပ်ဈေး ဘယ်တော့သွားမလဲ အဖော်လိုက်ပြီး ဒို့သူငယ်ချင်းနဲ့ လိုက်မလိုက် ကြည့်ပေးမယ်။း)

ဒီလိုပါပဲ သူငယ်ချင်းရေ ... တခါတရံ ဆုံတွေ့မှုဟာ အမှတ်တရ နေတတ်သူအဖို့တော့ တသက်စာပေါ့ကွာ။

ခင်မင်လေးစားလျှက်

သိင်္ဂါကျော် said...

ဇာတ်လမ်းကတော့ အရှိန်ရတော့မယ်.. စိတ်ဝင်စားစရာပဲ.. ဆက်ရေးပါ.. :)

မောင်ဘကြိုင် said...

အဟိ ဟုတ်ပါ့ ဒါမျိုးဆို မောင်ဘကြိုင်တို့ ကသဘောမ
နောခွေ့ လို့ပြုံးစိစိဖတ်ချင်လွန်းလို့
ဇတ်လမ်းက မစသေးဖူးပါဖူး အခုမှ အရိပ်ရောင်လေးစ
နေတာ နောက်အပိုင်းတွေကို စိတ်ဝင်တစားစောင့်မျှော်
နေပါ၏
း)

နှင်းဆီပန်းချစ်တဲ့ကောင်မလေး said...

ဂလိုကိုးးး
ဆက်လုပ် အဲလေ ဆက်ရေးနော့်

~ဏီလင်းညို~ said...

နတ်သမီးရေ...
ဇာတ်ရှိန်နည်းနည်းတက်လာပြီ...။
ဇာတ်လိုက်လည်း...ပါလာဘီ...ဒန့်..တန့်တန့်...
ထပ်တွေ့ကြပြန်ပြီ...။
ဘာတွေဖြစ်ဦးမလဲ...သိချင်စမ်းပါဘိ...။

ခင်မင်လျှက်...

ဏီလင်းညို

အဖြူရောင်နတ်သမီး said...

နောက်ပိုင်းဆက်ရေးရင် 'ဒန်တန့်တန်”အကြောင်းတွေ ပါလာမှာပေါ့..။
ရေးဖို့ အားယူလိုက်အုံးမယ်...
ဖတ်တဲ့သူတွေပါ “ဒန်တန့်တန်”တွေဖြစ်ကုန်မှာ ဆိုးလို့...။

reenoemann said...

ယုံဘူး ထပ်ပြောပြအုံး။

ဒီလောက်နဲ့ ယုံသေးဘူးဗျ

ခင်တဲ့ ရီနို

busymozzee said...

ကောင်းခန်းရောက်မှ ဖြတ်ပစ်တယ်... လူဇိုးဂျရီး...

Nge Naing said...

ထပ်ရေးလို့ လွမ်းတဲ့အကြောင်းမပါရင် လာအားပေးမယ်နော့်။ လွမ်းတဲ့အကြောင်းတော့ ဖတ်ရတာ အားနည်းလွန်းလို့ ဝေးဝေးက ရှောင်ချင်တယ်။ ငယ်ငယ်တုန်းကတောင် ၀တ္ထုဖတ်ရင် Happy eding လား Sad ending လားဆိုတာ အရင်ကြည့်လိုက်တယ်။ ချစ်ခင်ပေါင်းသင်းရတာပဲ ဖတ်တယ် အမုန်းတွေ၊ ကွေကွင်းရခြင်းတွေ အလွမ်းတွေနဲ့ အဆုံးသတ်တဲ့ ဇာတ်လမ်းမျိုးကို ငယ်ငယ်တုန်းကတောင် တခါမှ မဖတ်တတ်ဘူး။

ကိုချစ်ဖေ said...

အော်.ပွဲဈေးတန်းထဲမှာ ဆုံတဲ့သူနဲ့ ပြန်မဆုံဖြစ်တော့ဘူး ထင်နေတာ.လောကနတ်မှာပြန်ဆုံပေး ထားတာလဲ
တမျိုးကောင်းပါကြောင်း နတ်သမီးရေ.ဘာတွေ ဒန်ဒန့်တန် ဖြစ်ဦးမလဲ.ဆိုတာစောင့်ကြည့်နေပါကြောင်း

အဖြူရောင်နတ်သမီး said...

ကိုချစ်ဖေကြီးကလည်း..ဇာတ်လမ်းကမဆုံးသေးဘူးလေ..
ဟင့်...ဆက်ရေးရမှာ “ဟတ်”ထိနေတယ်...တကယ်...ဟင့်...

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger