Friday, December 4, 2009

အမှတ်ရနေဆဲပါ....ဇာတ်သိမ်းပိုင်း

ခွဲကြရတော့မယ် ဆိုတဲ့အသိကြောင့် လျှို့ဝှက်နိုင်လွန်းသည့် "သူ"၏ ခံစားချက်များ အခုတော့ ပွင့်အန်ထွက်လာခဲ့ပြီ။ အချိန်ကာလ အတော်ကြာ မျှော်လင့်ခဲ့ရသော သူ့ထံမှ ပြောထွက်လာမည့် ရင့်ဖွင့်သံတွေကို နားထောင်ဖို့ ကျမတယောက် ရင်ခုန်နှုံးမြန်စွာဖြင့် FEEL NO.1 စားသောက်ဆိုင်ထဲသို့ လှမ်းဝင်လိုက်စဉ် ဧည့်ကြိုကောင်တာမှ အမျိုးသားတဦး၏ "မင်္ဂလာပါ ခင်ဗျာ..မနမ်းမဝပါလားခင်ဗျာ.." ကျမခေါင်းညှိတ်ပြလိုက်တော့ "ဒီဘက်ကိုကြွပါ" ဟုဆိုကာ ကျမကိုထောင့်တနေရာမှစားပွဲဆီသို့သို့ဦးဆောင်၍ခေါ်သွားလေသည်။ ဧည့်ကြိုကောင်တာသို့ကျမ နမ်းမဝလာမည့်အကြောင်း သူ့ဘက်မှ ကြိုတင်အသိပေးထားသဖြင့် ဧည့်ကြိုအမျိုးသားလေးမှာ ကျမ မည်သည့်စားပွဲသို့ သွားရောက်မည်ကို ကြိုတင်သိနေရခြင်းဖြစ်သည်။ "သူ"ထိုင်နေသော စားပွဲဆီသို့ လျှောက်လှမ်းလာသည့်ကျမကို "သူ"ပြုံးပြရင်း "လာ...မနမ်း..." ကျမလည်း သူ့ကိုပြုံးပြပြီး ကျမကို ခေါ်ဆောင်လာပေးသော ဧည့်ကြို အမျိုးသားလေးအား ကျေးဇူးတင်စကားပြောရင်း သူ၏ မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ခနကြာတော့ ဟင်းပွဲများရောက်လာသည်၊ ကျမ မရောက်လာခင်ကတည်းက "သူ"ကြိုတင်စီစဉ်ထားဟန်တူသည်။ "မနမ်းက ခြေလေးချောင်းသားမစားတော့ ကြက်သားနဲ့ ပင်လယ်စာတွေကို ကျွန်တော်ရွေးပြီးမှာထားပေးတယ်...အဆင်ပြေရဲ့လားမသိဘူး"...(၂)ယောက်ထက်မကစားနိုင်သော ဟင်းပွဲများကို ကျမ ကြည့်ရင်း ပြန်ပြောလိုက်သည်.."ပြေပါတယ်..နမ်း အဲဒီလောက်မစားနိုင်ပါဘူး"...သူပြုံးသည်။ "မနမ်းက ရေခဲနဲ့မတည့်တော့ ရေခဲမပါတဲ့ ရှောက်ချိုသီးဖျော်ရည်ကို မှာထားပေးတယ်...ထမင်းစားပြီးမှပဲ နွားနို့ပူပူလေး ထပ်မှာပေးမယ်နော်"...။ "သူ"အကုန်မှတ်မိနေတာပဲ..။ ကျမ ခေါင်းညှိတ်ပြပြီး ကျမတို့ရဲ့ ထမင်းပွဲလေးကို "စ"လိုက်ကြတယ်။ ထမင်းပွဲတွင် ကျမနိုင်ငံခြားတွင် တက်ရမည့် သင်တန်းအကြောင်းကို ပြောဖြစ်ကြသည်။ကျမတွင် ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ဖြန့်ချီရေး ကုမ္ပဏီရှိသည်၊ ထိုကုမ္ပဏီကို ကျမ၏ အဒေါ်ဖြစ်သူမှ ဦးစီးလုပ်ကိုင်လျှက်ရှိသည်။ ကျမကတော့ အဒေါ်မအားလပ်သည့် အခါမျိုးတွင် ရုံးထိုင်ပေးရသည့်နေ့များမှအပ ကျန်ရက်များတွင် ကျမ၏ကိုယ်ပိုင် အင်္ကျီဒီဇိုင်းထုတ်လုပ်သည့်အလုပ်ကို နေအိမ်တွင် ဆိုင်ခန်းဖွင့်၍ လုပ်ကိုင်လျှက်ရှိသည်။ ရပ်ကွက်ထဲမှ အပ်ထည်များ၊ ကြော်ငြာမင်းသမီးအချို့အတွက် ဒီဇိုင်းချုပ်လုပ်ပေးခြင်းနှင့် Model Agency တချို့မှ အပ်သော ပိတ်လိပ်များကို ကျမ၏ စိတ်ကူးဖြင့် ကိုယ်ပိုင်ဒီဇိုင်းများ တီထွင်၍ ပွဲတပွဲစာ ချုပ်လုပ်ပေးသည့် ဝန်ဆောင်မှုများကို လက်ခံဆောင်ရွက်ပေးရင်း "Colour & Design" ပညာရပ်ကို ဝါသနာအရ ပိုမိုလေ့လာချင်သောကြောင့် နိုင်ငံရပ်ခြားတွင် ပညာသင်ရန် လျှောက်လွှာ တင်လိုက်ခြင်းဖြစ်သည်။ ယခုတော့ ကျမအတွက် လိုအင်ဆန္ဒပြည့်ဝခဲ့ရပြီ။ သင်တန်းကာလမှာ (၄)နှစ်သင်တန်းဖြစ်သည်၊ (၁)နှစ် တခါပိတ်သော Holiday ရက်များတွင် မိမိနိုင်ငံသို့ အလည်ပြန်ပိုင်ခွင့်ရှိသည်။ (၄)နှစ်ပြည့်မြောက်၍ သင်တန်းပြီးဆုံးသွားလျှင်တော့ မြန်မာနိုင်ငံသို့ ပြန်လာပြီး ဒီဇိုင်နာ သင်တန်းကျောင်း ပြန်ဖွင့်ချင်သည့် ကျမ၏ ရည်မှန်းချက်တွေကို ပြောပြရင်း ထမင်းစားပွဲလေးပြီးဆုံးခဲ့သည်။ စားပြီးသွားသော ဟင်းပွဲများကို စားပွဲထိုးလေးမှ သိမ်းဆည်းသန့်စင်အပြီးတွင် ကျမ၏ ရှေ့သို့ နွားနို့ပူပူလေးတခွက်နှင့် "သူ"၏ ရှေ့သို့ ကော်ဖီတခွက်ရောက်ရှိလာသည်။ အကွက်ကျကျစီစဉ်ထားသော သူ့အား ကျမကြည့်၍ ပြုံးမိစဉ် သူ့ဘက်မှ စကား"စ"လာခဲ့သည်.."မနမ်းကို ကျွန်တော် ပြောစရာရှိတယ်"..။ကျမငြိမ်၍ နားထောင်နေသည်။ "ကျွန်တော့်ဘဝအတွက် အလေးနက်ဆုံး စကားလေးတခွန်းပါ".."မနမ်း အလေးအနက်ထားပြီး နားထောင်ပေးပါနော်"...ဟုဆိုပြီး အတန်ကြာတိတ်စိတ်သွားသည်...ပြီးမှ..."မနမ်းကို ကျွန်တော် ချစ်တယ်" ။ "သူ"ပြောထွက်လာမည့်စကားကို ကျမဘက်မှ ကြိုတင် ခန့်မှန်းထားသော်လည်း သူ့ဘက်မှ တကယ်ပြောထွက်လာသည့်အခါ မှာတော့ ကျမ၏ ရင်ခုန်သံတွေကို ကိုယ်တိုင်ပြန်လည်ကြားရလောက်အောင် စိတ်လှုပ်ရှားရင်းငြိမ်သက်နေမိသည်။ "ကျွန်တော့်ကို အခုချက်ချင်း အဖြေပေးစရာမလိုပါဘူး...မနမ်းဘက်က စဉ်းစားဖို့ အချိန်ရှိပါတယ်...ကျွန်တော်စောင့်နိုင်ပါတယ်"..။ ရှင်ရယ်...ကျမရင်ထဲက ပြောနေတဲ့ စကားတွေကို ရှင် ကြားနိုင်စွမ်းရှိမယ်ဆိုရင် ရှင်လေ...ကျမရဲ့ရှေ့မှာ "ထ"တောင်ခုန်မိမလားပဲ...၊ ကျမလေ ရှင့်ကို မေ့မရခဲ့တာ ရွှေဘုန်းပွင့် ဘုရားပေါ်က အဖြစ်အပျက်လေးနဲ့ ကြုံတွေ့ပြီးကတည်းကပါ။ရှပ်အင်္ကျီ ကော်လာလည်ကတုန်းအဖြူရောင်နှင့် ကချင်ပုဆိုးလေးတွေကို ထည်လဲ ဝတ်ဆင်တတ်တဲ့ ရှင့်ကို ကျမစွဲလန်းခဲ့ရတယ်..။ အဲဒီဘုရားပေါ်က အလှူခံဌါနရဲ့ ပုံစံတူကို လက်ဆောင်ပေးဖို့ ပန်းချီဆွဲခဲ့တဲ့ ရှင့်ကို ကျမမြတ်နိုးခဲ့တယ်။ ပြီးတော့ ရှင့်ဆီက "မနမ်းကို ချစ်တယ်"..ဆိုတဲ့ စကားကို တနေ့ ရှင်ပြောလာလိမ့်မယ်ဆိုတာ ကျမရဲ့နှလုံးသားလေးက အလိုလိုသိနေခဲ့တယ်..။ရှင်တောင်းခဲ့တဲ့ အဖြေကို ကျမဖြေမှာပါ..၊ ကျမ မြန်မာပြည်ကို ပြန်လာတဲ့ တနေ့ကျရင်ပေါ့..။ အခုလောလောဆယ်တော့ ကျမရဲ့ ရင်ထဲကနေပဲ ရှင့်ကို အဖြေပေးလိုက်ပါရစေ။ "မနမ်း.." သူခေါ်လိုက်တဲ့ အသံကြောင့် ကျမ၏ အတွေးစများပျယ်လွင့်သွားခဲ့ရသည်။"ရှင်..." " ကျွန်တော့်ကို စကားပြန်ပြောပါအုံး.."..ရှင်ရယ်..ကျမရင်ထဲမှာ ရှင့်ကို စကားတွေ အများကြီး ပြောနေခဲ့ပေမယ့်...ကျမရဲ့နှုတ်က ပြောထွက်ဖို့ ရှက်နေတာကို ရှင် မသိလေရော့သလား...။ "မနမ်း..ပြောလေ.."..."ကျွန်တော့်ကို စဉ်းစားပေးမယ် မဟုတ်လား..."..ကျမခေါင်းညှိတ်ပြလိုက်ပါသည်။ "ဝမ်းသာလိုက်တာ...မနမ်းရယ်.."..၊ "မနမ်းရဲ့ အဖြေကို ကျွန်တော်စောင့်နေပါ့မယ်".. "မနက်ဖြန်ကျရင်တော့ လေယာဉ်ကွင်းကို ကျွန်တော် လိုက်ပို့နိုင်မယ် မထင်ဘူး...မနက်ဖြန်မှာ ကျွန်တော့်ရဲ့ ဖေဖေနဲ့ မေမေတို့ရဲ့ နှစ်ပတ်လည် မင်္ဂလာနေ့ မို့ အိမ်မှာ ဧည့်ခံပွဲရှိတယ်..၊နိုင်ငံခြားမှာ ရုံးထိုင်တဲ့ ကိုကိုတောင် မြန်မာပြည်ကို ပြန်ရောက်နေပြီ..၊ ကျွန်တော် အခုတခါထဲ မနမ်းကို နှုတ်ဆက်လိုက်ပါရစေ"....။"ကျွန်တော့်ကို စာရေးဖို့တော့ မမေ့ပါနဲ့...နော်...မနမ်း"...။ကျမ သူ့ကို လှမ်းကြည့်လိုက်စဉ်... သူနှင့်ကျမ အကြည့်ချင်းစုံမိကြသည်။"ညီညီ".....အသံလာရာသို့ ကျမတို့ နှစ်ဦးစလုံးပြိုင်တူကြည့်လိုက်ကြစဉ် ကျမရဲ့တကိုယ်လုံးစကြဝဠာရဲ့အပြင်ဘက်ကို လွင့်ထွက်သွားသလိုမျိုး ခံစားလိုက်ရသည်။ "သူ"...အို...မဟုတ်ဘူး....။ "သူ"နှင့် အမွှာညီအကိုဟု ပြောစရာမလိုလောက်အောင် "သူ"နှင့် ရုပ်ချင်း ကိုယ်လုံးချင်း လုံးဝခွဲခြား၍မရအောင်တူသည့် "သူ"၏ကိုယ်ပွား အမျိုးသားတဦးကို အံ့သြစွာတွေ့လိုက်ရသည်။ "သူ"နှင့် ကွဲပြားသည့် အသွင်ပြင်ဆိုလို့ "သူ"ကရှပ်အင်္ကျီကော်လာ လည်ကတုန်းအဖြူရောင် နှင့်ကချင်ပုဆိုးကို ဝတ်ဆင်ထားသည်။ ကျမ၏ဘေးတွင် ရပ်လျှက်ရှိသော အမျိုးသားမှာ ရှပ်အင်္ကျီလက်ရှည်ကို စတိုင်လ်ဘောင်းဘီနှင့် တွဲဖက်ကာဝတ်ဆင်ထားသည်။ "ဟာ....ကိုကို...ဆိုင်မှာလာစားတာလား...တယောက်ထဲလား"..ဟု "သူ"ပြောတော့ ထိုအမျိုးသားမှာ သူ၏ဘေးတွင်ဝင်ထိုင်ရင်း "အေးကွ..ကိုကို့မိတ်ဆွေတွေနဲ့ ချိန်းထားလို့...မတွေ့တာကြာလို့ တွေ့ချင်တယ်ဆိုလို့ ဒီမှာဆုံဖို့ ချိန်းလိုက်ကြတာ"..။"သြော်..ကိုကိုနဲ့ မိတ်ဆက်ပေးရအုံးမယ်...ဒါ..မနမ်းမဝတဲ့...ညီညီ့သူငယ်ချင်းပါ.."."မနမ်း...အဲဒါ နိုင်ငံခြားမှာနေတယ်ဆိုတဲ့ ကျွန်တော့်ရဲ့အမွှာညီအကို ကျွန်တော်က လင်းသူရ...၊ကိုကိုက ကိုမင်းသူရတဲ့......မေမေမြန်မာပြည်ကနေပို့ပေးတဲ့ ယွန်းထည်တွေနဲ့ ရွှေခြည်ထိုး/ ငွေခြည်ထိုးပန်းချီကားတွေကို ကိုကိုက ကိုယ်စားလှယ်ယူပြီး နိုင်ငံခြားမှာ ပြန်ဖြန့်တာ....အခု ဖေဖေနဲ့မေမေတို့ရဲ့ Anniversary မိတ်ဆုံစားပွဲလေးအတွက် မိသားစုတွေဆုံချင်တာနဲ့ မြန်မာပြည်ကို အလည်ခနပြန်လာတာလေ"....ကျမ၏ခန္ဓာကိုယ်မှာ စားသောက်ဆိုင်ထဲတွင် ရှိနေသော်လည်း ကျမ၏ အတွေးစများမှာ ရွှေဘုန်းပွင့် ဘုရားပေါ်မှ အလှူခံဌါနတွင် ဂေါပကလူကြီးများ မှား၍ကြေငြာခဲ့သည့် "ကိုမင်းသူရနှင့် မနမ်းမဝတို့မှ ငွေသား ၆၀၀၀ကျပ် တိတိကို လာရောက်လှူဒါန်းသွားပါတယ်...ယနေ့မှစ၍ ချစ်သူနှစ်ဦး အလှူရေစက်လက်နဲ့မကွာ လှူနိုင်တန်းနိုင်ကြပါစေ"..ဟူဟောဆုတောင်းကို ပြန်လည်သတိရရင်း....။
ဒါဆိုရင် ဘုရားပေါ်မှာတွေ့ခဲ့တဲ့ တစ်ယောက်က "သူ"မဟုတ်ဘူးပေါ့...အဲဒါဆို "သူ"ဆွဲခဲ့တဲ့ not for sale ဆိုတဲ့ ပန်းချီကားဟာလည်း ကိုမင်းသူရက သူ့ကိုဆွဲခိုင်းခဲ့တာပေါ့။ ကျမ၏ အတွေးစများမပြီးဆုံးခင်..."ကျွန်တော်ဒီနာမည်ကို ဘယ်တော့မှမမေ့ပါဘူး..မနမ်းမဝ..""မနမ်းမဝက ညီညီ့ရဲ့သူငယ်ချင်းကိုး...မမျှော်လင့်ပဲ ဒီမှာလာဆုံတွေ့လိုက်ရတဲ့အတွက် ကျွန်တော် အရမ်းဝမ်းသာပါတယ်"...ညီညီ့ကိုလည်း ကိုကို ကျေးဇူးအများကြီးတင်ပါတယ်"...."ညီညီ့ကို ကိုကိုဆွဲခိုင်းထားတဲ့ပန်းချီကား........"..."တီ..တီ...တီ...တီ..."မင်းသူရ၏ လက်ထဲမှ ဟန်းဖုန်းလေး အဆက်မပြတ် ထမြည်လာသောကြောင့် မင်းသူရပြောလက်စ စကားများရပ်တန့်သွားသွားပြီး ဖုန်းတလုံးနှင့် တခန အလုပ်ရှုပ်သွာခဲ့သည်..။"ဟဲလို..ဖိုးကျော်..အေး...ငါ ရောက်နေပြီ....၊မင်း ဘယ်မှာလဲ...အေးအေး ငါ အခုလာပြီ"..။မင်းသူရ ဖုန်းပြောအပြီးတွင် "ညီညီရေ...အိမ်ရောက်မှဆက်ပြောကြတာပေါ့...ကိုကို့သူငယ်ချင်းတွေ ရောက်နေကြပြီ..”“မနမ်းမဝရေ...နောက်မှ အေးအေးဆေးဆေးထပ်တွေ့ကြတာပေါ့ဗျာ..ကျွန်တော့်ကိုခွင့်ပြုပါအုံး"...မင်းသူရတယောက် ကျမတို့ကို နှုတ်ဆက်ပြီး လှည့်ထွက်သွားချိန်တွင် "သူ"နှင့် ကျမတို့ တယောက်ကို တယောက်ကြည့်ရင်း .."ကိုသူရ...ကိုမင်းသူရပြောသွားတဲ့ ပန်းချီကားဆိုတာ..."..."မနမ်း ကျွန်တော့်ဆိုင်ကို ပထမဦးဆုံးအကြိမ် လာတုန်းက Not for sale လို့ရေးထားတဲ့ ရွှေဘုန်းပွင့် ဘုရားပေါ်က ပုံတူပန်းချီကားလေ".."အဲဒါ ကိုကို က ကျွန်တော့်ကို ဓာတ်ပုံပေးပြီး ဆွဲခိုင်းထားတာ..သူ့မိတ်ဆွေတယောက်ကို လက်ဆောင်ပေးဖို့လို့ပြောတာပဲ"...မထူးတော့သည်မို့ ကျမဆက်မေးမိသည်..."ကိုမင်းသူရက ကိုသူရလိုပဲ ရှပ်အင်္ကျီကော်လာလည်ကတုန်းနဲ့ ပုဆိုးကို အမြဲဝတ်လေ့ရှိသလား.."..."အာ..မဝတ်ပါဘူး...ကျောင်းမှာတုန်းက ကျွန်တော်နဲ့ ကိုကိုက အမွှာညီအကိုဆိုတော့ မင်းသူရနဲ့ လင်းသူရကို ဘယ်သူကမှ သေသေခြာခြာခွဲလို့မရခဲ့ဘူး...သူတို့ခွဲလို့ရတာဆိုလို့ ကိုကိုက ငယ်ငယ်ကတည်းက ဘောင်းဘီတွေပဲဝတ်လေ့ရှိတယ်၊ ကျွန်တော်ကတော့ ပုဆိုးကို ပိုနှစ်သက်လို့ အခုအချိန်ထိ ပုဆိုးကိုပဲ ဝတ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တခါတလေ ဘုရားလိုနေရာမျိုးကို ကိုကိုသွားရင်တော့ ပုဆိုးဝတ်လေ့ရှိတယ်"..။ ကျမ နားလည်လိုက်ပါပြီ။"ဒါနဲ့ ကိုကိုနဲ့ မနမ်းက သိတာကြာပြီလား"...ကျမ သူ့ကိုရှင်းပြမနေချင်တော့ပါ..။ "ကိုသူရရဲ့ အကို ကိုသာ မေးကြည့်လိုက်ပါ"..."မနမ်းလည်း ပင်ပန်းနေပြီ...မနက်ဖြန်လည်း ခရီးသွားရအုံးမယ်ဆိုတော့ ပြန်ချင်ပြီလား..ကျွန်တော်လိုက်ပို့ပေးပါရစေ.."..။ ကျမတို့ FEEL NO.1 စားသောက်ဆိုင်မှ ထွက်လာခဲ့ကြပြီး ကျမအိမ်သို့ ပြည်လမ်းမကြီးအတိုင်း သူမောင်းနှင်လာခဲ့သည့်ကားပေါ်တွင် ကျမတယောက် ငြိမ်သက်စွာလိုက်ပါလာရင်း ပြည်သူ့ဥယျာဉ်နားသို့ အရောက်တွင် ရွှေရောင်ဝင်းလက်တောက်ပပြီး အလွန်သပ္ပါယ်ကြည်ညိုစရာ ကောင်းသော ရွှေတိဂုံဘုရားကြီးအား လက်အုပ်ချီ၍ဖူးမျှော်လိုက်စဉ် "မနမ်း ဘုရားဖူးချင်လို့လား...ကျွန်တော်ပို့ပေးပါ့မယ်..အမှတ်တရပေါ့"...ဟုဆိုကာ ဘုရား၏ ခြေရင်းရှိ ကားများရပ်နားရာနေရာသို့ ချိုးကွေ့လိုက်တော့သည်။ ဘုရားပေါ်သို့ ခြေလျှင်တက်ကြရင်း ပန်းဆိုင်တွင် ပန်းအချို့ကို ဝယ်ပြီး ဘုရားပေါ်သို့ဆက်တက်ခဲ့ကြသည်။ ရွှေတိဂုံဘုရားကြီးအား နှစ်ဦးသား ဖူးမျှော်ကြည်ညိုအပြီးတွင် ကျမ၏လက်ထဲမှ ပန်းများကို "သူ"လွှဲယူရင်း ပန်းအိုးထဲတွင် စိုက်ထူလိုက်သည်။ ပြီးနောက် ကျမ၏ ရှေ့တွင် ဒူးထောက်ထိုင်ရင်း "သူ"ပြောခဲ့သည့် စကားတခွန်းကို အခုချိန်ထိ အမှတ်ရနေဆဲပါ.."မမျှော်လင့်ပဲ မနမ်းနဲ့အတူ ဘုရားဖူးခွင့်ရခဲ့တဲ့ ဒီနေ့လေးကို ကျွန်တော် အမြဲသတိရနေမှာပါ...၊ ကျွန်တော်ဆုတောင်းပါတယ်...အခုလိုမျိုး တကြိမ်တခါမကပဲ ကျွန်တော့်ဘဝ တလျှောက်လုံးမှာ မနမ်းနဲ့အတူ အမြဲမခွဲပဲ ဘုရားဖူးခွင့် ရချင်ပါတယ်..ကျွန်တော် မနမ်းကို မြတ်နိုးတယ်.."...သူ့အပြောလေးကြောင့် ကျမ၏ ခေါင်းလေး ပိုငုံ့သွားခဲ့ရသည်။ ရှင်ရယ်..ရှင်တို့ ညီအကို နှစ်ယောက်လုံးဟာ ဘာဖြစ်လို့များ ကျမရဲ့ ဘဝထဲကို ပုံစံတူစွာနဲ့ ရောက်လာခဲ့ကြရတာလဲ...၊ ရှပ်အင်္ကျီ ကော်လာလည်ကတုန်းအဖြူရောင်နဲ့ ကချင်ပုဆိုးကို ဝတ်ထားခဲ့တဲ့ ကိုမင်းသူရကိုလည်း ဘုရားပေါ်မှာ တွေဆုံခဲ့ရဖူးတယ်..၊အခု လင်းသူရ ဆိုတဲ့ ရှင်နဲ့လည်း ဘုရားပေါ်ကိုရောက်ခဲ့ရပြန်ပြီနော်...၊ ပြီးတော့ ပန်းချီပြခန်းမှာ ဆုံတွေ့ခဲ့တဲ့ ရှင့်ကို ကိုမင်းသူရအမှတ်နဲ့ သံယောဇဉ်တွယ်လာမိတယ်..၊ ကံကြမ္မာ အလှည့်အပြောင်းကြောင့် ရှင်နဲ့ ကိုမင်းသူရဟာ ကျွန်မထင်ထားခဲ့သလို တယောက်ထဲမဟုတ်ပဲ အမွှာညီအကို ဆိုတာကို ကျမသိလိုက်ရတဲ့အချိန် တဒင်္ဂမှာ ကျမရဲ့နှလုံးသားလေး ဗျာများသွားခဲ့ရပေမယ့် အခုတော့ ကျမတကယ်ချစ်ရတဲ့သူကို ရှာတွေ့ခဲ့ပါပြီ..။ ကိုမင်းသူရကို ပထမဦးဆုံးတွေ့ခဲ့ရပေမယ့် ကျမရင်ထဲက ကျမ တကယ်ချစ်ခဲ့ရတဲ့ချစ်သူဟာ ရှပ်အင်္ကျီ ကော်လာလည်ကတုန်းအဖြူရောင်ကို ပုဆိုးရောင်စုံလေးတွေနဲ့ (အမြဲ)တွဲဖက်ဝတ်ဆင်လေ့ရှိတဲ့ လင်းသူရ ဆိုတဲ့ ရှင့်ကိုပါပဲ...။ ရှင် ဆုတောင်းခဲ့သလိုပါပဲ...ကျမရဲ့ ဘဝမှာလည်း တကြိမ်တခါမကပဲ ရှင်နဲ့အတူ အမြဲမခွဲပဲ တသက်လုံးအတူနေရပါလို၏..ဆိုတဲ့ တောင်းဆုကို ရှင်မသိအောင် တိတ်တခိုးလေး ဆုတောင်းခဲ့ပါတယ်ရှင်ရယ်...။
"မိနမ်းရယ်...ခရီးဝေးသွားရမယ့်ဟာကို လွယ်လွယ်ကူကူ ဘောင်းဘီဝတ်သွားပါလား"ဟု ကျမ၏ အဒေါ်မှ တိုက်တွန်းသော်လည်း ကျမ မြန်မာဝတ်စုံလေးကိုသာ ရွေး၍ ဝတ်ဆင်ရင်း လေယာဉ်ကွင်း၏ ပစ္စည်းများ အလေးချိန် ချိန်ရာဌါနတွင် အလှည့်ကျ စောင့်ဆိုင်းနေစဉ် "မနမ်း..."ရှပ်အင်္ကျီ လက်ရှည်ကို စတိုင်လ်ဘောင်းဘီနှင့် တွဲဖက်၍ ဝတ်ဆင်ထားသော ကိုမင်းသူရကို တွေ့လိုက်ရသည်။"ကိုမင်းသူရ".."ဟုတ်တယ်..မနမ်း...ညီညီပြောပြလို့ ကျွန်တော် အကုန်လုံးသိပြီးပါပြီ...မနမ်းသိပ်ကံကောင်းပါတယ်..၊ ညီညီက ချစ်သူဆိုလို့ တယောက်မှ ထားခဲ့ဖူးတာမဟုတ်ဘူး...၊ ကျွန်တော်လည်း နောက်(၂)ရက်လောက်နေရင် ထိုင်းကို ပြန်ရတော့ မှာ အလုပ်တွေက ကြာကြာပစ်ထားလို့မရဘူးလေ...ကျွန်တော်ရှိမှအဆင်ပြေမှာ...၊ မနမ်းနဲ့တွေ့ရင်ပေးဖို့ ညီညီ့ကို ဆွဲခိုင်းထားတဲ့ ဒီပန်းချီကားလေးကို အမှတ်တရ လက်ဆောင်အဖြစ် ပေးလိုက်ပါရစေ..မနမ်းလက်ခံပေးပါနော်.".။သူ့လက်ထဲမှ ပန်းချီကားအား ကျမ၏လက်ထဲသို့ လှမ်းပေးရင်း "ညီညီကလည်း မနမ်းကို နှုတ်ဆက်တဲ့အကြောင်း ပြောပေးပါတဲ့...မနမ်း မြန်မာပြည်ကို ပြန်လာမယ့်နေ့ကို သူမျှော်နေမယ်တဲ့..တနေ့နေ့တော့ ကျွန်တော်တို့ ပြန်တွေ့ကြတာပေါ့...အိမ်မှာလည်း ဧည့်ခံပွဲကို ထားပြီး ထွက်လာရတာဆိုတော့ ...ကျွန်တော်ပြန်တော့မယ်နော်...အဆင်ပြေပါစေ..မနမ်း...Congratulation ပါ ...."..."ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ် ကိုမင်းသူရ"...သူလှည့်ထွက်သွားသည်ကို ကျမငေးကျန်ရစ်ရင်း............
ဘဝဆိုတာ သိပ်ဆန်းကျယ်သလို .........
အချစ်ဆိုတဲ့ အရာဟာလည်း သိပ်ဆန်းကျယ်ခဲ့တယ်နော်....
ကျမရဲ့ဘဝမှာ မထင်မှတ်ထားတဲ့ အမှတ်တမဲ့ နဲ့ကြုံတွေ့ခဲ့ရတဲ့ အကြောင်းတရားလေးတွေကပဲ... ကျမကို အမှတ်ရစရာလေးတွေ ဖြစ်စေခဲ့ပါတယ်....
အဲဒီ အမှတ်ရစရာလေးတွေ ထဲကမှ ....
ရှင်ပေးခဲ့တဲ့ ပန်းချီကားလေးနဲ့ ကိုမင်းသူရဆိုတဲ့ ရှင်ဟာလည်း...
ကျမရေးခဲ့တဲ့ အမှတ်တရ ဒိုင်ယာရီစာအုပ်လေးရဲ့...အတွင်းတနေရာမှာ ထာဝရတည်ရှိနေမှာပါ....
ပြီးတော့ ကျမနဲ့ ကျမမြတ်နိုးစွာ ချစ်ခဲ့ရတဲ့ သူနဲ့ကျမတို့ကို တွေ့ဆုံပေးခဲ့တဲ့ ရှင့်ကိုလည်းကျမရဲ့ဘဝမှာ အမြဲအမှတ်ရနေမှာပါ......

(စာဖတ်သူများအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်)

26 comments:

ဒဏ္ဍာရီ said...

အော် ... ဖြစ်ရမယ် သူငယ်ချင်းရယ်...။ ဖူးစာဆိုတာကလည်း ထူးဆန်းတယ်နော်။ တွေ့တော့ တယောက် ချစ်တော့တစ်ယောက်ပါလား။ ဘာပဲ ပြောပြော င့ါသူငယ်ချင်း တကယ်ချစ်တယ် စိတ်ချမ်းသာတယ်ဆိုရင် ပြီးတာပဲနော်။

ချစ်သောသူနဲ့ အမြန်ဆုံး ပေါင်းရပါစေကွာ...။

ခင်မင်လေးစားလျှက်

မောင်ဘကြိုင် said...

“ဟင်”
အို

kiki said...

ဟိုက် ..
ရုပ်ရှင်ရိုက်ဖို့  ရေးထားတဲ့ ဇာတ်လမ်းများလား ဟင်...
မျက်စိလည်သွားပြီကွယ် ..

ခု ၄ နှစ် မပြည့်သေးဘူးလားဟင် ။ ဘယ်တော့ ပြန်မှာလည်း ။ အကြောင်းကြားအုံး နော် ။
(ဖိတ်စာ ပို့ဖို့ လည်း မမေ့နေနဲ့ နော် )။။

စကားမစပ် ... နမ်းမဝရေ ...
စာပိုဒ်လေးတွေ ခွဲ ရေးလိုက်ရင် ဖတ်ရတာ ပို အဆင်ပြေမယ်ထင်တယ် ။ စာလုံး နဲ့ လိုင်းတွေ ပြွတ်သိပ်နေတာ လေ.. ၊ ဆရာလုပ်တယ် ထင်လည်း ထင်ပေါ့ ..ဟိဟိ ..

အဖြူရောင်နတ်သမီး said...

သင်ပေးတာ ကျေးဇူးတင်တယ် KI ရေ...
အမှန်က စာ ဘယ်လိုစီရမယ်ဆိုတာကို မသိတာ...
သင်ပေးမယ့်သူ မရှိတာလဲ ပါတယ်
ကြိုးစားပြီးစာစီထားတယ်နော်..
ကြည့်ရတာ သိပ်အဆင်မပြေသေးဘူး...
သင်ပေးပါအုံးနော်...

ဝေလင်း said...

ဘယ့်နှယ် ဟိုတစ်ယောက်သနားစရာပ။ ညီအစ်ကို နှစ်ယောက်လုံးကလည်း မိန်းကလေးတစ်ယောက်ထဲကိုမှ ကြိုက်ရတယ်လို့။ တကယ်လို့ ဘုရားပေါ်မှာတွေ့ခဲ့တဲ့သူထင်ပြီး စွဲလမ်းခဲ့ပြီးမှ တကယ်စွဲလမ်းတဲ့ သူနဲ့ နောက်မှတွေ့တဲ့အခါ မချစ်တော့ဘူးဆိုတော့ အချစ်က ဘာလဲ..? အနေနီးပြီး အကြင်နာပိုသူကို သံယောဇဉ်တွယ်မိသွားတာမျိုးဆိုရင်တော့ စစ်မှန်ပါ့မလား...
ကိုယ့်ဟာကိုယ်စဉ်းစားမိတာလေးတွေပါ။

သက်တန့်ချို said...

ဇာတ်သိမ်းပိုင်းလေး မှ လာမန့်တာ ဒီလိုမျိုးလည်း ဖြစ်တတ်ပါတယ်..အစ်မကစာရေးလည်း တအားကောင်းတာပဲ ။ ၀ထ္ထုထုတ်ပါလား ။း)

ကိုချစ်ဖေ said...

ကိုချစ်ဖေကြီးတောင် ကိုလင်းသူရ စားသောက်ဆိုင်ထဲမှာ မနမ်းကို အရေးကြီးတဲ့စကားပြောတော့မယ်ဆိုတော့ ဘာမဆိုင်ညာမဆိုင် ရင်တွေတုန်လိုက်သေး.
နောက်ခံသီချင်းကလည်း..ပါသေးသကိုး.
အဆင်ပြေ ပျော်ရွှင်ပါစေ.ဗျား..

ညရဲ့ကောင်းကင် said...

အစ်မဇာတ်လမ်းက စိတ်ဝင်းစားဖို့ကောင်းလိုက်တာ...
ကျွန်တော့ အမြင်လေး ပြောပြမယ်နော်...

ဘာပြောမယ်ဆိုတာ ကြိုသိနေပေမယ့် ..တကယ်အပြောခံလိုက်ရတဲ့အခါ... ရင်တုန်ပန်းတုန်ဖြစ်သွားတဲ့အချိန်... ပုံစံတူ နောက်တယောက်ကိုတွေ့လိုက်ရတဲ့ ခံစားချက်က အံ့သြခြင်း၊ ဝေခွဲမရခြင်း တွေနဲ့ ဖြစ်သွားမယ့် ခံစားချက်...
အဲ.. အဲဒီခံစားချက် အခိုက်အတံ့လေးဗျာ...
စိတ်ကူးနဲ့ တွေးလိုက်တာတောင် အကယ်ဒမီရှော့ပြကွက်တွေ လိုပဲ... :)

ဇာတ်သိမ်းလေးကောင်းပါတယ်...

rose of sharon said...

စဉ်းစားလို့ ပြီးပြီလား... အဖြေပေးပြီးပြီလား... သိချင်တယ်.. ပြောပြမှာလား

နှင်းဟေမာ said...

မြန်မာပြည်ပြန်ဖိုးနီးပြီနော် ...း)
ပျော်နေမှာပဲလို့ တွေးမိတယ် ....
ဖိတ်စာပို့ဖို့လဲ မမေ့နဲ့ဦး မမရေ........။

မိုးငွေ့ said...

ဒီစနေ ဈေးထဲရောက်ရင် သွားကြည့်လိုက်ဦးမယ် နတ်သမီးပြောတဲ့ ကော်လံကတုံးကို....

busymozzee said...

ဟင်...ပြီးသွားပြီလား.... ဆက်ရေးဦးလေဟာ.....
အမခုမှရောက်တယ် ညီမရေ... နေမကောင်းတာတောင် မသိလိုက်ဘူး..... ဂရုစိုက်နော်...

အရုပ်ကလေး said...

ပျော်ရွှင်စရာနေ့ရက်လေးများကို ပိုင်ဆိုင်ပါစေ ..။
ကျန်းမာရေး ပြန်လည်ကောင်းလို့ လန်းဖြာပါစေ ..။

အချစ်တွေနဲ့ ထုံလွှမ်းနေပြီလား ....
ထိုထိုထုံလွှမ်းခြင်းအချစ် ခိုင်မြဲခြင်းအနှစ်သို့ရောက်ရှိပါစေ ..

နွေဆူးလင်္ကာ said...

ဂျီးတော် .. ဦးလေး ပြန်ရောက်ပြီ ... အမြဲတမ်း သတိရပါတယ် ဂျီးတော်ရေ ...

အဖြူရောင်နတ်သမီး said...

ကိုဝေလင်းရေ...
ဘုရားပေါ်မှာတွေ့ခဲ့တဲ့
ရှပ်အင်္ကျီ ကော်လာလည်ကတုံးနဲ့ ကချင်ပုဆိုးကိုဝတ်ဆင်ထားတဲ့ တယောက်ကို “စ”ပြီးစိတ်ဝင်စားခဲ့တာမှန်ပေမယ်...
သူ့ရဲ့စိတ်နေသဘောထား..စရိုက်တွေကို မသိခဲ့ရဘူး၊ပြီးတော့ သူနဲ့မရင်းနှီခဲ့ဖူးဘူးလေ..။
ဒုတိယတယောက်နဲ့မှ စိတ်နေသဘောထားရော၊ စရိုက်လက္ခဏာရော၊ သရောဇဉ်ပါ ဖြစ်သွားခဲ့ရတာ..။
အချစ်ဆိုတာ သိပ်ကို ထူးဆန်းပါတယ်...
အချစ်စစ်ဆိုတာ ဟိုး...နက်ရှိုင်းတဲ့ နှလုံးသားထဲက လာတဲ့ ဆွဲကိုင်ထုတ်ပြလို့မရတဲ့ သိပ်ပြီးလေးနက်တဲ့ ခံစားချက်တခုသာဖြစ်ပါတယ်...။

~ဏီလင်းညို~ said...

နတ်သမီးရေ...
ဇာတ်သိမ်းပိုင်းဆိုလို့ ပြေးလာဖတ်တာလေ...။
(မိုးစုပ်စုပ်ချုပ်မှ...)
မမျှော်လင့်ထားတဲ့ အခြေအနေလေးနော်...
တစ်ကယ်လို့များ...အရင်ဆုံးတွေ့ခဲ့ရတဲ့ အစ်ကိုဖြစ်သူက..အရမ်းချစ်နေခဲ့မယ်ဆိုရင်တော့....???
ဘာပဲဖြစ်ဖြစ် ကျွန်တော်တော့ အစ်ကိုလုပ်တဲ့သူကို...သနားတယ်ဗျာ...။
(ဇွတ်ပဲနော်...ဏီလင်းညို...က...)

ခင်မင်လျှက်....
ဏီလင်းညို

အဖြူရောင်နတ်သမီး said...

ဇာတ်လမ်းကို အဲဒီလိုဖြစ်အောင်လုပ်ယူထားတာပါ...။
အဲဒီဇာတ်လမ်းကို “ငွေအိမ်စံ”ဗီဒီယိုထုတ်လုပ်ရေးက
video ရိုက်ဖို့ ကမ်းလှမ်းထားတဲ့အတွက် မင်းသားအတွက် အကွက်ကျန်အောင် (ပရိတ်သတ်က သနားသွားအောင်)နေရာပေးထားရခြင်းဖြစ်ပါတယ်ရှင့်..။

ရွှေရတုမှတ်တမ်း said...

လွဲမှလွဲတတ်ပလေနော်

Anonymous said...

နတ်သမီးရေ
Is it true story or you made it up.

Evy said...

ဇတ်သိမ်းပိုင်း လာဖတ်သွားပါတယ်။ ဒါတကယ့်အဖြစ်အပျက် ပေါ့နော် :-)

အဖြူရောင်နတ်သမီး said...

အာာာာာာာာာ..ဟုတ်ဘူ.းလေ....
စိတ်ကူးယဉ်ဇာတ်လမ်းပါဆို.....

busymozzee said...

သေလော့ အသင်နန္တိယ... အသင်သည်... သေဘို့သာကောင်းလေတော့သည်..... ခွီး..........(ကိုယ့်ဘာကိုယ်ပြောဒါညော်)

ဧရာဝတီသား said...

ဇာတ်လမ်းလေးကောင်းတယ်
အားပေး နေပါတယ်ဗျို့၊ နောက်ထပ် ဇာတ်လမ်းကောင်းလေးတွေ မျှော်နေပါတယ်။

နေညိုရင့် said...

ဝတ္ထုဖတ်နေရသလိုပဲ..ဟီ။

စတာပါ.. တော်တော် ရင်ခုန်စရာကောင်းတဲ့ ဇာတ်လမ်းလေးဗျာ..။

အရမ်းကောင်းတယ် ဆက်ရေးပါဦး..။

F@LL3N said...

စာအရှည်ကြီးရေးလည်းကွိုင်မရှိပါ
ကျနော်ကစာဖတ်မြန်တယ်
အဲ...ဓါတ်ပုံကြည့်ရင်တော့နည်းနည်းကြာတယ်
အဟီး

Vista said...

ဓါတ်ပုံကြည့်ရင်တော့နည်းနည်းကြာတယ် ဆိုပါလား ဟဲဟဲ..
ဇတ်သိမ်းကောင်းပါ့

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger