သူငယ်ချင်းတို့အားလုံးကို ပြောဖို့တခုကျန်ခဲ့လို့...
ပထမ ကျမရေးခဲ့တဲ့ ဆိုက်ပရပ်စ်နိုင်ငံရဲ့ ဗီဇာအကြောင်းက အကြမ်းဖျင်းပါ။ လိုအပ်မယ်ထင်လို့ ထပ်ပြီး ဖြည့်စွက်ဖော်ပြပေးလိုက်ပါတယ်။သူငယ်ချင်းတို့အတွက် ဗဟုသုတအနေနဲ့ လေ့လာသုံးသပ်လို့ရအောင်လို့ပါ။
ဆိုက်ပရပ်စ်နိုင်ငံသို့ အိမ်ဗီဇာ (House Made ) နှင့် လာသောနိုင်ငံများမှာ မြန်မာ၊ ဆူလန်ကာ၊ဖိလစ်ပိုင်၊ တရုတ်နှင့် ဗီယက်နမ် နိုင်ငံများမှဖြစ်ပါတယ်။
ဆိုက်ပရပ်စ်ရဲ့ လက်ရှိအခြေအနေအရ ဆိုက်ပရပ်စ်အစိုးရဟာ မြန်မာအစိုးရကို ဆန္ဒပြတဲ့အနေနဲ့ မြန်မာလူမျိုးများ ဆိုက်ပရပ်စ်နိုင်ငံတွင် အလုပ်လုပ်ပိုင်ခွင့်ကို လွန်ခဲ့တဲ့ (၃)နှစ်ကတည်းက ယာယီပိတ်ထားပါတယ်။ ကျောင်းဗီဇာမှ လွဲ၍ ဆိုက်ပရပ်စ်မှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားများကိုလည်း စာချုပ်သက်တန်းအရ (၄)နှစ်ပြည့်သည့်အခါ ဆက်လက် သက်တန်းတိုးခွင့်မပေးတော့ပဲ ဆိုက်ပရပ်စ်နိုင်ငံမှ နှင်လျှက်ရှိပါတယ်။
မြန်မာလူမျိုးများအတွက် ကျောင်းဗီဇာနှင့် လာသောသူများမှလွဲ၍ အိမ်ဗီဇာနှင့် စားသောက်ဆိုင်ဗီဇာများကို ပိတ်ထားသော်လည်း အိမ်ဗီဇာနှင့် လာလိုသော မြန်မာများအတွက် မိမိကို ခေါ်မည့် အိမ်ရှင်ကိုယ်တိုင်က Immigration ရုံးမှာ သွားရောက်ပြီး “ကျွန်တော် မြန်မာလူမျိုးကိုပဲ လိုချင်ပါတယ် ခွင့်ပြုပေးပါ” လို့ request လုပ်ရင် ရပါတယ်။ အခုလောလောဆယ် အဲဒီနည်းနဲ့ ဆိုက်ပရပ်စ်ကိုလာနေကြတဲ့
အိမ်ဗီဇာသမားတွေရှိပါတယ်။ ရှင်းရှင်းလင်းလင်း လာခွင့်ပေးတာမျိုးမဟုတ်ပေမယ့်လည်း
အဲဒီနည်းနဲ့ မြန်မာတွေလာနေကြပါတယ်။
အဲဒီလို မြန်မာနိုင်ငံသားများအတွက် ဗီဇာကို တင်းကြပ်လိုက်တဲ့အချိန်က“စ”လို့ ဗီယက်နမ်လူမျိုးများဟာ ဆိုက်ပရပ်စ်နိုင်ငံတွင် အိမ်အလုပ်သမားများအဖြစ် နေရာရလာကြပါတယ်။
ယခုဆိုလျှင် ဆိုက်ပရပ်စ်နိုင်ငံတွင် ဗီယက်နမ်လူမျိုး အိမ်အလုပ်သမားများ တော်တော်လေးကို များနေပါပြီ။
ယနေ့ ကျမကြားလိုက်ရတဲ့ သတင်းတခုကတော့ ဗီယက်နမ်လူမျိုး အိမ်အလုပ်သမားများဟာ စာရိတ္တပျက်ပြားပြီး ကိုယ်ကျင့်တရားဖောက်ဖျက်ခြင်းများကို တွေ့ရှိရတဲ့အတွက် ဆိုက်ပရပ်စ်အစိုးရမှ ဗီယက်နမ်လူမျိုးများအား ဆိုက်ပရပ်စ်နိုင်ငံသို့ ဝင်ခွင့်ဗီဇာကို လွန်ခဲ့တဲ့ တပတ်မှ“စ”၍ လုံးဝပိတ်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ပြီးသည့်နောက်တွင် အိမ်အလုပ်အတွက် စာရိတ္တကောင်းမွန်သော မြန်မာလူမျိုးများဘက်သို့မျက်စိကျလာခဲ့သည့်အတွက် မြန်မာလူမျိုး အိမ်ဗီဇာများကို တရားဝင် ပြန်လည်ဖွင့်ပေးဖို့ အလားအလာများစွာရှိနေပါတယ်။
ဆိုက်ပရပ်စ်နိုင်ငံရဲ့ ဥပဒေအရ ဆိုက်ပရပ်စ်နိုင်ငံဟာ Europe နိုင်ငံစာရင်းဝင်ဖြစ်သောကြောင့် Europian လူမျိုးများသာလျှင်မည်သည့်ဆိုင်တွင်မဆို အလုပ် လုပ်ပိုင်ခွင့်ရှိပါတယ်။ Asia လူမျိုးများကတော့ အိမ်အလုပ်(House maid) နှင့် Asia Food Restaurant ဟုခေါ်သော အရှေ့တိုင်းအစားအစာများဖြစ်သည့် တရုတ်စားသောက်ဆိုင်၊ဂျပန်စားသောက်ဆိုင်၊ ကုလားစားသောက်ဆိုင်၊ ထိုင်းစားသောက်ဆိုင်များတွင် Asia သား မရှိမဖြစ်လိုအပ်သည့်အတွက် ထိုသို့သော ဆိုင်များတွင်သာ အလုပ်လုပ်ပိုင်ခွင့်ရှိပါတယ်။ အနောက်တိုင်း စားသောက်ဆိုင်များတွင် ကျမတို့လို Asia လူမျိုးများ အလုပ်လုပ်ပိုင်ခွင့် လုံးဝမရှိပါ။ အဲဒီဥပဒေကို လွန်ခဲ့တဲ့ ၃နှစ်က “စ”ပြီးချမှတ်ထားခြင်းဖြစ်ပါတယ်။
လက်ရှိအခြေအနေအရ မြန်မာလူမျိုးများအတွက် Asia စားသောက်ဆိုင်များတွင် အလုပ်လုပ်ခွင့် ဗီဇာကို ပိတ်ထားသော်လည်း ဆိုက်ပရပ်စ် Immigration မှ တာဝန်ရှိသူတဦး၏ ပြောပြချက်အရ “အရှေ့တိုင်း အစားအစာရောင်းသော စားသောက်ဆိုင်များမှာ မြန်မာလူမျိုးဝန်ထမ်းများကို အလုပ်ခန့်ချင်တယ်ဆိုရင် တရားဝင်ဗီဇာကိုတော့ ဖွင့်မပေးသေးပါဘူး၊ ဒါပေမယ့် မိမိတို့ အလုပ်ခန့်ချင်တဲ့ မြန်မာလူမျိုးရဲ့ ပါ့စ်ပို့မိတ္တူနဲ့ ကိုယ်ရေးအကျဉ်းကို Immigration ရုံးကို တင်ကြည့်လိုက်ပါ၊ ရုံးက စစ်ဆေးပြီး ချပေးသင့် / မသင့်ကို ဆုံးဖြတ်ပေးပါမယ်” ဟု ဆိုပါတယ်။
အဲဒီအတွက် မြန်မာလူမျိုးများအတွက် စားသောက်ဆိုင်ဗီဇာများ အနည်းငယ် အခွင့်အရေးရှိလာပြီလို့ ကျမသုံးသပ်မိပါတယ်။ ကျမအလုပ်လုပ်တဲ့ စားသောက်ဆိုင်မှာလည်း ယခင်က မြန်မာ(၇)ယောက်ရှိသော်လည်း တယောက်ပြီးတယောက် မြန်မာပြည်ကို အပြီးပြန်သွားကြတဲ့အတွက် ကျမရဲ့သူဌေးဟာ မြန်မာလူမျိုး စားပွဲထိုးများကို အလိုရှိနေတဲ့အချိန်ဖြစ်ပါတယ်။ တရုတ်လူမျိုးများကို အချိန်မရွေးခေါ်ယူအသုံးပြုနိုင်သော်လည်း စဉ်းစားဥာဏ်၊ ပညာအရည်အချင်း၊စာရိတ္တ၊ လူနေမှုစရိုက်များမှာ မြန်မာဝန်ထမ်းများနဲ့ များစွာကွာဟနေတာကြောင့် မြန်မာလူမျိုးဝန်ထမ်းများကိုသာ အလိုရှိနေပါတယ်။ ဖြည့်စွက်ပြောလိုသည်မှာ ကမ္ဘာမှာ မြန်မာပြည်ထက် အဆပေါင်းများစွာတိုးတက်နေပြီဖြစ်တဲ့ တရုတ်ပြည်မှ ပညာတတ်သူတရုတ်လူမျိုးများဟာ ဆိုက်ပရပ်စ်နိုင်ငံကို မလာတော့ပါဘူး၊ ဆိုက်ပရပ်စ်နိုင်ငံမှာ ရမည့် လခဟာ တရုတ်နိုင်ငံမှာ ၇မည့်လခနှင့် အနည်းငယ်သာ ကွာဟခြင်း၊ ပညာတတ်သော တရုတ်လူမျိုးတယောက်ဟာ တရုတ်နိုင်ငံမှ ကုမ္ပဏီတခုတွင် အလုပ်လုပ်ပါက နှစ်ကြာလာသည်နှင့်အမျှ ရာထူးပါ တက်လာနိုင်ခြင်း၊ကုမ္ပဏီနှင့် ပတ်သက်သည့် အခွင့်အရေးများကိုပါ ရရှိနိုင်ခြင်း၊ မိမိ၏ ဆွေမျိုး မိသားစုနှင့် မခွဲခွာရခြင်း ၊ မိမိဘဝအတွက် တိုးတက်မည့်လမ်းများစွာရှိခြင်း စသည့် အကြောင်းများကြောင့် ပညာတတ် တရုတ်လူမျိုးများသည် ဆိုက်ပရပ်စ်နိုင်ငံသို့ လာရောက်၍ အလုပ်လုပ်ခြင်းမရှိတော့ပါ။ ယခု လက်ရှိ ဆိုက်ပရပ်စ်တွင် အလုပ်လာရောက်လုပ်ကိုင်သော တရုတ်လူမျိုးများမှာ ဆင်းရဲနွမ်းပါးသောသူများ၊ ပညာမပြည့်စုံ၍ တရုပ်နိုင်ငံတွင် အလုပ်ရရန် ခက်ခဲသောသူများသာ ဖြစ်သည့်အတွက် ကျမအလုပ်လုပ်သည့် စားသောက်ဆိုင်မျိုးတွင် အလုပ်လုပ်ရန် အရည်အချင်းမမှီသည့်အနေအထားမျိုးဖြစ်နေသည့်အတွက် ဘွဲ့ရ၊ ပညာတတ်သော ၊ အနေအထိုင် အပြောအဆို ပြေပြစ်သော မြန်မာလူမျိုးများ နေရာရလာခြင်းဖြစ်ပါသည်။
မည်သို့ပင်ဆိုစေကာမူ....
မြန်မာလူမျိုးများအတွက် ဆိုက်ပရပ်စ်နိုင်ငံတွင် အလုပ်လုပ်ရန် အခွင့်အရေးများစွာ ရှိပါကြောင်း သတင်းကောင်းပါးရင်း...
ကျမအလုပ်လုပ်သော စားသောက်ဆိုင်တွင် မြန်မာဝန်ထမ်းများ အလိုရှိနေပါကြောင်းအသိပေးလိုက်ရပါသည်။
နွေဦးတော်လှန်ရေး - ၄၄
43 minutes ago
22 comments:
ဆိုက်ပရပ်ကိုလာပြီး အလုပ်လုပ်ချင်စိတ်တောင် ပေါက်လာပြီဗျ။ အဘိုးကြီးဆိုတော့ တယ်နေရာ ကျလှမယ်မထင်ဘူး။ ။
ရွှင်လန်းချမ်းမြေ့ပါစေ ။
မင်းဒင်
အင်း ဆိုက်ပရပ်စ် ကိုလာချင်သား ချစ်ချစ်ကြီးနဲ့ မခွဲနိုင်တာခက်တယ်
ညီမ ရဲ့ စေတနာနဲ့ ရေးပြတဲ့အတွက် ကျေးဇူးတင်ကြမှာပါ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ဆိုက်ပရပ်စ် .. ဗီဇာ .. လျောက်ချင်တယ်ဗျ ... နတ်သမီးတို့ဆိုင်မှာ ပြောပေးပါလား ... ဟဲဟဲ
ဟဟ..
အမတို့ဆိုင်က အယ်ကိုတို့ဆိုင်လောက် ဝင်ငွေမဖြောင့်ပါဘူးနော်...
:)
ဆိုက်ပရပ် မှာ အလုပ်ရဖို့ ဘယ်လိုအရည်အချင်းတွေ လို
မလဲဗျ...။အင်္ဂလိပ်စကားပြောကရော ဘယ်အဆင့်လောက်
အထိ တတ်ရင်ရမလဲ...၊တခြား လိုအပ်တာတွေရှိရင် ပြော
ပြပါဦး နတ်သာမီးရေ....။ကျေးကျေး ကမ္ဘာပါ......:)
နတ်သမီးမမရေ
ပြောတာသာဟုတ်တာပါ ..Emilions နဲ့ Leah ဆီသွားတော့ အမလည်းသိတဲ့ ဈေးနဲ့တောင် Visa ကမရလို့ ညီမလေးစောင့်တာ ၉ လရှိနေပြီး။ ယောကျာင်္လေးကတော့လုံးဝ မလွယ်သေးတာ ညီမလည်းမောနေပြီး။သဌေး ကိုယ်တိုင်လိုက်ဖို့တောင် မိန်းခလေးလို မလွယ်ဘူးဖြစ်နေတယ်။
ကျောင်းဗီဇာ နဲံလည်းအလုပ်ကမလွယ်ဘူးမေးပြီးပြီးမရေ
ဒီလိုပဲ မပြေလည်ခြင်းရဲ့ နောက်ကွယ်က ပြေလည်ခြင်းလာမယ့်နေ့ကို အလုပ်လုပ်ရင်း စောင့်နေတယ် ...မ ငြီမ်းချမ်းပျော်ရွင်ပါစေ....း)
မြန်မာလူမျိုးတွေအတွက်တော့ အင်္ဂလိပ်စကားဟာ လူတိုင်းလိုလို အနည်းဆုံး ထမင်းစား၊ ရေသောက် ပြောတတ်နေတာမို့ သိပ်ပြီး ခက်ခဲမယ့် အချက်မဟုတ်ပါဘူး..။
အင်္ဂလိပ်လို တလုံးမှမတတ်ပဲ Student Visa နဲ့ ဆိုက်ပရပ်စ်ကိုရောက်နေကြတဲ့ တရုတ်လူမျိုးတွေမှ တပုံကြီးပါပဲ..။
ယောက်ျားလေးများအတွက် အလုပ်ကတော့ အရှေ့တိုင်းအစားအစာချက်တဲ့ စားဖိုမှူးအလုပ်၊ ဓာတ်ဆီဆိုင်တွေမှာ ကားရေဆေးတဲ့အလုပ်၊ ဓာတ်ဆီထည့်တဲ့အလုပ်၊ ခြံအလုပ်၊ ကားဒရိုင်ဘာအလုပ်၊ Bar Man အလုပ်၊ စားပွဲထိုးအလုပ် စတဲ့အလုပ်များရနိုင်ပါတယ်။
စားသောက်ဆိုင်မှာ အလုပ်ရဖို့ဆိုရင်တော့ အစားအစာများအကြောင်း သိထားရပါမယ်၊ မြန်မာပြည်မှာ အမှန်တကယ် ဟိုတည်နှင့်ခရီးသွား သင်တန်းတက်ထားဖူးသူဖြစ်ရပါမယ်။ စားပွဲထိုးအတွေ့အကြုံ အနည်းဆုံး လုပ်သက်(၁)နှစ်ရှိထားပြီးဖြစ်ရပါမယ်။ အရက်အကြောင်း၊ ဝိုင်အကြောင်း၊ ကောက်တေးလ်အကြောင်းများနဲ့ မစိမ်းသူဖြစ်ရပါမယ်၊ ဘန်းကိုင်တတ်ရပါမယ်၊ အင်္ဂလိပ်စကား ပီသစွာပြောနိုင်သူဖြစ်ရပါမယ်၊ စိတ်ရှည်သူဖြစ်ရပါမယ်၊ ရုပ်ပိုင်းဆိုင်ရာ အနာရောဂါ ကင်းရှင်းသူဖြစ်ရပါမယ်။ အမြဲတန်းပြုံးနေတတ်သူဖြစ်ရပါမယ်။
ဆေးစစ်ချက် အောင်မြင်သူဖြစ်ရပါမယ်..။
တချို့က ဆေးစာထဲမှာဆေးအောင်ပေမယ့် ဆိုက်ပရပ်စ်လေဆိပ်ကိုရောက်လို့ ဆေးထပ်စစ်တဲ့အခါမှာ ဆေးကျတဲ့သူကို မိမိနိုင်ငံသို့ ချက်ချင်းပြန်ပို့လေ့ရှိပါတယ်။
ကောင်းတယ် ဗဟုသုတလေးတွေ မျှဝေ ထားတာ။
ဆက်လက် ဖော်ပြပေးဦး။
မသိသူတွေ သိရတာပေါ့။
အနီရောင်နဲ့ရေးထားတဲ့ သတင်းတွေက ဝမ်းသာ ဝမ်းနည်းစရာတွေပါလား၊ မျှဝေပေးတာ ကျေးဇူးတင်ပါသည်၊
ဗဟုသုတအများကြီးရတယ်နန်းရေ.။
စေတနာတွေနဲ့ခုလိုပြောပြတာကို အားလုံးက ကျေးဇူးတင်
ကြမှာပါနော်.။
ချစ်တဲ့
သဒ္ဓါ
ညီမငယ် မြသီတာ ဖော်ပြထားတဲ့ Emilios ဆိုသူဟာ ကျမတို့မြန်မာတွေကို ဆိုက်ပရပ်စ်ကိုရောက်အောင် ပထမဦးဆုံး လမ်းစဖွင့်ပေးခဲ့တဲ့ အလုပ်သမားပွဲစားပါ။
Li Li Yar ဆိုသူကတော့ Emilios ရဲ့ အမျိုးသမီး(ဖိလစ်ပိုင်လူမျိုး)ပါ။
Emilios ဟာ လွန်ခဲ့တဲ့ ၁၅နှစ်ခန့်ကတည်းက မြန်မာလူမျိုးများကို ဆိုက်ပရပ်စ်နိုင်ငံသို့ ခေါ်ယူပေးခဲ့ရင်း အခုချိန်မှာ အလွန်ကို မြန်မာပါးဝနေပြီဖြစ်တဲ့ ပွဲစားတယောက်ဖြစ်ပါတယ်။
ကျမနေတဲ့ ပါ့ပို့စ်မြို့လေးမှ စားသောက်ဆိုင်ပိုင်ရှင်များနဲ့ ကျမတို့လို အလုပ်သမားများဟာလည်း သူနဲ့ မကင်းကြပါဘူး။ တခြားမြို့တွေမှာတော့ သူ့လိုပွဲစားတွေအများကြီးရှိပေမယ့် ကျမတို့မြန်မာတွေဟာ သူနဲ့ပဲ ဆက်သွယ်အလုပ်လုပ်နေရတဲ့အတွက်ရယ် နောက်တခုက သူဟာ Immigration ရုံးက ဝန်ထမ်းတဦးလည်းဖြစ်တာကြောင့် သူ့ကို ကြောက်နေရတဲ့ အနေအထားမျိုးမှာ ရှိနေပါတယ်။သူက သူဌေးကို “ဒီလူမကောင်းဘူး..ပြန်ပို့လိုက်၊ ငါ နောက်တယောက်ရှာပေးမယ်” လို့ပြောလိုက်ရင်လည်း သူဌေးတွေက သူပြောတဲ့အတိုင်းလုပ်ကြပါတယ်။ တကယ်လည်း အာဏာရှိတဲ့သူတယောက်ပါပဲ..။
ညီမလေး မြသီတာရေ...
လောလောဆယ် အခြေနေကတော့ အမျိုးသားများအတွက် ဆောင်းတွင်းမို့ အလုပ်ရှားနေတာရယ်၊ ဆိုက်ပရပ်စ်ကို မလာခင် ကြိုပြီးအလုပ်ရှာထားပြီးမှ လာစေချင်ပါတယ်။ ဒီအတိုင်း ကျောင်းဗီဇာနဲ့ဝင်လာပြီးမှ အလုပ်ရှာမယ်ဆိုရင်တော့ ခက်ခဲမှုတွေရှိပါလိမ့်မယ်။ ဒီမှာက ညီမလေးသိတဲ့အတိုင်းပဲ အဆက်အသွယ်၊ အချိတ်အဆက်ရှိမှ အလုပ်ရတဲ့သဘောတွေရှိနေတော့ ကြိုတင်အကွက်ချထားတာက မမှားနိုင်ဘူးလို့ အမအကြံပေးလိုပါတယ်။
ဆိုက်ပရပ်စ်ရောက် မြန်မာမောင်နှမများရှင့်...
ကျမရေးသော ဤဆောင်းပါးကို ဖတ်မိခဲ့ပါက မိမိတို့ရဲ့ အတွေ့အကြုံများကို ဝင်ရောက်ဆွေးနွေး ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်...။
အလုပ်လာလျှောက်ပါတယ်
ဆိုက်ပရပ်စ် မှာ လိုက်ထရပ် light truck မောင်းချင်ပါတယ်
သိပ်ကောင်းတဲ့ ပိုစ့်လေးဘဲ
အလုပ်လုပ်ချင်တဲ့သူတွေအတွက် စိတ်ဝင်စားစရာ သိသင့်စရာတွေပါဘဲ။
အင်း လာချင်သား ဆိုက်ပရပ်စ်ကို စိတ်ဝင်စားတယ်..
သို့သော် အလုပ်ရဖို့ ဘယ်လိုအရည်အချင်းတွေမှ မရှိလို့ ဒီတစ်သက်လာနိုင်မယ် မထင်တော့ပါဘူး။ အခွင့်ရရင်တော့ အလည်လာချင်သား ။
ဆိုက်ပရပ်စ်က အပျိုကြီးတွေအိမ်မှာ house maid လျောက်ချင်လို့ပါ ခင်ဗျာ..
ဘလော့ဘက်ကိုမလှည့်နိုင်တာအတော်ကြာခဲ့ပါပြီအမရေ။ အခုတော့ ကဗျာတွေပြန်ရေးမယ်စိတ်ကူးထားတယ်။ အသစ်လေးလာခံစားပါဦး။
“သုံးဖက်မြင် ကဗျာ” တဲ့လေ။ စီပုံကြီးပျောက်နေလို့ ဒီမှာရေးလိုက်တာဆောရီးပါဗျ။
အမရေ။ စီပုံးမတွေ့လို့ ဒီမှာပဲရေးလိုက်တယ်။ ဘလော့ဘက်မလှည့်ဖြစ်တာတော်တော်ကြာပေါ့ဗျာ။ အခုတော့ ကဗျာတွေပြန်ရေးမယ်စိတ်ကူးတယ်။
“သုံးဖက်မြင် ကဗျာ” လာခံစားပါဦး။
အင်း...ရန်ကုန်က လူပွဲစားအေးဂျင့်တွေ အလုပ်ဖြစ်အုံးမှာဘဲ...ကြည့်ေ၇းပါအုံး မဥမ္မာရေ..
Anonymousရှင့်...
အမအနေနဲ့ ဆိုက်ပရပ်စ်နိုင်ငံမှ မြန်မာလူမျိုးများအတွက် ချမှတ်ထားတဲ့ Visa အကြောင်းနဲ့ အလုပ်အကြောင်းကိုပဲ အမက ရေးပြထားတာပါ။
ရန်ကုန်က ပွဲစားတွေ အလုပ်ဖြစ်တာ၊ မဖြစ်တာ အမနဲ့မဆိုင်ပါ..၊
ရောင်းသူနဲ့ ဝယ်သူ သူတို့အချင်းချင်း ကျေနပ်သလို အလုပ် လုပ်ကြပါလိမ့်မယ်။ အမသိရသလောက်ကတော့ ရန်ကုန်မှာ ဆိုက်ပရပ်စ်ကို ပို့ပေးမယ့် ပွဲစားရယ်လို့ (အရင်ကလိုမရှိတော့ပါ)၊
ဆိုက်ပရပ်စ်မှာ ရောက်နေကြတဲ့ မြန်မာတွေကို ပွဲစားလုပ်တဲ့ ဒေါ်မူမူလည်း Emilios နဲ့ အဆက်အသွယ်မရှိတော့ဘူးလို့ အမကြားသိရပါတယ်။
အခုလက်ရှိလာနေကြတဲ့ မြန်မာတွေကလည်း ဆိုက်ပရပ်စ်ကိုရောက်နေပြီးသား မြန်မာအချင်းချင်း လက်သိပ်ထိုးပြီး ခေါ်နေကြတာ Anomymous လည်း သိပြီးသားပါ။
နောက်နှစ်ဆိုရင် အမလည်း မြန်မာပြည်ကို အပြီးပြန်တော့မှာမို့ ဆိုက်ပရပ်စ်နိုင်ငံရဲ့ ဗဟုသုတ တချို့ကို အမသိသလောက် နောင်လာနောက်သားတွေ သိနိုင်အောင်လို့ မှတ်တမ်းတခုအနေနဲ့ ဒီဘလော့ဂ်မှာ ရေးသားယုံမှလွဲလို့ အမမှာ ဘာရည်ရွယ်ချက်မှ မရှိပါ။
အမက ပွဲစားလည်း မဟုတ်ပါ၊ လွန်ခဲ့တဲ့ ၄နှစ်တုန်းက ဆိုက်ပရပ်စ်နိုင်ငံက စားသောက်ဆိုင်မှာ အလုပ်ရဖို့ အလုပ်ရှာပေးရင် လူတယောက်ကို ပေါက်ဈေး သိန်း၃၀ရှိပါတယ်။
၂ယောက်ဆိုတော့ သိန်း၆၀ပေါ့။
အမအလုပ် လုပ်တဲ့ စားသောက်ဆိုင်က မြန်မာမိန်းခလေး၂ယောက် အခုထိ အမနဲ့အတူရှိနေဆဲပါ၊ သူတို့ကို Traders Hotel ကနေ အမကိုယ်တိုင် ဆိုက်ပရပ်စ်က အမ အလုပ်လုပ်တဲ့ စားသောက်ဆိုင်မှာ အခကျေးငွေ မယူပဲ အလုပ်သွင်းပေးခဲ့တာပါ။ Anonymous လည်း သူတို့ကို သိပါတယ်။
အဲဒီမိန်းခလေး ၂ယောက်ဆီက အိင်္ကျီ၁ထည် လက်ဆောင်ကလွဲလို့ အမ ဘာမှမယူခဲ့ပါ။
နောက်ဆုံး အမပြောချင်တာက မြန်မာလူမျိုးတွေ ဆိုက်ပရပ်စ်ကို လာအောင် စည်းရုံးရေးသားခြင်းမျိုး လုံးဝမဟုတ်ပါကြောင်းနဲ့ အမသည်လည်း ပွဲစားမဟုတ်ပါကြောင်း၊ အမ အလုပ်လုပ်လျှက်ရှိတဲ့ စားသောက်ဆိုင်မှာလည်း လူတွေလိုနေတာမို့ အကယ်၍ မြန်မာလူမျိုးများအတွက် Visa များချပေးခဲ့မယ်ဆိုပါလျှင် မြန်မာတွေ အလုပ်ရကြစေရန် အမဘက်မှ စေတနာနဲ့ သတင်းပေးခြင်းမျှသာဖြစ်ပါကြောင်း...။
Anonymousအနေနဲ့ ဆိုက်ပရပ်စ်အကြောင်းကို မိမိသိသလောက် ဝင်ရောက်ရေးသားရင်း Anonymous ရဲ့ အမည်ကိုပါ ထည့်သွင်းဖော်ပြပေးစေချင်ပါတယ်..။
လေးစားစွာဖြင့်...
မဥမ္မာ(အဖြူရောင်နတ်သမီး)
စလုံးမှာတင် PR မကျလို ယောက်ယက်ခတ်နေကြတာလားလို့
သူ့အပူနဲ့သူပါလား
:(
မျဖဴ..
ဒီပို့ စ်က ကျနော့်အမြင်တော့
ကိုယ့်နိုင်ငံသားချင်း ကိုယ့်အတွေ့ အကြုံနဲ့ ကိုယ်သိထားတာတွေကို ပြောပြတဲ့ 
ကူညီမှုတမျိုးပါဘဲ..။
နာမည်ကြီးဘုရားမှာ ရွှေချပြီးလှုတာမလှုတာတော့ မသိပါဘူး...
ဒီပိုစ့်လေးအတွက်တော့ သာဓုခေါ်ပါတယ်..း)
မှတ်ချက်။ ။ သာဓုခေါ်တဲ့ အထဲ ..ပွဲစားမပါး)
သိချင်နေသူတွေအတွက် တန်ဖိုးရှိတဲ့ ဆောင်းပါးလေးပါပဲ။ ဗဟုသုတအနေနဲ့ အရှေ့တပုဒ်ရော ဒီတပုဒ်ပါ ပေါင်းပြီးဖတ်သွား ပါတယ်။
ဘကျောက်နဲ့ အလုပ်တူတူလျောက်ချင်လို့ ပါခင်ဗျ :D:P
Post a Comment