Sunday, July 4, 2010

အလွမ်းတွေနဲ့ကျန်ခဲ့တဲ့ မြန်မာပြည်



(၁)လဆိုတဲ့ အချိန်ကာလဟာ ကျမအတွက် တခနဆိုသလိုပါပဲ....ကုန်ဆုံးသွားခဲ့ရတယ်။
ကျမလွမ်းဆွတ်ခဲ့ရတဲ့ “အမိမြန်မာပြည်” မှာ မြန်မာအစားအစာတွေကို အားပါးတရစားရင်း ကျမဝါသနာပါတဲ့ အနုပညာအလုပ်တွေကြားမှာ ချေရှုပ်ခဲ့ရတယ်..။
အချိန်ဆိုတဲ့ နာရီလက်တံဟာ ရပ်လို့ရတာမှမဟုတ်တာပဲနော်...ကျမရဲ့(၁)လတာ Holiday နေ့တွေဟာလည်း ကုန်မှန်းမသိ ကုန်ဆုံးသွားခဲ့ပြီမို့ ကျမရဲ့အလုပ်ရှိရာ ဆိုက်ပရပ်စ်နိုင်ငံကိုပြန်ဖို့ လေယာဉ်ကွင်းဆီဦးတည်ရာ လမ်းမကြီးဆီ ကားကိုချိုးကွေ့လိုက်စဉ်မှာပဲ “မြန်မာပြည်မှ နှုတ်ခွန်းဆက်သပါသည်” ဆိုတဲ့ ဆိုင်းဘုတ်ပေါ်မှာရေးထားတဲ့စာတန်းကြောင့် ကျမရင်ကို ဆူးနစ်သွားစေပါတယ်..။
ကျမမွေးဖွားရာ မြန်မာပြည်...ကျမကြီးပျင်းခဲ့ရာမြန်မာပြည်...ကို အချိန်အတိုင်းအတာ တခုအထိတော့ ခနခွဲရအုံးမှာပါ...။
ဝဲတက်လာတဲ့မျက်ရည်တွေကိုပြန်သိမ်းရင်း ပစ္စည်းချိန်ဌာနမှာပါလာသမျှ ပစ္စည်းသေတ္တာ(၂)လုံးကိုချိန်ရင်း မြန်မာပြည်မှာ ကျမကိုဧည့်ဝတ်ကျေစွာ၊ရင်းနှီးပျူငှါစွာ ကြိုဆိုခဲ့ကြတဲ့ ဘလော့ကာသူငယ်ချင်းတစ်စုဆီကို အတွေးရောက်သွားခဲ့တယ်..။
ဗိုလ်အောင်ကျော်လမ်းထိပ်က BAK ဆူပါမားကက်ရဲ့၁၅လွှာမှာရှိတဲ့ စားသောက်ဆိုင်လေးမှာတွေ့ခဲ့ကြတဲ့ ကဗျာဆရာ/ဆရာမများ၊ Mr.Babique စားသောက်ဆိုင်မှာတွေ့ခဲ့ကြတဲ့ ကဗျာဆရာ/ဆရာမများ အားလုံးရဲ့ မောင်နှမအရင်းချာကဲ့သို့ နွေးထွေးစွာကြိုဆိုခဲ့ကြတဲ့ပုံရိပ်တွေကို ပြန်မြင်ယောင်ရင်း ဝဲတက်လာတဲ့မျက်ရည်တွေကို ပြန်သိမ်းလိုက်စဉ်မှာပဲ “မနမ်း...ပစ္စည်းအလေးချိန်အရမ်းများနေတယ်..နည်းနည်းပြန်ထုတ်ရလိမ့်မယ်”...လို့ပြောလာတဲ့ တာဝန်ရှိ ဝန်ထမ်းတစ်ယောက်ရဲ့စကားကြောင့် ရင်ထဲမှာ စိုးထိတ်မိသွားတယ်။
“မထုတ်လို့မရဘူးလား မောင်လေးရယ်..အဲဒီသေတ္တာကြီးထဲက ပစ္စည်းတွေဟာ ဆိုက်ပရပ်စ်ကမြန်မာတွေစားဖို့ သူတို့ရဲ့ဆွေမျိုးတွေကလူကြုံထည့်ပေးလိုက်တဲ့ မြန်မာအစားအစာတွေမို့လို့ပါ.”.။
“မရလို့ပါ မနမ်း.သေတ္တာ(၂)လုံးပေါင်းအလေးချိန်၄၇ကီလိုတောင်ရှိတယ်...၁၀ကီလိုလောက်ပြန်ထုတ်ပေးပါနော်”...
မြန်မာပြည်ကို မပြန်ဖြစ်တဲ့ ဆိုက်ပရပ်စ်က သူငယ်ချင်းတွေအတွက် သူတို့ရဲ့ဆွေမျိုးတွေက ကျမနဲ့လူကြုံပါးလိုက်တဲ့ ပစ္စည်းတွေရဲ့အလေးချိန်ဟာ ၃၂ကီလိုနဲ့ ကျမရဲ့ပစ္စည်း၁၅ကီလို....စုစုပေါင်း ၄၇ကီလိုရှိနေတာကြောင့် အလေးချိန်စီးတဲ့ ငါးပိ၊ငါးခြောက်တချို့နဲ့ ကျမရဲ့အဝတ်အစားတချို့ကို ထုတ်ပေးလိုက်ရပါတယ်။
အဲဒီပစ္စည်းတွေအပြင် Hand Carry တစ်လုံး၊ Computer တစ်လုံးနဲ့ ကျမရဲ့Hand Bagအိတ်ကလည်း ပါသေး။
ကိစ္စအားလုံးပြီးသွားတဲ့အချိန်မှာတော့ ဌာနဆိုင်ရာ ကောင်တာအဆင့်ဆင့်ကိုဖြတ်ကျော်ရင်း လေယာဉ်ပေါ်သို့ရောက်ရှိခဲ့ပါတယ်..။
လေယာဉ်စီးရင် ခေါင်းမူးတတ်တဲ့ကျမ အသင့်ယူဆောင်လာတဲ့ သကြားလုံးလေးကို ငုံထားရင်း လေယာဉ်ရွေ့လျှားရာသို့ လိုက်ပါလာရင်း “နှုတ်ဆက်ခဲ့တယ်...မြန်မာပြည်ရယ်”....
နောက်နှစ်တွေမှာလည်း မြန်မာပြည်ကို ကျမရောက်အောင်ပြန်လာခဲ့ပါအုံးမယ်.....

9 comments:

ဧပရယ်လ်ပူး@ပူးတေ said...

နတ်သမီးရေ... မြန်မာပြည်ကို နှုတ်ဆက်ခွဲခွာခဲ့ဖူးလို့ နတ်သမီးနဲ့ ထပ်တူပဲ ခံစားပေးလို့ရပါတယ်... ဘာပဲပြောပြော ပူးတေကတော့ မြန်မာပြည်ကိုပဲ အချိန်တန်ရင် ပြန်မှာပါ။ နတ်သမီးရဲ့ အတွေ့အကြုံလေးတွေကို အားရပါးရ ဖတ်ရတော့မှာမို့ ဝမ်းသာပါတယ်နော်... ပို့စ်လေးတွေကို မျှော်နေမယ်နော်...

:)

အနှိုင်းမဲ့ said...

ဟေးးးးးးးးးမနမ်းရေ..လွမ်းတယ်ဟာ... :(

အဖြူရောင်နတ်သမီး said...

နှိုင်းနဲ့ထပ်တူပါပဲကွယ်.....
မမိုးရော...နေကောင်းသွားပြီလား...
အားလုံးကို သတိရနေတယ်နော်...

သဒ္ဓါလှိုင်း said...

မနတ်သမီးရေ..
သွားတုန်းက၀မ်းသာသလောက်ပြန်လာရပြန်တော့လည်း
ဝမ်းနည်းနေရပြန်ရောနော်..။
အော်..မနတ်သမီးကကံကောင်းပါတယ်..ပြန်ရလို့..

ခင်တဲ့
သဒ္ဓါ

ချော(အစိမ်းရောင်လွင်ပြင်) said...

သွားတုန်းက ရောက်တော့မယ် ဆိုတဲ့ခံစားချက်နဲ့ ရင်ခုန်ပျော်ရွှင်ရသလောက်
ပြန်ရတော့ ဆို့နင့်ရတဲ့ခံစားချက်ကို နားလည်ပေးမိပါတယ်..
နောင်နှစ်တွေမှာလဲ အမိမြေကို ပြန်နိုင်ပါစေနော်..

ခင်တဲ့

မချော

sosegado said...

ခဏခဏလွမ်းလွန်းလို့ မလွမ်းတော့ဘူး

အရုပ်ကလေး said...

ပြန်ရသူ့ စိတ်ဝယ်အတွင်း
ရင်နင့်ခံစားရတဲ့ ဖြစ်စဉ်တွေမှာ ...
ကျန်ခဲ့ရတဲ့ မောင်နှမအချို့
အတွေးပုံရိပ်တွေက ထင်ကျန်နေဆဲ ...
မက်ခွင့်ရတဲ အိပ်မက်တွေ တစ်စစီပုံဖေါ်
ရုပ်လုံးကြွဖို့ ကြိုးစားတဲ့ဘ၀တွေကြားမှာပဲ
ပြန်ဆုံတွေ့ဖို့ မျှော်လင့်ရင်း .....။


idulize(အရုပ်ကလေး)

မောင်ဘကြိုင် said...

ငါ့အစ်မ အခုဆို မြန်မာပြည်လွမ်းနေလောက်ပြီ
း) ဒီလိုပါပဲဗျာ ဒါပေမယ့် ကျွန်တော်တို့ရွာကြီးက ကြာကြာနေရင် ကောင်းဖူးဗျး)း)

ညလင်းအိမ် said...

ဘ၀ဆိုတဲ့ ၀ဲကယက်ကြီးထဲက မလွတ်နိုင်မှတော့
ဆန္ဒတွေကို ရိုက်ချိုးလို့
အားတင်းကာ ဆက်လျှောက်ရအုန်းမှာပေါ့ဗျာ ...

ဘယ်နေရာရောက်ရောက်
ခင်မင်မှု အတိုင်းအတာ မပျောက်ပါဘူးဗျာ ...

ခင်တဲ့
ညလင်းအိမ်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger