Wednesday, November 11, 2009

ခင်ရာဆွေမျိုး





တခါတလေတော့လည်းကျမကိုယ်ကျမစိတ်ပျက်မိပါတယ်။ကျမရဲ့ကိုယ်ပိုင်ဟန်၊ကိုယ်ပိုင်မာန်တွေ
ကျမရဲ့ကိုယ်ပေါ်ကပျောက်ဆုံးသွားခဲ့တာ၊အခုဆိုရင်(၅)နှစ်ကျော်ကြာခဲ့ပြီပေါ့။
ငွေမျက်နှာတခုကြောင့် မာန်ကိုချရင်းတရုတ်စားသောက်ဆိုင်ကြီးတခုမှာ ဧည့်ကြိုတာဝန် ကိုထမ်းဆောင်ရင်းကျမဘဝရဲ့တစိတ်တဒေသကိုဤဆိုင်ကြီးအတွင်းမှာနှစ်မြုတ်ခဲ့ရတယ်။
ပျော်ရွှင်စွာ အလုပ်လုပ်ရတဲ့နေ့တွေရှိသလိုစိတ်ပျက်လက်ပျက်ဖြတ်သန်းခဲ့ရတဲ့နေ့တွေဟာလည်း မရေမတွက်နိုင်အောင်ပါပဲ။မိဘမရှိတော့တဲ့ကျမ၊မောင်နှမအရင်းအချာမရှိတဲ့ကျမအတွက် ဆိုင်မှာအလုပ်အတူတူလုပ်နေကြတဲ့လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေဟာ ကျမရဲ့ညီအမတွေပဲပေါ့။ဆိုင်မှာပုံမှန်လာစားကြတဲ့ဧည့်သည်တွေဟာလည်းကျမရဲ့မိဘ၊
ဆွေမျိုးတွေလို့ကျမသဘောထားပါတယ်။တခါတလေစိတ်အခန့်မသင့်လို့ သူငယ်ချင်းတွေစကားများတဲ့အခါတွေရှိတတ်ပေမယ့်လည်းခနပါပဲ။မိဘ၊မောင်နှမ သားချင်းတွေကိုခွဲခွာပြီးနိုင်ငံရပ်ခြားမှာအလုပ်လာလုပ်နေတဲ့သူအချင်းချင်းမို့လားမသိ၊
ဝန်ထမ်းတိုင်းဟာတယောက်ကိုတယောက်နားလည်မှုရှိကြတယ်။ကြင်နာကြတယ်၊
တယောက်ကိုတယောက်ဖေးမကူညီကြတယ်။ပျော်ရွှင်စရာကောင်းတဲ့အဖွဲ့လေးတဖွဲ့ပါပဲ။
ကျမအလုပ်လုပ်တဲ့ တရုတ်စားသောက်ဆိုင်ကြီးရဲ့အကြောင်းကို ပြောပြမယ်နော်။
ဆိုင်အမည်က"ကလိုရီ"(Chloe's)တဲ့။ (၄)ထပ်တိုက်အဆောက်ဦးကြီးပေါ့။
"ကလိုရီ"ဆိုတဲ့ဆိုင်းပုဒ်ကိုဖြတ်ကျော်ပြီးတံခါးဝကိုရောက်လို့ပထမဦးဆုံး အင်္ဂလိပ်ဘာသာစကားနဲ့"မင်္ဂလာပါရှင်...ကောင်းသောညနေခင်းလေးပါ"လို့
စတင်နှုတ်ဆက်သူဧည့်ကြိုဖြစ်သူ ကျမကို စာဖတ်သူများအရင်ဦးဆုံးတွေ့ကြရပါလိမ့်မယ်။
ကဲ...ကျမနောက်ကလိုက်ရင်းဆိုင်ထဲကိုလျှောက်ကြည့်ကြရအောင်နော်။ကျမတို့ဆိုင်ကို ပထမ၊ဒုတိယ၊တတိယနှင့် စတုတ္ထလွှာဆိုပြီး(၄)ထပ်သတ်မှတ်ထားပါတယ်။
အထပ်တထပ်ဆီမှာ ကွဲပြားခြားနားမှုလေးတွေ အနည်းငယ်စီရှိကြပါတယ်။

ပထမထပ်။ ။ ဆေးလိပ်မသောက်ရသောအထပ်ပါ၊ခလေးများပါသောမိသားစု၊
လှေခါးမတက်နိုင်သော သက်ကြီးရွယ်အိုဧည့်သည်များ၊
အနောက်တိုင်းဝတ်စုံပြည့်မဝတ်ထားသူများအတွက်ဖြစ်ပါတယ်။
တာဝန်ကျဝန်ထမ်းများဟာ ခလေးရဲ့အထာကိုသိသူ၊
ခလေးထိန်းတတ်သူ၊ခလေးအကြိုက်ကိုလိုက်တတ်သူများဖြစ်ပါတယ်၊စက္ကူလေးများကို
အသုံးပြုကာအရုပ်ကလေးများအဖြစ်ပြုလုပ်ပြီးခလေးများကိုငြိမ်အောင်ထိန်းပေးတတ်သော
ဝန်ထမ်းများလည်းပါရှိပါတယ်။
ဒုတိယထပ်။ ။ ဆေးလိပ်မသောက်ရသောအထပ်ပါ၊လှေခါးတက်နိုင်သူ လူကြီးများ၊
လူငယ်စုံတွဲများ၊ခလေးမပါသော မိသားစုများအတွက်ဖြစ်ပါတယ်။
ဤအထပ်တွင်တာဝန်ကျသောဝန်ထမ်းများဟာ လူ့အရိပ်အကဲကိုကြွမ်းကျင်စွာနားလည်
သဘောပေါက်သူများဖြစ်ရပါမယ်။၊ဖြတ်ထိုးဥာဏ်ရှိသူ၊ဗဟုသုတကြွယ်သူဖြစ်ရပါမယ်။
အကြောင်းကတော့ ဧည့်ကြိုဖြစ်သူကျမမှ ဧည့်သည်များအတွက်စားပွဲနေရာချထားပေးရာတွင် စုံတွဲများကို ဒုတိယထပ်သို့ပို့လေ့ရှိပါတယ်။အထူးသဖြင့်စားပွဲထိုးများမှ ဧည့်သည်များကို ဧည့်ခံရာတွင် ဧည့်သည်မိန်းခလေးကိုသာ အသားပေးပြီးပြောရပါတယ်၊
ဧည့်သည်ယောက်ျားလေးနှင့်စကားများများပြောမိရင်တော့ ဧည့်သည်ကောင်မလေး
များရဲ့မကြည်ဖြူမှုတွေနဲ့ရင်ဆိုင်ရတတ်ပါတယ်။ဒီအတွက် အပြောအဆိုပြေပြစ်သော၊
လိမ္မာပါးနပ်သောဝန်ထမ်းများကို တာဝန်ချထားရခြင်းဖြစ်ပါတယ်။
တတိယထပ်။ ။ Private Room လို့ခေါ်တဲ့သီးသန့်ခန်း(၂)ခန်း၊ပိုင်ရှင်သူဋ္ဌေး၏ရုံးခန်းနှင့် သန့်စင်ခန်းတို့ထားရှိသောအထပ်ပါ။ နိုင်ငံခြားသံတမန်များ၊အစိုးရအရာရှိများ
နာမည်ကြီးအနုပညာသည်များဟာသူတို့ကိုလူမြင်ခံလေ့မရှိပါဘူး၊
အဲဒီလိုအခါမျိုးမှာ သီးသန့်ခန်းကိုအသုံးပြုပြီး
အေးအေးဆေးဆေးညစာစားခြင်းဖြင့် အနားယူတတ်ကြပါတယ်။ တချို့ကလည်းသီးသန့်ခန်းထဲမှာ မွေးနေ့ပွဲများ၊အပျိုည၊လူပျိုညများကို ဆင်နွှဲကြပါတယ်။ ရုံးခန်းထဲမှာတော့ကျမတို့ရဲ့သူဋ္ဌေးဟာ တဆိုင်းလုံးကိုမြင်နိုင်တဲ့ ကင်မရာ(၁၆)လုံးရဲ့
ရှေ့မှာထိုင်ပြီး အလုပ်ရှုပ်နေတတ်ပါတယ်။
စတုတ္ထထပ်။ ။ ဆေးလိပ်သောက်ခွင့်ရှိသောအထပ်ပါ၊အပေါ်ဆုံးထပ်ဖြစ်ပြီး လူကြိုက်များသောအထပ်လည်းဖြစ်ပါတယ်။ ပင်လယ်ပြင်ကြီးကိုမျက်နှာမူပြီးဆောက်လုပ်ထားသောဆိုင်ဖြစ်သည့်အတွက် ပင်လယ်ရှုခင်းအလှများကိုမြင်ရခြင်းကြောင့် ပြတင်းပေါက်နှင့်နီးသောစားပွဲများမှာ
အမြဲတန်းလိုလို လူပြည့်နေတတ်ပါတယ်။ဧည့်သည်များဟာ အနောက်တိုင်းဝတ်စုံအပြည့်အစုံဝတ်မှသာလျှင် အပေါ်ဆုံးထပ်မှာထိုင်ခွင့်ရှိပါတယ်။
လူတန်းစားခွဲခြားပြီးပြောရမည်ဆိုလျှင် Executive Lounge(အထက်တန်းအလွှာ)ဂုဏ်သရေရှိလူကြီးမင်းများအတွက် သီးသန့်ဖြစ်ပါတယ်။
အသက်(၁၅)နှစ်အောက်ကလေးများ လုံးဝတက်ခွင့်မရှိပါ။ ကျမတို့ဆိုင်ဟာ နိုင်ငံခြားသားအများဆုံးလာရောက်သောဆိုင်ဖြစ်သည့်အတွက် ဧည့်သည်များဟာ အလွန်အမေးအမြန်ထူပါတယ်၊တရုတ်နိုင်ငံအကြောင်း၊ လူမျိုးအကြောင်း၊
ယဉ်ကျေးမှုအကြောင်းများကို မေးလေ့မေးထရှိသည့်အတွက် ဤအထပ်မှဝန်ထမ်းများဟာအင်္ဂလိပ်စကားပြောကြွမ်းကျင်သူ၊ဗဟုသုတပြည့်ဝသူများဖြစ်ရပါမယ်။
အခုဆိုရင် မြန်မာ(Burmese)ဆိုတဲ့ ကျမတို့ဝန်ထမ်းများရှိနေသည့်အတွက်
မြန်မာပြည်အကြောင်း လက်မလည်ရအောင်ပြောနေရပါတယ်။ တရုတ်မပုံစံမပေါက်တဲ့
ကျမတို့မြန်မာမတွေကိုကြည့်ပြီး "Are you Chinese"လို့မေးတဲ့အခါမျိုးမှာ ကျမတို့က
မြန်မာလူမျိုးဖြစ်ကြောင်းပြန်ပြောတိုင်း၊သူတို့စိတ်ဝင်စားတဲ့မြန်မာပြည်အကြောင်းလက်မ
လည်အောင်ပြောပြရတော့တာပါပဲ။ Cyprus က ကျမနေတဲ့မြို့လေးမှာတော့
ကျမတို့ဆိုင်ဟာ နာမည်ကြီးပါတယ်။ ကျမကတော့ဤဆိုင်ကြီးမှာအလုပ်လုပ်ရတာ
ပျော်ပါတယ်။ တချိုကဧည့်သည်အတော်များများဟာ ကျမတို့ဆိုင်ကို လာနေကျမို့
လုပ်သက်(၅)နှစ်ကျော်ရှိပြီဖြစ်တဲ့ ကျမနဲ့ အတော်ကိုရင်းနှီးနေပါပြီ။ မိဘမရှိတော့တဲ့
ကျမအတွက်ဆိုင်ကိုလာနေကျ ဧည့်သည်တွေဟာ ကျမရဲ့မိဘတွေလိုပါပဲ။ သူတို့ဆီက ဗဟုသုတတွေ၊ဆုံးမစကားတွေ၊အသိပညာတွေကိုကျမရယူခဲ့ရတယ်။အဲဒီထဲကမှ
ကျမကို သိပ်ခင်တဲ့မိတ်ဆွေတချို့နဲ့ အားတဲ့အချိန်တွေမှာ ဧည့်ခံစကားပြောရင်း
ဗဟုသုတတွေရခဲ့ရတယ်။ သူတို့ပြောခဲ့တဲ့စကားအချို့နဲ့အတူ သူတို့ရဲ့ဓာတ်ပုံ
တချို့ကိုဖော်ပြရင်း စာဖတ်သူတို့နဲ့မိတ်ဆက်ပေးလိုက်ပါတယ်....။



Mr.&Mrs.Gary။ ။ “နဂစ်”ဖြစ်တုန်းက အလှူငွေတွေထည့်ပြီး လူတွေ့တိုင်းမြန်မာပြည်အကြောင်းနဲ့ လူ့အခွင့်အရေးအကြောင်းတွေကို ရေပက်မဝင်အောင် အမြဲပြောတတ်ပြီး မြန်မာပြည်သူ/ပြည်သားတွေကို
သနားနေတဲ့ Mr.&Mrs.Gary တို့လင်မယား။





Mr.Steve&Mrs.Sandra။ ။ ဘဝမှာကိုယ့်ရဲ့လက်တွဲဖော်ဟာ
ကိုယ်နဲ့တန်းတူမဟုတ်ရင်တောင် နည်းနည်းနိမ့်သူ(သို့)
နည်းနည်းမြင့်သူပဲဖြစ်ရမယ်။ တွေးခေါ်ပုံခြင်း၊စဉ်းစားဥာဏ်
သိပ်ကွာသွားရင်အဆင်မပြေနိုင်ဘူး။






Mr.&Mrs.Harley။ ။အရက်မူးပြေချင်ရင် ကော်ဖီပျင်းပျင်း တခွက်သာသောက်လိုက်၊ အမူးပြေသွားလိမ့်မဒါပေမဲ့ ဘဝမူးသွားရင်တော့ ကော်ဖီပျင်းပျင်းတခွက်က
မင်းကိုကယ်နိုင်မှာ မဟုတ်ဘူး၊ ဘဝတော့မမူးစေနဲ့။

ဆိုင်ကမန်နေဂျာမနှင့်သူ၏အမျိုးသား။ ။ဘဝမှာ
ဆုံးဖြတ်ချက်လေး တချက်မှားလိုက်တာနဲ့ လူမှုရေး၊စီးပွားရေး၊
အိမ်ထောင်ရေး၊အားလုံး
နဲ့ဘဝတခုလုံးဟာ ပြောင်းပြန်ဖြစ်သွားနိုင်တယ်၊လို့သူတို့ဘဝရဲ့
ဖြစ်စဉ်ကိုပြောပြပြီး သတိပေးခဲ့တယ်။


Mr.Jeff&Mrs.Dod။ ။တတ်နိုင်သလောက်ဘဝကို ပျော်ရွှင်စွာနဲ့“စ”ပြီးပျော်ရွှင်စွာနဲ့ပဲအဆုံးသတ်နိုင်အောင်ကြိုးစားပါ။ ငွေဆိုတာအလကား၊ကျန်းမာခြင်းကိုသာ
မက်မောတဲ့ သူ့ရဲ့နှလုံးကို စက်အစားထိုးပြီးအသက်ရှင်နေရသောJeff.

Mr.&Mrs.Tony
။။။သိပ်မစဉ်းစားနဲ့၊မင်းရဲ့အနာဂတ်ကိုမင်းပိုင်တယ်။
ကိုယ်ဖြစ်ချင်သာကိုဖြစ်အောင်သာလုပ်လိုက်။ ဘဝမှာမမှားဖူးတဲ့သူဆို
တာမရှိဘူး၊အမှားရှိမှအမှန်ကိုရှာဖွေတွေ့ရှိနိုင်မှာ၊
မှားခဲ့ပေမဲ့လည်း မင်းလုပ်ချင်တာလုပ်ခဲ့ရတဲ့အတွက်
အရှုံးထဲကအမြတ်ပဲပေါ့။



Mr.&Mrs.Charles။ ။ What is the meaning of B.U.R.M.A လို့ ဥာဏ်စမ်းထုတ်ရင်း စိတ်ညစ်နေတဲ့ကျမရဲ့အာရုံတွေကို
ပြောင်းပေးခဲ့တဲ့ Mr.Charles



Mr.James&Mrs.Com။ ။အချစ်စစ်မှာ အသက်ကြီးတယ်
ငယ်တယ်ဆိုတာမရှိဘူး။တဦးကိုတဦးခွင့်လွှတ်နားလည်ပြီး
အပေးအယူမျှတဖို့ပဲလိုတယ်၊ဦးလေးရဲ့
အမျိုးသမီးဟာဦးလေးထက်
အသက်(၁၂)နှစ်ကြီးတယ်။
ဒါပေမဲ့အခုအချိန်ထိ တို့တွေသိပ်ချစ်ကြတယ်။







ကျမရဲ့အသိဥာဏ်ထဲကို ရောက်လာတဲ့ရင့်ကျက်တဲ့အတွေးအခေါ်တွေဟာ
ကျမမသင်ယူပဲ လိုက်မရှာပဲ ကျမဘဝအတွက်
တန်ဖိုးမဖြတ်နိုင်တဲ့ “ခင်ရာဆွေမျိုး”တွေကပေးတဲ့
အကျိုးအမြတ်တွေပဲမဟုတ်ပါလား။

14 comments:

ညရဲ့ကောင်းကင် said...

စားသောက်ဆိုင်ဖွဲ့စည်းထားပုံက စနစ်ကျတယ်ဗျ...
ကျွန်တော်တော့ အပေါ်ဆုံးအထပ်ကို ဘဘောကျတယ်...
အဟီး :)

ပူးတေ said...

ဆိုင်ဖွင့်ထားတဲ့ Idea က စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဗဟုသုတရတာပေါ့။ တယောက်အတွေ့အကြုံတယောက် ရှယ်ရတာ။ :)

Vista said...

ဟုတ်တယ် နော် ခင်ရာဆွေမျိုးတွေက တစ်ခါတစ်လေဆွေမျိုးအရင်းတွေထက်ကောင်းတယ်
ကျနော့်မှာလည်း အဲလိုဇာတာပါတယ် အပြင်လူတွေက ကောင်းကြတယ် .. အဲဒါလည်းကုသိုလ်ပဲတဲ့ မေမေပြောဖူးတယ် ...

့hnin said...

မမအဖြူရောင်လေးရေ...
မိမိတိုင်းပြည်နဲ့အရမ်းဝေးကွာလွန်းပေမယ့် ခုလိုနွေးထွေးစွာခိုလှုံခွင့်ရတဲ့ အသိုင်းအ၀ိုင်းထဲမှာ နေထိုင်ရတာဟာ အရမ်းကုသိုလ်ကံကောင်းပါတယ်
ဆိုင်လေးထဲကို နှင်း ကိုယ်တိုင်လာလည်သွားရသလို ခံစားမိတယ် ... ပျော်၇ွှင်ပါစေနော် မမ ...
နှင်းဟေမာ

~ဏီလင်းညို~ said...

ကိုတူးလေး...(ညရဲ့ကောင်းကင်) ကြိုက်တဲ့ အထပ်ကို ကျွန်တော်လည်းကြိုက်တယ်...။
(ဈေးအရမ်းကြီးမှာ သိတယ်...။)

မောင်ဘကြိုင် said...

ဂွတ်တယ် အဲလိုဆိုင်မှာလွေးဖူးချင်တယ် ဂလုဂလု
တရုတ်စာဆိုကြိုက်မှကြိုက် အနော်လာရင်ဆိုင်နားတောင်
သီနိုင်ပါ့မလားပဲ ဟိဟိ
နောက်ဖေးပေါက်နားထိုင်ပြီး စားရလဲကောင်းတာပဲလေ
း)

reenoemann said...

ကျနော်ကတော့ အလုပ်လုပ်ရတာကို ဝါသနာပါလို့

အမနဲ့ အတူတူ ဧည့်ကြို လာလုပ်မယ် ရမလား။

ခင်တဲ့ ရီနို

rose of sharon said...

ဆိုင်လေးကအမိုက်စားလေးနော်... ဧည့်ကြိုလေးကချောလိုက်တာ... ခင်ရာဆွေမျိုးဆိုတာ ထောက်ခံပါတယ်.... ရောက်ရာအရပ်မှာအဆင်ပြေအောင်နေနိုင်တဲ့ ညီမလေးအတွက်ဂုဏ်ယူပါတယ်...

ညီညီ said...

ဆိုင်လေးရဲ့ အပြင်အဆင်က ချစ်စရာလေးပါ။ စနစ်လည်းကျတယ်နော်.။ ၀န်ထမ်းတွေရဲ့ စွမ်းဆောင်မှု့လည်း ကောင်းလို့နေမှာပါ.။
ကိုညရဲ့ ကောင်းကင်ပြောသလိုပဲ. အပေါ်ဆုံးထပ်ကိုတော့ စိတ်ဝင်စားသား ဗျ :).

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

kiki said...

ရောက်တဲ့အရပ်မှာပျော်အောင်နေ
တွေ့ တဲ့သူနဲ့ တည့်အောင်ပေါင်း တတ်တဲ့ သူဆိုတော့ ဘယ်နေရာရောက်ရောက် ။ဘယ်သူတွေ နဲ့  ရှိရှိ အဆင်ပြေနေမှာပါ ။။
တကိုယ်တည်း နေရတဲ့ အထီးကျန်ဘဝခြင်းတူ တော့ ကိုယ်ချင်းစာ မိပါတယ် ။

ခင်ရာဆွေမျိုးတွေကြားထဲမှာ ထာဝရ ပျော်ရွှင် နေနိုင်ပါစေ နတ်သမီး လေးရေ .

အိအိချော said...

နတ်သမီးလေးရေ ခင်ရာဆွေမျိုးဆိုတာ သိပ်မှန်တာပေါ့ မိတ်ဆွေပေါများရင် ဘယ်သွားသွား၊ ဘာလုပ်လုပ် ဒုက္ခ မရောက်တတ်ဘူးလေ။ ဆိုင်ခန်းတိုက်က အတော်ကြီး မယ်ထင်တယ်နော်။

ရွှေရတုမှတ်တမ်း said...

နတ်သမီးလေး..အမြဲတမ်းကိုယ်စိတ် ၂ပါးချမ်းသာပါစေလို့
ဘဘကျောက် ဆုတေင်းပေးပါတယ်ဗျာ..
မျက်နှာလေးချိုတော့..လူချစ်လူခင်များတာပေါ့လေ..

Angel Shaper said...

ဟုတ်ပါတယ် မရယ်။ ခင်ရာဆွေမျိုးတွေကပေးတဲ့
ရင့်ကျက်မှုတဲ့လား။ ပြောတတ်လိုက်တာနော်။
ရောက်ရာနေရာမှာ အထီးကျန်ဆန်လို့ ပျော်အောင်နေကြတာချင်းတူတူ ကိုယ်ချင်းစာပါတယ်။
စကားမစပ် မတို့ဆိုင်က ဈေးတော်တော်ကြီးမယ်နော်။
တစ်ခါလောက်တော့ လာစားဖူးချင်တယ်။ အဟိ

ဆွေလေးမွန် said...

ဘ၀ဆိုတာဒီလိုပါပဲမရေ..တစ်ခါတစ်ရံမှာ ကိုယ်တစ်ယောက်တည်းပေမယ့် တစ်ခါတစ်ရံ မှာတော့
ပျော်ရွှင်စရာ ကောင်းသလိုလိုပါပဲ..ကြိုးစားရင် ဘာမဆို အောင်မြင်နိုင်ပါတယ်မ။ အဓိက ကတော့ စိတ်ပါပဲ...

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger