
“ပိုး”........တဲ့......
ကျမဆိုလိုတဲ့...“ပိုး”ဆိုတာ “ရူးသွတ်ခြင်း”တစ်မျိုးကို ဆိုလိုတာပါ....။
“စာပိုး”....“အဆိုတော်ပိုး”...“မင်းသားပိုး”...“မင်းသမီးပိုး”...“ကဗျာပိုး”...“ရုပ်ရှင်ပိုး”...စသည်ဖြင့်ပေါ့...။ဝါသနာပါရာ ရူးသွတ်ကြခြင်း ပိုးတွေပါပဲ...။
အဲဒီပိုးတွေထဲကမှကြောက်စရာအကောင်းဆုံး“ပိုး”ကတော့...“အနုပညာပိုး”ပဲဖြစ်ပါတယ်။
အဲဒီ အနုပညာပိုး သင့်ကိုယ်ထဲကို ဝင်သွားပြီဆိုရင်တော့ ကုရာနတ္ထိ ဆေးမရှိနိုင်ပါ။
အဲဒီ အနုပညာပိုးဟာ ကျမကိုယ်ထဲကို ဘယ်အချိန်ကတည်းက ရောက်နေတယ်ဆိုတာ အတိအကျ မသိရပေမဲ့ နှစ်ကာလ အတော်ကြာကြာ ကိန်းအောင်းနေခဲ့တယ်ဆိုတာ ကျမရိပ်စားမိခဲ့ပါတယ်။
ကျမမှတ်မိသလောက်ဆိုရင်တော့ မူလတန်းအရွယ် ကဗျာရွတ်ဆိုပြိုင်ပွဲမှာ ဆုရခဲ့ဖူးတယ်။အလယ်တန်းအရွယ်မှာ တူရိယာပေါင်းစုံကို ပိုင်နိုင်စွာ တီးမှုတ်နိုင်ခဲ့တဲ့ ဘင်ခရာအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ဖူးတယ်။အထက်တန်းကျောင်းသူဘဝမှာ ကျောင်းဆင်းပွဲတိုင်းမှာ ပင်တိုင်အဆိုရှင်ဖြစ်လာခဲ့တယ်။
F.M.A ဂျပန်စကားပြောသင်တန်းက ကျင်းပတဲ့ ဂျပန်သီချင်းဆိုပြိုင်ပွဲမှာလည်း ပထမဆုကို ကျမရခဲ့ဖူးတယ်။သူငယ်ချင်းတွေနဲ့ အတူ စားသောက်ဆိုင်တွေမှာ ညစာစားရင်း စင်ပေါ်တက်ပြီး
သီချင်းဆိုရင်လည်း ပန်းကုံးများစွာကို လက်ခံရရှိရင်း ကျမရဲ့ အနုပညာပိုးဟာ ကျမရဲ့ခန္ဓာကိုယ်ထဲမှာ တစ်စထက်တစ်စ ပြန့်ပွားလာတော့တာပါပဲ..။
အဲဒီကနေ တစ်ဆင့်တက်ပြီး....အနုပညာလောကထဲကို ဖန်တီးမှုပိုင်းဆိုင်ရာ ထုတ်လုပ်သူ(Producer)တစ်ယောက်အနေနဲ့ ခြေ“စ”လှမ်းလိုက်တယ်ဆိုရင်ပဲ...VIDEO ဈေးကွက်ကို နားမလည်သေးပဲ အနုပညာတစ်ခုတည်းကိုသာ ကြည့်ခဲ့တဲ့ ကျမဟာ ဆုံးရှုံးမှုမြောက်များစွာနဲ့ စတင်ရင်ဆိုင်ခဲ့ရတော့တာပါပဲ..။
လူမှုရေး...စီးပွားရေး...ဂုဏ်သိက္ခာတွေကြားထဲမှာ မရူးယုံတစ်မယ်ပဲပေါ့..။
ကျမ“ရ”လိုက်တဲ့ အရှုံးထဲက အမြတ်တစ်ခုကတော့...“ဘာပဲလုပ်လုပ် အရင်လေ့လာပြီးမှ လုပ်ဖို့” ပါပဲ...။ဒါမှမဟုတ်ရင်တော့ ကိုယ်ခြေချလိုက်တဲ့ စီးပွားရေးနယ်မြေသစ်က လူတွေရဲ့ အမဲဖျက်ကြိုဆိုပွဲမှာ မြေဇာပင်ဖြစ်ဖို့သာ ပြင်ပေတော့။
“ဘဲအုပ်က တစ်ရာနှစ်ရာxxxမဗေဒါကတစ်ပင်တည်းxxxအယက်အကန်ခံလို့ ဗေဒါပြန် မာန်ကိုခဲxxx” ...ဆိုတဲ့ သီချင်းလေးဟာ ကျမဘဝအတွက် အမှတ်ရစရာ(အား)တွေပါပဲ...။အဲဒီလိုနဲ့ပဲ...ရုပ်ရှင်ရပ်ကွက်ဖြစ်တဲ့ ၃၆ လမ်းထဲက ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတွေထဲမှာ ကျမရဲ့ “ငွေအိမ်စံ ဗီဒီယို ထုတ်လုပ်ရေး ကုမ္ပဏီ ဟာ...ယနေ့အချိန်ထိ ရပ်တည်နိုင်ခဲ့တာ ယခုဆိုရင် (၉)နှစ်တာ သက်တမ်းကို ရောက်ရှိခဲ့ပါပြီ..။
ကျမ နိုင်ငံခြား(CYPRUS) သို့ မထွက်ခင် အဲဒီကုမ္ပဏီကို ကျမနှင့် ကျမ၏ အန်တီဖြစ်တဲ့ ချင်းချင်း တို့က ဦးစီးပြီး ဗီဒီယို ဇာတ်ကားပေါင်းများစွာကို တတ်နိုင်သော အားလေးဖြင့် ဖြန့်ချီခဲ့ကြပါတယ်။
ကျမရဲ့ အနုပညာရူးသွတ်မှုကတော့ ထုတ်လုပ်သူ တစ်ယောက်အနေဖြင့် ရိုက်ကွင်းတိုင်းကို ကျမလိုက်တယ်၊ ကားဆက်လျှင်လည်း ကျမပါတယ်၊ ဇာတ်ဝင်ခန်းအတွက် သီချင်းရွေးလျှင်လည်း...ကျမပါတယ်၊ ဇာတ်လမ်းရွေးတာက အစ ...ဇာတ်ဝင်ခန်းနဲ့ လိုက်ဖက်မဲ့ သရုပ်ဆောင်ရွေးတာက အဆုံး ကိုယ်တိုင်စိတ်တိုင်းကျ စီစဉ်တတ်တဲ့ ကျမရဲ့ အနုပညာပိုးကို မွေးဖွားရင်းတစ်နေ့မှာ....“FACES” မဂ္ဂဇင်းမှ “FOLLOW ME...GREEN TEA SHAMPOO”..ကြော်ငြာ အတွက် ဆံပင် MODEL ရွေးပွဲမှာ ဓာတ်ပုံဖြင့် ဝင်ပြိုင်ရင်း “FOLLOW ME GREEN TEA SHAMPOO”...ကြော်ငြာရဲ့ “HAIR MODEL” (ဆံပင်ကိုယ်ဟန်ပြမယ်) ဖြစ်ခဲ့ပြန်ပါတယ်။အဲဒီကနေတဆင့် မြဝတီရုပ်မြင်သံကြားဋ္ဌါနမှ (ဝန်ထမ်းလစာဖြင့်) မြန်မာဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းခဲ့ပါတယ်...။
VCD ထုတ်လုပ်သူ အချို့ဟာလည်း ကျမအား သီချင်းခွေများတွင် သရုပ်ဆောင်ပေးရန် အန်တီထံတွင်ခွင့်တောင်းကြတယ်...။အဲဒီမှာတင် အန်တီဟာ ကျမရဲ့ ထာဝ၇..ဘဝရပ်တည်မှု ခိုင်ခံ့ရန် ကျမအား စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့သာ ဆန္ဒရှိသည့်အတွက် ကမ်းလှမ်းသူများအား ပညာပါပါငြင်းဆိုခဲ့ပြီး..ကျမကို CYPRUS နိုင်ငံသို့ အမြန်သွားနိုင်မည့် နည်းလည်းတွေကို သုံးပြီး ဘဝရဲ့ကျောင်းတော်အသစ်ဆီသို့ တွန်းပို့လိုက်တော့တာပါပဲ...။
အဲဒီတုန်းက အန်တီရဲ့စေတနာတွေကို ကျမနားမလည်ခဲ့ပေမဲ့ အခုတော့ အပြည့်အဝနားလည်သဘောပေါက် လက်ခံခဲ့ပါပြီ...။
သို့သော်လည်း အနုပညာပိုးကတော့ တက်လက်ရှင်သန်နေဆဲမို့ ကဗျာတွေရေး...စာတွေရေးနေဆဲ ကျမကို နားလည်ပေးခဲ့တဲ့ အန်တီဟာ ကျမရဲ့ ကဗျာများကို ဂျာနယ်နှင့် မဂ္ဂဇင်းများထဲတွင် ထည့်ပေးရန် စီစဉ်ခဲ့ပါတယ်...။
ကျမဝမ်းအသာဆုံး သတင်းတစ်ခုကတော့ ကျမရေးနေတဲ့ “----”ဇာတ်လမ်းတစ်ပုဒ်ကို ပြုပြင်ပြီး VIDEO ဇာတ်လမ်းအဖြစ် အသက်သွင်းဖို့ အန်တီ စဉ်းစားပေးခဲ့တာကိုပါပဲ...။အဲဒီအတွက် အခုအချိန်က“စ”ပြီး ...“----”ဇာတ်လမ်း “စ”မှ...“ဆုံး” သည်အထိ ဇာတ်ဝင်ခန်းများကို ဖန်တီးဖို့...ကျမ ရူးသွတ်ရတော့မည်ပေါ့...။ကျမ ရူးသွတ်ခဲ့ရတဲ့ .......
“အနုပညာပိုး”.....သတ်လို့မရခဲ့တဲ့“ ပိုး”.....ဆုံးရှုံးမှုများစွာ...ပေးစပ်မှုများစွာနဲ့....ရင်းခဲ့ရတဲ့...
“ဝါသနာ ပိုး”......ကျမရဲ့...အနုပညာ ရူးသွတ်မှု...“ပိုး”......အခုတော့..........
ဆက်လက်ရှင်သန်ခွင့် ရခဲ့ပြီလေ.....။
1 comments:
အမ နန်းမဝ ရေ
ကိုယ်ဝါသနာပါရာမှာ ဘဝကို နှစ်မြှုပ် ပျော်ရွှင်ရတာ ဘယ်လောက်ထူးတဲ့ ကုသိုလ်များပါလိမ့်။
Post a Comment