Monday, November 9, 2009

ကျမကိုပျော်ရွှင်စေသောအရာများ


လူဆိုတာ"ပျော်ရာမှာမနေရ၊တော်ရာမှာနေရ"တယ်တဲ့။
ကျမအတွက်ကတော့ ပျော်စရာနေ့ရက်လေးတွေရှိသလို၊စိတ်ညစ်ရတဲ့နေ့လေးတွေလဲရှိခဲ့ရပါတယ်။
"(ကို)ကျွန်တော်"တဂ်ထားတဲ့"ကျွန်တော့်ကိုပျော်ရွှင်စေသောအရာများ"ကို ထပ်တူထပ်မြတ်ပြန်ပြီး
ခံစားပေးလိုက်ပါတယ်နော်။

(၁)မိဘနှစ်ပါး(Parents)
ကျမရဲ့ဘဝမှာ ကြီးပြင်းတဲ့အထိ မိဘနှစ်ပါးနဲ့အတူနေရမဲ့ဇာတာပါမလာခဲ့ဘူး၊ကျမငယ်စဉ်အခါကတည်းကမိဘနှစ်ပါးဆုံးပါးသွားခဲ့တယ်၊
ကျမမှတ်မိပါသေးတယ်၊တဦးတည်းသောသမီးဖြစ်တဲ့ကျမကိုဖေဖေနဲ့မေမေဟာ
သိပ်အလိုလိုက်ပြီးသိပ်ချစ်ခဲ့ကြပါတယ်။အဲဒီအတွက်ကျမ ကိုယ့်ကိုယ်ကိုသိပ်ကျေနပ်ခဲ့ရတယ်။
ပြီးတော့မီးရထားပို့ဆောင်ရေးရုံးချုပ်က ရုံးအုပ်စာရေးကြီးဖေဖေနဲ့အိမ်ထောင်ရှင်မကောင်း
တယောက်ဖြစ်တဲ့မေမေတို့ရဲ့မေတ္တာကို တခြားမောင်နှမတွေနဲ့ခွဲဝေပြီးရယူစရာမလိုတဲ့
တဦးတည်းသောသမီးဖြစ်ရတဲ့အတွက်ကျမပျော်ပါတယ်။

(၂)ဘာသာရေး(Religion)
ဗုဒ္ဓဘာသာ၊မြန်မာလူမျိုးမိဘနှစ်ပါးကမွေးဖွားလာတဲ့ကျမအတွက်သိပ်ပြီးထွေထွေထူးထူးပြောစရာမရှိပါ။
ဘုရား၊တရား၊သံဃာကို အပြည့်အဝယုံကြည်ပြီး ကိုးကွယ်၊စည်းကပ်၊ပူဇော်ပါတယ်။
ငါးပါးသီလကိုတတ်နိုင်သလောက်လုံအောင်ထိန်းပါတယ်။အရမ်းပြင်းထန်တဲ့ကျင့်စဉ်တွေကိုတော့
မလုပ်ဖြစ်သေးတာအမှန်ပါ။အေးချမ်းလှတဲ့ဗုဒ္ဓရဲ့တရားဓမ္မတွေရဲ့အောက်မှာနေရတာကိုပျော်ပါတယ်။
ဗုဒ္ဓဘာသာမြန်မာလူမျိုးဖြစ်ရတာကိုပျော်ပါတယ်။

(၃)အလုပ်(Job)
အလုပ်နဲ့ပတ်သက်လို့ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ဘာအလုပ်ကိုပဲလုပ်လုပ်၊ကိုယ်က
နည်းနည်းတော့ဦးဆောင်လိုက်ရမှကျေနပ်တဲ့လူစားမျိုး၊ဘဝကရခဲ့တဲ့အတွေ့အကြုံတွေနဲ့
နည်းနည်းလေးတော့ဦးဆောင်လိုက်ရမှကျေနပ်တတ်တဲ့စိတ်ကလေးကိုတော့ဖျောက်ဖျက်လို့မရခဲ့ဘူး။
အများအတွက်ကိုယ်ကအကြံပေးလိုက်လို့အောင်မြင်သွားတာမျိုး၊ကိုယ်လုပ်လိုက်တဲ့အလုပ်
တခုခုကြောင့်ချီးမွန်းခံရတဲ့အခါမျိုးတွေမှာ ကျမကိုယ်ကျမ ဂုဏ်ယူစွာနဲ့ပျော်မိပါတယ်။

(၄)အောင်မြင်မှု(Success)
ကျမရဲ့ဘဝမှာ"တုံးဆိုတိုက်၊ကျားဆိုကိုက်"ဆိုသလိုပဲ ဘာကိုပဲလုပ်လုပ်ဖြစ်အောင်လုပ်ခဲ့တယ်။
ရလာမဲ့ရလဒ်က "အရှုံးမဟုတ်ရင်အမြတ်"..ဒါမှမဟုတ်"အမြတ်မဟုတ်ရင်အရှုံး"ပဲ..။
နေရာတကာမှာအလျှော်အစားဆိုတာရှိတယ်။စီးပွားရေးပဲဖြစ်ဖြစ်၊လူမှုရေးပဲဖြစ်ဖြစ်၊
အပြိုင်အဆိုင်တွေနဲ့ရင်ဆိုင်ရတာကျမအတွက်တော့မဆန်းတော့ပါဘူး။
မိန်းကလေးဆိုပြီး တထစ်လျှော့တွက်လို့လာတိုက်ခိုက်သူတွေရဲ့ကြားမှာ ကျမအောင်မြင်ခဲ့တဲ့
အခါမျိုးတွေမှာ ကျမပျော်ပါတယ်။

(၅)အင်တာနက်(Internet)
အင်တာနက်နဲ့ပတ်သက်ပြီးကျမမှာအားနည်းချက်တွေအများကြီးရှိပါတယ်။နည်းပညာပိုင်းနဲ့
ပတ်သက်ရင် ကျမအဆင့်က သုည(Zero)ပါ။တခါတလေ တချို့Web side တွေဆီက
နည်းပညာအချို့ကိုဖတ်ပြီး ကိုယ်တိုင်ပြန်စမ်းသပ်ကြည့်လို့ အောင်မြင်သွားတဲ့အခါမျိုး၊
လုပ်တတ်သွားတဲ့အခါမျိုးတွေမှာ "ငါကွ"လို့ထခုန်ပြီးပျော်ခဲ့ရပါတယ်။

(၆)ဥာဏ်ပညာ(Intellenge)
ကျမအတွက်တော့ ပညာရေးနဲ့ပတ်သက်ရင် အားအလွန်နည်းပါတယ်။
အတန်းကပေးတဲ့ပညာထက် ဘဝကပေးတဲ့ပညာက ကျမအတွက်ပိုပြီးအသုံးဝင်ပါတယ်။
"ငှက်တွေဟာပျံရင်းနဲ့သေတယ်၊လူတွေဟာကြံရင်းနဲ့သေကြတယ်"တဲ့။
ကျမကတော့သူများနဲ့မတူတဲ့တွေးခေါ်ကြံစည်မှုတွေနဲ့ ဥာဏ်ကိုကစားပြီး ရှင်သန်ရတဲ့
ဘဝမှာပျော်ပါတယ်။

(၇)ပိုက်ဆံ(Momey)
"ပိုက်ဆံ"ဆိုတဲ့"ငွေ"ဟာချစ်စရာအကောင်းဆုံးနဲ့ကြောက်စရာအကောင်းဆုံးပါ။
"ငွေရှိမှလူရာဝင်တယ်"တဲ့။ "ငွေရှိရင်ဘာမဆိုဖြစ်တယ်"တဲ့။ငွေနဲ့ဝယ်ယူလို့မရတဲ့
စိတ္တဇနာမ်တွေရှိသလိုငွေမရှိလို့ဘဝပျက်သွားတဲ့သူတွေ၊အသက်မဆုံးရှုံးသင့်ပဲဆုံးရှုံးခဲ့ရတဲ့
သူတွေဟာ ရေ(ရည်)တွက်လို့တောင်မရနိုင်ပါဘူး။ကျမရဲ့ဘဝမှာတကြိမ်တခါဆင်းရဲခဲ့ဖူးတယ်။
အဲဒီအချိန်တုန်းက သိပ်ချမ်းသာပါတယ်ဆိုတဲ့ ကျမရဲ့ဂုဏ်သရေရှိဆွေမျိုးများ
ကျမအနားကနေကြက်ပျောက်ငှက်ပျောက်၊ ပျောက်သွားလိုက်ကြတာအခု
ထိမှတ်မိနေသေးပါတယ်။အဲဒီအချိန်က"စ"ပြီးနာကြည်းစိတ်တွေနဲ့ကြိုးစားရင်း
"ပိုက်ဆံ"လို့ခေါ်တဲ့"ငွေ"တွေကိုနှဖူးကချွေး၊ခြေမအထိကျခံပြီးကျမရှာခဲ့တယ်။
အဲဒီလိုဖြူစင်စွာရလာတဲ့"ပိုက်ဆံ"တွေကိုကြည့်ပြီးကျမပျော်ပါတယ်။

(၈)ဆွဲဆောင်မှု(Attraction)
ကျမအဖြေချင်ဆုံးခေါင်းစဉ်တခုပါပဲ၊ကျမကိုယ်တိုင်ကမော်ဒယ်ဒီဇိုင်နာတယောက်ဖြစ်တဲ့အတွက်
ဝတ်စားဆင်ရင်မှုအပိုင်းမှာ သူများတွေနဲ့မတူအောင်အမြဲဂရုစိုက်လေ့ရှိပါတယ်။
ကိုယ်ဘယ်လမ်းကိုသွားမှာလဲ၊ဘာအတွက်သွားမှာလဲ၊ဘယ်လိုစတိုင်လ်မျိုးကိုဝတ်သင့်သလဲ၊
ကိုယ်သွားမဲ့နေရာဒေသရဲ့စရိုက်ကိုလည်းသိထားသင့်ပါတယ်။
ကိုယ့်မှာရှိတိုင်းအကုန်ထုတ်ဝတ်လို့သူများအကဲ့ရဲ့ခံရတဲ့သူတွေ တပုံတပင်ကြီးပါ။
ကျမကတော့ ကိုယ်သွားမဲ့နေရာနဲ့လိုက်မဲ့၊သင့်တော်မဲ့ အဝတ်အစားနဲ့အရောင်တွေကို
အချိန်ယူပြီးရွေးဝတ်တတ်ပါတယ်။ဥပမာ။ ။လူမမာသွားကြည့်မယ်ဆိုပါစို့၊အနက်ရောင်ဝတ်
သွားလို့ကတော့ လူနာအတွက်မကောင်းတဲ့နမိတ်ပါပဲ။မတော်တဆထိခိုက်ဒါဏ်ရာရထားတဲ့
လူနာအတွက် ပန်းစည်းဝယ်မယ်ဆိုရင်လည်း အနီနဲ့အဖြူရောင်ပန်းတွေကို ရှောင်ပြီး
ဝယ်စေချင်ပါတယ်။အကြောင်းကတော့ "အနီနဲ့အဖြူရောင်ပန်း"များဟာ
"သွေးနဲ့ပတ်တီး"လို့အဓိပ္ပါယ်ရတဲ့အတွက် ဒါဏ်ရာရထားတဲ့လူနာအတွက်
"သွေးထွက်သံယိုဖြစ်ခြင်းကိုအားပေးတယ်"လို့နမိတ်ကောက်ယူတတ်ကြလို့ပါပဲ။
အဲဒီတော့ လူနာမျက်စိရှင်းစေဖို့ ကြည်လင်ပြီးနုသောအရောင်နှင့်ရိုးရှင်းသောဒီဇိုင်းအင်္ကျီများ
ကိုသာဝတ်ဆင်ပါတယ်။ဌါနဆိုင်ရာအစိုးရရုံးများကိုသွားမယ်ဆိုရင်တော့ ဆံပင်ပုံစံကအစ၊
ကျက်သရေရှိအောင်၊လူရိုသေအောင်ပြင်ဆင်ပါတယ်။ဈေးဝယ်ထွက်မယ်ဆိုရင်တော့
ခေတ်ပေါ်ဒီဇိုင်းတွေထဲက ကိုယ်နဲ့လိုက်ဖက်မဲ့အဝတ်အစားမျိုးကိုရွေးချယ်ဝတ်ဆင်ရင်း
ကိုယ်ရဲ့ဖက်ရှင်စတိုင်လ်ကြောင့် လူတွေရဲ့စိတ်ဝင်စားမှုကိုခံရတဲ့အခါမျိုးမှာ ကျမပျော်ပါတယ်။

(၉)အချစ်(Love)
သိပ်ချစ်တတ်တဲ့ကျမပါ။ အချစ်လဲအရမ်းခံချင်တဲ့သူပါပဲ။ခံစားချက်ကိုရှေ့တန်းတင်ပြီး
အချစ်ကိုတည်ဆောက်တတ်တဲ့သူပါ။လုပ်ယူလို့မရတဲ့အချစ်စစ်ဆိုတာ.
နီးနေမှ၊အတူနေရမှအချစ်စစ်လို့ခေါ်တာမဟုတ်ပါဘူး။မိုင်တွေဘယ်လောက်ပဲဝေးနေပါစေ၊
တဦးအပေါ်တဦးအပြန်အလှန်ထားရှိတဲ့သစ္စာရှိမှုကသာအရေးကြီးပါတယ်။
ကျမအတွက်ကတော့အကြောင်းအမျိုးမျိုးကြောင့်ကိုယ်ချစ်ရတဲ့ချစ်သူနဲ့ဝေးနေခဲ့မယ်ဆိုရင်တောင်
ရင်ထဲကသစ္စာရှိစွာချစ်နေရယုံလေးနဲ့တင် ကျမပျော်ပါတယ်။

(၁၀)မိတ်ဆွေသူငယ်ချင်းများ(Friends)
တဦးတည်းသောသမီးဖြစ်တဲ့ကျမအတွက်၊မိတ်ဆွေသူငယ်ချင်းအားလုံးဟာ
ကျမအတွက်တော့ ခင်ရာဆွေမျိုးတွေပါပဲ။လူတိုင်းကိုကျမချစ်ပါတယ်၊အလုပ်ထဲက
သူငယ်ချင်းတွေဆိုရင်ကျမကိုအရမ်းခင်ကြတယ်။ကျမကပျော်ပျော်နေတတ်တယ်၊
အစသန်တယ်၊သူငယ်ချင်းတွေနဲ့ပတ်သက်လာရင်အမြဲအနစ်နာခံ ခေါင်းခံနေကျမို့
သူတို့ဆီက ချစ်ခြင်း၊ကြင်နာခြင်းတွေကိုကျမပြန်ရတဲ့အခါ ကျမပျော်ပါတယ်။
အခုတော့ Internet ပေါ်က Blogger သူငယ်ချင်းတွေထပ်တိုးလာတဲ့အတွက်
ကျမပိုပြီးပျော်ပါတယ်၊ ဒီ့ထက်ပိုပြီးကျမကိုပျော်စေချင်တယ်ဆိုရင်တော့
နိုဝင်ဘာ(၁၉)ရက်နေ့မှာကျရောက်မဲ့ကျမရဲ့မွေးနေ့ပွဲလေးကိုမပျက်မကွက်
တက်ရောက်ကြပါလို့ကြိုတင်ဖိတ်ကြားရင်း....
"ကျမကိုပျော်ရွှင်စေသောအရာများ"ကို အဆုံးသတ်လိုက်ပါရစေရှင်....

မမေ့နဲ့နော်....နိုဝင်ဘာ(၁၉)....


20 comments:

rose of sharon said...

ပထမဆုံးအကြိမ်ရောက်ဖူးခြင်းပါ...ကိုလူထွေးဆီကတဆင့်.... သူငယ်ချင်းတွေကို ချစ်တတ်တဲ့သူချင်းမို့ ဘော်ဒါဖြစ်လို့ရပြီနော်... ၁၉ ရက်နေ့မှာလာလည်အုံးမယ်

ပူးတေ said...

နတ်သမီးရေ
နိုဝင်ဘာ မောင်နှမတွေပေါ့။ ဝမ်းသာပါတယ်။ ပူးတေတော့ နိုဝင်ဘာ မဟုတ်ဘူးနော်။ ပူးတေ အစ်ကိုအကြီးဆုံးက နိုဝင်ဘာ ၁၀၊ ညီမလေးက နိုဝင်ဘာ ၂၁၊ နတ်သမီးက ၁၉ ပျော်စရာ၊ ယောက်မတော်မယ်လေ။ :)
ခင်မင်စွာဖြင့်
ပူးတေ

ဧပရယ်လ်ပူး@ပူးတေ said...

နတ်သမီးရေ
နိုဝင်ဘာမောင်နှမတွေပေါ့။ ပျော်စရာကြီး။ ပူးတေ အစ်ကို အကြီးဆုံးက နိုဝင်ဘာ ၁၀ရက် ၊ ပူးတေ ညီမလေးက နိုဝင်လဘာ ၂၁ ရက် နတ်သမီးက ၁၉ ရက် ၊ ပူးတေတော့ နိုဝင်ဘာ မဟုတ်ဘူး။ :,(
ဝမ်းသာပါတယ်။ ယောက်မတော်မယ်လေ။ :)
ခင်မင်စွာဖြင့်
ပူးတေ

kiki said...

ဟေးဟေး.. မွေးနေ့ မှာ စားရမယ်ဆိုလို့ ပျော်ပါတယ် ..ဟေးဟေးဟေး
နိုဝင်ဘာ ၁၉ မတိုင်မီ တရက်အလိုကတည်းက ခုံနေရာ လာဦးထား မယ်ဗျိုးးးး

ဘာတွေ ကျွေးမှာလဲ .. ဟွန်း ...း)))

အဖြူရောင်နတ်သမီး said...

ဘာမှမစားခဲ့နဲ့“KI”ရေ..
“မ”ကတရုတ်ဆိုင်မှာအလုပ်လုပ်တဲ့သူဆိုတော့
တရုတ်စာကိုပဲစီစဉ်ထားပါတယ်။
စားဖိုမှုတွေကလည်းချက်ပေးမယ်ဆိုတော့
အားလုံးအဆင်ပြေသွားတာပေါ့..။
ပြီးတော့..
“နတ်သမီးကိတ်”နဲ့”နတ်သမီးSpecial cocktail”လဲပါသေးတယ်..
မမေ့နဲ့နော်..“ကဗျာ”....

မောင်ဘကြိုင် said...

နတ်သမီးမမ ကိုပျော်ရွင်စေတဲ့အရာတွေဘာတွေလဲလို့
လာဖတ်သွားတယ်ဗျို့
မွေးနေ့ပွဲလဲမမေ့စေပဲတက်ပါ့မယ်
ကဗျာကတော့ အဲ ရေးတတ်သလိုလေးပေါ့ဗျာ
း)

ညရဲ့ကောင်းကင် said...

မွေးနေ့ပွဲတက်ဖို့ သတင်းလာပေးတယ်...
အစီအစဉ်လေးကြိုပြောနော်...
အစီအစဉ် (၁) အရ......
အစီအစဉ် (၂) အရ.....
စားဖို့ကိုပြောတာ...အဟဲ
လက်ဆောင်ကတော့ ဖြည်းဖြည်းပေါ့ :P

ရိုးမ အရိုင်းပန်း said...

မွေးနေ့ မှာ မပျက်မကွက် blog မှ happy birthday လို့ ဆုတောင်းပေးပါမယ် အမရေ။ ကဗျာလေးလဲ ပို့ ပေးပါမယ်။ Designer မမ မှန်းမြင်ကတည်းက သိပါတယ်။ လှမှလှ။ :D

ရွှေရတုမှတ်တမ်း said...

မွေးနေ့ မှာ အိုက်စကလင်ကျော်စားချင်တယ်..

ဒဏ္ဍာရီ said...

သူငယ်ချင်းရေ ...... ပျော်ရွှင်စရာတွေနဲ့ အမြဲတမ်း လှပနေပါစေနော်။ မွေးနေ့မှာ ထပ်တွေ့ကြတာပေါ့ ...

ခင်မင်လေးစားလျှက်

ရိုးမ အရိုင်းပန်း said...

အမ။ ကဗျာက ရေးပြီးသွားပြီ။ ဘယ် post အောက်မှာ ဘယ်နေ့ ဆို တင်နိုင်ပြီလဲ။ စီစဉ်ပါဦးဗျ။

အဖြူရောင်နတ်သမီး said...

nnanmawa@gmail.com ကိုကြိုပို့ထားလို့လဲရပါတယ်...
ဒါမှမဟုတ်
မွေးနေ့ကျမှ (၁၉ ရက်နေ့ရောက်မှ) မွေးနေ့post အောက်မှာ comment အနေနဲ့တင်လို့လဲရပါတယ်..

နှင်းဟေမာ said...

မမအဖြူရောင်လေးရေ...
မွေးနေ့လက်ဆောင်လေးတွေတော့ ဒီနေ့လည်ကပဲ လုပ်နေတာ ပြီးသွားပြီ....
ကဗျာကတော့ စဉ်းစားနေတုန်းပဲ...
ဘယ်လိုပုံစံမျိုးရေးရမလဲဆိုတာကို
အီးမေးလေးယူသွားပြီနော် မမ ... မေးလ်ကနေပဲ ပို့ပေးလိုက်မယ်နော် ...
ချစ်တဲ့ နှင်း

~ဏီလင်းညို~ said...

ပျော်ရွင်စေတာလေးတွေ ဖတ်သွားတယ်..နတ်သမီးရေ...
မွေးနေ့ လက်ဆောင်ကဗျာ ရေးပေးမှာပါဗျာ...။
(အ၀တိုက်ရမှာနော်...။ ဒူးနဲ့ ဟုတ်ဘူး....)

Angel Shaper said...

မမရေ.......
၁၉ ရက်နေ့ သမီးအရင်ဆုံးလာမှာနော်။
စားသောက်ပွဲဆိုတော့ ရန်များလိမ့်မယ်အဟဲ။
စောစောလာမှ ဖြစ်မျာ။ ဟိဟိ
သမီး အဆိုတော်ကြီးဖြစ်ရင် ဒီဇိုင်နာ လုပ်ပေးပါ။
သမီးက ကိုယ်နဲ့လိုက်အောင် အချိန်အခါ နေရာဒေနနဲ့လိုက်အောင် မ၀တ်တတ်ဘူးလေ။ ဘောင်းဘီတိုနဲ့ တီရှပ်ဆို ပြီးရော။ ဟဟဟားးးး
သင်ယူရမယ်။

busymozzee said...

ညီမလေးရေ.... ပျော်ရွှင်စရာ မောင်နှမတွေနဲ့ ဆင်နွဲရမယ့်မွေးနေ့လေးမှာ အရမ်းပျော်နေမယ်ဆိုတာ ယုံကြည်ပါတယ်..... အဲဒီနေ့မှာ အလှဆုံးလေးဝတ်ခဲ့နော်... မုန့်မုန့်လာချားမယ်....

ငြိမ်းချမ်းအိမ် said...

အဖြူရောင်နတ်သမီးရေ ငါလာလည်တယ်နော်။ အကြောင်းအမျိုးမျိုးကြောင့် လာမလည်နိုင်တာ ခွင့်လွှတ်ပါ။ ငြိမ်းလေးနဲ့လည်း ငါမပေါင်းရပါဘူး။ ဒါပဲနော်။ ငါသွားတော့မယ်

ငြိမ်းချမ်းအိမ် said...

အဖြူရောင်နတ်သမီးရေ ငါလာလည်တယ်နော်။ အကြောင်းအမျိုးမျိုးကြောင့် လာမလည်နိုင်တာ ခွင့်လွှတ်ပါ။ ငြိမ်းလေးနဲ့လည်း ငါမပေါင်းရပါဘူး။ ဒါပဲနော်။ ငါသွားတော့မယ်

ငြိမ်းချမ်းအိမ် said...

ဟဲ့ ငါလာလည်တယ်နော်။ မတွေ့တာလဲကြာပြီ၊ ငါတောထဲရောက်နေလို့။ ငြိမ်းလေးက ငါ့အနားမှာမရှိတော့ဘူး။

ငြိမ်းချမ်းအိမ် said...

ငါအလည်ရောက်ခဲ့တယ်နော်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger