လူတယောက်မှာ ဖမ်းချုပ်ဆုပ်ကိုင်လို့မရတဲ့“စိတ်”ဟာ အရေးအကြီးဆုံးဆိုတာကို ကျမကိုယ်တိုင်ခံစားလာရတဲ့အချိန်မှာ ပိုပြီးသိလာခဲ့ရတယ်..။
ကျမရဲ့လက်ရှိခံစားနေရတဲ့ လတ်တလောအခြေအနေကိုပြောပြပါဆိုရင် “စိတ်”မပျော်ရွှင်ခြင်းပါပဲ..။ အဲဒီ“စိတ်”ကြောင့်ပဲ ဘာအလုပ်ကိုမှ လုပ်လို့မရသလို ဘာစာကိုမှလည်း ရေးလို့မရခဲ့ဘူး..။ ကဗျာစပ်ဖို့ဆိုတာကတော့ ဟိုးးးးးးးအဝေးကြီးမှာပါ...။
“ဘာတွေ ဖြစ်နေပြန်ပြီလဲ နတ်သမီးရယ်”...လို့မေးလာမယ့်မေးခွန်းတွေအတွက် ကြိုပြီး ရင်ဖွင့်လိုက်ပါတယ်....
အရင်တခေါက် မြန်မာပြည်ကို အလည်ပြန်ပြီးကတည်းက အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည်ကို ကျမ မပြန်ဖြစ်ခဲ့တာ အခုဆိုရင် (၃)နှစ်ခွဲတောင် ကျော်လာခဲ့ပြီဖြစ်တဲ့အတွက် ဒီနှစ်မှာ မြန်မာပြည်ကို အလည်ပြန်ဖို့ဆုံးဖြတ်ခဲ့တယ်..။ ကျမရောက်ရှိနေတဲ့ ဆိုက်ပရပ်စ်(Cyprus)နိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ ကျမအပါအဝင် နိုင်ငံခြားသား အလုပ်သမားများအတွက် ဆိုက်ပရပ်စ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဋ္ဌါနမှ တရားဝင်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် Visa ကို (၁)နှစ် (၁)ခါ တိုးမြှင့်ပေးပါတယ်။
“Asia”ဆိုတဲ့ ကျမတို့လို အရှေ့တိုင်းလူမျိုးများအတွက် အလုပ်လုပ်ခွင့် Visa ရရှိရန်လျှောက်ထားရာမှာ ယခင်နှစ်များမှာလို မလွယ်ကူတော့ပဲ အခက်အခဲများစွာနဲ့ကြုံတွေ့နေခဲ့ရတယ်..။
အကြောင်းကတော့ ဆိုက်ပရပ်စ်နိုင်ငံဟာ Europe စာရင်းဝင် နိုင်ငံတခုဖြစ်လာခြင်း၊အလုပ်သမားဝန်ကြီးဋ္ဌါနမှ အလုပ်သမားများအတွက် ချမှတ်ထားသော (၁)ရက်အလုပ်လုပ်ချိန် (၈)နာရီ၊တပတ်မှာ အလုပ်ပိတ်ရက် (၁)ရက်ရရှိခြင်း၊ အစိုးရရုံးပိတ်ရက်များတွင် မဖြစ်မနေ အလုပ်လုပ်ရပါက ထိုရက်အတွက် သာမန်ရသင့်ငွေ၏ (၂)ဆကိုရရှိမည့်အပြင် အလုပ်သမားများအတွက် အခြားအခြားသော တရားဝင်ရသင့်သည့် အခွင့်အရေးများစွာ ရှိပါသော်လည်း ထိုအခွင့်အရေးများကို ကျမတို့လို အရှေ့တိုင်းသားများဟာ ဒေသခံအလုပ်သမားများနှင့်တန်းတူ မရခဲ့ကြပါဘူး..။
ဒေသခံအလုပ်သမားတယောက်၏ လစာဟာ အရှေ့တိုင်းသား အလုပ်သမား(၂)ယောက်၏ လစာနှင့် ညီမျှပြီး အရှေ့တိုင်းသားတယောက်၏ အလုပ်လုပ်ချိန်မှာလည်း တရက်မှာ (၁၀)နာရီမှ (၁၂)နာရီထိ လုပ်ပေးရပါတယ်။တပတ်မှာ အလုပ်ပိတ်ရက် (၁)ရက်ရရှိမည်ဟူသော အခွင့်အရေးဟာလည်း စာချုပ်ထဲတွင်သာရှိပြီး လက်တွေမှာမူ တပတ်လုံး နားရက်မရှိ (ပိတ်ရက်မရှိ)အလုပ်လုပ်ပေးရပါတယ်..။ လုပ်အားကျပြန်တော့လည်း ကျမတို့အရှေ့တိုင်းသားများဟာ မေတ္တာ၊စေတနာနဲ့ သစ္စာရှိမှုတွေကိုပါ အပိုဆောင်းပေးထားတဲ့အတွက် အလုပ်ရှင်များသည် အရှေ့တိုင်းသားများကိုသာ အသုံးပြုခြင်းကြောင့် ဒေသခံအလုပ်သမားများသည် အလုပ်လက်မဲ့များဖြစ်လာခဲ့ပါတယ်။
ဆိုက်ပရပ်စ်အလုပ်သမားဝန်ကြီးဋ္ဌါနမှ ဒေသခံအလုပ်သမားများ ပထမဦးစားပေးအလုပ်ရရှိရေးအတွက် အရှေ့တိုင်းသားအလုပ်သမားများအား ဆိုက်ပရပ်စ်နိုင်ငံတွင်းသို့ ဝင်ခွင့် Visa ကိုမပေးတော့ပဲ ဆိုက်ပရပ်စ်နိုင်ငံတွင်းသို့ ရောက်ရှိပြီးသား အရှေ့တိုင်းသား အလုပ်သမားများ၏ အလုပ်လုပ်ခွင့်နှင့် နေထိုင်ခွင့် Visa များကိုပါ စိစစ်နေခြင်းကြောင့် သက်တမ်းတိုးထားသော ကျမ၏ Visa မှာ အခုချိန်ထိ ကျမလာသေးပါဘူး။
အရင်နှစ်တွေတုန်းက Visa တခု၏ သက်တမ်းတိုးချိန်ဟာ ပုံမှန်အားဖြင့် (၂)လသာ ကြာမြင့်ခဲ့သော်လည်း ဒီနှစ်မှာတော့ (၄)လမှ (၆)လအထိ ကြာလာတတ်ပါပြီ။
သက်တမ်းတိုးလျှောက်ထားတဲ့ ကျမရဲ့Visa ကျလာခဲ့ရင် အမိမြန်မာပြည်ကို အလည်ပြန်ဖို့ ဆိုတဲ့ မျှော်လင့်ခြင်းနဲ့ ကိုယ့်မြေ၊ကိုယ့်ရေ၊ကိုယ့်ဒေသကိုလွမ်းတဲ့စိတ်တွေဟာ ကျမအတွက် Homesick ဖြစ်လာခဲ့တယ်။ဖြစ်နိုင်ရင် အခုချက်ချင်းတောင် မြန်မာပြည်ကို အပြေးပြန်သွားချင်တော့တာပါပဲ..ခက်တာက ကျမရဲ့ ၂၀၁၀ နှစ်အတွက် ဆိုက်ပရပ်စ်နိုင်ငံမှာ နေခွင့်Visa ဟာ လျှောက်ထားဆဲမို့ မြန်မာပြည်ကို ပြန်ခွင့်ရှိပေမယ့် Visa အသစ်မပြနိုင်ရင် ဆိုက်ပရပ်စ်နိုင်ငံတွင်းကို ပြန်ဝင်ခွင့် မရှိတာကြောင့် စိတ်ကို ထိန်းချုပ်ထားရတာပေါ့နော်..။
ဒီကြားထဲ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ရင်း အလုပ်ရှင်တွေရဲ့အနှိမ်ခံ၊ အထင်သေးခံရတဲ့ အချိန်က“စ”ပြီး အမိမြန်မာပြည်ကို လွမ်းတတ်လာတယ်၊ တန်ဖိုးထားတတ်လာတယ်၊ ပိုပြီးချစ်တတ်လာတယ်၊ နိုင်ငံခြားသားတွေနဲ့စကားပြောတိုင်း ကိုယ့်ရဲ့တိုင်းပြည်အကြောင်း ရှေ့တန်းတင်ပြီး ပြောတတ်လာတယ်၊( မြန်မာပြည်တွင်းက တချို့သော အဆင်မပြေမှုများရှိသော်လည်း )ကိုယ့်နိုင်ငံရဲ့ ဘာသာ၊သာသနာနဲ့ယဉ်ကျေးမှုတွေအတွက် ဂုဏ်ယူတတ်လာတယ်။
“မိဘအိမ်ပေါ်က ဆင်းသွားတဲ့ ကလေးငယ်တယောက်ဟာ မိဘနဲ့ဝေးသွားမှ မိဘရဲ့မေတ္တာကိုသိနားလည်လာသလို၊ ကိုယ့်အိမ်နဲ့ဝေးသွားမှ ငြိမ်းချမ်းအေးမြလှတဲ့ မိမိရဲ့အိမ်ကို လွမ်းဆွတ်လာသလိုမျိုး” ကျမခံစားတတ်လာတယ်..။
နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ရင်း ဒေါ်လာတွေအထပ်လိုက်သုံးနေရပေမယ့်လည်း ခြိုးခြံချွေတာပြီးသုံးခဲ့ရတဲ့ မြန်မာပြည်က ရောင့်ရဲတင်းတိန်တဲ့ဘဝကို ပြန်သတိရတတ်လာတယ်....။
နိုင်ငံရပ်ခြားမှာ အဆင့်တန်းမြင့်စွာ နေရပေမယ့်လည်း ဖေဖေရှိစဉ်အခါက ချို့တဲ့နွမ်းပါးတဲ့ အစိုးရဝန်ထမ်းအိမ်ဟောင်းလေးထဲက (တချိန်က) မိသားစုတခုရဲ့နွေးထွေးမှုတွေကို ပြန်သတိရတတ်လာတယ်...။
နိုင်ငံရပ်ခြားမှာ ဆီဦးထောပတ် အကောင်းစား အစားအစာတွေကို စားနေရပေမယ့်လည်း မြန်မာထမင်း၊ဟင်းတွေထဲက ငါးပိရည်နဲ့တို့စရာကို တမ်းတတတ်လာတယ်...။
နိုင်ငံရပ်ခြားမှာ လူကြီးသူမ အသက်အပိုင်းအခြားဆိုတာကို ဂရုစိုက်စရာမလိုပဲ သက်တူရွယ်တူလို ပြုမူဆက်ဆံနိုင်ပြီး လွတ်လပ်စွာနေနိုင်ပေမယ့် မြန်မာပြည်က စည်း၊ဘောင်၊အထိန်းအကွတ်ရှိတဲ့ မိဘအုပ်ထိန်းမှုအောက်မှာ နေရတဲ့ဘဝကို ပြန်တမ်းတတ်လာတယ်...။
ဘဝပေးအခြေနေအရမို့ နိုင်ငံရပ်ခြားမှာ ကျမရောက်ရှိနေပေမယ့်လည်း မြန်မာလူမျိုးဖြစ်တဲ့ ကျမ ၊ တနေ့တော့ “အမိမြန်မာပြည်”ဆိုတဲ့ “ကိုယ်ပိုင်အိမ်” ကို ပြန်မှာပါ....။
ကျမ မြန်မာပြည်ကိုချစ်တယ်....၊ နိုင်ငံရပ်ခြားမှာ အခက်အခဲတွေနဲ့ကြုံတွေ့ရတိုင်း ကိုယ့်အိမ်ကို ပိုပြီးတမ်းတတတ်လာတယ်....။
နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေရတဲ့ကျမ အလုပ်ထဲမှာ မြန်မာလိုပဲဝတ်ပါတယ်...။
နောက်နှစ်ဆိုရင် ကျမ မြန်မာပြည်ကို အပြီးပြန်တော့မယ်၊လောလောဆယ်တော့ ဘဝအတွက် ရည်မှန်းချက်လေးတွေ မပြည့်သေးတာကြောင့် (၁)နှစ်လောက်တော့ တိုင်းတပါးမှာ ရှိနေရအုံးမှာပါ..။
လောလောဆယ်တော့ ကျမလျှောက်ထားတဲ့ Visa ကျလာခဲ့ရင် ငြိမ်းချမ်းအေးမြလှတဲ့ ...
ဗုဒ္ဓသာသနာထွန်းကားတဲ့.....
ကျမမွေးဖွားရာမြေ...
ကျမလွမ်းဆွတ်ရာပြည်....
ကျမကိုနွေးထွေးစွာကြိုဆိုနေမယ့်.....
အမိမြန်မာပြည်က မေမေ့ရဲ့အိမ်...
ဖေဖေ့ရဲ့အိမ်.....
ကျမရဲ့အိမ်.....ကိုအပြေးလေးပြန်လာဖို့စိတ်ကူးမျှော်လင့်ရင်း......
*(တကယ်တော့ ကျမမွေးဖွားရာ အမိမြန်မာပြည်ဟာ ကျမရဲ့ ...(သို့မဟုတ်)မြန်မာလူမျိုးတိုင်းရဲ့.....“ကိုယ်ပိုင်အိမ်” ပင်မဟုတ်ပါလား....)

30 comments:
စိတ်ကူးထားတဲ့ အတိုင်းဖြစ်ပါစေ။
ညီမလေးရေ
ပိုစ့်လေးကိုဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်.. ကိုယ်ချင်းလဲစာမိတယ်
ကိုယ့်မြေကိုယ့်ရေကိုဘယ်လောက်တောင် လွမ်းဆွတ်နေမလဲဆိုတာကိုပေါ့..
ညီမရဲ့ ဗီဇာလေး အမြန်ဆုံးကျလာပြီးတော့
မြန်မာ့မြေကို အမြန်ဆုံးပြန်ရောက်လာနိုင်ပါစေလို့
လှိုက်လှိုက်လှဲလှဲဆုတောင်းပေးမိပါတယ်..
ရုပ်ဝတ္ထုတွေဘယ်လောက်တိုးတက်ပြည့်စုံတဲ့နေရာ
ရောက်နေပါစေ..ကိုယ့်မြေကိုယ့်ရေလောက်တော့
နေပျော်စရာရယ်လို့ မထင်တတ်ကြတာ နှလုံးသားရှိသူတိုင်းပါဘဲနော်..
အမြန်ဆုံး အဆင်ပါစေ ညီမရေ....
အဆင်ပြေ ပျော်ရွှင်ပါစေ ညီမရေ. .
အပြင်က လူတွေ အားလုံးကတော့ အနည်းနဲ့ အများ ဒါတွေ ခံစားရတာပါပဲလေ. . .
Homesick ကိုတော့ ကျော်လွန်ခဲ့ဖူးပါပြီ. . .
ငိုရလွန်းလို့ ခန်းသွားရတဲ့ မျက်ရည်တွေလိုပေါ့. .
ပျော်ရွှင်ပါစေ
ကိုဇော်
အိမ်လွမ်းတတ်သူချင်းတူပေမယ့်..
ငါ့အမကပိုခံစားရမယ်ထင်ပါတယ်..။
အားတင်းထား..ငါ့အမရေ
ပြန်လာရင်တွေ့ကြမယ်...။
ဒီလိုပဲပေါ့ ။ အခြေအနေ အရ “ မတတ်သာ ခပ်ခွာခွာ နေကြရတာ မုန်းလို့ တော့ ဟုတ်ဖူးပေါ့ မေရယ် ” .( သီချင်း ထဲမှာ ပြောကြတာ လေ ..)
အဆင်ပြေ ပျော်ရွှင် နိုင်ပါစေ နတ်သမီး ရေ ..
( အင်း.... လူ က နတ် ကို ပြန်ဆုတောင်းပေးနေရတာ တော့ တမျိုးကြီးပဲ လို့  )
သိပ်မှန်တာပေါ့ ..
ဝေးနေမှ ကောင်းမှန်းသိတယ်ဆိုသလိုပါပဲ..
အမြန်ဆုံး ပြန်နိုင်ပါစေ..မမရေ..
အားကျတယ်..
ဒီလ မဟုတ် နောက်လ..
ဒီနှစ် မဟုတ် နောက်နှစ်ပေါ့.. နတ်သမီးရယ်..
ပြန်ရမှာပေါ့နော်..
ကိုယ်ချင်းစာပါတယ်..
အစစအဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပေးပါတယ်
နတ်သမီးလေးရေ....
Wish you get approved visa and visit home soon!
အိမ်ပြန်ချင်စိတ်လေးကိုထပ်တူခံစားသွားပါတယ်ရှင်
မင်္ဂလာပါ...
ဘ၀တူတွေပါ နတ်သမီးလေးရေ။
စင်ကာပူစပြီး ရောက်ကတည်းက အခု အချိန်အထိ အိမ်ပြန်ချင်တဲ့စိတ်က နေ့စဉ် ဖြစ်ပေါ်နေတာ။ အခြေအနေ အရ ဆိုပြီး ကြိတ်မှိတ်ပြီး နေရတာပါ။ ကိုယ်ချင်းစာပါတယ် နတ်သမီးလေးရေ။
ဆေးလိပ်လည်းတို
နေလည်းညိုပြီ။
ငါ့ကို
အိမ်ပြန်ပို့ကြပါတော့။
(ဆရာဦးတင်မိုး)
ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)
မမ လျှောက်ထားတဲ့ visa အမြန်ဆုံးရပါစေနော်... မြန်မာပြည်ကို လွမ်းတာကတော့ လူတိုင်းပါပဲ မမရယ်...မြန်မာပြည်ပြန်ဖြစ်ရင်လဲ ပြောဦး။ ပူးတေတို့ ပြန်တဲ့ အချိန်နဲ့ တိုက်ဆိုင်ရင် တွေ့ရအောင်နော်...
မျှော်မှန်းထားသလို အမြန်ဆုံး ဆန္ဒတွေ ပြည့်ဝပါစေနော် ..း)
စိတ်ချမ်းသာ ပျော်ရွှင်ပါစေ
ဦးသန့်ပြောခဲ့သလို
မြန်မာဟာ မြန်မာပဲ။
မြန်မာဟာမြန်မာပြည်မှာနေရမယ်။
မြန်မာပြည်မှာသေရမယ်။
အကြောင်းအမျိုးအမျိုးကြောင့်
ရေခြားမြေခြားကိုရောက်နေရပေမယ့်
တစ်နေ့မှာ မြန်မာပြည်ကိုပြန်ရမယ်။
အခွင့်အရေး တစ်စုံတစ်ရာကြောင့်
နိုင်ငံခြားသားလုပ်ဖို့
ဘယ်တော့မှ စိတ်မကူးလေနဲ့။ ။ ဆိုသလိုပါပဲ
အစ်မစိတ်ဓါတ်လေးကိုသဘောကျပါတယ်။ မြန်မာကိုအဆင်ပြေပြေ လွယ်လွယ်ကူကူချောချောမွေ့မွေ့ ပြန်နိုင်ဖို့ဆုတောင်းပေးပါတယ်။
မြန်မာဝတ်စုံလေးနဲ့အရမ်းလှတာပဲမနတ်သမီးရေ..။
ပျော်ပျော်ရွှင်ရွှင်နဲ့မြန်မာပြည်ကိုပြန်နိုင်ပါစေနော်။ကိုယ့်ရဲ့
အိမ်ဖြစ်တဲ့အမိမြန်မာပြည်ကိုလွမ်းတာကတော့နေ့စဉ်နဲ့
အမျှပါပဲ..။မနတ်သမီးတို့ကိုအားကျမိပါရဲ့..။ ဒါကြောင့်ထပ်ဆုတောင်းလိုက်ပါတယ်...စိတ်ချမ်းသာစွာ
နဲ့မြန်မဲာပြည်ကိုပြန်နိုင်ပါစေလို့........
ခင်တဲ့
သဒ္ဓါ
လက်တွေ့မှာ ပိုခံစားရလေ ..
အမိအိမ် ကို လွမ်းလေပဲနော် .....
အမရဲ့ စိတ်ကူးတွေ
အမြန်ဆုံး အကောင်အထည် ဖော်နိုင်ပါစေ ..
ကျွန်တော်လည်းပြန်ချင်တယ် အစ်မရယ်..
ကံကောင်းရင်တော့ ဒီနှစ်ထဲပြန်ဖြစ်မှာပဲ..
အစ်မကိုလည်း ပြန်ဖြစ်ဖို့ဆုတောင်းပေးပါတယ်။
ပြန်ဖြစ်တဲ့အချိန်ပြောဦးနော်..
အစ်မနတ်သမီးရေ မပူပါနဲ့ အေးဆေးပါဗျာ မလောပါ
နဲ့ လောနေရင်ကဖြစ်မလာဘူးဗျ အဲတော့စိတ်အေးအေး
ထားပါအားလုံးအဆင်ပြေသွားမှာပါဗျာ Good Luck ဗျာ
ဗီဇာအမြန်ရပါစေ။
မှန်လိုက်တာ အစ်မရယ် ....
အစ်မ ဆန္ဒတွေ အမြန်အကောင်အထည်ပေါ်ပါစေလို့ ဆုတောင်းပေးပါတယ် အစ်မရယ် ...
ကျန်းမာပျော်ရွှင်ပါစေ ...
ကျွန်တော်လည်း ဆုတောင်းပေးနေတယ် ဗျာ
“ဆီဗူး”ထောပတ်မဟုတ်ပါဘူး။
“ဆီဦးထောပတ်”ပါ။
ဟုတ်ကဲ့..အမှားပြင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်...
post မှာလည်း ပြန်ပြင်လိုက်ပါပြီ...
ဘယ်နိုင်ငံရောက်နေနေ ကိုယ့်မွေးရပ်လောက်
မကောင်းဘူး။
မနမ်းမ၀ရေ ကျွန်တော်ကတော့ ခုနောက်ပိုင်းအိမ်လွမ်းတယ်ဆိုတာသိပ်မရှိ တော့သလောက်ပါပဲဗျာ ကျွန်တော်က ရောက်ရာနေရာမှာ စိတ်ညစ်စရာကိုမတွေးဘူး အမြဲတမ်းတွေ့သ မျှကိုအကောင်းမြင်တယ် ကျွန်တော်ထင်တာတော့ လက်ရှိအခြေ အနေကိုရောင့်ရဲနိုင်ရင်အဆင်ပြေမယ်ထင်တာပါပဲ..ဆရာလုပ်ခြင်းမဟုတ်ပါ..စိတ်ထဲရှိတာလေးပြောကြည့်တာပါ..ဘာလို့လည်းဆိုတော့ကျွန်တော်အိမ်မပြန်ဖြစ်တာ ငါးနှစ်ရှိသွားပြီ အသံလွှင့်ဌာနမှာအလုပ်လုပ်ကတည်းကဆိုပါတော့ဗျာ စိတ်ညစ်လာပြီဆိုရင်ပျော်စရာလေးတွေကိုရှာတွေးလိုက်တာပါပဲ..
ခင်တဲ့
ကိုကိုးအိမ်
နွေးထွေးမူမေတ္တာအပေးနိုင်ဆုံးနေရာဟာ အိမ်ပါပဲလေ၊
အပြီးပြန်တော့မယ်ဆိုတာ ကြားရတိုင်း ၀မ်းသာပေးမိတယ်၊ ကြည်နူးမိတယ်၊
ကိုယ်တိုင်ကလည်း အိမ်ကို ပြန်ချင်နေတာမို့
(မကြာခဏ လာလည်တတ်ပေမယ့် စာမရေးဖြစ်ခဲ့ဘူး၊ ဒီပိုစ့်လေးကို ဖတ်ရင်း အခုတွေးနေတာတွေနဲ့ တိုက်ဆိုင်နေလို့ ရေးလိုက်တယ်)
ဒီစာမျက်နှာမှာ တင်ထားတာလေး ဖတ်ပြီးသားလား မသိဘူး၊ http://mayaonlinemagazine.blogspot.com/2008/03/blog-post_1785.html
ခင်မင်တဲ့
လူတွေတစ်ချို့ကြောင့် စီဘောက်ကလေး ဖြုတ်ထားတာတွေ့တော့ စိတ်မကောင်းဘူး။ ငါ နင့်စာတွေ လာလာဖတ်ပါတယ်နော်။ သူငယ်ချင်း နေကောင်း ကျန်းမာ စိတ်ချမ်းသာစွာ နေနိုင်ပါစေ
(ငြိမ်းချမ်းအိမ်)
သြော်...အမရယ်....အမှန်တွေကြည့်ပါပဲမို့  ကိုယ်ချင်းစာမိပါတယ်။
ညီမလဲ (၂)နှစ်တသစ်ခါလောက်တော့ပြန်ဖြစ်တယ်။
င်္Foreinge Country တွေမှာက လူငယ်တွေရဲ့ ဘဝတိုးတက်
မှုအခွင့်အရေးတွေ ကောင်းလွန်းပေမဲ့ စိတ်ဓာတ်
ပိုင်းဆိုင်ရာမှာတော့ နဲနဲပင်ပန်းတယ်လေ။
ပါပဲဖြစ်ဖြစ်...မရေ။။။။။ Visa မြန်မြန်ရပြီး အလည်ပြန်
ပျော်ရွှင်နိုင်ပါစေ။ ....ခင်မင်လျှက်...ခင်မာလာအောင်.:)
ဆိုက်ပရပ်စ် အစား တခြား ဥရောပနိုင်ငံ မှာ ကြိုးစားရင်ရော
ဒါမှ မဟုတ် အဲဒီမှာဘဲ နေချင်တာလား ဂရိ စကား တတ်လား
ညီမတို့ လိုတော်သူတွေအတွက် လမ်းတွေ အများကြီးပါဗျာ
ဖတ်ရတာ စိတ်မကောင်းလိုက်တာဗျာ။ အဝေးရောက်သားသမီးတိုင်း ရင်ထဲမှာ ဒီလိုပါပဲ။
မတတ်သာလို့
ခပ်ခွာခွာဝေး
ရာသီဆွေးလည်း
သွေးကြောထဲမှာ
ဒို့ဗမာ....
Post a Comment