
“စိတ်”...ဆိုတာ ပြောင်းလဲတတ်တယ် တဲ့...
မတည်မြဲဘူး..အမြဲတန်းပြောင်းလဲနေတဲ့အရာတဲ့..။
တချို့လူတွေ ဟာ ..ကိုယ်ဖြစ်ချင်တဲ့ အရာကို မဖြစ် ဖြစ်အောင် လုပ်မယ်
ဆိုတဲ့ စိတ်နဲ့ လုပ်တတ်ကြတယ်..(ဖြစ်အောင်အထိလဲစိတ်မပြောင်းတတ်ကြဘူး) ။
တချို့လူတွေကတော့ ရည်မှန်းထားတာကတစ်မျိုး...
လက်တွေ့ရည်မှန်းတာနဲ့ မကိုက်လာတဲ့အခါ ဖြစ်ပေါ်လာတဲ့
အခြေအနေပေါ်မူတည်ပြီး မူလရည်မှန်းချက် မူလစိတ်ကနေ
အခြေအနေကို လိုက်ပြီးတော့ ပြောင်းသွားတတ်ကြတယ်..။
(လက်ရှိအခြေအနေရဲ့ ဦးဆောင်ရာနောက်ကို စိတ်ဓာတ်တွေ ယိုင်ပါသွားတတ်တယ်) ..
ဥပမာ။ ။ ဆယ်တန်းအောင်ရင် တက္ကသိုလ်တက်မယ်ဆိုတဲ့
လူငယ်လေးတစ်ယောက်ဟာ..မထင်မှတ်ပဲ စာမေးပွဲ ကျသွားတဲ့အခါ..ပါတ်ဝန်ကျင်ရဲ့ရိုက်ခတ်မှုနဲ့နောက်ဆုံးတော့ ဆယ်တန်းဖြေဖို့..
ထပ်မကြိုးစားတော့ပဲ..ရရာအလုပ်ဖြစ်တဲ့ ..ဝပ်လျှော့တစ်ခုမှာ ဝင်လုပ်ခဲ့တယ်..။
တချို့လူတွေ ကျပြန်တော့ လက်ရှိအခြေအနေကို ဆန့်ကျင်ပြီး မတူညီတဲ့
စိတ်တွေ ထားတတ်ကြတယ်..။
(လက်ရှိအခြေအနေရဲ့ လွှမ်းမိုးမှု ဒါဏ်ကို တုန့်ပြန်တွန်းလှန်ပြီး
ဆန့်ကျင်ဘက် စိတ်တွေနဲ့ နေထိုင်လုပ်ကိုင်တတ်ကြတယ်.)..။
ဥပမာ။ ။ ရေခဲချောင်းသည် သားက ဆရာဝန်မဖြစ်နိုင်ပါဘူးဆိုတဲ့..အထင်သေးစကားကို ဆန့်ကျင်ပြီး ကြိုးစားလို့ ဆရာဝန်ဖြစ်လာတဲ့..
ဆရာဝန်တယောက်ကိုလဲ တွေ့ခဲ့ဖူးတယ်..။
တကယ်တော့
ဒါတွေအားလုံးဟာ နာကျင်တဲ့ ခံစားချက်တွေကို ဆန့်ကျင်ပြီး ဖြစ်ပေါ်လာတဲ့
“စိတ်”ကိုအရင်းခံတဲ့ ကြိုးစားမှုကြောင့် ရလာတဲ့ ရလဒ်မဟုတ်ပါလား..။
ကျမရဲ့ “စိတ်” မှာလဲ..အဲဒီလိုစိတ်မျိုးရှိတယ်...။
အဲဒါကတော့..သူများမလုပ်ချင်တဲ့...မလုပ်နိုင်တဲ့..အရာတွေကို
ရွေးပြီးလုပ်တတ်တယ်..။သူများနဲ့ ဆန့်ကျင်ဖက်ပေါ့..။
ကျမ ငယ်ငယ်တုန်းက...
သူငယ်ချင်းတွေကပြောတယ်.“.အဲဒီ ကောင်မလေးနဲ့ မပေါင်းနဲ့” တဲ့..။
“စိတ် သိပ်မမှန်ဘူး”..တဲ့..။ကျမ အဲဒီကောင်မလေးနဲ့ သူငယ်ချင်းဖြစ်သွားတယ်..။
သူက မွေးရာပါ စိတ် သိပ်မပြည့်ဘူး..။ဒါပေမဲ့ အသိစိတ်ရှိတယ်..၊
ကျမကိုလဲ..အရမ်းခင်တယ်..။သူနဲ့ ကစားမဲ့ သူဆိုလို့..ကျမပဲရှိတာကိုး..၊
“ ငါ့မှာ သူငယ်ချင်းရှိတယ် ကစားဖော်ရှိတယ်..အပြစ်ပယ်ခံ မဟုတ်ဘူး”ဆိုတဲ့ ..
“အား” လေးကို..သူ..“ရ” သွားလို့...ကျမ ကြည်နူးမိတယ်..။မကြာပါဘူး..
သွေးကင်ဆာနဲ့ သူဆုံးသွားတယ်..။
အဲဒီလိုပဲ..ကျောင်းမှာတုန်းကပေါ့...ကျမတို့ အတန်းထဲမှာ မိန်းခလေးတွေကို
အဖက်မလုပ်တဲ့..ကောင်လေးတယောက်ရှိတယ်..။
ကျမသူငယ်ချင်း(မိန်းခလေး)တွေ ဆိုရင် သူ့ကိုအရမ်းမုန်းတာ..“ကြီးကျယ်လို့” တဲ့..။
မိန်းခလေးတွေကို ကြည့်တာက အစ..အဖက်မတန်သလိုပဲ...။
ကျမ အဲဒီကောင်လေးနဲ့ သူငယ်ချင်းဖြစ်အောင်လုပ်တယ်..။
“သူ ဘာကြောင့် အဲဒီလို ဖြစ်နေရတာလဲ” ပေါ့..။
အမှန်က ..သူငယ်ငယ်လေးကတည်းက..သူ့အမေက သူတို့မိသားစုကို
ပြစ်ပြီး နောက်အိမ်ထောင် ပြုသွားတယ်..။သူ့စိတ်က မိန်းမတွေကိုမုန်းနေတယ်..။
ကျောင်းရောက်တော့လည်း မိန်းခလေးသူငယ်ချင်း ထားချင်ပေမယ့် ...
သူက “စ” ပြီးမိတ်ဖွဲ့လို့.. အဲဒီမိန်းခလေးကငြင်းခဲ့ရင်..အဖက်မလုပ်ခဲ့ရင်..”
ဆိုတဲ့ စိုးရိမ်စိတ်နဲ့..(ကြို) တွေးပြီး မိန်းခလေးတွေနဲ့ ဝေးဝေးနေခဲ့တာပါတဲ့..။
နောက်တော့လည်း..ကျမတို့ (မိန်းခလေး)အဖွဲ့ နဲ့..အဲဒီကောင်လေး...
သူငယ်ချင်းတွေ ဖြစ်သွားကြတယ်..။
ကျမ ကျပြန်တော့လည်း တဦးတည်းသောသမီး ဖြစ်တာက တကြောင်း..
ကျမ အသက်(၁၃)နှစ်လောက်မှာ ဖေဖေဆုံးခဲ့တယ်..။
အစိုးရဝန်ထမ်းဖြစ်တဲ့ ဖေဖေ ဆုံးပြီးနောက်..ဝန်ထမ်းအိမ်ရာကို ပြန်အပ်ပြီး..
ဘာစီးပွားရေးမှ မလုပ်တတ်တဲ့ မေမေနဲ့..ကျမဟာ..အားငယ်စိတ်တွေနဲ့အတူ
ဆွေမျိုးတွေနဲ့ တအိမ်ထဲမှာအတူနေရင်း အိမ်အလုပ် မှန်သမျှကို..လုပ်ခဲ့ကြရတယ်..။
ကျောင်းချိန်မှ အပ အချိန်တိုင်းလိုလိုမှာ ကျမအတွက် အလုပ်တစ်ခုခုက
ု အမြဲ ရှိနေတတ်တယ်..။ ဒီလိုနဲ့ပဲ ကျမရဲ့စာကျက်ချိန်ဟာ လူခြေတိတ်တဲ့
“ည” အချိန်ဖြစ်လာခဲ့တယ်..။ “မီတာခအကုန်အကျ များတယ်”..။
ဆိုတဲ့ ပြစ်တင်စကားကြောင့် အရွယ်မတူညီတဲ့ ဖုယောင်းတိုင်
အတိုအထွာလေးတွေဟာ ကျမရဲ့ စာကျက်ဖော်ဖြစ်လာခဲ့တယ်..။
အဲဒီလို ကျပြန်တော့လည်း “မီးရေး ထင်းရေးစိတ်မချရဘူး” တဲ့...လေ..။
အဲဒီအချိန်က “စ” ပြီး ကျမရဲ့ စိတ်တွေဟာ အားငယ်လာတယ်..။
“အပြင်က ပြဿနာ အိမ်ကိုသယ် မလာနဲ့”...“ကိုယ့်ပြဿနာ ကိုယ် အပြင်မှာရှင်း”..“
အိမ်ကို သူငယ်ချင်းတွေ ခေါ်မလာနဲ့”...ဆိုတဲ့ တားမြစ်ချက်တွေကြားမှာ..
ကျမနေခဲ့ရတယ်..။ကိုယ်မှန်ပေမဲ့ လည်း ပြန်ပြောပိုင်ခွင့်မရှိခဲ့ဘူး..။
အဲဒီလို အားငယ်..သိမ်ငယ်...ကြောက်ရွံ့စိတ်တွေနဲ့ ဆန့်ကျင်တဲ့ ဒေါသနဲ့
ရန်လိုမှု အသွင် အပြင်တွေကို...ကျမရဲ့ မျက်နှာပေါ်မှာ တွေ့ရတတ်တာ
ကျမကိုယ် ကျမ သတိထားမိလာတယ်..။အိမ်မှာ ခံရသမျှ ကျောင်းမှာ “ဗေထိ”
ဆိုရင် ကျမပဲ..။သူများမလုပ်နိုင်တာတွေ ကျမ “ရ” အောင် လုပ်တယ်..။
တဖြည်းဖြည်းနဲ့..သူငယ်ချင်းတွေကြားမှာ..ကျမ လူစွမ်းကောင်းဖြစ်လာခဲ့တယ်..။
ကျမအသက်(၂၀) မှာ Malaysia နိုင်ငံ မှာ အလုပ်လုပ်နေပြီ..
၊အသက်(၂၂)နှစ်မှာ ကိုယ်ပိုင်လုပ်ငန်း “စ” လုပ်တယ်..၊ရှုံးတာရှိသလို
မြတ်တာလဲ ရှိခဲ့တယ်..၊ဘဝမှာ သင်္ခန်းစာတွေ အများကြီးရခဲ့တယ်..။
အဲဒီလိုနဲ့ ကျမဘဝ အခက်အခဲတွေကြားထဲမှာ..တဖြည်းဖြည်းချင်း
ရင့်ကျက်တည်ငြိမ်လာခဲ့တယ်..၊သိမ်ငယ်မှု....အနှိမ်ခံမှုတွေ..ရဲ့
ဆန့်ကျင်ဘက် ဖြစ်တဲ့ ယုံကြည်မှု..ရဲရင့်မှု...ဆိုတဲ့..စိတ်တွေ
ကျမရင်မှာပြည့်နှက်လာခဲ့တယ်..။
အခုဆိုရင်..တည်ငြိမ်ရင့်ကျက်တဲ့
မိန်းမတစ်ယောက်..(ကျမ) ဖြစ်လာရပြီ..
ဘဝရဲ့ အနိမ့် အမြင့် ဆိုတာ ..
ဘယ်တော့မှ တသတ်မှတ်ထဲ မရှိဘူး...
အမြဲတန်းပြောင်းလဲနေတယ်...
“စိတ်” ဆိုတာလဲ..ဒီလိုပဲ.....
သူငယ်ချင်းတို့လည်း အားငယ်သိမ်ငယ်သော “စိတ်” မှ ရဲရင့်ယုံကြည်မှု
ရှိသော “စိတ်” ဘက်သို့ပြောင်းလဲနိုင်ပြီး ...........အင်အားပြည့်ဝတဲ့...“စိတ်” သစ်များနဲ့ အတူ..
လောကရဲ့ ဒါဏ်ကို...ရဲရဲဝံ့ဝံ့ ရင်ဆိုင် အောင်မြင်နိုင်ကြပါစေ.....................။
9 comments:
မြေနိမ့်ရာ..လှံစိုက်ချင်ကြတာ
လူ့သဘာဝပါပဲ။
ဒါကိုအားငယ်စိတ်ပျက်မနေပဲ..ထိုးဖောက်နိုင်ရင်
ရလဒ်ကောင်းတွေရလာမှာမလွဲပါပဲ။
အတွေ့အကြုံလေးတွေကို..သုတသင်ခန်းစာအဖြစ်
မှတ်သားသွားပါတယ်။..မနမ်းရေ..
ခင်မင်စွာဖြင့်
ခိုင်နုငယ်
အနိမ့်အမြင့်တွေကြား .....
ဖြတ်သန်းကျင်လည်ရတဲ့ လူသားတွေမှာ
အတိတ် အနာဂတ် ပစ္စုပ္ပန်တွေက
ရိုးမြေကျလိုပဲ ...
ဘ၀ကိုက အခါခါပြန်လှန်တွေးတောနေအောင်
အသိစိတ် ဗီဇလေးကို မွေးပေးခဲ့တာ ..
ရံဖန်ရံခါ တစ်ဖက်စွန်းအတွေးတွေနဲ့ ...
အခွင့်အခါနဲ့ အားအင်ဆိုတာ
ဘ၀ကို နေမြဲသတိနဲ့ ထားရှိ
ဖြစ်တည်နေတဲ့ လက္ခဏာကို ပြန်ဆန်းစစ်ဖို့တိုက်တွန်း
တထိတ်ထိတ်နဲ့ ဖြတ်ကျော်ရတဲ့ရိုးမှာ
အား နဲ့ အင်
အင်နဲ့အား .... တစ်ချက်တစ်ချက် ပြုတ်ပြုတ်ကျတတ်တဲ့အခါ
ထပ်မွေးလာမဲ့ အားအင်တစ်ခုကို စိတ်ထဲ ကျစ်လစ်အောင်ဆုပ်ထား ..
ဘ၀က ရိုးရိုးကုတ်ကုတ်လေးနဲ့ ဖြစ်တည်မှာ မလွဲမသွေ .....။
idulize(အရုပ်ကလေး)
ဘဝရဲ့ အနိမ့်အမြင့်တွေကို ကိုယ်တိုင်ဖြတ်ကျော်လာခဲ့တော့ အဖိုးတန် သင်ခန်းစာတွေ ရတာပေါ့။
ကိုယ့်လမ်းကိုယ်ဖောက်ဖို့ ကိုယ့်အားကိုယ်ဆောက်တည် ရမှာပါပဲ။
ကောင်းလိုက်တာ
ဘ၀မှာကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်နိုင်တဲ့ ဘ၀လောက်ဂုဏ်ယူစရာကောင်းတာ ဘာရှိဦးမှာလဲ
အထူးသဖြင့် မိန်းခလေးဆိုပြီး မှီခိုအားနွဲ့စိတ်မမွေးဘဲ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ဘ၀ကို တည့်မတ်စွာလျှောက်လှမ်းနိုင်တာ သိပ်ကို အတုယူစရာကောင်းပါတယ်..
မိန်းခလေးတိုင်း ဒီလိုစိတ်ဓာတ်မျိုးထားသင့်ပါတယ်..
Bravo နတ်သမီးရေ..
ဆက်လက်ချီတက်နိုင်ပါစေ..
ထပ်ဖတ်စ်.............သွားစ်....ဒယ်စ်
အံ့မခန်းမိန်းမသားပါပဲ နတ်သမီးရယ်...။ ဘ၀ရဲ့မုန်တိုင်းဒဏ်တွေက သံမဏိနတ်သမီးတစ်ပါးကို ဖန်ဆင်းပေးလိုက်တယ်....
ခင်မင်စွာဖြင့်
မိုးငွေ့
ဒီပို့စ်လေးကတော့ စိတ်သိပ်မမှန်ဘူးလို့ အပြောခံရတဲ့ နှိုင်းအတွက်တော့ `အား´..တစ်ခုပေါ့..ကောင်းတယ်။
နတ်သာမီးရေ့......
ဟုတ်မယ်....။
လူတိုင်းမှာ ပြောပြလို့ရနိုင်တဲ့၊ မရနိုင်တဲ့ နောက်ခံသမိုင်းကြောင်းတွေရှိနေမှာအသေအချာပဲလေ....။
အဲ့ဒီတော့ အပေါ်ယံရှပ်ကြည့်ပြီးမဆုံးဖြတ်သင့်ဘူးထင်ပါရဲ့နော့်ဗျ......။
လက်ခုပ်တီးသွားပါတယ်ဗျာ.....။
ရှေ့ဆက်အေင်မြင်ပါစေလို့.......။
ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို
အဓိကကျတဲ့စိတ်ကိုနိုင်အောင်ထိန်းနိုင်ရင်ဘ၀မှာ
ကောင်းကျိုးနဲ့တွေ့မှာပါ..။မိမိရဲ့စိတ်ကိုမိမိယုံကြည်ပြီး
အားအင်အပြည့်နဲ့ချီတက်နိုင်ခဲ့တဲ့မနမ်းကိုလေးစားချီးကျူး
မိပါတယ်.။ဆက်ပြီးကြိုးစားကြတာပေါ့နော်..။
ခင်တဲ့
သဒ္ဓါ
Post a Comment