Tuesday, January 14, 2014

“အမေ”ဆိုတဲ့စကား အခုတော့နားလည်ခဲ့ပြီ



ဒီနေ့ "အမေများနေ့"တဲ့
အရင်ကတော့ အမေ့အကြောင်းတွေ ရေးခဲ့ဖူးတယ်။
အခုအချိန်မှာ အမေ့ကို သတိရတဲ့စိတ်ဟာ အရင်ကထက်ပိုတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျမလည်း မကြာသောအချိန်မှာ "အမေ"နေရာကို ရောက်တော့မှာမို့ပါ။
.-------------------

" ခလုပ်ထိမှ အမိတ" တာမဟုတ်ပါဘူး အမေ။
သမီးကို အမေကိုယ်ဝန်ရှိစဉ်အခါက ဘယ်လောက်တောင် ဒုက္ခရောက်ခဲ့ရသလဲဆိုတာ
သမီးကိုယ်နဲ့ရင်းပြီး သိခဲ့ရလို့ပါ။

ကိုယ်ဝန်နုစဉ်အခါက စားသမျှ အန်ပြီး အိပ်ယာထဲ လဲခဲ့ရတာ အမေတိုင်းပါ။

စားသမျှမဝင်ပြန်တော့ ကျန်းမာရေးက ချူချာ
ရောဂါမှန်သမျှကို ရင်စည်းခံရင်း
ဗိုက်ထဲက ရင်သွေးလေးအတွက် အမေ
ပေးဆပ်ခဲ့တယ်။

ကိုယ်ဝန်ရင့်လာပြန်တော့ ထိုင်မရ ထမရ။
အိပ်လို့မရ။ ဗိုက်ကလေးကို တစ်မမပေါ့။
ဒါပေမယ့်လည်း ဗိုက်ထဲက ရင်သွေးလေး
တစ်ချက်လှုပ်တိုင်း အမေ ပီတိဖြစ်ခဲ့ရတာ
အခုတော့ သမီးသိပြီ အမေ။

" ၉လလွယ် ၁၀လမွေး" တဲ့။
ပြောတော့အလွယ်ကလေး… ရယ်
ကိုယ်တိုင်လွယ်မှ သိခဲ့ရတယ်။

အဲဒီလိုနဲ့ နေ့စေ့လစေ့ မွေးဖွားချိန်ရောက်ပြန်တော့
နာကျင်မှု ဝေဒနာက
အရိုးအချောင်း၂၀ကို တစ်ပြိုင်နက်ထဲ
အချိုးခံရသလိုမျိုး… တဲ့။

သမီးမျက်နှာမြင်ဖို့
သေမင်းနဲ့အဖော်မပါ စစ်ခင်း
အမေသေတွင်းကို မကြောက်ခဲ့ဘူး။

အဲဒီအချိန်ကို မကြာခင် သမီးရောက်တော့မယ် အမေ။
အမေရှိခဲ့ရင်တော့ သေခြာပါတယ် အမေပြောမယ့်စကား
"မနာပါဘူးသမီးရယ်" "သမီးမျက်နှာကို အမေ မြင်လိုက်တဲ့အချိန် နာကျင်မှုဆိုတာ အခိုးအငွေ့လို ပျောက်ပျယ်သွားတယ်"တဲ့လား။

"အမေ"ဆိုတဲ့ စကား…
အခုတော့ သမီးနားလည်ခဲ့ပြီ။

ငယ်ရွယ်စဉ်အခါက
အမေ့ကို ပြောမှားဆိုမှားရှိခဲ့ရင်
သမီးကို ခွင့်လွှတ်ပါ အမေ

ဒီတစ်ခါ သမီးအလှည့်…
နာကျင်စမ်းပါစေတော့ …
ဗိုက်ကြီးကို ဓားနဲ့ခွဲမယ်ဆိုလည်း ခွဲပါစေတော့…

ကိုယ့်အသက်ကို စတေး
ဗိုက်ထဲက ရင်သွေးလေး မျက်နှာမြင်ရဖို့က အဓိကမို့ …
"အမေ"ဆိုတဲ့ ဘွဲ့ကို သမီးခံယူမယ် …

အမေပြုံးနိုင်ပါစေသား။

(ကမ္ဘာပေါ်ရှိ အမေများအားလုံးအတွက် အမှတ်တရ ရေးဖွဲ့ပါသည်)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger