Thursday, November 5, 2009

တပည့်တာဝန်ကျေချင်ပါသည်..

မျက်ရည်များကြားမှကျမပြုံးနေသည်၊ကျမတယောက်ထဲမဟုတ်..ဝန်ထမ်းများလည်းပြုံးနေကြသည်။ထိုအပြုံးတွေကြားထဲကမှရှိုက်ကြီးတငင်ငိုနေသူကတော့ ကျမတို့ဆိုင်မှမန်နေဂျာဖြစ်သူMrs.Xeniaပင်ဖြစ်သည်။၂၇.၁၀.၀၉ နေ့တွင်ကျရောက်သော
သူမ၏မွေးနေ့ပွဲလေးကို ဆိုင်သိမ်းပြီးချိန်တွင် ကိတ်မုန့်ခွဲ၍ကျင်းပခဲ့ကြသည်။သူမ၏မွေးနေ့မတိုင်ခင် (၁)လအလိုကတည်းက ဒီအစီအစဉ်ကိုသူမမသိအောင် ကျမကြိတ်၍စီစဉ်ခဲ့ခြင်းဖြစ်သည်။ ဝန်ထမ်းများအတွက်တပတ်တခါ၊ခွဲတန်းဖြင့်ရသော Tip money (ဧည့်သည်ကပေးသောမုန့်ဖိုး)များထဲမှ မိမိတို့စေတနာရှိသလောက်ကိုစုဗူးတခုထဲတွင်တလတိုင်တိုင်စုစေပြီးMsr.Xenia ၏မွေးနေ့တွင်လက်ဆောင်အဖြစ်ပေးခဲ့ကြသည်။စာဖတ်သူများအတွက်တော့ ထူးဆန်းမည်မထင်ပါ။ Mrs.Xenia ၏အကြောင်းကိုကျမအနည်းငယ်ပြောပြချင်ပါသည်။ သူမ၏အသက်မှာ (၄၇)နှစ်ရှိပြီ၊သမီး(၂)ယောက်နှင့်သား(၁)ယောက်ရှိသည်။ လင်မယား(၂)ယောက်စလုံး
အလုပ်လုပ်နေသည့်ကြားမှလုပ်ငန်းရှုံး၍အမှုနှင့်ရင်ဆိုင်နေရသည်။ သူမ၏လက်ထဲသို့လုပ်အား(လစာ)ရောက်လျှင်နေ့မကူးပဲကြွေးရှင်လက်ထဲသို့တစ်ပြားမကျန်ချက်ချင်းလွှဲပေးရသည်၊
ဤသို့မှမဟုတ်လျှင်ထောင်နန်းစံဖို့အထိအမှုကကြီးသည်။သားသမီး(၃)ယောက်ရဲ့
တက္ကသိုလ်ကျောင်းစားရိတ်၊အိမ်စားရိတ်၊တို့ကိုယောက်ျားဖြစ်သူမှတာဝန်ယူရသည်။
လွန်ခဲ့သော(၂)လခန့်ကသူမတယောက်ထဲလမ်းလျှောက်ထွက်ရင်းချော်လဲသဖြင့်
ခြေထောက်ကျိုးသွားသောကြောင့်(၁)လခန့်အလုပ်မှအနားယူခဲ့ရသည်။ သူမ၏ဘဝလေးထဲသို့ဆိုးဝါးလှသည့်ကံကြမ္မာဆိုးကထပ်ရောက်လာခဲ့သည်၊ သူမတွင်သားအိမ်ကင်ဆာရောဂါစွဲကပ်နေပြီ၊အမြန်ဆုံးခွဲထုတ်ပြစ်ရမည်၊ခွဲစိတ်ခငွေလိုပြီ၊
လင်မယားနှစ်ယောက်အဲဒီကိစ္စဖြင့်စကားများကြသည်။ မခွဲ၍မရ၊ကင်ဆာရောဂါ၏ကြောက်မက်ဖွယ်ကောင်းပုံအကြောင်းကိုလူတိုင်းသိပြီးဖြစ်သည်။ အဲဒီနေ့ကသူမ အလုပ်သို့လာရင်းဝန်ထမ်းများနားနေခန်းအတွင်းတွင်
တယောက်ထဲကြိတ်၍ငိုနေသည်ကိုကျမတွေ့သဖြင့် မေးမြန်းမိရာမှ သူမရင်ဖွင့်ခဲ့သည်။ သူမအတွက်ကျမဘာလုပ်ပေးနိုင်မည်နည်း။စဉ်းစားရင်းအကြံတခုခေါင်းထဲသို့ရောက်လာခဲ့သည်၊
ခွဲစိတ်မှုအတွက်ကုန်ကျစားရိတ်ကို ကျမတို့ဝန်ထမ်းများက တာဝန်ယူပေးနိုင်ခဲ့ပါလျှင်
သူမအတွက်အသက်ရှုချောင်ပေလိမ့်မည်။ သူမကိုဝန်ထမ်းအားလုံးက "MUM"(အမေ)ဟုခေါ်ကြသည်၊ အကြောင်းမှာမူ..သူမသည်မန်နေဂျာနှင့်မတူ၊ကျမတို့၏မိခင်ကဲ့သို့ဝန်ထမ်းများကိုကြင်နာသည်၊စောင့်ရှောက်သည်၊
ဝန်ထမ်းများဘက်မှအမြဲရပ်တည်ပေးသော မိခင်စိတ်ဓာတ်အပြည့်အဝရှိသည့်သူမကို "မန်နေဂျာ"ဟုကျမတို့မခေါ်ရက်ကြပါ။ သူမဘက်မှဝန်ထမ်းများအပေါ်အမြဲတာဝန်ကျေခဲ့သည်။ မိဝေး၊ဖဝေးဖြင့်နိုင်ငံရပ်ခြားတွင်အလုပ်နေကြသောကျမအပါအဝင်ဝန်ထမ်းများ၏
ဘဝကိုသူမနားလည်စွာဖြင့်မိခင်ကဲ့သို့စောင့်ရှောက်ခဲ့သည်။ ဒီတခါတော့ကျမတို့ဝန်ထမ်းများဘက်မှတာဝန်ကျေချင်ပါသည်။ သူမ၏ရှေ့သို့ကိတ်မုန့်ကိုသယ်ဆောင်လာရင်းတရုတ်ဘာသာဖြင့်မွေးနေ့သီချင်းကို
သံပြိုင်သီဆိုပြီးသူမအတွက်ဝန်ထမ်းများမှပေးသောလက်ဆောင်များကိုလက်ခံစေသည်။ မွေးနေ့သီချင်းသီဆိုပြီးသွားချိန်တွင် မွေးနေ့လက်ဆောင်များကို သူမတခုချင်းစီဖွင့်ကြည့်သည်။
* သူမ၏ဓာတ်ပုံကိုမှန်ဘောင်သွင်း၍မှန်ပေါ်တွင် Soft-pan ဖြင့် ဝန်ထမ်းများကိုလက်မှတ်ထိုးထားသော ဓာတ်ပုံမှန်ဘောင်တခု။ * "For your operation"ဟုရေးထားသောခွဲစိတ်ခကုန်ကျစားရိတ်ငွေ
ထည့်ထားသောစာအိတ်တအိတ်။
*ဝန်ထမ်းများရေးထားသောစာအတိုအထွာများဖြင့်ပြည့်နှက်နေသော
Birthday Card တခုတို့ဖြစ်သည်။
သူမ၏လက်များတုန်ရီနေသည်။
ပြီးတော့.....ရှိုက်ကြီးတငင်ငိုသည်။
ပြီးတော့....မျက်ရည်များကြားမှ"I LOVE YOU ALL"ဟုသူမပြောသည်။
ပြီးတော့...ဝန်ထမ်းများ၏တယောက်ချင်းစီကိုအနမ်းလက်ဆောင်ပြန်ပေးရင်း မွေးနေ့ပွဲလေးကိုပီတိမျက်ရည်များဖြင့် ကျမတို့ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်။
သူမရဲ့မွေးနေ့ပါတီပြီးဆုံး၍အိမ်ပြန်ခါနီးတွင်
သူမပျော်ရွှင်စေရန် ကျမတို့အသင့်ယူဆောင်လာသော မီးပုံးပျံကို ပင်လယ်ကမ်းစပ်တွင်လွှတ်တင်ခဲ့ကြပါသည်။
အခုအချိန်လောက်ဆိုရင်....သူမတယောက် ခွဲစိတ်ခန်းထဲတွင် မေ့ဆေးအရှိန်ကြောင့် သတိမေ့မျောနေစဉ် သူမ၏ဝန်ထမ်းများရဲ့အမည်ကို ကယောင်ကတန်းနှင့်အော်ခေါ်နေမည်လား။ ဒါမှမဟုတ် ...ခွဲစိတ်ထားသောဒါဏ်ရာကြောင့် မချိမဆန့်ခံစားရင်း မျက်ရည်များကျနေမည်လား။ ကျမတို့ရဲ့"အမေ"....မြန်မြန်နေကောင်းပါစေလို့ ဆုတောင်းပေးရင်း၊ ကျမ...တပည့်တာဝန်ကျေစေရန်အများကြီးကြိုးစားရပါအုံးမည်။


ုံ

16 comments:

မောင်ဘကြိုင် said...

Mrs.Xenia တယောက် ခွဲစိတ်မူ့အောင်မြင်ပါစေဗျာ..
ကျွန်တော်ဆုတောင်းပေးနေပါတယ်

Anonymous said...

you all are very nice.....May God bless you.

ညရဲ့ကောင်းကင် said...

Mrs.Xenia ခွဲစိတ်တာ အောင်မြင်ပါစေဗျာ...
ကျွန်တော်လည်းဆုတောင်းပေးပါတယ်...

~ဏီလင်းညို~ said...

ဒီစာလေးကို ဖတ်ရင်း မေတ္တာတရားရဲ့ အတိမ်အနက်ဟာ... အလျားအနံမရှိဘူးလို့ ခံစားမိလိုက်တယ်ဗျာ....။
မရှက်တမ်းဝန်ခံရရင် ကြက်သီးတောင် ထမိသလိုပါပဲ...။
Mrs.Xenia တစ်ယောက် လည်း ခွဲစိတ်မှုအောင်မြင်ပါစေဗျာ...။ နတ်သမီးလည်း စိတ်လက်ရွှင်လန်းပါစေနော်ဗျာ...

may said...

I also pray for Mrs.Xenia's operation
Good luck for her
May God bless Mrs.Xenia's

နတ်သမီးရေ ဖတ်ပြီး မျက်ရည်တောင်ဝဲမိတယ်
သူများကို ပျော်ရွှင်အောင် ဖန်တီးပေးတဲ့ နတ်သမီးလည်း ထာဝရ ပျော်ရွှင် ပြီးပြည့်စုံပါစေလို့  ဆုတောင်းပေးပါတယ်

မိုးခါး said...

Mrs.Xenia ခွဲစိတ်မှုအောင်မြင်ပါစေ အမြန်ဆုံး ကျန်းမာလာပါစေ ..း)) ဖတ်ပြီး ကြက်သီးတောင်ထတယ် .. သူတော့ ပြောမနေနဲ့

ရွှေရတုမှတ်တမ်း said...

ဝမ်းမြောက် ဝမ်းသာ သာဓု..ခေါ်သွားတယ်..
နတ်သမီးရေ...
ဘဘက အားလုံးကိုမေတ္တာပို့ပေးလိုက်ပါတယ်..

ဂျစ်တူး ( မုံရွာ ) said...

သာဓု----သာဓု----သာဓု

Anonymous said...

Very heart touching!!!

CTM

နှင်းဟေမာ said...

မမအဖြူရောင်လေးရေ..
ဒီပို့စ်လေးကို
ဝမ်းနည်းခြင်းများစွာ
ကြည်နူးခြင်းများစွာ...
လေးစားမှုများစွာ....ဖြင့်ခံစားဖတ်၇ှုသွားပါတယ်
ခွဲစိတ်မှုလဲ အဆင်ပြေချောမွေ့ပါစေ...
ဝန်ထမ်းမိသားစုအားလုံးလဲ ပျော်ရွှင်ဝမ်းမြောက်ကြပါစေ
စာဖတ်သူပရိတ်သတ်များလည်း အတုယူ အားကျတက်ကြပါစေ....
ချစ်ခင်စွာဖြင့်
ညီမငယ် နှင်းဟေမာ

Moe Cho Thinn said...

ကြည်နူးဖို့ ကောင်းတဲ့ ပို့စ်လေးပါလား။ သူ့အတွက်တော့ တသက်တာမှာ အမှတ်တရ ဖြစ်နေတော့မှာပဲ။ ပီတိနဲ့ သာဓုခေါ်လိုက်ပါတယ် နတ်သမီးလေးရေ..

အနာဂါတ်သံစဉ် said...

အစ်မရေ.. လူသားချင်းစာနာပြီး တစ်ဦးအပေါ်တစ်ဦး ရိုင်းပင်းကူညီချင်တဲ့ အစ်မတို့လို လူမျိုးတွေ များများသာ ဒီကမ္ဘာကြီးပေါ်မှာရှိရင် တစ်ယောက်တည်း ၀မ်းနည်းပူဆွေးလို့ကျတဲ့ မျက်ရည်စက်တွေ နည်းသွားမယ်ထင်တယ်။ လေးစားပါတယ် အစ်မ။
Mrs.Xenia ခွဲစိတ်မှုအောင်မြင်ပါစေ အမြန်ဆုံး ကျန်းမာလာပါစေ .။

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

နိုင်နိုင် said...

အမရေ ကျနော်မရောက်တာလဲကြာပါပီ
ခုမှရောက်ဖြစ်ခဲ့တာပါ ဒီစာလေးကိုဖတ်ရတော့
ကျနော် မျက်ရည် ပါဝဲရတယ်ဗျာ အမရေစေတနာကောင်းရင်ကံကောင်းတယ်တဲ့
ကံ ဆိုတာလဲအလုပ်ပဲတဲ့ အလုပ်ကောင်းမှ ကံ
ကောင်းမှာလို့စာတွေတော့ဖတ်ဖူးတယ်ဗျ ဆရာလုပ်တာဟုတ်ဖူးနော် ခင်လို့ပါဗျာ
ပြောမိရေးမိသမျှကို စိတ်မဆိုးပါနဲ့နော်

ရိုးမ အရိုင်းပန်း said...

အမရေ GOOD JOB. ခံစားမှုလဲကောင်း အတွေးလဲကောင်း အရေးလဲကောင်း စေတနာလဲကောင်း။ J

Rita said...

တကယ်ပဲ ရေစက်ကောင်းကောင်း ရှိလို့ တွေ့ကြတဲ့ လုပ်ဖော်ကိုင်ဖက် တွေပါပဲ။
ဖတ်ရတာ ပီတိဖြစ်စရာပါ။
thanks for sharing!
=)

Vista said...

Really Touching
Way to go !! Good Job!

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger