အရေးပေါ်ပို့စ်”ဆိုတဲ့ခေါင်းစဉ်နဲ့ မောင်အရင်းတစ်ယောက်လိုခင်ရတဲ့ ကိုရဲ(ရဲထွန်းဇော်)မှ မှတ်မှတ်ရရ တဂ်လာတဲ့ ပို့စ်လေးကို နေမကောင်းတဲ့ကြားက ကျမ ဝမ်းသာအားရနဲ့ရေးဖြစ်ခဲ့ပါတယ်။
တဂ်ပို့စ်တွေရေးရတာကို ကျမ အရမ်းပျော်ပါတယ်၊ အထူးသဖြင့် တစ်ဖက်လူက အရေးတယူလုပ်ပြီး Request လုပ်လာခဲ့ရင် ကျမဘက်က စိတ်လိုလက်ရ အမြဲရေးပေးတတ်ပါတယ်။
အပြင်မှာ တစ်ခါမှ မတွေ့ဖူးကြပေမယ့် စာရေးသူအချင်းချင်း ဝါသနာတူချင်းမို့ ကျမတို့စာရေးသူမောင်နှမတွေဟာ အပြင်မှာရင်းနှီးတာထက်ကို ပိုပြီးရင်းနှီကြပါတယ်။
အထူးသဖြင့် ကျမက “စ”တာနောက်တာ သိပ်ဝါသနာပါတဲ့အတွက် FB က “ကြောင်”အဖွဲ့နဲ့ပေါင်းမိနေပါတယ်..။
“ကြောင်” အဖွဲ့ဆိုလို့ တစ်မျိုးမထင်ပါနဲ့..၊ သူတို့အဖွဲ့ဟာ ကြောင်လေးတွေကို သိပ်ချစ်ပါတယ်၊ သူတို့ရဲ့Profile မှာတောင် ကြောင်ပုံလေးတွေကိုပဲ တင်ထားတာမို့ ရင်းနှီးတဲ့သူတွေက သူတို့အဖွဲ့ကို ကြောင်အဖွဲ့လို့ နာမည်ပေးထားတာပါ..။
နောက်ဆိုရင်တော့ နာမည်တွေပါ ပြောင်းတော့မယ်လို့ သတင်းသဲ့သဲ့ကြားပါတယ်..၊ ကြောင်ကိုလတ်၊ ကြောင်မျိုး၊ ကြောင်ရဲ..ဆိုလား..(သာမီးပြောတာ မဟုတ်ပါ..)။
ပထမ အပိုဒ်နဲ့တင် သူတို့ရဲ့ကြောင်မျက်စောင်းတွေ ကျမဘက်ကို ချိန်နေကြပါပြီ၊
“ကျမကြိုက်၏..မကြိုက်၏” ဘက်ကိုပဲ လှည့်ပါတော့မယ်..
ကိုယ်ခန္ဓာ။ ။
“ဆံပင်ရှည်ရှည် အရပ်မြင့်မြင့်”နဲ့မို့ မြန်မာပြည်က လူကြားထဲမှာ ထိုးထိုးထောင်ထောင်ဖြစ်နေတတ်တဲ့ ကျမရဲ့ပုံစံဟာ ရုပ်ချောတဲ့မိန်းခလေးစာရင်းထဲမှာ မပါပေမယ့် တစ်ခါမြင်ဖူးယုံနဲ့ မှတ်မိလွယ်တဲ့ စာရင်းထဲမှာပါ ပါတယ်။
အရပ်၅ပေ၈လက်မရှိတဲ့ကျမအရပ်နဲ့ ညီမျှတဲ့ ကိုယ်အလေးချိန်ကတော့ ၁၃၀ပေါင်ပါ။
ကျမဟာ အလွန်အလှကြိုက်သူဖြစ်တဲ့အတွက် မိမိရဲ့ အရပ်နဲ့ညီမျှတဲ့ ကိုယ်လုံးကိုယ်ထည်ဖြစ်အောင် အမြဲဂရုစိုက်ပါတယ်။
မေမေက “ဝ”တဲ့အတွက် ကျမအနေနဲ့ အခုကတည်းက ကိုယ့်ကိုယ်ကို ထိန်းဖို့လိုပါတယ်၊
နည်းနည်း ဝိတ်တက်လာတာနဲ့ အစားလျှော့ပါတယ်။
ပိုဆိုးတာက ကျမမှာ အစာအိမ်နာ ရောဂါရှိနေတဲ့အတွက် ဗိုက်ပူလာရင် အိပ်-ထ မ-တင် ဗိုက်လေ့ကျင့်ခန်းမျိုးလုပ်လို့မရတဲ့အတွက် အစားကိုပဲ လျှော့စားရပါတယ်။
အထူးသဖြင့် မိန်းခလေးအတော်များများဟာ လူလတ်ပိုင်းအရွယ်ကို ရောက်လာတဲ့အခါ ဗိုက်က“စ”ပြီး“ဝ”လာကြပါတယ်။ ကြည့်ရတာ အလွန်ရုပ်ဆိုးပါတယ်။
ထိန်းနိုင်သလောက် ထိန်းကြဖို့ ကျမတိုက်တွန်းပါရစေ။
နောက်တစ်ခုက မိမိကိုယ်ကိုယ် လှဖို့သာ မဟုတ်ပဲ မိမိရဲ့ ချစ်သူ(သို့) ခင်ပွန်းသည်ရဲ့အကြည့်များ တစ်ခြားမိန်းမလှလေးတွေဆီကို ရောက်မသွားရလေအောင် မိမိကိုယ်ကို ထိန်းဖို့လိုပါတယ်။
ယောက်ျားလေးများပြောတတ်တဲ့စကား“ ချစ်ရယ်..ဝပါစေကွယ်..စားသာစားပါ၊
ချစ် ဘယ်လောက်ဝဝ.. ကိုယ်က ချစ်နေမှာပါ” ဆိုတဲ့စကား ကျမကတော့ အယုံအကြည်လုံးးးဝမရှိပါ၊ ယောက်ျားလေးများဟာ မိမိတို့ရဲ့ ချစ်သူကို ချစ်ကောင်းချစ်နေပါလိမ့်မယ်၊
သံယောဇဉ်နဲ့ တစ်သက်လုံး လက်တွဲသွားချင် သွားပါလိမ့်မယ်၊ ဒါပေမယ့် ဘယ်ယောက်ျားသားကမှ အလှမကြိုက်တဲ့သူ မရှိဘူးဆိုတာ မိန်းခလေးတိုင်းမမေ့သင့်ပါ။
တစ်ခါတစ်လေ ယောက်ျားလေးအများစုဟာ တစ်ကိုယ်ကောင်းဆန်တတ်ကြပါတယ် ။
အဲဒါကတော့ သူတို့ရဲ့ချစ်သူကို ဘယ်ယောက်ျားသားကမှ စေ့စေ့ကြည့်တာ မခံချင်ကြဘူး၊ အဲဒီအတွက် ချစ်သူကို အလှမပြင်ခိုင်းတာမျိုး၊ လှပလွန်းတဲ့ အဝတ်အစားမျိုးကို မဝတ်ခိုင်းတာမျိုးတွေ ၊
သူတို့ရဲ့ ချစ်သူ“ဝ”လေ ..သူတို့အတွက် စိတ်ချရလေပဲမဟုတ်လား။
အဲဒီတော့ ညီမလေးတို့.. မမတို့ရေ...၊
ကိုယ့်ကိုယ်ကို ယုံကြည့်မှုအပြည့်ရှိအောင် နည်းနည်းတော့ အပင်ပမ်းခံဖို့ တိုက်တွန်းလိုက်ပါရစေနော်။
ဒီလိုပြောလို့ ကျမရဲ့ ခန္ဓာ သိပ်လှတယ်လို့ မထင်ကြပါနဲ့..၊
မေမေပေးသလောက်နဲ့ လှအောင်ကျိုးစားနေတဲ့ သာမန် မိန်းခလေးတစ်ယောက်ပါ။
အပြုအမူ။ ။
မခင်သေးတဲ့သူဆိုရင် ခပ်တည်တည်နဲ့ ဆက်ဆံတတ်ပါတယ် ၊ ခင်သွားပြီဆိုရင်တော့ မောင်နှမအရင်းလို “စ” “နောက်”ပြောဆိုဆက်ဆံတတ်ပါတယ်။ စိတ်အရမ်းကောက်တတ်ပါတယ်။
အလုပ်ထဲမှာ စိတ်ရှည်ရှည်ထားရတဲ့အတွက် ကိုပိုင်အချိန်များမှာ စိတ်မရှည်တတ်တော့ပါဘူး။
လူတစ်ယောက်ကို စိတ်ကောက် စိတ်ဆိုးပြီဆိုရင် မျက်လုံးပြူးပြူးကြီးနဲ့ အဲဒီလူကို စူးစိုက်ကြည့်တတ်ပါတယ်။
လမ်းလျှောက်လျှင် ခြေသံမမြည်အောင်လျှောက်တတ်တဲ့အကျင့်ရှိပါတယ်။
အထူးသဖြင့် လှေခါးအတက် အဆင်းကြမ်းသူ၊ အသံကျယ်ကျယ်ပြောတတ်သူ၊ လူကြားထဲ ဒူးပေါ် ပေါင်ပေါ်နှင့် အနေအထိုင်မတတ်သူ၊ အနေအထိုင်ကြမ်းတမ်းသူများကို အရမ်းမုန်းပါတယ်၊
“နှုတ်ကြမ်းတော့ အမိ... ကိုယ်ကြမ်းတော့ အဖ” ဆိုတဲ့စကားအတိုင်း မိမိအပြောမခံရအောင် မိန်းခလေးတစ်ယောက်မှာရှိသင့်တဲ့ ယဉ်ကျေးသိမ်မွေ့ခြင်းများကို ထိန်းသိမ်းပါတယ်။
သူငယ်ချင်း အပေါင်းသင်းများပေမယ့် တစ်ကိုယ်တည်း နေရတာကိုကြိုက်ပါတယ်။
အားလပ်တဲ့အချိန်တွေမှာ ခပ်အေးအေးသီချင်းများကို နားထောင်နေတတ်ပါတယ်။
Feel သမားလို့ပြောလို့ရပါတယ်၊ စိတ်ကူးအလွန်ယဉ်တတ်သူပါ။
အစားအသောက်။ ။
မုန့်ဟင်းခါးကတော့ ကျမရဲ့အသဲစွဲ အစားအစာပါပဲ။
နာနတ်သီး၊ သြဇာသီး၊ သင်္ဘောသီး၊ လိမ္မော်သီးတွေကိုကြိုက်တယ်။
သားကြီးငါးကြီးများမစားပါ။
အဝတ်အစား။ ။
သိပ်ရွေးပါတယ်။
အပြင်တစ်ခါသွားဖို့အရေး အလှပြင်တာ ၁နာရီ၊ အဝတ်အစားရွေးတာ ၁နာရီကြာပါတယ်။
သွားမည့်နေရာဒေသ၊ ရာသီဥတု၊ သွားရသည့်ရည်ရွယ်ချက်(မွေးနေ့၊ လူမမာမေး၊ Shopping ၊ သာရေး၊ နာရေး) တို့ပေါ်မူတည်ပြီး အဝတ်အစားနှင့် အရောင်ကိုရွေးပါတယ်။
ကျမမှာ ရှိတဲ့ အဝတ်အစားများကတော့ အလယ်အလတ် တန်ဖိုးရှိ အဝတ်အထည်များပါတယ်။
မိမိကိုယ်ပေါ်မှာ ဆင်မြန်ထားတဲ့ အဝတ်အစားဟာ တန်ဖိုးကြီးဖို့ထက် မိမိနဲ့ အံဝင်ခွင်ကျ ဖြစ်နေဖို့၊ လိုက်ဖက်နေဖို့၊ Style ကျနေဖို့ပဲ လိုပါတယ်။
အထူးသဖြင့် အဖြူရောင်၊ ပန်းဆီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ ဆင်စွယ်ရောင်များ ကို ပိုဝယ်ဖြစ်ပါတယ်။ ချည်ထည် (စွတ်ကျယ်သား)ကိုယ်ကြပ်ဒီဇိုင်းများနဲ့ ချည်ထည်ဂါဝန်ဖားဖားကြီးများကို ဝတ်လေ့ရှိပါတယ်။
အလုပ်ထဲမှာလည်း မြန်မာပြည်က ချည်ထည်များကို မြန်မာလိုချုပ်ပြီးဝတ်ပါတယ်။
ကိုယ့်ကိုယ်ကိုလည်း လှအောင်ဝတ်သလို တခြားသူများ လှလှလေးတွေဝတ်ရင်လည်း ငေးကြည့်တတ်ပါတယ်၊ သူတို့ဝတ်တဲ့ style လေးတွေကို အတုယူပါတယ်။
မြန်မာပြည်မှာ ကတည်းက ဒီဇိုင်နာ အလုပ်ကို လုပ်ခဲ့သူမို့ အင်္ကျီဒီဇိုင်း၊ဖက်ရှင်နဲ့ပတ်သက်လာရင် သိပ်စိတ်ဝင်စားပါတယ်။
နေရာဒေသအလိုက် အဝတ်အစားကို ခေတ်နဲ့လျှော်ညီအောင် ကျမ ဝတ်နေရပေမယ့် မြန်မာရင်ဖုံးနဲ့ ချိတ်ထမီကို အလွန်နှစ်သက်ပါတယ်၊ ရှပ်အင်္ကျီဖြူ ကော်လာလည်ကတုံး၊ ကချင်ပုဆိုးဝတ်ထားတဲ့ အမျိုးသားများကိုတွေ့ရင်လည်း လိုက်ကြည့်တတ်ပါတယ်(တစ်မျိုးမထင်ပါနဲ့... မျက်လုံးအေးလို့ပါ)။
အကိုတွေ မောင်တွေ ပြောကြပါတော့မယ်..သူတို့ကြည့်ရင်ကောင်းတယ်၊ သူများကြည့်ရင် အပြစ်ပြောပါတော့မယ်။..း(
ကြိုက်တတ်တာလေးတွေ။ ။
ပန်းနံ့သင်းတဲ့ရေမွှေး၊ ပုဇွန်ဆီရောင်ဖျော့ဖျော့၊ အညိုနု နဲ့ပန်းနုရောင်နှုတ်ခမ်းနီတွေကိုဆိုးလေ့ရှိတယ်။
ကျမရဲ့လက်ချောင်းလေးတွေဟာ မလှပတဲ့အတွက် လက်သဲကို အရှည်ထားပြီး လက်သဲနီရောက်စုံလေးတွေနဲ့
လက်ချောင်းသွယ်သွယ်လေးတွေဖြစ်အောင် ဖန်တီးယူထားရပါတယ်။
ဖန်စီနားကပ်တွဲလဲလေးတွေကို ကြိုက်နှစ်သက်တယ်။ ဖိနပ်လှလှလေးတွေကြိုက်တယ်..၊
အိပ်ယာလေး တင်းရင်းနေတာကိုကြိုက်တယ်..
ထမင်းဝိုင်းမှာ ထမင်း၊ဟင်းတွေ ပူနွေးနေတာကိုကြိုက်တယ်..
ညဖက်မှာ ကော်ဖီတစ်ခွက်ရှေ့ချပြီး သရဲကားထိုင်ကြည့်ရတာကိုကြိုက်တယ်...
လက်စွတ်ကို လက်ခလယ်မှာဝတ်တာကြိုက်တယ်..
(လက်သားကြွယ်မှာဝတ်ရတာ စောင်းစောင်းကြီးဖြစ်နေလို့။
နတ်သမီးလေးလို့ ခေါ်တာကြိုက်တယ်(နတ်သမီးမဟုတ်မှန်းသိပါသည်...သို့သော်...)
တဂ်ပို့စ်ရေးခိုင်းတာကြိုက်တယ်...
ကဗျာကြိုက်တယ်...
ကဲ... ကိုရဲရေ...
ရေးပြီးပြီနော်...ကျေနပ်တယ်ဟုတ်...း)
ကျမကသာ သူများတဂ်တာကို ခံနေရတာ၊ ဒီတစ်ခါတော့ ကျမလည်း သူငယ်ချင်းတွေကို ပြန်တဂ်ပါရစေ..
၁။ မချော(အစိမ်းရောင်လွင်ပြင်)
၂။ကော်ဖီခါးခါးကြိုက်တဲ့မမိုးငွေ့
၃။ မကိ
၎။မမခြင်
၅။ မကြီးသိင်္ဂါကျော်
၆။အသဲကွဲနေတဲ့ အနှိုင်းမဲ့
၇။သဒ္ဓါလှိုင်း
၈။Blackrozz(ခံစားမှုသံစဉ်)
၉။ Rose of sharon
၁၀။မန္တလေးက မကြီးရွှေစင်
၁၁။ ညီမလေး အိန်ဂျယ်လှိုင်
တို့ကို ဆက်တဂ်ပါတယ်...။
အားရင် ရေးပေးကြပါ..၊ မအားလည်း စိတ်မဆိုးပါ...။
ကြားဖြတ်သတင်း။ ။
အခုလာမယ့် (၃၀)ရက်နေ့မှာ ကျမရဲ့ “အဖြူရောင်နတ်သမီးဘလော့ဂ်(၂)နှစ်ပြည့်ပါတယ်။
အဲဒီနေ့လေးမှာ သူငယ်ချင်းဘလော့ဂ်ကာများနှင့် စာဖတ်သူများထံမှ ကဗျာလက်ဆောင်(သို့) အဖြူရောင်နတ်သမီးဘလော့ဂ် ဝေဖန်ရေးဆောင်းပါးတိုလေးတစ်ခုလောက် လက်ဆောင်လိုချင်လို့ပါ..။
လက်ဆောင်ကဗျာများကို ဒီကောမန့်ထဲမှာ ချန်ထားခဲ့ပေးပါရှင်။ (ကျေးဇူးအထူး)
38 comments:
လာဖတ်တယ်နော်... :)
ရေးထားတာလေးတွေ ပီပီပြင်ပြင်ပဲ ဖတ်လို့ကောင်းတယ်။
အရပ်ရှည်တာ ကိုယ်ခန္ဓာပြေပြစ်တာ သဘောကျသလို အပြောအဆို ညင်သာတာကိုနှစ်သက်တယ်။
အဝတ်အစားကို ကိုယ်သွားမဲ့နေရာနဲ့ လိုက်ဖက်ညီအောင် ရွေးတာရယ် နှစ်သက်တဲ့အရောင်တွေလည်း မိုက်တယ်။
လူတစ်ယောက်ရဲ့ အဖက်ဖက်က ရွေးချယ် နှစ်သက်မှုဟာ ထိုသူရဲ့ စိတ်ထားကိုဖော်ညွှန်းနေတာလို့ ယူဆပါတယ် အဖြူရောင်နတ်သမီးလေးရေ။
စိတ်ဓာတ်အစဉ် ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
း) ဒီနေရာမှာ ထူးထူးခြားခြား ကိုယ်နဲ့ တူတဲ့အချက်သွားတွေ့မိပါတယ် ။ မခင်တဲ့သူဆို ခပ်တည်တည် နေတတ်ပြီး ခင်ပြီဆိုရင်တော့လား စကားကို ရေပက်မ၀င်အောင်ပြော စတတ် နောက်တတ်ပါတယ် ။
လှပါတယ် အပျိုကြီးရယ် သိပ်မပြင်ပါနဲ့ မိတ်ကပ်တွေ နှမြောစရာကြီးးး)))))
မျက်စောင်းထိုးတဲ့ကြောင်မျိုး
ရေးပေးတာကျေးဇူးပါ နတ်သမီးရေ...
နတ်သမီးက ဆံပင်ရှည်ရှည် အရပ်မြင့်မြင့်နဲ့ မဟာဆန်သူလေးပါ ...
နာနတ်သီးကြိုက်တာတော့တူတယ် ...
တပ်တာတွေနောက်ထပ်လာဦးမယ် ... မျှော်
ပုံပြင်တွေထဲက မြို့ကလေး
ဆိုက်ပရပ်စ်က နတ်သမီးရဲ့
ခံစားချက်တွေ ပုံဖော်ရာ
ဘလော့ ကမ္ဘာကလေး
နှစ်နှစ်မှသည်
နောင် နှစ်ပေါင်းများစွာ
ကဗျာတွေ စာတွေနဲ့
ဝေဆာနိုင်ပါစေ...။
တဂ်လေးတွေလုပ်တော့..
တစ်ယောက်အကျင့်လေးတွေ
တစ်ယောက်သိရတာပေါ့လေ..
.............
လာလည်သွားပါတယ်ရှင်
ခင်မင်လျှက်
မဒိုးကန်
ညီမ ကြိုက်တာ မကြိုက်တာ ကိုတော့ ဖတ်ပြီးသွားပြီနော်
ညီမ ရေးခိုင်းတာလေး ကျိုးစားရေးပေးပါမယ်
အမရွှေစင်
မမရေ..တူတာလေးတွေများနေလို့...:) ကြိုးစားပြိးရေးပါ့မယ်မမ...
This comment has been removed by a blog administrator.
အယ်....နတ်သမီးနေမကောင်းဘူးဆိုလို့မတဂ်တာပါနတ်
နတ်ရာ...၊ကိုရဲတဂ်လိုက်တော့ဟန်ကျသွားရော...:)
၅ပေ၈လက်မအရပ်ကတော့ မြန်မာမိန်းကလေးတွေကြား
မှာအတော်ထင်းနေမှာ....၊မိုက်သဗျာ....:)
ရေးထားတာလေးဖတ်လို့ကောင်းတယ်ဗျ....။
ဒါတွေကြိုက်လို့ ဒီလိုလှနေတာနဲ့ တူပါရဲ့း)
ကြိုက်၏ မကြိုက်၏ လာဖတ်သွားတယ်...နတ်သမီးရေ...ကျန်းမာပျော်ရွှင်ပါစေ...
ကြိုက်တာတွေ မကြိုက်တာတွေ လာဖတ်သွားပြီ။
ညဖက်မှာ ကော်ဖီတစ်ခွက်ရှေ့ချပြီး သရဲကားထိုင်ကြည့်ရတာကိုကြိုက်တယ်...
အဲတာရှားရှားပါးပါး တူတယ်.
နတ်သမီးရဲ့ ပို့စ်ဖတ်ပြီး ပြုံးမိပါသဗျား...ဖတ်ရင်းကနေ ငါးပေရှစ်လက်မကို ရောက်လာတော့ ပြုံးမိပြန်ရော...အလှပြင်တာ တစ်နာရီ၊ အ၀တ်အစားလဲတာ တစ်နာရီထိ ရောက်လာတော့ တစ်ခါပြုံးမိသွားပြန်ရော...ကော်ဖီတစ်ခွက်ချပြီး သရဲကားထိုင်ကြည့်တယ်အထိရောက်တော့ ရယ်မိတယ်...
အင်း...နတ်သမီးကတော့ လှသကိုးဗျ...တက်ဂ်ပို့စ်ရေးအားရှိပေသပေါ့...ဦးဟန်ကြည်တို့ကိုများ တက်ဂ်လို့ကတော့ ဖတ်မယ့်လူရှိမှာမဟုတ်ဘူးဗျို့...ကောင်းကွက်တွေ များလွန်းလို့...ဟား ဟား...
အားတာတော့ လုံးးးဝ မအားဘူး... ဒါပေမယ့် ကြိုးစား ရေးပေးပါ့မယ် နှပ်သမီးလေးရေ....း))
အမတော်ရေ အလင်းသစ် လာဖတ်သွားပါပြီဗျာ။။။
ဟီးဟီး။။။
အလိုလေး..... ကျုပ်ကို အဆော်ပလော်က တီးထားသေး ဘယ်က အညိုးတွေပါလိမ့်..။
ကျနော်ပြောဖူးသားပဲ အစိမ်းနုရောင်လေးတွေ စမ်းဝတ်ကြည့်ပါဆိုတာ တစ်ခါလာလည်း ဆင်ဆွယ်ရောင် တစ်ခါလာလည်း အဖြုနဲ့  အ၀ါ ဒီအထဲက ကို မထွက်နိုင်ဘူး။
ဝိတ်ချဖို့ တော့ ပြောထားပြီးသားနော်... အာလူခင်းတွေ ပတ်ပြေး........
အဲ.. စကားမစပ်. ကချင်ပုဆိုးနဲ့  လည်ကတုံး မှာအုန်းမှ...... ဟိဟိ
မအဖြူရောင်နတ်သမီး က
အဖြူရောင်ကို ပိုကြိုက်ပုံရတယ်နော်
မွေးနေ့ ပွဲးလေးတွေ ကျင်းပရတာကိုလည်း ကြိုက်ပုံပဲ၊
ဟင်းတွေ ချက်ရတာနှင့် ဈေးဝယ်ထွက်ရတာကိုလည်း မိန်းခလေးပီပီ နှစ်သက်တယ် ထင်တယ်။
တစ်ယောက်ထည်း လျှောက်သွားပြီး၊ ဓါတ်ပုံရိုက်ရတာ မှတ်တမ်းယူရတာကိုလည်း အမကြိုက်တာပဲ မို့ လား။
တလောကတော့ ပန်းပင်ရောင်စုံလေးတွေကို စိုက်ရတာ နှစ်သက်တယ်လို့  ဆိုခဲ့ဘူးတယ်လေ။
အမ့ ဖေဖေနှင့် အတူ ပွဲးခင်းတွေကို လျှောက်လိုက်နေရတာကိုလည်း နှစ်သက်ခဲ့ဘူးတယ်တဲ့။
အမ့ မေမေကိုတော့ အမြဲ ခင်တွယ်ခဲ့ပုံပဲ၊ သွန်သင်ရကြိုးနပ်တဲ့ သမီးဖြစ်ပုံပဲ လို့  တွေးလို့ ရတယ်။
မြန်မာမိန်းခလေး ဖြစ်ရတာကိုလည်း အမ့ ကျေနပ်တယ်လို ခံစားရတယ်။
အမ အိမ်မက်တွေကိုလည်း ပုံဖော်တတ်တယ်နော်။
အမ ချစ်တဲ့ အရုပ်တွေကိုတော့ ကြိုက်၏၊ မကြိုက်၏ မပြောဘူးနော်။
အမ ရောက်နေတဲ့ နိုင်ငံက ရိုးရာဓလေ့၊ ယာဉ်ကျေးမူ့ နှင့် သမိုင်းကြောင်း တွေကိုလည်း စူးစမ်းတတ် ပြန်လည်မျှဝေ တတ်တယ်လေ။
အမအကြိုက်ဆုံးက ကဗျာလေးတွေ ဖြစ်သတဲ့။ (အရေးကြီးတာမှ ကျန်တော့မလို့  :D)
အမ ကြောင်လေး၊ ခွေးလေးတွေတော့ ချစ်ပုံမရဘူး။
အလုပ်အပေါ်မှာတော့ အတော်သံယောဇင် ရှိပုံရတယ်။
ဆိုင်ကိုယ်အမြဲလို လာတတ်တဲ့ စားသုံးသူတွေကိုလည်း ခင်မင်ပြီ စေတနာထားတယ်လေ။
တစ်ယောက်ထဲ နေမကောင်းဖြစ်နေရင် သူများတွေကို ဒုက္ခမပေးခြင်ပင်မဲ့၊ အားငယ်နေတတ်ပြီ ကူညီသူတွေ့ ရပြန်တော့ ဝမ်းသာ၊ ကျေးဇူးတင်ပြန်ရော။ (ခွဲးခွာနေရတဲ့ သူတိုင်းပါပဲ ခံစာရမြဲပါ)
ဝတ်စုံတွေ ချုတ်လုတ်တာ၊ ဒီဇိုင်ထွင်ရတာကိုလည်း စိတ်ဝင်စားပြန်တယ်တဲ့။
အမရေ အတူတူ မနေဘူးတော့ အမတင်ထားတဲ့ ပိုစ်လေးတွေဖတ်ပြီး သတိရတာလေးတွေ အမှတ်တရ ရေးပေးလိုက်ပါတယ်။ နှစ်-နှစ်ပြည့် အမှတ်တရ ဖြစ်မယ်လို့  မျှော်လင့်ပါတယ်။
ကိုယ်၊ စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ ပါစေ။
စော(အဝါရောင်မြေ)
မကြီးသိင်္ဂါနဲ့ စောတို့ရဲ့ ကောမန့်ကို နှစ်ပတ်လည်မှာ ထည့်လိုက်မယ်နော်..
ကျေးဇူးးးးးးးးးးးးး
အစ်မရေ.. ကြိုက်တာမကြိုက်တာလေး အခုမှ လာဖတ်ဖြစ်တယ်..း)))....
ခင်မင်လျက်
နေ၀သန်
အမ ရေးထားတဲ့ အပြုအမှုကို ကြိုက်တယ် ..
နောက်၂ ခု ထပ်ထည့်ချင်သေးတယ် ..
ထမင်းစားရင် (သို့)
တစ်ခုခု စားရင်
ပလပ် ပလပ် မြည်တာ မကြိုက်ဘူး ..
ဒေါက်မြင့်မဟုတ်တဲ့ ဖိနပ်
ရိုးရိုး ဖိနပ် တွေကို
ရှပ်တိုက်စီး ပြီး အသံ တစ်ရှပ်ရှပ်ကို မကြိုက်ဘူး ..
အဲ့ဒီ့ အပြုအမှု အပိုဒ်လေးက
အကြိုက်ချင်းတူနေလို့
ထပ်ဖြည့်သွားတယ် မနတ်သမီးရေ ..း))
ခင်မင်လျှက်
ဆောင်းနှင်းရွက်
ငါးပေ ရှစ်ဆိုရင်တော့ သူကြီးမင်းထက် အရပ်မြင့်ပါတယ်။း)))သူကြီးမင်းက ပုပုနဲ့ နုနု။
ဆိုက်ပရပ်ရောက်ဖြစ်လို့ အုပ်စုလိုက် ဓါတ်ပုံရိုက်ကြမယ်ဆိုရင်တော့ ခွေးချေပုကလေး ကြိုဆောင်သွားမှ ဖြစ်မယ်။ :D
ဟုတ်တယ်။ နတ်သမီးမုန်းတဲ့အပြုအမူကို သူကြီးမင်းလဲ မုန်းတုန်းတုန်းဘဲ။း))
ခင်မင်လျက်
မကြီးသိင်္ဂါ>>> လက်ဆောင်ကဗျာလေးအတွက် ကျေးဇူးအထူး
အန်တီတင့်>>> ပေးတဲ့ဆုနဲ့ပြည်ပါစေရှင်
ကြောင်မျိုး>>> အလှကြိုက်ပါတယ်ဆိုမှ..ပြင်မှာပဲ..လှဖို့ဆိုရင် ဘယ်လောက်ကုန်ကုန် ကုန်ပလေ့စေ..း)
ကြောင်ကိုလတ်>>> ကြောင်အကြောင်းတော့ မတဂ်နဲ့နော်...
မဒမ်ကိုး>>> နောက်တခါ မဒမ်ကိုးကို တဂ်မယ်..
မကြီးရွှေစင်>>> မြန်မြန်လေး..အဟေးး(ပျော်လို့)
ညီမလေးအိန်ဂျယ် >>>စောင့်မျှော်နေပါသည်..
ကိုမြစ်>> အချွန်နဲ့“မ”တယ်လား..ဟွင်းးး
သူကြီးမင်း>>> ဆိုက်ပရပ်စ်လာရင် သူကြီးမင်းအတွက် ၄ပေမြင့်တဲ့ ဒေါက်ဖိနပ်အဆင်သင့်ပြင်ထားပြီးသား(ပူနဲ့)
နေဝသန်>>> လက်ဆောင်ပို့စ်လေးအတွက်ကျေးဇူးးးးးးး
ဆောင်းနှင်းရွက်>>>တူတူပဲ..အမလည်း အမြန်ရေးလိုက်ရလို့ ကျန်သွားတာ။
အလင်းသစ်>>> ကျေးဇူးလင်းလင်းရေ..
မမခြင်>>သစ္စာမဖောက်ကျေးးးး
ဦးဟန်ကြည်>>> ရေးလိုက်စမ်းးးးဘာာာ.. စွံခဲ့တဲ့အကြောင်းတွေကို..း)
ကိုညိမ်းနိုင်>>>တော်ပါ... စိတ်ကောက်နေတာ..ဟွင်းးး
ဆွေလေး>>>အပြင်မှာတွေ့ရင် သရဲကားတူတူကြည့်ရအောင်..ကော်ဖီသောက်ရင်း
မမနတ်သမီး... လှလှပပ နဲ့  စားကောင်းသောက်ဖွယ်တွေ ပျော်ပျော်ရွှင်ရွှင်ချက်ပြုတ်ပြီးအမြဲ ပျော်နေနိုင်ပါစေဗျား... အားတဲ့အချိန် ရောက်ရင်း စာဖတ်ဖြစ်ပေမဲ့ comment မထားခဲ့နိုင်တာ ကြာပေါ့.. ကျန်းမာရေး ကရုစိုက်ဦးနော..
ဝင်းမင်း
ဖတ်သွားတယ်အစ်မရေ..........
အမှတ်တရရေးပါဆိုလို့ ရေးမယ်ပေါ့ ဒီရက်ပိုင်းသိပ်မအား တော့ ဒီမှာပဲရေးခဲ့တော့မယ်ဗျာာ
အခက်ခဲ အတိုက်ခိုက် အဖျက်အနှောက်တွေကြုံခဲ့ဆုံခဲ့ လည်း စိတ်မပျက်ပဲ ဘလော့ဆက်ဂင်းနေတာကို ကျေးဇူးအများကြီးတင်ပါတယ်
၂နှစ်ကနေ နှစ်ပေါင်းများစွာ ဆက်ရေးနိုင်ပါစေဗျာ
ကျွန်တော် ဘလော့ရွာထဲ စရောက်ကတည်းက အဖြူရောင်နတ်သမီးရဲ့ အိမ်လေးဆီရောက်ခဲ့ပါတယ်
ဆိုတော့ ကျွန်တော်တို့ဘလော့အသက်တွေမတိမ်း မယိမ်းပါပဲဗျား)
ချမ်းမြေ့ပျော်ရွှင်ပါစေ
မမအဖြူရောင် နတ်သမီးအတွက်
ဘလော့သက်တမ်း(၂)ပြည့်အမှတ်တရ
ကျော့မော့တဲ့ ကိုယ်ဟန်
နူးညံ့တဲ့ စိတ်ထားနဲ့
ဝံကြွားတဲ့ အလှ
ပေါင်းဆက်လို့ အသွင်ထူးနဲ့
လှတဲ့ မမ
ဖော်ရွှေတဲ့ ခင်မင်မှု
နှစ်လိုဖွယ် အပြုံး
ဖောဖောသီသီ သုံးပြိး
ဘလော့မောင်နှမတွေ
ချစ်တဲ့မမ
လှချင်သလို လှ
မာန်မကြွတဲ့
နတ်သမီးဆိုတဲ့ မမ
ကျန်းမာပျော်ရွှင်
ဘဝ အောင်ပွဲတွေဆင်လို့
ထာဝရ ပျော်ရွှင်ဖို့
ဆန္ဒလှလှထုတ်ပိုး
ခပ်တိုးတိုးလေး ဆုတောင်း
ကြေငြာ မောင်းမခတ်ပဲ
ဘလော့သက်တမ်း (၂)နှစ်ပြည့်နဲ့အတူ
မေတ္တာဖြင့် ထုံမွမ်းသော ပန်းတို့နှင့်မခြား
လန်းပါစေကြောင်း ဆန္ဒပြု ဆုတောင်းရင်း
White Angel ရဲ့ သက်တမ်း နှစ်(၁၀၀)တိုင်စေသော်။
ခင်တဲ့ မမအတွက် ကဗျာလက်ဆောင်လေးပါ။
မမရေ အဆင်မပြေ မချောမွေ့ခဲ့ရင် ခွင့်လွတ်ပါလို့
ညီမလေး....:):)
Angelhlaing
“ နတ်သမီးပုံပြင် ”
ရှေးရှေးတုန်းက ကမ္ဘာကြီးတစ်ခုလုံးဟာ ရေတွေအပြည့် ဖုံးနေရှာသတဲ့ ကလေးတို့ရယ်။ အဲဒီတော့ သက်ရှိဆိုလို့လည်း ခွေးတစ်ကောင်၊ ကြောင်တစ်မြီးတောင် မရှိရှာတော့ဘူးပေါ့။ အဲဒီလို ရေအတိဖုံးနေရှာတဲ့ ဦးဦးတို့ရဲ့ ကမ္ဘာကြီးကို ကြည့်ရင်း စိတ်မကောင်းခြင်းကြီးစွာ ဖြစ်နေကြသူတွေကတော့ ရေထဲမှာနေစရာမလိုဘဲ ကောင်းကင်မှာ ဝေဟင်ခရီးလေယာဉ်စီးပြီး နေကြတဲ့ နတ်သား၊ နတ်သမီးတွေတဲ့ကွဲ့။
အဲဒီနတ်သား၊ နတ်သမီးတွေထဲမှာ အကဲဆုံး ( အို…ဟုတ်ပေါင်…မှားကုန်ပြီ ) အသနားတတ်ဆုံးကတော့ အဖြူရောင်နတ်သမီးဆိုပဲ။( ဦးဦးလည်း ဂဃနဏတော့ မသိပေါင်၊ ကြားဖူးတာ ပြန်ပြောတာပေါ့နော ) အဲဒီ အဖြူရောင် နတ်သမီးခမျာ လူ့တိုင်းပြည်ကို ကြည့်ရင်း စိတ်မကောင်းဖြစ်ရှာလွန်းလို့ အခုလို ကဗျာတစ်ပုဒ်ကို စပ်ဆိုလိုက်ပါရောတဲ့ ကလေးတို့ရယ်…
( ဘာရမလဲ…ကဗျာစပ်ခွင့်ရပြီပေါ့ )
“ အလို…
လူ့ပြည်ကြီးဝယ်
ရေလှိုင်းကြီးစွာ၊ ဖုံးလွှမ်းပါ၍
ဘယ်မှာကြည့်ကြည့်၊ ရေအပြည့်နှင့်
မချိတင်ကဲ၊ စိတ်ထဲမရွှင်
ငိုကြွေးချင်မိ၊ ၀မ်းနည်းမိသည်
နတ်၏အသည်း၊ အချစ်ဝဲတွင်
ကြည်လင်ချမ်းမြ၊ ချစ်ချင်လှလည်း
နတ်မဲနတ်ပြာ၊ ဗလချာတို့
သေချာမကြည့်၊ လှသည့်ကိုယ့်ကို
မမြင်လိုသော၊ ထိုသဘောကြောင့်
စိတ်မဖြောင့်နိုင်၊ ငေးမှိုင်ပူမီး
အပျိုကြီးဖြစ်၊ စိတ်ညစ်လှစွာ
နတ်တို့ရွာတွင်၊ မနေချင်ပါ
လူတို့ရွာတွင်၊ ပျော်ရွှင်ချမ်းမြ
နေလိုလှ၏။ အဖဘုရား ကယ်မပါ ”
အနှီ အဖြူရောင် နတ်သမီးက အနှာလို ကဗျာစပ်လိုက်ပြီး နေ့ရှိသ၍ အသံကုန်ဟစ်ပြီး သီချင်းလိုလုပ်ဆိုနေတဲ့အခါ ( အသံတွေဝင်ကုန်လို့တောင် ဖေ့စ်ဘွတ်ဆိုတဲ့ နတ်စာပေလွှာမှာ ကြော်ငြာယူရတယ်ဆိုပဲ ) နားငြီးတော်မူလာတဲ့ နတ်ရွာဖခင်၊ နတ်ဘုရင်ကြီးက အခုလို ကဗျာတစ်ပုဒ်ကို ဟစ်ပ်ဟော့သမားတွေလို “ ယို့…ယို့” ဆိုတဲ့ ၀က်ခေါ်တဲ့အသံနဲ့ နိဒါန်းချီရင်း ဘောင်းဘီပွပွ၊ ခပ်လှလှကိုဝတ်ပြီး နတ်မမကို ပြောလိုက်ပါလေရောတဲ့ကွယ် . . .
“ အလို…
ဟိုနတ်သမီး၊ အပူမီးကြွ
မရွှင်ပြနိုင်၊ ခွေယိုင်နွမ်းခွေ
ညှိုးငယ်နေရဲ့၊ နတ်ပြည်မှာဆို
သူတစ်ကိုယ်တည်း၊ အပျိုကြီးဘဝ
သောကပူလောင်၊ ငေါင်တောင်တောင်နဲ့
ယမ်းယောင်ဟစ်အော်၊ နတ်ပြည်တော်လုံး
အပူးလုံးကြွ၊ စိုးရိမ်ရရင်
နတ်ဘုရင်ငါ၊ ဈာန်လျှောရှာလိမ့်
ကြံရာမရ၊ နတ်မမကို
လူမသဖွယ်၊ တင့်တယ်ဖူးကြွ
ဆင်သပြီးလျှင်၊ အရင်ပေါ်လာ
လူတို့ရွာသို့၊ ငါလျှင်ပို့မည်
နတ်တို့ဘုရင် ငါ့အမိန့် ”
အဲဒီလို အမိန့်သံကို ကြားလိုက်တယ်ဆိုရင်လဲ အဖြူရောင်ကိုပဲ ၀တ်တတ်တဲ့ နတ်သမီးဟာ ၀မ်းသာအားရဖြစ်ပြီး စိတ်တိုင်းကျ ကြွေးကြော်သီဆိုလိုက်တာ အနဂ္ဃ၊ ဘာဘူ၊ သားစ်ုး၊ စ်ုင်းစ်ုင်းခမ်းလှိုင်ဆိုတဲ့ လူ့ပြည်က အထင်ကရ ရက်(ပ်)ပါတွေရဲ့ သီချင်းတွေကုန်တဲ့အပြင် Snoop dog, Lil Kim, P Diddy ဆိုတဲ့ အနောက်တစ်ခွင်က ရက်(ပ်)ဘုရင်တို့ရဲ့ သီချင်းတွေပါ ကုန်ပါလေရောတဲ့ သားတို့သမီးတို့ရယ်။ ဒါပေမယ့် ရက်(ပ်)ပါ အန်တီကြီး Missy Elliot ရဲ့ သီချင်းတွေကိုတော့ အဲဒီနတ်မမက ဘေးမဲ့ပေးထားခဲ့ပါသတဲ့။ ဘာကြောင့်လဲဆိုရင် အဲဒီရက်(ပ်)ပါ မမကြီးက ရုပ်ဆိုးလို့ ဆိုပဲ။ အဲသလို သီချင်းပေါင်းစုံနဲ့ နတ်ဘုံကို ဖျော်ဖြေရင်း ညညအိပ်မရအောင် နှိပ်စက်လွန်းတဲ့ အဖြူုရောင်နတ်မမအတွက် လူ့ရွာလူ့ပြည် တစ်ခု အမြန်ပေါ်ထွန်းပါစေကြောင်း ကျန်တဲ့နတ်တွေ ဆုတောင်းရှာကြတာလည်း အာကာတစ်ခွင် ပြဲပြဲစင်လို့ဆိုပဲ သားသား၊ မီးမီးတို့ရဲ့…
အနှီနတ်အပေါင်းတို့ရဲ့ ဆုတောင်းချက်က ပြည့်ချင်ပြန်တော့ တစ်နေ့သားမှာ ရေအပြည့်လွှမ်းနေတဲ့ လူ့တိုင်းပြည်က ရေကမ္ဗလာမှာ မြေလွှာတစ်ခုပေါ်လာပါလေရောတဲ့ကွယ်။ အဲဒီမြေလွှာကြီးစပေါ်တဲ့အခါမှာ နတ်တွေကလည်း ၀မ်းသာအားရနဲ့ ဆိုက်ချင်တဲ့နေရာကိုဆိုက်ဆိုပြီး အင်တိုက်အားတိုက် အားပေးနေရင်းကနေ ကြုံတဲ့နေရာမှာ ထိုးရပ်သွားလိုက်တာ “ ပလပ် ” ဆိုတဲ့ ရေသံလေးတောင် ထွက်သွားတယ်ဆိုပဲ။ ဆိုက်ချင်ရာမှာ ဆိုက်ပြီး ပလပ်ဆိုတဲ့ ရေသံထွက်ခဲ့တဲ့ အနှီကုန်းမြေကို နတ်တွေက မပီကလာ ပီကလာ စကားနဲ့ အသံထွက်ပြန်တော့ “ ဆိုက်ပရပ်စ် ” လို့ ဖြစ်လာဆိုပဲ သားတို့၊ မီးတို့ရေ။
အဲဒီမှာပဲ နတ်တို့သနင်း ဘိုးနတ်မင်းက ချက်ချင်းဆိုသလို နတ်သဘင်အစည်းအဝေးခေါ်တဲ့ပြီး နတ်ပြည်ငြီးလို့ လူ့ထီးစံမယ့် နတ်သမီးကို ဘာပညာများ တတ်ပါသလဲလို့ မေးပါလေရောတဲ့ကွယ်…
အနှီလိုမေးတဲ့အခါမှာ အဖြူရောင်နတ်သမီးက
“ ကျွန်တော်မျိုးသည်
ပီပြင်ဖြူလွ၊ ဂွမ်းစကိုပင်
ရသာရွှင်သည့်၊ ဟင်းဖြစ်ဘိအောင်
စွမ်းဆောင်နိုင်သော၊ ဓာတ်သဘောကို
စောကြောသေချာ၊ တတ်မြောက်ပါကြောင်း ”
လျှောက်တင်ဆိုပဲ သားတို့မီးတို့ရေ။
အနှီမှာတင် နတ်မင်းကြီးက -
“ ချစ်နှမသည်
အလှဝေဖြာ၊ မြေကမ္ဘာကို
အာဟာရဖြင့်၊ ဂုဏ်တင့်စေရန်
အကြံကောင်းလှ၊ ဖြူစင်လှ၍
တရုတ်မသွင်၊ မြဲဝတ်ဆင်ပြီး
ကြီးကြယ်လွန်းစွ၊ ဆိုင်လှလှတွင်
တွင်တွင်အလုပ်လုပ်စေသော် ”
ဆိုတဲ့ အမိန့်တော်ချမှတ်ပြီး အနှီပေါ်ဦးပေါ်ဖျား “ ဆိုက်ပရပ်စ် ” ဆိုတဲ့ တိုင်းပြည်ကို လူ့အသွင်နဲ့ ပို့လိုက်ပါလေရောတဲ့ကွယ်။ အဲဒီ “ အဖြူရောင်နတ်သမီး ” လူ့ပြည်ကို ပထမဆုံး ရောက်လာတဲ့နေ့က ဦးဦးတို့ ဘိုပြက္ခဒိန်အတိုင်းဆိုရင် ဇူလိုင်လ ၃၀ ရက်နေ့ဆိုပဲ။ အဲဒီနေ့ရောက်တိုင်း နတ်ပြည်က အကျင့်တွေမပျောက်တတ်သေးတဲ့ အပျိုကြီး နတ်သမီးက သူလူ့ပြည်ကို ရောက်လာရတဲ့အကြောင်းကု ဦးဦးတို့လို ဘလော့ဂါ အကောင်းစားကြီးတွေကို စိတ်တိုင်းကျ ပြုစုပြီး ( ဟင့်…ဘာမှလဲ မစားရပါဘူးဗျာ ) စာတစ်တန် ပေတစ်ထုပ်ဖြစ်အောင် ရေးခိုင်းလေ့ရှိတာမို့ ဦးဦးလည်း နတ်သမီးမျက်စောင်းအ ကြောင်းသုံးပါးမရွေးတာကို အင်မတန်ကြောက်ရတာကြောင့် အကောင်းဆုံးအားမွေးပြီး အခုလိုပုံပြင်လေးကို ကလေးတို့ကို ပြောပြလိုက်လေသတဲ့ကွယ်။
သားတို့သမီးတို့ရေ…
မယုံရင်လည်း ပုံပြင်သာမှတ်ပေတော့ကွယ်။ အဲဒီနတ်သမီးက ဦးဦးဟန်ကြည်ကို သူ့စားသောက်ဆိုင်မှာ တစ်လလုံးလုံး စားချင်ရာစားဖို့ ခွင့်ပြုလိုက်တယ်ဆိုပဲ။ ဒါပေမယ့် ဦးဦးဟန်ကြည်ခမျာ လေယာဉ်ခမရှိလို့ မသွားရပါဘူးတဲ့ကွယ်။ ။
ပုံပြင်လေးကတော့ ဒါပါပဲ နတ်သမီးရယ် . . .
( နတ်သမီးရေ fb က wall မှာတင်ပေးလိုက်ပြန်တော့ ရှည်လို့လက်မခံပြန်ဘူး... message မှာပို့ပြန်တော့လည်း ရှည်တယ်ဆိုတော့ နှစ်ပိုင်းခွဲပို့ရတယ်...ကွန်မန့်မှာကျမှပဲ အဆင်ပြေတော့တယ်...စောစောကသိရင် တစ်ခါတည်း ဒီကို တန်းလာလိုက်တယ်...ဆိုက်ပရပ်စ် စံတော်ချိန်တော့ မမှန်းတတ်တာမို့ မြန်မာစံတော်ချိန်နဲ့ ၃၀ ရက်နေ့ မနက် ၁ နာရီတိတိမှာ ပို့ပေးလိုက်ပါသဗျား...လွဲသွားရင်လည်း သည်းခံပေတော့...)
အံမယ်လေး...ဒီမှာရောက်မှ သုံးခါတောင်ခွဲပြီး ပို့ရပါသဗျ...တော်ပါသေးရဲ့ နုတ်ပက်မှာ ဆေ့ဖ်ထားမိပေလို့...နတ်သမီးရေ...ဘီယာတစ်ဂါလံနဲ့ ၀က်ကောင်လုံးကင်တစ်ပွဲတော့ တန်ပါပြီဗျာ..
နတ်သမီးရေ Happy Blog Birthday ပါ။ နှစ်နှစ် ဘလော့ဂ်သက်တမ်းမှသည် ပျော်ရွှင်စွာ ဘလော့ဂ်ဆက်လက် ရေးသားနိုင်ပါစေလို့ ဆုတောင်းပေးသွားပါတယ်။
နမ်းရေ..မေလ်းပို့ထားတယ်နော်။
ချစ်တဲ့
သဒ္ဓါ
မငယ်..ကျေးဇူး အထူး..
သဒ္ဓါ... တင်လိုက်ပြီသူငယ်ချင်းလေးရေ...ကျေးဇူး
ကိုဟန်ကြည်... အပြီကိုရေးပေးထားတယ်ရော..ကျေးဇူး
နတ်သမီးဘလော့ဂ်လေးရဲ့ နှစ်နှစ်ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်းရှည်ကြာတိုင်ပါစေ။ နတ်သမီးလည်း ကျန်းမာပျော်ရွှင်စွာနဲ့ ဘလော့ဂင်းနိုင်ပါစေကြောင်း ဘလော့ဂ်မွေးနေ့ဆုတောင်းလေး ခြွေခဲ့ချင်ပါတယ်။
ဘလော့ဂ်တစ်ခုကို ၂နှစ်ဆိုတဲ့ကာလတစ်ခုထိ အဒွန်ရှည်အောင် ထိန်းသိမ်းနိုင်ခဲ့ပြီး လူချင်လူခင်ပေါများလို့ အလည်အပတ်များတဲ့ဘလော့င်္ဂလေးတစ်ခုအဖြစ် ပြုလုပ်နိုင်ခဲ့တာတွေပာာ အဖြူရောင် မမနတ်သမီးရဲ့အရည်အချင်းပါပဲ...အများကြီးဂုဏ်ယူပါတယ် ရှင် ။
ကျမရဲ့နတ်သမီးလေးကတော့ တခြားသူမဟုတ်ပါဘူး။ အားလုံးကအဖြူရောင်နတ်သမီးလို့ သိကြတဲ့ အမနမ်းမဝပါဘဲ..ကျမနဲ့ နတ်သမီးလေးနဲ့ဘယ်လိုစသိခဲ့လဲလို့ သေချာမမှတ်မိတော့ပါဘူး...အမှန်ကန်ဆုံး
ပြောပြတာပါ.. ကျမနတ်သမီးလေးရဲ့ Blog ကိုစရောက်သွားချင်း.. သတိထားမိတာက မြန်မာဝတ်စုံလေးနဲ့ အ၇မ်းလှတဲ့ နတ်သမီးလေးပါလား ဆိုတာပါဘဲ ။ ကျမအဲဒီပုံလေးတွေအကြာကြီး ကြည့်နေခဲ့ပါတယ် ။ နောက်ပြီးတော့ မြန်မာဝတ်စုံလေးနဲ့ အရမ်းလှတယ်ဆိုတဲ့အကြောင်း ကောမက်လေးရေးပေးခဲ့ပါတယ်။နောက်ပိုင်းတော့ နတ်သမီးလေးစီကိုမကြာမကြာသွားဖြစ်ခဲ့ပါတယ် ။
ကျမစီကို နတ်သမီးလေးကလည်း ပြန်လာလည်ခဲ့ပါတယ် ။ ကျမကသူများတွေလို စာရေးမကောင်းပါဘူး။ နောက်ပြီး ကျမခံစားမိတာလေးတွေကိုဘဲ ရေးတဲ့သူမို့ ကျမရေးတဲ့စာတွေကို စိတ်ရှည်စွာနဲ့ လာဖတ်ပေးတဲ့ သူတွေထဲမှာကျမရဲ့နတ်သမီးလေးလည်း ပါဝင်ခဲ့ပါတယ် ။နတ်သမီးလေးက သူငယ်ချင်းတွေရဲ့ မွေးနေ့ပွဲတွေကိုလည်း အမြဲတမ်းတာဝန်ယူကျင်းပပေးတဲ့ သူပါ ။ကျမရဲ့မွေးနေ့လေး ကိုလည်းလုပ်ပေးရမယ်နော်လို့...ကျမနတ်သမီးလေးကိုပြောဖူးပါတယ် ။ နတ်သမီးလေးကချက်ချင်းဘဲ မွေးရက်နဲ့မွေးလ လေးသာပြောထား ။မွေးနေ့ရောက်ရင် မွေးနေ့ပွဲလေး ကိုလုပ်ပေးမယ်လို့ အကြောင်းပြန်လာပါတယ်။ကျမရဲ့နတ်သမီးလေးက အဲလိုမျိုးသူငယ်ချင်းတွေအပေါ်ကို တာဝန်ကျေပြီး
ချစ်တတ်တဲ့ နတ်သမီးလေးပါ....ကျမနဲ့နတ်သမီးလေးတခါမှ gtalk မှာစကားမပြောဖူးပါဘူး။ဒါပေမဲ့ ကျမစိတ်ထဲမှာခံစားပြီး ကြားယောင်လို့ရပါတယ်....နတ်သမီးလေးရဲ့ အသံချိုချိုလေးတွေကိုပေါ့....။။
ကျမနတ်သမီးလေးနဲ့ ခင်မင်မိတာမကြာသေးပါဘူး။ဒါပေမဲ့စိတ်ထဲမှာ ခန့်မှန်းလို့ရနေပါတယ် ။
နတ်သမီးလေးရဲ့ ဖြူစင်တဲ့စိတ်ဓါတ်လေးကိုပါ ။။အဖြူရောင်နတ်သမီး ဆိုတဲ့ နာမည်လေးနဲ့
လိုက်ဖက်လှပါတယ်။ တကယ်ကို အဖြူရောင်နတ်သမီးလေးပါဘဲ.....
ဖြူစင်မှုတွေလွမ်းခြုံ
အေးမြတဲ့အပြုံးလေးပိုင်ရှင်
ကျမရဲ့ နတ်သမီးလေးရေ... ကျမတို့နှစ်ယောက်တယောက်နဲ့တယောက်မျက်နှာချင်းဆိုင်
မတွေ့ဖူးကြသေးပေမဲ့ ကျမရဲ့ အဖြူရောင်နတ်သမီးလေးကို ကျမအမြဲတမ်းချစ်နေမယ်နော်..
အမှတ်မထင် ခင်မင်သိကျွမ်းခဲ့ရပေမဲ့ နတ်သမီးလေးက ကျမရဲ့ အမှတ်တရ ပုံရိပ်လေးတခုပါဘဲနော်...။
နတ်သမီးလေးကို ချစ်တဲ့ .... blackroze
ဘ၀ဆိုတာ ဘယ်နှစ်ဆစ်ချိုး ကျိုးလဲဆိုတာ ကျနော်
မသိပါဘူး.....။သိဖို့ ကြိုးစား၇င်းနဲ့  အချိန်တွေကုန်
ဆုံးတာကိုတော့  ကျနော်သတိပြုမိခဲ့ပါတယ်..။
Age is a very high price to pay for maturity. (Tom Stoppard)
အသက်အ၇ွယ်ဆိုတာ ၇င့် ကျက်မှု့ အတွက်ပေးဆပ်
လိုက်၇တဲ့  တန်ဖိုး၇ှိတဲ့  အ၇ာတွေ ဆိုတာ က
တကယ်မှန်၇ိုးဖြစ်ခဲ့ ၇င် အဖြူေ၇ာင်နတ်သမီး ၇ဲ့ 
နှလုံးသားနဲ့ေ၇းတဲ့  ၇င်ဘတ်ထဲက ဒီပြတိုက်လေးမှာ
၇င့် ကျက်မှု့ တွေ့ ပြည့် နေမှာပါ ......။
နတ်သမီးရေ.... ပြောချင်တာတွေက များနေပေမယ့်... ပျော်စရာကောင်းတယ်လို့ပဲ ပြောတော့မယ်နော်။း)
ခင်မင်လေးစားလျက်
Thank you so much for your post. It is really interesting and fun. It is simple and clear what you want other people to know. You are very good at everything. Most people are good at something but you got everything. You are just like an angle as your blog.
Post a Comment