
အကြောင်းအမျိုးမျိုးကြောင့် ရေးဖို့နောက်ကျခဲ့ရတဲ့ ကိုဇော်ရဲ့ “အမြင်များ” (တဂ်ပို့စ်)လေးကို ကျမရဲ့ရင်ထဲက မကျေနပ်ခဲ့ရတဲ့ တကယ့်ဖြစ်ရပ် အကြောင်းရင်းလေးတခုနဲ့ပေါင်းပြီး စာဖတ်သူရဲ့အမြင်များနဲ့ ဆွေးနွေးကြရအောင်လား...။
လွန်ခဲ့တဲ့(၁၅)နှစ်တာ ကာလက...အမျိုးသမီးနှစ်ယောက်ရဲ့ ဆန့်ကျင်ဖက် စရိုက်နဲ့ သူတို့ရဲ့ပေးဆပ်ခဲ့ရတဲ့ ဘဝနှင့် ပြန်ရရှိခဲ့တဲ့ “ရလဒ်” များကတော့.....ကျမတို့ရပ်ကွက်ထဲတွင် သိပ်ချော၊သိပ်လှသည့်ဘွဲ့ရပြီးကာစ အသက်(၂၈)နှစ်အရွယ်ရှိ အသွင်၊စရိုက် ကွဲပြားသော အမျိုးသမီးနှစ်ဦးရှိခဲ့ဖူးသည်။(ကာယကံရှင်များ၏ နာမည်ရင်းများကို ဖျောက်ထားပါသည်)။
အမည်က “ခက်ခက်”..။ နာမည်နှင့်လိုက်အောင် မာကျောသည့်စိတ်ဓာတ်၊ ထက်မျက်သည့်အတွေး၊ သွက်လက်ချက်ခြာပြီး စကားပြောကြွယ်ဝသူ၊ မိဘများမှာ ရွှေဆိုင်ပိုင်ရှင်များဖြစ်ပြီး လူပေါင်းဆန့်သူ၊ ခေတ်ဆန်သူ၊။ ရပ်ကွက်ထဲတွင် ယောက်ျားလေးမိတ်ဆွေအပေါင်းအသင်းများ၏ ကားပေါင်းစုံဖြင့် ခြေရှုပ်တတ်၍ ရပ်ကွက်မှ မျက်စောင်းထိုးခြင်းခံရသော်လည်း “ခက်ခက်”မှာ ပတ်ဝန်းကျင်ကို ဂရုမစိုက်၊ သူမလုပ်ချင်သည်ကို လုပ်သည်၊ ပျော်သလိုနေသည်၊ရည်းစားထည်လဲ တွဲသည်၊ သူမတွဲသမျှရည်းစားများမှာလည်း ကုမ္ပဏီပိုင်ရှင်၊ ဆရာဝန်နှင့် အင်ဂျင်နီယာများဖြစ်ကြသည်။“ခက်ခက်”၏ ပုံသဏ္ဍာန်မှာ သရုပ်ဆောင် (မ)တင့်တင့်ထွန်း၏ ပုံစံဖြစ်သည်။
နောက်တစ်ယောက်ကတော့ အလွန်အေးချမ်းသည့် အသွင်သဏ္ဍာန်ရှိပြီး ရှည်လျှားဖြောင့်စင်းသော ဆံကေသာပိုင်ရှင်၊ တရုတ်ပိတ်ဖြင့် ချုပ်လုပ်ထားသော မြန်မာဝတ်စုံ ဝမ်းဆက်လေးများကိုသာ ဝတ်ဆင်လေ့ရှိသူ၊ မိခင်မုဆိုးမကြီးနှင့်အတူ အိမ်တွင် ကုန်စုံဆိုင်လေးတစ်ခုဖွင့်ပြီး သူမ၏ဘဝကို အချိန်ကုန်စေခဲ့သူ၊ ရည်းစားတခါမျှမထားဖူးသူ သူမကို ရပ်ကွက်သားများက “မိန်းမကောင်း”ဟု ချီးကျူးခြင်းကိုခံရသူ..“မဝေ” ပင်ဖြစ်သည်။သူမ၏ ပုံသဏ္ဍန်ကိုမြင်အောင်ပြရသော် အဆိုတော်(မ)မီမီဝင်းဖေ၏ ပုံစံဖြစ်သည်။ “မဝေ”က အနေအထိုင်တည်ငြိမ်အေးဆေးသည်၊ ရပ်ကွက်ထဲမှ “မဝေ”အား ချစ်မြတ်နိုးသော ကာလသားများရှိသော်လည်း အိန္ဒြရေ ရလှသော သူမ၏ အပြုအမူကြောင့် ချစ်စကားပင်မဆိုရဲကြ။ (၂)နှစ်ခန့်ကြာသော်...“မဝေ”မှာ ရပ်ကွက်ထဲသို့လာလည်တတ်သော သင်္ဘောသားတစ်ယောက်နှင့် အိမ်ထောင်ကျသည်။ ပျူပျူငှါငှါနှင့် လူမှုဆက်ဆံရေးပြေပြစ်သော မဝေ၏ အမျိုးသားမှာ ယဉ်ကျေးသိမ်မွေ့သော မဝေနှင့် အလွန်လိုက်ဖက်သည့်အတွက် မိခင်အိုကြီးမှာ သမီးဖြစ်သူ မဝေအတွက် စိတ်အေးရလေသည်။
နှစ်အနည်းငယ်အကြာတွင် “မဝေ”မှာ သားသမီးနှစ်ယောက်ထွန်းကားပြီးသည့်နောက်မှာတော့ အမျိုးသားမှာ အိမ်မကပ်တော့ပဲ အပျော်မယား၊ ဖဲ၊အရက်များစွဲကာ ပျက်စီးလေတော့သည်။ မဝေမှာတော့ သားသမီးနှစ်ယောက်ကို ပြုစုရင်း လင်ယောက်ျား၏ ညှင်းပမ်းနှိပ်စက်မှုများအောက်တွင် မျက်ရည်ပင်လယ်ဝေရသည်။ အိမ်နီးချင်းများနှင့် ရပ်ကွက်မှ ဆိုးသွမ်းနှိပ်ဆက်သော လင်ယောက်ျားအား ကွာရှင်းပြတ်ဆဲရန် “မဝေ”အားတိုက်တွန်းသော်လည်း “မဝေ”မှာ တစ်လင်၊ တစ်မယား စံနစ်ကိုသာကျင့်သုံးချင်ကြောင်းနှင့် သူမ၏ ဘဝပေးကုသိုလ်ဟုသာမှတ်ယူရင်း အိမ်ထောင်သက်တမ်း(၅)နှစ်ခန့်တွင် စိတ်ထောင်းကိုယ်ကြေ၍ နှလုံးရောဂါဖြင့်ကွယ်လွန်ခဲ့သည်။
“မဝေ”နှင့် ရှေ့ဆင့် နောက်ဆင့် အိမ်ထောင်ကျခဲ့သော “ခက်ခက်”မှာမူဌါနဆိုင်ရာ အရာရှိတစ်ဦးနှင့် အိမ်ထောင်ကျကာ သားတစ်ယောက်ထွန်းကားသည်၊ ယခင်က ရည်းစားထည်လဲတွဲခဲ့သော သူမ၊ ကားတဝီဝီနှင့်ခြေရှုပ်တတ်သော သူမ၊ မိန်းမပျက်တစ်ဦးအဖြစ်ရပ်ကွက်မှ မျက်စောင်းထိုးခံရသူ သူမမှာ ဂုဏ်သရေရှိအသိုင်းအဝိုင်းကြားထဲတွင် ပွဲတက်မယားဖြစ်ခဲ့ရပြီ။ သူမသွားလေရာ နေရာတွင် မျက်နှာပန်းပွင့်ခဲ့ရသည်။ လင်ယောက်ျား၏ ဆွေမျိုး၊မိဘများကလည်း သူမကို ချစ်ခင်ကြသည်။ လင်ယောက်ျားမှာလည်း “ခက်ခက်”အပေါ်သစ္စာရှိစွာ ပေါင်းသင်းသည်မှာ ယခုထိတိုင်ပင်။
လောကကြီးက မတရားတာလား....ကံကြမ္မာက ရက်စက်တာလား....ကျမတွေးကြည့်သော်လည်း အဖြေမရ.....“ခက်ခက်”၏ ဘဝမှာ အပျိုဘဝမှ “စ”၍ အိမ်ထောင်သည် ဘဝရောက်သည်အထိ (နာမည်ပျက်ခဲ့သော်လည်း) သာယာလှပသောဘဝနှင့် ပျော်ရွှင်ခြင်းများကိုပိုင်ဆိုင်ခဲ့ရသည်။
“မဝေ”မှာတော့ အိမ်ထဲမှ အိမ်ပြင်မထွက်၊ ဘိုင်းကောင်း ကျောက်ဖိ ဘဝဖြင့် (နာမည်ကောင်းကို ပိုင်ဆိုင်ရသော်လည်း ) ယောက်ျားရ ကံမကောင်းခြင်းဖြင့်ကြုံကာ နောက်ဆုံး သူမ၏ အသက်ပါ ဆုံးရှုံးခဲ့ရသည်။ အပျိုဘဝတွင်လည်း လွတ်လပ်စွာ ပျော်ရွှင်ခြင်းမရှိပဲ အိမ်အလုပ်များဖြင့်သာ အချိန်ကုန်နေတတ်သော ဖြူစင်လှသည့် သူမ၏ ဘဝကို ကံကြမ္မာက ရက်စက်လွန်းသည်ဟု ကျမမြင်မိသည်။
ဘာကိုမှဂရုမစိုက်ပဲ လုပ်ချင်ရာ လုပ်တတ်သော “ခက်ခက်” ကိုမူ လောကကြီးက မျက်နှာသာပေးသည်၊ အမှန်မှာ “ခက်ခက်” နှင့် “မဝေ”တို့၏ ပေးဆပ်ခဲ့ရသော ဘဝများနှင့် ပြန်ရရှိခဲ့သော “ရလဒ်”များမှာ ပြောင်းပြန်ဖြစ်သင့်သည်မဟုတ်ပါလား.....။ ကျမ၏ အမြင်များ မှားနေသည်လား....။
ဤကဲ့သို့သော မမျှတသည့် ဘဝများစွာ...ဤလောကတွင်ရှိနေပါသေးသည်...။အခြားသော အသွင်အမျိုးမျိုးသော မမျှတမှုများစွာသည်လည်း ဤလောကတွင်ရှိနေပါအုံးမည်....။သိနေ မြင်နေရသော်လည်း ကယ်၍မရသော ၊ ရုန်းထွက်၍ မရသော မမျှတမှုများစွာတွေရဲ့ကြားက ဘဝပေါင်းများစွာသည်လည်း....ကမ္ဘာတည်သ၍ ရှိနေပါအုံးမည်..။
ဤကဲ့သို့သော မမျှတသည့် ဘဝများစွာ...ဤလောကတွင်ရှိနေပါသေးသည်...။အခြားသော အသွင်အမျိုးမျိုးသော မမျှတမှုများစွာသည်လည်း ဤလောကတွင်ရှိနေပါအုံးမည်....။သိနေ မြင်နေရသော်လည်း ကယ်၍မရသော ၊ ရုန်းထွက်၍ မရသော မမျှတမှုများစွာတွေရဲ့ကြားက ဘဝပေါင်းများစွာသည်လည်း....ကမ္ဘာတည်သ၍ ရှိနေပါအုံးမည်..။
ခေတ်ကြီးကိုက ပြောင်းလဲသွားတာလား.....
ဖြူစင်သူတွေနည်းပါးလာပြီး ကောက်ကျစ်စဉ်းလဲသူတွေ ပေါများလာတာ....
တရားမျှတမှုတွေ လျှော့ပါးလာပြီး မတရားမှုတွေများလာတာ....
ရာသီဥတုတွေ ဖောက်ပြန်လာတတ်တာ....
စိတ်ဓာတ်ရေးရာတွေ ယိမ်းယိုင်ယိုယွင်းလာတာ....
အကယ်၍ ကျမတို့နေထိုင်သော ဤကမ္ဘာမြေကြီးအတွင်းမှာ အလင်းပျောက်ကွယ်ပြီး အမှောင်ထုကြီးသာ ဖုံးအုပ်သွားမယ်ဆိုပါလျှင်......
အကယ်၍ ကျမတို့နေထိုင်သော ဤကမ္ဘာမြေကြီးအတွင်းမှာ အလင်းပျောက်ကွယ်ပြီး အမှောင်ထုကြီးသာ ဖုံးအုပ်သွားမယ်ဆိုပါလျှင်......
ကျမ၏စိုးရိမ်မှုများလွန်ကဲခြင်းကြောင့် ကျမ၏“အမြင်များ” မှားယွင်းခြင်းသာဖြစ်ပါစေဟု အထပ်ထပ်အခါခါ ဆုတောင်းမိပါတော့သည်။
ကိုဇော်ရဲ့“အမြင်များ” (တဂ်ပို့စ်) လေးကို ကျမမြင်ခဲ့သော “ရလဒ်” ဖြင့် ခံစားရင်ဖွင့်လိုက်ရပါသည်။
16 comments:
နတ်သာမီးရေ......
သူတို့နှစ်ယောက်ရဲ့ အဖြစ်က သာမန်အမြင်နဲ့ ကြည့်ရင်တော့ အထင်မှားစရာပဲနော်....။
ရိုးသားသူက ကံဆိုးသလို ဖြစ်နေတာကိုး......။
ဒါပေမယ့် အတိတ်ဘ၀က အကြောင်းဆက်တွေပါပဲလေ...။
(ကိုဏီက ဗုဒ္ဓဘာသာဆိုတော့ ကံကံ၏ အကျိုးဆက်ကို လက်ခံနားလည်မိတယ်လေ...)
မတင့်နဲ့ တူတဲ့တစ်ယောက်က ဘ၀ဟောင်းက ကုသိုလ်ကံကြွေးအဟောင်းကို စားသုံးတာပဲလေ...။
တစ်ကယ်လို့များ... လက်ရှိဘ၀မှာကောင်းတာတွေထပ်လုပ်ရင်တော့ သံသရာပါကောင်းမှာပေါ့...။
မမီနဲ့တူတဲ့တစ်ယောက်ကတော့ အတိတ်ကံကြွေးကို အကြေဆပ်သွားတယ်လို့ မြင်မိပါတယ်...။ လက်ရှိဘ၀မှာ အကောင်းဆုံးနေထိုင်သွားခဲ့တယ်ဆိုတော့ သံသရာမှာ သူအေးချမ်းနိုင်မှာလေ...။
စကားပုံတစ်ခုတောင်ရှိသေး....။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ့ဆိုလား....း))
(နှစ်သစ်မှာ နေကောင်း အဆင်ပြေ၊ ပျော်ရွှင်ပါစေကြောင်း.... ဆုမွန်ကောင်းတောင်းပေးအပ်ဘာသည်။)
မေးလိပ်စာ အသစ် ကိုဏီမသိဘူးဗျ....း)
ခင်မင်တဲ့
ဏီလင်းညို
ဒီလို ညီမရေ. . .
အကိုကတော့ ဒီလိုလေး မြင်မိတယ်။
ဒါနဲ့ ပတ်သတ်ပြီး ကံနဲ့ မဆိုင်တော့ဘူး လို့ ပြောရင်လည်း ဗုဒ္ဓဘာသာကို ဆန့်ကျင်ရာ ကျဦးမယ်။
ဒါပေမဲ့ ဘုရားဟောထဲမှာတောင်မှ ယခု လက်ရှိပြုကျင့်နေတဲ့ အကျင့် ၊ သတိ ၊ ပညာ က အရင်က ကံအကြောင်းကို ပြောင်းလဲ စေနိုင်တယ် လို့ ဆိုထားသေးတယ်။
ဒီတော့ကာ သူတို့ ဘဝမှာ အခုလို ဖြစ်တာက ဗုဒ္ဓဘာသာ အရ ရှေးဘဝက ပါလာတဲ့ ဝဋ်ကြွေးလို့ ပြောနိုင်တယ်။
ဒီလိုပဲ ဒီလို ဝဋ်ကြွေးကို သူတို့ သတိ ၊ ပညာ ၊ အကျင့် နဲ့ ထိန်းသိမ်းသွားနိုင်လို့သာ ပြောင်းလဲမှုတွေ မတူညီခဲ့ကြရတာ . . ဒီနေရာမှာ နောင်ဘဝကိုတော့ ထည့်ပြောတော့ဘူး။
ယောက်ျားအပေါ်မှာ အကုန်လုံး ယုံပြီး ဘဝကို ပုံထားလို့ သူ မကောင်းတော့ ဘဝအားလုံး ပျက်ဆီးရတဲ့ မဝေ ဖြစ်ခဲ့ရတယ်။
ခက်ခက် ကတော့ သူက ယောက်ျားကို ယုံပြီး ဘဝကို ပုံထားဖို့ထက် သူ့ဘက်က သေချာအောင် အရင်ဆုံး ပြင်ဆင် ရွေးခြယ် ခဲ့တယ် လို့ သူ ငယ်ငယ်က နာမည်သာ ပျက်တာ ၊ ဘဝ မပျက်ခဲ့တာ လို့ မြင်မိပါတယ်။
ဘာပဲ ပြောပြောပါ မလွန်ကြူးသော အတွေ့အကြုံ ဆိုတာတော့ ရှိထားသင့်ပါတယ်။ ဒါမှ အမှန် အမှား ဆိုတာ ခွဲခြား နိုင်မှာပါ။
ပျော်ရွှင်ပါစေ
ကိုဇော်
လောကရဲ့ ဓမ္မတာ ကို အမြင်အနေနှင့် ရေးသွားတာ တော်တော်ကောင်းပါတယ်၊ ကံဥဏ် ဝိရိယ မာန်မာန အကျိုးဆက်တွေပေါ့၊ တစ်လင်တစ်မယား စနစ်ဆိုတာကြီးအောက်မှာ ခံစားနေရတာ မိန်းမတွေမကပါဘူး၊ ယောက်ျားတွေလဲ ပါတယ်၊ စကားမစပ် မတင့် ကတရားလုပ်နေပြီ၊ ပုံသဏ္ဍာန်လို့ ဆိုပေမဲ့ တစ်မျိုးထင်ကြလိမ့်မယ်။
အင်း အပေါ်က အစ်ကိုတွေက အားလုံးပြောသွားတော့
ကျွန်တော်ဘာပြောရမှန်းတောင် မသိတော့ဘူး ...
တကယ်တော့ လောကကြီးက ဆန်းကြယ်ပါတယ် ...
အတိတ်ကို ပြန်မမြင်နိုင်သလို အနာဂတ်ကိုလည်း ကြိုမသိနိုင်ဘူးလေ ...
ဒါတွေဟာ ဖြစ်ချိန်တန်လို့ ဖြစ်ရတယ် .. ဖြစ်သင့်လို့ ဖြစ်ရတယ်ပဲ သဘောထားလိုက်တာ အကောင်းဆုံးပဲလို့ ထင်တယ် အစ်မရယ် ...
နှစ်သစ်မှာပျော်ရွှင်ပါစေ အစ်မ ...
လေးစားစွာဖြင့်
ညလင်းအိမ်
နတ်သမီးရေ...
ဒါကြောင့် ရှေးလူကြီးတွေက " ကံထမ်းလာတာ မမြင်ရဘူး လှံထမ်းလာတာကို မြင်ရတယ်" လို့ ပြောခဲ့တာနေမှာ။ သူတို့ နှစ်ယောက်ရဲ့ အတိတ်ဘဝက ပြုခဲ့တဲ့ ကံကံ၏အကျိုးကြောင့် အကျိုးပေးပုံခြင်းလဲ ကွာခြားသွားတယ်လို့ပဲ ထင်မိတယ်။ ကြောက်စရာကြီးနော်... ဒါကြောင့်အခုဘဝမှာ အတတ်နိုင်ဆုံး ကောင်းတာလေးတွေပဲ လုပ်မိအောင်ကြိုးစားနေပါတယ် နတ်သမီးရေ...
နတ်သမီးလဲ အခုဘဝ နောက်ဘဝ သံသရာမှာ ကျင်လည်နေရသမျှ အမြဲတမ်းကံကောင်းတဲ့သူ ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်...
ကိုဏီးပြောတာထောက်ခံပါသည်
ကိုဇော်ပြောတာလေးက လက်တွေ့ကျပါတယ်..။
မိုးငွေ့လဲ အဲဒီလိုမြင်တယ်...။
မေးလ်အသစ်ကို လက်ခံထားလိုက်ပြီနော်..။
ခင်မင်စွာဖြင့်
မိုးငွေ့
မနတ်သမီးရေ..
အဖြစ်အပျက်လေးကဆန်းကျယ်ပါတယ်..။
ဟုတ်တယ်.. သူတို့ရဲ့အတိတ်ကပါလာတဲ့ကံကြောင့်လို့
ယုံကြည်ပါတယ်။ဗုဒ္ဓဘာသာတယောက်ရဲ့အမြင်အရကိုယ်
ပြုခဲ့တဲ့ကံကိုကိုယ်ပဲခံရတာပါ။
မင်္ဂလာရှိသောနှစ်သစ်မှာရွှင်လန်းချမ်းမြေ့ပါစေနော်....
သဒ္ဓါ
မင်္ဂလာပါ..
နှစ်သစ်မင်္ဂလာပါလို့ ဦးစွာ နှုတ်ခွန်းဆက်သပါတယ်။
အစဉ်ရွှင်လန်းချမ်းမြေ့ သာယာပါစေလို့လည်း ဆုမွန်ချွေလိုက်ပါတယ် နတ်သမီးလေးရေ...
အင်း.. အခုပို့စ်လေး အရဆိုရင်တော့ အမြင်မှာ မဝေ က အေးချမ်းသာယာတဲ့ မိသားစုလေးကို ပိုင်ဆိုင်ရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
မြတ်ဘုရားအား ယုံကြည်ကိုးကွယ်သူမို့... ကံ..ကံ၏ အကျိုးကို ခံစားရတာလို့ သံဝေဂ ရယူနိုင်ပါတယ်။ ကြွေးဟောင်းဆပ်တယ်လို့ နားလည်မိတယ်လေ။ အခုဘ၀မှာ မိခင်အားလုပ်ကျွေးပြီး အေးအေးချမ်းချမ်း အကုသိုလ်ကင်းကင်းနဲ့ နေထိုင်သွားသူမို့ နောက်ဘ၀များမှာ ပိုပြီး သာယာတဲ့ ဘ၀လေးကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
တရားသဘောမို့ အစဉ်ဘက်မလိုက်ဘဲ ကိုယ့်ပြုသည့်ကံ ကိုယ်ထံပြန်လာတာလို့ အတွေးတွေလဲ ၀င်မိပါသေးတယ်။
စိတ်၏ချမ်းသာခြင်း..ကိုယ်၏ကျန်းမာခြင်းဖြင့် အစဉ်ပြည့်စုံပါစေကြောင်း ထပ်မံပြီး ဆုမွန်လောင်းလိုက်ပါတယ် နတ်သမီးလေးရေ...
ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)
အစ်မအမြင်ကတော့ ခက်ခက်က ရည်းစားတွေထဲက အကောင်းဆုံးကိုရွေးခဲ့တယ်ထင်ရဲ့.... အိမ်ထောင်မပြုခင် လေ့လာပြီးမှ ယုံကြည်ရမဲ့သူကိုရွေးချယ်လက်ထပ်ခဲ့တယ်ထင်ပါတယ်... မဝေကျတော့ ဗဟုသုတနည်းမယ်ထင်တယ် အိမ်ထဲမှာဘဲနေတော့လေ.... လက်မထပ်ခင်လေ့လာဘို့လဲ မစဉ်းစားခဲ့ဘူးထင်ရဲ့.... အဲလိုအမျိုးသမီးတစ်ချို့အစ်မလဲတွေ့ဘူးတယ်... အရမ်းသနားဘို့ကောင်းတယ်...
နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေ
ပိုပိုပြီး တိုးတက်ကြီးပွားအောင်မြင်ပါစေ
စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ
ဆုမွန်ဖြင့်
ချစ်တဲ့
“ sosegado said...
လောကရဲ့ ဓမ္မတာ ကို အမြင်အနေနှင့် ရေးသွားတာ တော်တော်ကောင်းပါတယ်၊ ကံဥဏ် ဝိရိယ မာန်မာန အကျိုးဆက်တွေပေါ့၊ တစ်လင်တစ်မယား စနစ်ဆိုတာကြီးအောက်မှာ ခံစားနေရတာ မိန်းမတွေမကပါဘူး၊ ယောက်ျားတွေလဲ ပါတယ်၊ စကားမစပ် မတင့် ကတရားလုပ်နေပြီ၊ ပုံသဏ္ဍာန်လို့ ဆိုပေမဲ့ တစ်မျိုးထင်ကြလိမ့်မယ်။”...
-----------------------------------------
ကိုsosegado ရှင့်...
ညီမရဲ့စာသားထဲမှာ “မတင့်ရဲ့ပုံသဏ္ဍာန်” ဆိုတာ ပါ ပါတယ်..။“မတင့်ရဲ့ခေတ်ဆန်တဲ့ စတိုင်လ် ကိုဆိုလိုခြင်းသာဖြစ်ပါတယ်။စာဖတ်သူများ အတွက် အမျိုးသမီးနှစ်ဦးရဲ့ကွဲပြားခြားနားတဲ့ ပုံသဏ္ဍာန်ကို မြင်စေချင်ယုံသက်သက်မို့ မြန်မာလူမျိုးတိုင်းရဲ့ မျက်စိထဲမှာ အလွယ်တကူကွင်းကွင်းကွက်ကွက် မြင်လွယ်နိုင်တဲ့ မတင့်နဲ့ မမီမီဝင်းဖေတို့ရဲ့အမည်များကို ယူသုံးရခြင်းပါ။
သူတို့ရဲ့ပြင်ပ ပုဂ္ဂိုလ်ရေးရာ ကိုယ်ရေးကိုယ်တာ အကြောင်းအရာများနှင့် လုံးဝမသက်ဆိုင်ပါ။
အစ်မေ၇ အစ်မ ရေးတဲ့ပို့စ်က အစ်မ အမြင်မို့ ထွေးထူးတော့ ငြင်းခုံစရာမရှိပေမယ့် ညီမအမြင်ကို တော့ ပြောခဲ့ပါရစေ အစ်မနဲ့ ညီမ အသက် အနည်းဆုံးတော့ ၁၀နှစ်လောက်ကွာမယ်ထင်ပါတယ် .
ရည်းစားများတာ ဟာ အပြစ်မှ မဟုတ်ပဲ သူမှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ် နောက်ပြီး မကောင်းတဲ့ယောကျာင်္းတစ်ယောက်ကို ကြိတ်မှိတ်ပြီးတွဲမနေပဲ မရခင်ကတည်းက ပြတ်ပြတ်သားသား နေထိုင်ပြီးသူနဲ့သင့်တော်မယ့်သူ ရှာတာ ဟာမကောင်းတဲ့ အလုပ်တစ်ခု လား ?
ပတ်ဝန်းကျင်မှာ ပေါ်ပေါ်ထင်ထင် တွဲတာကို မြန်မာ အသိုင်းဝိုင်းမှာတော့ မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်ပါတယ် ဒါပေမယ့် ပေါ်တင်တွဲတာကိုအပြစ်လို့မြင်လား မိဘရှေ့မှာ ပတ်ဝန်းကျင်မှာ ကုတ်နေပြီးကွယ်ရာမှာ ကမြင်းနေတတ်တာတွေလည်း မမြင်ချင်အဆုံးပါပဲ ။ရည်းစားထည်လဲ တွဲတယ် ဆိုပေမယ့် သူ့ကိုယ်သူ သူ့ဘ၀သူလုံခြုံအောင် ကာကွယ်နိုင်လို့ အခု လို ကောင်းစားတဲ့ဘ၀ကို ရသွားတယ်လို့ရော မထင်မိဘူးလား ?ပတ်ဝန်းကျင်က အပြစ်ပြော တိုင်း သူက အပျက်မ ဆန်ဆန် ဖြစ်သွားရောလား အစ်မ ?ပတ်ဝန်းကျင်ဆိုတာ တစ်ခါတစ်ရံမှာ ပုံကြီးချဲ့ပြီးသပုတ်လေလွင့်ပြောတတ်တယ်ဆိုတာကိုရော အစ်မ မေ့လျော့သွားလေသလား ဒါမှမဟုတ် အဲဒီလို သပုတ်လေလွင့်ပြောတဲ့ ပတ်ဝန်းကျင်စကားမှာပဲ အစ်မ အမြင်တွေ နစ်မျောသွားလေသလား ။
အစ်မ ရဲ့ အမြင်ပို့စ်ကို ဖတ်ပြီး အစ်မကို မေးချင်တဲ့ မေးခွန်းတွေက တော့ အများကြီးပဲ ဒါပေမယ့် ဒီမှာပဲ ရပ်လိုက်ပါတော့မယ် ။ဒါက အစ်မ အမြင်ကို လို့ ပဲကိုယ့်ကိုယ် ကို ပြန်သတိပေးလိုက်မိလို့ပါ။
အသက်အ၇ွယ်ကွာခြားမှု နဲ့အတူ အမြင်တွေ ပါ ကွာခြားသွားလေသလား ....
ခင်တဲ့
စိတ်ဝင်တစား ဆွေးနွေးပေးလာတဲ့ ညီမလေး Dlay ကို အထူးပဲကျေးဇူးတင်ပါတယ်ကွယ်...
ညီမလေးရဲ့အတွေးအခေါ်တွေကို “မ”လက်ခံပါတယ်...
“မ”ရဲ့အတွေးအခေါ်တချို့ဟာလည်း ညီမလေးနဲ့ခပ်ဆင်ဆင်တူပါတယ်..။
ပြောရမယ်ဆိုရင် “Open mind” ပေါ့...(တခုတော့ရှိတာပေါ့...မြန်မာလူမျိုးဖြစ်တဲ့ “မ”တို့အတွက် Open တိုင်းလည်းမကောင်းသေးဘူး၊ မိန်းခလေးတယောက်အနေနဲ့ ပြောသင့်တဲ့စကား..မပြောသင့်တဲ့စကားဆိုတဲ့ ပညက်ချက်တွေကလည်း ရှိသေးတယ်လေ၊“စကား စကား ပြောပါများ..စကားထဲက ဇာတိပြ” ဆိုသလို ကိုယ်ပြောလိုက်တဲ့စကားတခွန်းရဲ့အတိမ်အနက်ကို
ိုကြည့်ပြီး ကိုယ့်ရဲ့စိတ်နေသဘောထားကို တခြားလူက ခန့်မှန်းသိမြင်နိုင်တာမို့ “မ”တို့စကားကို ထိမ်းပြီး ပြောကြရအောင်လား)းးး)))။
“မ”လည်း ညီမလေးလိုပဲ ခက်ခက်ကို ပိုပြီးသဘောကျတယ်၊ခက်ခက်က နာမည်သာပျက်တယ်..သူ့ရဲ့ဘဝကို အပြည့်အဝ Enjoy လုပ်သွားနိုင်တယ်..။
မဝေကျပြန်တော့ တကယ့်ကို အေးဆေးတည်ငြိမ်တဲ့အမျိုးသမီးတယောက်ဆိုတာ “မ”ကိုယ်တိုင်မြင်တွေ့ခဲ့ရတာ၊ မဝေရဲ့တူမနဲ့ “မ”ဟာ ကျောင်းနေဖက်သူငယ်ချင်းတွေဖြစ်တဲ့အတွက် မဝေရဲ့အကြောင်းကို “မ”က အတွင်းကျကျသိမြင်ခဲ့ရတာပေါ့။ သူ့ဘဝမှာ ပျော်ရွှင်ချင်တာတောင် သူထိမ်းထားခဲ့တဲ့ နာမည် ပျက်သွားမှာစိုးလို့ (နာမည်ကိုထိမ်းတဲ့အနေနဲ့) ပျော်ရွှင်မှုတွေကို ကြောခိုင်းခဲ့တယ်။ သူ့ရဲ့နာမည်ကောင်းကို သေတဲ့အထိ ထိမ်းသိမ်းခဲ့တယ်...အဲဒါကို“မ”က မကျေနပ်တာ...ပတ်ဝန်းကျင်ကပြောတဲ့ “ကောင်မလေးသနားပါတယ်..”ဆိုတဲ့ နာမည်ကောင်းဟာ သူ့အတွက် ဘာအကျိုးအမြတ်ကျန်ခဲ့သလဲလို့ စဉ်းစားမိတယ်..၊ သူလည်း လူထဲက လူတယောက်ပဲလေ...၊ ပျော်ချင်ရှာမှာပေါ့...တကယ်တော့ “နာမည်ကောင်း” ဆိုတဲ့ ထိမ်းချုပ်မှုကြီးရဲ့အောက်မှာ သူ့ရဲ့စိတ်ဆန္ဒတွေကို ဖုံးကွယ်ပြီး ဟန်ဆောင်ခဲ့တာပါပဲ....နောက်တခုက အပေါ်က အကို အမတွေ ဆွေးနွေးသွားကြသလို အရင်ဘဝက ကံ၏အကျိုးဆိုတာကလည်း ရှိသေးတယ်လေ..။သူတို့နှစ်ယောက်ထဲက ခက်ခက်ဟာ တကယ့် Enjoy Life ကိုရခဲ့သူပါ..။
ညီမလေးပြောခဲ့သလို မိန်းမတယောက်ဟာ သူ့ဘဝအတွက် သင့်တော်မယ့်သူကိုရှာပိုင်ခွင့်ရှိပေမယ့်လည်း ရည်းစား(၁၀)ယောက်အထက်ထိတော့ မရွေးသင့်ဘူးလို့မြင်မိတာပါပဲ။ ဥပမာ။ ။ ကိုယ့်ရဲ့မောင်(သို့မဟုတ်)အကို ရဲ့ချစ်သူဟာ ယခင်က ရည်းစား(၁၀)ယောက်ရှိခဲ့ဖူးသူဆိုပါလျှင် အဲဒီမိန်းခလေးကို ကိုယ့်ရဲ့မိသားစုဝင်တယောက်အဖြစ်လက်ခံနိုင်ပါ့မလား????? နဲနဲတော့ ပခုံးတွန့်သွားကြမှာပါပဲ..၊နောက်ဆုံး အဲဒီမိန်းခလေးကို နားလည်သွားသည်ပဲထားအုံး...သူကပွင့်လင်းပါတယ်ဆိုပေမယ့်လည်း လူဆိုတာ ပတ်ဝန်းကျင် အသိုင်းဝိုင်းနဲ့နေရတာမို့ မြန်မာအမျိုးသမီးတယောက်အနေနဲ့ လူရိုသေအောင်တော့ ပြုမူနေထိုင်တတ်ရပါတယ်၊ အဲဒီအတွက် ခက်ခက်ဟာလည်း Enjoy Life ကိုရခဲ့သော်လည်း အနေအထိုင်ပိုင်းမှာတော့ မြန်မာ့ယဉ်ကျေးမှုနဲ့ဆန့်ကျင်နေပါသေးတယ်..။ညီမလေးပြောခဲ့သလို “မ”ရဲ့အသက်အရွယ်ကြောင့် “မ”ရဲ့အမြင်တွေဟာ တကယ့်ကိုပဲ ကွာခြားသွားခဲ့တယ်
ဆိုရင်တော့ New Generation များရဲ့ “လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်” ဆိုတာတွေ...“မရခင်ကတည်းက ပြတ်ပြတ်သားသား နေထိုင်ပြီးသူနဲ့သင့်တော်မယ့်သူ ရှာတာ”ဆိုတဲ့ ပွင့်လင်းမှုလွန်ကဲခြင်းတွေ....“ပတ်ဝန်းကျင်ဆိုတာ တစ်ခါတစ်ရံမှာ ပုံကြီးချဲ့ပြီး
သပုတ်လေလွင့်ပြောတတ်တယ်”
ဆိုတဲ့ လူ့အသိုင်းအဝိုင်းကို ဥပေက္ခာပြုခြင်းများရဲ့ နောက်ဆက်တွဲအကျိုးဆက်များကိုတော့ဖြင့်.....
အမေ၇..ကိုဇော်မန့် သွားသလိုဘဲဗျ...
မဝေ က ချစ်တာတစ်ခုတည်းနဲ့ ဆုံးဖြတ်ခဲ့လို့ 
ဖြစ်မယ်..ယောက်ျာ်းတွေအကြောင်းကိုသူဘာမှမသိဘူးလေ...ရိုးလည်းရိုးသားတော့ လူရွေးမှားးသွားတာဖြစ်မှာပါ..ခက်ခက်ကတော့
ယောက်ျားတွေအကြောင်းသူကောင်းကောင်းနားလည်တော့ သူ့ ဘ၀အတွက်ဘယ်ယောက်ျားကိုရွေးချယ်၇မလည်းဆိုတာ သူ နားလည်သွားလို့ ပါ...
ဆ၇ာအတ္တကျော် ၇ဲ့ စာတစ်ပုဒ်မှာဖတ်ဖူးတယ်..
ငယ်ငယ်ကရည်းစားများတယ်ဆိုတဲ့ မိန်းကလေးတွေအိမ်ထောင်ကျ၇င် ယောက်ျားကောင်းကောင်း၇တယ်ဆိုတာဖတ်ဖူးတယ်ဗျ.....အကုန်လုံးကိုတော့မဆိုလိုပါဘူးနော်....အဲဒါကြောင့်မလို့  ရည်းစားများများထားကြည့်ပါလို့ လည်းဆိုလိုတာမဟုတ်ပါဘုး...မယူခင်ယောက်ျားဆိုတာဘာလည်းဆိုတာသေချာလေ့လာပြီးမှယူတာကောင်းပါတယ်ဗျာ...ကျွန်တော့်အမြင်မှာားနေခဲ့ တယ်ဆို၇င်လည်းတောင်းပန်ပါတယ်...အဓိကကတော့မဝေလို အိမ်ထောင်ေ၇းကံဆိုးတဲ့ မြန်မာအမျိုးသမီးကောင်းလေးတွေမဖြစ်ကြစေချင်လို့ ပါ
လေးစားစွာဖြင့်
ရွှေနတ်သား
ဒီလေးရေ ဟုတ်တယ်...
သာမန်လူတွေရဲ့ ပေတံနဲ့ ပဲ ဘဝကို လိုက်တိုင်းပြီး သူတို့ မှန်တယ်လို့ပြောတာကိုပဲ လိုက်လုပ်နေရင် ကိုယ်လည်း သာမန်လူတစ်ယောက်ပဲဖြစ်သွားမှာပေါ့နော့်...
လောကမှာ ကိုယ်လိုချင်တာကို ကိုယ်ရအောင်ယူတတ်ဖို့လိုသလို ကိုယ်လုပ်တဲ့အလုပ်ကို ကိုယ်တာဝန်ယူနိုင်ဖို့လိုတာပါ...
ဒီလေးနဲ့ ကိုယ်က ရွယ်တူလောက် ဒါမှမဟုတ် ဒီလေးက ကိုယ်ထက်နည်းနည်းကြီးမယ်ထင်တယ်...
မမနတ်သမီးရေ...
မမတို့ Generation အမြင်နဲ့ ဒီဘက်ခေတ်ရဲ့ generaton အမြင်မှာတော့ ကွာမှာပေါ့နော်..
ကိုယ်ကတော့ မဝေကို သတ္တိမရှိ၊ အစွမ်းအစ မရှိတဲ့ မိန်းကလေးတစ်ယောက်လို့ပဲကြည့်လို့ရတယ်။ သူ့ဘဝက သနားစရာပဲ....
Post a Comment