ဒီနေ့ ဆိုက်ပရပ်စ်နိုင်ငံမှာရှိတဲ့ ကျောင်းတိုင်းမှာ ကလေးများအတွက် Christmas အကြို ကျောင်းကပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြတယ်...။ တနေကုန် ကျင်းပတဲ့ ပျော်ပွဲရွှင်ပွဲများ ဖြစ်သည့်အတွက် အဲဒီပွဲကအပြန်မှာ ကလေးများနဲ့မိဘများဟာ ပွဲပြီးချိန်မှာ ဗိုက်ဆာနေကြရောပေါ့နော်။ ဒီနေ့ ဆိုင်ကို လာတဲ့ ဧည့်သည်တော်တော်များများဟာ အဲဒီ “ကျောင်းကပွဲ” တွေက ပြန်လာကြတဲ့ မိသားစုတွေဖြစ်နေပါတယ်။ ကျမမျက်စိရှေ့က ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းအချို့ကိုပြောပြမယ်နော်.....
*မိခင်မျက်နှာကို လက်နှင့် ဆော့ကစားနေသည့် (၅)နှစ်အရွယ် သမီးလေးနှင့် မျက်လုံးလေးကို မှိတ်ပြီး သမီးပြုသမျှကို မျက်နှာလေးထိုးပေးရင်း ပြုံးနေသည့်မိခင်၊ ဇနီးနှင့် သမီးကို ကြည်နူးစွာကြည့်နေသော အိမ်ထောင်ဦးစီး အမျိုးသားကြီး တစ်ဦး။(သမီးလွမ်းနေတယ်....ဖေဖေနဲ့မေမေ)
*အလယ်ပုဂံ ဟင်းပွဲများထဲမှ ဟင်းအချို့ကို အင်္ကျီဆင်တူဝတ်ထားသော သမီး(၃)ယောက်၏ ပုဂံများထဲသို့ ဟင်းများကို မျှဝေထည့်ပေးနေသော ဖခင်နှင့် ၊ သမီးများမှ “Thank you Daddy” ဟူသော ကျေးဇူးစကားသံ....နှင့် ဤမြင်ကွင်းကို ကြေနပ်စွာပြုံးပြီးကြည့်နေသော သမီးများ၏ မိခင်... သမီးလွမ်းနေတယ်...ဖေဖေနဲ့မေမေ)
*“Cheers” ဆိုသည့် အသံနှင့်အတူ ဖန်ခွက်ချင်း ထိတွေ့သည့်အသံကြောင့် အသံလာရာဆီသို့ ကျမလှည့်ကြည့်လိုက်သည်။ ဖခင်နှင့် မိခင်တို့၏လက်ထဲမှာ ဝိုင်ခွက် တခွက်စီကိုကိုင်ထားပြီး ၎င်းတို့၏(၇)နှစ်အရွယ်သမီးလေးမှာ ရေထည့်ထားသော ဖန်ခွက်ကိုကိုင်ရင်း မိသားစု(၃ယောက်သား) “Cheers” လုပ်နေခြင်းဖြစ်သည်။(သမီးလွမ်းနေတယ်...ဖေဖေနဲ့မေမေ)
*(၄)နှစ်အရွယ်ရှိ မောင်လေးကို လက်ဆွဲပြီး လှေခါးမှ ဖြည်းညှင်းစွာဆင်းလာသော (၈)နှစ်အရွယ်ရှိ ကောင်မလေး တယောက်။ (ကျမတို့ဆိုင်တွင် အိမ်သာကို အလယ်ထပ်တွင်ထားရှိခြင်းကြောင့် အမဖြစ်သူ မိန်းခလေးမှာ သူမ၏ မောင်ဖြစ်သူကို အပေါ်ထပ်(အိမ်သာ)တွင် ရှူရှူးသွားတည်ပေးခြင်းဖြစ်သည်)။ (ကျမမှာ အဲဒီလိုနွေးထွေးမှုကိုပေးမယ့် မွေးချင်း မောင်နှမ မှမရှိတာ)
*မိန်းမဖြစ်သူနှင့် သမီးကို အေးဆေးစွာ ထမင်းစားစေပြီး တွန်းလှည်းအတွင်းမှ (၁)နှစ်သားအရွယ် ရင်သွေးလေးအား မငိုစေရန် မြှူနေသော ဖခင်တဦး။(သမီးလွမ်းနေတယ်...ဖေဖေနဲ့မေမေ)
ကျမလေ....အဲဒီမြင်ကွင်းလေးတွေကို ကြည့်ပြီး ဆုံးပါးသွားပြီဖြစ်တဲ့ ဖေဖေနဲ့မေမေ့ကို လွမ်းနေတယ်.....။ အဲဒီလို ပျော်ရွှင်စရာ၊ ကြည်နူးစရာကောင်းတဲ့ မိသားစုလေးတွေ ဆိုင်ကိုလာတဲ့အခါမျိုးမှာ သူတို့ကို မကြည့်ပဲ မျက်နှာလွှဲနေတတ်ခဲ့တယ်..။ မနာလိုဖြစ်တာမဟုတ်ဘူးနော်..သူတို့ကို အားကျတာ...၊သူတို့လိုဘဝလေးကို ရချင်တာ...၊သူတို့လို မိသားစုနဲ့ အတူတကွနေချင်တာ....၊ကျမ အရမ်းဝမ်းနည်းတယ် ..အဲဒီလိုဘဝလေးကို ကျမဆုံးရှုံးခဲ့ရတယ်...။ သူတို့လို မိဘနှစ်ပါးနဲ့ ကြီးပျင်းသည်အထိ အတူနေရတဲ့ဘဝလေးကို ကျမဆုံးရှုံးခဲ့ရတယ်...။ မိသားစု မေတ္တာငတ်ခဲ့ရတယ်....။
မိဘမေတ္တာ....
မောင်နှမမေတ္တာ.....
မိသားစုမေတ္တာ....
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်....
နောင်ဘဝ ဆက်တိုင်း ဆက်တိုင်းမှာ....အဲဒီလို မေတ္တာတွေပြည့်နှက်နေတဲ့ မိသားစုထဲက ....မိသားစုဝင်တစ်ယောက်ဖြစ်ရင်း....ငတ်ခဲ့ရတဲ့ မိသားစုရဲ့မေတ္တာတွေကို တဝကြီးခံစားရရှိနိုင်ပါစေ....လို့ဆုတောင်းရင်း..............
“သမီးလွမ်းနေတယ်....ဖေဖေနဲ့မေမေ”
17 comments:
ဖတ်ရတာ စိတ်မကောင်းဘူးဗျာ :( . . .
အတိတ် က အရိပ်တွေ ပျောက်ပြီး အနာဂါတ်မှာ
အောင်မြင် ပျော်ရွှင် ပြီး သာယာတဲ့ မိသားစုဘဝ
လေးတစ်ခုကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင် နိုင်ပါစေလို့ 
ဆုမွန်ကောင်းတောင်းပေးသွားပါတယ် ဗျာ . . .
Good Luck ပါ . . . :)
အဖြူရောင်နတ်သမီးလေးရေ
ပျော်ရွှင်ရမယ့် နေ့လေးတွေမှာ ကြည်နူးစရာတွေကိုချည်း တွေးပါနော်
ဝမ်းနည်းစရာတွေ မတွေးပါနဲ့
အခုအချိန်မှာ ချစ်တဲ့ ဖေဖေနဲ့ မေမေ ချစ်တဲ့ မိသားစုနဲ့အတူတူ နေခွင့်မရတော့ပေမဲ့ နေခွင့်ရခဲ့တဲ့အချိန်တုန်းက ပြုံးပျော်ကြည်နူးခွင့်ရခဲ့တာကို ပြန်စဉ်းစားပီး ပြန်ပီးကြည်နူးပါနော်
နောက်ပီး အဖြူရောင်နတ်သမီးလေးကို ချစ်တဲ့ ဘလော့မောင်နှမတွေလဲ ရှိနေတာပဲ ဝမ်းမနည်းပါနဲ့ မမရယ်
အဲ့လိုငိုတာမြင်တော့ စိတ်ထဲ မကောင်းဘူးရယ်
ပျော်ရွှင်စရာ နှစ်သစ်နဲ့ ခရစ္စမတ်နေ့လေးဖြစ်ပါစေ မမရေ
သြော်
အဖြူရောင်နတ်သမီး ရဲ့ မိဘနှစ်ပါးက ဆုံးပါးသွားကြပြီကို။
ဖတ်ရတာ စိတ်မကောင်းလိုက်တာ။
ကျွန်တော့်မလဲ အတူတူပါဗျာ။
ဖေဖေ ရော မေမေ ရော ရှေ့ ဆင့်နောက်ဆင့် ကွယ်
လွန်သွားခဲ့ ကြပြီ။
မေမေ အကြောင်း စာရေးယင် တစ်ခါတော့ ငိုဖူးတယ်။
ရွှင်လန်းချမ်းမြေ့ ပျော်ရွှင်နိုင်ပါစေ။
ကိုမောင်မောင်
အမရေ.. အမနဲ့ ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်ဗျာ..။
ကျွန်တော်တို့  blogger တွေကိုလဲ မောင်နှမတွေလို သဘောထားပါဗျာ..။ ခရစ်စမတ်နဲ့  နှစ်သစ်မှ နောင်နှစ်ပေါင်းများစွာအထိ ပျော်ရွှင်ချမ်းမြေ့ပြီး နွေးထွေးတဲ့ မိသားစုလေးတစု ပိုင်ဆိုင်နိုင်ပါစေလို့  ဆုတောင်းပါတယ်ဗျာ..။
ကျွန်တော်လည်း အဖေနဲ့အမေအကြောင်းတွေးမိရင်း ငိုဖူးတယ်။ ဒါပေမယ့် အစ်မငိုတာမြင်ရတော့ စိတ်ထဲကောင်းဘူး..။ အစ်မကို X-mas မှာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးမလို့လာခဲ့တာ..ဒါပေမယ့် ကိုတိုင်ဝမ်းနည်းသွားမိတယ်။ ပျော်ရွှင်ပါစေလို့ မပြောတော့ပါဘူး..အစ်မရဲ့အလွမ်းတွေကိုပဲ မျှဝေခံစားသွားပါတယ်..နည်းနည်းပဲဖြစ်ဖြစ်သက်သာပါစေတော့
ညီမလေးရေ... စိတ်မကောင်း အရမ်းဖြစ်မိတယ်... အမလဲ လွမ်းတယ်.....
အားမမရာ..စိတ်မကောင်း မဖြစ်ပါနဲ့နော်..။
မမကိုချစ်တဲ့ သူတွေဘလော့မှာ အများကြီးပါကွာ..။
အပြင်လောကမှာရော အလုပ်ထဲက လုပ်ဖော်ကိုင်ဘက်တွေရော အများကြီးနေမှာပါ..။
မမဒီလောက်ဖြူစင်ပြီး ချစ်စရာ ကောင်းတာ ..။
စိတ်မညစ်ပါနဲ့နော်။။
အမြဲတမ်းအားပေးနေပါ့မယ်။
မမကို ခင်တဲ့။
စိတ်မကောင်းလိုက်တာ ဂျီးတော်ရေ ... ဂျီးတော် ဆုတောင်း ပြည့်ပါစေ .. ဘ၀ဆက်တိုင်း ..
ဖတ်ရင်း ကြည့်ရင်းနဲ့ ၀မ်းနည်းလာပါတယ်။ ကူးစက်မှုပေါ့လေ။ ကျနော့်မှာလဲ မိဘနှစ်ပါးမရှိလေတော့ ပိုပြီးကိုယ်ချင်းစာသွားတယ်။
အဝေးမှာနေရလေ (မိဘတွေမရှိတော့လေ) ပိုပြီးသတိရလွမ်းရလေပါဘဲ။
ခရစ်စမတ်မှာ ပျော်ရွှင်နိုင်ပါစေ။
ဟာဗျာ ကျွန်တော်လဲ မျက်ရည်ဝဲပြန်သွားပြီဗျာ
တကယ်ငိုချင်လာပြီ
ပျော်ရွှင်ပါစေဗျာ
မရေ...
လုံ့ မှာလည်း ဖေဖေမရှိတော့ပါဘူး
စာဖတ်တော့ အဲ့လောက်ခံမှု မဖြစ်သေးဘူး
ဓါတ်ပုံကြည့်လိုက်မိတော့ မှ အရမ်းကြေကွဲမိသွားတယ်
မမလိုအင်ဆန္ဒပြည့်ဝပါစေနော်
စိတ်မကောင်းမဖြစ်ပါနဲ့ မနမ်းရေ.ချစ်တတ်ခံစားတတ်သူအတွက် တချိန်မှာတော့ပြည့်စုံတဲ့မိသားစုဘ၀လေးကို ပိုင်ဆိုင်နိုင်ပါစေ..လို့.
ငိုပါနဲ့ နတ်သမီးရယ်...ဘလော့ဂ်မောင်နှမတွေ ဒီလောက်အများကြီးကို..။ပိတ်ရက်သုံးရက်မှာ ပျောက်သွားလို့ နတ်သမီးငိုတာသိလိုက်ဘူး ဆောရီး..။
ခင်မင်စွာဖြင့်
မိုးငွေ့
နားလည်ခံစားမိပါတယ်ခင်ဗျာ...
မိဘကျေးဇူးကို အထူးသတိတရရှိတဲ့ သမီးမို့
လိုချင်တဲ့ ဆန္ဒတွေ အရောင်တောက်လာမှာပါ...
စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိ လို့
ပျော်ပါစေခင်ဗျာ..
လေးစားစွာ
*.*.*
နတ်သမီးရယ် ရင်ထဲကိုဆို့သွားတယ်။ တကယ်ပါ။ စိတ်မကောင်းပါဘူး။ ဘဝဆက်တိုင်းနတ်သမီးဆုတောင်းပြည့်ပါစေနော်...
အဖေအမေတို့လဲ ခုချိန်လောက်ဆို ကောင်းရာမွန်ရာဘဝရောက်နေလောက်ပါပြီ။ မငိုနဲ့နော်.. တိတ် တိတ်။ နတ်သမီးငိုနေတာ သူတို့တွေ့သွားရင် သူတို့လဲ စိတ်မကောင်းဖြစ်နေလိမ့်မယ်နော်... သိလား။
နတ်သမီးရယ် ရင်ထဲကိုဆို့သွားတယ်။ တကယ်ပါ။ စိတ်မကောင်းပါဘူး။ ဘဝဆက်တိုင်းနတ်သမီးဆုတောင်းပြည့်ပါစေနော်...
အဖေအမေတို့လဲ ခုချိန်လောက်ဆို ကောင်းရာမွန်ရာဘဝရောက်နေလောက်ပါပြီ။ မငိုနဲ့နော်.. တိတ် တိတ်။ နတ်သမီးငိုနေတာ သူတို့တွေ့သွားရင် သူတို့လဲ စိတ်မကောင်းဖြစ်နေလိမ့်မယ်နော်... သိလား။
နမ်းရေ
ဒုတိယအကြိမ် ဒီပိုစ့်လေးကိုပြန်ဖတ်ဖြစ်ခဲ့တယ်။
နန်းငိုတာကြည့်ပြီး ထပ်တူခံစားရပြီး မျက်ရည်ကျခဲ့ရတယ်နမ်းရယ်။
တခါတရံ စိတ်ထဲမှာငိုချင်လာရင် ငိုချလိုက်ပါနမ်း။
ခံစားချက်လေးတွေ ပေါ့သွားမလားပေါ့။
ဘဝကြီးမှာ ခုလိုမျိုးအားငယ်စရာ စရာလေးတွေ ဖြစ်လာရင် ဖေးမအားပေးမယ့်သူလေးလည်း နမ်းဘေးနားမှာ ရှိလာပါစေ။
ချစ်တဲ့
သဒ္ဓါ
Post a Comment