Sunday, May 9, 2010

မေမေ့အပြုံး အလှဆုံး

“သမီး နိုးလာပြီလား...လည်ပင်းနာနေသေးလား သမီး”...
မျက်နှာသစ်ရန် မီးဖိုထဲသို့ဝင်လာသော ကျမအား ဟင်း ချက်နေသော မေမေမှလှမ်းမေးလိုက်ခြင်းဖြစ်သည်။
လည်ပင်းတွင်းမှ နာကျင်လွန်းသော ဝေဒနာကြောင့် နှုတ်မှပြန်မဖြေပဲ မေမေ့အား ခေါင်းညှိတ်ပြလိုက်၏။
“သမီး မျက်နှာမသစ်ခင် မေမေ့ရှေ့မှာ ခနထိုင်ပါအုံး” ..“ခေါင်းမော့ထား သမီး”..
မေမေသည် ကျမ၏ လည်ပင်းမှအရည်ကြည်ဖုလေးများကို အချိန်အနည်းငယ်ကြာ လျှာနှင့်လျက်ပေးရင်း ကျမရောဂါ သက်သာစေရန် ပါးစပ်မှလည်း တတွတ်တွတ်ရွတ်ပြီး ဆုတောင်းပေးနေသေးသည်။
“မေမေ့သမီးလေးခံစားနေရတဲ့ ဝေဒနာများ ပိန်းကြာရွက်ပေါ်ရေမတင်သကဲ့သို့ အမြန်ဆုံးသက်သာပျောက်ကင်းပါစေ...ကဲ..ကဲ...မျက်နှာသွားသစ်တော့..သမီး”...
“အဲဒီလို ဘာကြောင့်လုပ်ရတာလဲ မေမေ”...
“ဘေးအိမ်က ဒေါ်ထွေးပြောလို့ မေမေလုပ်ကြည့်တာ..ရေခြောက်ရောဂါကြောင့် သမီးရဲ့ကိုယ်တွင်းမှာ အပူများပြီး တံတွေးမျိုချလို့မရလောက်အောင် လည်ချောင်းနာတာရယ်၊ လည်ပင်းမှာပေါက်နေတဲ့အရည်ကျည်ဖုတွေပေါက်သွားရင် အမာရွတ်တွေကျန်ခဲ့တဲ့အခါ သမီးအလှပျက်မှာစိုးလို့ မိခင်က လျှာနဲ့လျက်ပြီး ရောဂါတွေကို ဖယ်ထုတ်ပစ်ရတယ်တဲ့”..
“အဲဒီလိုလုပ်ရင်လည်း ဝေဒနာရှင်အိပ်ယာထကာစ မျက်နှာမသစ်ရသေးတဲ့အချိန်ကိုရွေးလုပ်ရတာတဲ့..သမီးရဲ့”...
“ရှေးအယူပေါ့...ဟုတ်သော်ရှိ မဟုတ်သော်ရှိ...စမ်းကြည့်တာပေါ့သမီးရယ်...မေမေ့သမီးလေး ခံစားနေရတဲ့ ဝေဒနာ သက်သာသွားရင် အမြတ်ပဲလေ”...
ရိုးသားလှသော မေမေအား ကျမအံ့သြစွာကြည့်ရင်း ...
“သမီးလည်ပင်းက အရည်ကျည်ဖုတွေကို မေမေလျှာနဲ့လျက်နေတုန်း အရည်ကျည်ဖုတွေမေမေ့ပါးစပ်ထဲမှာ ပေါက်သွားခဲ့ရင် မေမေမရွံဘူးလားဟင်..”..
“မိခင် ဆိုတာ ကိုယ့်သားသမီးတွေအတွက် ကိုယ့်ဘဝကိုပေးဆပ်ထားတဲ့သူတွေပါ..၊မေမေ့ရဲ့သွေးကနေ သမီးဖြစ်လာခဲ့တာပဲ...
သမီးရဲ့ကိုယ်ပေါ်က အရည်ကျည်ဖုတွေကို မေမေမရွံပါဘူးသမီးရယ်..သမီးကို မေမေမွေးခဲ့တာပါ...”...


ကျမမှတ်မိပါသေးသည်၊ ငယ်ရွယ်စဉ်ကလေးဘဝက ပေါက်ခဲ့ပြီးဖြစ်သော်လည်း ကျမ၏အသက် ၁၅နှစ်ခန့်တွင် ထပ်၍ပေါက်ခဲ့သော ရေခြောက်ဟုခေါ်သည့်ကိုယ်တွင်းအပူကန်ခြင်း ရောဂါတမျိုးကြောင့် ကျမ၏ကိုယ်ခန္ဓာအနှံ့အပြားမှ အရည်ကျည်ဖုများကြောင့် ကျမမှာ ကိုယ်လက်မအီမသာဖြစ်ခြင်း၊တကိုယ်လုံးယားယံခြင်း ဝေဒနာကိုတပတ်ကြာမျှ ခံစားနေရသောအချိန်ဖြစ်သည်။
ပိုဆိုးသည်က ထိုရောဂါကိုခံစားနေရသူသည် လေတိုက်မခံရ၊လေနှင့်ထိတွေ့လျှင် ကိုယ်ခန္ဓာပေါ်မှအရည်ကျည်ဖုများသည် ပို၍ယားလာတတ်သည်၊ ယားလျှင်လည်း ကုတ်၍မရ၊ ကုတ်ပါက အရည်ကျည်ဖုများပေါက်၍ အမာရွတ်များကျန်ခဲ့မည်ဆိုးသောကြောင့် အလှကြိုက်သည့်ကျမမှာ ထိုအချိန်က တော်တော်လေးကို အခံရခက်ခဲ့ဖူးသည်။
ကိုယ်တွင်းအပူများလှသော ကျမ၏ လည်ချောင်းမှာလည်း တံတွေးမျိုချ၍မရလောက်အောင် နာကျင်လွန်းလှသည့်ဝေဒနာကိုခံစားနေရသည့်အချိန်တွင် ကျမ၏ လည်ပင်းမှ အရည်ကျည်ဖုများကို မရွံမရှာ လျှာနှင့်လျက်၍ သမီးဖြစ်သူ၏ ဝေဒနာသက်သာစေရန် ပြုမူခဲ့သော မေမေ့၏ ကြီးမားလှသောမေတ္တာကြောင့် လည်ချောင်းနာကျင်သော ဝေဒနာမှာ နောက်တနေ့တွင် အတော်ပင်သက်သာလာခဲ့ပြီး ကျမ၏ လည်ပင်းမှ အရည်ကျည်ဖုများမှာလည်း ရက်အနည်းငယ်အတွင်း ညှိုး၍ခြောက်သွားခဲ့သည်။ နောက် ရက်အနည်းငယ်အကြာတွင် ကျမမှာ ပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိလာခဲ့သည်။
ကျမ၏ ဝေဒနာများ ရက်အနည်းအတွင်း ကင်းစင်ခဲ့သည်မှာ ယနေ့ခေတ် ဆေးဝါးများကြောင့်လည်းဖြစ်နိုင်သည်...၊
သဘာဝအလျှောက်လည်းဖြစ်နိုင်သည်...၊မေမေပြုလုပ်ခဲ့သော ရှေးရိုးထုံးတန်းနှင့်လည်း ဆိုင်ချင်မှဆိုင်မည်....
သို့သော်.......................
မိခင်တို့၏ တုနှိုင်း၍မရသော အကြီးမားဆုံးသော မေတ္တာ..သည် “စိတ်”နှင့်ဆိုင်သော အကောင်းဆုံး ဆေးဝါးတလက် ဖြစ်သည်ကို မည်သူမှငြင်းနိုင်မည်မထင်ပါ..။

မှန်ရှေ့တွင်ထိုင်ပြီးအလှပြင်နေသော ကျမ၏ တကိုယ်လုံးကိုမေမေကြည့်သည်... ၊
ခြောက်သွေ့နေပြီဖြစ်သော အနာဖတ်များမှာလည်း အမာရွတ်များကျန်ရှိမနေပဲ သူ့အလိုလို ကွာကျသွားခဲ့လေပြီ။

မေမေပြုံးသည်....ကျေနပ်စွာပြုံးသည့်အပြုံး.....
ကမ္ဘာလောကကြီးတခုလုံးက အပြုံးတွေနဲ့ရှင်လျှင်တောင် မေမေ့အပြုံးအလှဆုံးပင်ဖြစ်ပါလိမ့်မည်...။

မေလ(၉)ရက်နေ့ဖြစ်သော ယနေ့သည် ကမ္ဘာ့မိခင်များနေ့ ဟုခေါ်သော Mother's Day ဖြစ်၍ ကွယ်လွန်သွားပြီဖြစ်သော မေမေ၏ မိဘမေတ္တာကြီးမားပုံ အရိပ်တချို့ဆီသို့ ကျမ၏အတွေးများပျံ့လွင့်သွားရင်း....

ရောက်ခဲ့ပြန်ပြီ ...
“အမေများနေ့”...တဲ့လေ
အမေလွမ်းကဗျာ....
အမေလွမ်းစာတွေ...
ပလူပျံနေတဲ့..“ဒီနေ့”
လွမ်းတယ်..အမေ...
ရယူခြင်းဆိုတာ...အမေမသိ
ပေးဆပ်ခြင်းအတိ ကိုသာပိုင်ဆိုင်သည့်
တုနှိုင်းစရာမရှိတဲ့....မာတာအမိ။

19 comments:

ဝေလင်း said...

အိမ်မှာကျန်ခဲ့တဲ့ အမေ့ကိုလွမ်းတယ်........

sosegado said...

ထပ်တူခံစားသွားပါတယ်၊ အမေနဲ့ဝေးနေပေမယ့် အမေကို့ ရင်ထဲမှာ အမြဲ သတိရနေပါတယ်၊

♥ကိုဇော်♥ said...

အမေကို ချစ်သူ ဆိုတော့လည်း ခံစားမိပါတယ်ဗျာ။
ဒါထက် ပိုဝေးတောင်မှ ဒီထက် ပိုမဝေးတော့ပါဘူး။

မိုးငွေ့...... said...

အမဘ၀သက်တမ်းတစ်လျှောက်မှာ အမေနဲ့အချိန်ပြည့်နေခဲ့ရတာ် ငါးနှစ်ပဲရှိသေးတယ်...။
ဒီနေ့ အမေများနေ့ မေကြီးကြိုက်တဲ့ ကိတ်မုန့်ဝယ်ကျွေးတယ်.....။

ခင်မင်စွာဖြင့်
မိုးငွေ့

kiki said...

မိခင်တိုင်းရဲ့  သားသမီးအပေါ်ထားရှိကြတဲ့ မေတ္တာအစွမ်းတွေက တကယ့် အံ့မခမ်းပါ ပဲ နော် ..
ကိုယ့်အလှည့် မှာ ပြန်ပြီး ကျေးဇူးဆပ်ခွင့် လေး ရှိနေတုံး ကျေးဇူးဆပ်ဖို့  ဆိုတာလည်း ပို သဘောပေါက်သွားတယ် နတ်သမီး ရေ ..

Nge Naing said...

အမေတိုင်းမှာတော့ သားသမီးတိုင်းအတွက် အမှတ်ရစရာ တခုခု ရှိနေမှာအမှန်ပဲ။

yenaing said...

အမေများနေ့မှာ အမေကို ရှေ့မှာထားပြီးသီးခိုက်ကန်တော့ချင်ပေမယ့် သားကအဝေးရောက်နေလို့စိတ်နဲ့ပဲကန်တော့ရတယ် အမေ

ညလင်းအိမ် said...

တုနှိုင်းမမှီတဲ့ အမေ့ မေတ္တာနဲ့ ကရုဏာပါပဲ အစ်မရယ် ...

မြစ်ကျိုးအင်း said...

အံ့မခန်း မေတ္တာပါပဲ။ စာဖွဲ့၍မကုန်နိင်တာလည်း မိဘ မေတ္တာပဲ မဟုတ်လား။

အစ်မတော့ ဓါတ်ပုံရိုက်တိုင်း မေမေ့ကို ကျေးဇူးတင်နေမှာပဲး)

မြတ်မွန် said...

အမေများပျော်ရွှင်ပါစေ..မမရေ..

ဧပရယ်လ်ပူး@ပူးတေ said...

မမရေ...
ကဗျာလေးက အရမ်းကောင်းလို့ ရင်ထဲကို နင့်သွားတာပဲ။ မမ မေမေရဲ့ မေတ္တာက ကြီးမားလွန်းလှပါတယ်.... ကမ္ဘာပေါ်က မိခင်တိုင်းရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာကတော့ အနှိုင်းမဲ့ပါပဲနော်... ပူးတေကတော့ အမေများနေ့ကို မနေ့က မနက်မှသတိရလို့ ပို့စ်တင်ဖို့သတိမရတော့ပဲ အဲနေ့ နေ့လည် ၂:၃၀ ဖလိုက်နဲ့ ပြန်မယ့်သူငယ်ချင်းနဲ့ အမှီ မေမေ့အတွက် လက်ဆောင်ဝယ်ပေးချင်လို့ ပြေးလိုက်တာ ဘာဝယ်ပေးရမှန်းမသိ မေမေတကယ်လိုအပ်တာပဲ ဝယ်ပေးချင်တာ... မေမေက အလှကုန်ပစ္စည်းလဲမသုံး၊ ဒီက အဝတ်စားဒီဇိုင်းတွေကလဲ မေမေမဝတ်တဲ့ ဒီဇိုင်းတွေ နောက်ဆုံး အားဆေးပဲ အမှတ်တရရှိတဲ့ အနေနဲ့ ထပ်ဝယ်ပေးလိုက်တော့တယ်... မေမေက ရန်ကုန်မှာ ဖောက်သည်ပြန်ပေးမယ်တဲ့ အားဆေးတွေကို :) တခါလာလဲ ဒီအားဆေး တခါလာလဲ ဒီအားဆေး.... ဒါနဲ့ မေမေလှူချင်တဲ့ လူရှိရင် လှူလိုက်ပါလို့ ပြောလိုက်ရတယ်....

ရွှေရတုမှတ်တမ်း said...

အမေ့အကြောင်းpost တွေ..မဖတ်တော့ဘူးလို့...စိတ်ကူးထားတာ..တွေ့တောလဲဖတ်မိတာပဲ...

အနှိုင်းမဲ့ said...

ကဗျာလေး တော်တော်ကောင်းတယ်..ငါ့အမရေ

သဒ္ဓါလှိုင်း said...

မနတ်သမီးရေ..
အမေအကြောင်းကိုဖတ်သွားခဲ့ပါတယ်။အမှတ်ရစရာတွေထဲ
ကတခုပေါ့နော်..။
ကျန်းမာပျော်ရွှင်ပါစေ..
ခင်တဲ့
သဒ္ဓါ

ချော (အစိမ်းရောင်လွင်ပြင်) said...

ညီမမေမေရဲ့ အပြုံးလေးကို ခံစားမိပါတယ်..
ကျေးဇူးကြီးလှတဲ့ မိခင်ပါဘဲနော်..
သားသမီးအပေါ်ချစ်တတ်နိုင်တဲ့စွမ်းအားကတော့
အနှိုင်းမဲ့ပါဘဲ..
လေးစားမိပါတယ်..
ညီမမေမေ ကောင်းရာမွန်ရာ ဘုံဘ၀မှာ အေးချမ်းသာယာရှိပါစေ..

မိုးစက်အိမ် said...

နတ်သမီးပို့ စ်လေးဖတ်ရတာ မာတာမိခင်ရဲ့ မေတ္တာ
ကိုပိုပေါ်လွင်ထင်ဟပ်စေပါတယ် . . . မိခင်တိုင်း
ရဲ့ ကြီးကျယ်မြင့်မြတ်တဲ့စိတ်ထားတွေဟာ ဘယ်ပန်းချီ
ရေးလို့ မမှီနိုင်တဲ့ စုတ်ချက်တွေပေါ့ဗျာ...မိခင်မေတ္တာ
ဟာ မြင့်မိုရ်ထက်မြင့်သောနေရာမှာ ထာဝစဉ်တည်ရှိ
နေမှာကတော့ ကမ္ဘာတည်သရွေ့ ပါဘဲဗျာ ...
ပျော်ရွှင်ချမ်းမြေ့ ပါစေ :)

မောင်ဘကြိုင် said...

အမေ့ကိုအနားကပ်လွမ်းသယ်တော့မယ်ဗျာ
ငိုချင်လာပီ

ဏီလင်းညို said...

နတ်သာမီးရေ.......
စာလေးဖတ်ရင်း......မေမေ့ကိုတောင်သတိရမိတယ်....။
ပြီးခဲ့တဲ့ တစ်ရက်က အိမ်ကိုဖုန်းဆက်မိတော့ ရန်ကုန်မှာသိပ်ပူတယ်....သားလေးရယ်တဲ့လေ......း((
ဒါနဲ့တောင် သူက မေးနေသေးတာ........ သားနေကောင်းရဲ့လားတဲ့လေဗျာ........။
အမေများနေ့တောင် အမှတ်မရနိုင်တော့လောက်အောင် ကိုဏီအလုပ်များနေတာ......။
ခုမှပဲရောက်တော့တယ်........။

ခင်မင်တဲ့
ဏီလင်းညို

Snow said...

ဖတ်ခါစမှာ အစ်မက ကြောင်ကလေးတွေအကြောင်း ရေးတယ်ထင်တာ.. နောက်မှာပဲ သဘောပေါက်သွားတော့တယ်။ အစ်မရဲ့စားသောက်ဆိုင်အကြောင်း ပို့စ်လေးက အရမ်းကောင်းတာပဲ။
စာကောင်းပေမွန်လေးတွေဖတ်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger