Friday, January 28, 2011

အချစ် ဘယ်က...“စ” ကော်ဖီ ဘယ်က...“စ”

ဟိုး...နှစ်ပေါင်းများစွာက အီသီယိုးပီးယားနိုင်ငံမှ ကာလ်ဒီ(Kaldi)အမည်ရှိ သိုးကျောင်းသားတယောက်သည် သိုးကျောင်းနေစဉ် အစိမ်းရင့်ရောင်အရွက်များဖြင့် ဖုံးအုပ်နေသော ချုံပုတ်အတွင်းမှ ချယ်ရီသီးနှင့် သဏ္ဍာန်တူသော အသီးငယ်များကို ၎င်း၏ သိုးများမှ ပျော်ရွှင်စွာ စားသောက်နေကြပြီး သိုးများ၏ အသွင်သဏ္ဍာန်မှာလည်း သွက်လက်မြူးကြွနေသည်ကို သတိထားမိခဲ့သည်။

သိုးများစားသောက်နေသော ချယ်ရီသီးနှင့် သဏ္ဍာန်တူသော အနီရောင်နှင့် အစိမ်းရောင်များရှိသည့် ထိုအသီးကလေးများတွင် ထူးခြားသည့် အာနိသင်တခု ရှိရမည်ဟု ကာလ်ဒီ(Kaldi) စဉ်းစားမိပြီး ထိုအသီးများကို ခူး၍ စမ်းသပ် စားကြည့်သည့်အခါ ခါးသက်သက်အရာသာနှင့်တကွ စိတ်ကိုနှိုးစွပေးသည့် (သို့) စိတ်ကိုးတက်ကြွစေသည့် ထိုအသီး၏ လျှို့ဝှက်ချက်ကို သိရှိပြီးသည့်နောက်တွင် ထိုအသီးများကို ၎င်းနေထိုင်ရာ အရပ်ဒေသရှိ ဘုရားကျောင်းများသို့ ဖြန့်ဝေခဲ့ရာ ဘုရားကျောင်းမှ ဘုန်းတော်ကြီးများသည် ထိုအသီးများ၏ အာနိသင်ကြောင့် ပုံမှန်အိပ်ချိန်ထက် လျှော့နည်းစွာအိပ်စက်နိုင်ခဲ့ကြပြီး တရား ဘာဝနာများကို ပိုမိုအားထုတ်နိုင်ခဲ့လေသည်။

အချိန်ကာလပြောင်းလည်းလာသည်နှင့်အမျှ ထိုအသီးများကို စားသုံးသော သူများလည်း တစထက် တစများပြားလာခဲ့ပြီး ကမ္ဘာတဝှမ်းသို့ ပြန့်နှံ့ကာ ကော်ဖီသီးမှ ကော်ဖီစေ့ အဖြစ်သို့၎င်း၊ ကော်ဖီစေ့မှ ကော်ဖီမှုန့်အဖြစ်သို့၎င်း ပြောင်းလည်း အသုံးပြုလာခဲ့ကြရာ ယခုခေတ်တွင် အမျိုးအစားပေါင်းများပြားလှသော ကော်ဖီမှုန့်၊ ကော်ဖီရည်များ အဖြစ်ဖြင့် သောက်သုံးသူများထံသို့ ရောက်ရှိလာခဲ့လေပြီ။

Espresso, Cappuccino, Cafe' Latte, Filter Coffee, Nescafe, Cyprus Coffee, ...အစရှိသည့် ကော်ဖီများနှင့် အရက်အနည်းငယ်နှင့် ရောယှက်သောက်သုံးရသော Irish Coffee, Calypso Coffee, Royale Coffee, Caribbean Coffee, Liqueur Coffee,... အစရှိသည့် ကော်ဖီများ ဆင့်ပွားပေါ်ပေါက်လာခဲ့လေပြီ။

“အချစ်ကို...အာဒံနဲ့ဧဝက စခဲ့ကြပြီး ကော်ဖီကိုတော့ အီသီယိုးပီးယားနိုင်ငံမှ အာရပ်လူမျိုး သိုးကျောင်းသားလေး ကာလ်ဒီ(Kaldi) မှ စခဲ့ပါကြောင်း တင်ပြရင်း များပြားလှသော ကော်ဖီများထဲမှ ကျမ အကြိုက်ဆုံး Cafe' Latte ပြုလုပ်ပုံလေးကို ဖော်ပြပေးလိုက်ပါတယ်..။


အမြှုပ်ထအောင် ပြုလုပ်ထားသော နွားနို့ခွက်ထဲသို့ Espresso Coffee(သို့) Filter Coffee ရည်များကို ဇွန်းတချောင်းအား မှောက်ခုံအနေအထားပေါ်မှ ဖြည်းညှင်းစွာလောင်းထည့်ပေးပါ။




ပုံတွင်မြင်ရသည့်အတိုင်း ကော်ဖီရည်များသည် နွားနို့အမြှုတ်များ၏ အောက်သို့ တဖြည်းဖြည်းချင်းနေရာယူလာသည်ကို တွေ့၇ပါလိမ့်မည်။




ဖန်ခွက်ပြည့်သည်အထိ ကော်ဖီရည်များကို ထည့်ပြီးသည့်အခါ နွားနို့တရစ် ကော်ဖီတရစ်ဖြစ်နေသော Cafe' Latte ကို တွေ့ရပါလိမ့်မည်။




ထို့နောက် မိမိအလိုရှိရာ သကြားပမာဏကို ထည့်ပြီး သောက်သုံးနိုင်ပါတယ်။




သကြားနှင့် ရောမွှေအပြီးတွင် တွေ့မြင်ရသော Cafe' Latte တခွက်အဖြစ် တင်ပြရင်း....
ကော်ဖီချစ်သူများ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်...။

Sunday, January 23, 2011

ဆိုက်ပရပ်စ် Visa နောက်ဆက်တွဲ သတင်း




သူငယ်ချင်းတို့အားလုံးကို ပြောဖို့တခုကျန်ခဲ့လို့...
ပထမ ကျမရေးခဲ့တဲ့ ဆိုက်ပရပ်စ်နိုင်ငံရဲ့ ဗီဇာအကြောင်းက အကြမ်းဖျင်းပါ။ လိုအပ်မယ်ထင်လို့ ထပ်ပြီး ဖြည့်စွက်ဖော်ပြပေးလိုက်ပါတယ်။သူငယ်ချင်း
တို့အတွက် ဗဟုသုတအနေနဲ့ လေ့လာသုံးသပ်လို့ရအောင်လို့ပါ။

ဆိုက်ပရပ်စ်နိုင်ငံသို့ အိမ်ဗီဇာ (House Made ) နှင့် လာသောနိုင်ငံများမှာ မြန်မာ၊ ဆူလန်ကာ၊ဖိလစ်ပိုင်၊ တရုတ်နှင့် ဗီယက်နမ် နိုင်ငံများမှဖြစ်ပါတယ်။
ဆိုက်ပရပ်စ်ရဲ့ လက်ရှိအခြေအနေအရ ဆိုက်ပရပ်စ်အစိုးရဟာ မြန်မာအစိုးရကို ဆန္ဒပြတဲ့အနေနဲ့ မြန်မာလူမျိုးများ ဆိုက်ပရပ်စ်နိုင်ငံတွင် အလုပ်လုပ်ပိုင်ခွင့်ကို လွန်ခဲ့တဲ့ (၃)နှစ်ကတည်းက ယာယီပိတ်ထားပါတယ်။ ကျောင်းဗီဇာမှ လွဲ၍ ဆိုက်ပရပ်စ်မှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားများကိုလည်း စာချုပ်သက်တန်းအရ (၄)နှစ်ပြည့်သည့်အခါ ဆက်လက် သက်တန်းတိုးခွင့်မပေးတော့ပဲ ဆိုက်ပရပ်စ်နိုင်ငံမှ နှင်လျှက်ရှိပါတယ်။

မြန်မာလူမျိုးများအတွက် ကျောင်းဗီဇာနှင့် လာသောသူများမှလွဲ၍ အိမ်ဗီဇာနှင့် စားသောက်ဆိုင်ဗီဇာများကို ပိတ်ထားသော်လည်း အိမ်ဗီဇာနှင့် လာလိုသော မြန်မာများအတွက် မိမိကို ခေါ်မည့် အိမ်ရှင်ကိုယ်တိုင်က Immigration ရုံးမှာ သွားရောက်ပြီး “ကျွန်တော် မြန်မာလူမျိုးကိုပဲ လိုချင်ပါတယ် ခွင့်ပြုပေးပါ” လို့ request လုပ်ရင် ရပါတယ်။ အခုလောလောဆယ် အဲဒီနည်းနဲ့ ဆိုက်ပရပ်စ်ကိုလာနေကြတဲ့
အိမ်ဗီဇာသမားတွေရှိပါတယ်။ ရှင်းရှင်းလင်းလင်း လာခွင့်ပေးတာမျိုးမဟုတ်ပေမယ့်လည်း
အဲဒီနည်းနဲ့ မြန်မာတွေလာနေကြပါတယ်။
အဲဒီလို မြန်မာနိုင်ငံသားများအတွက် ဗီဇာကို တင်းကြပ်လိုက်တဲ့အချိန်က“စ”လို့ ဗီယက်နမ်လူမျိုးများဟာ ဆိုက်ပရပ်စ်နိုင်ငံတွင် အိမ်အလုပ်သမားများအဖြစ် နေရာရလာကြပါတယ်။
ယခုဆိုလျှင် ဆိုက်ပရပ်စ်နိုင်ငံတွင် ဗီယက်နမ်လူမျိုး အိမ်အလုပ်သမားများ တော်တော်လေးကို များနေပါပြီ။
ယနေ့ ကျမကြားလိုက်ရတဲ့ သတင်းတခုကတော့ ဗီယက်နမ်လူမျိုး အိမ်အလုပ်သမားများဟာ စာရိတ္တပျက်ပြားပြီး ကိုယ်ကျင့်တရားဖောက်ဖျက်ခြင်းများကို တွေ့ရှိရတဲ့အတွက် ဆိုက်ပရပ်စ်အစိုးရမှ ဗီယက်နမ်လူမျိုးများအား ဆိုက်ပရပ်စ်နိုင်ငံသို့ ဝင်ခွင့်ဗီဇာကို လွန်ခဲ့တဲ့ တပတ်မှ“စ”၍ လုံးဝပိတ်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ပြီးသည့်နောက်တွင် အိမ်အလုပ်အတွက် စာရိတ္တကောင်းမွန်သော မြန်မာလူမျိုးများဘက်သို့မျက်စိကျလာခဲ့သည့်အတွက် မြန်မာလူမျိုး အိမ်ဗီဇာများကို တရားဝင် ပြန်လည်ဖွင့်ပေးဖို့ အလားအလာများစွာရှိနေပါတယ်။

ဆိုက်ပရပ်စ်နိုင်ငံရဲ့ ဥပဒေအရ ဆိုက်ပရပ်စ်နိုင်ငံဟာ Europe နိုင်ငံစာရင်းဝင်ဖြစ်သောကြောင့် Europian လူမျိုးများသာလျှင်မည်သည့်ဆိုင်တွင်မဆို အလုပ် လုပ်ပိုင်ခွင့်ရှိပါတယ်။ Asia လူမျိုးများကတော့ အိမ်အလုပ်(House maid) နှင့် Asia Food Restaurant ဟုခေါ်သော အရှေ့တိုင်းအစားအစာများဖြစ်သည့် တရုတ်စားသောက်ဆိုင်၊ဂျပန်စားသောက်ဆိုင်၊ ကုလားစားသောက်ဆိုင်၊ ထိုင်းစားသောက်ဆိုင်များတွင် Asia သား မရှိမဖြစ်လိုအပ်သည့်အတွက် ထိုသို့သော ဆိုင်များတွင်သာ အလုပ်လုပ်ပိုင်ခွင့်ရှိပါတယ်။ အနောက်တိုင်း စားသောက်ဆိုင်များတွင် ကျမတို့လို Asia လူမျိုးများ အလုပ်လုပ်ပိုင်ခွင့် လုံးဝမရှိပါ။ အဲဒီဥပဒေကို လွန်ခဲ့တဲ့ ၃နှစ်က “စ”ပြီးချမှတ်ထားခြင်းဖြစ်ပါတယ်။

လက်ရှိအခြေအနေအရ မြန်မာလူမျိုးများအတွက် Asia စားသောက်ဆိုင်များတွင် အလုပ်လုပ်ခွင့် ဗီဇာကို ပိတ်ထားသော်လည်း ဆိုက်ပရပ်စ် Immigration မှ တာဝန်ရှိသူတဦး၏ ပြောပြချက်အရ “အရှေ့တိုင်း အစားအစာရောင်းသော စားသောက်ဆိုင်များမှာ မြန်မာလူမျိုးဝန်ထမ်းများကို အလုပ်ခန့်ချင်တယ်ဆိုရင် တရားဝင်ဗီဇာကိုတော့ ဖွင့်မပေးသေးပါဘူး၊ ဒါပေမယ့် မိမိတို့ အလုပ်ခန့်ချင်တဲ့ မြန်မာလူမျိုးရဲ့ ပါ့စ်ပို့မိတ္တူနဲ့ ကိုယ်ရေးအကျဉ်းကို Immigration ရုံးကို တင်ကြည့်လိုက်ပါ၊ ရုံးက စစ်ဆေးပြီး ချပေးသင့် / မသင့်ကို ဆုံးဖြတ်ပေးပါမယ်” ဟု ဆိုပါတယ်။

အဲဒီအတွက် မြန်မာလူမျိုးများအတွက် စားသောက်ဆိုင်ဗီဇာများ အနည်းငယ် အခွင့်အရေးရှိလာပြီလို့ ကျမသုံးသပ်မိပါတယ်။ ကျမအလုပ်လုပ်တဲ့ စားသောက်ဆိုင်မှာလည်း ယခင်က မြန်မာ(၇)ယောက်ရှိသော်လည်း တယောက်ပြီးတယောက် မြန်မာပြည်ကို အပြီးပြန်သွားကြတဲ့အတွက် ကျမရဲ့သူဌေးဟာ မြန်မာလူမျိုး စားပွဲထိုးများကို အလိုရှိနေတဲ့အချိန်ဖြစ်ပါတယ်။ တရုတ်လူမျိုးများကို အချိန်မရွေးခေါ်ယူအသုံးပြုနိုင်သော်လည်း စဉ်းစားဥာဏ်၊ ပညာအရည်အချင်း၊စာရိတ္တ၊ လူနေမှုစရိုက်များမှာ မြန်မာဝန်ထမ်းများနဲ့ များစွာကွာဟနေတာကြောင့် မြန်မာလူမျိုးဝန်ထမ်းများကိုသာ အလိုရှိနေပါတယ်။ ဖြည့်စွက်ပြောလိုသည်မှာ ကမ္ဘာမှာ မြန်မာပြည်ထက် အဆပေါင်းများစွာတိုးတက်နေပြီဖြစ်တဲ့ တရုတ်ပြည်မှ ပညာတတ်သူတရုတ်လူမျိုးများဟာ ဆိုက်ပရပ်စ်နိုင်ငံကို မလာတော့ပါဘူး၊ ဆိုက်ပရပ်စ်နိုင်ငံမှာ ရမည့် လခဟာ တရုတ်နိုင်ငံမှာ ၇မည့်လခနှင့် အနည်းငယ်သာ ကွာဟခြင်း၊ ပညာတတ်သော တရုတ်လူမျိုးတယောက်ဟာ တရုတ်နိုင်ငံမှ ကုမ္ပဏီတခုတွင် အလုပ်လုပ်ပါက နှစ်ကြာလာသည်နှင့်အမျှ ရာထူးပါ တက်လာနိုင်ခြင်း၊ကုမ္ပဏီနှင့် ပတ်သက်သည့် အခွင့်အရေးများကိုပါ ရရှိနိုင်ခြင်း၊ မိမိ၏ ဆွေမျိုး မိသားစုနှင့် မခွဲခွာရခြင်း ၊ မိမိဘဝအတွက် တိုးတက်မည့်လမ်းများစွာရှိခြင်း စသည့် အကြောင်းများကြောင့် ပညာတတ် တရုတ်လူမျိုးများသည် ဆိုက်ပရပ်စ်နိုင်ငံသို့ လာရောက်၍ အလုပ်လုပ်ခြင်းမရှိတော့ပါ။ ယခု လက်ရှိ ဆိုက်ပရပ်စ်တွင် အလုပ်လာရောက်လုပ်ကိုင်သော တရုတ်လူမျိုးများမှာ ဆင်းရဲနွမ်းပါးသောသူများ၊ ပညာမပြည့်စုံ၍ တရုပ်နိုင်ငံတွင် အလုပ်ရရန် ခက်ခဲသောသူများသာ ဖြစ်သည့်အတွက် ကျမအလုပ်လုပ်သည့် စားသောက်ဆိုင်မျိုးတွင် အလုပ်လုပ်ရန် အရည်အချင်းမမှီသည့်အနေအထားမျိုးဖြစ်နေသည့်အတွက် ဘွဲ့ရ၊ ပညာတတ်သော ၊ အနေအထိုင် အပြောအဆို ပြေပြစ်သော မြန်မာလူမျိုးများ နေရာရလာခြင်းဖြစ်ပါသည်။
မည်သို့ပင်ဆိုစေကာမူ....
မြန်မာလူမျိုးများအတွက် ဆိုက်ပရပ်စ်နိုင်ငံတွင် အလုပ်လုပ်ရန် အခွင့်အရေးများစွာ ရှိပါကြောင်း သတင်းကောင်းပါးရင်း...
ကျမအလုပ်လုပ်သော စားသောက်ဆိုင်တွင် မြန်မာဝန်ထမ်းများ အလိုရှိနေပါကြောင်းအသိပေးလိုက်ရပါသည်။

Tuesday, January 18, 2011

ကိုအဲလက်စ်(Alex)...သို့



jar said...

hi , i am alex from malaysia , i am looking around your website very nick and interested , you tell alot for job and about your country now you working ,but you never told how to come to there and how to apply and how is the immigration rule, sometime i am thinking we are come and go far away from myanmar for money but it is not important in life ,because of government ,last time i work in singapore ten years but now in malaysia working as technician , i always on line , take care of your waist be careful ,my email mr.jargyi@gmail.com

January 12, 2011 12:43 AM
..........................................................................................
ကိုအဲလက်စ်ရေ...
ကိုအဲလက်စ် သိချင်တဲ့ “ဆိုက်ပရပ်စ်နိုင်ငံကို လာနိုင်တဲ့ နည်းလမ်းတချို့” ကို ကျမသိသလောက်ရေးပြလိုက်တယ်နော်။
ဆိုက်ပရပ်စ်နိုင်ငံကိုလာဖို့
(၁)ကျောင်းဗီဇာ(Student visa)
(၂)အိမ်ဗီဇာ( House maid)
(၃)ဟိုတည်နှင့်စားသောက်ဆိုင်(Restaurant visa)
(၄)ကုမ္ပဏီဗီဇာ(Business visa) ဆိုပြီး Visa (၄) မျိုးရှိပါတယ်။

(၁)ကျောင်းဗီဇာ သမားများအတွက် ဗီဇာလျှောက်ဖို့အတွက် ဆိုက်ပရပ်စ်နိုင်ငံကို မလာခင် ဆိုက်ပရပ်စ်နိုင်ငံမှာရှိတဲ့ ဘဏ်တခုခုမှာ ယူရို ၂၀၀၀ ဖြင့် Account ဖွင့်ပြရပါတယ် (ပွဲစားများလုပ်ပေးပါတယ်)။
ဆိုက်ပရပ်စ်ကို ရောက်ပြီး ၁နှစ်ခွဲအကြာမှာ အဲဒီယူရို၂၀၀၀ကို မိမိကိုယ်တိုင်ပြန်ထုတ်လို့ရပါတယ်။
ကျောင်းလခကတော့ ၁နှစ်စာအတွက် ယူရို ၃၀၀၀ သွင်းရပါတယ်။
နေစရာကတော့ အခန်း၃ခန်းပါတဲ့ အိမ်တလုံးကို ယူရို ၆၀၀ ပေးရပါတယ်(၁ယောက်ကို ယူရို၂၀၀နှုန်းပေါ့)။ ဧည့်ခန်းမှာနေလို့ရတဲ့အတွက် ၅ယောက်လောက်နေကြပါတယ်၊ လူများလေ ကိုယ်ပေးရတာနည်းလေပေါ့။
၁နှစ်မှာ (၇)လ ကျောင်းတက်ရပြီး (၅)လပိတ်တဲ့အတွက် ပိတ်ရက်တွေမှာ အလုပ်လုပ်လို့ရပါတယ်။
ကျောင်းသားများ အလုပ်လုပ်ခွင့် ဥပဒေကတော့ ကျောင်းပိတ်ရက်(၅)လနဲ့ ကျောင်းတက်လ(၇)လထဲမှ စနေနှင့် တနင်္ဂနွေနေ့များမှာ အလုပ်လုပ်ခွင့်ရှိပါတယ်။
ကျောင်းဗီဇာနဲ့လာပြီး အလုပ်လုပ်သူများကတော့ ကျောင်းမတက်ပဲ ကျောင်းတက်လက်မှတ်ထိုးပေးသူကို ငွေပေးထိုးခိုင်းကြပါတယ်။
စာမေးပွဲဖြေရာမှာလည်း လိုင်းဝင်ထားတဲ့အတွက် စာမေးပွဲမှာ မေးမဲ့မေးခွန်းနဲ့ အဖြေ စာရွက်ဟာ ကိုယ်လက်ထဲကို ၁ပတ်အလိုမှာ ရောက်ရှိပါတယ်။
မတက်မဖြစ် တက်ရမဲ့ ကျောင်းတက်ရက်များရှိခဲ့လျှင်လည်း (လိုင်းဝင်ထားတဲ့အတွက်) သက်ဆိုင်ရာလူများက မိမိကို ဖုန်းဆက်အကြောင်းကြားပါတယ်။
ဘွဲ့၁ခုရဖို့ ၄နှစ်တက်ရတဲ့အတွက် ကျောင်းဗီဇာရဲ့သက်တမ်းဟာ ၄နှစ်လို့ ပြောလို့ရပါတယ်။
အဲဒီလို ၄နှစ်ပြည့်လို့ မပြန်ချင်သေးဘူးဆိုရင်တော့ နောက်ဘွဲ့တခုအတွက် ထုံးစံအတိုင်း ၁နှစ်ကို ကျောင်းလခ ယူရို၃၀၀၀ နှုန်းနဲ့ နေချင်သလောက်နေလို့ရပါတယ်။
မြန်မာပြည်ကနေ လာသူများကတော့ ဒီမှာကျောင်းတက်နေကြတဲ့သူငယ်ချင်းတွေနဲ့ညှိပြီး လာကြတဲ့အတွက် ပွဲစားခ ဘယ်လောက်ယူတယ်ဆိုတာကို ကျမ မေးလို့မရပါဘူး(သူတို့ကလည်း မပြောပြကြဘူး)။
ဆိုက်ပရပ်စ်မှာရှိတဲ့ ကျောင်းဗီဇာနဲ့အလုပ်လုပ်နေကြတဲ့ လူအများစုကတော့ တရုတ်လူမျိုးများပဲဖြစ်ပါတယ်၊ သူတို့ပြောပြချက်အရ အပြီးအစီးယူရို ၁၅၀၀၀ ပေါက်ဈေးရှိတယ်လို့သိရပါတယ်။


(၂)အိမ်ဗီဇာ သမားများအတွက် ဗီဇာ(၃)မျိုးထပ်ခွဲထားပါတယ်။
* မိသားစုတခုအတွက် ချက်ပြုတ်ရေး၊ သန့်ရှင်းရေးကို တာဝန်ယူရတဲ့ ရိုးရိုး အိမ်သန့်ရှင်းရေး ဗီဇာအတွက် ၅နှစ်နေခွင့်။(သက်တမ်းထပ်တိုးပိုင်ခွင့်မရှိ)
* မိမိကိုယ်တိုင် မစွမ်းဆောင်နိုင်တော့တဲ့ သက်ကြီးရွယ်အိုများကို ပြုစုပေးရတဲ့ အဘိုး၊အဖွား ဗီဇာသမားများကတော့ ၅နှစ်ဟုသတ်မှတ်ထားပေမဲ့ မိမိစောင့်ရှောက်ရတဲ့ အဘိုး၊အဖွားများက မေတ္တာရပ်ခံပေးရင် အဘိုး၊အဖွားများကွယ်လွန်သည့်အချိန်ထိ နေပိုင်ခွင့်ရှိပါတယ်။
* စိတ်မနှုံ့သော သူများ၊ ကျပ်မပြည့်သောသူများ၊ ပိုလီယိုဝေဒနာခံစားနေရသူများကို စောင့်ရှောက်ရတဲ့ ဗီဇာသမားများမှာလည်း အထက်က အဘိုး၊ အဖွားဗီဇာလိုပဲ မိမိမရှိရင်မဖြစ်တဲ့အတွက်
(စိတ်မနှုံ့သူနဲ့ရင်းနှီးပြီးသားဖြစ်တဲ့အတွက်)အိမ်ရှင် ကျေနပ်သည့်အချိန်ထိ နေပိုင်ခွင့်ရှိပါတယ်။
အိမ်ဗီဇာသမားများအားလုံးရဲ့ လစာဟာ ၁လကို ယူရို ၃၁၀ နဲ့ ၁ပတ်ကို မုန့်ဖိုး ယူရို၁၀ ပေးတဲ့အတွက် ၁လရငွေ စုစုပေါင်း ယူရို ၃၅၀အသားတင်ပေါ့။
စားစရာ၊ ဝတ်စရာ၊ အမျိုးသမီးအသုံးအဆောင်၊ မိုဘိုင်းလ်ဖုန်း၊ ကင်မရာ၊ကအစ အိမ်ရှင်က အကုန်ဝယ်ပေးပါတယ်။ အလုပ်သမားတိုင်းကို Medical Insurance လုပ်ပေးထားတဲ့တွက် ဖျားရေး၊နာရေးအတွက် ဆရာဝန်ကောင်းများနဲ့ပြသနိုင်ပါတယ်။(ပိုက်ဆံမကုန်ပါ)။
တနင်္ဂနွေနေ့နဲ့ အစိုးရရုံးပိတ်ရက်များမှာ နားခွင့်(အပြင်လျှောက်လည်ခွင့်) ရကြပါတယ်။
၁နှစ်မှာ ခွင့်၁လကြာ မိမိနိုင်ငံကို ပြန်လည်ခွင့်ရှိပါတယ်၊။ လစာမဖြတ်ပါဘူး။


(၃)ဟိုတည်နှင့်စားသောက်ဆိုင်ဗီဇာသမားများကတော့ ၅နှစ်နေပိုင်ခွင့်ရှိပါတယ်။
လခအဖြစ် ၁လကို ယူရို ၁၀၀၀ မှ၁၂၀၀ ကြားရပါတယ်။
၁ရက်ကို ၁၀နာရီအလုပ်လုပ်ကြရတယ်။ နေစရာပေးတယ်၊ ဆိုင်မှာစားခွင့်ရှိတယ်၊(အလုပ်ပိတ်ရက်ဆိုရင်တော့ ကိုယ့်ဖာသာချက်စားပေါ့)။ Medical Insurance လုပ်ပေးပါတယ်။
တနင်္ဂနွေနေ့ တိုင်း အလုပ်နားခွင့်ရှိတယ်ဆိုပေမယ့် နိုင်ငံခြားသားများလာရောက်အပန်းဖြေတဲ့နိုင်ငံဖြစ်တဲ့အတွက် ဆိုင်တိုင်းလိုလိုဟာ အလုပ်များပါတယ်။
အဲဒီအတွက် အလုပ်နားခွင့်မရှိပါဘူး(၇ )ရက်လုံး အလုပ်လုပ်ကြရပါတယ်)။ ဒါပေမယ့် မရခဲ့တဲ့ အဲဒီခွင့်ရက်တွေကို အလုပ်ပါးတဲ့ ဆောင်းရာသီမှာ အကုန်စုပြီး နားခွင့်ပေးပါတယ်။
၁နှစ် စာအတွက် ဆောင်းရာသီမှာ မိမိတို့နိုင်ငံကို အလည်ပြန်ခွင့်ရှိပါတယ်။ (သူဌေးလူလည်ကျထားလို့ ကျမတို့ဆိုင်က ဝန်ထမ်းတွေကတော့ လေယာဉ်လက်မှတ်ကို ကိုယ့်ဖာသာပေးရပါတယ်)။
အဲဒီခွင့်ပြန်တဲ့ ၁လစာ လခကိုတော့ မဖြတ်ပါဘူး။(ဖြတ်ရင်လည်း အဲဒီသူဌေးကို ခေါင်းရိုက်ခွဲဖို့ပဲရှိပါတော့တယ်).:P
ပွဲစားခကတော့ ယူရို ၅၀၀၀ ပေါက်ပါတယ်။

(၄)စီးပွားရေးလာလုပ်တဲ့ ဗီဇာအတွက်ကတော့ ဘဏ်ထဲမှာ ယူရို ၁သိန်းထည့်ပြရပါတယ်၊။ အိမ်၁လုံးဝယ်ပြရပါတယ်၊ ၁နှစ် တခါ ဗီဇာသက်တမ်းတိုးရပါတယ်၊ တိုးတိုင်းလည်း ဘဏ်ထဲက မိမိလုပ်တဲ့ စီးပွားရေးရဲ့ ဝင်ငွေ ထွက်ငွေကို စစ်ပါတယ်(တကယ် စီးပွားရေး လုပ်၊ မလုပ်)။
ဆိုက်ပရပ်စ်နိုင်ငံရဲ့ အဓိက ထွက်ကုန်ဟာ စပျစ်ဝိုင်၊ အော့လစ်ဗ်သီးများမှထွက်သော အော့လစ်ဗ်ဆီ တို့ဖြစ်ပြီး ဟိုတည်နှင့် စားသောက်ဆိုင်လုပ်ငန်းများပဲရှိတာကြောင့် တခြားနိုင်ငံမှ စီးပွားရေး လာလုပ်သူများရှိကောင်း ရှိပေမယ့် သိပ်မတွေ့ရပါဘူး။

နိဂုံးချုပ်ပြောချင်တာကတော့...
လက်ရှိအခြေအနေမှာ ဆိုက်ပရပ်စ်နိုင်ငံကို လာနိုင်တဲ့ ဗီဇာများထဲက ဟိုတည်နှင့်စားသောက်ဆိုင်ဗီဇာ( Restaurant Visa)ကို အစိုးရက ပိတ်ထားပါတယ်။
ကျန်ရှိတဲ့ အိမ်ဗီဇာ(House Maid)၊ ကျောင်းဗီဇာ(Student Visa)၊ ကုမ္ပဏီဗီဇာ( Business Visa) များကိုတော့ ဖွင့်ထားကြောင်း ကျမသိသလောက် ရေးသားလိုက်ပါတယ်။

မှတ်ချက်။ ။ စာဖတ်သူ သူငယ်ချင်းများလည်း သိချင်တာများရှိရင် မေးနိုင်ပါတယ်၊ ကျမ သိသလောက် ပြန်လည်ဖြေကြားသွားပါ့မယ်။

Saturday, January 15, 2011

မသိသူကျော်သွား..သိသူဖော်စား



“ချဉ်ပေါင်ဟင်းရည်” “ချဉ်ပေါင်ကြော်”...လို ဆိုလိုက်တာနဲ့ နိုင်ငံရပ်ခြားမှာရောက်ရှိနေကြတဲ့ မြန်မာလူမျိုးများအားလုံးဟာ “ဂလု ဂလု” ဖြစ်နေကြလိမ့်မယ်လို့ ကျမယုံကြည်ပါတယ်။
မြန်မာပြည်နဲ့ဝေးကွာနေကြတဲ့ မြန်မာလူမျိုးများဟာ ချဉ်ပေါင်ကြော် ၊ ချဉ်ပေါင်ရွက်ခြောက်များကို မြန်မာနိုင်ငံတွင်ရှိသော မိမိတို့ရဲ့ မိသားစုများမှတဆင့် မှာယူစားသောက်နေရတဲ့အချိန်မှာ ဆိုက်ပရပ်စ်နိုင်ငံမှ မြန်မာလူမျိုးများကတော့ နေရာအနှံ့မှာ သဘာဝပေါက်ရောက်လျှက်ရှိသော ဆိုက်ပရပ်စ်ချဉ်ပေါင်များကို အလိုရှိသလို ခူးယူစားသုံးနိုင်ကြပါတယ်။



ဆိုက်ပရပ်စ်နိုင်ငံတွင်သာမက တချို့သောနိုင်ငံများတွင်ပါ ပေါက်ရောက်လျှက်ရှိသော ထိုအပင်ကို ဆိုက်ပရပ်စ်ဘာသာစကားဖြင့်
“စီနိသ်ကာ”(Ksinithkia) ဟုခေါ်သည်။
“စီနော့ဂ်” (Ksino) ၏ အဓိပ္ပါယ်မှာ “ချဉ်သော“ ဟု အဓိပ္ပါယ်ရသည်။
အသဲပုံသဏ္ဍာန်အရွက်(၃)ရွက် ခေါင်းချင်းဆိုင်အနေအထားမျိုးဖြစ်ပြီး အနီ နှင့် အစိမ်း ၊ အရောင်(၂)မျိုးကိုတွေ့ရှိနိုင်သည်။

အပင်ပုမျိုး(တနည်းအားဖြင့်) မြေကြီးမှ အမြင့် တထွာခန့်သာရှိသည်။
အရွက်များမှာ ပါးလွှာပြီး နူးညံ့သည် ။ အဝါရောင်ပန်းပွင့်သော ဆိုက်ပရပ်စ်ချဉ်ပေါင်ရွက်၏ အရသာမှာ မြန်မာပြည်မှ ချဉ်ပေါင်ရွက်၏ အရသာနှင့် ၉၀%ဆင်တူသည်။

ဆိုက်ပရပ်စ်နိုင်ငံ၏ ဆောင်းတွင်းဖြစ်သော နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ လများတွင် နေရာအနှံ့တွင် မျက်ခင်းစိမ်းကြီးသဖွယ် အလေ့ကျ ပေါက်ရောက်လေ့ရှိသော ဆိုက်ပရပ်စ်ချဉ်ပေါင်များ၏ အကြောင်းကို တင်ပြရင်း တခြား တခြားသော နိုင်ငံများမှ ချဉ်ပေါင်ဟင်း၊ ချဉ်ပေါင်ကြော်များကို လွမ်းဆွတ်တောင်းတနေကြသော မြန်မာသူငယ်ချင်းများအတွက် လက်တို့ပြီးတော့ ပြောလိုက်ရပါတယ်..။

Tuesday, January 11, 2011

အဝတ်မပါတဲ့ နတ်သမီးရဲ့ဓာတ်ပုံဆိုလို့ ဖွင့်ကြည့်လိုက်တာ...




2011 နှစ် ၊ဇန်နဝါရီလမှ“စ”၍ ဆိုက်ပရပ်စ်နိုင်ငံသားများကို ထုတ်ပေးမည့် နိုင်ငံကူးလက်မှတ်စာအုပ်ထဲတွင် ဆိုက်ပရပ်စ်နိုင်ငံ သမိုင်းတွင် နာမည်ကြီးခဲ့သော အချစ်နတ်သမီး(Goddess of love) ]“အက်ဖရိုဒိုက်”၏ အဝတ်မပါသော (Naked) ကိုယ်လုံးတီးပုံကို ထည့်သွင်းအသုံးပြုသည့်ကိစ္စနှင့်ပတ်သက်၍ ထည့်သွင်းရန်မသင့်တော်ကြောင်း ဇာတ်ကြီးလူမျိုးတချို့မှဝေဖန် ကန့်ကွက်ကြသော်လည်း ဆိုက်ပရပ်စ်အစိုးရမှာ ၎င်းတို့၏ လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်လျှက်ရှိကြောင်း ကြားသိခဲ့ရသည်။

ခရစ်ယာန်ဘာသာဝင် ဆိုက်ပရပ်စ်လူမျိုးများမှာမူ ထိုကိစ္စနှင့်ပါတ်သက်၍ ကန့်ကွက်ရန်မရှိကြောင်း ဒေသခံတဦးထံမှ ပြောကြားခဲ့သည်။


nude photo of Aphrodite in the New Cyprus Passports created conflicting views from foreign and interior ministry of Cyprus. The new passport was reported to have the photo of the naked Aphrodite, also known as the Goddess of Love and beauty in Greek Mythology.
According to the Foreign Ministry of Cyprus, the naked image of Aphrodite may depict a negative image on Cyprus citizens in foreign countries.
The new Cyprus passport will also feature a biometric tracking chip for security and ease of verification.
She may be the ancient Greek Goddess of Love, but a picture of a nude Aphrodite on the new passport of Cyprus has set more than hearts racing.
Cypriot diplomats are furious with the interior ministry for failing to consult with the foreign ministry before issuing passports with a depiction of a naked immortal that might offend conservative foreign cultures.
“They are worried that civilians and diplomats could get into trouble, particularly traveling to very conservative Islamic countries,” the authoritative Phileleftheros daily newspaper wrote on Thursday.
The interior ministry said it was too late to change them, the newspaper said.




မှတ်ချက်။ ။ ဤကိစ္စကို ဦးဆိုးဆီ နဲ့ ကိုဇော်တို့ထံမှ ကြားသိခဲ့ရပြီး ကျမအလုပ်ပြန်ဝင်သည့်နေ့တွင် ဒေသခံတဦးအားမေးမြန်ခဲ့သော်လည်း ၎င်းတို့မှာ အရေးတယူမရှိခဲ့ပါ။ ကန့်ကွက်ရန်မရှိခဲ့ပါ။

မေတ္တာ... ဆိုတာ




ခါးဒဏ်ရာကြောင့် ၂ပတ်ခန့်အနားယူခဲ့တဲ့ကျမ မနေ့က အလုပ်ပြန်ဆင်းခဲ့ပါတယ်။
ဆိုင်ရောက်ရောက်ချင်းပဲ ကျမရဲ့အလုပ်စားပွဲပေါ်မှာ ပန်းအိုးလေးတလုံးနဲ့ ကဒ်လေးတခုကို တွေ့လိုက်ရတယ်။
ကဒ်ထဲမှာရေးထားတာကတော့ ကျမအမြန်နေကောင်းပါစေဆိုတဲ့ ဆုတောင်းလေးနဲ့ အားပေးစကားလေးတွေပါ။
ပေးပို့တဲ့သူများကတော့ David နဲ့ သူ့ရဲ့ဇနီး Beth တို့ပဲဖြစ်ပါတယ်။
သူတို့လင်မယားဟာ ကျမကို အလွန်ခင်ကြပါတယ်။ ဆိုင်မှာ ညစာ လာစားတိုင်းလည်း ကျမကို သူတို့ရဲ့ သမီးလေးလို ကြင်နာစွာ ဆက်ဆံရင်း ကျမရဲ့ ရှေ့ရေးကို ဆွေးနွေးလေ့ရှိပါတယ်။ မိဝေး ဖဝေးနဲ့ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်လျှက်ရှိကြသော ကျမတို့လို လူများအတွက် နွေးထွေးတဲ့မေတ္တာဆိုတာ သိပ်ကိုလိုအပ်ပါတယ်။
ပန်းအိုးလေးတလုံးရဲ့ တန်ဖိုးဟာ ဘာမှမရှိပေမဲ့ သူတို့ရဲ့ မေတ္တာကတော့ ဘာနဲ့မှတန်ဖိုးမဖြတ်နိုင်ခဲ့ပါဘူး။
ကျမ ချက်ချင်းပဲ သူတို့ဆီကို ဖုန်းဆက်ပြီး ကျေးဇူးတင်စကားပြောရင်း ကျမရဲ့ဝေဒနာအကြောင်းကိုပြောဖြစ်ခဲ့တယ်။
ခါးနာပျောက်ဆေးတွေကတော့ ကို့စ်ပြတ်တဲ့အထိ တနေ့(၃)ကြိမ်သောက်နေရပါတယ်၊ ပြင်းလွန်းတဲ့ခါးနာပျောက်ဆေးများကို မသောက်ခင် ၎င်းဆေးများကြောင့် ဗိုက်အောင့်ခြင်းမရှိရလေအောင် ဗိုက်နာပျောက်ဆေးကို အရင်သောက်ရပါတယ်။ လိမ်းဆေးကိုလည်း တနေ့(၃)ကြိမ်လိမ်းရပါတယ်။
ခါးနာခြင်း ဝေဒနာကတော့ ၁၀%ခန့်ကျန်ရှိနေပါသေးတယ်၊ မနေ့ညက အလုပ်ထဲမှာ ၇နာရီကြာမျှ မတ်တပ်ရပ်လိုက်ရတဲ့အတွက် ဒီနေ့မနက်မှာ အနည်းငယ်မျှ ပြန်လည်ကိုက်ခဲလာခဲ့ပါတယ်။
ဤကဲ့သို့သော ခါးနာရောဂါမှာ အချိန်မရွေးပြန်ဖြစ်တတ်ခြင်း ၊ အမျိုးသမီးများအနေနှင့် ကိုယ်ဝန်ဆောင်ချိန်တွင် ခါးနာပါက ဓာတ်မှန်ရိုက်၍မရခြင်း၊ ခါးနှင့် ပတ်သက်သော အကိုက်အခဲဆေးများကို သောက်ရန်မသင့်တော်ခြင်းများကြောင့် အထိုင်အထနှင့် လေးလံသော ပစ္စည်းများကို မသည့်အခါ ပုံစံကျကျ “မ” ရန်၊ ကီလို၂၀ ထက်လေးသော ပစ္စည်းများကို မ “မ”ရန် ဆရာဝန်မှ တားမြစ်ထားပါတယ်။
ဆရာဝန်ညွှန်ကြားချက်အရ ခါးနှင့်သက်ဆိုင်သော လေ့ကျင့်ခန်းများကိုလည်း နေ့စဉ် ဖြည်းဖြည်းချင်း လုပ်လျှက်ရှိပါကြောင်း ပြောကြားရင်း ကျမအတွက် ဆုတောင်းပေးကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ရှိရင်း...သူငယ်ချင်းတို့ရဲ့ ပို့သတဲ့မေတ္တာကြောင့် “ကျမ နေကောင်းသွားပါပြီ”

မှတ်ချက်။ ။ ပို့စ်တင်လောက်တဲ့ အကြောင်းအရာတခု မဟုတ်ပေမဲ့ ကျမအတွက် အမှတ်တရရှိနေစေဖို့ ရည်ရွယ်ပါသည်။

Sunday, January 9, 2011

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ...



တိုက်တိုက်ဆိုင်ဆိုင်ပါပဲ...
မေ့တတ်လွန်းတဲ့ ကျမအတွက် သူငယ်ချင်းတွေရဲ့မွေးနေ့များကို အလွယ်တကူ မှတ်မိစေဖို့ ရည်ရွယ်ပြီး မှတ်မိသမျှ မွေးနေ့ရက်စွဲလေးတွေကို စုစည်းပြီး မနေ့က“မွေးနေ့...များစွာ” ဆိုတဲ့ ပို့စ်လေးတခုကို တင်ဖြစ်ခဲ့တယ်။
မွေးနေ့စာရင်းထဲမှာ မပါရှိသေးတဲ့ သူငယ်ချင်းများရဲ့ မွေးနေ့ရက်စွဲလေးများကိုလည်း Comment ထဲမှာ ချန်ထားပေးဖို့ မေတ္တာရပ်ခံရင်း မောင်လေးဝေလင်းရဲ့ အသက်(၂၀)ပြည့်မြောက်တဲ့(၉.၀၁.၂၀၁၁)မွေးနေ့ဟာ ဒီနေ့ ဆိုတာကို သိခဲ့ရတဲ့အတွက် ထုံးစံအတိုင်း မောင်လေးဝေလင်းအတွက် မွေးနေ့ပွဲလေးတခု ကတိုက်ကရိုက်စီစဉ်လိုက်ရပါတယ်။

HAPPY BIRTHDAY ....“ WAI LINN”


လိုအင်ဆန္ဒတွေ အပြည့်ထည့်ထားပေးတဲ့ လက်ဆောင်ဗူးလေး
ကောက်တေးလ်ချိုချိုများ...
အစားအစာများကိုတော့ အင်တာနက်ကနေပဲ မှာယူဧည့်ခံလိုက်ပါရစေ..။လတ်ဆတ်တဲ့ သီးစုံအချိုပွဲ

ဆိုက်ပရပ်စ်နိုင်ငံက ထုတ်လုပ်တဲ့ KEO(ခေအို)ဘီယာ


ကဗျာလေးတွေထဲမှာ လွမ်းဆွေးနေတတ်တဲ့ မောင်လေး ဝေလင်းတယောက် လက်တွေ့မှာ မိမိအလိုရှိသော ချစ်ခြင်းမေတ္တာများကို ပိုင်ဆိုင်နိုင်ပါစေ...။
“ဝ”လုံးလေးတွေ မရေးတတ်တော့တဲ့သူ...
“လ”ကိုတောင် တခြမ်းပဲ မြင်ရတဲ့သူ...
အဖေ့အတွက် “ပခုံးခုဝတ်လေး” ဖြစ်ချင်ခဲ့သူ....
မောင်လေး ဝေလင်းတယောက် ယနေ့မှ“စ”လို့ ..လိုအင်ဆန္ဒများ တလုံးတဝတည်း ပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်...။

HAPPY BIRTHDAY ...ပါ ဝေလင်းရေ

မွေးနေ့....များစွာ


ဘဝတကွေ့မှာ သိကြွမ်းခင်မင်ခဲ့ရတဲ့ ကျမရဲ့ သူငယ်ချင်းတချို့ရဲ့ မွေးနေ့ရက်စွဲလေးများကို ဒီနေရာလေးမှာ တစုတစည်းထဲ သိမ်းထားချင်တဲ့ ဆန္ဒလေးတခုရှိတာကြောင့် ပို့စ်တခုအဖြစ် တင်လိုက်ပါတယ်။
ဖြစ်နိုင်မယ်ဆိုရင် ဒီ List ထဲမှာ မပါရှိသေးတဲ့ သူငယ်ချင်းတို့ရဲ့ မွေးနေ့နဲ့မွေးလ တို့ကို Comment နေရာလေးမှာ ချန်ထားခဲ့ပေးစေချင်ပါတယ်။
မွေးနေ့ရှင်က သူ့မွေးနေ့ကို မေ့လျှော့နေသည့်တိုင်အောင် တယောက်ယောက်က Suprise လုပ်ပေးခြင်းဖြင့် ကာရကံရှင်ရဲ့စိတ်ကို ကြည်နူးစေခြင်းဖြင့် မွေးနေ့လက်ဆောင်ပေးနိုင်ရန်ရည်ရွယ်ပါတယ်။
ကျမ သိထားသမျှ သူငယ်ချင်းတချို့ရဲ့ မွေးနေ့များကို အောက်တွင်ဖော်ပြပေးထားပါတယ်။

ဝေလင်း(9, January)
ကျော်မြတ်သူ(9, January)
ကိုလင်းဦး(စိတ်ပညာ) (25, January)

ကိုဏီလင်းညို(18, February)

မမိုးငွေ့(17, March)
နောင်နောင်(28, March)

ကိုဇော်(10, April)
ဦးဟန်ကြည်(11, April)
ပူးတေ(23, April)
အရုပ်ကလေး(26, April)

မိုးစက်အိမ်(လူလိမ်)(8, May)
ဘကျောက်(22, May)
ကိုမြစ်ကျိုးအင်း(22, May)
Tattoo(25,May)
Royal(29,May)

မင်းသိုက်ထွန်း(ဖိုးကြယ်)(...., June)
ကိုရွှေပု(အဖြူရောင်သံစဉ်)(27, June)

ညလင်းအိမ်(2, August)
မအနမ်း(3, August)
ကိုကိုမောင်(ပန်းရနံ့)(10, August)
သဒ္ဓါလှိုင်း(15, August)
ကိုကိုးအိမ်(31, August)????? FB ထဲမှာ ၃၁ဒီဇင်ဘာ

ကိုဇာဏီမောင်(2, September)
မဒမ်ကိုး(19,September)
မမခြင်(30, October)
ပဲပုတ်(31, October)

နမ်းမဝ(19, November)

အနှိုင်းမဲ့(8, December)
Blackroze(14,December)
သက်တန့်ချို(17, December)
နှင်းဟေမာ(31, December)...

အထက်ပါ မွေးနေ့ရှင်များရဲ့ မွေးနေ့များကို ခွင့်မတောင်းပဲ (ရင်းနှီးမှုဖြင့်) ဖော်ပြထားမိပါတယ်။
အကယ်၍ မနှစ်သက်ပါက ပြန်လည်ဖြုတ်ပေးပါ့မယ်ရှင့်..။

Saturday, January 8, 2011

နတ်သမီး ချစ်သူနေတဲ့ ကျွန်း


အချစ်နတ်သမီး ရေချိုးရာ ရေတံခွန်လေးရှိတဲ့ ဒေသဖြစ်တဲ့ “အာကာ့မတ်စ်” (Acamas)လို့ခေါ်တဲ့ ပန်းပေါင်းစုံ၊ဆေးမြစ်၊သစ်ဥ၊သစ်ဖု တို့စုံလင်စွာပေါက်ရောက်တဲ့ ဒေသ၊ ပြီးတော့ သူမရဲ့ချစ်သူ

အာကာ့မတ်စ်”ဒေသရဲ့ အရှင်သခင် “ဇာတ်စ်”(Zeus)Father of the God နေထိုင်ရာ နေရာလေးပဲဖြစ်ပါတယ်။

အချစ်နတ်သမီး ရေချိုးကန်သို့...




အဲဒီနေရာလေးကိုရောက်တော့ ကျိုက်ထီးရိုးက ရေမြောင်ကြီးကို သွားသတိရတယ်...။
ကိုယ်တိုင်ရိုက်ခဲ့တာမို့ ကြည့်ရတာ အဆင်မပြေရင် နားလည်ပေးကြပါနော်...။

Friday, January 7, 2011

နတ်သမီးရေချိုးတဲ့နေရာ


ဟိုး.......ရှေးရှေးတုန်းက...“ဆိုက်ပရပ်စ်”လို့ခေါ်တဲ့ ကျွန်းကလေးတစ်ခုမှာ “အက်ဖရိုဒိုက်”(Aphrodite) လို့ခေါ်တဲ့ အချစ်နတ်သမီးလေး(Goddess of Love) တစ်ပါးရှိတယ်။
အဲဒီမင်းသမီးလေးကို ဖန်ဆင်းရှင် အဖိုးဖြစ်သူက..ပင်လယ်ရေမျက်နှာပြင်ကို သူ့ရဲ့လက်နဲ့ရိုက်ပြီး လှိုင်းများထစေကာ ဖြစ်ပေါ်လာတဲ့ ရေမြှုတ်တွေကနေတဆင့် “အက်ဖရိုဒိုက်” မင်းသမီးလေးကို မွေးဖွားခဲ့တယ်။ မင်းသမီးလေး ဖွားမြင်တဲ့ အဲဒီကမ်းခြေမှာ “Rock of Aphrodite”လို့ခေါ်တဲ့ ကျောက်တုံးကြီးကို ဂရိ(Greece)နိုင်ငံကနေ တန်ခိုးနဲ့ယူဆောင်လာပြီး ပင်လယ်ကမ်းခြေမှာ တည်ထားခဲ့တယ်..။


မင်းသမီးလေးဟာ အရွယ်ရောက်လာတော့ “အာကာ့မတ်စ်” (Acamas)လို့ခေါ်တဲ့ ပန်းပေါင်းစုံ၊ဆေးမြစ်၊သစ်ဥ၊သစ်ဖု တို့စုံလင်စွာပေါက်ရောက်တဲ့ ဒေသက နွယ်ပင်တွေနဲ့ ဖုံးအုပ်နေတဲ့ ရေတံခွန်ရှိတဲ့ လှိုင်ဂူသေးသေးလေးတစ်ခုမှာ ရေသွားချိုးလေ့ရှိတယ်။
အဲဒီနေရာကို မင်းသမီးလေးဟာ သူ့ရဲ့ရွှေဝေါယာဉ်ကြီးကို စီးပြီး ရေအောက်ကနေ မြေလျှိုး...(အဲ..မှားလို့/ ရေလျှိုး)ပြီးသွားလေ့ရှိတာကြောင့် အဲဒီနေရာကို “Beth of Aphrodite” လို့ခေါ်တွင်စေခဲ့တယ်။

“အက်ဖရိုဒိုက်”မင်းသမီးလေးရဲ့အသားအရောင်ဟာလည်း ရွှေရောင်ကဲ့သို့ဝါဝင်းပြီး သိပ်ချော သိပ်လှတဲ့ အဆင်းရုပ်သွင်နဲ့ပြည့်စုံတာကြောင့် တန်ခိုးရှင် မင်းညီ/ မင်းသားတို့ရဲ့အလည်မှာ ထင်ရှားခဲ့တာပေါ့။ မင်းသမီးလေးဟာ သိပ်လှတဲ့ “အာကာ့မတ်စ်”ဒေသရဲ့ အရှင်သခင် “ဇာတ်စ်”(Zeus)Father of the God နဲ့ချစ်ကြွမ်းဝင်ခဲ့တယ်။ သူတို့ချစ်သူစုံတွဲတွေ ကျက်စားခဲ့တဲ့နေရာလေးကတော့ “Mount Olympus”လို့ခေါ်တဲ့ နှင်းတွေနဲ့ပြည့်နှက်နေတဲ့ “ထရိုဒို”(Troodos Mauntain) တောင်ပဲဖြစ်တယ်။ [Image]အဲဒီမှာတင် မင်းသမီးလေးကို တဖက်သတ်ကြိုက်နေတဲ့ “ပါ့ပို့စ်”(Paphos) လို့အမည်တွင်တဲ့ တခြားမြို့က ဘုရင်“ပေမလွန်”(Pygmalion) မင်းသားလေးဟာ အသဲကွဲပြီး မခံမရပ်နိုင်ပဲ “အက်ဖရိုဒိုက်” မင်းသမီးလေးရဲ့ပုံတူရုပ်ထုကို ပြုလုပ်ပြီး [Image]မှော်အတတ်နဲ့ အသက်သွင်းကာ “နို့ရည်ကဲ့သို့အဆင်းရှိသော”လို့အဓိပ္ပါယ်ရတဲ့ “ဂါလတီယာ”(Galatea) ဘွဲ့အမည်နဲ့ “အက်ဖရိုဒိုက်”မင်းသမီးလေးရဲ့ကိုယ်ပွားကို ဖန်ဆင်းပြီး လက်ဆက်ခဲ့ကြတယ်။
အဲဒီမင်းသားလေးနဲ့ ကိုယ်ပွားမင်းသမီးလေး“ဂါလတီယာ”တို့ လက်ဆက်ခဲ့ကြတဲ့ နေရာကတော့ ကျမ လက်ရှိနေထိုင်လျှက်ရှိသော “ပါ့ပို့စ်”မြို့လေးပဲဖြစ်ပါတယ်။
အဲဒီအချစ်ဇာတ်လမ်းလေးကို အစွဲပြုပြီး အင်္ဂလန်ကစုံတွဲအတော်များများဟာ ဒီမြို့လေးကို တကူးတကလာပြီး လက်ထပ်ပွဲတွေကျင်းပလေ့ရှိတယ်။ [Image]တခုထူးခြားတာက “အက်ဖရိုဒိုက်”မင်းသမီးလေးမွေးဖွားရာ ကမ်းခြေက ကျောက်တုံးလေးတချို့ဟာ အသဲပုံသဏ္ဍာန်ဖြစ်နေပြီး / ကျောက်တုံးလေးတွေထဲက အကြောလေးတွေဟာ ပန်းပုံသဏ္ဍန်လေးတွေပေါ်နေတာကို တွေ့ရတတ်ပါတယ်။ [Image]ချစ်သူစုံတွဲတွေဟာလည်း “Rock of Aphrodite” လို့ခေါ်တဲ့ ကျောက်တုံးကြီးပေါ်မှာ မိမိတို့ရဲ့ဆန္ဒကိုချရေးကာ၊ အဲဒီကျောက်တုံးကြီးကို (၃)ပတ် ပတ်ပြီး ချစ်သူတွေ ဆုံဆည်းကြဖို့ ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့သိရပါတယ်။
အဲဒီကျောက်တုံးကြီးရဲ့မျက်နှာပြင်မှာ ချစ်သူစုံတွဲတွေရဲ့အမှတ်တရရေးထားတဲ့ စာတန်းလေးတွေကိုလည်း တွေ့မြင်နိုင်ပါတယ်။
နောက်တခုက “အက်ဖရိုဒိုက်”မင်းသမီးလေးရေချိုးတဲ့ Bath of Aphrodite က ထွက်ရှိတဲ့ စိမ့်စမ်းရေနဲ့မျက်နှာသစ်ရင် မျက်နှာပွင့်လန်းတယ်..တဲ့။
ပြီးတော့ မင်းသမီးလေးစီးခဲ့တဲ့ ရွှေဝေါယာဉ်ကြီးကိုလည်း အဲဒီရေတံခွန်လျှိုလေးရဲ့အောက်မှာ သိုက်ပစ္စည်းအဖြစ်နဲ့ နစ်မြုတ်နေဆဲလို့ဒေသခံတွေက ယုံကြည်ကြတယ်။


[Image]
ကဲ.... အချစ်ရာဇဝင်လေးတွေနဲ့ပြည့်နှက်နေတဲ့ “ဆိုက်ပရပ်စ်”ကိုရောက်ရင်
[Image]“Rock of Aphrodite” ကျောက်တုံးကြီးပေါ်မှာ စာရေးပြီး ကျောက်တုံးကြီးကို (၃)ပတ် ပတ်ပြီးဆုတောင်းဖို့ရယ်..၊ “Bath of Aphrodite”က စိမ့်စမ်းရေနဲ့ မျက်နှာသစ်ဖို့ မမေ့ကြနဲ့နော်။







Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger