သက်တန့်(သက်တန့်ချို) ၊ ကိုမင်း( မင်းဧရာ) နဲ့ ဘလော့ဂ်ကာမောင်နှမတွေ ကျမကို တဂ်ထားကြတဲ့
“ဘလော့ဂ်ကာဆိုတာ ဘာလဲ” ..ဆိုတဲ့ ဆောင်းပါးလေးကို အကြွေးဆပ်ပါတယ်။
ဒီ၂လအတွင်း ကျမလည်း အလုပ်တွေအရမ်းပိနေတာကြောင့် ဘလော့ဂ်ဖက်ကို လုံးဝမလှည့်နိုင်ဖြစ်နေခဲ့ရတယ်။
ဒီပို့စ်လေးကို ဘလော့ဂ်ကာမောင်နှမများအားလုံးလိုလို ရှုထောင့်အမျိုးမျိုးကနေ ရေးပြီးသွားကြပြီမို့ “Blogger” ဆိုတဲ့အဓိပ္ပါယ်ကို အားလုံးလည်း သိပြီးလောက်ပါပြီ။
အဲဒီအတွက် ကျမအနေနဲ့ ထပ်ပြီး မရေးတော့ပဲ ကျမပြောချင်တဲ့ စကားတချို့ကိုပဲ ပြောခွင့်ပြုပါရှင်...
အတိုပြောရရင်တော့ Blog ရေးတဲ့သူကို Blogger လို့ခေါ်ပါတယ်။
အများ သူ ငါ မြင်တွေ့နိုင်တဲ့ Stage လို့ခေါ်တဲ့ Social Network စင်မြင့်ပေါ်မှာ တကမ္ဘာလုံးမြင်အောင် မိမိကိုယ်ကို ထွက်ပြပြီး အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတ၊ဘာသာရေး၊နိုင်ငံရေး၊ ဆေးပညာ၊ အနုပညာ၊ ခံစားချက် စသည်တို့ကို ဖြန့်ဖြူးဝေငှနေတဲ့ စာရေးသူတွေဟာ Blogger တွေပဲပေါ့..။
Blogger ဆိုတဲ့သူတွေကို ထပ်ခွဲမယ်ဆိုရင်တော့ အများကြီးပါ..
တချို့က မိမိတို့ရဲ့ခံစားချက် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု စသည်တို့ကိုရေးကြတယ်..။
တချို့က တခြားသူ ရေးထားပြီးသား သတင်းဆောင်းပါးတွေကို ပြန်လည်ဖြန့်ဖြူးတယ်..။
တချို့က ကိုယ်ပိုင် ဒဿနတွေ၊ ဝတ္ထုတွေ၊ ကဗျာတွေကိုရေးတယ်..။
တချို့က မိမိတို့ကျင်လည်ရာ လုပ်ငန်းခွင်အတွေ့အကြုံတွေကို ဗဟုသုတအနေနဲ့မျှဝေကြတယ်..။
တချို့က မိမိတို့ရောက်ရှိနေရာ ဒေသရဲ့ လူနေမှု၊ ရာသီဥတု၊ ရိုးရာဓလေ့အကြောင်းတွေကို မျှဝေကြတယ်..။
တချို့က ဓာတ်ပုံ၊ ပန်းချီ၊သီချင်း စသည်တို့ကို စုစည်းတင်ပြတယ်..။
တချို့က မိမိကိုယ်ပိုင်မှတ်စုတခုအနေနဲ့ မှတ်တမ်းသဘောမျိုးလေးတွေရေးကြတယ်..။
တချို့က စီးပွားဖြစ်ကြော်ငြာဆိုဒ်အဖြစ် အသုံးပြုကြတယ်..။
ပြီးတော့ ဆေးပညာသိကောင်းစရာ၊ ဘာသာရေး၊ နိုင်ငံရေး၊ သတင်းအချက်အလက်များကို လွယ်ကူစွာဖတ်ရှုနိုင်တဲ့ Blog တွေလည်း အများကြီးပါပဲ..။
အဲဒီလို မိမိတို့ကိုယ်ပိုင်ဆိုဒ်လေးတခုလုပ်ပြီး အများအတွက် မိမိတို့သိသမျှကို မျှဝေပြီး မိမိမသိရှိသေးသော အကြောင်းအရာများကို ပြန်လည်သင်ယူလေ့လာနေကြတဲ့သူတွေကို Blogger လို့ခေါ်ပါတယ်။
ကျမပြောချင်တာကတော့ စာရေးသူဆိုတာ မိမိတို့ရေးသော အကြောင်းအရာများသည် ရည်ရွယ်ချက်ရှိရမည်၊ အများအတွက် အကျိုးရှိသော ၊ ဗဟုသုတရရှိစေမည့် စာများဖြစ်ရမည်၊ မိမိရေးသားသော စာကို မိမိတာဝန်ယူနိုင်ရမည် ..ပေါ့။
နောက်တခုက Forward Mail ကနေတဆင့် Blog ပေါ်ကို Post တခုအနေနဲ့ ရောက်ရှိလာတတ်တဲ့ အကျိုးမရှိသော စာများကို တွေ့ရှိနေရပါတယ်။
ဥပမာ။ ။ ဤစာကို သင်၏ မိတ်ဆွေ(၃)ယောက်အားဖြန့်ဝေပါလျှင် (၇)အတွင်း ချစ်သူရမည်။
(၇)ယောက်အားဖြန့်ဝေပါလျှင် သင့်ချစ်သူထံမှ အနမ်းလက်ဆောင်ကို မကြာခင်ရလိမ့်မည်။
သို့မဟုတ်ပါပဲ ဤစာအား ဖြန့်ဝေမှုမရှိပါက သင်အပျိုကြီးဖြစ်လိမ့်မည်..ဆိုတာက ပါသေး..။
ဘာတွေလဲရှင်..
နားကို မလည်နိုင်တော့ပါဘူး..
အဲဒီလိုစာတွေကို ဖြန့်ဖြူးဝေငှသင့်ပါသလား..။
အဲဒီလို စာမျိုးတွေကို အရေးတယူလုပ်ပြီး ရေးနေသူတွေ ဖြန့်ဝေနေသူတွေအတွက် ကျမ စိတ်မကောင်းဖြစ်မိပါတယ်။
အသိပညာတွေ ရှိနေပါလျှက်နဲ့.. မသက်သာလို့ မျက်စိပိတ် နားပိတ် ပါးစပ်ပါ ပိတ်နေရတဲ့ ကျမတို့ရဲ့ဘဝတွေ..
ပြောချင်တိုင်း ပြောပိုင်ခွင့်မရှိတဲ့..ဘဝ
ရေးချင်ပေမယ့် ရေးပိုင်ခွင့်မရှိတဲ့...ဘဝ
အဲဒီလိုနဲ့ပဲ.. ခံစားချက်တွေကို မျိုချနေကြရတဲ့...ဘဝ
ပြောရမယ်ဆိုရင် နွံ့မျိုခံနေရတဲ့..ဘဝ တွေကလွတ်ဖို့..
ပြောရဲဖို့တော့လိုပါတယ်..( ရေးသာရေးရတယ်.. မျက်ခုံးက ခပ်လှုပ်လှုပ်ရယ်..၊ပြည်တော်ပြန်ဖို့ကရှိသေးတယ်၊ တော်ကြာ အပေါက်ဝကနေ လာကြိုနေမှ ဖြင့်...း(၊ အဲဒီလိုပေါ့နော်)။
အဲဒီလိုအခြေအနေတွေကြားထဲမှာ နေသားကျနေကြပြီဖြစ်တဲ့ ကျမတို့တွေဟာ ပေါ့ပေါ့လေးတွေးပြီး ပေါ့ပေါ့လေးတွေကိုပဲ ရေးလာကြတော့တာပါပဲ။
ဒါဟာ စာပေလောကမှာ ဆုတ်ယုတ် အားလျော့လာခြင်းအတိတ်နမိတ်ပါ။
ဒါဟာ မဖြစ်သင့်တဲ့ အကြောင်းတရားတွေပါ။
အဲဒီလို အကျိုးမရှိတဲ့ စာမျိုးတွေကို ကျမရှုပ်ချပါတယ်၊ ကန့်ကွက်ပါတယ်။
ကျမတို့လို စာရေးသူတွေဟာ မိမိတို့သိရှိထားတဲ့ ဗဟုသုတများ၊ အသိပညာများ၊ အတတ်ပညာများကို မကွယ်မဝှက်ပဲ ပညာပေးအနေနဲ့ ရေးသင့်ပါကြောင်း တိုက်တွန်းလိုပါတယ်။
အထူးသဖြင့် မြန်မာမိန်းခလေးအများစုဟာ မိဘလောင်းရိပ်(အုပ်ထိန်းမှု)အောက်မှာနေကြတဲ့သူတွေပါ။
တချို့ဆိုရင် အိမ်ထောင်သာကျသွားကြတယ် အမျိုးသမီးကိစ္စနဲ့ပတ်သက်လို့ ဗဟုသုတ အလွန်နည်းကြပါတယ်။
ကျမဆိုရင်လည်း နိုင်ငံခြားရောက်မှ သိခဲ့ရတဲ့ အမျိုးသမီးနဲ့ပတ်သက်တဲ့ ဆေးပညာ၊ ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေ အများကြီးပါ။
ခက်တာက ကျမတို့ရဲ့ ခေါက်ရိုးကျိုးနေပြီဖြစ်တဲ့ အတွေးထဲက အကြောက်တရား၊ စိုးရိမ်မှုတွေကို ပယ်ဖျက်ဖို့ခက်ခဲနေတာပါပဲ။
“ငါ ဒီလိုရေးလိုက်ရင် ငါ့ကိုတော့ အဲဒီလို ထင်ကြတော့မှာပဲ”.. ဆိုတဲ့ မိမိကိုယ်ကို ကာကွယ်လိုတဲ့စိတ်ပါ။
ဒါဆိုရင် စာရေးသူဟာ သူ့ကိုယ်သူချစ်နေတာ.. ၊ “စာရေးခြင်းဟာ မိမိအတွက်မဟုတ်.. အများအတွက်” ဆိုတာလေးကို ထည့်သွင်းစဉ်းစားနိုင်မယ်ဆိုရင်တော့ ကျမတို့လို မျက်စိပိတ်၊ နားပိတ်၊ ပါးစပ်ပိတ် ဆိုတဲ့ ပိတ်(၃)ပိတ်ဘဝကနေ အမြန်ဆုံးလွတ်မြောက်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အကြွေးဆပ်ဖို့ အရမ်းနောက်ကျသွားတဲ့အတွက် အားလုံးကို တောင်းပန်ရင်း..
အစဉ်လေးစားလျှက်..
နမ်းမဝ(အဖြူရောင်နတ်သမီး)
Dear Angel.....(23)
18 hours ago
18 comments:
အစ်မနတ်သမီးရှင့်...
လာကြိုနေပါပြီရှင်..းP
မစိုးရိမ်ပါနဲ့ရှင်.အစ်မအိမ်ကလာကြိုတာပါး)
ပိတ်(၄)ပိတ်ဘ၀ကနေ..
လွတ်မြောက်နိုင်ကြပါစေသောဝ်..။
တစ်ပိတ်က ပြိတ္တာပါ..း)
ပျော်ရွှင်ပါစေအစ်မရှင့်...
ချစ်ခင်စွာဖြင့်
မိစံ
သတင်းခေါင်းစဉ်...
ပြည်တော်ပြန်နတ်သမီးကြိုဆိုပွဲကို ကျကျနန သိုင်းသိုင်းဝန်းဝန်းနဲ့ကျင်းပပေးကြလိမ့်မယ်လို့ ခိုင်လုံတိကျတဲ့သတင်းရပ်ကွက်ကနေ သတင်းရရှိပါကြောင်း...ရွှေပြည်ကြီးကိုပြန်ရောက်တဲ့အခါလည်း ဘလော့တွေကို ဘမ်းခြင်းမှ ရပ်စဲတယ်လို့ လတ်တလောကြားရတဲ့ သတင်းတစ်ခုအရ နတ်သမီးတစ်ယောက် ဘလော့ဆက်ဂင်းနိုင်ဖို့လည်း အင်တိုက်အားတိုက် ၀ိုင်းဝန်းပြီး ထောက်ခံကြမှာဖြစ်တဲ့အကြောင်း သတင်းထပ်မံရရှိပါတယ်...
သတင်းစုံလင်ပါ...း)))
ရဲရဲကြီးသား ရေးလိုက်စမ်းဘာာာာ မွမွနတမီးရယ်... ဒေဝေါ တစ်ယောက်လုံး ရှိပါတယ်....... အားကိုးလိုက်စမ်းဘာ.. ဟွန်းဟွန်း။ လေဆိပ်မှာ လာကြိုနေတော့လည်း လိုက်သွားပေါ့... ဘာဖြစ်တုန်း ဓါတ်ဆီဖိုးတောင် သက်သာသေး။ အချိန်တန်ပြန်လွှတ် ပေးလိမ့်မယ်.... သမ္မတကြီးက သိပ် သဘောကောင်းတာတဲ့.... ချစ်လွန်းလို့ သွား လေးတွေပဲ နှုတ်ပြီး အမှတ်တရ သိမ်းထားရုံလေးပါ။ ကျန်တာ ဘာမှ မလုပ်ဘူး စိတ်သာချ .... သိလား။
နတ်သမီးရေ
jas လဲရေးပြီးမတင်ရဲတဲ့ကဗျာတွေရှိတယ်
ဘယ်လိုလုပ်ရမလဲမသိလို့
တော်ကြာမေမေအသက်ကြီးမှ
အမေးခံနေရအုန်းမှာလဲကြောက်လို့
ပိတ်၃ပိတ်ဘ၀ကဘယ်တော့များမှ
လွတ်မလဲကွယ်....
ဒီထက်စာတွေရေးနိုင်ပါစေနော်....
ခင်မင်တဲ့ jasmine
နမ်းရေ..
ရည်ရွယ်ချက်ရှိပြီး အများအတွက်အကျိုးရှိမယ့် ဗဟုသုတရစေမယ့် စာတွေကိုပဲ ရေးသားနိုင်အောင် ကြိုးစားပါ့မယ်နော်။
နမ်းလည်း စိတ်ချမ်းမြေ့စွာနဲ့ ဝါသနာပါရာစာပေရေးသားခြင်းနဲ့ အကျိုးပြုနိုင်ပါစေလို့ ဆုမွန်တောင်းပါတယ်။
ချစ်တဲ့
သဒ္ဓါ
စာရေးခြင်းဟာ မိမိအတွက်မဟုတ် ... အများအတွက်....။ အရမ်းသဘောကျသွားပြီမမနတ်သမီးရေ။
ခင်တဲ့
မေသိမ့်
This comment has been removed by the author.
အရမ်းနောက်ကျသွားပေမဲ့ အရင်ဦးအောင် လာဖတ်ပါတယ် နတ်သမီးရေ ညီမ ရဲ့ ဘလော့ဂ်ဂါ ဖွင့်ဆိုချက်လေး ကိုလည်း သဘောကျလျှက်ပါ
ချစ်အမ
အစ်မရေ...
စာရေးဆရာမဂျူးတောင် living together စာရေးဆရာမလို့ ပြောခံရသေးတာပဲ။ ဒါသာဆိုတယ် သူတို့ဝေဖန်တဲ့ ၀တ္ထုမှာ ဘာမှ ရေးတာလဲဟုတ်ဘူး။ လူတွေကတော့ ပြောကြမှာပဲ။ အများအကျိုးရှိဖို့ဆို လုပ်တာလုပ် အားပေးတယ်။ ပြီးတော့ ပြည်တော်ပြန်ဖို့လည်း မပူပါနဲ့ သိပ်မကြာခင်ကမှ မြင်ခဲ့ရတာကတော့ ဘာမှမပြောင်းလဲသေးဘူး... အဟဲ အစစအရာရာပေါ့...။ ( ကျွန်တော်ပြောတာလို့ မပြောကြေး... ဟေးဟေး ဟေး)
နတ်သမီး အလုပ်တွေတော်တော်ရှုပ်နေလား... ကျန်းမာရေးလဲ ဂရုစိုက်နော်....။ ၂၃ရက်နေ့ကျ ဧရာဝတ်ီအတွက် ကလောင်တိုက်ပွဲရှိတယ် ပါမယ်မဟုတ်လား....။
ခင်တဲ့
မိုးငွေ့
သူများလည်းစိတ်ရှိတိုင်းရေးပလိုက်ချင်တာ
လက်ကိုယားနေတာဘဲ..
ဒါပေမဲ့သိတယ်မှတ်လား...
ဟင်းးဟင်းးဟင်းးးး...
ကာလံဒေသံကိုကြည့်ကိုပြီး
လက်ဘရိတ်အုပ်ထားရတယ်..
သူများလည်းပြည်တော်ပြန်ရင်ကြိုဆိုရေး
တွေနဲ့မတွေ့ချင်ဘူးကွယ်..
အကြွေးမဆပ်တော့ဘူးထင်လို့ အတိုးပါလာတောင်းတော့မလို့ ဟီးး အခုတော့ကျေနပ်နှစ်သိမ့်စွာနဲ့ ပြန်လှည့်သွားပါတယ် ( ဆိုင်းဝိုင်း ဗုံ တယော မယ်ဒလင် အစုံငှားထားပါတယ် ပြည်တော်ပြန်ကြိုဆိုရေးအတွက်ပါ အဲဒီဆိုက်ပရပ်ပင်လယ်ထဲကသာ ရေသူမချောချောလေး အနော့ဖို့ ဖမ်းခဲ့ပေးပါ ဟိဟိ )
ရွှေပြည်ကြီးမှာ ဘလောဂ်တွေ တစ်ချို့စဖတ်လို့ရနေပြီ
သူငယ်ချင်းတစ်ယောက်စီတောင် ဖတ်ဖို့ နတ်သမီးလင့်ပေးလိုက်သေးတယ်
Bloggerဆိုတာ ဘာလဲဆိုတာကို ခင်မင်စွာ လာရောက်ဖတ်သွားပါတယ် ညီမရေ..။
ဘလော့ဂါမောင်ဘကြိုင် တဂ်ပို့်စ်လာဖတ်တယ်ဗျို့
း) အတွေးမြင်တွေသဘောကျပါကြောင်း
း)
တဂ်ပို့စ်လေး ဖတ်သွားတယ် နတ်သမီးလေးရေ။
ဖွင့်ဆိုချက်လေးတွေ ရိုးရိုးရှင်းရှင်းနဲ့ကောင်းတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အမကြီး......
မနက်တည်းကဖတ်သွားတာ
အလုပ်ကို တန်းပြေးရလို့ အခုမှပြန်လာ မန့် တာ
အမပြောသလို ပြည်တော်ပြန် ခရီးကလည်း ကျောင်းတော်ကြီး နဲ့ နီးနီး လာသလိုပဲ ဟဲဟဲ
ပူပါနဲ့ဗျာ သူရဲကောင်းတွေသာ လျှောက်တဲ့လမ်းပဲဟာ))၀။
အစ်ကိုလည်း ညီမ အကြွေးကိုဆပ်ထားပါတယ်ညီမရေ...။ အစ်ကိုကတော့ လူလည်ကျပြီး မင်းဧရာရဲ့အကြွေးပါရောဆပ်ပစ်လိုက်တယ်။ ပြီးရော။
Post a Comment