Saturday, January 28, 2012

တစ်နေ့တာ... (တဂ်ပို့စ်)


ညီမလေး Blackroze နဲ့ မောင်လေး အမောင် တို့ တဂ်ထားတဲ့ “တစ်နေ့တာ..” ဆိုတဲ့ ပို့စ်လေးကို ရေးပေးဖို့ နောက်ကျခဲ့တဲ့အတွက် တောင်းပန်ရင်း ရေးပေးလိုက်ပါတယ်။

*အိပ်ယာကနိုးနိုးချင်းအရင်ဆုံး ဘာလုပ်သလဲ
+တစ်နေ့တာ စိတ်ရွှင်လန်းစေဖို့အတွက် “ကောင်းသောနိုးထခြင်း”ဆိုတဲ့ နိုးထခြင်းမျိုးနဲ့ နိုးထစေဖို့အတွက် အိပ်ယာထဲမှာ ၁၀မိနစ်လောက်နှပ်ပြီးမှ ပေါ့ပါးလွတ်လပ်စွာ အိပ်ယာပေါ်မှ ထတတ်တာ ကျမရဲ့အကျင့်တစ်ခုပါ။ အဲဒီလို စိတ်ကို ကြည်လင်စေဖို့ မျက်စိနှစ်လုံး ပွင့်တာနဲ့ ကုတင်ဘေးက ခုံပေါ်မှာ တင်ထားတဲ့ ကွန်ပျူတာကို ဖွင့်ပြီး Facebookရွာထဲကို အရင်မွှေပါတယ်။ :D

*မနက်စာကို ဘယ်လိုအစားအစာ စားရတာကြိုက်ပါသလဲ
+မနက်စာအတွက် အများဆုံးစားဖြစ်တာကတော့ Quick Food လို့ခေါ်တဲ့ ပေါင်မုန့်ထောပတ်သုပ်(သို့)ဘီစကစ်(သို့) ရယ်ဒီမိတ် မုန့်ဟင်းခါး(သို့) ခေါက်ဆွဲပြုတ်ရယ် မတ်ခွက်နဲ့အပြည့်ဖျော်ထားတဲ့ ကော်ဖီတစ်ခွက်ပါ။

*လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့ မနက်စာ...
+မပါမဖြစ်တဲ့ မတ်ခွက်အပြည့် ကော်ဖီတစ်ခွက်နဲ့ ပေါင်မုန့်ထောပတ်သုပ်။

*နေ့လည်စာကို ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ
+ဖြစ်နိုင်ရင်တော့ ပင်လယ်ကမ်းစပ်မှာဖွင့်ထားတဲ့ဆိုင်လေးတွေမှာ စားချင်ပါတယ်။
ဆိုက်ပရပ်စ်နိုင်ငံမှာက တနင်္ဂနွေနေ့လို ရုံးပိတ်ရက်တွေမှာ ဆိုက်ပရပ်စ်နိုင်ငံသားများဟာ နေ့လည်စာကို အလေ့အကျင့်တစ်ခုအနေနဲ့ အပြင်ထွက်စားလေ့ရှိကြပါတယ်။

*အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ
+မြန်မာဟင်းတွေကတော့ ကိုယ်တိုင်ချက်စားနေကျမို့ အစားချင်ဆုံးဆိုတာ မရှိပါဘူး၊ တစ်ကယ်စားချင်နေတာကတော့ ကုလားမ လုပ်တဲ့ တိုရှည်ပါ၊ (ကုလားအစားအစာများကို ကျမ အလွန်ကြိုက်ပါတယ်)။


*အလုပ်မှာကော်ဖီ ဘယ်နှစ်ခွက် သောက်ပါသလဲ
+ဘိန်းစွဲသလို မသောက်ရင်မနေနိုင်တာကတော့ ကော်ဖီပါ။ ကော်ဖီထဲမှာ လူကိုActive ဖြစ်စေတဲ့ ကဖိန်းဓာတ်ပါတယ်လို့ စာတွေထဲမှာ ဖတ်ဖူးပေမယ့် အကျိုးသက်ရောက်မှု တစ်ကယ်ရှိ/မရှိဆိုတာကို ကျမ မသိပါ။ သို့သော် အလုပ်ထဲရောက်တာနဲ့ ကော်ဖီတစ်ခွက်ကို အရင်သောက်ပြီးမှ အလုပ်လုပ်လေ့ရှိပါတယ်။ အတိအကျဖြေရမယ်ဆိုရင်တော့ (၁)ခွက်ပေါ့။

*ညနေစာကိုဘယ်မှာစားတတ်ပါလဲ
+အလုပ်ထဲမှာစားလေ့ရှိပါတယ်။

*ညနေစာစားရင်းနဲ့ အများဆုံးစဉ်းစားဖြစ်တတ်တဲ့ အကြောင်းအရာ
+အလုပ်ထဲမှာပဲ ညနေစာစားလေ့ရှိတာကြောင့် အလုပ်အကြောင်းပဲ စဉ်းစားဖြစ်ပါတယ်၊ ကျမ အလုပ်က တာဝန်ကြီးတယ်၊ အလုပ်ထဲရောက်တာနဲ့ ပြဿနာပေါင်းစုံက ကျမကိုဆီးကြိုနေကျမို့ အလုပ်“စ”ချိန်နဲ့ အလုပ်သိမ်းချိန်တွေမှာ စဉ်းစားမိတာ အလုပ်အကြောင်းပါ။

*အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်..
+တစ်နေ့တာ လုပ်ငန်းတာဝန်ပြီးဆုံးချိန်မှာတော့ မာန်အပြည့်၊ ဟန်အပြည့်နဲ့အလုပ်လုပ်နေရတဲ့ ကျမအတွက် အင်အားအတော်လျော့ပါးနေပြီပေါ့။ အဲဒီလိုအချိန်မှာ ကျမရဲ့အခန်းထဲရောက်လို့ ခံစားမိတာကတော့ “လွတ်လပ်ပေါ့ပါးခြင်း”နဲ့ယှဉ်တွဲနေတဲ့“ပင်ပမ်းနွမ်းနယ်ခြင်း”ဝေဒနာပါပဲ။

*အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ
+ကျမအခန်းထဲရောက်တာနဲ့ ကွန်ပျူတာကို အရင်ဦးဆုံးဖွင့်ပါတယ်။

*ဒုတိယလုပ်မိတာလေး..
+အလှည့်ကျ ရေချိုးခန်းတန်းစီရင်း Email စစ်ပါတယ်၊ Facebook ဖွင့်ပါတယ်။ စာဖတ်ပါတယ်။

*ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား..
+မသောက်တတ်ပါဘူး။

*ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ...
+ဘုရားရှိခိုးပါတယ်။

*အိပ်မပျော်တဲ့ညတွေမှာ ဘာလုပ်သလဲ
+ကဗျာရေး..စာရေးပါတယ်။

*တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး စိတ်အားငယ်တဲ့အခါမျိုးတွေမှာ ဘာလုပ်တတ်သလဲ
+သူငယ်ချင်းတစ်ယောက်ယောက်ကိုရင်ဖွင့်တတ်ပါတယ်။
တစ်ခါတစ်လေ ပင်လယ်ကမ်းစပ်ပေါ်မှာတစ်ယောက်ထဲသွားထိုင်နေတတ်ပါတယ်။

*အပြင်သွားတဲ့အခါ အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း
+သေခြာပါတယ်..၊ မပြောလည်း သိတယ်ဟုတ်၊ ဘာပစ္စည်းဖြစ်မလဲ??????

*မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသောလူ
+ဖေဖေ၊ မေမေနဲ့ ကျမ၊ (၃)ယောက်ပဲရှိတဲ့ မိသားစုလေးထဲမှာ အချစ်ရဆုံးသူလို့မေးရင် ဖေဖေ့ကို မေမေ့ထက်ပိုချစ်ပါတယ်၊
ဖေဖေက ကျမ ပူဆာသမျှအကုန်ဝယ်ပေးတယ်၊
မေမေကတော့ စည်းနဲ့ကမ်းနဲ့ စိစစ်နေတာနဲ့ပဲ လိုချင်တာ မရတာများပါတယ်။ အဲဒါက ငယ်ငယ်တုန်းက ခံစားချက်ပေါ့။သမီးတွေဟာ အဖေကို ပိုချစ်တတ်ကြသတဲ့။ သားတွေကတော့ အမေကိုပိုချစ်ကြတယ်လို့ကြားဖူးပါတယ်။

*သူစိမ်းတွေအထဲမှာ မိမိအယုံကြည်ရဆုံးသူ
+အယုံကြည်ရဆုံးသူ..ဆိုတာ တစ်ကယ်တော့ ပြောရခက်ပါတယ်။
“စိတ်”ဆိုတာကလည်း အခက်သားလား၊ ချစ်ခင်နေကြတဲ့အချိန်မှာ ဆိုးတိုင်ပင် ကောင်းတိုင်ပင် သူငယ်ချင်းတွေရှိပေမယ့်၊ စိတ်အခန့်မသင့်လို့ မုန်းစိတ်ဝင်လာတဲ့အချိန်မှာ နောက်ကျောဓားနဲ့ထိုးတဲ့သူတွေလည်းရှိတာမို့ “အယုံကြည်ရဆုံးသူ”ဆိုတဲ့မေးခွန်းအတွက် အဖြေဟာ အခြေနေနဲ့ အချိန်အခါကိုလိုက်ပြီး ပြောင်းလဲတတ်ပါလိမ့်မယ်။

*အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ
+လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေထဲက စိတ်တူ တဲ့သူပေါ့။


*ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု..
+အဟေး။။။ ချစ်သူထက် ချစ်တယ်။


*လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု
+မွေးနေ့လက်ဆောင်ကဗျာများ

*ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ
+ဘလော့ဂ်ကာတွေထဲက သူငယ်ချင်းတစ်ချို့

*အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ
+တိတ်တိတ်လေး ဆုတောင်းထားတယ်.. မမေးနဲ့..ပြောဘူး..း)

*ဖြည့်ဆွက်ချင်တာလေး
+ကျမရဲ့တစ်နေ့တာကတော့..
အလုပ်ပြန်နောက်ကျတဲ့ကျမအတွက် အိမ်ပြန်ရောက်တဲ့အချိန်ဟာ မနက်၁နာရီဖြစ်နေပါပြီ(မြန်မာပြည်စံတော်ချိန်ဆိုရင် မနက်၅နာရီ၄၅ပေါ့)။
အိမ်ပြန်ရောက်လို့ ခဏအနားယူပြီး ရေချိုးခန်းအလှည့်ကျဖို့စောင့်ရင်း E mailစစ်ခြင်း၊ Blog လည်ခြင်း၊ Facebookမှ သတင်း၊အတင်းများကို ဖတ်ပါတယ်။
အဲဒါတွေပြီးလို့ ကျမအိပ်တဲ့အချိန်ဟာ ဆိုက်ပရပ်စ်အချိန် မနက်၃နာရီဖြစ်နေပါပြီ။
မနက်၁၁နာရီမှာ ကျမ အိပ်ယာနိုးပါတယ်(အိပ်ချိန်၈နာရီအပြည့်အိပ်မှ ကျမ ခေါင်းကြည်တတ်လို့ပါ)။
မျက်နှာသစ်ပြီးလို့ မနက်စာစားပြီးချိန်မှာ အွန်လိုင်းခဏတက်ပါတယ်၊ နေ့လည်၁၂နာရီမှ ညနေ(၃)နာရီအထိ အခန်းတွင်းမှာ ဝန်ထမ်းများရဲ့အင်္ကျီများ၊ ကုမ္ပဏီလက်အောက်ခံ ဆိုင်(၅)ဆိုင်ရဲ့လက်သုတ်ပုဝါများ၊ စားပွဲခင်းများ၊ အစရှိသည့် ဝန်ထမ်းအသုံးအဆောင်၊ စားသောက်ဆိုင်အသုံးအဆောင်ပစ္စည်းများကို ချုပ်လုပ်ရတာ ကျမရဲ့နေ့စဉ်အလုပ်ပါ။ အခန်းတွင်းမှာ စက်ချုပ်ရတဲ့အတွက် ကွန်ပျူတာကို ကျမဖွင့်ထားပေမယ့် မအားပါဘူး။ အွန်လိုင်းပေါ်မှာ ကျမရှိနေပေမယ့် ကျမအခန်းထဲမှာ စက်ချုပ်နေတာကို ခင်မင်တဲ့သူငယ်ချင်းများအားလုံးက သိကြပါတယ်။
ညနေ (၃)နာရီမှာ ဆိုင်က ကျမစားဖို့ ထမင်းနဲ့ဟင်း လာပို့ပါတယ်။ ထမင်းစားပြီး (၃)နာရီနဲ့(၄)နာရီကြား၊၁နာရီခန့် ကျမ အွန်လိုင်းတက်ပါတယ်။
ညနေ(၄)နာရီမှာ ရေချိုး အလှပြင်ပြီး ညနေ(၅)နာရီမှာ စားသောက်ဆိုင်မှာ အလုပ်ဆင်းရပါတယ်။
အလုပ်ပြီးချိန်ကတော့ ည(၁၂)နာရီနဲ့(၁)နာရီကြားပေါ့။
အဲဒါ ကျမရဲ့နေ့စဉ်လည်ပတ်နေတဲ့ ဘဝရဲ့တစ်နေ့တာ... အချိန်ဇယားပါပဲ။
မတ်လမှ စက်တင်ဘာလအတွင်း ပိတ်ရက်မရှိ အလုပ်လုပ်ရပါတယ်။
ရသင့်ရထိုက်တဲ့ ပိတ်ရက်များနဲ့ Holiday ရက်များကို ဆောင်းတွင်းဖြစ်တဲ့ အောက်တိုဘာလမှ ဖေဖော်ဝါရီလအတွင်း (၁)ပတ်မှာ နားရက် (၃)ရက်နှုန်းဖြင့် ခွင့်ရက်များကို အကုန်ပြန်ပေးပါတယ်။
အဲဒီလိုနားရက်တွေမှာတောင် Special Function တွေရှိလာတဲ့အခါ ကုမ္ပဏီက ခေါ်ခေါ်ခိုင်းတတ်တာကြောင့် ကမ္ဘာ့အလုပ်အများဆုံးစာရင်းဝင်တွေထဲမှာ ကျမလည်းပါမည်ထင်ပါကြောင်း.. ဟာသနှော၍ “တစ်နေ့တာ...” ပို့စ်လေးကို အဆုံးသတ်လိုက်ပါတယ်..။
:)

Wednesday, January 25, 2012

ဂဏန်းကြိုက်တဲ့ ကိုလင်းဦး(စိတ်ပညာ)








ထုံးစံအတိုင်းပေါ့.. မွေးနေ့ပွဲလေးတစ်ခု လုပ်ဖြစ်ခဲ့ပြန်ပါပြီ..
ဒီနေ့အလှည့်ကျတဲ့မွေးနေ့ရှင်ကတော့ ဂဏန်းဟင်းလျှာများကို ကြိုက်နှစ်သက်တဲ့“ကိုလင်းဦး”(စိတ်ပညာ)ပဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့(၃)နှစ်လောက်ကတည်းက တစ်ယောက်နဲ့တစ်ယောက် Mailအက်ထားကြပေမယ့် ၁လနေလို့တောင် စကားတစ်ခွန်းမပြောဖြစ်ခဲ့ကြပါဘူး။
သူနဲ့ကျမ (၁)နှစ်အတွင်းမှာ သိပ်ပြီးရင်းနှီးခဲ့ကြတယ်။ ကျမရဲ့အခက်အခဲမှန်သမျှကို သူက ဒိုင်ခံကူညီပေးခဲ့တယ်။
ပြောရမယ်ဆိုရင် ဘလော့ဂ်ကာတွေထဲမှာ ကိုလင်းဦးနဲ့သက်တန့်ချိုတို့က ကျမရဲ့အခင်ဆုံး အရင်းနှီးဆုံးစာရင်းဝင်တွေလို့ပြောလို့ရပါတယ်။
ကျမဒုက္ခရောက်တဲ့အချိန်ဆိုရင် သူတို့က ကျမရှေ့မှာရပ်ပေးနေကျ။ မိတ်ဆွေစစ်ဆိုတာ “သာ”နေတဲ့အချိန်မှာ မတွေ့နိုင်ပါဘူး၊ ကိုယ်ဒုက္ခရောက်နေတဲ့အချိန်၊ အခက်အခဲတွေနဲ့ကြုံတွေ့နေတဲ့အချိန်မှာ ကိုယ့်အနားမှာ ဆိုးတူ ကောင်းဖက် ၊ အားပေးဖော် အားပေးဖက်အဖြစ် အတူရှိနေတဲ့သူကိုခေါ်တာပါ။

အဲဒီလိုနဲ့ပဲ ကိုလင်းဦးနဲ့ကျမ အရင်းနှီးဆုံးမိတ်ဆွေတွေဖြစ်လာခဲ့ကြတယ်။
သူနဲ့စကားတွေပြောဖြစ်ရင်း သူနဲ့ကျမ အကြိုက်တူတာကတော့ “ပုဇွန်”နဲ့ “ ဂဏန်းဟင်း”ပါပဲ။
အမှတ်တမဲ့မှ အမှတ်တရအဖြစ် သူကြိုက်တတ်တာလေးကို မှတ်ထားရင်း ဒီနေ့မှာကျရောက်တဲ့ သူ့ရဲ့မွေးနေ့ပွဲလေးမှာ ဂဏန်းဟင်းနဲ့ဧည့်ခံဖို့ ကျမ စီစဉ်ခဲ့ပါတယ်။

ကဲ..
ကိုလင်းဦးရဲ့မွေးနေ့ပွဲလေးကို ရောက်ရှိလာကြတဲ့သူငယ်ချင်းများအားလုံး ကိုလင်းဦးနဲ့အတူ “ဂဏန်းမွေးနေ့ပွဲ”လေးကို ပျော်ရွှင်စွာ ဆင်နွှဲလိုက်ကြရအောင်လားရှင်...












































စကားပြောရင်“ဟုတ်ကဲ့”လို့ပြောလေ့ရှိတဲ့ ကိုလင်းဦး ၊ ကျမ ဘာပြောပြော စကားအဆုံးရောက်တိုင်း “ဟုတ်ကဲ့”လို့ပြန်ဖြေလေ့ရှိတဲ့ ကိုလင်းဦးအတွက်
ယနေ့ ဇန်နဝါရီ ၂၅ ရက်မှာ ကျရောက်တဲ့ သူ့ရဲ့မွေးနေ့မှအစပြု၍
ကိုလင်းဦး(စိတ်ပညာ)”မှ “ကိုလင်းဦး(ဟုတ်ကဲ့)”
ဟူ၍ ပြောင်းလဲကင်ပွန်းတပ်လိုက်ပါကြောင်း....း)

ပျော်ရွှင်သောမွေးနေ့လေးမှ နောင်နှစ်ပေါင်းများစွာတိုင် ရည်မှန်းချက်ပန်းတိုင်ကို အခက်အခဲမဲ့စွာ အမြန်ဆုံးရောက်ရှိပါစေ...။
မိသားစုအပေါ်မှာတာဝန်ကျေသော သားကြီးတစ်ယောက်အဖြစ်သော်လည်းကောင်း..
အကိုကြီးတစ်ယောက်အဖြစ်သော်လည်းကောင်း..ထာဝရရပ်တည်သွားနိုင်ပါစေ...။
အမျိုးဘာသာ သာသနာကို ထိမ်းသိမ်းနိုင်သည့် မြင့်မြတ်သောသူတစ်ယောက်ဖြစ်ပါစေ...။
စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒများအားလုံး အမြန်ဆုံးပြည့်ဝပါစေလို့ ဆုတောင်းပေးရင်း..

HAPPY BIRTHDAY... KO LIN OO

Thursday, January 19, 2012

အမှတ်တရအုတ်ဂူ


စိတ္တဇ..ည

အခါခါမလှပခဲ့ဘူး


ဆောင်းအလှရဲ့ချစ်ခြင်း

စိတ္တဇမိုးတို့..သည်း


ကြေကွဲခြင်းတို့ခိုက်တုန်

ရှိုက်ငိုခဲ့ရတဲ့နှလုံးသား


ကြယ်တွေပျောက်တဲ့

ဒီနွေဆောင်း..ည


သူ..ရက်စက်ခဲ့တဲ့

အထီးကျန် “အမှတ်တရအုတ်ဂူ”

ပန်းစည်းဖြူဖြူတို့နဲ့လွှမ်းခြုံစေသား....။

Saturday, January 14, 2012

ဒုတိယအကြိမ်မြောက် နတ်သမီးဗိုင်းရပ်


Breaking Virus Alert !!

ဂျီတော့မှာ ဗိုင်းရပ်တစ်မျိုး ယခု ရက်ပိုင်း ကြောက်မက်ဖွယ်ပျံ့နှံ့လို့နေပါ တယ် ။
ဗိုင်းရပ်ရဲ့စာသားကတော့ OMG is this your picture? http://j.mp/x69ySs?d=a9a3a3 ဆိုပြီးဖြစ်ပါတယ် ။ သတိလက် လွတ် နှိပ်လိုက် ရင်တော့ ကိုယ့် စက်ထဲကို ဖိုင်တစ်ခု install လုပ်ဖို့ပြောပါတယ် ။
ကိုယ်က yes ကိုနှိပ်မိရင်တော့ အဲဒီစက်ကို လည်းကူးစက်သွားပြီး အဲဒီအကောင့်ကိုပါ ဗိုင်းရပ်ကူးသွားပါပြီ ။

ဗိုင်းရပ်က ဘာတွေလုပ်သလဲ ?

ဘာတွေလုပ်သလဲဆိုတော့ ကိုယ်မပြောပဲနဲ့ ကိုယ့် Contact ထဲက သူငယ်ချင်းတွေဆီကို
အထက်ပါ OMG is this your picture? http://j.mp/x69ySs?d=a9a3a3 ဆိုတဲ့လင့်ကို ဆက်လက်ဖြန့်ပါတယ် ။ ပိုဆိုးတာက အရင်ဗိုင်းရပ်တွေနဲ့မတူတဲ့အချက်ကတော့ ဒီဗိုင်းရပ်က အဲဒီအကောင့်နဲ့လုပ်ထားတဲ့ အဲဒီအချိန်ဖေ့စ်ဘုတ်ဖွင့်ထားတဲ့ လူတွေသူငယ်ချင်းတွေဆီပါ
အကုန်လုံး Chat message သို့မဟုတ် Message အဖြစ်လိုက်ပို့တာပါပဲ ။ သူငယ်ချင်းတို့ဆီ ရောက်လာခဲ့ရင်လည်း မဖွင့်ကြည့်ကြပါနဲ့ ။ မနှိပ်ကြပါနဲ့ ။
အခြားသူတွေကိုလည်း ဆက်လက်ဖြန့်ဝေပေးကြပါ ။ အကယ်၍ နှိပ်မိတယ်ဆိုရင်တော့စက်ကို restart အမြန်ချပြီး Activated Antivirus တစ်ခုခုနဲ့ အစအဆုံး Full scan ပြန်ဆွဲပေးဖို့လိုပါလိမ့်မယ် ။
မှတ်ထားရမှာက သူငယ်ချင်းက ကိုယ့်ကို မက်ဆေ့ပို့တာမဟုတ်ပါဘူး ဗိုင်းရပ်သာဖြစ်ပါတယ်
မနှိပ်မိ ဖို့ နှိပ်မိခဲ့ရင်လည်း ဗိုင်းရပ်ကို အမြန်စစ်ပြီး သတ်ဖို့လိုပါတယ် ။

ကျနော့်ဆီလည်း အစ်မ နတ်သမီးဆီက အဲဒီမက်ဆေ့ဝင်လာလို့ မေးကြည့်တော့ သူပို့တာမဟုတ် မှန်းသိရပါတယ် ဗိုင်းရပ်က အလိုအလျောက်ပို့နေခြင်းဖြစ်ပါတယ် ။ ဒါကြောင့် အစ်မ နတ်သမီး (white angel ) အကောင့်မှာရှိသမျှလူတွေကို ဒီလင့်လေး တွေပေးပါလိမ့်မယ်ဖေ့ဘုတ်မှာရော မနှိပ်ကြပါနဲ့ ဗိုင်းရပ်ဖြစ်ပါတယ် သူ့စက်ထဲ ဗိုင်းရပ်ဝင်သွားလို့ဖြစ်ပါတယ် တခြားသူတွေ မကူးကြစေဖို့ မျှဝေပေးကြပါခင်ဗျာ ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................



သက်တန့်ချိုရေးပြီးသားကိုပဲ ပြန်ပြီးတင်ပေးလိုက်ပါတယ်။
မနေ့က G Talk မှာ ကျမနဲ့ ကျမရဲ့သူငယ်ချင်းတစ်ယောက် Chat Box မှာ စာရေးစကားပြောနေရင်း အထက်ပါလင့်ကလေး တက်လာပါတယ်။ ကျမကလည်း သူငယ်ချင်းနဲ့စကားပြောနေတဲ့အချိန်ဆိုတော့ သူပို့တယ်ထင်ပြီး ဖွင့်လိုက်မိပါတယ်။ အဲဒီအချိန်မှာ တဖက်က သူငယ်ချင်းဆီမှာလဲ အဲဒီဗိုင်းရပ်စ်က ဝင်နေပါပြီ။ ကျမကို လှမ်းအကြောင်းကြားဖို့မပြောနဲ့ ၅စက္ကန့်လောက်အတွင်းမှာ ဗိုင်းရပ်စ်ဖြန့်ဝေမှုဟာမြန်ဆန်လွန်းတာကြောင့် ကျမအပါအဝင် သူငယ်ချင်းတချို့ အငိုက်မိသွားခဲ့ပါတယ်။

ပိုဆိုးတာက အဲဒီအချိန်မှာ FACEBOOK ACCOUNT ကိုဖွင့်ထားတဲ့အတွက် အဲဒီဗိုင်းရပ်စ်ဟာ FACEBOOK မှာရှိတဲ့ FRIEND LIST ထဲက သူငယ်ချင်းတွေဆီကိုပါ MESSAGE အနေနဲ့ ဆက်ဖြန့်ပါတယ်။
လက်လှမ်းမှီသလောက် ကျမ ဖက်က လိုက်လံပိတ်ဆို့ပေမယ့်လဲ မမှီမှာစိုးတာကြောင့် သက်တန့်ချိုကို ပို့စ်အနေနဲ့တင်ခိုင်းလိုက်ရပါတယ်။

ဒီအဖြစ်အပျက်ဟာ မနေ့က ဖြစ်တာပါ။ ဒီနေ့မှာလည်း (ဗိုင်းရပ်စ်ဝင်ခဲ့တဲ့ မနေ့က အချိန်မှာ ) အဲဒီဗိုင်းရပ်စ်လင့်ဟာ သူငယ်ချင်းတွေဆီကို ဆက်လက်ဖြန်နေတာတွေ့ရတဲ့အတွက် အရေးပေါ်ပို့စ်အဖြစ် ဖြန့်ဝေလိုက်ရပါတယ်။

ကျမရဲ့ကွန်ပျူတာထဲက ဗိုင်းရပ်စ်ကိုတော့ ကိုလင်းဦး(စိတ်ပညာ)က ရှင်းလင်းပြီးဖြစ်ပါတယ်။ ကိုလင်းဦးကိုအထူးကျေးဇူးတင်ပါတယ်။

Thursday, January 12, 2012

မိအေးက (၂)ခါထဲနာတာ..နမ်းမဝက (၃)ခါနာ


ကျမရဲ့ DELL အမျိုးအစား ကွန်ပျူတာလေး လွန်ခဲ့တဲ့ တစ်ပတ်လောက်က စက်သံတွေကျယ်လောင်စွာမြည်ပါတယ်၊ အလုပ်ပိတ်ရက်တွေခံနေတာမို့ ဆိုင်မပို့ဖြစ်ပဲ အဲဒီအတိုင်းပဲ ၂ရက်လောက် ဆက်သုံးဖြစ်လိုက်ပါတယ်။ ၃ရက်မြောက်တဲ့နေ့မှာတော့ စက်သံဟာလုံးဝပျောက်သွားတာကြောင့် ကျမလည်း ဝမ်းသာနေတာပေါ့။
မကြာပါဘူး (၁၀)မိနစ်၊ (၁၅)မိနစ်လောက်နေတော့ ကွန်ပျူတာရဲ့အောက်ဖက် ပန်ကာရှိတဲ့နေရာက အရမ်းပူလာပါတယ်၊ ပူတာမှ မီးပူ ပူသလိုမျိုးကို ပူလာတာပါ။ အဲဒါနဲ့ စက်ကို ဆိုင်ပို့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ကွန်ပျူတာ အကြောင်းနားလည်တဲ့သူငယ်ချင်းများကလည်း ပြောပါတယ်၊ ပန်ကာက ဖြစ်တာ၊ ပန်ကာလဲလိုက်ရင် ကောင်းသွားမှာပါတဲ့။
အဲဒါနဲ့ပဲ ကျမစဉ်းစားမိလိုက်တာက ပို့ရမယ့်ဆိုင်ပါ။
ဒီ DELL ကွန်ပျူတာကို ကျမနေတဲ့“ပါ့ပို့စ်”မြို့မှာရှိတဲ့ ကွန်ပျူတာအရောင်းဌါနကနေ လွန်ခဲ့တဲ့(၁)နှစ်ကျော်ကျော်က ဝယ်ခဲ့ပါတယ်။ ဆိုင်က ထုတ်ပေးလိုက်တဲ့ ဘောက်ခြာမှာ (၂)နှစ်အတွင်း စက်ပျက်ခဲ့လျှင် အခကျေးငွေ မယူပဲ အလကားပြင်ပေးမယ်ဆိုတဲ့ ဝန်ဆောင်မှုပါပါတယ်။
ဒါပေမယ့် အဲဒီဆိုင်က ပြင်ပေးမှာမဟုတ်ဘူးနော်၊ ဘာလို့လဲဆိုတော့ အဲဒီဆိုင်က ကွန်ပျူတာပေါင်းစုံကိုရောင်းတဲ့ဆိုင်။ သူတို့ရဲ့ဆိုင်က ဝယ်တဲ့ စက်မှန်သမျှ (၂)နှစ်အတွင်းမှာ ပျက်ခဲ့လျှင် သူတို့ဆိုင်ကို ပို့ရပါတယ်။ သူတို့ကနေတဆင့် ပတ်သက်ရာ DELL, TOSHIBA, ACER,APPLE,...အစရှိတဲ့ ဆိုက်ပရပ်စ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ နီကိုဆီးယားမြို့က ပင်မကုမ္ပဏီတွေဆီကို ပြန်ပို့ပြီး ပြင်စေပါတယ်။ အဲဒီလိုပြင်တဲ့အခါ ၂ပတ် ကျော်လောက်အချိန်ပေးရပါတယ်။
ငွေမကုန်ပေမယ့် (၂)ပတ်ကျော် (၃)ပတ်ဆိုတဲ့အချိန်ဟာ ကျမအတွက် သိပ်ကိုကြာလွန်းတာကြောင့် ကျမတို့မြို့မှာရှိတဲ့ ကျမတို့ကုမ္ပဏီက ကွန်ပျူတာတွေပျက်ရင် ပြင်တဲ့ ဆိုင်ကို ပို့လိုက်ပါတယ်။
ပန်ကာ လဲယုံပဲဆိုတော့ အလွန်ဆုံးကြာရင် ၃/၄ ရက်ပေါ့။
အဲဒီလို ပို့ရာမှာလည်း ကျမကိုယ်တိုင်သွားပို့စရာမလိုပဲ ဆိုင်ကို ဖုန်းဆက်လိုက်ပြီး ဆိုင်ကဝန်ထမ်းက ကျမဆီကနေလာယူသွားတာပါ။
နောက်တစ်ရက်မှာတော့ ကျမရဲ့ကွန်ပျူတာက ပန်ကာပျက်သွားတဲ့အကြောင်း၊ လဲရမယ်ဆိုတဲ့အကြောင်းနဲ့ ၄၈ယူရိုကျတဲ့အကြောင်းကို ဖုန်းဆက်အကြောင်းကြားပါတယ်။
စက်ပျက်ပြီဆိုမှတော့ ပြင်ရတော့မှာပေါ့။ ၄၈ယူရိုဆိုလည်း ပေးရတော့မှာပေါ့။ ကျမရဲ့ကွန်ပျူတာလေး အချိန်တိုတိုအတွင်းမှာ ကျမဆီ ပြန်ရောက်လာဖို့က အဓိကပဲလေ။ ပိုက်ဆံမကုန်တဲ့ DELL ကုမ္ပဏီကို တိုက်ရိုက်ပို့ခဲ့မယ်ဆိုရင် (၂ )ပတ်ကျော် (၃)ပတ်စောင့်ရမှာမို့ အချိန်တိုတိုအတွင်းမှာ ပြန်ရနိုင်မယ့် ဒီဆိုင်ကို ပိုက်ဆံအကုန်ခံပြီး အားကိုးခဲ့တာပါ။
ဒီကွန်ပျူတာလေးဟာ ကျမရဲ့အဖော်လေးပါ။
သူက ကျမရဲ့အထီးကျန်တဲ့အချိန်တွေကို ဖျောက်ဖျက်ပေးခဲ့တယ်။ ကျမအတွက် FACEBOOK ရှိတယ်၊ BLOGSPOTရှိတယ်၊ G TALK ရှိတယ်၊ INTERNET MOVIESရှိတယ်..။ သူမရှိရင် မနေတတ်တော့တဲ့ကျမ ငွေကုန်တာထက် စက်ကလေး ကျမရဲ့လက်ထဲအမြန်ပြန်ရောက်ဖို့ကိုသာ ဆန္ဒရှိနေခဲ့တာ။

ဒီနေ့ဆိုရင် ကျမနဲ့ ကျမရဲ့စက်လေး ခွဲနေရတာ (၃)ရက်ရှိနေပြီ။ ကျမရဲ့စက်ကလေး ကျမဆီကို ပြန်လာဖို့ အချိန်တန်ပြီ။ ဒါနဲ့ပဲ စက်ဆိုင်ကိုဖုန်းဆက်ပြီး မေးလိုက်ပါတယ်။ စက်ဆိုင်က ပြန်ပြောလိုက်တာကတော့....
“ကျမရဲ့ကွန်ပျူတာဟာ DELLအမျိုးအစားဖြစ်တဲ့အတွက် နီကိုဆီးယားမြို့မှာရှိတဲ့ DELL ကုမ္ပဏီကိုပို့ပြီး ပန်ကာလဲခိုင်းထားပါတယ်”တဲ့...
သူတို့လဲပေးတာထက် သက်ဆိုင်ရာ ကုမ္ပဏီက လဲပေးတာ ပိုကောင်းအောင်လို့ပါတဲ့...
ပြီးတော့ ကျမက ကုမ္ပဏီနဲ့ပတ်သက်နေတဲ့လူဖြစ်တဲ့အတွက် ကျမရဲ့စက်ကို သေခြာအောင် ပြန်စစ်ဆေးချင်လို့ပါတဲ့...
ပြီးတော့...... ကျမကို ကြေကွဲစေတဲ့ စကားတစ်ခွန်းကတော့..
(၃)ပတ်ကြာပါမယ်...တဲ့လေ..


အောင်မလေး...လုပ်ရက်လိုက်ကြတာ...
အဲဒီလိုကြာမှာဆိုးလို့ အလကားပြင်ပေးတဲ့DELL ကုမ္ပဏီကိုတောင်မပို့ပဲ ပိုက်ဆံအကုန်ခံပြီး ဒီစက်ဆိုင်ကို ပို့တာပေါ့လို့...........
ခုတော့...ခုတော့... မိအေး.. မိကလိုရီ... မိနမ်းမဝ...နာနေတာ..နာနေတာ...
၂ခါတောင်မကဘူး.. ဗိုက်ပါ နာနေရပြီ...
မိအေးက (၂)ခါပဲ နာခဲ့ရတာ၊ အင်္ဂါနေ့ညက အဆာအိမ်အောင့်လို့ အရေးပေါ်ဌါနကိုရောက်သွားခဲ့ရတာနဲ့ဆိုရင် ကျမက(၃)ခါနာခဲ့ရတာ..။
တုန်းလိုက်တဲ့ ကျမ..
အ လိုက်တဲ့ ကျမ...
နုံလိုက်တဲ့ ကျမ...
တိုင်နဲ့ခေါင်းနဲ့သာပြေးဆောင့်လိုက်ချင်တယ်..၊ ဒါပေမယ့်လည်း မဆောင့်ဖြစ်ပါဘူး၊ နာမှာကြောက်လို့...။
ဒီ ပို့စ်ကို လာဖတ်တဲ့ သူငယ်ချင်းများရှင့်..
ကျေးဇူးပြုပြီး ကျမရဲ့ တုန်းချက်..အ ချက်..နုံ ချက်များကို ထောက်ခံတဲ့အနေနဲ့ ကျမကို နားရင်းတစ်ချက်စီ အုပ်ပေးသွားကြပါရန် မေတ္တာရပ်ခံပါတယ်ရှင့်....း( ...း(...း(

Monday, January 9, 2012

ပုံပြင်ထဲက နတ်သမီးကျင်းပပေးတဲ့ မွေးနေ့ပွဲ






အစ်မရေ..... စောတော့စောသေးပေမယ့် ၁၉ ရက်နေ့ကျွန်တော်က စက်ပစ်ကွင်းရောက်နေမှာဆိုတော့ ခုကတည်းကပဲ ကြိုပို့ထားလိုက်တယ်။ အဆင်ပြေရင်တော့ အစ်မမွေးနေ့အမီလာခဲ့ပါ့မယ်။ အခုပို့လိုက်တဲ့ ကဗျာလေးကို အစ်မသဘောကျမယ်လို့ မျှော်လင့်ပါတယ်။ မွေးနေ့မှာပျော်ရွှင်ပါစေ.......
. နတ်သမီးပုံပြင်

အိပ်ရာဝင်ပုံပြင်တွေနဲ့မရင်းနီးခဲ့ပေမယ့်

ပုံပြင်ထဲက နတ်သမီးနဲ့တော့ ရင်းနီးခွင့်ရခဲ့တယ်

နီးခြင်းဝေခြင်းကြား

မေတ္တာမှာ အလျားအနံလည်းရှိခဲ့တယ်။

သူ့ပုံပြင်ထဲမှာ ရွှေမင်းသားပါသလို၊ လူရမ်းကားလည်းပါတယ်

လေပြေညှင်းသလို၊ မုန်တိုင်းနံ့လည်းသင်းတယ်

နတ်သမီးပုံပြင်မဆုံးခင်အိပ်ပျော်သွားတတ်ပေမယ့်

ဘယ်တော့မှမစိုးရိမ်ခဲ့ဘူး

(ယုံကြည်တယ်)

ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့

နောက်ဆုံးမှာတော့ နတ်သမီးပုံပြင်ဟာ

`ပျော်ရွှင်စွာ နေထိုင်သွားကြလေသတည်း´ နဲ့ဆုံးတယ်။

............................

သူ မအားပေမယ့်လည်း ကျမရဲ့မွေးနေ့ရောက်တိုင်း ကျမဆီကို ကဗျာတစ်ပုဒ်အမြဲပို့ပေးတတ်တဲ့ ကျမရဲ့မောင်လေး“ဝေလင်း”..

“ဒီကောင် ပျောက်ပျောက်နေတယ်”ဆိုတဲ့ Status လေးတစ်ခုကိုလက်ကိုင်ထားပြီး တချက် တချက်မှ ပေါ်ပေါ်လာတတ်တဲ့ မောင်လေး“ဝေလင်း”..ရဲ့ယနေ့မှာကျရောက်တဲ့ မွေးနေ့လေးမှာ လူမျိုး၊ဘာသာ၊သာသနာနှင့် တိုင်းပြည်အတွက် အားထားရသော အမျိုးသားကောင်းတစ်ယောက်အဖြစ် နိုင်ငံအကျိုးပြုလုပ်ငန်းများကို ဆထက်ထမ်းပိုး ထမ်းဆောင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း.. မောင်လေးရေးခဲ့တဲ့ ပုံပြင်ထဲက နတ်သမီးက ကျင်းပပေးလိုက်တဲ့ မွေးနေ့ပွဲလေးနဲ့အတူ...

HAPPY BIRTHDAY..ပါ..မောင်လေး ဝေလင်းရေ...






































































Wish you many more Happy returns of the Day..
Happy Birthday....




Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger