“သူငယ်ချင်း..မင်း အားတဲ့နေ့ တို့တွေ ကော်ဖီဆိုင်မှာတွေ့ကြရအောင် ၊ မင်းပြောမယ့် မြန်မာပြည်က အကြောင်းတွေကို ငါ တဝကြီးနားထောင်ချင်လို့ပါ”...
ဆိုက်ပရပ်စ်နိုင်ငံမှာ နေတာကြာပြီဖြစ်တဲ့ သူငယ်ချင်းရွှေစင်ရဲ့ ဖုန်းထဲက ပြောသွားတဲ့စကားလေးပါ..။
တနိုင်ငံထဲမှာ အတူရှိနေပြီး အလုပ်ကိုယ်စီနဲ့မို့ တယောက်နဲ့တယောက် အလာပ သလာပ ပြောဖို့ အချိန်ဆိုတာ ကျမတို့မှာ တကယ်မရှိခဲ့တာပါ။ကျမရဲ့သူငယ်ချင်းရွှေစင်က ဆံပင်ညှပ်ဆိုင်မှာတနေကုန် အလုပ်လုပ်ရသူ။ ကျမက နေ့လည်မှာ အင်္ကျီဒီဇိုင်းတွေကို ပုံဖော်ချုပ်လုပ်ပြီး ညဘက်မှာ စားသောက်ဆိုင်မှာ ဧည့်ကြိုလုပ်ရသူများမို့ စိတ်သာရှိပြီး လူချင်းမတွေ့ဖြစ်ကြ။
အဲဒီအတွက် ဒီpost လေးကို သူငယ်ချင်းရွှေစင်အတွက်ရော...ဘလော့ဂ်က သူငယ်ချင်းတွေအတွက်ပါ ရည်ရွယ်ပြီး ရေးလိုက်ရခြင်းဖြစ်ပါသည်။
သို့/.....
သူငယ်ချင်းရွှေစင်ရေ...
မင်းနဲ့ငါနဲ့ကလည်း တွေ့မယ် တွေ့မယ်နဲ့ တလသာကျော်သွားပြီ.. အခုထိကို မတွေ့ဖြစ်ခဲ့ကြဘူးနော်..
ငါ့ရင်ထဲမှာ မြန်မာပြည်နဲ့ပတ်သက်လို့ ပြောချင်တဲ့စကားတွေအများကြီးပဲ..၊ ကိုယ့်ပြည်၊ကိုယ့်မြေကို အလည်ပြန်ရလို့ ငါ သိပ်ပျော်ခဲ့ပါတယ်..၊ စားချင်တာတွေလည်း ငါ အကုန်စားခဲ့တယ်..၊မင်းသွားရည်ကျအောင် ငါ့ဝါသနာအတိုင်း ဓာတ်ပုံလေးတွေ ရိုက်ယူလာခဲ့တယ်..ဓာတ်ပုံနဲ့ နှိပ်စက်တယ်လို့တော့ မထင်နဲ့ပေါ့....း)..။ကြက်မောက်သီးဆိုတာ နိုင်ငံခြားမှာရှိပေမယ့် ငါတို့တိုင်းပြည်မှာလို လတ်လတ်ဆတ်ဆတ်တော့ မရနိုင်ဘူးပေါ့..ကြည့်ပါအုံး...အပြင်ပမ်းမှာလည်းလှ အထဲက အသားတွေကလည်း ဖြူဖွေးပြီး ချိုရဲနေတာပဲ..။
သရက်သီးအမျိုးမျိုးရှိပေမယ့် ငါကတော့ ရင်ကွဲသီးပဲကြိုက်တယ်..။သူ့အချိုက လေးတယ်..သူ့အနံ့ကမွှေးတယ်..အပြင်ပမ်းကတော့ စိန်တလုံးလောက်မလှဘူး...။
ဒူးရင်းသီးကတော့ ငါ့အကြိုက်ပေါ့...တလအတွင်းမှာ ၇လုံးလောက်စားခဲ့လိုက်တာ..၊ အဲဒီတန်ခိုးတွေက အခု ဆိုက်ပရပ်စ်ရောက်မှပြတော့တာပဲ..း(
ဗိုလ်တထောင်ဘုရားက အမတော်မြနန်းနွယ်နန်းမှာ ကပ်လှူပူဇော်ထားတဲ့ အုန်းပွဲ ငှက်ပျောပွဲတွေကိုကြည့်ယုံနဲ့ ငါတို့ မြန်မာလူမျိုးတွေရဲ့ ဘာသာတရားကိုင်းရှိုင်းကြပုံကို မင်းသိလောက်ပါတယ်။
မြန်မာပြည်က Taxi တွေ အားလုံးလိုလိုဟာ ဓာတ်ပုံထဲမှာ မြင်ရတဲ့အတိုင်းပဲ..၊ ငါပြန်သွားတဲ့အချိန်က မိုးရာသီဖြစ်နေတော့ မိုးရွာရင် ကားမှန်ပိတ်ဖို့ လက်ကိုင်မရှိဘူး..။
မိုးရေတွေနဲ့မို့ ထိုင်လိုက်တာနဲ့...ရွှဲကုန်တော့တာပဲ..။ ကားထဲမှာ ရေစိုထားတဲ့ ဖင်ထိုင်ခုံက ဆိုဖာတွေရဲ့အနံ့နဲ့ ပူအိုက်လို့ ထွက်လာတဲ့ လူတွေရဲ့ချွေးနံ့ဟာ ငါတို့ရဲ့ ကိုယ်မှာစွဲကိုကျန်ခဲ့တာဆိုတော့ ကားမှန်ကလည်း အမြဲပိတ်ထားလို့မဖြစ်ဘူးလေ..။အဲဒါ ကားတိုင်းလိုလိုနော်..။ ဒီဓာတ်ပုံက ငါ မနေနိုင်လွန်းလို့ ဓာတ်ပုံရိုက်လိုက်တဲ့ ကားပေါ့။ သူ့အရင် ၅/၆ စီးလောက် ဟာ ဒါ့ထက်ကို ဆိုးသေးတယ်။ အပြင်ကနေ ကားထဲကို ဝင်ဖို့ တံခါးလက်ကိုင်မရှိဘူး၊ တချို့က ကားထဲကနေ အပြင်ကို ထွက်ဖို့ ဖွင့်တဲ့ခလုပ်မရှိဘူး၊ တရက်ကဆို...ကားထဲကနေထွက်ဖို့ ငါ့အဒေါ်ဆွဲဖွင့်လိုက်တဲ့ ကားလက်ကိုင်ဟာ သူ့လက်ထဲမှာ ပါလာလို့ ဟိုကြည့်ဒီကြည့်နဲ့ အဲဒီနားမှာ ပြန်တင်ပေးခဲ့ရတယ်(ကားဆရာက မြင်ပေမယ့် ဘာမှမပြောဘူး၊ )။လူတိုင်းက စီးပွားရေးအဆင်မပြေတော့ ကားကို ခိုင်းစားပြီး ပြုပြင်ဖို့ကျတော့ ဝန်လေးနေတာလား၊ ငွေအလျှင်မမှီတာလားပဲ။ မြန်မာပြည်က ရှိရှိသမျှ Taxi ကားတွေအားလုံးဟာကျန်းမာရေး တော်တော်ချို့တဲ့နေကြတယ်။ ငါတို့လို မြန်မာပြည်သားတွေအတွက် နားလည်ပေးလို့ရပေမယ့် ငါတို့နီုင်ငံကို လာလည်နေတဲ့ နိုင်ငံခြားသားတွေများ မြင်သွားရင်(မြင်လည်း မြင်ပြီးလောက်ပါပြီ) ငါတို့နိုင်ငံ သိက္ခာကျမယ်၊ နိုင်ငံခြားမှာ ရှိနေတဲ့ မြန်မာတွေ ပိုပြီးအနှိုမ်ခံရမယ်..၊ ကိုယ့်နိုင်ငံကောင်းကြောင်းတွေကို အလုပ်ထဲမှာ အမြဲပြောနေတဲ့ ငါ့လိုလူတွေကို နိုင်ငံခြားသားတွေက “ဟား”တော့မှာပေါ့..။
ငါ အခုရောက်နေတဲ့ ဆိုက်ပရပ်စ်နိုင်ငံက အစိုးရဆိုရင် အဲဒီလို ဘုန်းဘုန်းကျနေတဲ့ ကားတွေကို သိမ်းပြီး ကားအသစ်နဲ့(သို့) သုံးစွဲပြီးသား ခတ်လတ်လတ်ကားတွေနဲ့ အလဲအထပ်ပြန်လုပ်ပေးတယ်။ “ကား”တစီးရဲ့စံချိန်မှီတဲ့ကားပဲ သူတို့က အသုံးပြုခွင့်ပေးတယ်။ ကားခြင်းတိုက်မိလို့ကတော့ ရဲကိုဖုန်းဆက်ပြီး တိုက်တဲ့နေရာမှာသာ ထားခဲ့ပြီး ကိုယ့်ရဲ့လိပ်စာသာပေးထားခဲ့လိုက်၊ နောက်တပတ်နေရင် ကားကို ပြင်ဆင်ပြီး ကိုယ့်အိမ်ရှေ့ကို အရောက်ပို့ပေးတဲ့ ကားရှိသူတိုင်း မလုပ်မနေရ ဆိုတဲ့“ကား အာမခံ”အဖွဲ့အစည်းက ရှိနေတော့ ပြည်သူတွေအတွက် အရမ်းကိုအဆင်ပြေတာ မင်းလည်းသိပြီးသားပဲလေ။ မြို့နယ်တွေကို အုပ်စု(၄)စုခွဲပြီးမီးပေးပါတယ်။ သတ်မှတ်ထားတာထက်ကို မီးပိုလာပေးပါတယ်..။မီးလာတော့လည်း TV ကြည့်ရတာပေါ့..အပေါ်ကဓာတ်ပုံထဲက လူတွေက အိမ်မှာမီးမလာလို့ ကရဝိတ်ထဲက ပိတ်ကားကြီးနဲ့ပြနေတဲ့ နိုင်ငံခြားဘော်လုံးပွဲကို ဝင်ကြေးပေးပြီး လာကြည့်ကြတဲ့သူတွေပါ..
နောက်တခုကတော့ ကိုရီးယား ဇာတ်ကားတွေဟာ မြန်မာပြည်မှာ အရမ်းကို ခေတ်စားနေတော့တာပါပဲ..။ ဘယ်လောက်ထိ နေရာယူသလဲဆိုရင် မြန်မာလူငယ်တွေ တယောက်နဲ့တယောက် စကားပြောရင်တောင် ကိုရီးယားလိုပြောတယ်..၊ ဗိုလ်ချုပ်ဈေးမှာ ငါဈေးသွားဝယ်တုန်းကဆိုရင် ပိတ်စလေးလှလို့ကိုင်ကြည့်မိပါတယ်..“အဲဒါ ကိုရီးယားပိတ်”..တဲ့..အရောင်းစာရေးမလေးက ပြောတာ..း)..။
မုန့်ဈေးတန်းရောက်တော့လည်း ငါးပုံလုပ်ထားတဲ့ စားချင်စရာ ကွတ်ကီးမုန့်လေးတွေ့လို့ ဝယ်မယ်လုပ်တော့ “အဲဒါ ကိုရီးယား ငါးမုန့်” ..လို့ ရောင်းသူက ပြောပြပြန်တော့ ငါလေ ..ပြုံးစိစိဖြစ်သွားမိတယ်..။
ပြီးတော့ စိတ်မကောင်းဖြစ်သွားတာက လူတွေရဲ့စိတ်ကို ညှို့ယူခံထားရပါလားဆိုတာပါပဲ...။
အဆိုးဆုံးကတော့ MR TV 4 ကထုတ်လွှင့်တဲ့ မြန်မာအဆိုတော်လေးတွေရဲ့ သီချင်းတွေကို သူတို့ရဲ့ အဲဒီသီချင်းကို ဆိုစဉ်က ခံစားချက်လေးတွေကို ပြောပြတဲ့ အစီအစဉ်အပြီးမှာ မြန်မာလူမျိုးစစ်စစ်ဖြစ်တဲ့ အဆိုတော်ကောင်မလေး(၂)ယောက်ဟာ “ရွှင်လန်းချမ်းမြေ့ပါစေရှင်” ဆိုတဲ့အဓိပ္ပါယ်ကို ကိုရီးယားဘာသာစကားနဲ့ ပြောသွားလေရဲ့..း(
တော်တော်လေးတော့ရီစရာကောင်းနေသလိုပဲ...ပြည်ပက မြန်မာတွေ ကိုယ့်အမိမြေကို တန်ဖိုးထား လွမ်းဆွတ်နေတဲ့အချိန်မှာ ပြည်တွင်းက လူတွေ (မျိုးဆက်သစ်တွေ)က နိုင်ငံခြားဘာသာစကားကို သုံးနှုံးပြောဆိုနေကြလေတော့...ဟင်း..ဟင်း...ငါ ပြုံးမိပါတယ်.။မိုးတွေရွာတော့ ကားလမ်းတွေရေလွှမ်းတယ်..၊ အဲဒီအတွက် ရေကျလွယ်အောင် မြောင်းတွေဖော်တယ်..။
ဓာတ်ပုံထဲမှာ တွေ့ရတဲ့အတိုင်းပါပဲ...အောက်ရှင်းတော့ အပေါ်ပိတ်တယ်..မနက် ၉နာရီ၊၁၀နာရီအချိန်မို့ ဝန်ထမ်းတွေ၊ ကျောင်းသမားတွေ၊ အတွက် ပလက်ဖောင်းပေါ်မှာပိတ်ဆို့နေတဲ့ညစ်ညမ်းအမှိုက်တွေကြောင့် သွားရတာ အဆင်မပြေလှပါဘူး။။မလုပ်မဖြစ်လို့ လုပ်ရတယ်ဆိုတာလည်း နားလည်ပါတယ်..။အဲဒီလိုလုပ်ပြီး အဲဒီအမှိုက်တွေကို တရက်ထဲနဲ့ ရှင်းမသွားပေးတာတော့ စိတ်ညစ်စရာပေါ့ရှင်။
နောက်တခုရှိသေးတယ် သူငယ်ချင်းရေ...
တနေ့..ငါ ဗိုလ်ချုပ်ဈေးက အပြန်၊ ငါက ဗိုလ်ချုပ်လမ်းကနေ ရေကျော်ဘက်ကို သွားတဲ့ Taxi ကားပေါ်မှာပေါ့။
၃၆လမ်း(ထက်) ထိပ်နဲ့ မျက်နှာချင်းဆိုင် မီးရထားဘူတာဝင်းဘေးက လမ်းပေါ်မှာ မီးသတ်ပိုက်ကရေတွေ ထွက်ကျနေလိုက်တာများ နှမျောစရာပါပဲ..။ အဲဒီရေပိုက်ဘေးမှာ ဓာတ်ဆီရောင်းတဲ့ လူတွေထိုင်နေကြတယ်။ ပိတ်ဖို့နေနေသာသာ နေသားကျနေတဲ့ပုံပဲ။ လှည့်တောင်မကြည့်ဘူး။ ငါကလည်း ကားပေါ်မှာလေ။
ဓာတ်ပုံရိုက်ဖို့ကလည်း မမှီတော့ဘူး။ အလဟတ်သတ်ဖြစ်နေတဲ့ ရေကောင်းရေသန့်တွေကို ကြည့်ပြီး နှမျောလိုက်တာ အရမ်းပဲ။ ဟိုတလောတုန်းက ခေတ်ထလိုက်သေးတယ်...မြန်မာပြည်မှာ (ရွာတွေမှာ) ရေမရှိလို့တဲ့၊ ရေအလှူခံဌာနတွေဖွင့်ပြီး ရေတွေဝေငှနေတယ်ဆိုတဲ့သတင်း မင်းလည်းကြားမှာပေါ့။
ရေမရှိလို့ ဒုက္ခရောက်သူတွေရောက်နေတဲ့ကြားက တာဝန်မသိတဲ့သူတွေကလည်း ရှိနေသေးတော့ ရင်လေးမိတာပါပဲ။ ငါ့စကား နည်းနည်းများ ကြီးကျယ်သွားသလားပဲ...လောကမှာ “မရှိတာထက် မသိတာက ပိုဆိုးတယ်”သူငယ်ချင်းရဲ့။ တချို့က အသိရှိတယ်..မရှိကြလို့ ဘာမှဖြစ်မလာသေးတာ ၊ သူတို့မှာ ဖြစ်လာဖို့
အခွင့်ရေးတွေ အများကြီးပဲ၊မျှော်လင့်ချက်ရှိတယ်၊ အနာဂတ်ရှိတယ်၊ ။တချို့ကတော့ ရှိလျှက်နဲ့ အသိတရားမရှိလို့(သို့)မရှိရတဲ့အထဲ အသိတရားပါမဲ့နေတော့ ဘယ်မှာလာပြီး တိုးတက်နိုင်မှာလဲ..။ ဒီဘဝထဲမှာပဲ (ရရစားစားနဲ့)ဲ ပြီးဆုံးသွားကြရမှာလေ။ အဲလိုလူမျိုးကို အနာဂတ်မရှိတဲ့သူလို့ ခေါ်တယ်။
ငါလည်း အရမ်းကို တတ်သိနားလည်နေတဲ့ သူကြီးမဟုတ်ပါဘူး...ဒါပေမယ့် မျက်စိရှေ့မှာ ကြည့်ရတာ အဆင်မပြေလွန်းလို့ မင်းကိုရင်ဖွင့်မိတာပါ..။ လူတိုင်းမှာ အသိတရားလေးသာရှိမယ်ဆိုရင် ငါတို့နိုင်ငံကြီး ပိုပြီးမတိုးတက်နိုင်ဘူးလား သူငယ်ချင်းရယ်။ (ဆက်ပြောရင် ခေါင်းပေါက်ကိန်းမြင်တယ်..ဒီအကြောင်း ဒီမှာရပ်မယ်)။
သူငယ်ချင်းရေ...
အများဆုံး ငါသွားဖြစ်တဲ့ နေရာတွေကတော့ Shopping Center တွေနဲ့ Super Marketတွေပဲပေါ့..။
အဲဒီဆိုင်အားလုံးလိုလိုဟာ ငွေရှင်းတဲ့အချိန်မှာ ၅၀ကျပ်တန်၊၁၀၀ကျပ်တန်၊၂၀၀ကျပ်တန်တွေ ပြန်အမ်းဖို့ အခက်အခဲများစွာကိုရင်ဆိုင်နေကြရတယ်..။
၁၅၀ ပြန်အမ်းစရာငွေစက္ကူမရှိတဲ့အတွက် စနိုးတာဝါ(သို့) ပီကေ(သို့မဟုတ်)ကော်ဖီမစ်..တထုပ်ကို ပေးလေ့ရှိပါတယ်..။အဲဒီမှာ ငါတခုစဉ်းစားမိတာက (၁) ဆူပါမတ်ကက်ပိုင်ရှင် စီးပွားရေးသမားတွေက ငွေစက္ကူအခက်အခဲကိုအကြောင်းပြပြီး သူ့ကုန်ပစ္စည်း (အသေးအမွှားလေးတွေကို) အရောင်းထွက်အောင် လုပ်တာလား..။
မင်းစဉ်းစားကြည့်လေ...ဈေးဝယ်သူတယောက်ကို ကော်ဖီမစ်(၁ခွက်စာ)တထုပ် မဝယ်မနေရ စနစ်နဲ့ တရက်ကို ဈေးဝယ်သူ ဘယ်နှစ်ယောက်နှုန်းရှိနိုင်မလဲ..း)။။
(၂) ငွေစက္ကူတွေ ဒီလောက်ဟောင်းနွမ်းနေတာ နိုင်ငံတော်က အသစ်ထုပ်မပေးတာလား.။မြန်မာငွေစက္ကူတွေဟာ (ငါသိရသလောက်တော့) မြန်မာပြည်က ဝါဇီစက်ရုံမှာထုတ်တာပဲ မဟုတ်လား..။ဒါမှမဟုတ် ငွေစက္ကူဒီဇိုင်းသစ် ပြောင်းမှာမို့လို့ လက်ရှိငွေစက္ကူတွေ ပပျောက်သွားသည်အထိ စောင့်နေတာလားဆိုတာ..ငါစဉ်းစားမိလိုက်တာပါပဲ.။(ငါ့မှာလည်း အမြင်မတော်တာတွေ တွေ့တိုင်း ဓာတ်ပုံတွေရိုက်နေရတာ...ငါ့အဒေါ်က “တဟဲ့..ဟဲ့” နဲ့ လိုက်ပိတ်နေတော့တာပါပဲ)..။တချို့ ဓာတ်ပုံတွေကို ငါ့ကင်မရာထဲကနေ ငါမသိအောင် သူဖျက်လိုက်တာတွေရှိသေးတယ်..။“ကောင်းကောင်းမနေချင်ဘူးလား” ဆိုပြီး ဆူခံရတာလည်း ခနခနပါပဲ..။ငါကသာ ပွစိပွစိလုပ်နေတာပါ...
“မြန်မာပြည်က ပြည်သူတွေကတော့ သဘောကောင်းကြပါတယ်” ...
ဘာမှမပြောကြရှာပါဘူး..။
အပေါ်ဆုံးဓာတ်ပုံထဲက ငါကိုယ်တိုင်ရိုက်ခဲ့တဲ့ အင်းယားကန်ကြီးကိုကြည့်ပါ...
ငြိမ်သက်နေလိုက်ပုံများ ဘယ်လောက်သာယာလိုက်သလဲလို့..။
“နေတတ်ရင် ကျေနပ်စရာကြီးပါပဲ”..သူငယ်ချင်းရေ...။
ကဲ...တခြား..တခြားသော အကြောင်းကိစ္စတွေကိုတော့ မင်းနဲ့တွေ့မှပဲ ထပ်ပြောကြတာပေါ့..။
ငါလည်း အလုပ်ဆက်လုပ်လိုက်အုံးမယ်..။
မင်းအားတဲ့အချိန် ဒီစာလေးကိုဖတ်ဖြစ်အောင်ဖတ်လိုက်ပါအုံး..။
မင်းရဲ့သူငယ်ချင်း(နမ်းမဝ)
နွေဦးတော်လှန်ရေး - ၄၄
53 minutes ago
22 comments:
ညီမ ရေ
ပိုက်ဆံ အကြွေ ကိစ္စကတော့ မြန်မာပြည် မှာ အဲဒီအတိုင်း ဘဲ ဆိုင်တိုင်းစိတ်ညစ်တာဘဲ ဒါပေမဲ့ ပိုက်ဆံ အသစ်ထုတ်ရင် ၁ရာတန် ဆို အဲဒီ ငွေစက္ကူ လုပ်ဖို့ ၀ယ်တဲ့ စက္ကူတန်ဘိုး က တရာထက်များလို့ အသစ်မထုတ်တာလို့ ပြောတာဘဲ အင်း တရာတန် ၂ရာတန် အစား ၅၀၀၀ တန်ထုတ်တော့ ပိုတန်တာပေါ့လေ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
တိန်!!! နတ်သာမီး...ဘယ်တုန်းက ဒူးရင်းသီးကို ခုနှစ်လုံးတောင် စားသွားတာလဲ...အပူမကန်ဘူးလား..။
ခင်မင်စွာဖြင့်
မိုးငွေ့
မြန်မာနိုင်ငံက ငွေကြေး မာတယ်ဆိုတာကို သက်သေပြနေတာလေ အကြီးအကဲတွေက :P ဘယ်လောက်ပြဲပြဲစုတ်စုတ် တိပ်အထပ်ထပ်နဲ့ သုံးလို့ရနေသေးတာ ဒီတစ်နိုင်ငံပဲ ရှိတာလေ နတ်သမီးရဲ့ အဟီး ဂုဏ်ယူလိုက်ဦးမယ် :P
အင်း သတိလည်းထားအုန်း ... မှန်တာပြောလို့ အမှားဖြစ်နေမယ် အစ်မရေ ...
ကျွန်တော်တော့ တက္ကစီ တံခါးကို ကြည့်ပြီး ရီသွားတယ် ...
ကောင်းပါလေ့.
အပေါ်ဆုံးကပုံလေးကောအားလုံးကော ကောင်းတာပါဘဲ။
ဟင်း......ပြည်ပနေတဲ့ဗမာတွေက ကိုယ့်စာပေယဉ်ကျေးမှု ဘာသာစကားကို တတ်နိုင်သလောက် ထိမ်းသိမ်းနေချိန်ပြည်တွင်းမှာ..ကိုရီးယားလိုပြောနေကြသတဲ့...
မှားပါတယ်..ငါ့တူမရယ်..မကြာမီ မြန်ရီးယား စကားတွေ ပေါ်လာတော့မယ်ထင်ပါရဲ့....း((((
ဓါတ်ပုံထဲပါတဲ့ တစ်ရာတန်ကမှ ကောင်းသေးတယ် ....:)
ရာသီဥတုက ပူတာနဲ့ စားသွားတဲ့ ဒူးရင်းအစွမ်း ပြပြီပေါ့ ...:)
idulize(အရုပ်ကလေး)
ဟုတ်တယ်ဗျာ.. မြန်မာပြည်မှာနေရတာ သိပ်ပျော်တာပဲ... နေတတ်ရင်ပျော်တာပေါ့ဗျာ...
ခင်မင်တဲ့
နေ၀သန်
စားချင်စရာတွေ သရက်သီး၊ ဒူးရင်းသီး၊ ကြက်မောက်သီးတဲ့..... သရက်သီးမှာ ချစ်စုမကို ပိုကြိုက်တယ်သိလား.... ဆောဆောဆီးဆီး သူ့ဆီလာမတာ မွှားပီ... ဒီတခါ အသီးတွေနဲ့ နှိပ်စက်...
ပူးတေပြန်တဲ့ အချိန်တုန်းကကျတော့ ဆောင်းအကုန် နွေအကူးဆိုတော့ တက္ကစီတွေ စီးရတာ အပေါ်မှာ ခေါင်မိုးက သံပြားပဲ ရှိတော့လို့ အပေါ်ကလဲ ပူတယ်... ဘေးက ကားကြီးတွေ ဖြတ်သွားရင် ဖုန်တွေနဲ့ လေပူတွေကလဲ အလုံးအရင်းပဲ....
ပိုက်ပိုက်တွေတော့ မပြောချင်ဘူး... ကိုင်သွားတဲ့ အိတ်ကို သနားသွားတယ်.... သူ့ခမျာ နံစော် စုတ်ပြဲ ညစ်ပတ်တွေကို လက်ခံသိမ်းဆည်းပေးနေရရှာတာ....
မပြောချင်ဘူး မပြောချင်ဘူးနဲ့ များသွားပြီ.... ဒီမှာတင်ရပ်မှ ...:)
စုတ်ပြဲနေတဲ့ခြင်္သေကြီးကိုကြည့်ပြီး
စိတ်မကောင်းဘူး။
ခင်မင်စွာဖြင့်
ခိုင်နုငယ်
အမှတ်တရလေးမို့ဖတ်ရင်းပြုံးမိတယ်.
အရာအားလုံး သူ့နေရာနဲ့သူအဆင်ပြေနေတာလား...
ဒါမှမဟုတ် အဆင်ပြေအောင်ပဲနေလိုက်တော့တာလား..
ခင်တဲ့
သဒ္ဓါ
ကိုရီးယား...သြော် ..ကိုရီးယားးး..ကိုရီးယားးးး
မြန်မာလူမျိုးစစ်စစ်တွေက ရွှင်လန်းချမ်းမြေ့ပါစေရှင်
ဆိုတာကို ကိုရီးယားလို ပြောနေကြတယ်ဆိုတော့
ရင်လေးစရာ...အင်းးးး
ကိုယ့်ဘာသာစကားကိုတောင် တန်ဖိုးထားရကောင်းမှန်း
နားမလည်ကြဘူးဆိုတော့ တကယ်ကို စိတ်မကောင်းစရာပါပဲ..
ခင်တဲ့
ယွန်း
မကြီးရွှေစင်ဦးပြောပုံအရဆိုရင်...
နောင်တခေတ်မှာ ငွေစက္ကူတွေကို မသုံးတော့ပဲနဲ့
ဟိုးးး အရင်ခေတ်ကလို ကျောက်သံ ပတ္တမြား တွေနဲ့
ပစ္စည်း လဲစားသလို လုပ်ရတော့မလားပဲ..း))
...................
ကြည့်ရတာကတော့ မထူးဇာတ်ခင်းပြီး အဆင်ပြေသလို နေလိုက်ကြတယ်ထင်ပါတယ်..သဒ္ဓါရေ..။
..............................
Taxi ပုံကိုကြည့် ချို့တဲ့တာတွေတော့ ကိုယ်တွေ့ပါပဲ၊ လုံးဝစုတ်ပြတ်သပ်သော်လည်း သုံးလို့ရတဲ့ ငွေစက္ကူ အဖြစ် ကမ္ဘာပေါ်မှာထူးဆန်းစွာရှိနေတဲ့ မြန်မာ ငွေစက္ကူ အတွက်ဂုဏ်ယူလိုက်ပါ။
တော်တော်ကို တွေ့ကြုံလာတာဘဲ
တစ်လထဲနေလို့သာနော်.. ၃လ ၄လဆို ရေးလို့ကောင်း ကုန်မယ်မထင်ဘူး
တို့မြန်မာတွေ တင်းတိမ်ရောင့်ရဲတတ်တယ် သိတယ်မဟုတ်လား
ဘယ်လောက်စုတ်စုတ် ဘယ်လောက်ပျက်စီးပျက်စီး
သီးခံပြီး သုံးစွဲနေကြတယ်..
ဘာမှတော့ မပြောချင်တော့ပါဘူး..
အားလုံးကောင်းပါ၏လို့ဘဲ ပြောတော့မယ်..
အဖြစ်အပျက်တွေ ကြည့်ခွင့် ရလို့ ကျေးဇူးပါပဲ။
တိမ် ဆိုတာနဲ့ မိုးတိမ် မဟုတ်သလို . . .
တိမ်ဖြူတွေလည်း မဖြစ်နိုင်ပါဘူး။
ဒီလိုပါပဲ. . လူတွေကလည်း အမျိုးမျိုးပေါ့။
Hello! Invite to Ukraine!))
နှပ်သမီးလေးရေ.... အမခြင်လဲ လွမ်းပါတယ်....
အမခြင်လဲ မကြာခင်ပြန်ရတော့မယ်လေ....
ခံစားချက်ခြင်းထပ်တူကျတာမို့ ခုထဲက မျက်မှောင်တွေ တွန့်နေမိတာ ဖြေလို့ကိုမရနိုင်ဘူးလေ.... မေလတုန်းက ပြန်သေးတယ်လေ.... တကယ့်လောကငရဲ အပူချိန်နဲ့ တည့်တည့်တိုးတာပေါ့..... ခံစားနေရတဲ့ မိဘတွေ ကို အပြုံးမပျက်မြင်လာပြီးကတည်းက လုံးဝ ပျော်လို့ မရတော့ဘူးဟယ်....
တကစိန်တွေများ ကြည့်ကြည့်ပြီး ထိုင်ရမှာကြောက်လွန်းလို့..... တတ်နိုင်သမျှ လမ်းပဲလျှောက်ခဲ့တယ်..... ဆိုက်ကားသမားတွေကို လဲ လူရိုးရိုးတောင် အပူချိန်ကြီးထဲမှာ မနည်း သတိမပြတ်အောင်ထားပြီး လျှောက်နေရတာ... သူတို့ကို နင်းခိုင်းရအခက် မနင်းခိုင်းရအခက်နဲ့ မငှားပြန်တော့လဲ သူတို့မှာ စားအိုးတွေနဲ့....
ကုန်းတွေ တတ်ရင် အတင်းဆင်းပြီး... ပိုက်ဆံပေးလိုက်တော့တာပဲ..... ဘယ်လိုတားတားလေ..... သနားတဲ့စိတ်ကို ဘရိတ်မအုတ်နိုင်တော့ဘူးလေ...
စိတ်မကောင်းတာ ဘယ်လိုမှ မေ့မရနိုင်လောက်အောင်ပါပဲ....
အနီးကပ်ရှိနေတဲ့ သူတွေ နှလုံးသားကင်းမဲ့လိုက်ကြတာနော်....
(ဒီလိုပြောလို့ သေချင်လဲသေပစေတော့ဟာ... အမှန်တွေပဲဟာ...ေ နာ့လေ...)
ကိလဲ ရောက်နေပြီ.... သူလဲ မရီနိုင်လောက်အောင် ဖြစ်နေပြီလေ.... :(
ပြန်ရောက်လာပြီ ဆိုပါတော့
အတော်ပျော်ခဲ့ရဲ့ ထင်တယ်..
ကောင်းတာတွေကြုံခဲ့သလို ဆိုးတာတွေလဲ ကြုံခဲ့ရမှာပါဘဲ။
ငွေအကြွေကိစ္စတော့ အတော်ကိုဆိုးပါတယ်..
ကိုင်ချင်စရာတောင် မမြင်မိဘူး.. ဒီကိစ္စကို ဖြေရှင်းဖို့လဲ စိတ်ကူးမရှိကြဘူးထင်ပါတယ်.
ပိုက်ဆံလေး လာယူသွားတယ် ။ဟဟ ဒီမှာ ပြဖို့ ဘုရားဆူးမြန်မာပိုက်ဆံပါလို့...။
ဗဟုသုတဖတ်သွားပါသည်
Post a Comment